ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏
သမိုင်းဖြစ်ရပ်မှန်တခုကို ပြန်လည်ပြောပြခြင်း (ဘိုးသိမ်း)
၂ဝ၁၅
ခု မေလ ၂၂ ရက်(သောကြာ)နေ့ထုတ် Daily Eleven သတင်းစာမှာ လွှတ်တော်သို့
လာရောက်လေ့လာသည့် သန်လျင် နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံတဲ့သတင်း
ဖတ်ရပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ
ဒေါ်အောင်ဆန်းစုကြည်က “အခုအချိန်မှာ ဒီသမဂ္ဂကိစ္စဆိုရင် အများကြီးပြောကြတယ်။
အန်တီတို့ကတော့ အမြဲပဲပြောပါတယ်။ ကျောင်းသူကျောင်းသားများဟာ တန်းတူညီတူအခွင့်အရေးရှိရမယ်။
အဲဒါဆို သမဂ္ဂဝင်မှ မဟုတ်ဘူး။ သမဂ္ဂဝင်ကို အခွင့်အရေးတမျိုး၊ သမဂ္ဂဝင်မဟုတ်တဲ့သူကို
အခွင့်အရေးတမျိုး၊ အဲဒီလိုလုပ်လို့မရဘူး။ အဲဒါဆိုရင် ဒီမိုကရေစီစံနှုန်းစံထားနဲ့လည်း
မကိုက်ညီဘူး။ တကယ်ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တောင်မှ မကိုက်ညီဘူး။
အဲ့ဒါကိုလည်း မမေ့ကြနဲ့” လို့ ပြောကြား သွားပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး
ဒေါ်အောင်းဆန်းစုကြည်အနေနဲ့ သူ့အမြင်ကို သူသိသလောက် သူပြောသွားတာဖြစ်တဲ့အတွက်
ကျွန်တော့်အနေနဲ့ဘာမှမဝေဖန်လိုပါဘူး။ အဲ့ဒီသတင်းကို
ကျွန်တော်ဖတ်ရှုလိုက်ရတဲ့အချိန်မှာ ချက်ချင်းလိုပဲ၊ ကျွန်တော့ခေါင်းထဲမှာ ရန်ကုန်
တက္ကသိုလ်ကျောင်းသားသမဂ္ဂ သမိုင်းဖြစ်ရပ်မှန်လေးတခုကို ပြန်လည်မြင်ယောင်လာပါတယ်။ အဲဒီ
သမိုင်းဖြစ်ရပ်မှန်လေးဟာ နှစ်ပေါင်း ၆၃ ခုနှစ်က ဖြစ်ပျက်ခဲ့တာဆိုတော့ မီလိုက်သူတချို့လောက်တော့ပဲ
ရှိပါတော့မယ်။
ဒါကြောင့်
အဲဒီသမိုင်းဖြစ်ရပ်မှန်းလေးကိုတော့ အများပြည်သူများ၊ ကျောင်းသားများ၊ လူငယ်များ သိအောင်တင်ပြချင်ပါတယ်။
၁၉၃၁
ခုနှစ် ဇန်နဝါရီလ (၉)ရက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်းတဲ့အချိန်က
စတင်ပြီး ၁၉၅၃-၅၄ စာသင်နှစ်အထိ ရန်ကုန်တက္ကသိုလ်ကျောင်းသားအားလုံးဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ
မဟုတ်ကြပါဘူး။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ချင်တဲ့ တက္ကသိုလ်ကျောင်းသားများဟာ သမဂ္ဂဝင်ခွင့်လျှောက်လွှာပုံစံများကိုဖြည့်သွင်းပြီး
ကျောင်းသားသမဂ္ဂ ဝင်ကြေးတကျပ် ပေးသွင်းခါ သမဂ္ဂဝင်အဖြစ် ခံယူကြရပါတယ်။ တချို့
ကျောင်းသားအနည်းစုကတော့ သမဂ္ဂမဝင်ကြပါ။
၁၉၅၃-၅၄
ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်ရွေးကောက်ပွဲမှာ မဲခိုးတဲ့ပြဿနာဖြစ်ပွားခဲ့ပါတယ်။
စတင်ဖြစ်ပွားတာကတော့ ဒီလိုပါ။
အဲဒီအချိန်က
အစိုးရအာဏာရရှိနေတဲ့ဆိုရှယ်လစ်ပါတီနဲ့နီးစပ်တဲ့ ကိုကိုကြီးက ၁၉၅၂ - ၅၃
ပညာသင်နှစ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပါတယ်။
ကိုကိုကြီးဟာ ဆိုရှယ်လစ်ပါတီနဲ့နီးစပ်တဲ့ ဒီအက်(စ)အိုအဖွဲ့ (D.S.O) ရဲ့
ခေါင်းဆောင်တဦး ဖြစ်ပါတယ်။
အဲဒီအချိန်မှာ
ဒီအက်(စ)အိုအဖွဲ့ဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားထုအတွင်းမှာ စည်းရုံးရေးကျဆင်းတဲ့အချိန်
ဖြစ်ပါတယ်။ ဘာကြောင့် စည်းရုံးရေးကျဆင်းတယ်ဆိုတာကိုတော့ ရှည်မှာစိုးလို့
မရေးတော့ပါဘူး။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေအရ ၁၉၅၂-၅၃
ပညာသင်နှစ် တကသဥက္ကဋ္ဌက ၁၉၅၃-၅၄ ပညာသင်နှစ်အတွက် တကသအမှုဆောင်ရွေးကောက်ပွဲကို
