Sunday, December 8, 2013

၂ဝဝ၈အခြေခံဥပဒေနှင့်စစ်အုပ်စုကို ပြတ်ပြတ်သားသား ဖယ်ရှားနိုင်မှသာ (တူမောင်ညို)

0 comments
၂ဝဝ၈အခြေခံဥပဒေနှင့် စစ်အုပ်စုကို ပြတ်ပြတ် သားသားဖယ်ရှားနိုင်မှသာ(တူမောင်ညို)
(၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)
တပ်မတော်ကို စစ်အုပ်စုက ဂုတ်ခွစီးထားပြီး ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ထားနိုင်သမျှ ကာလပတ်လုံး ပရော်ဖက်ရှင်စစ်တပ် ဖြစ်မလာနိုင်။ စစ်အုပ်စုသည် ၁၉၆၂ ခုနှစ်စတင်ပြီး တပ်မတော်ကို လုံးလုံးလျားလျားအုပ်စီးသွားခဲ့ခြင်းဖြစ်သည်။ ယနေ့အထိအုပ်စီးထားနိုင်ဆဲဖြစ်သည်။
ယနေ့ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲဆိုသည်တွင် “၂ဝဝ၈ အခြေခံဥပဒေ”ကိုသာ ကွက်ပြီးပြင်ဆင် /အသစ်ရေးဆွဲနေ၍ ဒီမိုကရေစီစနစ်ပီပီပြင်ပြင်ပေါ်ပေါက်မလာနိုင်သကဲ့သို့ တပ်မတော်အပေါ် စစ်အုပ်စု၏ အုပ်စီးထားမှုကိုမဖယ်ရှားနိုင်လျှင် ဒီမိုကရေစီစံနှုန်းနှင့်ပြည့်ဝသောနိုင်ငံဖြစ်လာနိုင်မည်မဟုတ်ပါ။
စစ်အုပ်စုက တပ်မတော်ကိုဂုတ်ခွစီးထားပြီး နိုင်ငံရေး/စီးပွားရေးလက်ဝါးကြီးအုပ် ဗိုလ်ကျချယ်လှယ်နေမှုကို ဖယ်ရှားပစ်ရမည်။ ဤသို့ဖယ်ရှားနိုင်လျှင် တပ်မတော်အတွက် ပရိုဖက်ရှင်နယ်စစ်တပ်ဖြစ်လာရေး လမ်းကြောင်းသည် ဖြောင့်ဖြူးလာပေလိမ့်မည်။ တကယ်တော့ စစ်အုပ်စုက တပ်မတော်ကိုနဖားကြိုးထိုးပြီး လိုရာအသုံးချနေခြင်းသာဖြစ်သည်။
စစ်အုပ်စုသည် တပ်မတော်ကိုနဖားကြိုးထိုးပြီး လိုရာအသုံးချနိုင်ရန်အတွက်ဆိုလျှင် ကာချုပ်ကိုယ်တိုင် ကသော်လည်းကောင်း၊ သို့တည်းမဟုတ် ကာချုပ်ကိုအမိန့်ပေးစေခိုင်းနိုင်သူကသော်လည်းကောင်း ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားရစမြဲဖြစ်သည်။
ဗိုလ်နေဝင်းသည် ကိုယ်တိုင်ကာချုပ်လုပ်၍ တပ်မတော်ကိုချုပ်ကိုင်စေစားခဲ့သလို၊ သူ့စိတ်ကြိုက် ကာချုပ်များခန့်အပ်၍လည်း ချုပ်ကိုင်စေစားခဲ့သည်။ ဗိုလ်နေဝင်းသည် သူတို့တိုင်ကာချုပ်လုပ်ခဲ့ပြီး သူ့စိတ်ကြိုက်ချယ်လှယ်အမိန့်ပေးနိုင်မည့်ကာချုပ်များကို တစ်ဦးပြီး တစ်ဦးခန့်အပ်စေခဲ့သည်။ ဗိုလ်စန်းယု၊ ဗိုလ်တင်ဦး(ဒီချုပ် ဦးတင်ဦး) ၊ ဗိုလ်ကျော်ထင်၊ ဗိုလ်စောမောင်နှင့် ဗိုလ်သန်းရွှေအထိ ကာချုပ် (၆)ယောက်သည် ဗိုလ်နေဝင်းစိတ်ကြိုက်ခန့်ထားသောကာချုပ်များပင်ဖြစ်သည်။ ဗိုလ်နေဝင်းသည် (၁၉၄၉)မှ(၁၉၇၂)ထိ (၂၃)နှစ်ကာချုပ်လုပ်ခဲ့သူဖြစ်သည်။ ဤသို့လုပ်နိုင်ရန် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ရဲဘော်သုံးကျိပ်ဝင်အစရှိသော သမိုင်းဖြတ်သန်းမှုနောက်ခံများက ဗိုလ်နေဝင်းအတွက် ရေခံမြေခံကောင်းတွေဖြစ်ခဲ့သည်။ တကယ်တော့ ပြည်တွင်းစစ်က ဗိုလ်နေဝင်းနှင့် သူ၏စစ်အုပ်စုအတွက် အာဏာသရဖူဆောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းစစ်တွင်သူတို့ တွင်ကျယ်လာခဲ့ခြင်းဖြစ်သည်။ သူတို့တွင်ကျယ်သလောက်လည်း တိုင်းပြည်ပျက်ခဲ့ရသည်။ ယခုထိအဖတ်ဆယ်၍မရနိုင်သေး။
ယခုအခါ ဗိုလ်သန်းရွှေသည် ဗိုလ်နေဝင်းနောက် ဖဝါးခြေထပ်လိုက်ခဲ့ခြင်းဖြစ်သည်။ ကွဲပြားသည်မှာ ဗိုလ်သန်းရွှေ၌ ဗိုလ်နေဝင်းကဲ့သို့သမိုင်းရေခံမြေခံမရှိခြင်းပင်။ ထို့အပြင် ယနေ့ခေတ်ကာလကလည်း ဗိုလ်နေဝင်းတို့ခေတ်ကာလမှာကဲ့သို့ “ဆိုရှယ်လစ်လှိုင်း”ထနေသည့် ခေတ်မဟုတ်တော့၊ “ဒီမိုကရေစီလှိုင်း” ထန်နေသော ခေတ်ကာလဖြစ်သည်။ သို့အတွက် ဗိုလ်သန်းရွှေသည် ဒီမိုကရေစီကို “စည်းကမ်းပြည်ဝသော”ဝိသေသပြုပေးခဲ့ရသည်။ (ဗိုလ်နေဝင်းက “မြန်မာ့နည်းမြန်မာ့ဟန်” ဆိုရှယ်လစ်ခဲ့သလို)
ထို့အပြင် ဗိုလ်သန်းရွှေ၌ ဗိုလ်နေဝင်းမှာကဲ့သို့ သူ့စိတ်ကြိုက်ကာချုပ်တွေအများကြီးတင်မသွားနိုင်ခဲ့။ တင်၍လည်းမဖြစ်နိုင် ပြင်းထန်လှသော (၈၈)ဒီမိုကရေစီပြည်သူ့လှိုင်းလုံးကြီးကို သူ ရင်ဆိုင်ခဲ့ရသည်။
သို့ဖြင့် ကိုယ်တိုင်ကာချုပ်(၁၉)နှစ်လုပ်ခဲ့ပြီး တပ်မတော်ကိုတိုက်ရိုက်ချုပ်ကိုင်ကာ ဗိုလ်နေဝင်းကို ခွာရာတိုင်းပြနိုင်ခဲ့သည်။ ဗိုလ်သန်းရွှေအတွက် အခွင့်အခါကောင်းတစ်ခုမှာ“၈၈ဒီမိုကရေစီအရေးတော် ပုံကြီး”ကြောင့် နန်းကျအစွယ်ကျိုးခဲ့ရသောစစ်အာဏာရှင်ဗိုလ်နေဝင်း၏ အာဏာအငုတ်အတက်များကို အလွယ်တကူဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။
“၈၈ ဒီမိုကရေစီအရေးတော်ပုံ”တပ်သား အများအပြားကို ထောင်သွင်းအကျဉ်းချပြီး နှိပ်စက်သတ်ဖြတ်ခဲ့သူ  ဗိုလ်နေဝင်း၏ အိမ်တော်ပါလူမိုက်ဗိုလ်ခင်ညွန့် (ထောက်လှမ်းရေးဂိုဏ်း)ကို ၂ဝဝ၄ ခုနှစ်၌ အပြတ်ရှင်းပြီး ချိန်တွင် ဗိုလ်သန်းရွှေ၏အာဏာသည် စစ်အုပ်စုထဲတွင် ပြိုင်ဘက်ကင်းသွားတော့သည်။ လက်ရှိကာချုပ်ဗိုလ်မင်းအောင်လှိုင်သည် ဗိုလ်သန်းရွှေစိတ်ကြိုက်ရွေးချယ်တင်ခဲ့သည့်ကာချုပ်ပင်ဖြစ်သည်။ အခြားကာချုပ်ဖြစ်နိုင်သူတွေကိုကျော်ပြီး ဗိုလ်မင်းအောင်လှိုင်အား ဗိုလ်သန်းရွှေက ရွေးချယ်ခဲ့သည်။ ကာချုပ်ဆိုသည်မှာ တပ်မတော်တွင် သူ့ထက်ကြီးတာမရှိတော့။ တပ်မတော်၏ထိပ်ဆုံးကို ချုပ်ကိုင် ထားနိုင်လျှင်ကိစ္စကပြတ်နေပြီ။ ဒီတော့ ကာချုပ်ကိုနောက်ကွယ်မှချုပ်ကိုင် ချယ်လှယ်ထားနိုင်သူသည်သာ တကယ့်ကာချုပ်ဖြစ်တော့သည်။ ဗိုလ်မင်းအောင်လှိုင်မှာ ရုပ်ပြကာချုပ်ကလေး၊ ရင်ခွင်ပိုက်ကာချုပ် ကလေးမျှသာဖြစ်သည်။
