Friday, December 27, 2013

ကျိုးနွံနာခံရေးလား/အာခံဆန့်ကျင် ပယ်ဖျက်ရေးလား (တူမောင်ညို)

0 comments
ကျိုးနွံနာခံရေးလား/အာခံဆန့်ကျင် ပယ်ဖျက်ရေးလား (တူမောင်ညို)(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်)

ဒေါ်မြင်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်၊ ဦးသန့်ဇင်ထက်တို့ ကို တရားမစွဲဆိုထိုက်မှန်းသိပါလျက်နဲ့ အညှိုးအတေးဖြင့်ဖမ်းဆီးထားပြီးနောက် ယခုအခါ ပဲခူးတိုင်းတရားလွှတ်တော်က တရားသေလွှတ်ပေး လိုက်ရပြီဖြစ်သည်။ အရေးမသာ၍သာ အံကြိတ်ပြီး လွှတ်ပေးလိုက်ရခြင်းမျိုးဖြစ်သည်။ သူတို့ဂွင်ထဲဝင်လာသည့်အခါ သင်းတို့သည် အညှိုးအတေးဖြင့် ထောင်းပါလိမ့်ဦးမည်။

သို့ပါ၍ ၆ လခန့်မျှ မတရားသဖြင့် ဖမ်းဆီးထောင်ချထားမှုနှင့်စပ်လျဉ်းပြီး ရဲ၊ တရားသူကြီး၊ ဆွဲချအဆင့်ဆင့်သော တာဝန်ရှိသူများကို ထိထိရောက်ရောက်စစ်ဆေးအရေးယူရန် လိုအပ်သည်။ ထို့အပြင် ယခုကဲ့သို့ ၆ လခန့်မျှ မတရားသဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသည့် ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်၊ ဦးသန့်ဇင်ထက်တို့ကို အဆင့်ဆင့်သောတာဝန်ရှိသူများက မှားယွင်းကြောင်းတောင်းပန်ရမည်။ နစ်နာမှုတွက်လျော်ကြေးပေးရမည်။

အညှိုးအတေးကိုရဲ၊ တရားသူကြီးများက ထားနိုင်သည်မဟုတ်၊ ရဲနှင့်တရားသူကြီးဆိုသူများသည် အထက်ကပေးသည့်အမိန့်အတိုင်း ဖမ်းဆိုလျှင်ဖမ်းကြရပြီး အထက်ကချပေးသည့်အတိုင်း စီရင်ချက်ချကြရသည်။ အုပ်စိုးသူများအတွက် စစ်တပ်၊ ထောက်လှမ်းရေး၊ တရားရေးမဏ္ဍိုင်၊ တရားဥပဒေ၊ တရားရုံး၊ တရားသူကြီး၊ အစိုးရရှေ့နေ (ဆွဲချ)၊ရဲတပ်ဖွဲ့တို့သည် လက်မရွံ့၊ လက်ကိုင်ဒုတ်များဖြစ်သည်။ အကြမ်းဖက်ဖိနှိပ်ရေးယန္တယားများလည်းဖြစ်သည်။
           
ထို အကြမ်းဖက်ဖိနှိပ်ရေးယန္တယားများသည် (နဝတ-နအဖ)စစ်အစိုးရလက်ထက်တွင် (နဝတ-နအဖ)စစ်အစိုးရကအလိုကျအမှုတော်ထမ်းခဲ့ကြပြီး သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ လက်ထက်တွင်လည်း သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအလိုကျ အမှုတော်ထမ်းနေဆဲဖြစ်သည်။

လေလုံးထွားလှသည့်“တရားဥပဒေစိုးမိုးရေး”ဆိုသည်မှာ အုပ်စိုးသူများအလိုကျ ပြည်သူများက ငြိမ်ဝပ်ပိပြားနေကြရသည့်အခြေအနေတစ်ရပ်ကို ဆိုလိုခြင်းသာဖြစ်သည်။ အုပ်စိုးသူများအဖို့ ပြည်သူများ ငြိမ်ဝပ်ပိပြားနေခြင်းသည် တရားဥပဒေစိုးမိုးခြင်းပင်ဖြစ်သည်။

ပြည်သူများက အခွင့်အရေးတောင်းဆိုမည်၊ ဆန္ဒဖော်ထုတ်မည်၊ဆန္ဒပြမည်ဆိုလျှင် “နိုင်ငံတော်တည်ငြိမ်ရေးနှင့်အေးချမ်းသာယာမှုကို ချိုးဖောက်ခြင်းသို့မဟုတ် တရားဥပဒေချိုးဖောက်မှု” ဟူ၍ ပြောဆိုကြမည်။

လက်နက်ဆို၍ အပ်တိုမျှပင်မရှိသောကျောင်းသားလူငယ်များအား ဂျီးသရီးမောင်းပြန်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ (တကသ)အဆောက်အအုံအား ဒိုင်းနမိုက်ဖြင့်ဖြိုချခြင်း၊ အင်းလျားကန်ဘောင်တွင် လုံထိန်းများက ရိုက်နှက်သတ်ဖြတ်ခြင်း၊ ဒီပဲယင်းတွင် အကြမ်းဖက်သတ်ဖြတ်ခြင်း၊ လက်ပံတောင်းတွင် သံဃာတော်များအား မီးလောင်ဗုံးဖြင့်ပစ်ခတ်ခြင်း၊ ရခိုင်၊ မိတ္တီလာ၊ ထန်းကုန်း၊ ဥက္ကံ၊ လားရှိုးတို့တွင် အကြမ်းဖက်မီးရှို့သတ်ဖြတ်မှုများအား လက်ပိုက်ကြည်နေခြင်းများသည် အုပ်စိုးသူများ၏ ပွင့်လင်းမြင်သာသည့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်များပင်ဖြစ်သည်။