“ရွေးကောက်ပွဲအရာရှိ” အဖြစ် တာဝန်ယူပြီးကျင်းပပေးရပါတယ်။
အဲဒီအချိန်က
ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်မဟုတ်သေးတဲ့အတွက် တကသရွေးကောက်ပွဲမှာ
တက္ကသိုလ်ကျောင်းသားတိုင်း မဲဆန္ဒပေးခွင့် မရှိပါဘူး။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကတ်ပြား
ကိုင်ထားသူသာ မဲဆန္ဒပေးခွင့်ရပါတယ်။
၁၉၅၃-၅၄
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ပထမအသုတ်အမှုဆောင်ရွေးကောက်ပွဲကို ၁၉၅၃ ခုနှစ်
သြဂုတ်လ (၂၈)ရက်နေ့မှာ ကျင်းပပြုလုပ်ပါတယ်။
အစိုးရအာဏာရဆိုရှယ်လစ်တွေနဲ့နီးစပ်တဲ့ဒီအက်(စ)အိုအဖွဲ့အနေနဲ့
ကျောင်းသားထုအတွင်း စည်းရုံးရေးကျဆင်းနေချိန်ဖြစ်သဖြင့် ရွေးကောက်ပွဲအရာရှိ ဒီအက်(စ)အိုအဖွဲ့ခေါင်းဆောင်
ကိုကိုကြီးအနေနဲ့ တကသအမှုဆောင်ရွေးကောက်ပွဲမှာ ဒီအက်(စ)အိုအဖွဲ့
ရှုံးနိမ့်သွားမှာကို အလွန်စိုးရိမ်နေပါတယ်။ ဒါကြောင့်
ရွေးကောက်ပွဲအရာရှိကိုကိုကြီးဟာ တကသအမှုဆောင်ရွေးကောက်ပွဲမှာ မသမာမှုတွေကို
ပြုလုပ်ပါတယ်။
ပြုလုပ်ပုံကဒီလိုပါ။
အဲဒီအချိန်တုန်းက
လွတ်လပ်ရေးရပြီးမှ အသစ်ဖွင့်လှစ်တဲ့အစိုးရဌာနများ ဥပမာလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊
လယ်ယာနှင့်ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း (ARDC) ၊
စက်မှုတိုးတက်ရေးကော်ပိုရေးရှင်း ( IDC)မှာ ဆိုရှယ်လစ်ပါတီဝင်များကို ဝန်ထမ်းအဖြစ်
ခန့်ထားပါတယ်။ အဲဒီအစိုးရဌာနများက တက္ကသိုလ်ကျောင်းသားအရွယ် ဆိုရှယ်လစ်ပါတီဝင်ဝန်ထမ်းများကို
တကသရွေးကောက်ပွဲအရာရှိ ကိုကိုကြီးက တက္ကသိုလ်ကျောင်းသားသမဂ္ဂဝင်ကတ်ပြားများ ထုတ်ပေးပြီး၊
တက္ကသိုလ်ကျောင်းသားအယောင်ဆောင်ကာ ဒီအက်(စ)အို အဖွဲ့ကို မဲထည့်ခိုင်းပါတယ်။
အမှန်တကယ်
မဲထည့်ရန်လာတဲ့ တက္ကသိုလ်ကျောင်းသားများ မဲထည့်ရန် မဲရုံ (အဲဒီအချိန်က တကသ
အဆောက်အအုံအပေါ်ထပ်ရှိ အစည်းအဝေးခန်းမကြီးကို မဲရုံအဖြစ်ပြုလုပ်ထားပါတယ်)သို့ရောက်ရှိသောအခါ
မဲစာရင်းရှိ အဲဒီကျောင်းသားများ၏အမည်မှာ မဲထည့်ပြီး ဖြစ်နေကြောင်းတွေ့ရသဖြင့်
အဲဒီကျောင်းသားတချို့နဲ့ ပြဿနာတက်နေကြပါတယ်။
အဲဒီအချိန်မှာ
ကိုတင်ထွန်းအမည်ဖြင့် လူတစ်ယောက် မဲပြားလာထုတ်ပါတယ်။ ကံဆိုးချင်တော့ မဲအမှန်တကယ်ထည့်ခွင့်ရှိတဲ့
တက္ကသိုလ် ကျောင်းသားကိုတင်ထွန်းအစစ်အမှန်မှာ တကသရွေးကောက်ပွဲမှာ
သန့်ရှင်းအဖွဲ့ကအရွေးခံတဲ့ကိုအုန်းခိုင်နဲ့ အခန်းတခန်းထဲနေတဲ့ အခန်းဖော်ကျောင်းသား
ဖြစ်နေပါတယ်။ ကိုတင်ထွန်းအမည်နဲ့ မဲပြားထုတ်ယူချိန်မှာ ကိုအုန်းခိုင်က “ခင်ဗျား
ကိုတင်ထွန်းမဟုတ်ဘူး”ဆိုပြီး ဝင်ဖမ်းကာ၊ ထိုသူအား ရွေးကောက်ပွဲ အရာရှိ ကိုကိုကြီးထံခေါ်ဆောင်သွားပါတယ်။
နဂိုက
သူတို့အမည်နဲ့ လူစားထိုးမဲထည့်ခံထားရလို့ မကျေမနပ်ဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေက
“မဲသူခိုးမိပြီဟေ့”လို့ အော်ဟစ်ဆူပူ ကြပါတယ်။ နောက်တော့ ကျောင်းသားထုအတွင်းက
“မတရားသော ရွေးကောက်ပွဲအလိုမရှိ”ဆိုတဲ့အသံတွေ ပေါ်ထွက်လာပါတယ်။
အဲဒီအချိန်မှာ
ရွေးကောက်ပွဲအရာရှိကိုကိုကြီးက ကမာရွတ်ရဲစခန်းကို ဖုန်းဆက်လိုက်ပုံရပါတယ်။
ရဲကားတွေ တကသအဆောက်အအုံရှေ့ ရောက်ရှိလာပြီး၊ ရဲသားတစ်ချို့ တကသအဆောက်အအုံအပေါ်ထပ်ကို
ပြေးတက်လာပါတယ်။
ရဲတွေတက်လာတဲ့အချိန်မှာ
ကျောင်းသားတချို့က “မဲပုံးကို ရဲလက်တော့ မအပ်ဘူး”ဟုအော်ဟစ်ကာ တကသ
