Monday, December 9, 2013

၂ဝ၁၃ ဒီဇင်ဘာအစမှာ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၁) မျိုးမြင့်ချို

0 comments
၂ဝ၁၃ ဒီဇင်ဘာအစမှာ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၁) မျိုးမြင့်ချို
ယင်လပ်အာဏာရကတည်းက အကိုတော်သက်ဆင်ကို ပြည်တော်ပြန်မျက်နှာပန်းလှဖို့၊ အောင်သပြေညောင်ရေလောင်းဖို့ ကြံရွယ်လုပ်ဆောင်ခဲ့သမျှဟာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို လွှတ်တော်မှာဥပဒေပြဌာန်းဖို့လုပ်တာမှာ အဆုံးသတ်သွားတယ်။ ခု သူက အစိုးရဖျက်၊ လွှတ်တော်ဖျက်၊ လက်ရှိအစိုးရကကြားဖြတ်အစိုးရသဘောလုပ်ပြီး ရွေးကောက်ပွဲသစ်လုပ်ပေးမယ်လို့တာဟာ မကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။ လူထုသဘော၊ တိုင်းပြည်သဘောတင်မကဘူး နိုင်ငံရေးဆိုတဲ့သဘောမှာပါ အဝါးဝတယ် ပါးနပ် ကျင်လည်တယ်လို့ဆိုလည်း မမှားဘူးထင်တာပဲ။ မိမိအခြေအနေ မိမိရန်ဘက်တွေအခြေအနေကိုမှန်မှန်ကန်ကန်ဆဝါးမိလို့သာ ခုလို ဆုံးဖြတ်တာပါပဲ။ ယင်လပ်ကို သက်ဆင်နဲ့တကွ နိုင်ငံရေးအဝါးဝတွေ ခေါင်းကိုင်နေကြတယ်ပြောသံတွေလည်း လျှံနေတာပါ။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာ အကြံပေးပဲပြောပြော တိုင်ပင်ဖော်ပဲဆိုဆို ခေါင်းကြီးတဲ့လူတွေလိုတာအမှန်ပဲ။ (ကောင်းရာမွန်ရာလုပ်ဖို့ဆို) ခေါင်းတခေါင်းထဲထက်စာရင် ခေါင်းအများရှိတာပိုကောင်းတာပါပဲ။ အကြံပေးတွေကနေ အခါတော်ပေးတွေမဖြစ် ပြီးတာပါပဲ။

ထိုင်းဝန်ကြီးချုပ်ယင်လပ်ရဲ့ ခုဆုံးဖြတ်ချက်အတွက် သူ့ကို လက်ခုပ်သြဘာပေးကြသူတွေထဲမယ် ဒီမိုကရေစီဘက်တော်သားတွေ အတော်များများပါနေတာတွေ့တယ်။ ဒါလည်း ကိစ္စကောင်းပါ။ ဒါပေမယ့် သူတို့တီးတဲ့လက်ခုပ်နဲ့ပေးတဲ့သြဘာက တစ်ခြမ်းပဲ့လိုဖြစ်နေတယ် မှတ်တာပဲ။ အစိုးရဆိုတာ ဘယ်သို့ဘယ်ချမ်းသာ၊ ဒီမိုကရေစီဆိုတာ ဘယ်လိုဘာညာ၊ ဦးသိန်းစိန်ကြီးနမူနာယူပါ စသည်ဖြင့်ပေါ့။ ဦးသိန်းစိန်ကိုလည်း နမူယူဖို့တိုက်တွန်းပါ။ လူ့စကားနားမထောင်လို့ အပြစ်ဖို့တာလည်းဖို့ပါ။ သိန်းစိန်ချည်းပြောမနေပဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံဆိုသူတွေ၊ ဒီမိုကရေစီအင်အားစုဆိုတဲ့ကိုယ့်လူတွေလည်း ကိုယ်ပြန်တိုက်တွန်းကြပါဦး။ ယင်လပ် ခုလို ဆုံးဖြတ်လိုက်ရတာ လူထုပါလာလို့ပါ။ လူထု လမ်းပေါ်တက်လာလို့ပါ။ တနည်းပြောရရင် လူတချို့က ခေတ်ကုန်ပြီလို့ပြောပြောနေတဲ့၊ နှာခေါင်းရှုံ့နေတဲ့လမ်းဘေးနိုင်ငံရေးတို့ လမ်းပေါ်နိုင်ငံရေးတို့ကြောင့်သာပဲ။ အစပိုင်းမှာ အတိုက်အခံတချို့လောက် ပွဲထွက်ခဲ့ကြလို့ အားနည်းနေဟန်ရှိချိန်မှာ လွှတ်တော်ထဲက အတိုက်အခံအမတ်မင်း (၁၃၅)ပါးလောက် လူထုနဲ့အတူလမ်းပေါ်ထွက်လာလို့ပါ။ လူထုဘက်က ထွက်ရပ်လိုက်လို့ပါ။ လူထုနဲ့အတိုက်အခံတွေ ဘက်တဖက်တည်း အပြတ်ရပ်မိသွားလို့ပါ။ သဘောက လူထုလှုပ်ရှားမှု(ဝါ)လွှတ်တော်ပြင်ပ အင်အားစုများနဲ့ လွှတ်တော်တွင်းအင်အားစု(ဝါ) အမတ်တွေပေါင်းစပ်စုစည်းမိသွားလို့ လို့ပြောရင် ရမယ်ထင်တယ်။

