Friday, January 29, 2021

၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေးနည်းပရိယာယ်လမ်းစဉ်

0 comments

“၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေးနည်းပရိယာယ်လမ်းစဉ်”

ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၏အစီရင်ခံစာ

(၂၀၁၀ ဧပြီလ)

 

ရဲဘော်တို့  ၂၀၀၈ အခြေခံဥပဒေကတပြည်လုံးမှာ အာဏာတည်တော့မှာပါ။ ရွေးကောက်ပွဲပြီးလို့ ပထမဆုံးလွှတ်တော် အစည်းအဝေးကျင်းပတဲ့ရက်မှာ အာဏာတည်တော့မှာပါ။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေးနည်းပရိယာယ်လမ်းစဉ်ကို တင်ပြလိုက်ပါတယ်။ လမ်းစဉ်က အကြမ်းထည်ကျပါလိမ့်မယ်။ နောက်တော့ အခြေအနေနဲ့တပြေးညီတိုးချဲ့သွားရမှာပါ။

 

အတွေ့အကြုံ (၂) ခု

ကျွန်တော်တို့မှာ အုပ်စိုးသူကချမှတ်ပေးတဲ့ အခြေခံဥပဒေ’ တိုက်ဖျက်ရေးအတွေ့အကြုံ (၂)ခုရှိခဲ့ပါတယ်။

ပထမအတွေ့အကြုံက ၁၉၃၅ ဥပဒေကိုတိုက်ဖျက်တဲ့အတွေ့အကြုံပါ။ ဒုတိယအတွေ့အကြုံက ၁၉၇၄ အခြေခံဥပဒေကိုတိုက်ဖျက်တဲ့ အတွေ့အကြုံဖြစ်တယ်။

 

ပထမအတွေ့အကြုံ

၁၉၃၅ အက်ဥပဒေဆိုတာကို အင်္ဂလိပ်အုပ်စိုးသူကရေးဆွဲချမှတ်ပေးတယ်။ ၁၉၃၇ မှာ အဲ့ဒီဥပဒေအာဏာတည် ခဲ့တယ်။ အင်္ဂလိပ်က ဘိလပ်စားပွဲဝိုင်းဆွေးနွေးပွဲဆိုတာကို ခတ်စောစောကတည်းက သူဖိတ်ချင်တဲ့သူကိုဖိတ်ပြီး လုပ်ခဲ့ရာက စတာပဲ။ သူဖိတ်ချင်တဲ့လူဆိုတာ လက်ညှိုးထောင်ခေါင်းညိတ်မယ့်လူကို ရွေးပြီးဖိတ်တာကိုပြောတာပါ။ ကိုလိုနီဘဝဆိုတော့ ဘိလပ်ခေါ်ပြီး သူဖြစ်ချင်တာကိုချပြတာပါပဲ။ ၁၉၃၇ ကျမှအာဏာတည်တာက ရွေးကောက်ပွဲလုပ်ပြီး အသက်သွင်းနေရလို့ပါ။

၁၉၃၅ ဥပဒေကို ကျွန်တော်တို့တိုက်ဖျက်ရတာ(၁၀)နှစ်ပဲကြာတယ်။ ၁၉၄၇ မှာ အဲ့ဒီ “ဥပဒေ” စက္ကူစုတ်ဖြစ်သွားတယ်။ ၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့က ၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ ၁၉၄၆ စက်တင်ဘာအုံကြွမှုကြီး’ ၂ ကြိမ်လုပ်ခဲ့ ရတယ်။ အကြမ်းမဖက်တဲ့အနုနည်း လူထုနည်းနဲ့ဆန့်ကျင်တာပဲ။ လှုပ်ရှားမှုလေးတွေကတော့ အကြိမ်ကြိမ်ပါ။ မရေတွက်နိုင်ပါဘူး။

အကြမ်းဖက်တော်လှန်တဲ့နည်းကလည်း ၂ ကြိမ်လုပ်ခဲ့ရတယ်။ BIA တော်လှန်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးဖြစ်တယ်။ အဲ့ဒီလို တော်လှန်ရေး(၂) ကြိမ်လုပ်ခဲ့လို့ပဲ ကျွန်တော်တို့မှာ လက်ဝဲညီညွတ်ရေးတပ်ဦးဆိုတဲ့အမြုတေနဲ့ အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစုကြီး ထူထောင်နိုင်ခဲ့တာဖြစ်တယ်။ အဲ့ဒီလို လက်ဝဲတပ်ဦးနဲ့ အမျိုးသားညီညွတ်ရေးရှိလို့ပဲ ၁၉၄၆ စက်တင်ဘာအုံကြွမှုကို စည်းရုံးရှေ့ဆောင်နိုင်ခဲ့တာဖြစ်တယ်။ အဲ့ဒီ (၂)ခုရှိလို့ပဲ ၁၉၃၅ ဥပဒေကို တိုက်ဖျက်နိုင်ခဲ့တာဖြစ်တယ်။ လွတ်လပ်ရေးအရေးတော်ပုံ အောင်ပွဲရခဲ့တာဖြစ်တယ်။

 

 

ဒုတိယအတွေ့အကြုံ

၁၉၇၄ အခြေခံဥပဒေကတော့ အာဏာသိမ်းစစ်ကောင်စီ(တော်လှန်ရေး​ကောင်စီ)က ရေးဆွဲချမှတ်ပေးတဲ့ ဥပဒေ’ ဖြစ်တယ်။

၁၉၆၂ ခုနှစ် နေဝင်းစစ်အုပ်စု အာဏာသိမ်းပြီးကတည်းက လူထုတိုက်ပွဲ အကြိမ်ကြိမ်တိုက်ခဲ့ရတယ်။ အကြမ်းဖက် ဖိနှိပ်ပစ်တာခံရတာချည်းပဲ။ လူထုတိုက်ပွဲဆိုတာ နိုင်ငံရေးအခြေခံတဲ့တိုက်ပွဲရော၊ စီးပွားရေးအခြေခံတဲ့တိုက်ပွဲရော ပါဝင်တယ်။

အမျိုးသားညီညွတ်ရေးပြိုကွဲပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလကြီးလည်းဖြစ်တယ်။ ဒါကြောင့် ကြာတယ်။ ၁၉၆၂ က ၁၉၇၄အထိ (၁၂) နှစ်။ ၁၉၇၄ ကနေ ၁၉၈၈ အထိ (၁၄)နှစ် စုစုပေါင်း(၂၆)နှစ်ရှိခဲ့တယ်။ ၁၉၈၈ ဩဂုတ်လမှာ လူထု အုံကြွမှုကြီးဖြစ်ခဲ့တယ်။ ၁၉၇၄ အခြေခံဥပဒေကတော့ပျက်ပါရဲ့။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို ပုံစံတမျိုးနဲ့ အစားထိုးသွားတာ ခံလိုက်ရတယ်။ စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းနိုင်ခဲ့ဘူး။ ၁၉၈၈ က ၂၀၁၀ အထိ (၂၂)နှစ် ထပ်ပေါင်းထည့်တော့ စစ်အာဏာရှင်စနစ်က ရာစုနှစ်တဝက်နီးနီးရှိပြီ။ ဒီမိုကရေစီတော်လှန်ရေးအဆင့်ကျမှ ဘာ့ကြောင့် ဒီလောက်တောင် ထစ်နေရသလဲ။

၂၀၁၀ လွန်ရင်လည်း ၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေး စရပြန်ဦးတော့မယ်။ ဘယ်လောက် အချိန်ယူရမလဲ မပြောတတ်ဘူး။

၁၉၈၈ လူထုအုံကြီမှုမှာ ဘာလိုခဲ့သလဲ။ ကျွန်တော်တို့အမြင်ကတော့ လက်ဝဲညီညွတ်ရေးတပ်ဦး(အမြုတေ) မရှိတာနဲ့

အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုရဲ့ ခေါင်းဆောင်မှုမရှိတာဟာ အဓိကပဲလို့ယူဆတယ်။

၁၉၈၈ လူထုအုံကြွမှုကာလတုန်းက အမျိုးသားညီညွတ်ရေး မတည်ဆောက်နိုင်ခဲ့လို့ပဲ အောင်ပွဲနဲ့လွဲခဲ့တာပါ။ အမျိုးသားညီညွတ်ရေးဆိုတာကလည်း ဆွေးနွေးပွဲတစ်ခါနှစ်ခါလုပ်ရုံနဲ့ တည်ဆောက်နိုင်တာမဟုတ်ပါဘူး။ ဒါကြောင့် အဲ့ဒီသင်ခန်းစာယူပြီး ဗကပ က ကြံဆချက်တချို့တင်ပြခဲ့ဖူးတယ်။ ဟိုတုန်းကတော့ ၁၉၃၀ ကျော်ပြီးကတည်းက အတူတွဲပြီးလုပ်ခဲ့ကြသူချင်းဖြစ်လို့ အတွေးတူကြတယ်။ အလုပ်တူကြတယ်။ အတူတွဲပြီး စွန့်လွှတ်စွန့်စားလုပ်ခဲ့ ကြတယ်။ ဒါကြောင့် တစုံတရာ ချောမောပြေပြစ်ခဲ့ပါတယ်။ ဒီမိုကရေစီတော်လှန်ရေးကာလမှာတော့ ပြည်တွင်း အခြေအနေရော၊ နိုင်ငံတကာ့အခြေအနေကပါ မိမိတို့အတွက်အခွင့်မသာစေဘဲ စစ်အာဏာရှင်စနစ်ကိုပဲ အခွင့်သာသလို ဖြစ်စေခဲ့တယ်။ အခုလည်း အဲ့ဒီအတိုင်းဖြစ်နေတယ်။