အဆောက်အအုံအပေါ်ထပ်မှ ကတ္တရာလမ်းမပေါ် ပစ်ချလိုက်ပါတယ်။ မဲပုံး ကတ္တရာလမ်းမပေါ်ကျသည့်အချိန်မှာ
မဲပုံးကွဲအက်သွားပြီး မဲပြားများ မဲပုံးဘေးကတ္တရာလမ်းပေါ် သို့ လွင့်စင်သွားပါတယ်။
ကတ္တရာလမ်းပေါ်မှာရှိနေတဲ့တက္ကသိုလ်ကျောင်းသား တချို့က “မတရားတဲ့ ရွေးကောက်ပွဲ”ဟု
အော်ဟစ်ရင်း လွင့်စင်လာတဲ့မဲပြားတွေကို ဆုတ်ဖြဲကြပါတယ်။
အဲဒီလိုနဲ့
တကသအမှုဆောင် ရွေးကောက်ပွဲ ပျက်သွားပါတယ်။
နောက်တစ်နေ့
နေ့စဉ်သတင်းစာတွေမှာ ကွဲအက်နေတဲ့မဲပုံးကြီးနဲ့ ဘေးကိုလွင့်စင်နေတဲ့မဲပြားတွေကို
အနီးကပ် (Close up)ရိုက်ထားတဲ့ ဓာတ်ပုံကို သတင်းစာမျက်နှာဖုံးမှာ အသားပေးဖော်ပြထားကြပါတယ်။
အဲဒီလိုနဲ့ တကသအမှုဆောင်ရွေးကောက်ပွဲမှာ ဒီအက်(စ)အိုတွေ မဲခိုးတဲ့သတင်းဟာ
တတိုင်းပြည်လုံး ဟိုးလေတကျော်ဖြစ်သွားပါတယ်။
၁၉၅၃-၅၄
ပညာသင်နှစ်မှာ တက္ကသိုလ်အာဏာပိုင်တွေက တကသအမှုဆောင်ရွေးကောက်ပွဲအသစ်
ပြန်လုပ်ခွင့်မပေးတော့ပါဘူး။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂသမိုင်းမှာ
၁၉၅၃-၅၄ ပညာသင်နှစ်မှာ တကသအမှုဆောင်အဖွဲ့မရှိခဲ့ပါဘူး။
၁၉၅၄-၅၅
စာသင်နှစ်မှာတော့ ကျောင်းသားခေါင်းဆောင်များနဲ့ တက္ကသိုလ်အာဏာပိုင်များဆွေးနွေးတိုင်ပင်ကြပြီး
၁၉၅၃-၅၄ တကသ အမှုဆောင်ရွေးကောက်ပွဲလိုအဖြစ်မျိုး ထပ်မံမပေါ်ပေါက်အောင် အစီအစဉ်တွေရေးဆွဲကြပါတယ်။
တကသဖွဲ့စည်းပုံစည်းမျဉ်းဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း တကသရွေးကောက်ပွဲအရာရှိအဖြစ်
တကသဥက္ကဋ္ဌဟောင်းကပဲ ဆောင်ရွက်ရပါတယ်။ မဲပြားထုတ်ပေးခြင်း၊
မဲရေတွက်ခြင်းလုပ်ငန်းများကိုကြီးကြပ်ရန်အတွက် ရန်ကုန်တက္ကသိုလ်ကောင်စီက ပါမောက္ခကြီးများပါဝင်သော
တကသရွေး ကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးပါတယ်။
မဲပြားတိုင်းမှာ
ရွေးကောက်ပွဲအရာရှိလက်မှတ်နဲ့ တကသရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ပါမောက္ခကြီးရဲ့လက်မှတ်၊
လက်မှတ် ၂ ခုလုံး ပါရှိရပါတယ်။ မဲပြားထုတ်ပေးတဲ့အချိန်မှာလဲ တက္ကသိုလ်ကျောင်းသားသမဂ္ဂ
အဖွဲ့ဝင်ကတ်ပြားနဲ့ ထုတ်ယူခွင့်မပြုတော့ဘဲ ရန်ကုန်တက္ကသိုလ်ကျောင်းသားကဒ် (Identity
Card) ပြပြီး မဲပြားထုတ်ယူရပါတယ်။ မဲပြားထုတ်ပေးပြီးတာနဲ့ ကျောင်းသားကဒ်ပြားပေါ်မှာ
မဲပေးပြီး (Voted)ဆိုတဲ့တံဆိပ်တုံးကို ရိုက်ပေးလိုက်ပါတယ်။ နောက် မဲပြားကို
မဲပုံးထဲကို တခါထဲထည့်ခဲ့ရပါတယ်။ မဲရုံကိုတော့ တကသ အဆောက်အအုံမှာမပြုလုပ်တော့ဘဲ
ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမကြီး (ဂျက်ဆင်ခန်းမကြီး)မှာ ပြုလုပ်ပါတယ်။ အဲဒီနည်းနဲ့
ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက်ဟာ မဲတစ်ပြားသာထုတ်ယူခွင့်ရရှိပြီး မဲပြားကိုလည်း
မဲရုံခန်းမအပြင်ဘက်ကိုယူဆောင်သွားလို့ မရပါဘူး။
ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းကို
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုနိုင်ရန်အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းဝင်ခွင့်
လျှောက်လွှာတင်စဉ်အချိန်က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကြေး တကျပ်ကို
တက္ကသိုလ်ငွေစာရင်းဌာနက တက္ကသိုလ်ကျောင်းဝင်ကြေးနဲ့အတူ ကောက်ခံပေးပါတယ်။
နိုင်ငံသားတွေအနေနဲ့