သင်္ကန်းခြုံဝီရသူ၏ ဘာသာရေး လူမျိုးရေးအကြမ်းဖက် ရန်စသွေးထိုးရန်တိုက် လှုံ့ဆော်ဟောပြောနေမှုများကို လက်ပိုက်ကည့်နေခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးပင်ဖြစ်သည်။

လိုအပ်လျှင် တောမတ်အိုဟေးကင်းတားနားနှင့်အဖွဲ့ စီးနင်းလာသည့်မော်တော်ယာဉ်အား ရန်ပြုတိုက်ခိုက်ခြင်းသည်ပင် တရားဥပဒေစိုးမိုးရေးဖြစ်သည်။ ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ထိုင်ခုံများရိုက်ချိုးပြီး ဆိုင်းဘုတ်နှင့်အလံမီးရှို့သူ လူရမ်းကားများကို စရိတ်ပေး၍ပြန်လွှတ်ခြင်းသည်လည်း တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်။

၂၀၀၈အခြေခံဥပဒေ” အပါအဝင် အများစုသော“တည်ဆဲဥပဒေများ”သည် မတရားသည့်မမျှတသည့်၊ ဖိနှိပ်သည့်ဥပဒေဆိုးများသာလျှင်ဖြစ်သည်။ ထိုသို့သော တည်ဆဲဥပဒေဆိုးများသည် အုပ်စိုးသူများ၏ အကြမ်းဖက်ဖိနှိပ်မှုကို အပြည့်အဝထောက်ခံ ကာကွယ်ပေးထားသည့် ဥပဒေများလည်းဖြစ်သည်။ ချုပ်လိုက်လျှင် ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးများကို ဖိနှိပ်ချိုးနှိမ်ထားပြီး အကြမ်းဖက်အနိုင်ကျင့်ထားသည့် ဥပဒေများဖြစ်သည်။ သို့ပါ၍“တရားဥပဒေစိုးမိုးရေး”၏ လက်တွေ့အဓိပ္ပါယ်မှာ ပြည်သူများအား ပိုင်ပိုင်နိုင်နိုင်အကြမ်းဖက်ဖိနှိပ်ထားနိုင်သည့် အခြေအနေတစ်ရပ်ကို ဆိုလိုခြင်းသာဖြစ်သည်။ ပြည်သူများ၏ လယ်ယာမြေ၊ ဘိုးဘွားပိုင်မြေများကို အဓမ္မသိမ်းယူပြီး၊ ပြန်ပေးရန်ဆန္ဒပြတောင်းဆိုသည့်အခါ “တပ်စည်ပင်”ကဲ့သို့ လူဆိုးလူမိုက်များက အကြမ်းဖက်ရန်ပြုခြင်းသည် တရားဥပဒေစိုးမိုးရေး၏လက်တွေ့သာဓကဖြစ်သည်။

သို့ဖြင့် လာမည့်လွတ်လပ်ရေးနေ့တွင် “ပုဒ်မ၁၈”အား ဆန္ဒပြကြလိမ့်ဦးမည်။ တကယ်တော့ ဆန္ဒပြရုံမျှဖြင့် မလုံလောက်ချေ၊  “ပုဒ်မ ၁၈”  တစ်ခုတည်းကိုသာ ကွက်၍ဆန္ဒပြကြမည်လော။ “ပုဒ်မ ၁၈” သည် လုံးဝဖျက်သိမ်းပစ်ရမည့် ဥပဒေဆိုးများ၊ ပုဒ်မဆိုးများအနက်တစ်ခု အပါအဝင်သာဖြစ်သည်။
           
တစ်ချိန်တစ်ခါက“မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ”ဟူ ၍ ကြွေးကြော်ခဲ့ကြသူများသည်ပင် ယခုအခါ “တရားဥပဒေစိုးမိုးရေး”ဟု ပြောင်းလဲကြွေးကြော်နေကြပြီ။

အပြောင်းအလဲဆိုသည်မှာ ဤသို့သော အပြောင်းအလဲများကိုပြောတာ ဖြစ်မည်ဟုထင်ပါသည်။ တရားဝင်ခွင့်ပြုချက်ယူပြီးမှဆန္ဒပြသည့် ကျိုးနွံယဉ်ကျေးသောဥပဒေဘက်သားတွေဖြစ်ကုန်ပြီ။ ပြည်သူများလိုက်နာစေရန် စံနမူနာပြအဖြစ်ပြုလုပ်နေကြသလော။ မတရားသည့် တည်ဆဲအမိန့်ဥပဒေများကို ရိုးကျိုးဝပ်တွားနေကြသည်။ မိမိအား ခတ်လာမည့် လက်ထိပ်နှင့်သံခြေကျင်းအား ဆေးလှလှချယ်ပေးနေကြသည်။

0 comments:

Post a Comment