လှုပ်ရှားတက်ကြွသူများရဲ့တပ်ဦး’ အမြုတေနဲ့ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုရှိဖို့ ကျွန်တော်တို့ နည်းနာရှာရ ပါဦးမယ်။ ထိုးထွင်းကြံဆရပါဦးမယ်။ ဒီ ၂ ခုမရှိရင် ၂၀၀၈ အခြေခံဥပဒေကို အောင်အောင်မြင်မြင်တိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီတော်လှန်ရေး အောင်ပွဲခံနိုင်မှာမဟုတ်ပါဘူး။

ဒီ ၂ ခုရှိဖို့က အခရာအကျဆုံးဖြစ်ပါတယ်။ ဒီ ၂ ခုမရှိပဲ ခုအတိုင်း သူတမျိုးကိုယ်တဖုံလုပ်နေကြရင် ၂၀၀၈ အခြေခံ ဥပဒေကို အောင်အောင်မြင်မြင် တိုက်ဖျက်ဖို့နေနေသာသာ စစ်အုပ်စုမျိုးဆက်တွေပဲ တဆက်ပြီးတဆက် အာဏာ လက်လွှဲလက်ပြောင်းလုပ်တာကို တွေ့နေကြရမှာဖြစ်တယ်။ ဗကပ က ဒီ ၂ ခုရှိဖို့ လိုက်လိုက်လျောလျောညှိနှိုင်းလိုတဲ့ ဆန္ဒရှိပါတယ်။ သူများရဲ့ကြံဆချက်ကိုတင်လာရင် လေးလေးစားစား စဉ်းစားပါမယ်။

 

စစ်အာဏာရှင်စနစ်ရဲ့လူတန်းစားလက္ခဏာ

စစ်အာဏာရှင်စနစ်က ဗမာပြည်မှာပေါ်တာနဲ့ သက်ဆိုးရှည်နေတာနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောကြတာတွေရှိပါတယ်။ နိုင်ငံရေးပါတီတွေကွဲကြလို့၊ တဦးနဲ့တဦးယုံကြည်ချက်ပျက်ကြလို့၊ ရန်/ငါစည်း ခွဲကြလွန်းလို့ စသဖြင့်ပြောကြပါတယ်။ စစ်အုပ်စုကလည်း တို့တာဝန်အရေးသုံးပါးကို စောင့်ရှောက်ထိန်းသိမ်းရတာပါလို့ပြောပါတယ်။

ခုတလောမှာဆိုရင် အဲ့ဒီအပြောအဆိုတွေ သိတ်များလာပါတယ်။ IT ခေတ်ဖြစ်လို့ ပိုပြီးများလာတာလို့ ယူဆပါတယ်။

အဲ့ဒီအပြောအဆိုတွေကို ဗကပ က သဘောမတူပါဘူး။ အပေါ်ယံရှပ်ပြီး သုံးသပ်ကြတာလို့ပဲမြင်ပါတယ်။ သမိုင်းဖြစ်စဉ်ကို ကိုယ်လိုရာဆွဲပြီးပြောနေကြတာလို့ပဲ သတ်မှတ်ပါတယ်။

ဗကပ က စစ်အာဏာရှင်စနစ်ကို စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် ဓနရှင်ကြီးတွေရဲ့အာဏာရှင်စနစ်လို့ပဲ သတ်မှတ် ပါတယ်။ DSI တို့ BEDC တို့ကနေ တစတစ လက်ဝါးကြီးအုပ်အဆင့်ကို တက်လှမ်းလာတာပဲလို့သတ်မှတ်ပါတယ်။ ဖဆပလ အကွဲမှာ ချက်ကောင်းယူပြီး စစ်ဗျူရိုကရက်ဓနရှင်တစုက အာဏာသိမ်းလိုက်တာပါ။ အိမ်စောင့်တယ်ပြောပြော ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးလုပ်တာလို့ဆိုဆို စည်းကမ်းပြည့်ဝတဲ့ပါတီစုံ ဒီမိုကရေစီလို့ရေးရေး အားလုံးက အာဏာကိုတဦးတည်းပိုင်သိမ်းပိုက်ပြီး စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားက လက်ဝါးကြီးအုပ်အဆင့်ကို တက်လှမ်းတာချည်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ဓနဥစ္စာတွေကို သိမ်းယူတာဖြစ်ပါတယ်။ အခုဆိုရင် ဗမာပြည်ရဲ့စီးပွားရေး အသက်သွေးကြောစီးပွားရေးလုပ်ငန်းမှန်သမျှဟာ စစ်ဗျူရိုကရက်တွေလက်ထဲ စုပြုံရောက်ရှိနေပါပြီ။ စစ်ဗျူရိုကရက်ဓနရှင်ကြီးတွေနဲ့ သူတို့ရဲ့လက်ဝေခံတွေပဲ ပုဂ္ဂလိကပိုင်လုပ်နေကြပါတယ်။ ဟိုတုန်းက ဆိုရှယ်လစ်တော်လှန်ရေးဆိုပြီးပြည်သူပိုင်လုပ်လိုက်တာ တိုင်းပြည်က အဆင်းရဲဆုံး LDC ဖြစ်သွားတယ်။ ခေတ်ပြောင်းတော်လှန်ရေးခေါင်းဆောင်ကြီးတွေ စည်းစိမ်ဥစ္စာတိုးပွားခဲ့ကြတယ်။ အခုလည်း စီးပွားရေးဦးတည်ချက် ၄ ရပ် လုပ်လိုက်တာ အကြီးဆုံးဓနရှင် အကြီးဆုံးမြေရှင်တွေဖြစ်ကုန်ကြပါပြီ။

ချုပ်ပြီးပြောရရင် စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားဟာ ဖွတ်ဘဝကနေ မိကျောင်းဖြစ်လာတာပါပဲ။ အာဏာကိုအမှီပြုပြီးဖြစ်လာတာဖြစ်လို့ အာဏာကို ဘယ်တော့မှစိတ်လိုလက်ရ လက်လွှတ်မှာမဟုတ်ဘူး။ တော်လှန်တဲ့နည်းနဲ့၊ လူထုအင်အားနဲ့ဖြုတ်ချမှပဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှာပါ။

၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေးဟာ စစ်အာဏာရှင်စနစ် (စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်ဓနရှင်စနစ်)ကို အကုန်အစင်အပြီးအပိုင်ဖျက်သိမ်းရေးအတွက် လတ်တလောလုပ်ငန်းဖြစ်ရပါမယ်။ ပဏာမခြေလှမ်းဖြစ်ရပါမယ်။

 

အခိုင်အမာတင်ပြချက်များ

အထက်မှာ ဗကပရဲ့ ယေဘုယျကျကျသဘောထားများနဲ့အမြင်များကို တင်ပြခဲ့ပါပြီ။ အခုတော့ အခိုင်အမာကျကျကိစ္စ တချို့ကို တင်ပြပါမယ်။

ဘီလူးစည်းလူ့စည်း ဘယ်လိုခွဲခြားကြမလဲဆိုတဲ့ကိစ္စ

ရွေးကောက်ပွဲ ဝင်မဝင်ကို စည်းအဖြစ်မထားသင့်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေအပေါ် ဘယ်လိုသဘောထားကြမလဲ ဆိုတာကိုပဲ စည်းအဖြစ်ထားချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲဝင်မယ့်ပါတီအင်အားစုတွေဟာ အကြောင်းအမျိုးမျိုး စိတ်ကူးအမျိုးမျိုးနဲ့ ဝင်ကြမှာဖြစ်လို့ပဲ။ ရွေးကောက်ပွဲဝင်တဲ့ပါတီတိုင်းကို တစည ပါတီတို့ ကြံ့ဖွံပါတီ(ဖွဲ့ခဲ့ရင်)တို့နဲ့ တတန်းတည်းထားလို့ မဖြစ်ပါ။ သူတို့ကို သူတို့စိတ်ကူးအကောင်အထည်ဖော်တဲ့လက်တွေ့ ပေးရပါမယ်။ စစ်အာဏာရှင်စနစ်အကြောင်းကို သူတို့ မကြာမတင်သိလာမှာပါ။ ဂျပန်ဖက်ဆစ်ဝါဒီတွေအကြောင်း ကြုံဖူးမှသိသလိုသိလာကြမှာပါ။ ကိုယ်ပိုင်အတွေ့အကြုံက အမြင်မှန်ရစေပါလိမ့်မယ်။

၂၀၀၈ အခြေခံဥပဒေကိုခြွင်းချက်နဲ့လက်ခံသူတွေ အခုတွေ့နေရပါပြီ။ ကျွန်တော်တို့ရဲ့  ရဲဘော်ဟောင်းမိတ်ဆွေတို့ ဆိုပါတော့။ သူတို့ကလည်း သူတို့ရဲ့ဒေသန္တရအကျိုးစီးပွားအတွက် ၂၀၀၈ အခြေခံဥပဒေကို ခြွင်းချက်နဲ့လက်ခံကြ တာပါ။ သူတို့လူမျိုးစုရဲ့ တိုက်ရိုက်အကျိုးစီးပွားကို ထိပါးလာတာကို ခေါင်းငုံ့ပြီးလက်ခံနေကြတာမဟုတ်ပါဘူး။ တပြည်လုံးကို ကိုယ်စားပြုနေတဲ့ NLD မှာရွှေဂုံတိုင်ရပ်တည်ချက်ရှိသလို သူတို့မှာလည်း ကိုယ်စီရပ်တည်ချက် ရှိပါတယ်။ NLD က ရာဇသံပေးခံရသလို သူတို့လည်း ရာဇသံပေးတာ ခံရပါတယ်။ သူတို့က လက်နက်ကိုင်ထားတဲ့ စစ်ရပ်စဲရေးအဖွဲ့တွေပါ။ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့မရပါဘူး။

ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပါတီအင်အားစုတချို့က လွှတ်တော်ထဲကနေ ၂၀၀၈ အခြေခံဥပဒေကိုတစတစပြုပြင် ချင်တဲ့လေသံကြားရပါတယ်။ သူတို့ကိုလုပ်ကြည့်ခွင့်ပေးရမှာပါ။ အမှန်တရားကို လက်တွေ့လုပ်ကြည့်ရင်း တွေ့လာမှာပဲ။

ဒါကြောင့် ရွေးကောက်ပွဲဝင်တာ မဝင်တာကို စည်းအဖြစ်မထားသင့်ပါဘူး။ ထားမိရင် စည်းရုံးရမယ့်အင်အား ကိုယ့်အင်အားကို သူ့ဘက်ကိုတွန်းပို့သလိုဖြစ်သွားပါလိမ့်မယ်။

 

ရွေးကောက်ပွဲဝင်မဝင် ကိုယ့်အခြေအနေအရဆုံးဖြတ်ဖို့

ဗကပ က မတရားသင်း’ ဝါရင့်ပါ။ တခြား မတရားသင်းကြေညာခံထားရသူတွေလည်း မနည်းပါဘူး။ ကျွန်တော်တို့ကို စစ်အုပ်စုကလည်း ရွေးကောက်ပွဲဝင်ဖို့ ဖိတ်ခေါ်နေတာမဟုတ်ပါဘူး။ ဒါကြောင့် ဥပဒေတွင်း(စစ်အုပ်စုရဲ့အာဏာစက် အောက်က)ပါတီတွေကို ဘာလုပ်ပါညာလုပ်ပါ မပြောသင့်ပါဘူး။ သူတို့တွင်းအခြေအနေနဲ့ သူတို့ရဲ့ လုပ်စွမ်းကိုင်စွမ်းကို သူတို့ပဲအသိဆုံးပါ။ ရွေးကောက်ပွဲဝင်ရေးမဝင်ရေးကို ဆုံးဖြတ်တဲ့အခါမှာ အများဆုံးဖြတ်ချက်ကို အနည်းစုကနာခံပြီး အများစုကလည်း အနည်းစုကို အနိုင်မကျင့်တာလုပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုရင် ကွဲတတ်လွန်းလို့ သတိပြုစေချင်တာပါ။

 

ပြည်သူ့အင်အားစုဆောင်းရေးကိစ္စ

လှုပ်ရှားမှုကလေးတွေနဲ့ပဲ စုဆောင်းရမှာပါ။ ၁၉၄၆ စက်တင်ဘာအုံကြွမှုရော ၁၉၈၈ ဩဂုတ်အုံကြွမှုပါ လှုပ်ရှားမှု ကြီးတွေ ဖြစ်ပါတယ်။ အဲ့ဒီလှုပ်ရှားမှုကြီးတွေဖြစ်ဖို့ လှုပ်ရှားမှုလေးတွေအကြိမ်ကြိမ်လုပ်ပြီး အင်အား စုဆောင်းခဲ့ရ တာပါ။ အင်အားစုဆောင်းရတဲ့နည်းကတော့ မတူပါဘူး။ ၁၉၄၆ တုန်းက မြေပေါ်နည်းနဲ့စုဆောင်းရတာပဲ။ ဖဆပလ အလံအောက်မှာရှိတဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော်၊ လူငယ်အစည်းအရုံး၊ ဗကသများဟာ မြေပေါ် တရားဝင် အဖွဲ့အစည်းတွေချည်းပါ။ ဗြောင်ပဲ လူထုကို အပြိုင်အဆိုင်စည်းရုံးကြတာပါ။ ဒါကြောင့် ကွက်လပ်ကျန်နေတာ မရှိပါဘူး။ ထောင့်စေ့ပါတယ်။

၁၉၈၈ အတွက်ကတော့ ဗြောင်စည်းရုံးရတာမဟုတ်ပါ။ မြေအောက်လျှို့ဝှက်နည်းနဲ့ အင်အားစုဆောင်းရတာပါ။ ကေဒါတွေကို မြို့ပေါ်မှာရေရှည်မြှုပ်နှံတာ(သို့မဟုတ်) လက်နက်ကိုင်တိုက်ပွဲအခြေခံဒေသမှာ စုစည်းထားတာ လုပ်ခဲ့ရပါတယ်။

အခုတော့ တမျိုးလုပ်ရမယ်လို့ထင်ပါတယ်။ လှုပ်ရှားတက်ကြွတဲ့ကေဒါတွေ ပြည်တွင်းပြည်ပမှာ ပြန့်ကျဲနေပါတယ်။ ဒီလိုပြန့်ကျဲနေတဲ့ကေဒါတွေကို ပြည်တွင်းလှုပ်ရှားမှုအတွက် ဘယ်လိုအသုံးပြုမလဲဆိုတာကိုစဉ်းစားရမှာပါ။ လိုလျှင်ကြံဆ နည်းလမ်းရဖြစ်မှာပါ။ 

 

ရန်/ငါ အင်အားအချိုးအစားကို ထည့်တွက်ရေးကိစ္စ

နည်းပရိယာယ်လမ်းစဉ်ချမှတ်ပြီဆိုရင် ရန်/ငါအင်အားအချိုးအစားကို အလေးထားတွက်ချက်ရပါမယ်။ သေနင်္ဂဗျူဟာ ချမှတ်တဲ့အခါမှာ ရန်/ငါ အင်အား အချိုးအစားကိုတွက်ချက်နေတာမဟုတ်ပါဘူး။ ထည့်တွက်နေရင် အင်အားချင်း မယှဉ်နိုင်ဘူးဆိုတဲ့အဖြေပဲ ထွက်လာမှာပါ။ ကိုယ့်မှာက ဘာမှမရှိဘူး။ သူတောင်းစားနဲ့သိကြားမင်း စစ်ခင်းသလိုပဲ ဖြစ်မှာ၊ အုတ်နံရံခေါင်းနဲ့ဆောင့်တာဆိုတဲ့အဖြေပဲ ရမှာပါ။

နည်းပရိယာယ်လမ်းစဉ် စဉ်းစားချမှတ်တာမှာကျတော့ ရန်/ငါ အင်အား အချိုးအစားကို အမြဲထည့်တွက်ရပါမယ်။ သေနင်္ဂဗျူဟာစဉ်းစားချမှတ်သလို ရန်သူကိုစက္ကူကျားလို့သဘောထားမိရင် ကျားစာဖြစ်သွားမှာပါ။

ရန်/ငါ  အင်အားအချိုးအစားကိုထည့်တွက်တာဟာ ကြောက်ဖို့မဟုတ်ပါဘူး။ ကြောက်တတ်ဝန်ကင်းဖို့မဟုတ်ပါဘူး။ မှန်ကန်တဲ့ခြေလှမ်း လှမ်းနိုင်ဖို့ပါ။ မိမိကလှုပ်ရှားလေလေ အင်အားတိုးပွားလေလေဖြစ်အောင် လုပ်ဖို့ပါ။

 

ရန်သူကို ပိုလည်းမတွက်မိစေနဲ့

၂၀၀၈ အခြေခံဥပဒေကိုပဲကြည့်ကြည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကိုပဲကြည့်ကြည့် တွေ့ရမှာက နအဖ အကြောက်လွန်နေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ လှုပ်ရှားမှုကလေးကနေ လှုပ်ရှားမှုကြီးဖြစ်တတ်တယ်၊ မီးပွား ကလေးကနေ တောမီးကြီးဖြစ်တတ်တယ်ဆိုတာကို သူတို့ သင်ခန်းစာထုတ်ထားလို့ ယိုပေါက်ဟာပေါက်မရှိအောင် ပိတ်ဆို့တာတွေ ကြောက်ရမ်း ရမ်းတာတွေလုပ်နေတာပဲ။ သံဃာတော်တွေရဲ့အရေးအခင်းလို ဖြစ်မှာကြောက်လို့ ထောင်နှစ်ရှည်ချတာ၊ အဝေးထောင်တွေကို ဖြန့်ခွဲပို့ပစ်တာ၊ နေရာတကာမှာ လုံခြုံရေးအထပ်ထပ်ချရတာကစပြီး နေပြည်တော်ပြောင်းပြေးတာအထိ လုပ်နေတာပါ။ အကြောက်လွန်နေတာပါ။

အကြောက်လွန်လေလေ ရန်သူများလေလေဖြစ်နေတာပဲ။ ၂၀၁၀ လွန်ရင် ၂၀၀၈ အခြေခံဥပဒေ’ အသက်ဝင်လာရင် ရန်သူတွေတိုးပွားလာပါလိမ့်ဦးမယ်။

ကျွန်တော်တို့တာဝန်က(လမ်းစဉ်ရဲ့တာဝန်က) မိတ်ဆွေတွေတိုးပွားလာဖို့ပဲ။ နအဖမှာရန်သူများလေ မိမိမှာမိတ်ဆွေတွေ များလေဖြစ်ရပါမယ်။

