Sunday, December 15, 2013

ဘဝအနေချင်ရဲမပြေစေလေရော့သလား (မျိုးမြင့်ချို)

0 comments
ဘဝအနေချင်ရဲမပြေစေလေရော့သလား (မျိုးမြင့်ချို)
တနေ့တော့ ကျနော်လုပ်နေတဲ့ကျောင်းလေးမှာ သူ့မြစ်ကလေးကို အကြိုအပို့လာလာလုပ်တဲ့ အသက် ၈၆ နှစ် ပင်စင်စားဘိုးတော်ကြီးတဦးနဲ့ စကားပြောဖြစ်တယ်။ သူ့လက်ထဲမလည်း အိုင်ဖုန်းလေးကိုင်လို့။ ပြောရင်း မိသားစုအကြောင်းကနေ နည်းပညာအကြောင်းတွေဘက် စကားကဘယ့်နှယ်လို့ဆက်သွားလဲတော့ ကောင်းကောင်း မမှတ်မိတော့ဘူး။ စကားက အစပိုင်းမှာ သိတ်စိတ်ဝင်စားစရာမကောင်းပေမယ့် လူကြီးသူမပြောတာဆိုတော့ အသာပဲ ငြိမ်နားထောင်နေပေးမိတယ်။ ဒါပေမယ့် ပြောရင်းပြောရင်း သူပြောတာမှာ တွေးစရာအသစ်တွေပါလာလို့ စကားထောက်တောင် မလုပ်ဖြစ်ဘူး။ အသံတုန်တုန် ပြုံးယောင်ယောင်ကြေကွဲကွဲမျက်လုံးရီဝေဝေ မျက်ဆံပြာပြာတွေနဲ့ သူ့စကားတွေမှတ်မိသလောက်ဆိုရင် 

"နည်းပညာတွေဟာဟာ လူတွေရဲ့နေထိုင်မှုဘဝပုံစံတွေကို ပြောင်းလဲပစ်လိုက်တယ်ဆိုတာ အဟုတ်ပဲကွ၊ လူတွေမှာ ရွေးချယ်စရာတွေများလာတယ်ဆိုတာလည်းအဟုတ်ပဲ၊ တစ်ဦးချင်းလွတ်လပ်မှုတွေတိုးလာပြီး လူလူချင်း မျက်နှာချင်းဆိုင်ပေါင်းသင်းဆက်ဆံရေးတွေလျော့သွားတယ်ဆိုတာလည်း အမှန်ပဲကွ၊ အနီးဆုံးလူတွေ အတူနေရင်းအနေဝေးကုန်ကြတယ်ဆိုတာလည်းအမှန်ပဲ။ ကုန်ကုန်ပြောရရင်ကွာ တစ်အိမ်တည်းအတူနေလင်နဲ့မယား သားနဲ့အမိ မောင်နဲ့နှမတောင်ခွဲပစ်လိုက်တာပဲ။ တို့ ကြည့်ပါလား အဖွားကြီးနဲ့ငါ အိမ်မှာနေတာက ၂ ယောက်တည်း၊ သူက သူ့တက်ဘလက်နဲ့၊ ငါလည်း ငါ့ လက်ပ်တော့ပ်လေးနဲ့၊ ဖုန်းဆိုလည်းတစ်ယောက်တစ်လုံး ကားလည်းတစ်ယောက်တစ်စီးပဲ၊ တီဗီလည်း တစ်ယောက်တစ်လုံးပဲ၊ သူလည်းသူကြိုက်တဲ့ဝက်ဘ်ဆိုက် သူကြိုက်တဲ့ဂိမ်း သူကြိုက်တဲ့စာသူဖတ်ပေါ့ကွာ သူ့တက်ဘလက်လေးနဲ့။ ငါလည်း ငါ့ကွန်ပြူတာလေးနဲ့ ငါနှစ်သက်တာလေး ကြည့်ရင်းလုပ်ရင်းပေါ့။ တီဗီဆိုလည်း သူကြိုက်တဲ့ချယ်နယ်လ်/အစီအစဉ်သူကြည့်၊ ငါလည်း ငါကြိုက်တာငါကြည့်ပေါ့၊ 

