Tuesday, December 3, 2013

ပြည်သူ့ဆန္ဒ၊ ပုံမှားနဲ့ပုံမကျပန်းမကျဖြစ်သွားတဲ့ကိစ္စ (မျိုးမြင့်ချို)

0 comments
ပြည်သူ့ဆန္ဒ၊ ပုံမှားနဲ့ပုံမကျပန်းမကျဖြစ်သွားတဲ့ကိစ္စ (မျိုးမြင့်ချို)
ပြည်သူ့ဆန္ဒဂျာနယ်။ အတွဲ(၁)၊ အမှတ်(၃၈)။ ဒီဇင်ဘာ ၅-ရက်နေ့ထုတ် မျက်နှာဖုံးဆောင်းပါး။ အမည် ဗိုလ်ချုပ်တိုက်ဆောက်၊ ပြည်သူဗိုက်မှောက်၊ စစ်သားဂျိုင်းထောက်။ အတွင်းဖော်ပြစာမျက်နှာ(မျက်နှာဖုံးဆောင်းပါး-စာမျက်နှာ-၉-) ရေးသူ- ရေနံ့သာခင်မောင်ထွေး
ပြောစရာဖြစ်လာတယ်မြင်လို့ရေးပါတယ်။ အပေါ်မှာဖော်ပြထားတဲ့ပုံနှိပ်မှတ်တမ်းပါအကြောင်းအရာက ကျနော်နဲ့တိုက်ရိုက်ဆက်စပ် နေတဲ့အတွက်ပါ။ အကြောင်းအရာနဲ့ ပုံကိစ္စလောက်ပဲပြောပါမယ်။ စာနယ်ဇင်းကျင့်ဝတ်တို့ သတင်းသမားစည်းတို့ဘာတို့ ကျနော်နားမလည်တာကတကြောင်း ကျင်လည်ထဲဝင်သူများပြောရမယ့်အရေးဖြစ်တာကတကြောင်းမို့ ချန်ခဲ့ပါမယ်။

ပုံကိစ္စအရင်ပြောပါ့မယ်။ ပုံက ၂ ပုံပါ။ တစ်ပုံက မျက်နှာဖုံးက ဂျိုင်းထောက်နဲ့၊ လက်တဘက်ပြတ်နဲ့၊ ထိုင်းတိုက်ပုံအင်္ကျီပြာလည်ပြတ်နဲ့၊ အောက်ကပုဆိုးဝတ်နဲ့၊ တိုယိုတာဗင်န်ကားတစ်စီးနားကပ်လျက်သား ရပ်နေတာက ကျနော့်ပုံပါ။ ရိုက်တဲ့အချိန်က ၂ဝဝ၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့(လောက်)ကပါ။ နေရာက အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖိုပတ်ဝိန်းမြို့ကလေးက ညီတော်မောင်(အရင်း ၂ နှစ်ခွဲကြီး/ငယ်)ရဲ့ အိမ်ရှေ့မှာပါ။ အပြင်ထွက်ကြဖို့ ကားပေါ်တက်မယ်လုပ်တုန်း အမှတ်မထင်ရိုက်လိုက်တဲ့ ပုံဖြစ်ပါတယ်။ နောက်တစ်ပုံက ထိုင်းရောက်စက အေအေပီပီရုံးခန်း အိမ်သာတံခါးနောက်ခံနဲ့ ရိုက်ထားတဲ့ပုံပါ။ သစ်သားဂျိုင်းထောက်နဲ့ပါ။ အရပ်ဝတ်အင်္ကျီလက်ရှည် မဖြူ့တဖြူ လက်မောင်းလိပ်တင်ပြီး ပုဆိုးနဲ့ပုံပါ။ ဆံပင်ကတော့အတိုပါ။ ခုလည်း အတိုပါ။ သန့်သန့်ရှင်းရှင်းသုံးပါ၊ အိမ်သာသွားပြီးရေလောင်းပါ စာတမ်းလေးတောင်မထင်မရှားတွေ့မှာပါ။ အဲ့ဒါကို ဖိုတိုရှော့ပ်နဲ့ဖြတ်ညှပ်ကပ်လုပ်တဲ့ပြီး စစ်ဝတ်နဲ့၊ ဂျန်းဂဲလ်ဟက်တ်နဲ့၊ အီကွပ်မင်န့်နဲ့ဘာနဲ့လုပ်ထည့်လိုက်တော့ ကိုယ့်ပုံ ကိုယ့်ဘာသာကိုယ်ကြည့်ပြီး ရီချင်စိတ်ပေါက်တယ်။ ကျနော့်အကြောင်းကို နည်းနည်းများပိုသိဖို့လိုရင် ကျနော့်ဘလော့ဂ် http://www.myo-myo-myintcho.blogspot.com/ မှာ ဝင်ကြည့်စေလိုပါတယ်။ ကျနော့်မှာ စစ်ဝတ်နဲ့ပုံဆိုလို့ တပ်ထွက်လက်မှတ်ထဲက ဆံပင်စစ်သားပုံမကျ ဘာမကျ လိုင်စင်ပုံလေးတစ်ပုံသာ လက်ဝယ်ရှိတော့တာပါ။ စစ်သားဘဝ သင်တန်းတစ်ခုမှာသူငယ်ချင်းတွေနဲ့ရိုက်ဖူးတဲ့ဓါတ်ပုံလည်း ဘယ်ရောက်လို့ရောက်မှန်းမသိတော့ပါ။ ခုပုံကတော့ ဂရပ်ဖစ်ဒီဇိုင်းဆရာ လက်စွမ်းပြဖို့ရာ အယ်ဒီတာမင်းနဲ့ဆောင်းပါးရှင် ဉာဏ်ကွန့်လေရော့သလား မပြောတတ်ပါ။ ပြုံးတော့ ပြုံးချင်စရာပါ။