၁၉၄၈ တုန်းက ဗကပ ဟာ တကိုယ်တော်ထီးတည်း တောခိုရတာပါ။ ဦးကျော်ငြိမ်းဆိုရှယ်လစ်တွေ လူတကာကို ရန်လုပ်တာကြောင့် တောပုန်းစံဖဲဘဝမျိုး မရောက်တာပဲ။ မိတ်ဆွေတွေများလာလို့ အဲ့ဒီဘဝမရောက်တာပါ။ ပြည်သူ့ရဲဘော်၊ တော်လှန်သောဗမာ့တပ်မတော် RBA စသဖြင့်ပေါ်လာလို့ တောပုန်းဘဝမရောက်တာပဲ။ ကရင်တပ်တွေပုန်ကန်တော့ အခြေအနေတဆစ်ချိုးပြောင်းတာပါ။ ဒါပေမဲ့ တဘက်ကလှည့်ကြည့်တော့ ရန်သူကို အသက်ရှူပေါက်ချောင်သွားစေပြန်တယ်။ ထားပါတော့။ အခုပြောချင်တာက သူ့မှာ ရန်သူများစေပြီး ကိုယ့်မှာ မိတ်ဆွေများလာအောင် လုပ်ကြရမှာပါ။ ပြည်တွင်းသာမက ပြည်ပမှာပါ ငါတို့မိတ်ဆွေတွေ ကမ္ဘာနဲ့ချီပြီးရှိအောင် လုပ်ကြရပါမယ်။

 

အခြေအနေကောင်းတယ်

၁၉၆၂ နှစ်တုန်းက မြေပေါ်ကွန်မြူနစ်လို့ ရန်သူကသတ်မှတ်သူတွေဟာ မဆလခြံဝင်းထဲရောက်သူရောက်၊ ခွေးကတက် ရောက်သူရောက်၊ ခြံပြင်တံခါးဝမှာ ရောက်သူရောက်ဖြစ်ကုန်ပါတယ်။ ကျွန်တော်တို့ရဲ့ တခါက ခေါင်းဆောင်ကြီးများဖြစ်ခဲ့တဲ့ သခင်စိုး၊ ကိုသိန်းဖေ(မြင့်)တို့လည်း မဆလ ခြံပြင်တံခါးဝမှာရောက်ပြီး ဇာတ်သိမ်း ကုန်ကြတယ်။

ဟိုတုန်းက အဲ့ဒီလို ဝရုန်းသုန်းကားဖြစ်နေတာကို ကျွန်တော်တို့မသိပါဘူး။ သူတို့ ဘာတွေရေးပြီး ဘာတွေဖြစ်နေ သလဲဆိုတာ မသိခဲ့ပါဘူး။ အခုတော့ ဘယ်သူတွေ ဘာဖြစ်နေပြီ၊ ဘာရေးနေပြီ၊ ဘယ်ခြေလှမ်း လှမ်းနေပြီဆိုတာကို IT တန်ခိုးနဲ့ ချက်ခြင်းသိနေပါတယ်။ ဒါဟာ အလွန်ကောင်းတဲ့အခြေအနေပါ။ မိမိတို့က မှန်မှန်ကန်ကန်အကဲဖြတ်ပြီး မှန်မှန်ကန်ကန်ခြေလှမ်း လှမ်းနိုင်ဖို့ပဲလိုပါတယ်။

 

အမျိုးသားညီညွတ်ရေးဆီ ဘယ်လိုသွားကြမလဲ

မြန်မြန်ဆန်ဆန်ဖြစ်လာဖို့ မလွယ်ပါဘူး။ တဖြည်းဖြည်းချင်း သွားရမှာပါ။ အရင်လိုရင် အနှေးတွေ့ပါလိမ့်မယ်။ အခုအခြေအနေက ပြည်တွင်းပြည်ပမှာ ပြန့်ကျဲနေတဲ့အခြေအနေပဲ။ ဗကပ ကလည်း ယူဂျီပါတီဖြစ်နေပြီ။ လှုပ်ရှား တက်ကြွသူတွေကို တာဝန်ခံပြီးစုဆောင်းပေးဖို့ မဖြစ်နိုင်တဲ့အခြေအနေပဲ။

အမျိုးသားညီညွတ်ရေးမရှိပဲနဲ့တော့ ဗမာပြည်ရဲ့အခြေခံပြဿနာတွေ ဘာမှပြီးပြတ်မှာမဟုတ်ပါဘူး။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ’ ဘယ်တော့မှမဖြစ်ပါဘူး။ ဒီရည်မှန်းချက်(အမျိုးသားညီညွတ်ရေးရည်မှန်းချက်)ဆီသို့ တလှမ်းချင်းစီပဲချီတက်နိုင်မှာပါ။

ကျွန်တော်တို့ရဲ့ကြံဆချက်ကတော့ အပြန်အလှန် သတင်းဖလှယ်တာတွေနဲ့ အတွေးအခေါ်ညှိနှိုင်းတာက စရမယ် ထင်ပါတယ်။ ဒါတောင် လွယ်လှမှာမဟုတ်ပါဘူး။

ဟိုတုန်းက အမျိုးသားညီညွတ်ရေးတည်ဆောက်ရတာ လွယ်ပါတယ်။ ဖတပလကို စတင်ဖွဲ့စည်းတာဟာ ဗကပရဲ့ ပထမဆုံး G/S၊ ဒုတိယ G/S နဲ့ စတုတ္ထ G/S ဖြစ်လာမယ့်သူတွေရဲ့ ဆွေးနွေးပွဲပါ။ တတိယ G/S က နိုင်ငံခြားရောက်နေ​ပေမယ့် သူလည်း ပါတာပါပဲ။ ဒါကြောင့် လွယ်ပါတယ်။

အပြန်အလှန် သတင်းဖလှယ်ရေးစနစ်ထဲမှာတောင် အားလုံးတပြိုင်တည်းပါလာမယ်မထင်ပါဘူး။ မီဒီယာမှာ အင်တာဗျူးတွေ၊ Website ကွန်ယက်တင်တာတွေနဲ့ အပြန်အလှန်သတင်းပေးတာ ကိုယ့်စဉ်းစားချက်ကိုဖော်ပြတာက စရမှာပါ။ ဒါကိုတောင် ဗြောင်လုပ်လို့မရနိုင်ပါဘူး။

ဒါကြောင့် မလောသင့်ပါဘူး။ ဒါပေမဲ့ အမျိုးသားညီညွတ်ရေးကိုလည်း မျက်ချည်မပြတ်ကြမှ ဖြစ်မှာပါ။ နှစ်ပေါင်း(၂၀)လောက်အတွေ့အကြုံက ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကမှ စစ်အာဏာရှင်စနစ်ကို တကိုယ်တော်ရင်ဆိုင် လို့မဖြစ်ဘူးဆိုတာကို ပြခဲ့ပြီးပါပြီ။ 

 

ဘုံရန်သူဆိုတဲ့စကားလုံးသုံးဖို့ နအဖမှာပဲရှိလား

စစ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ထုတ်တဲ့စာအုပ်တိုင်း ဘယ်စာအုပ်ပဲကြည့်ကြည့် ပထမဆုံးစာမျက်နှာမှာတွေ့ရမှာက တို့အရေးတို့၊ ဦးတည်ချက်တို့ကိုတွေ့ရမယ်။ ပြည်သူ့သဘောထားဆိုတာ တွေ့ရမယ်။ အဲ့ဒီအထဲမှာ ပြည်တွင်းပြည်ပ အဖျက်သမားများကို ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းရမယ်လို့ ရေးထားတယ်။

နအဖမှာပဲ ဘုံရန်သူ သုံးခွင့်ရှိသလား။ မိမိတို့မှာကော မရှိဘူးလား။ ရန်သူ၊ မိတ်ဆွေ၊ ကြားနေဆိုတာ နိုင်ငံရေးမှာ သုံးရိုးသုံးစဉ်ပဲ။ ဗကပ ထွင်ထားတာမဟုတ်ဘူး။ ခေတ်အဆက်ဆက် ရှိခဲ့သုံးခဲ့တဲ့စကားလုံးပါ။ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် ခေတ်တိုင်းမှာရှိခဲ့တဲ့စကားလုံးပဲ။

သတိပြုဖို့က ဒီစကားလုံးကို အာဏာရတွေကပဲ စပြီးသုံးတယ်ဆိုတာပါ။ ပြီးတော့လည်း အာဏာရကပဲ လက်တွေ့ လုပ်နိုင်တာပါ။ ဖိနှိပ်ခံအုပ်စိုးခံက ပါးစပ်ကပဲပြောနိုင်တာပါ။ ဗကပ အဖြစ်ပဲကြည့်။. ဘယ်သူတွေ အဖမ်းခံရပြီး၊ ဘယ်သူတွေ တောထဲပြေးရသလဲ။ ဒါကြောင့် ရန်/ငါဆိုတဲ့စကားလုံးကို အခုအစီရင်ခံစာမှာ ဖောဖောသီသီသုံးပါတယ်။

အဲ့ဒီ ဘုံရန်သူဆိုတာကို နအဖက မသုံးတဲ့နေ့မှာ ကျွန်တော်တို့က သူ့ဘက်/ကိုယ့်ဘက်လို့ပြောင်းသုံးပါ့မယ်။

 