တို့အိမ်ထောင်သက် ၂ဝ လောက်ကအထိ အိမ်မှာ ကားက တစ်စီးထဲပဲ။ တယ်လီဖုန်းလည်း တစ်လုံးတည်း ပဲ။ ရေဒီယိုနဲ့ ဓါတ်စက်ဆိုလည်းတစ်လုံးစီပဲ။ မနက်ဆို အဖွားကြီးက ကလေးတွေကျောင်းသွားဖို့နဲ့ ငါ့အတွက်ထမင်းဗူးဘာညာပြင်ပေးပြီးတာနဲ့ ငါက အလုပ်သွားရင်းတခါတည်း ကလေးတွေကို ကျောင်းကားဂိတ်မှာချခဲ့၊ အလုပ်ပြန်ချိန်ကျ ကျောင်းကားဂိတ်မှာ ခနနားရင်း ကလေးတွေစောင့် အိမ်ပြန်လာ၊ အိမ်ရောက်တော့ ရေလေးမိုးလေးချိုး ညစာလေးဘာလေးစား၊ မိသားစုတွေဧည့်ခန်းထဲထိုင်ရင်း ဓါတ်စက်ဖွင့်ရင်လည်းဖွင့် ရေဒီယိုနားထောင်ရင်လည်းထောင်ပေါ့ကွာ။ ဓါတ်စက်ကလည်း တစ်လုံးဆိုရပြီလေကွာ။ ဓါတ်ပြားလည်း များများစားစားထွက်တာမှ မရှိတာ။ ရေဒီယိုဆိုလည်း အသံလွှင့်ရုံက တို့ပြည်နယ်မှာ တစ်ရုံတည်းရယ်၊ ဘာလိုင်းမှ ရွေးနေစရာမလိုဘူး၊ ဘယ်အချိန် ဘာအစီအစဉ်ပြီး ဘာလာမယ်လည်းကြိုသိနေတာပဲဟာ၊ ကြိုက်တဲ့ကဏ္ဍလာ နားထောင်လိုက်၊ မကြိုက်ပိတ်ထားလိုက်ရုံပဲ။ ဘာမှ ခုခေတ်လို ဒီစတေရှင်မကြိုက် ဟိုစတေရှင် ဟိုစတေရှင်မကြိုက် နောက် တစတေရှင် ရွေးနေစရာမရှိဘူး။

လုပ်စာကလည်း ငါ့တစ်ယောက်လုပ်စာနဲ့လောက်တယ်ကွာ၊ တလတလ အိမ်စားရိတ်၊ ရေခမီးခ၊ အိမ်ခွန်မြေခွန်၊ တယ်လီဖုန်းတစ်လုံးဖိုး၊ ကားတစ်စီးစာပေးမင်န့်နဲ့ဓါတ်ဆီဖိုး၊ အဝတ်အစားအသုံးအဆောင် ဝယ်တာချမ်းတာ ဒါလောက်ပဲကွာ။ အဖွားကြီး ဘာမှအပြင်ထွက်အလုပ် လုပ်စရာမလိုဘူး၊ သူလည်း အပြင်အလုပ်မလုပ်တော့ ကားလည်း နောက်တစ်စီးရှိစရာမလိုဘူးလေ၊ ကားမောင်း မတတ်လို့လည်း ဘာမှမဖြစ်ဘူး၊ တစ်စီးရှိပြီးတာပဲလေ၊ ပိတ်ရက်လေးဘာလေးဆို အဲ့တစ်စီးနဲ့ပဲ ကလေးတွေပါခေါ်ပြီး ဟိုလည်ဒီလည်ပေါ့ကွာ၊ နောက် မတတ်လို့မှ မရတော့တဲ့ကိန်းဆိုက်တော့မှ အဖွားကြီးကားမောင်းသင် ရတယ်၊ ကားလည်း တစ်စီးထပ်ဝယ်ရတယ်၊ သူလည်း အပြင်ထွက်အလုပ် လုပ်ရတော့တယ်၊ ငါ့ဝင်ငွေနဲ့တင် မလောက်တော့ဘူးလေ၊ ကလေးတွေကြီးလာတာပါသလို၊ ကုန်ဈေးနှုန်းတွေ မီးခရေခ ဘာအခွန်ညာအခွန်တွေမြင့်လာတာလည်း ပါတာပေါ့ကွာ၊ ဒါပေမယ့် အဓိကအကြောင်းက နည်းပညာသစ်တွေနဲ့ ပစ္စည်းသစ်တွေနေ့စဉ်နဲ့အမျှ ပေါ်ပေါ်လာနေတာက အိမ်ရှိလူကုန် အလုပ်ထွက်လုပ်ဖို့ ဖြစ်လာတာပဲကွ။ 