အသက် ၁၈ နှစ်ပြည့်တာနဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရရှိသွားသလို အဲဒီလိုနည်းနဲ့
တက္ကသိုလ်ကျောင်းသား တိုင်းဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်သွားကြပြီး၊
ကျောင်းသားတိုင်း တက္ကသိုလ်ကျောင်းသားဖြစ်တာနဲ့ တကသရွေးကောက်ပွဲမှာ
မဲပေးနိုင်ခွင့်နဲ့ ဝင်ရောက်အရွေးခံနိုင်တဲ့အခွင့်အရေးတွေ ရရှိသွားပါတယ်။
အဲဒီလို
စီစဉ်လိုက်တဲ့အတွက် ကျောင်းသားသမဂ္ဂဝင် ကျောင်းသားတစ်စုက မဲထည့်ပြီးရွေးချယ်လိုက်တဲ့
တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့မဟုတ်တော့ဘဲ တက္ကသိုလ်ကျောင်းသားအားလုံးက
လျှို့ဝှက်မဲပေးစနစ်နဲ့ရွေးချယ်ပေးတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့
ဖြစ်သွားပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့အနေနဲ့
တက္ကသိုလ်ကျောင်းသားထု တစ်ရပ်လုံးရဲ့ကိုယ်စားလှယ်ဖြစ်သွားပါတယ်။ ကိုယ်စားပြုမှုနယ်
ကျယ်ပြန့်သွားပါတယ်။
နှစ်ပေါင်း
၆ဝ ကျော်က ကျောင်းသားခေါင်းဆောင်ဟောင်းကြီးများနဲ့ တက္ကသိုလ်အာဏာပိုင်များညှိနှိုင်းဆွေးနွေးပြီး
အမြော်အမြင်ကြီးကြီးနဲ့ စီစဉ်ဆောင်ရွက်ခဲ့တဲ့အစီအစဉ်ဟာ ကျောင်းသားများအတွက်ရော၊
တက္ကသိုလ်အာဏာပိုင်တွေအတွက်ပါ နှစ်ဦးနှစ်ဘက်အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။
ဒါကြောင့်
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကို
ရန်ကုန်တက္ကသိုလ်ကျောင်းသားထုတစ်ရပ်လုံး ကိုယ်စားလှယ်အဖြစ် အစိုးရ၊
တက္ကသိုလ်အာဏာပိုင်များအပါအဝင် အဖွဲ့အစည်းအားလုံးက အသိအမှတ်ပြုကြပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ
ရွေးကောက်ပွဲကို ၁၉၅၄-၅၅ စာသင်နှစ်ကစတင်ပြီး ၁၉၆၁-၆၂ စာသင်နှစ်အထိ (၈)
နှစ်တိုင်တိုင် အထက်ပါဖော်ပြနည်းဖြင့် တက္ကသိုလ်ပါမောက္ခကြီးများကိုယ်တိုင် ကြီးကြပ်ကျင်းပပေးခဲ့ပါတယ်။
ဒါကြောင့် အဲဒီအချိန်ကာလတုန်းက ကျင်းပပြုလုပ်ခဲ့ကြတဲ့
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရွေးကောက်ပွဲများကို မြန်မာနိုင်ငံမှာ အသန့်ရှင်းဆုံးရွေးကောက်ပွဲများအဖြစ်
သတင်းစာများက ဖော်ပြရေးသားခဲ့ကြပါတယ်။
ကျွန်တော်ဒီသမိုင်းအဖြစ်အပျက်လေးကို
ပြန်လည်တင်ပြတာက “၁၉၅၄-၅၅ ပညာသင်နှစ် စတင်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသား တိုင်းဟာ
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်ခဲ့ကြပြီး၊ မဲပေးခွင့် ရွေးချယ်ခံခွင့်
စသည့်အခွင့်အရေးများကို တန်းတူညီမျှ ခံစားခွင့်ရရှိခဲ့ကြပါတယ်”ဆိုတဲ့အချက်ကို
အများပြည်သူများ ကျောင်းသားကျောင်းသူများ၊ လူငယ်များ ရှင်းရှင်းလင်းလင်း
သဘောပေါက်စေရန် ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။
အဲဒီအချိန်က
ရန်ကုန်တက္ကသိုလ်ကျောင်းသားအားလုံးဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များဖြစ်တဲ့အတွက်
ရန်ကုန်တက္ကသိုလ်မှာ သမဂ္ဂဝင်မဟုတ်တဲ့ကျောင်းသား တစ်ယောက်မှ မရှိပါဘူး။ ဒါကြောင့်
သမဂ္ဂဝင်ကို အခွင့်အရေးတစ်မျိုး၊ သမဂ္ဂဝင်မဟုတ်သူကို အခွင့်အရေး တစ်မျိုး၊
အခွင့်အရေးပေးတဲ့ပြဿနာကလည်း ရန်ကုန်တက္ကသိုလ်မှာ မပေါ်ပေါက်ခဲ့ပါဘူး။
ယခုလွှတ်တော်မှာ
ဆွေးနွေးနေတဲ့ “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ”ထုတ်ပြန်ပြီး၊
ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ရတယ်ဆိုရင်လည်း တက္ကသိုလ်ကျောင်းသားသမဂ္ဂရွေးကောက်ပွဲကို
၁၉၅၄ ခုနှစ်မှာ စတင်ကျင်းပခဲ့သလို ရွေးကောက်ပွဲအရာရှိနဲ့ တက္ကသိုလ်ပါမောက္ခများပါဝင်တဲ့
တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကြီးကြပ်ရေးကော်မတီတို့ ပူးတွဲကြီးကြပ်ပေးကြမယ်လို့
ယုံကြည်ယူဆထားပါတယ်။
အဲဒီလို
အစီအစဉ်အတိုင်းသာပြုလုပ်မယ်ဆိုရင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ဟာ
တက္ကသိုလ်ကျောင်းသားထုတစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်ဖြစ်သွားတဲ့အတွက် တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့က
ရာထားရွေးချယ်ပေးတဲ့ တက္ကသိုလ်ကောင်စီဝင် လူကြီးဟာလည်း ကျောင်းသားထုတစ်ရပ်လုံးရဲ့ကိုယ်စားလှယ်ပဲ
ဖြစ်သွားပါတယ်။
ဒါကြောင့်
“အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ” “ကျောင်းသားသမဂ္ဂကိုယ်စားလှယ်”လို့
ထည့်လိုက်တဲ့အတွက် ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီစရာမရှိပါဘူး။ ဒီမိုကရေစီစံနှုန်းဆိုတာကလဲ
အနောက်တိုင်း အရှေ့တိုင်း ပေတံမတူတာလေးတွေရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း
မကိုက်ညီစရာမရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဆက်လက်ပြောကြားချက်ထဲမှာ “ကျောင်းသားကိုယ်စာလှယ်ရွေးတယ်ဆိုရင် သမဂ္ဂမဟုတ်တဲ့လူကလည်း
အရွေးခံပိုင်ခွင့်ရှိရမယ်။ သမဂ္ဂဝင်ကလည်း အရွေးခံပိုင်ခွင့်ရှိရမယ်။ အများကြိုက်တဲ့သူက
ရမှာပဲပေါ့”လို့ ပါရှိတာကို ဖတ်လိုက်ရပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်တာကိုတော့ ကျွန်တော့်အနေနဲ့ အနည်းငယ်ပြန်လည်ဆွေးနွေးချင်ပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်တာကိုတော့ ကျွန်တော့်အနေနဲ့ အနည်းငယ်ပြန်လည်ဆွေးနွေးချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောဆိုချက်ကိုကြည့်ရင်
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိပ္ပါယ်ကောက်ယူမှုတခုခုများ လွဲချော်သေလားလို့ စဉ်းစားရမိပါတယ်။
ဒါမှမဟုတ်ရင် သေသေချာချာလေ့လာမှုမရှိဘဲ ပြောဆိုတာလည်း ဖြစ်နိုင်ပါတယ်။
ဒီနေ့
ကျောင်းသားတွေတောင်းဆိုနေတဲ့ “ကျောင်းသားသမဂ္ဂကိုယ်စားလှယ် တက္ကသိုလ်ကောင်စီ သို့မဟုတ်
တစ်ခြားပညာရေးနဲ့ ပတ်သက်တဲ့ကော်မတီတွေမှာပါဝင်ရေး” ဆိုတာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်တွေကိုယ်တိုင်
ကိုယ်စားလှယ်အဖြစ်ပါဝင်ဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂကရွေးချယ်တဲ့
(Nominate လုပ်တဲ့) ကျောင်းသားမဟုတ်တဲ့ ဘွဲ့ရတဦးပါဝင်ရေးကို တောင်းဆိုနေတာဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ်
ပါဝင်ခွင့်မရဘဲ၊ ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်အဆိုတင်သွင်းသလို
“ကျောင်းသားများကရွေးချယ်သော ကိုယ်စားလှယ်”အဖြစ် ပါဝင်ခွင့်ရမယ်ဆိုလည်း
အဲဒီကျောင်းသားကိုယ်စားလှယ်ကို တက္ကသိုလ်အာဏာပိုင်များက ရွေးကောက်ပွဲတစ်ခုပြုလုပ်ပြီး
ကျောင်းသားများကိုရွေးချယ်ခိုင်းရမှာ ဖြစ်ပါတယ်။
အဲဒီရွေးချယ်ပွဲမှာလည်း
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကိုယ်တိုင် ပါဝင်ရွေးချယ်ခံဖို့တောင်းဆိုနေတာ