ထိုင်းမှာ ခနခန ဆန္ဒတွေပြကြ၊ လမ်းမတွေပေါ် ဆန့်ကျင်ဘက်အစုတွေကြား ပြဿနာတွေ တက်ကြ၊ ရိုက်ကြနှက်ကြ၊ အစိုးရကလည်း တခါတလေအင်အားသုံးဖြေရှင်း၊ ဖမ်းဆီးသတ်ဖြတ်နေတာတွေဟာ အားအားရှိ အစိုးရဖြုတ်ချဖို့လုပ်နေကြတာ၊ နိုင်ငံရေးမယဉ်ကျေးတာ၊ စေ့စပ်ညှိနိုင်းမှုရေချိန်နဲ့ အတတ်ပညာနည်းတာ ညံ့တာလို့ ယိုးစွပ်သူတွေလည်းရှိတယ်။ ထိုင်းဟာ စည်းမျဉ်းခံဘုရင်စနစ်နဲ့ စစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံလက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေသာ အာဏာထဲမှာကြီးစိုးကျင်လည်တဲ့ တိုင်းပြည်ပဲ။ အာရှမှာ စစ်အာဏာအသိမ်းအများဆုံးနိုင်ငံပဲ။ စံပြုထိုက်အောင်ကောင်းတဲ့အနေအထားတော့မဟုတ်ဘူး။ ဗမာပြည်က သိန်းစိန်တို့စစ်အုပ်စုထက်တော့ အဆပေါင်းရာထောင်ချီ လူထုမျက်နှာကြည့်တဲ့အစိုးရမျိုး စနစ်မျိုးပဲ။ လူထုအဖို့တော့ စီးပွားရေးဒီမိုကရေစီနဲ့ စီးပွားရေးတန်းတူရှာခွင့်တွေမှာ ဆင့်ခံတွင်းနှမ်းပက်မျှရှိတဲ့အခြေအနေပဲ။ ဒါ့ကြောင့် လူထုက သူ့တို့မကျေနပ်ချက်တွေအတွက် လမ်းမတွေပေါ် ခနခနတက်တက်လာခဲ့ ကြတာပဲ။ အားလို့ယားလို့တော့ မဟုတ်ဘူး။

လူထုအတွက် စီးပွားရေးဒီမိုကရေစီဆင့်ခံတွင်းနှမ်းပက်ပေမယ်လို့ နိုင်ငံရေးဒီမိုကရေစီကျ သိန်းစိန်အစိုးရထက် အပုံကြီးသာတယ်။ အဲ့သလိုပဲ အတိုက်အခံတွေလည်းရှိတယ်။ ရှိတဲ့ အတိုက်အခံတွေကလည်း အတိုက်အခံအစစ်တွေပဲ။ အတိုက်အခံပါတီတွေအဖွဲ့အစည်းတွေက တိုင်းပြည်မျက်နှာထောက်ပြီး အစိုးရနဲ့ပေါင်းလုပ်သင့်တန်ပေါင်းလုပ်ပေမယ့် အတိုက်အခံအဖြစ်ရပ်ရမယ့်နေရာ ပီပီပြင်ပြင်ပြတ်ပြတ်သားသား ရပ်တယ်။ လွှတ်တော်ထဲဝင်တာ အတိုက်အခံလုပ်ဖို့မဟုတ်ဘူးလို့ဆိုတဲ့စကားပြောပြီး ကိုယ့်အမတ်ကိုယ်ပြန် ပါးချပ်မတပ်ဘူး။ မကျေနပ်လို့ လမ်းပေါ်ထွက်လာနိုင်ခြေရှိတဲ့ လွှတ်တော်ပြင်ပအသံတွေကို ကိုယ့်လက်အောက်သွင်းပြီး အတွင်းသယ်သွားတာမျိုးမလုပ်ဘူး။ ထိုင်း အတိုက်အခံခေါင်းဆောင်တွေက လူထုကို ဇက်မသတ်ဘူး၊ အမတ်ကိုပါးချပ်မထိုးဘူး။

