Monday, December 23, 2013

ရေခဲ၊ မြေခဲ (မျိုးမြင့်ချို) ဒီဇင်ဘာ ၂၁၊ ၂ဝ၁၃

0 comments
ရေခဲ၊ မြေခဲ (မျိုးမြင့်ချို) ဒီဇင်ဘာ ၂၁၊ ၂ဝ၁၃
ညက ကြက်မဒန်းမလေးတစ်ကောင် ကြက်အိမ်ထဲမဝင်ပဲအပြင်မှာကျန်နေတာ သတိမထားမိဘူး။ ဒီမနက်ကျတော့ တကိုယ်လုံးရေတွေရွှဲနစ်ပြီး မြက်ချုံအောက်မှာ ခိုနေတယ်။ အေးစက်ပြီးခိုက်ခိုက်တုန်နေတယ်။ သူ့အမွှေးလေးတွေမှာ ရေက ရေခဲသလို သီးနေတယ်။ ရေခဲမှတ်နီးပါးအေးတာလေ။ ကျန်တဲ့အကောင်တွေက သူတို့အိမ်လေးထဲမှာ ပူးပူးကပ်ကပ် တိုးတိုးခွေ့ခွေ့ နွေးနွေးထွေးထွေးလေး အိပ်ကြတာမဟုတ်လား။ သူ့ခမျာတော့ ညက တညလုံး မိုးကလည်းဖြိုက် အေးကလည်းလောကကြီးပါ ခဲသွားသလားမှတ်ရတာ။ သူ့မြင်ရတာ သနားစရာ။ ဒါနဲ့ သူ့ကို အိမ်ထဲခေါ်လာ။ အနွေးခန်းထဲ တနာရီကျော်လောက်ထည့်ထား။ သဘက်အဟောင်းလေး တစ်ထည်နဲ့ အမွှေးလေးတွေကို ဖြည်းဖြည်း ဖြည်းဖြည်းသုတ်သုတ်ပေးရင်း အမွှေးတွေလည်းပြန်ပွလာပြီး အစာစား ရေသောက်လုပ်တယ်။ ကျနော့်လည်း ကျေးဇူးတင်လို့ထင်ပါရဲ့ ခနခနမော့မော့ကြည့်လိုက်၊ ရင်ဘတ်ထဲ ဂျိုင်းကြားထဲခေါင်းလေးထိုးလိုက်နဲ့။ အနွေးဓါတ်လေး ပြန်ဝင်ပြီး ပြန်နွေးသွားပြီထင်ပါရဲ့။ အံမယ်.. သူ့အမွှေးလေးတွေ သူအနှုတ်သီးလေးနဲ့ထိုးထိုးဖွလိုက် ခြေထောက်လေးနဲ့ဖွလိုက် ခေါင်းလေး လည်ပြန်ပြန်ပြီး အမွှေးလေးတွေသပ်သပ်ချလိုက်နဲ့ ချစ်စရာ သနားစရာလေး။ ပါးစပ်ကလည်း ကတော်ကတော်နဲ့။ အဖော်တွေကို ခေါ်နေတာလားမသိဘူး။ ခနနေရင် ခြံထဲပြန်ချပေးရမယ်။

ဒီနေ့ နှင်းမကျဘူး မိုးရွာတယ် နှင်းပျော်ရည်တွေနဲ့ မြေတပြင်လုံးဗွက်ထနေတယ် တခြံလုံးပဲ။ မြို့ထဲက မြစ်တွေထဲလည်း ရေနည်းနည်းလေး တက်လာတယ် နှင်းပျော်ရည်တွေ မြစ်ထဲစီးဝင်သွားတာကိုး။ ပြီးခဲ့တဲ့ ၄-၅ ရက်က ကျလိုက်တဲ့နှင်းက စုစုပေါင်း ၁၂ လက်မလောက်ဆိုတော့ တွေးသာကြည့်၊ ပျော်သွားရင် တစ်ပြည်လုံး ရေဂါလန်သန်းပေါင်း ဘယ်လောက်အထိဖြစ်ကုန်မလဲဆိုတာ။ အဲ့ဒီ နှင်းပျော်ရည်တွေက ရေအဖြစ်နဲ့ ချောင်းတွေမြစ်တွေထဲစီးဝင်ပလားဆို ရေတွေကြီးပြီ။ မြစ်တွေလျှံပြီ။ (မီးတော့မပျက်ဘူးပေါ့ ရွှေပြည်ကြီးမှာလို)။ ဒီမှာ နွေဦးပေါက်လို့ အရပ်ရပ်ကနှင်းတွေပျော်မှ မြစ်ရေကလျှံတာ။ မိုးတွင်းမှမရှိသလို ရွာတဲ့အခါလည်း မြစ်ရေလျှံလောက်အောင်မှ မကြီးတာ။ ဒီနေ့ဖြစ်နေပုံက မြေကြီးထဲကရေက ခဲနေသေးတာဆိုတော့ မြေကြီးပေါ်က မိုးဖျော်လို့ပျော်သွားတဲ့နှင်းရည်တွေ မြေကြီးထဲစိမ့်ဝင်ဖို့ မလွယ်သေးဘူးထင်တယ်။ ဟိုတစ်ရက်နှစ်ရက်က ရေခဲမှတ်အောက် ၁၈ လောက်အထိကျသွားတော့ မြေကြီးထဲရှိတဲ့ ရေအစိုဓါတ်လေးတွေလည်း ခဲကုန်တာပေါ့။ ရောက်စက အေးလို့ ”ရေခဲ”တာတွေ့ပြီး မထူးဆန်းပေမယ့် ”မြေခဲ”တာလည်းတွေ့ရော ထူးဆန်းရုံတင်မကဘူး သူများပြန်ပြောပြရင်တောင် ယုံပါ့မလားလို့တွေးမိသေးတယ်။ အဟုတ်ပဲ မြေကြီးထဲကရေက မြေသားတွေကိုပါ ခဲပြီးကျစ်သွားအောင်လုပ်လိုက်တော့ ပေါက်တူးပေါက်ချွန်းနဲ့ မြေတူးမြေကော်ဖို့တောင်အတော်ခက်ပါတယ်။ ပန်းသီးပင်တွေမြေချတုန်းက အပြင်တူးထုတ်ထားတဲ့ မြေကျစ်စာခဲကို သံတူရွင်းနဲ့ထိုးချေကြည့်တော့ ရေခဲတုံးကိုသတ္တုချောင်းနဲ့ထိုးသလို ချော်ချော်ထွက်ပြီး တချွင်ချွင်တချပ်ချပ်မြည်လာတယ်။ မယုံချင်စရာကြီး။ မြေကြီးကိုင်ကြည့်တော့လည်း ရေခဲတုံးကြီးအတိုင်းပဲ။