ကားနဲ့တွဲလျက်ဓါတ်ပုံကို ရိုက်တာက Nic Dunlop ဆိုတဲ့ အိုင်းရစ်ရှ်လူမျိုး၊ ဓါတ်ပုံသတင်းသမား၊ ယူကေဓါတ်ပုံအသင်းဝင်၊ စာရေးဆရာနဲ့ ဘားမားဆိုးလ်ဂျား မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ ဒါရိုက်တာဖြစ်ပါတယ်။ ကျနော့်မိတ်ဆွေလည်း မိတ်ဆွေပါ။ မကြာသေးခင်ကပဲ New Brave Burma ဓါတ်ပုံမှတ်တမ်း စာအုပ်ထုတ်ခဲ့ပါတယ်။ The Lost Executioner လို့ဆိုတဲ့ ကမ်ပူးချားမှာ ပိုပေါ့လက်ထက်က ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ခမာနီခေါင်းဆောင်ဟောင်းတစ်ဦးပုန်းနေတဲ့နေရာကို ခြေရာခံဖော် ထုတ်ပေးခဲ့တဲ့စာအုပ်ပါ။ အတော်အောင်မြင်ခဲ့ပါတယ်။ သူ့အကြောင်းက Nic Dunlop weas born in Ireland in 1969. His work has appeared in numerous publications worldwide. In 1999, he received an award for Excellence in International Journalism from John Hopkins for exposing the head of the Khmer Rouge secret police, Comrade Duch. He lives in Bangkok, Thailand. ဒီ့ထက်ပိုသိဖို့လိုရင် အွန်လိုင်းမှာ သူ့အမည် သူ့စာအုပ်အမည်တွေ ရိုက်ထည့်ရှာဖွေကြည့်စေ ချင်ပါတယ်။ အေအေပီပီရုံးအိမ်သာခန်းနောက်ခံပုံကတော့ ဘယ်သူရိုက်မှန်း မမှတ်မိတော့ပါ။

ဒီဂျာနယ် ရပုံရနည်းပြောပါရစေ။ ဂျာနယ်မျက်နှာဖုံးနဲ့ အကြောင်းအရာကို(လူချင်းမမြင်ဖူးကြပေမယ့် စာချင်း ရပ်ခံချက်ခြင်း ညီရင်းအစ်ကိုလို ဖြစ်နေတဲ့) ပြည်တွင်းက မိတ်ဆွေစာနယ်ဇင်းသမား၊ စာရေးဆရာတစ်ယောက်က ပို့ပေးတာပါ။ သူ့ကျေးဇူးကို အထူးတလည်အမှတ်ပြု ပါတယ်။ ပို့သာပေးပေမယ့် ဘာမှတ်ချက်မျှ သူ မပေးခဲ့ပါ။ အကို့ဓါတ်ပုံနဲ့ဆောင်းပါးတစ်ပုဒ်တွေ့လို့ဗျ။ ဖတ်ကြည့်ပါလား။ ဒီလောက် ပါပဲ။ ကျနော့်ဘက်က ပုံမရှင်း စာမရှင်းလို့ အကြိမ်ကြိမ်ပြန် ဂျီတိုက်တာနဲ့ နောက်ဆုံး ဂျာနယ်ကိုယ်တိုင်သွားဝယ် စကင်န်ဖတ်ပြီး တကန်တက ဆိုးမျိုးခံလုပ်ပေးတာပါ။ ကျေးဇူးစကား ထပ်ပြောပါရစေ။