တာထွက်ကောင်းတယ်

၁၉၆၂ နှစ်တုန်းက တော်လှန်ရေးကောင်စီရဲ့ ဆိုရှယ်လစ်မှိုင်းကို အခြေခံလူတန်းစားတွေပါ မိခဲ့ကြတယ်။ လယ်သမား နှီးနှောဖလှယ်ပွဲတွေ၊ အလုပ်သမားနှီးနှောဖလှယ်ပွဲတွေသာမက စာပေနယ်ရဲ့ နှီးနှောဖလှယ်ပွဲတွေကြောင့် အတော်များများ မျက်စေ့လည်ကြတယ်။ ဗကပထဲကိုတောင် ဂယက်အနည်းအပါးရိုက်ခဲ့တယ်။

အခုတော့ နအဖက လူတကာကို ဝိုင်းကြီးပတ်ပတ် ရန်လိုက်လုပ်နေတော့ မိမိတို့က ဖွင့်ချဖို့မလိုတော့ဘူး။ သူ့အစိုးရ ယန္တရားထဲကတောင် နအဖ ဒီမိုကရေစီမှိုင်း မမိကြဘူး။

နောက် တာထွက်ကောင်းတာက ၈၈’ ရဲ့ အောင်သီးအောင်ပွင့်တွေက လမ်းပြမြေပုံကိုဆန့်ကျင်ကြတာပဲ။

လမ်းပြမြေပုံ အဆင့်(၅)က တကယ်တော့ နောက်ဆုံးအဆင့်ပါ။ အဆင့် (၆)နဲ့ (၇)က အပိုထည့်ထားတာပဲ။ အဆင့်(၅) ရွေးကောက်ပွဲပြီးရင် မိမိတို့အတွက် အခါအခွင့်ကောင်းတွေ တခုပြီးတခုပေါ်လာစရာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ရာပါပစ္စည်းအဝေမညီလို့ သူတို့အတွင်းမှာ ပြဿနာတွေပေါ်လာမှာမို့ပဲ။ အစိုးရယန္တရား၊ တပ်တွင်းတပ်ပြင်မှာ ပေါ်မှာပါ။

 

တိုက်ပွဲသဏ္ဌန်ကိစ္စနဲ့ စည်းရုံးရေးသဏ္ဌန်ကိစ္စ

ဗကပ က လက်နက်ကိုင်တိုက်ပွဲသဏ္ဌန်ကို အရန်ရွေးလမ်းအဖြစ်ထားပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲသဏ္ဌန်ကို မတတ်သာမှရွေးဖို့ စဉ်းစားပါတယ်။ ပြည်တွင်းအခြေအနေက မဖြစ်မနေလုပ်ဖို့တောင်းဆို(လိုအပ်)လာရင်လုပ်မှာပါ။

လက်နက်ကိုင်တိုက်ပွဲလုပ်ရရင် မြေအောက်(ယူဂျီ)တိုက်ပွဲသဏ္ဌန်နဲ့ စည်းရုံးရေးသဏ္ဌန်ကိုပဲလုပ်မှာပါ။ တော်တော်ကြာကြာလည်း လုပ်ရမယ်လို့ယူဆပါတယ်။

ယူဂျီစည်းရုံးရေးသဏ္ဌန်လုပ်တဲ့အဖွဲ့အစည်းတွေ များလာမယ်လို့လည်းတွက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နအဖရဲ့ “ဥပဒေ”တွေက ယူဂျီလုပ်ဖို့ဆီကိုတွန်းပို့နေလို့ပဲ။

စစ်အာဏာပိုင်တွေက ပေါ်စေဆိုပေါ်ပြီး ပျောက်စေဆိုပျောက်တဲ့ပါတီမဟုတ်ရင် ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်လုပ်ငန်းစဉ်အပေါ်သစ္စာရှိသေးရင် ယူဂျီစည်းရုံးရေးသဏ္ဌန်ပဲ လုပ်စရာရှိလို့ပါ။

ဗမာပြည်မှာ ပါတီတွေ ပေါ်ခဲ့လှပါပြီ။ ကိုယ့်ဘာသာကိုယ်ဖျက်မှပဲ ပါတီတွေပျက်တာပါ။ အလံနီပါတီ၊ ပြည်သူ့ရဲဘော် ပါတီ၊ ဦးသိန်းဖေမြင့်ရဲ့ပါတီတွေဟာ သူတို့ဘာသာဖျက်လို့ပျောက်သွားတာပဲ။ ကိုယ့်ဘာသာမဖျက်သမျှ ဘယ်တော့မှ၊ ဘယ်သူကမှ ဖျက်လို့မရပါဘူး။

 

ရဲဘော်တို့

အစီရင်ခံချင်တာ ဒီလောက်ပါပဲ။ ထင်မြင်ချက်၊ အကြံပြုချက်ရှိရင် ပါတီစည်းမျဉ်းနဲ့အညီ ဗဟိုသို့တိုက်ရိုက်ပို့ကြပါ။ ဗဟိုက ပြန်ကြားရှင်းလင်းဖို့လိုရင် ပြန်ကြားရှင်းလင်းပါမယ်။

Thursday, January 28, 2021

သိမ်းတာမသိမ်းတာကနောက်မှ

0 comments

(သိမ်းတာမသိမ်းတာကနောက်မှ)

ဗမာပြည်နိုင်ငံရေးက အပြင်လူတွေအမြင်တွင် မျက်စေ့လည်ချင်စရာ။ ၂၀၀၈ ဖွဲ့စည်းပုံကို စလယ်ဆုံး ဆန့်ကျင်လာသူတချို့က ယခုတော့ ထိုဖွဲ့စည်းပုံကိုလိုက်နာစေချင်ကြောင်း စစ်အုပ်စုကို နားချနေကြ၏။ အာဏာသိမ်းလျှင် ဖွဲ့စည်းပုံနှင့်မညီဟု ထောက်ပြရင်း ဖြောင့်ဖျနေကြ၏။ ဒါကိုပဲ “သူ့အရိုးနှင့် သူ့ထိုးသည့်ပမာ”ဟု တရားတွေလည်းထူထောင်ကြ၏။

 

၂၀၀၈ ဖွဲ့စည်းပုံက အရေးကြီးပုဒ်မတွေကို ကျန်သည့် ဒီမိုကရေစီအင်အားစုတွေပြင်လို့ရဖို့မဆိုထားနှင့် ဆွဲသူစစ်အုပ်စု ကိုယ်တိုင် သူတို့အကျိုးစီးပွားရှိလာလို့ ပြင်ချင်ဦးတော့ ပြင်လို့မရ။ ဒါကိုပင် ဖွဲ့စည်းပုံအကျပ်အတည်းဟု ပြောကြခြင်းဖြစ်၏။ ဖွဲ့စည်းပုံကြီးကိုယ်၌က ကျပ်တည်းနေခြင်းပင်။ 

 

ထိုကျပ်တည်းနေသည့်ဖွဲ့စည်းပုံကြီးကိုင်ကာ စစ်အုပ်စုက အာဏာအထိုင်သစ်နှင့် စိတ်ချလက်ချရှိနေသည်ဟုတော့ ပြောလို့မရ။ အာဏာအထိုင်သစ်ရတာမှန်သော်လည်း စိတ်ချလက်ချတော့ ဟုတ်ဟန်မတူ။ အနားယူရတော့မည့် ကာချုပ်(တို့)အတန်းတွေနှင့် နောက်ဂျူနီယာတွေကြားမှာ အာဏာလွန်ဆွဲပွဲရှိနိုင်၏။ တပ်ထဲမှာဘယ်သူတွေချန်ခဲ့ပြီး ဘယ်သူတွေကို အပါခေါ်သွားမလဲကလည်း တပ်ထဲမှာတွေးစရာ။ သူ့နောက် ဆက်ခံမည့်သူအတွက် လမ်းရှင်း ပေးနေတာတွေတော့ တွေ့ရ၏။ ထိုသူ့လက်ထက်တွင် တပ်ကို သူ့လို ကိုင်နိုင်မကိုင်နိုင်ကရှိနေ၏။ မင်းအောင်လှိုင် ဘယ်လောက်ပဲ တပ်ကိုင်နိုင်ကိုင်နိုင် ဗိုလ်သန်းရွှေလောက်တော့ မီးမသေတာသေချာ၏။ ၂၀၂၀ မှာ ငြိမ်းချမ်းရေးကို ပြည်သူတွေလက်ထဲအပ်ပါမည်ဟု စကားတွေအလွန်အကျွံပြောခဲ့ပြီး သင်္ကြန်အမြောက် ဖြစ်သွားရသည့်အတွက်လည်း တပ်ထိပ်သီးတွေကြားမှာ တီးတိုးတီးတိုးသဖန်းဖိုးလုပ်စရာဖြစ်ခဲ့၏။ ရိုဟင်ဂျာအရေးကြောင့် ICJ တက်ခဲ့ရသည့် အတွက် တပ်ထဲမှာ ဗိုလ်မင်းအောင်လှိုင်မျက်နှာပန်းမလှခဲ့။ သူတပ်က အနားယူသွားလျှင် ထိုကိစ္စကြီးက ဘယ်အထိ ဆက်ဖြစ်လာဦးမယ်မှန်းမပြောတတ်။ သူ့အရပ်သားဘဝ(နောင်ရေး)ကို ဘယ်လောက်လုံခြုံစိတ်ချစွာနေနိုင်မလဲ။ ဒါကလည်း အရေးကြီးသည့်ကိစ္စ။ တပ်တွင်း ကျနော်တို့မသိနိုင်သေးသည့် အခြားကိစ္စတွေလည်းရှိနိုင်သေး၏။