မဟုတ်ပါဘူး။ အဲဒီနေရာမှာ အထက်က ဖော်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်က
“ကျောင်းသားကိုယ်စားလှယ်ရွေးတယ်ဆိုရင် သမဂ္ဂမဟုတ်တဲ့လူကလည်း
အရွေးချယ်ပိုင်ခွင့်ရှိရမယ်၊ သမဂ္ဂဝင်ကလည်း ရွေးချယ်ပိုင်ခွင့်ရှိရမယ်”လို့
ပြောသွားပါတယ်။
အမှန်တကယ်
ကျောင်းသားကိုယ်စားလှယ်ရွေးတဲ့အခါမှာ သမဂ္ဂဝင်မဟုတ်တဲ့ကျောင်းသားလည်း အရွေးခံခွင့်မရှိဘူး၊
သမဂ္ဂကျောင်းသားလည်း အရွေးခံခွင့်မရှိဘူး။
ဒါကြောင့်
ကျွန်တော် အဲဒီအချက်ကိုထောက်ပြတာ ဖြစ်ပါတယ်။
အများပြည်သူများနဲ့
ကျောင်းသားကျောင်းသူများ သဘောပေါက်အောင် အဲဒီကိစ္စကိုရှင်းပြပါမယ်။
ရန်ကုန်တက္ကသိုလ်ကောင်စီမှာ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ပါဝင်ခွင့်ရခဲ့တာက ၁၉၃၉ ဇွန်လ (၁၅)ရက်နေ့မှာ အတည်ဖြစ်ခဲ့တဲ့ ၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ချက်အရ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်ဥပဒေကို ၁၉၃၉ခုနှစ် အက်ဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ချက်အရ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်ဥပဒေကို ၁၉၃၉ ခုနှစ် အက်ဥပဒေ (၂ဝ)အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအက်ဥပဒေအရ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံးကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီးဟာ မောင်အောင်ဆန်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ မောင်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသား မဟုတ်တော့ပါဘူး၊ နိုင်ငံရေးလောကထဲကို ရောက်ရှိနေပါပြီ။
ရန်ကုန်တက္ကသိုလ်ကောင်စီမှာ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ပါဝင်ခွင့်ရခဲ့တာက ၁၉၃၉ ဇွန်လ (၁၅)ရက်နေ့မှာ အတည်ဖြစ်ခဲ့တဲ့ ၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ချက်အရ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်ဥပဒေကို ၁၉၃၉ခုနှစ် အက်ဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ချက်အရ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်ဥပဒေကို ၁၉၃၉ ခုနှစ် အက်ဥပဒေ (၂ဝ)အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအက်ဥပဒေအရ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံးကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီးဟာ မောင်အောင်ဆန်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ မောင်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသား မဟုတ်တော့ပါဘူး၊ နိုင်ငံရေးလောကထဲကို ရောက်ရှိနေပါပြီ။
၁၉၅၇
ခုနှစ် မန္တလေးတက္ကသိုလ်အက်ဥပဒေအရ ၁၉၅၈ ခုနှစ်ထဲမှာ မန္တလေးယူနီဗာစတီကောလိပ်ကို
“မန္တလေးတက္ကသိုလ်”အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ
“မန္တလေးတက္ကသိုလ်ကောင်စီ”ဆိုတာလည်း ပေါ်လာပါတယ်။
၁၉၅၇
ခု မန္တလေးတက္ကသိုလ်အက်ဥပဒေ၊ ပုဒ်မ၁၁ ပုဒ်မခွဲ(၁) အပိုဒ်ခွဲ(ဋ္ဋ)အရ၊
မန္တလေးတက္ကသိုလ်ကောင်စီမှာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂကအဆိုပြုတဲ့ကိုယ်စားလှယ်တဦး
ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
မန္တလေးတက္ကသိုလ်အက်ဥပဒေပုဒ်မ