ဆိုတော့ ယင်လပ်ကိုလည်း ချီးမွမ်းပါ။ သြဘာပေးပါ။ သိန်းစိန်တို့ကိုလည်း ဆုံးမပါ။ သွန်သင်ပါ။ ကိုယ့်လူတွေလည်း ကိုယ်ပြန် ထောက်ပြပါ၊ ဝေဘန်ပါ။ ကိုယ်ပေါင်လေးလည်းကိုယ်လှန်ထောင်းကြပါဦး။ ထိုင်းမှာ နောက်ဆက်တွဲဘာတွေဖြစ်လာဦးမလဲမသိသေးပေမယ့် ခု သိသလောက်ကနေ ရသလောက်ရေးလိုက်တာပါပဲ။ အတိုက်အခံတွေဘက်က စင်ပြိုင်အစိုးရဖွဲ့မယ် ဘာညာအသံတွေလည်းထွက်နေတယ်။ ကိစ္စတခုခုကို ပြီးမှ ရေးကြပြောကြစတမ်းဆို ဘယ်တော့မှ ပြောစရာမရှိသလို ပြောလို့လည်းမရဘူး။ လောကမှာ ပြီးသွားတဲ့နိုင်ငံရေးသံသရာမှ မရှိတာ။ (ယင်လပ်ရဲ့လက်ခုပ်သံတွေ)
တုတ် ဓါး လက်နက်(ဘာလက်နက်ဖြစ်ဖြစ်ပါ)တွေကိုင်ဆောင်ပြီး လူရမ်းကားအပြုအမူနဲ့ စစ်အာဏာရှင်စရိုက်ဆိုးတွေဟာ ဘယ်နေရာမှ မသင့်တော်ပါဘူး။ ဘုန်းကြီးကျောင်းတို့ ဝတ္တကမြေတို့ ပလီထဲတို့ ဘုရားကျောင်းဝင်းတို့ သာသနာပိုင်မြေတို့ဆိုတာမှ မဟုတ်ပါ။ စစ်အာဏာရှင်တွေနဲ့ သူတို့အမြီးစားဘက်ခေါင်းစားဘက်စစ်ခရိုနီတွေဟာ အေးအေးချမ်းချမ်းလုပ်ကိုင်ရှာဖွေ စားသောက်နေထိုင်လိုတဲ့ လူထုအပေါ်မောက်မာဗိုလ်ကျပြီး လုယက်စားသောက်နေဖို့ရာ သူတို့လူမိုက်ဂိုဏ်းတွေကို ဘုရားကျောင်းကန်ပရဝုဏ်တွေထဲ လွှတ်တာလောက်တင်မဟုတ်ဘူး လိုအပ်ရင် ရဟန္တာတောင်ချမ်းသာမပေးဖို့ မှာထားပြီးသားနေမှာပါ။ (ဘုန်းကြီးကျောင်းဓါးကိုင်ဝင်လို့)
ပြဌာန်းသူရေးဆွဲသူတွေကိုယ်တိုင်ပင်ပြင်ဖို့ခဲယဉ်းတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကြီးပြင်ဖို့(ကြီး ၄ ကြီး ပဲထားပါ)တွေ့ဖို့မေတ္တာရပ်ခံပါတယ်ဆိုမယ့်အစား