 

ဒီချုပ်နှင့်ကိစ္စကလည်းရှိသေး၏။ ဒီချုပ်က ဖွဲ့စည်းပုံထဲမှာ တချို့အခန်းတွေ ပုဒ်မတွေကိုပြင်ချင်၏။ “သူ့အတွက် သူပြင်ချင်တာ”မှန်သော်လည်း စစ်အုပ်စုက ထိုမျှလောက်လေးကိုပင် မသထာ။ ရနိုင်သမျှ ထစ်ထား၏။ စစ်အုပ်စုက ကိစ္စကြီးငယ်ရှိတိုင်း ကာလုံခေါ်စေချင်၏။ အစိုးရ တရပ်လုံးကို ဒေါ်စုတယောက်တည်းသဘောနှင့် ခြယ်လှယ် နေသည်ဟု တွင်တွင်လက်ညှိုးထိုး၏။ ကာလုံခေါ်ပြီးဆုံးဖြတ်လျှင် ဘာဖြစ်မည်ကို ဒီချုပ်ကလည်းသိ၏။ ထို့ကြောင့် မခေါ်။  ၂၀၂၀ ရွေးကောက်ပွဲသာ ဒီချုပ်အနေဖြင့် ခုလိုအပြတ်အသတ်မနိုင်ခဲ့လျှင် ဒီချုပ်နှင့်စစ်အုပ်စုကြား တချက်တချက် မထိခလုပ်ထိခလုပ်ပြောတာမျိုးကလွဲပြီး ဘာမှ ခုလို ခွန်းကြီးခွန်းငယ်တွေဖြစ်နေစရာမရှိ။ မဲစာရင်းတွေဖြူစာရင်းတွေ လုပ်နေမှာမဟုတ်။ ရွေးကောက်ပွဲအကြိုကာလတွေကပြောသလို “ဥပဒေနဲ့အညီလုပ်ပါ” ဘာညာလောက်နှင့်ပြီးနေမှာ သေချာ၏။ တချို့ခန့်မှန်းသလို ညွန့်ပေါင်းတွေဘာတွေဖြစ်ပြီး ကာချုပ်က သမ္မတနေရာ မှန်းနေသည်ဆိုတာလည်း မဖြစ်နိုင်ဟုပြောမရ။ မင်းသားကြီးမလုပ်ရသဖြင့် ပတ်မကြီးထိုးဖေါက်မယ်တကဲကဲ လုပ်ပြနေတာလည်း ဖြစ်နိုင်၏။ 

 

သည်တော့ အပေါမှာပြောခဲ့သည့်ကိစ္စတွေပေါင်းဆုံကာ ဘာမဆိုလုပ်ရဲတယ်တွေ၊ အာဏာမသိမ်းလို့ မှတ်ယူလို့မရတွေ၊ မလိုက်နာရင် ဖွဲ့စည်းပုံကိုဖျက်ရမယ်တွေဖြစ်လာသည်ထင်၏။

 

နိုင်ငံရေးသဘောတွင် တခုခုကို တကယ် လုပ်မလုပ် မဆုံးဖြတ်မီတွင် အာဘော်ဖန်တီးကြည့်ရသည်ရှိ၏။ အာဘော်ဖန်တီးကြည့်ပြီး ပြန်လာသည့်အသံတွေနားထောင်ကာ လုပ်မယ်မလုပ်ဘူးကိုဆုံးဖြတ်ကြရတာဖြစ်၏။ အရပ်ပြောသလိုဆို တီးခေါက်ကြည့်ပြီး မြည်လာသည့်အသံပေါ်ချိန်ကာ တိုးမယ်ဆုတ်မယ် ဆုံးဖြတ်ရတာမျိုးပင်။ ယခု ဗိုလ်မင်းအောင်လှိုင် အာဘော်ဖန်တီးနေတာဟု ကျနော်ကထင်၏။ လှောင်ပြောင်သရော်ပြီး ရယ်ပွဲ့ဖွဲ့စရာမဟုတ်ဟု မြင်၏။ သူ့ အာဘော်က အာဏာတကယ်သိမ်းဖို့အထိမဟုတ်သည့်တိုင် ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် အားလုံး ပြားပြားမှောက်နေရေးပင်ဖြစ်မည်ထင်၏။ အာဏာတော့မသိမ်းပါနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ကျနော်ကျမတို့ သေသေဝပ်ဝပ်နေပါမည်ဟု အာမဘန္တေခံသည့်အသံများ ထွက်လာရေးလောက်ပင်ဖြစ်မည်ထင်၏။

 

သူတွက်သည့်အတိုင်း “ပတ်မကြီးတော့ မဖေါက်ပါနဲ့”အသံတွေ လှိမ့်ထွက်လာ၏။ “ခင်ဗျားပဲ မင်းသားကြီးလုပ်ပါ”ဟု ဘယ်သူမှမပြာတာတော့ သေချာ၏။ ပြောစရာအကြောင်းလည်းမရှိဟု ထင်၏။ ထိုအသံတွေ ထွက်လာစေချင်၍ ထိုအာဘော်ဖန်တီးသည်ဆိုလျှင် သူ နိုင်ငံရေးမြတ်သည်ဆိုရမည်ထင်၏။ စစ်အုပ်စုတွင် ကောင်းတာမကောင်းတာက တပိုင်း “နိုင်ငံရေး”တော့ ရှိ၏။ လျှော့တွက်လို့မရ။ ဖေါ့တွေးလို့မရ။