၁၁ ပုဒ်မခွဲ(၁) အပိုဒ်ခွဲ(ဋ)မှာ “မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏အမှုဆောင်အဖွဲ့က
အမည်စာရင်းတင်သွင်းသော တက္ကသိုလ်အရာထမ်းအမှုထမ်းလည်းမဟုတ် တက္ကသိုလ်ကျောင်းသားလည်းမဟုတ်သော
တက္ကသိုလ်ဘွဲ့ရ တစ်ဦး”လို့ ဖော်ပြထားပါတယ်။
ရန်ကုန်တက္ကသိုလ်အက်ဥပဒေမှာတော့
မန္တလေးတက္ကသိုလ်အက်ဥပဒေမှာဖော်ပြထားတဲ့အတိုင်း အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတာမို့
ဒီဆောင်းပါးမှာ မဖော်ပြတော့ပါဘူး။ ကိုယ်စားလှယ် (၁)ဦးနေ ရာမှာ (၂)ဦးလို့ရေးသားထားတာပဲ
ကွာခြားပါတယ်။
ယခုဆွေးနွေးနေတဲ့
“အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ”မှာ ထည့်သွင်းပေးရန်
ကျောင်းသားတွေတောင်းဆိုနေတာကလည်း တက္ကသိုလ်ကောင်စီမှာ ကျောင်းသားတွေကိုယ်တိုင်ပါဝင်ဖို့တောင်းဆိုနေတာ
မဟုတ်ပါဘူး။ မန္တလေးတက္ကသိုလ်အက်ဥပဒေနဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေများမှာဖော်ပြထားသလို
“တက္ကသိုလ်ဝန်ထမ်းမဟုတ်သော ကျောင်းသားမဟုတ်သော ဘွဲ့ရကိုယ်စားလှယ်” ပါဝင်ရေးကိုသာ
တောင်းဆိုနေတာပါ။ အဲဒီတောင်းဆိုချက်ဟာလည်း အသစ်အဆန်းမဟုတ်ဘဲ
ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်ကပဲ ရရှိခဲ့တဲ့အခွင့်အရေးကိုသာတောင်းဆိုနေတာ
ဖြစ်ပါတယ်။
ဒါကြောင့်လည်း
ကျောင်းသားကိုယ်စားလှယ်ရွေးတဲ့အခါမှာ သမဂ္ဂဝင်မဟုတ်တဲ့ကျောင်းသားလည်း အရွေးချယ်ပိုင်ခွင့်မရှိဘူး။
သမဂ္ဂကျောင်းသားလည်းအရွေးခံခွင့်မရှိဘူးလို့ အထက်မှာရေးခဲ့တာပါ။
နောက်တစ်ချက်ရှင်းပြစရာ
တစ်ခုကျန်ပါသေးတယ်။
၁၉၅၈
ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းဟာ အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ်
လွှတ်တော်ထဲမှာ အာဏာလွှဲပြောင်း လက်ခံယူပါတယ်။ အာဏာလွှဲပြောင်းရယူပြီး(၄)လအကြာ ၁၉၅၉
ခုနှစ် မတ်လ (၂)ရက်နေ့မှာပြလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
“ရန်ကုန်တက္ကသိုလ်အက်ဥပဒေ”ကို ပြင်ဆင်ပါတယ်။
“ရန်ကုန်တက္ကသိုလ်အက်ဥပဒေ”ကို
ပြင်ဆင်တာက ယခုကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇေယျာသော် ပြင်ဆင်သလိုပါပဲ။
‘‘ကျောင်းသားသမဂ္ဂကိုယ်စားလှယ်’’ဆိုတဲ့စကားလုံးကို “ကျောင်းသားများကိုယ်စားလှယ်”လို့ပြင်ဆင်ပါတယ်။
၁၉၅၉
ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေပြင်ဆင်ချက်အရ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုယ်စားလှယ်
တက္ကသိုလ်ကောင်စီဝင် လူကြီး(၂)ဦးကို ရန်ကုန်တက္ကသိုလ်ကောင်စီကထုတ်ပယ်ပစ်ပါတယ်။
ပြင်ဆင်လိုက်တဲ့တက္ကသိုလ်အက်ဥပဒေအရ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး
(၂) ဦးကို ကျောင်းသားကျောင်းသူများကိုယ်တိုင်မဲဆန္ဒပေးပြီးတိုက်ရိုက်
ရွေးချယ်ရမယ်ဆိုပါတယ်။
ဤကဲ့သို့
တက္ကသိုလ်အက်ဥပဒေပြင်ဆင်လိုက်ခြင်းဟာ တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကျောင်းသားကျောင်းသူများ၏
ကိုယ်စားလှယ်အဖြစ်အသိအမှတ်မပြုသည့်သဘောဖြစ်ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့လုပ်ပိုင်ခွင့်ကိုပိတ်ပင်လိုက်ခြင်း
ဖြစ်ပါတယ်။ တနည်းပြန်ပြောရရင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ကို
မပိတ်ပင်သော်လည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို လူရာမသွင်းဘဲထားလိုက်တဲ့သဘော
ဖြစ်ပါတယ်။