မြေပေါ်မှတ်ပုံတင်ပါတီတွေရယ်၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ(အပစ်ရပ်ရော မရပ်တွေပါအပါ)ရယ်၊ စစ်အစိုးရ ဒါမှမဟုတ် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာ/လုံ)ရယ် သုံးပွင့်ဆိုင်တွေ့မှဖြစ်မယ်လို့ တိတိလင်းလင်း တင်းတင်းရင်းရင်းတောင်းဆိုမယ်ဆို ဘာဖြစ်လေမလဲ။ သူတို့ ဘယ်လို တုန့်ပြန်လေမလဲ။ သူတကာနှယ် သာမန်လွှတ်တော်အမတ်တယောက်၊ လွှတ်တော်ရေးရာကော်မတီတခုရဲ့ အကြီးအကဲ၊ ပါတီပေါင်းများစွာထဲကပါတီတခုရဲ့ဥက္ကဌ စသည်ဖြင့် မထိတထိ ပမာမခန့်နဲ့ သူငယ်နှပ်စားပြောသလိုပြောဖို့ မလွယ်မှာအမှန်ပဲ။ (သမ္မတဖြစ်ချင်တဲ့၊ ဖြစ်လည်းဖြစ်ဖို့ကောင်းတဲ့) အာဏာနိုင်ငံရေးထဲမှာ ဗြမ္မာစိုရ်တရားလေးပါးလိုဟာတွေ အောင်ခြင်းရှစ်ပါးလိုဟာတွေ ပါလာရင် အဲ့လိုနိုင်ငံရေးမျိုးကို ဘာနိုင်ငံရေးအမျိုးအစားထဲထည့်သွင်းရမယ်မှန်းမပြောတတ်။ ဘာသာတရားရဲ့ပြဌာန်းသွန်သင်ချက်နဲ့ ကျင့်ဝတ်ဆိုင်ရာလက်တွေ့ကျင့်သုံးပုံတွေဟာ အာဏာသဘောနဲ့ကျ အဟပ်မိပါ့မလား။ တထပ်ထည်းသုံးလို့ရပါ့မလား။ သုံးစရာရောလိုလား။ သုံးလို့ရောရလား။ အာသောက ဘုရားဒကာလုပ်တာ သာသနာပြုတာ ခေါဘဏီတပ်ကြီးနဲ့ တိုင်းလုံးအမျှကို ဗိုလ်ကျပြီးမှ မြို့ပြနိုင်ငံငယ်တွေ တိုက်သိမ်းပြီးမှ ပဒေသရာဇာတွေထီးချိုးပြီးမှ စည်ဖေါက်ပြီးမှ ဧကရာဇာဘိသိတ်ခံပြီးမှပါ။ ထစ်ကနဲရှိ အာသောကကျောက်စာကိုးကားရတာနဲ့ ထစ်ကနဲရှိ မဟော်သဓာသားတရားစီရင်ခန်းထုတ်ပြရတာနဲ့တင် နိုင်ငံရေးအချိုကုန်နေမယ်ဆို တင့်တယ်တယ်တော့မထင်ဘူး။ (ကြီး ၄ ကြီးတွေကိုပြောချင်တာ)