ဗိုလ်မင်းအောင်လှိုင်အနေဖြင့် ဒီချုပ်၏ “မေတ္တာရပ်ခံချက်”ကို မတုန့်ပြန်ဝံ့သည်မှာ ရုပ်ပြကာချုပ်ကလေး/ရင်ခွင်ပိုက်ကာချုပ်ကလေး ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ဗိုလ်သန်းရွှေသည် သူလွန်သောကာလတွင် စစ်တပ်အတွက်ကာချုပ်သာမက၊ “၂ဝဝ၈အခြေခံဥပဒေ” ၊ ကြံ့ဖွံ့ပါတီတို့တွင်ပါ ဘယ်သူတွေဘယ်နေရာယူကြဟု စီမံပေးသွားခဲ့ခြင်းဖြစ်သည်။ ဗိုလ်သန်းရွှေ၏ ညွန်ကြားချက်အစီအမံတွေများလွန်းသဖြင့် လုပ်၍မကုန်နိုင်ဖြစ်နေရသည်ဟု ဂျာနယ်တစ်ခုတွင် ဗိုလ်အောင်သောင်းပြောသည့်စကားကို မှတ်မိကြဦးမည်ထင်သည်။
လွှတ်တော်ဥက္ကဋ္ဌဗိုလ်ရွှေမန်းပြောနေသည့် “ကမ္ဘာပေါ်တွင်ပြည်သူများ၏အခွင့်အာဏာများကို ပြည်သူ့အစိုးရလက်တွင်းသို့ ညင်သာစွာလွှဲပြောင်းပေးနိုင်ခဲ့သော တစ်ခုတည်းသောအစိုးရဖြစ်ပါကြောင်း” ဆိုသည့်စကားမှာ ဗိုလ်သန်းရွှေကိုချီးမွန်းနေတာ၊ အမွှမ်းတင်နေတာဖြစ်သည်။ အခြားဖြစ်နိုင်သည့်အချက်တစ်ချက်မှာ ဗိုလ်နေဝင်းအာဏာလွှဲသကဲ့သို့ “တော်လှန်ရေးကောင်စီဥက္ကဋ္ဌဗိုလ်နေဝင်း”မှ “ပါတီဥက္ကဋ္ဌကြီးဦးနေဝင်း” ထံသို့ အာဏာလွှဲပြောင်းပေးခြင်းမျိုးမဟုတ်ဟု ပြောလိုခြင်းလည်းဖြစ်မည်။
ယခုအခါ ဗိုလ်နေဝင်းနှင့်ဗိုလ်သန်းရွှေတို့၏ဓါတ်ပုံများကို ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံနှင့်တတန်းတည်းထားကာ အောက်တည့်တည့်တွင် ဗိုလ်မင်းအောင်လှိုင်ပုံကို ချိတ်ဆွဲနေကြပြီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ကိုတစ်တန်းတည်းထားခြင်းသည် လုံးဝ မသင့်လျော်ချေ။  လူမျိုးပေါင်းစုံပြည်သူများအကျိုးကိုဆောင်ခဲ့သူနှင့် အကြမ်းဖက်ဖိနှိပ် ဖျက်ဆီးပစ်ခဲ့သူများကိုတန်းတူထားခြင်းမှာ ဘုရားကို ဒေဝဒတ်၊ အဇာတသတ်တို့နှင့်(ဆွေမျိုးခြင်းဆိုပြီး) တန်းတူထားသလိုမျိုးဖြစ်နေမည်။
မြန်မာနိုင်ငံ၌ လက်ရှိတည်ရှိနေသောစစ်အာဏာရှင်စနစ်သည် အခြေခံဥပဒေဘောင်သွင်းထားသည့် စစ်အာဏာရှင်စနစ်ဖြစ်သည်။ အခြေခံဥပဒေဘောင်သွင်းထားသည့်စစ်အာဏာရှင်စနစ်သည် မြန်မာနိုင်ငံအတွက် အသစ်အဆန်းမဟုတ်ချေ။ ယခင်က ဗိုလ်နေဝင်းဦးဆောင်သည့်စစ်အုပ်စုသည် ၎င်း၏စစ်အာဏာရှင်စနစ်ကို ၁၉၇၄ အခြေခံဥပဒေဖြင့် ဘောင်သွင်းခဲ့ဖူးသည်။