အေးစက်နေလိုက်တာ မာကျောနေလိုက်တာ။ လက်နဲ့ကောက်မယူလိုက်ပြီး ပြန်ပစ်ချလိုက်တော့လည်း မြေကြီးကျစ်စာခဲက မြေတစ်မှုန်တောင် 
ဘေးကိုလွင့်စဉ်ဖွာထွက်မသွားဘူး။ ခဲနေတဲ့ရေက မြေမှုန်တွေကို ကျစ်ကျစ်ပါအောင်စုခဲပေးထားတာကိုး။ အင်း..တကယ်အေးရင် ရေတင်မက မြေပါခဲပါလား။ အဲ့ဒီ အေးစက်မာကျောခဲနေတဲ့မြေပြင်ပေါ်မှာ ကျနော့် ကြက်ကလေးတွေကတော့ ဖက်ရှင်ရှိုးလျှောက်သလို ခြေဗလာနဲ့လျှောက်ခဲ့ကြလေရဲ့။
ကြောင်လျှောက်တော့ မဟုတ်။ ကြက်လျှောက်။

အနိစ္စသဘော ကြာကြာမခံတဲ့သဘောမျိုးတင်စားပြောကြတဲ့အထဲမှာ ”မြက်ဖျားနှင်း”ဆိုတာလည်း ပါသမို့မှတ်လား။ မြက်ပင်အဖျားလေးမှာ တဖြည်းဖြည်း နှင်းငွေ့ရည်လေးတွေ သီးသီးလာပြီး ရေပေါက်လေးကြီးကြီးလာ။ နောက် သိတ်မကြာလိုက်ဘူး မြေပြင်ပေါ် ပေါက်ကနဲကျသွားရတဲ့အဖြစ်လေ။ ဒီမှာလည်း မြက်ဖျားနှင်းပဲ။ ဒါပေမယ့် မြက်ပင်အဖျားက နှင်းမဟုတ်ဘူး။ မြက်တွေအေးလွန်းလို့ ဖျားနာသေကြေကုန်ကြတာ။ နေလာနှင်းကွဲကတော့ ရွှေပြည်ကြီးက သိပ်မအေးတဲ့အရပ်တွေမှာမှန်ပေမယ့် ဒီက နှင်းတွေက နေကိုသိတ်မဖြုံကြဘူးလေ။ နေကြောင့် နှင်းပုံ နှင်းလွှာ နှင်းပြင်ကြီးတွေ ပျော်ကျသွားတယ်ဆိုတောင် ဖြည်းဖြည်းချင်းပဲ။ တအိအိပဲ။ မိုးကျ သူတို့က ကြောက်မှကြောက်။ မိုးရွာချလိုက်တာနဲ့ တခါတည်း နှင်းပုံ နှင်းပြင် နှင်းလွှာကြီးတွေ ကြက်ပျောက်ငှက်ပျောက်၊ ခွေးပြေးဝက်ပြေး ပြေးကရော ပျောက်ကရောပဲ။ နေလာနှင်းကွဲထက် မိုးရွာနှင်းပြေး နှင်းပျောက်သဘောပေါ့။ အပြင်ထွက်တော့မယ် နောက်မှ ဆက်ပြောမယ်ဗျား။


0 comments:

Post a Comment