ကလေးဆိုတာ အသစ်ပေါ်သမျှလိုချင်တာသဘာဝပဲ။ တီဗီတွေ၊ ကွန်ပြူတာတွေအင်တာနက်တွေ၊ လက်ကိုင်ဖုန်းတွေ၊ အီလက်ထရောနစ် ပစ္စည်းကိရိယာတွေ၊ ဂိမ်းကစားတဲ့စက်တွေပေါ်လာတော့ ပိုဆိုးကုန်တယ်ကွ၊ ကိုယ်တွေကလည်း မတတ်နိုင်၊ ဆိုတော့ သူတို့ပိုက်ဆံ သူတို့ရှာခိုင်းရတော့တာပဲ။ ၁၈ နှစ်ပြည့်တာနဲ့ ကျောင်းတဘက်နဲ့ အလုပ်အချိန်ပိုင်း အလုပ်ခိုင်းရတော့တာပဲ၊ ကိုယ်တွေမလုပ်ခိုင်းလည်း သူတို့ဘာသာ လုပ်ကြတော့မှာပဲလေ။ သူတို့မှာ လိုချင်တာတွေ များလာပြီမဟုတ်လား။ အလုပ် လုပ်ပြီဆိုတော့ ကားကလိုလာပြီလေ။ ကားတစ်စီးထဲနဲ့ မဖြစ်တော့သလို ဘစ်ကားတွေလိုင်းကားတွေပေါ် အမြဲတမ်းမှီခိုလို့လည်း မရတော့ဘူးလေ။ ဘစ်ကားတွေက သူ့အချိန်နဲ့သူပဲထွက်တာ မဟုတ်လား။ ကားစောင့်ရင်းအချိန်တွေပုတ် ဆောင်းတွင်းဆို နှင်းနဲ့ရေခဲနဲ့အေးတာနဲ့ သေရချည်ရဲ့ကွာ။ ဆိုတော့ အလုပ်လုပ်သူတိုင်း ကိုယ့်ကားကိုယ်ဝယ် ကိုယ့်ကားဖိုးကိုယ်ပေး။ ဖုန်းဆိုလည်း ဒီအတိုင်းပဲ။ တစ်ယောက်တစ်လုံး ဆောင်ရတော့တာပဲ။ အိမ်မှာ လူကြီး ၄ ယောက်ရှိ ကားလေးစီး ဖုန်းလေးလုံးဖြစ်လာတာပဲ။ 

အဲ့လိုနဲ့ မိသားစုတွေ ထမင်းဝိုင်းလည်းလက်ဆုံဖို့ ခက်လာတယ်။ နောက်တော့ ကလေးတွေအိမ်ထောင်ကျ အိမ်တွေခွဲနဲ့ နောက်ဆုံး တို့ အဖိုးကြီးအဖွားနှစ်ယောက်ပဲကျန်တော့မှ ပင်စင်လေးဘာလေးနဲ့ နားအေး ပါးအေးပေါ့လေ။ ဒါပေမယ့် ဘာဖြစ်လာလဲသိလား။ တို့ ညားကာစကလို ဓါတ်စက်လေးဖွင့်ပြီး နှစ်ယောက် အတူနားထောင်ဖို့ခက်သွားပြီ။ ရေဒီယိုတစ်လုံး အတူဖွင့်နားထောင်ဖို့ ခဲယဉ်းသွားပြီ၊ တီဗီအစီအစဉ်တွေ နှစ်ယောက်အတူကြိုက်ဖို့ မလွယ်တော့ဘူး။ ကွန်ပြူတာဝက်ဘ်ဆိုက်တွေမှာ သူစိတ်ဝင်စားတဲ့သတင်းနဲ့ ငါစိတ်ဝင်စားတာ သတ်သတ်စီရွေးကြည့်ကြရပြီ။ တခါတလေကွာ တအိမ်တည်း နှစ်ယောက်အတူနေပြီး ဧည့်ခန်းထဲအတူထိုင်ပြီး သူက သူ့ပက်လက်ကုလားထိုင်ပေါ်မှာ လက်ဝါးပေါ် တက်ဘလက်လေးတင်လို့၊ ငါကလည်း ဆိုဖါပေါ်ထိုင်ရင်း ပေါင်ပေါ် လက်ပ်တော့ပ်လေးတင်လို့ တစ်ယောက်နဲ့တစ်ယောက် စကားတောင်မပြောဖြစ်ကြတော့ဘူး။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း စကားပြောချိန် မရှိတော့သလိုပဲကွာ။ အိမ်ဖုန်းလေးမြည်တဲ့အခါများဆို တခါတလေ သူကိုင်နိုးနိုး ငါကိုင်နိုးနိုးနဲ့။ ကိုယ့်လက်ကိုင်ဖုန်းလာရင်တော့ ကိုယ့်ဟာကိုယ်ပြောရတာပေါ့လေ။ ကလေးတွေ၊ မြေးတွေ၊ မြစ်တွေကလည်း အိမ်ဖုံးထက် လက်ကိုင်ဖုန်းကိုပဲအခေါ်များတော့ တခါတလေ ညဘက်ကျမှ ဘယ်သားက ဘယ်မြေးက ဘယ်မြစ်က ဘာဖြစ်တယ် ဘာပြောတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပြန်ပြောရတဲ့အဖြစ်လေ။ 