မျိုးမြင့်ချို

ဇန်နဝါရီ ၂၈၊ ၂၀၂၁ 

Sunday, January 24, 2021

ကိုချစ်လှိုင် မောင်စူးစမ်း သခင်တင်မြနဲ့ သခင်လှကွန်းတို့သို့ တုံ့ပြန်စာ

0 comments
ကိုချစ်လှိုင်၊ မောင်စူးစမ်း၊ သခင်တင်မြနဲ့ သခင်လှကွန်းတို့သို့ တုံ့ပြန်စာ
ရဲဘော်ထွန်း
ရဲဘော်ကြင်မောင် အရေးတော်ပုံဆောင်းပါး(၇)မှာ
ရဲဘော်ထွန်းနာမည်နဲ့ ရေးခဲ့တာပါ။
လက်နက်ချကြတာနဲ့ ကွန်မြူနစ်အရေးတော်ပုံကို သစ္စာဖောက်ကြတာမှာတူကြပေမယ့် အချိန်ကာလချင်း မတူကြဘူး။ ဒါကြောင့် ရှေ့နောက် ‘ဝါစဉ်’အရ နာမည်တွေကို တန်းစီလိုက်တယ်။ ကိုချစ်လှိုင်က ဝါအရင့်ဆုံးပဲ။ကိုချစ်လှိုင်တယောက်ကလွဲပြီး ကျန်တဲ့ (၃) ယောက်ကို မတွေ့ဖူးပါဘူး။ စာချင်းလည်း အဆက်အသွယ်မရှိပါဘူး။ အဆက်အစပ်ရှိစရာအကြောင်းလည်း မရှိဘူး။ ကျွန်တော်က (၁၉၄၉) ကတည်းက ရှမ်းပြည်ရောက်နေတာပဲ။ကိုချစ်လှိုင်နဲ့ကလည်း ခဏတဖြုတ်တွေ့ဖူး၊ စကားပြောဖူးတာပါ။သူ့ယောက်ဖ (ထင်ပါရဲ့) ကိုသာခင်ကို ပါတီက ခိုလှုံခွင့်ပေးထားဖို့ ဆွေးနွေးဖို့ လာတုန်းကပဲ။ ကိုသာခင်ဆိုတာက သခင်သာခင်ဆိုတဲ့ပုဂ္ဂိုလ်ပါ။ အဲဒီတုန်းက သူ့ကို အင်္ဂလိပ်စစ်အုပ်ချုပ်ရေး CAS(B) က သိပ်ပြီးလိုချင်နေတာပါ။ မိများမိရင် မြစ်ကြီးနားမှာ လုပ်ခဲ့သလို လုပ်မှာပဲလို့ ထင်ပါတယ်။မြစ်ကြီးနားဝင်စဉ်က သူတို့ကြွေးကြော်တာက ‘သခင် သခင် သတ်သတ်’။သခင်သာခင်က ဂျပန့်ခေတ်မှာ ရွှေဘိုရာဇဝတ်ဝန်လုပ်နေတာပဲ။ သူကြောက်ရှာပေလိမ့်မယ်။သူ့အကြောင်း ပြောရဦးမယ်။ သူ့ကို ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ချဉ်းကပ်ဖူးတယ်။ သူလက်မခံဘူး။ ဘယ်လ်ဂျီယန်လုပ် ပစ္စတိုတလက် သူ့ဆီက အလှူခံတယ်။ သူက ရောင်းမယ်လို့ပြောတယ်။၃၀၀ဝိ/ ပေးပြီး ပါတီက ဝယ်ခဲ့ရတယ်။ အဲဒီငွေက ချပ်သင်းသူဌေးဦးဘတင်ဆီက အလှူခံလို့ ရတာပဲ။ ‘ချပ်သင်း’ က အင်္ဂလိပ်နယ်ချဲ့လက်ဝေခံ အင်္ဂလိပ်နယ်ချဲ့ မျှော်နေသူပဲ။ ဒါကြောင့် လှူတာပါ။ ‘လစဉ်ကြေး’ အဖြစ်တောင် ပုံမှန် လှူခဲ့ပါတယ်။ ထားပါတော့။သခင်သာခင်ကို ကျွန်တော့်ဆီမှာ တလကျော် လက်ခံထားပါတယ်။ ပုန်းလျှိုးကွယ်လျှိုးနေရတာ မဟုတ်ပါဘူး။ ရွှေမန်းတင်မောင် ဇာတ်ကရာမှာ ဖဆပလက ဇာတ်ရုံတွင်းမှာ လက်ဖက်ရည်ဆိုင်ဖွင့်ပြီး ရန်ပုံ ငွေရှာခဲ့ရာမှာ သူ့ကိုပါ တပါတည်း ခေါ်သွားတာပါ။ ရတနာ့ဂူ၊ အမရပူရက ပွဲမှာလည်း သူ့ကိုခေါ်သွားတာပါ။ကျွန်တော်တို့က ‘ပါတီတပ်’အဖြစ်နဲ့ ဖက်ဆစ်တော်လှန်ရေး လုပ်ထားခဲ့တာဖြစ်လို့ အင်္ဂလိပ်အာဏာပိုင်တွေက ရန်သူစာရင်းသွင်းတာ ခံရသူတွေ မဟုတ်ပါဘူး။ ဒါကြောင့် လွတ်လပ်ပါတယ်။ရေစက်မကုန်လို့ ထင်ပါရဲ့၊ အာဏာသိမ်းဗိုလ်နေဝင်းတို့ရဲ့ရန်ကို ကြောက်လို့ ပြည်ထဲရေးဝန်ကြီးဟောင်း သခင်သာခင် ပြေးလွှားနေရတုန်းကလည်း ကျွန်တော်တို့ (U/G) ကပဲ လက်ခံထားရဖူးတယ်။နောက်မှာ သူ့ဘာသာသွားပြီး အဖမ်းခံတယ်လို့ ကြားပါတယ်။ ဒီလောက်ပဲ ရေးပါမယ်။အခုမှ ဘာကြောင့်တုံ့ပြန်စာရေးသလဲ။သူတို့တတွေ မီဒီယာမှာ ရေးသမျှစာတွေကို အားလုံးလောက် ဖတ်ရပါတယ်။ တွေ့တဲ့သူတွေက ပို့ပေးလို့ပါ။ သူတို့က တုံ့ပြန်စာ ရေးစေချင်ကြတယ်။ သမိုင်းမှန် ဘာလဲဆိုတာ သိချင်ကြတယ်။တချို့ကဆိုရင် ပါတီက ‘တုံ့ပြန်စာ’ မရေးတာဟာ ဟုတ်နေလို့ နေမှာပေါ့လို့အထိ ပြောလာကြတယ်။ ဘယ်လိုပဲ ရှင်းပြပေမယ့်သူတို့ ဘဝင်မကျပါဘူး။ကျွန်တော်တို့က အတိတ်ကိစ္စတွေကို လက်နက်ချတွေ၊သစ္စာဖောက်တွေနဲ့ အချီအချ မငြင်းချင်ဘူး။အတိတ်ကကိစ္စဟာ သမိုင်းမှတ်တမ်းတင်သူတွေအတွက်ပဲအသုံးဝင်တယ်။ သမိုင်းသစ်ကို လူထုနဲ့အတူ ရေးနေတဲ့ အခုကာလမှာပစ္စုပ္ပန်ကိုပဲ အလေးထားရမယ်။ အနာဂတ်ကိုပဲ မြော်မြင်ရမယ်လို့ယူဆကြောင်း၊ အတိတ်ကိုပြောနေလို့ အကျိုးမရှိဘူးဆိုတာ ရှင်းပြပေမယ့် ဘဝင်မကျကြဘူး။
သူတို့ ဘဝင်မကျတာ သဘာဝကျပါတယ်။ မှန်ပါတယ်။ဘေးမဲ့ပေးထားလေလေ အတင့်ရဲလေလေ ဖြစ်နေတာကြောင့်အခုတော့ တုံ့ပြန်စာ ရေးရပါပြီ။ရေးစရာက သိပ်များတယ်။ ကွယ်လွန်ကြပြီဖြစ်တဲ့ သူတွေကို စော်ကားတာတွေလည်း လွန်လာပြီ။ NLD ကို ပညာပေးသလိုလိုနဲ့ ဗကပကို ခလုတ်တိုက်တာကလည်း များလာပြီ။မီဒီယာ (စာနယ်ဇင်း)မှာ စင်တခုထိုးချင်တဲ့ ကွန်မြူနစ်ပျက်တွေကလည်း သူတို့ကို သံယောင်လိုက်လာပြီ။နောက်တကြောင်းကလည်း သမိုင်းမှန်ဘာလဲဆိုတာကို မျိုးဆက်သစ်တွေက သိချင်လို့ ဗကပရဲ့ တုံ့ပြန်စာကို မျှော်လင့်နေကြတယ်။ ဟုတ်တယ်။ သူတို့မျှော်လင့်နေတာကို အခုဖြေရှင်းပေးခဲ့မှဖြစ်မယ်။ ကြာရင် ‘အမှားကြာ အမှန်’ဖြစ်ကုန်လိမ့်မယ်။ မသေခင်ရေးခဲ့မှ ဖြစ်မယ်ဆိုပြီး ရေးပါတယ်။သခင်တင်မြက ‘ဝေါ’ က အတွေ့အကြုံရေးတာကို ပဲခူးကိုနေဝင်းဆီ လှမ်းမေးတော့ သူက ဒါဟာ လုပ်ကြံတာပဲလို့ ဆိုတယ်။သူက ပြန်ရေးပေးမယ်လို့ ဆိုပါတယ်။ သူက အသက် ‘၉၀’ တန်းရောက်နေပြီ။ သိပ်ပြီး ကျန်းမာလှတာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ကပဲ ပွဲဦးထွက် တုံ့ပြန်စာ ရေးပါတယ်။စစ်ကိုင်းရဲ့ပထဝီအနေအထားစစ်ကိုင်းဟာ ရှေ့တန်းရောက်နိုင်ငံရေးမြို့ မဟုတ်ခဲ့ဘူး။ဒါပေမဲ့ သူ့မှာ ထူးခြားချက်ရှိတယ်။ဧရာဝတီရဲ့ တံတောင်ဆစ်ကွေ့မှာ တည်ထားတဲ့မြို့ဖြစ်လို့စစ်ကိုင်း အရှေ့ခြမ်းက မန္တလေး၊ အမရပူရနဲ့ အရှေ့အနောက် မျက်နှာချင်းဆိုင်။စစ်ကိုင်းအနောက်ခြမ်းက အင်းဝ၊ တံတားဦးနဲ့ တောင်မြောက် မျက်နှာချင်းဆိုင်။အဲဒီတော့ အရှေ့ခြမ်းက တက်ကြွလှုပ်ရှားသူတွေက ကိုခင်မောင်လေး (ဗိုလ်ခင်မောင်လေး) နဲ့ နီးစပ်ကြတယ်။ အနောက်ခြမ်းကကိုဗဟိန်းနဲ့ နီးစပ်ကြတယ်။ ကျွန်တော်က အနောက်ခြမ်းက။ ဒါကြောင့် (၁၉၃၆)ကတည်းက ကိုဗဟိန်းနဲ့ သိကျွမ်းတယ်။ ကျောင်းသားကြီး (ခေါင်းဆောင်) နဲ့ ကျောင်းသားငယ် (နောက်လိုက်) ရဲ့ သိကျွမ်းမှုမျိုးပါ။ ညာလက်ရုံးမဟုတ်သလို