ယခု ဗိုလ်သန်းရွှေဦးစီးသည့်စစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာရှင်စနစ်ကို “၂ဝဝ၈ အခြေခံဥပဒေ”ဖြင့် ဘောင်သွင်းထားခြင်းသာဖြစ်သည်။
ဤသို့ဘောင်သွင်းထားခြင်းဖြစ်သဖြင့် ၂ဝဝ၈ အခြေခံဥပဒေထဲတွင် ကာချုပ်သည် စစ်သားအမတ်(၁၆၆)ဦး စိတ်ကြိုက်စေလွှတ်နိုင်သည်/ ရုတ်သိမ်းနိုင်သည်/အစားထိုးနိုင်သည်။  ကာချုပ်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်နိုင်သည်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးနှင့်ဆိုင်သောဝန်ကြီးများကို ကာချုပ်က စိတ်ကြိုက်ခန့်နိုင်/ဖြုတ်နိုင်သည်။ (ကာလုံ)တွင် စစ်ဗိုလ်(၅)ဦး ပါဝင်ခွင့် ရှိနေသည်။ အရေးပေါ်အခြေအနေကြေညာ၍ အာဏာသိမ်းနိုင်သည် စသည့်အချက်များထည့်သွင်းပြဋ္ဌာန်းထားသည်မှာ စစ်အာဏာရှင် စနစ်ကို အခြေခံဥပဒေဘောင် သွင်းထားခြင်းပင်ဖြစ်သည်။
တော်လှန်ရေးကောင်စီပင်ဖြစ်စေ၊ (နဝတ-နအဖ)စစ်အစိုးရပင်ဖြစ်စေ၊ “၁၉၇၄ အခြေခံဥပဒေ”ပင်ဖြစ်စေ၊ “၂ဝဝ၈ အခြေခံဥပဒေ”တွင်ဖြစ်စေ။ (မဆလ)အစိုးရပင်ဖြစ်စေ၊ ကြံ့ဖွံ့အစိုးရပင်ဖြစ်စေ၊ လူမျိုးပေါင်းစုံပြည်သူများတွင်ဒီမိုကရေစီကင်းမဲ့ခြင်းမှာ မည်သည့်ခေတ်ကာလတွင်မဆို အတူတူပင်ဖြစ်သည်။ အမျိုးသားတန်းတူမှုမရှိခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိမှုမှာလည်း အတူတူပင်ဖြစ်သည်။ တပ်မတော်ကို စစ်အုပ်စုက အုပ်စီးထားသည့်အချက်မှာလည်း အတူတူပင်ဖြစ်သည်။ ပြည်တွင်းစစ်ရပ်စဲပြီး နိုင်ငံရေးအရတန်းတူရည်တူ ဆွေးနွေးအဖြေရှာလိုခြင်း မရှိသည့်အချက်မှာလည်း အတူတူပင်ဖြစ်သည်။
အုပ်စိုးသူဗျူရိုကရက်လူတန်းစား၏ နိုင်ငံရေး၊ စီးပွားရေးလက်ဝါးကြီးအုပ် အခွင့်ထူးခံမှုနှင့်ကိုယ်ကျိုးစီးပွား ရှာဖွေစုဆောင်းမှုတို့မှာလည်း အတူတူပင်ဖြစ်သည်ကို အထင်အရှားပင်တွေ့မြင်နိုင်သည်။
ယနေ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် “၂ဝဝ၈အခြေခံဥပဒေ”သာမက တပ်မတော်အပေါ် စစ်အုပ်စုက ဂုတ်ခွစီးထားမှုကိုလည်း ပြတ်ပြတ်သားသား ဖယ်ရှားပစ်ရပေလိမ့်မည်။ သို့မှသာ စစ်မှန်သောဒီမိုကရေစီခေတ်သည် ဆန်းသစ်ပေါ်ထွန်းလာနိုင်ပေလိမ့်မည်။ လူမျိုးပေါင်းစုံပြည်သူများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုလည်း ပေါ်ထွန်းလာနိုင်ပေလိမ့်မည်။
တပ်မတော်သည်လည်း ပရိုဖက်ရှင်နယ် စစ်တပ်ဖြစ်လာပေလိမ့်မည်။


0 comments:

Post a Comment