ဝေါ်ရှင်တန်ဒီစီကိုသွားပြီး ဒုက္ခသည်များမဟာမင်းကြီးရုံး(အမေရိကား)ရဲ့ ၂၀၁၃ ကွန်ဂရက်စ်သွားတက်ဖို့က ရှီကားဂိုးလေဆိပ်၊ ဝေါ်ရှင်တန်က ရော်နယ်လ်ရီရင်လေဆိပ်တွေအပြင် ကျနော်တို့ ဖို့ဝိန်းမှာပါ Icy တွေဖြစ် လမ်းတွေချော် ရာသီတွေဆိုးလို့ဆိုကာ ကျနော့်ခရီးစဉ် ၂၄ နာရီ နောက်ဆုတ်သွားပါပြီ။ ညက ဖို့တ်ဝိန်းလေဆိပ်ရောက်ပြီး ဂိတ်အဝင်မှာထိုင်နေကာမှ ကပ်ပြီး ခရီးစဉ်တွေဖျက်လိုက်တာပါ။ ဒီညနေ ၆ နာရီ ၃၅ မိနစ်မှာ ခရီးစဉ်တွေ ပြန်စကောင်းစနိုင်ပါတယ်။ ပြန်ကောင်းသွားရင်တော့ ညနေ ၆ နာရီ ၃၅ မှာထွက်ပြီး ည ၁၀ နာရီ ၃၅ မှာ ဝေါ်ရှင်တန် ရောက်ပါ့မယ်။ လမ်းမှာ ကွန်နက်တစ်ဗ်ဖလိုက်က ရှီဂါးကိုးမှာလုပ်ရပါလိမ့်မယ်။ ဘာဖြစ်ဖြစ် အပွိုင့်မင်န့်တွေလည်း ဘာမှမရှိ(အကုန်ရွှေ့ထား ဇျက်သားပြီးသားမို့)တနေကုန်လည်း အပြင်ထွက်စရာမလို။ လိုလည်း ထွက်ဖို့မလွယ်။ ဒီအမေရိကားမှာက နှင်းတွေကြိုက်သလောက် ထူအောင်ကျ ဘာပြဿနာမှ ဒီလောက်မရှိပေမယ့် အိုက်ဆီးလို့ဆိုတဲ့ ရေခဲလွှာပါးလေးကျပြီဆိုရင်တော့ အန္တရာယ်အလွန်ကြီးပါတယ်။ ညက လေဆိပ်ကအပြန်မှာ ကားသုံးလေးစီး လမ်းဘေးတွေထိုးကျပြီး ပြန်မတက်နိုင်ဖြစ်နေတာ၊ ရဲကား မီးသတ်ကား လူနာတင်ယဉ်တွေလည်း မီးနီးမီးပြာတွေနဲ့ သြဥသံတစာစာမြင်ခဲ့ရတယ်။ ကျနော့်ကြက်တွေလည်း မနေ့မနက်တစ်ခုတည်းတင် ရေခွက် ၄ ကြိမ်လဲပေးခဲ့ရပါတယ်။ ရေခွက်အသစ်လဲပေးပြီးချပေးလိုက် တနာရီလောက်ရှိ ခဲသွားပြန်ပြီ။ နောက်တခွက်ထပ်ချ နောက်တနာရီ တခါခဲနဲ့ဗျာ။ ဒီမနက်လည်း ခု ရေတခွက်ချပေးထားတာ နောက် နာရီဝက်သာသာဆိုလဲများပေးရဦးမလားမပြောတတ်။ ကြက်ရည်လည်ပြီး ချစ်တတ်လွန်းတဲ့ကြက်ဖကြီး ကတော့ ခွက်ထဲကရေတွေခဲသွားစ အပေါ်ယံမျက်နှာပြင်လေး ရေခဲအကျောတင်းနေပလားဆို သူ့နှုတ်သီးမာမာကြီးနဲ့ တဒေါက်ဒေါက်ပေါက်ခွဲ တည့်ပြီး အောက်ကရေလေးလှုပ်လိုက်တာနဲ့ ခေါင်းကြီးမော့ကာ ငါကွဆိုတဲ့မျက်နှာပေးနဲ့ လာကြဟေ့သောက်ကြလို့အသံပေးကာ သူ့ဇနီးချော ကြက်မပျိုပျိုအိုအိုတွေကို ခေါ်နေတာတွေ့တော့ ပြုံးမိတယ်။ အံမယ် ကျနော်လည်း အနားကပ်သွားကြည့်တော့ နှင်းကာဦးထုပ်ဆောင်းထားတဲ့ ကျနော့်ကို ရုတ်တရက်မမှတ်သလိုဖြစ်ပြီး အသံတမျိုးပေးလိုက်တော့ သူ့ချစ်သူတွေအကုန်လုံး ကြက်အိမ်လေးထဲပြေးပုန်းကြတယ်။ သူကတော့ နှင်းတောထဲက သောက်ရေခွက်ဘေးမှာမတ်တပ်ရပ်ရင်း မလိုတဲ့မျက်လုံးနဲ့ကြည့် အမူအရာကခတ်စိမ်းစိမ်း။ ကျနော်အသံပြုလိုက် တော့မှ ပြန်မှတ်မိပြီး နောက်ထပ်အသံတသံပြန်ပေးတယ်။ အံမယ် သူ့ဇနီးတွေက ဟိုကြည့်ဒီကြည့်နဲ့ မဝံ့မရဲလေးတွေ မခို့တရို့လေးတွေ ဆင်မ (ကြက်မ)ယဉ်သာဟန်လေးတွေနဲ့ ကြက်အိမ်ထဲကနေ တကောင်ချင်းပြန်ထွက်လာကြလေရဲ့။ ပြုံးမိပြန်တယ်။ အင်း...ဆုံလည်နွားဆိုတော့ အဲ့သလိုနဲ့ပဲ ချာချာလည်။ ဒါပေမယ့် ဘဝလက်ကျန်အချိန်ကို ခုလိုကုန်ဆုံးရတာ တခါတခါမှာတော့ အေးချမ်းတာလိုလို။ နှစ်ခြိုက်တာလိုလို။ ခုလိုဆိုရတော့ ရွှေပြည်ကြီးက နဖူးကချွေးခြေမကျရသူတွေ လက်လှုပ်မှပါးစပ်လှုပ်ရသူတွေနဲ့ တိုင်းတပါးမှာ ထမင်းတလုပ်တုတ်တချက် ဖြစ်နေရှာကြတဲ့ ကိုယ့်တိုင်းသားပြည်သူတွေကို မျက်နှာပူအားနာလှတယ်။ ပြောမယ့်သာပြောရတာ ကျနော်လည်း ပါးစပ်လှုပ်မှ ပါးစပ်လှုပ်ရ တာပဲ(စကားပြန်လေ) လက်လှုပ်မှပါးစပ်လှုပ်ရတာပဲ(ဘာသာပြန်လေ) (ဝေါ်ရှင်တန်နဲ့နှင်းဆိုးနှင်းညစ်)