ယခုလည်း
ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရပြီး ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ရွေးချယ်ခွင့်မရရင်
ဒီသဘောပဲ ဖြစ်သွားပါမယ်။
“၁၉၅၉
ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေပြင်ဆင်ချက်”အရ ကျောင်းသားကိုယ်စားလှယ် ကောင်စီဝင်လူကြီး(၂)ဦး
ရွေးကောက်ပွဲကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ(၁၇) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲမှာ
သန့်ရှင်းဖဆပလအဖွဲ့(နိုင်ငံရေးပါတီ)အနေနဲ့ ဝန်ကြီးဟောင်းဦးဝင်းနဲ့ ဝန်ကြီးဟောင်းဦးရာရှစ်တို့ကို
ကျောင်းသား ကိုယ်စားလှယ်တက္ကသိုလ်ကောင်စီဝင်လူကြီးရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံစေပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့်
စစ်ကြိုခေတ်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးတီဝမ်းနဲ့ ၁၉၄၉-၅ဝ ခုနှစ်တကသ
ဥက္ကဋ္ဌဟောင်းဦးမောင်မောင်ကျော်တို့ကို တကသကိုယ်စားလှယ်များအဖြစ်သတ်မှတ်ပြီး
တက္ကသိုလ်ကောင်စီဝင်လူကြီးရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံစေပါတယ်။
ဦးတီပီဝမ်းနဲ့ဦးမောင်မောင်ကျော်တို့ဟာ
ယခင်က ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီးများဖြစ်ပြီး
တက္ကသိုလ်အက်ဥပဒေပြင်ဆင်ချက်အရ တက္ကသိုလ်ကောင်စီဝင်လူကြီးအဖြစ်မှထုတ်ပယ်ခံရသူတွေ
ဖြစ်ပါတယ်။
အဆိုပါ
ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး(၂)ဦး ရွေးကောက်ပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို
ကိုယ်စားပြုပြီးအရွေးခံတဲ့ ဦးတီပီဝမ်းနဲ့ဦးမောင်မောင်ကျော်(၂) ဦးကို
တက္ကသိုလ်ကျောင်းသားထုက မဲအပြတ်အသတ်ထည့်ပြီး ကျောင်းသားကိုယ်စားလှယ်အဖြစ်
ရွေးချယ်အသိအမှတ်ပြုပေးခဲ့ပါတယ်။
ဗိုလ်ချုပ်နေဝင်းအစိုးရက
တကသကို ကျောင်းသားထုကိုယ်စားလှယ်အဖွဲ့အစည်းတစ်ခုအဖြစ်အသိအမှတ်မပြုရန်
ကြိုးစားခဲ့သော်လည်း တကသဟာ ဒီမိုကရေစီနည်းလမ်းအရ တက္ကသိုလ်ကျောင်းသားထုကို
အမှန်တကယ်ကိုယ်စားပြုတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို အဲဒီကျောင်းသားကိုယ်စားလှယ်
တက္ကသိုလ်ကောင်စီဝင်လူကြီး(၂)ဦး ရွေးကောက်ပွဲရလာဒ်ကဖော်ပြလိုက်တာဖြစ်ပါတယ်။
ကျွန်တော်
၁၉၅၉ ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ “ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး(၂)ဦး
ရွေးကောက်ပွဲအကြောင်းကို ပြန်လည်ပြောပြတာက “တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကို
တက္ကသိုလ်ကျောင်းသားထုက ဒီမိုကရေစီနည်းအရ လျှို့ဝှက်မဲပေးစနစ်နဲ့ရွေးချယ်တင်မြှောက်ထားတယ်ဆိုရင်၊
“ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီးရွေးကောက်ပွဲ”ဆိုတာ
မလိုအပ်ကြောင်းသိရှိနိုင်ရန် ပြောပြခြင်း ဖြစ်ပါတယ်။
အမှန်တကယ်က
“ကျောင်းသားသမဂ္ဂကိုယ်စားလှယ်”ဆိုတာထဲက “ကျောင်းသားသမဂ္ဂ”ကို ဖြုတ်ပစ်တာထက်၊
ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကို ဒီမိုကရေစီနည်းအရ၊ ကျောင်းသားထုရဲ့ကိုယ်စားလှယ်အစစ်အမှန်ဖြစ်အောင်
ရွေးကောက်တင်မြှောက်ပေးရေးက ပိုအရေးကြီးကြောင်း တင်ပြအပ်ပါသည်။
ဘိုးသိမ်း
(တွေ့တာယူတာက
https://www.facebook.com/yamoun.nar/posts/1000607976638453