ဆောင်းပါးရှင်အာဘော်၊ သူပြောချင်တာနဲ့ ဖတ်သူကိုပေးချင်တဲ့မက်ဆေ့ဂ်ျတွေ ကောင်းပါတယ်။ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဇောင်းပေးပြီး တည်ရေးတာမှန်းလည်း ပေါ်လွင်ပါတယ်။ လူတွေသိပြီးသားဖြစ်ဦးတောင် အချက် အလက်စုံစုံတိတိကျကျနဲ့ မပြတ်ထောက်ပြ ဒီ့ထက်ပိုရှူတ်ချနေရမယ့်အရေးလို့မြင်ပါတယ်။ ကျနော့်ဖတ်အားပေါ်အခြေခံပြီးပြောရရင် လက်ရာ အရေးအသား တင်ပြပုံ ကောက်ချက်ဆွဲပြမှုစတာတွေမှာ ပထမတန်းစားဝါရင့်စာနယ်ဇင်းသမားတစ်ဦးလို ကျင်လည်ပါးနပ်မှုမရှိလို့ ထင်ပါတယ်။ အချက်အလက်ရှာဖွေတင်ပြပေးတာမှာတော့ ကျနော် သူ့လောက်မနှံ့စပ်လို့ ဘာမှပြောလို့မဖြစ်ပါ။ ဒီအထိဘာကိစ္စမှမရှိပါ။ ကိစ္စက ဘယ်ကျမှရှိလာသလဲဆိုတော့ တလျှောက်လုံး စစ်ဗိုလ်တွေရဲ့အာဏာထောင်စီးပွားရှာ စည်းစိမ်ကြွယ်ဝနေကြတဲ့အကြောင်း ကောင်းဘိကောင်းရက်ရေးနေရာကနေ ကျနော့်ပုံကိုညွှန်းပြီး ဝေဝေဝါးဝါးရေးသားချက်ရောက်မှ ရုပ်ပျက်ဆင်းပျက် အာဘော်ပျက် ဖြစ်သွားရတာပါ။ ကျနော့်လည်း နံမည်ဖျက်ဖို့ရည်ရွယ်တဲ့သဘောတော့ ဟုတ်ဟန်မတူပါ။ ဒါပေမယ့် ကျနော်နဲ့စပ်တဲ့ အချက်အလက်က အကုန်မှားပါတယ်။ ကားကလည်း သူပြောတဲ့ကားအမျိုးအစားမဟုတ်သလို ကျနော်ကလည်း အများသုံးကားပါကင်မှာ အသက်နဲ့လဲကာကွယ်ပေးခဲ့တဲ့တပ်ရင်းမှူး (ဗိုလ်ချုပ်ဖြစ်လာပြီးနောက်)ရဲ့ဇိမ်ခံကားကြီးကို ဂျိုင်းထောက်နှစ်ဖက်အားကိုးပြီး ဆက်လက်ကာကွယ်နေဆဲ မဟုတ်ပါ။ ပုံ၊ ကားနဲ့လူက ကျနော်အစစ်။ ပြောထားတာက တက်တက်စင်လွဲ။