စင်္ကာပူမှာ အိန္ဒိယပြည်က ဟိန္ဒူအမျိုးသားတစ်ယောက်ကို ဘစ်ကားဒရိုင်ဘာက ထိုးကြိတ်ရာကနေစပြီး လစ်တဲလ်အင်န္ဒိယားလို့ဆိုတဲ့ အရပ်မှာ ကားမီးရှို့တာတွေ ရဲကားတွေမှောက်လှန်ပစ်တာတွေဖြစ်ကုန်တယ်။ ဘယ်ကစလို့ ဘယ်သူမှန်လို့ ဘယ်သူမှားတောင် မသိရသေး ပါဘူး ရခိုင်မှာမသီတာထွေးကိစ္စဖြစ်တုန်းက မျိုးချစ်စိတ်တွေဟုန်းဟုန်းတောက်ပြီး ကုလားတွေသတ်ပစ်ရမယ်တို့ အမျိုးဘာသာ သာသနာတို့ကြုံးဝါးခဲ့လေသူက ခုတော့ "ကျနော်တို့ ဒီမှာလာ ကျွန်ခံသလို အလုပ်လာလုပ်နေကြတာ ကိုယ့်ရည်မှန်းချက်အတွက် ကိုယ့်မိသားစုဘဝအတွက်ပဲ။ ခု ဖြစ်နေတာက လူမျိုးရေးဆန်တဲ့ခွဲခြားမှုကြောင့်ဖြစ်ရတာပဲ။ ကိုယ်တွေက ကုလားတွေလိုပဲ ဒီမှာလာ အလုပ်လုပ်နေကြတာဆိုတော့ ကုလားတွေနဲ့သင့်အောင်ပေါင်း စင်္ကပူရီယာန်တွေအမြင်မစောင်းအောင်လည်း နေတတ်ဖို့လိုမယ်။ လူမျိုးရေးခွဲခြားပြီး တရုပ်သွေးပါတဲ့စင်္ကာပူတွေ ကျုပ်တို့ကို ရင့်သီးလာတာကြာပြီ။ ဂွင်ဝင်တုန်းလေးဆိုပြီး အနှိမ်ခံတွေအချင်းချင်းဆိုပြီး ကုလားတွေဘက်ကလည်း သွားမပါကြပါနဲ့။ သွားပါလိုက်ရင် စင်္ကာပူပုလိပ်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးက ကျုပ်တို့ဘက်ပါ မြားဦးလှည့်လာ လိမ့်မယ်။ ကိုယ့်ဘဝအတွက် ကိုယ်ရုန်းနေကြတာဆိုတော့ ဘယ်သူဘာဖြစ်ဖြစ်မတတ်နိုင်ဘူးလို့ ဥပက္ခာစိတ်နဲ့သာနေကြပါ" ဆိုပြီး နှိုးဆော်နေတာတွေ့ရပါတယ်။ ကျနော့်သဘောကတော့ဗျာ လူမျိုး ဘာသာ အသားအရောင်ခွဲခြားရန်လိုတတ်တဲ့အရပ်မှာ လူ့အခွင့်အရေး မထွန်းကားသလို လူသားရဲ့ဂုဏ်သိက္ခာနဲ့တန်ဘိုးဟာလည်း ချချအနင်းခံရတာချည်းပါ။ ပိုက်ဆံတွေအကုန်ခံပြီး ပိုက်ဆံရှာဖို့ မိသားစုဘဝလေးလှအောင်တည်ဆောက်ဖို့ရာ သွားရုန်းကန်နေရရှာသူတွေ ဒုက္ခတွေကြုံပြီး အချိန်မတန်ခင်၊ ရည်မှန်းချက်မပြည့်ခင် မပြန်ချင့်ပြန်ချင်နဲ့ ပြန်ရောက်မလာကြစေချင်ပါဘူး။


0 comments:

Post a Comment