နိုင်ငံခြားတိုင်းပြည်ရောက်နေကြတဲ့ ကလေးတွေ မြေးတွေ၊ ဟိုပြည်နယ်ဒီပြည်နယ်
ရောက်နေကြတဲ့ကလေးတွေ မြေတွေတင်မကဘူး ဒီတစ်မြို့တည်းနေသူတွေကတောင် အိမ်လာလည်ဖို့ မလွယ်ကြတော့ဘူးလေ။ ကိုယ့်အလုပ်နဲ့ကိုယ့်ဘဝ ရုန်းကြရတော့တာပဲမဟုတ်လား။ ဒီတော့ ဖုန်းဆက်ရင်ဆက်၊ မဆက်ရင် အွန်လိုင်းကနေချက်တင်န်းပေါ့ကွာ။ သူတို့က ဖုန်းဆက်တာထက် ဗီဒီယိုချက်တင်န်းလုပ်ရတာကို ပိုသဘောကျသလို၊ တို့အဖိုးကြီးအဖွားကြီးကလည်း မျက်နှာလေးတွေပါမြင်ရတော့ ပိုကြိုက်တာပေါ့ကွာ။ အဖွားကြီးမှာလည်း ဗီဒီယိုချက်တင်န်းတွေ အီးမေးလ်တွေက သူ့အကောင့်နဲ့သူ ငါ့မှာလည်း ငါ့အကောင့်နဲ့ငါမို့လား။ တခါတလေ ကလေးတွေ မြေးတွေတင်မကပါဘူး မိတ်ဆွေတွေ ငယ်သူငယ်ချင်းတွေ ကျောင်းနေဖက်တွေလည်း အဲ့သလိုပဲ ဖြစ်ကုန်ကြတာလေ။ သူတို့တင်အဲ့သလို ဖြစ်တာမှမဟုတ်တာ၊ တို့လည်းဘာထူးလဲ အဲ့သလိုပဲဖြစ်ကုန်ကြတာ မဟုတ်လား။ လူတိုင်းလိုလို အဲ့သလိုတွေဖြစ်ကုန်ကြတာပဲလေကွာ။ ဆိုတော့ အရင်တုန်းကလို နှစ်ယောက်သားအကြိုက်တူတဲ့ဓါတ်ပြားလေးဖွင့်ရင်း၊ တစ်လုံးတည်းသောရေဒီယိုလေးက တစ်ခုတည်းသောအသံလွှင့်ရုံကလွှင့်တဲ့ မနက်တိုင်းလာနေကြ နနံက်ချိန်ခါတေးသံသာလေး နားထောင်ရင်းနေရတဲ့ဘဝမျိုးကတော့ ပျောက်သွားပြီလေ။ ဘယ်လိုမှပြန်မရနိုင်တော့ဘူးကွ။ အဲ့လိုနေခဲ့ဖူးတဲ့ဘဝလေးတော့ အမြဲလိုလိုအောက်မေ့မိတာပဲ" လို့ ဆွေးဆွေးမြည့်မြည့်လေးပြောနေတုန်း သူ့ အိုင်ဖုန်းလေးက အသံမြည်လာတယ်။ တုန်တုန်ယင်ယင် အရေပြားတွန့် သွေးကြောဖေါင်းထလက်ချောင်းတွေဟာ ထိစမ်းရင်းသုံးရတဲ့ ဖန်သားဖုန်းမျက်နှာပြင်ပေါ် တရွေ့ရွေ့နေတော့တယ်။


0 comments:

Post a Comment