ဒုတိယပြောချင်တာက စစ်အာဏာရှင်တွေ၊ သူတို့ဆွေမျိုးသားချင်းတွေ၊ သူတို့အမြီးစားဘက်ခေါင်းစားဘက်ခရိုနီတွေ၊ ပြည်တွင်းစစ်နဲ့ ကြွယ်ဝနေကြတဲ့ လက်နက်ဝယ်ရောင်း ကြားပွဲစား(ပြည်တွင်းပြည်ပ)တွေကို ဖွင့်ချတိုက်ခိုက်တဲ့အခါမယ် အောက်ခြေထု စစ်သည်တွေရဲ့ စစ်သားဘဝ၊ စစ်ထွက်ဘဝအခက်အခဲတွေနဲ့ထုံမွှမ်းပေးမှ သရုပ်မှန်ပုံပိုပေါ်တာအမှန်ပါ။ ကျနော်လည်း အခါသင့်တိုင်းရေးနေ ပြောနေပါတယ်။ ဒီမှာကြည့်ရင် တစ်ခုတွေ့ပါလိမ့်မယ်။ အဲ့ဒါ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင်ကမှ လုပ်ထားတာပါ http://www.youtube.com/watch?v=isrcBzWVSOo ကိုယ်ကျိုးစီးပွားနဲ့ယှဉ်ပြီး သေတဲ့အထိစစ်အာဏာရှင်စနစ်ကို ဖက်တွယ်ကာကွယ် တဲ့စစ်သည်တွေရှိပါတယ်။ မရှိမဟုတ်ပါ။ မနည်းပါ။ မရှိမဟုတ်ပါ။ ခြွင်းချက်ထားပြောရမယ့် အနေအထားတောင်မဟုတ်ပါ။ ဒါပေမယ့် ဘာအကျိုးခံစားခွင့်မှလည်း မရရှာ(ဆောင်းပါးရှင်တင်ပြတဲ့ဘဝမျိုးနဲ့စစ်ထွက်တွေမှ ရေတွက်လို့ပင်ကုန်နိုင်ဖွယ်မမြင်ပါ)တဲ့ ခြေပြတ်လက်ပြတ် ဘဝပါပြတ်နေရရှာတဲ့ စစ်သည်ဟောင်းနဲ့သူတို့မိသားစုတွေလည်း အနမတဂ္ဂပါ။ ဘယ်လို အောက်ခြေစစ်သည်မျိုးကို တိုက်မယ်။ ဘယ်လိုမျိုးကို ကြားထားမယ်၊ ဘယ်လိုမျိုးကို စည်းရုံးမယ်ဆိုတာက နိုင်ငံရေးအမြော်အမြင်နဲ့ဆိုင်ပါတယ်။ ဆောင်းပါးရှင်ဟာ နိုင်ငံရေးအရ ထောက်ပြပြီး နိုင်ငံရေးစကား ကျကျနနပြောချင်ပုံတော့ရပါတယ်။ ဒါပေမယ့် အချက်အလက်ချော်သွားတော့ တိုက်ရမယ့်သူ၊ ကြားထားရမယ့်သူ၊ စည်းရုံးရမယ့်သူမှားပြီး စကားလုံးမှာ(ဆက်လက်ကာကွယ်နေဆဲပဲ) ရန်လုပ်သံလေးကဲသွားဟန်တူပါတယ်။ အတ္တနောမတိတော့ နောမတိပေါ့လေ။ အချက်အလက်မှန်မှာသာ နောမတိရင် ဘယ်လောက်ထိလိုက်မယ့် ပစ်ချက်လဲတွေးချင်စရာပါ။

တတိယပြောချင်တာက မော်စီတုန်းစကားနက်နဲ့အဓိပ္ပါယ်ကို သူနားလည်သလိုအမှန်ကောက်ပြီး စစ်အာဏာရှင်နဲ့ကွန်မြူနစ်ကို ကြေးတန်းတိုက်ပြတာလို့ ထင်ပါတယ်။ ဒါကလည်း သူ့နိုင်ငံရေးအတွေးအခေါ်ရေချိန်ကိစ္စပါ။ နားလည်လို့ရပါတယ်။ ကိစ္စမရှိပါ။ သိသူက သိသလို မြင်တတ်မှာပါ။

နောက်ဆုံးတချက်ကတော့ စင်္ကာပူဘာလဲ၊ ဘယ်လိုကြွယ်ဝလာသလဲ၊ နိုင်ငံရေးမှာ စီးပွားရေးမှာ ဘယ်စံနဲ့ဘယ်စနစ်ကျင့်သုံးသလဲ၊ စစ်ဗိုလ်တွေနဲ့စစ်ခရိုနီတွေလျှို့ဝှက်ဘဏ်စာရင်း၊ စစ်ဗိုလ်နဲ့ဆွေတော်မျိုးများဆေးရုံတက်နဲ့ဈေးဝယ်ထွက်၊ အခြားငွေကြေးအရှုပ်အထွေးများ အမယ်စုံလှတဲ့ခြင်္သေ့မြို့တော်လိုတိုင်းပြည် ထူထောင်ကြပါစို့ဆိုတဲ့ ကြွေးကြော်သံတိုင်ပေးတာကတော့ (စင်္ကာပူဆင်ဒရုမ်း) ဝေဒနာလက္ခဏာချက်လို့များ ဆိုရမလားမှတ်တယ်။
မျိုးမြင့်ချို။ ဒီဇင်ဘာ ၃ ရက်၊ ၂ဝ၁၄


0 comments:

Post a Comment