ဘယ်လက်ရုံးလည်း မဟုတ်ဘူး။တောက်တိုမယ်ရ ဆက်သားပဲ။သူ့ရဲ့စည်းရုံးမှုကြောင့်လည်း ကွန်မြူနစ်ဖြစ်ခဲ့တယ်။ဒါကြောင့် ဗကပရဲ့ အတိတ်သမိုင်းအမြင်ကို ကျွန်တော်ရေးရ လိမ့်မယ်။ သူတို့စစ်အုပ်စုပြောတဲ့ ဗကပ(လက်ကျန်) ရဲ့ တာဝန်ရှိသူတဦးအနေနဲ့လည်း ကိုဗဟိန်းအကြောင်း ကျွန်တော်ရေးရလိမ့်မယ်။ဒါကြောင့် လက်ရှောင်မနေဘဲ ရေးပါတယ်။နောက်တကြောင်းကတော့ အရေးမကြီးလှပါဘူး။ ဒါပေမဲ့ရေးမှ ပြည့်စုံမှာမို့ ရေးပါတယ်။အသက်ဝင်လာမယ့် ‘၂၀၀၈ အခြေခံဥပဒေ’ အရ ပေါ် လာမယ့် ‘အစိုးရသစ်’မှာ နေရာဦးဖို့ ဖျာခင်းနေတာ၊ သူတို့တတွေ ဂနာမငြိမ် ဖြစ်နေတာကို သိနေလို့ ‘တော်ကောက်’ ခံရအောင် ‘ညိုမြ’ လုပ်နေတာသိနေလို့ လက်ရှောင်နေခဲ့တာပါ။အခုတော့ သူတို့ထဲက (၃) ယောက် ‘သတင်းစာ’မှာ နေရာရသွားကြပြီ။ ဒါကြောင့် ရေးလို့ရပြီဆိုပြီး ရေးပါတယ်။ကိုဗဟိန်းတွေဝေသူလားကိုချစ်လှိုင်က သခင်တင်မြလေသံလိုက်ပြီး ကိုဗဟိန်းကို တွေဝေသူလို့ပြောတာ တွေ့လိုက်တယ်။ သခင်တင်မြကို ကိုဗဟိန်းသာမက ကိုဗဟိန်းနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့အစုများကပါ သခင်စိုး ရဲ့ဆက်သားအဖြစ် သူလာတုန်းကခပ်ရှောင်ရှောင် လုပ်ခဲ့တယ်။ ဒါကို သူမကျေနပ်ဘူး။ သခင်စိုးကို သံတော်ဦးတင်တယ်။ အဲဒီကာလကတည်းက ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့၊ ‘ဗကသ’အနွယ်တို့ကို သခင်စိုးက ဂိုဏ်းဂဏနဲ့ ဆက်ဆံခဲ့တာပဲ။ အလံနီပါတီရဲ့အာဘော်‘အာဏာသစ်’ ဂျာနယ်မှာ ပထမဆုံးရေးတဲ့ ဆောင်းပါးတွေ ကြည့်။ “ဆောင်ကြာမြိုင်ဗိုလ်ချုပ်” လို့ ကိုအောင်ဆန်းကို ဆဲတယ်။ ကိုဗဟိန်းကိုတော့ “ချွေးတပ်ဗိုလ်ဗဟိန်း”လို့ ဆဲတယ်။သခင်တင်မြရဲ့ သံတော်ဦးတင်တာကို လက်ခံပြီး သခင်စိုး အရေးယူခံခဲ့ရသူတွေလည်း ပါတီထဲမှာ မနည်းဘူး။ကိုဗဟိန်းတွေဝေသူလားဆိုတာကတော့ လက်တွေ့က အဖြေပေးပြီးပါပြီ။ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ကိုဗဟိန်းနဲ့သူ့အစုဝင်တွေပဲ သီးခြား လက်နက်ကိုင်တပ် ဖွဲ့ပြီး တပ်မတော်နဲ့လက်တွဲကာ တိုက်ခဲ့ကြတာ ဖြစ်တယ်။ ကျွန်တော်တို့က (Partisan)ကို ဘယ်လိုဘာသာပြန်ရမလဲ မသိလို့ ‘ပါတီတပ်’ လို့ပဲခေါ်ခဲ့တယ်။ မကောင်းပါဘူး။ ကိုဗဟိန်းကတော့ ‘ရဲခေါင်ပြောက်ကျားတပ်’အမည်ခံခဲ့တာပဲ။ ဂုဏ်နဲ့ဒြပ်ဟပ်မိတယ်။ ကျွန်တော်တို့တပ်က တပ်ခွဲတခုစာသာရှိပေမယ့် ကိုဗဟိန်းတို့တပ်က တပ်ရင်းပေါင်းများစွာ ရှိတာပဲ။ ဒါကြောင့်ပဲ ဗိုလ်အောင်ဆန်းက ဖဆပလ ဥက္ကဋ္ဌလုပ်ဖို့ တပ်ကထွက်မယ်လုပ်တော့ ကိုဗဟိန်းကိုပဲတပ်ကို လွှဲခဲ့ချင်တာ ဖြစ်တယ်။ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ မခံချိ မခံသာဖြစ်တာလည်း အဲဒါကြောင့်ပဲ။ ဗိုလ်အောင်ကြီးရဲ့ စာတစောင်မှာဒီကိစ္စ ရေးထားတာ ဖတ်ဖူးတယ်။မောင်စူးစမ်းရဲ့ကိုယ်ပိုင်အတွေးအခေါ်ဘာလဲ။“သူ့ကို နိုင်အောင်မတိုက်နိုင်ရင် သူ့အောက် ခေါင်း လျှိုဝင်လိုက်” ဆို တာ သူ့ “မူပိုင်” ပဲ။ ဗကပကို ဆရာလုပ်တုန်းကလည်းဒါပဲ။ အခု NLD ကို ဆရာလုပ်နေတာလည်း ဒါပဲ။နိုင်ငံရပ်ခြားစာအုပ် အဆိုအမိန့်တခုခုကို အခြေခံပြီးလည်းဆရာလုပ် လေ့ရှိတယ်။ နိဂုံးချုပ်ရင်တော့ သူ့‘မူပိုင်’ အတွေးအခေါ်နဲ့ချုပ်လေ့ရှိတယ်။သူ့“မူပိုင်”အတွေးအခေါ်ကို အာဏာရတွေ ကြိုက်တာလည်း မဆန်းဘူး။ သူ့ကို ‘ချမ်းအေးစစ်တမ်း’နဲ့ စင်တင်ပေးခဲ့တာ‘ဆွေငြိမ်း ဆိုရှယ်လစ်’ ပါတီပဲ။ ‘မဆလ’ကလည်း စင်တော်ကောက်တာပဲ။ ကိုဘငြိမ်နဲ့ကျမှ သူအရှုံး ပေးရတာပဲ။ NLDထဲပါရတာကိုတော့ သူက ‘ရယ်စရာ’ လို့ ဆိုတယ်။ တကယ်က သူရဲ့ ‘အရှုံးပေးရေး အတွေးအခေါ်’ကြောင့် NLD နဲ့ ကင်းဝေးသွားတာပါ။ အဲဒါကြောင့် အခဲမကျေဖြစ်ပြီး NLD ကို ဆဲရေးတိုင်းထွာနေတာ ဖြစ်တယ်။သူ့အသက်အရွယ်က အိုတဲ့နာတဲ့အဆင့် ရောက်နေပြီ။ဟိုတုန်းကလို အထူးအရာရှိနေရာ မှန်းနေတာ မဟုတ်ဘူး။ အခု ပေါ်လာတဲ့ ‘အစိုးရသစ်’ရဲ့ အကြံ ပေးနေရာကို မှန်းနေသလားပဲ။ စာရေးတာတော့ နားလိုက်ပြီလို့ ဆိုတယ်။သခင်လှကွန်းဘာလဲ။သူ့အကြောင်းကို ဗိုလ်စိုးမောင် (ကျဆုံး) ဆီက တစွန်းတစကြားဖူးတယ်။ သူ့ဆောင်းပါးတချို့ ဖတ်ဖူးတယ်။ ကြေးမုံဦးသောင်းရဲ့‘ဘီလူးတို့ရွာ’ စာအုပ်မှာ ဖတ်ဖူးတယ်။ ဒီလောက်ပါပဲ။အခုတလောလေးမှာ ‘ဝါရင့်တွေရဲ့အစု’ထဲ ဝင်ပါမလိုလိုကြားရတော့ ဝါရင့်တွေထဲ ဘာများဝင်ရှုပ်မလဲလို့ တွေးမိသေးတယ်။ဝင်ရောချင်ပေမယ့် ဝင်လို့မရတာလား ဘာလားတော့ မသိဘူး။ အခုတော့ ‘လက်နက်ချဝါရင့်’ မှာ ပါလာတာ တွေ့တယ်။ကိုအုန်းမောင် (လေထီးဗိုလ်အုန်းမောင်)နဲ့ သူက ဒေါက်တာမောင်မောင်ရဲ့ ‘အပျော့ဆွဲ’ ကို လက်ခံချင်ကြတယ်ဆိုတာကတော့ဗြောင်လိမ်တာပဲ။ ကွယ်လွန်ပြီးဖြစ်တဲ့သူကို မဟုတ်မမှန် ဆွဲထည့်တာကတော့ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်တာပဲ။ကိုအုန်းမောင်က တကယ့်အခြေအနေမှန်ကို အချိန်နဲ့ တပြေးညီ သိနေတာပါ။ ဗိုလ်စိန်လွင်ကို ဓားလွတ်အပ်ခဲ့တဲ့အတွက် တပ်ပျက်ပြီဆိုပြီး ဗိုလ်နေဝင်းက ဒေါက်တာမောင်မောင်နဲ့ ကမန်းကတန်းအစားထိုးတာပဲဆိုတာ သိပါတယ်။ ဒေါက်တာမောင်မောင်ကို အပျော့ဆွဲ ဆွဲခိုင်းထားပြီး ‘စစ်အာဏာသိမ်း’ဖို့ ပြင်နေတာလည်း သိတာပဲ။ တပ်တွေကို စစ်တန်းလျား ပြန်သွင်းပြီး ပျက်ပြားစပြုနေတဲ့ ‘အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှု’ ကို ပြန်ပြီးတည်ဆောက်နေတယ်ဆိုတာသိတာပဲ။၄၈၂၈ အလုပ်အဖွဲ့ထဲမှာ သေနတ်ပြောင်းထဲကအာဏာထွက် တယ်ဆိုတာကို အသေကိုင်မထားသင့်ဘူး။ ဗမာပြည်ရဲ့ ချွင်းချက်ရှိတယ်။ ‘လက်ရုံးတွေကလည်း အာဏာထွက်နိုင်တယ်’ ဆိုတဲ့အတွေးအမြင်မှားကို သူ ဆန့်ကျင်နေတာပဲ။ ‘ကျွန်းတိုက်ပွဲ’ကို လက်တွေ့ခေါင်း ဆောင်ခဲ့သူပဲ။ စစ်အုပ်စုက အချိန်ဆွဲနေတာကို သူသိတာပေါ့။အဆင့်ဆင့်အမိန့်ပေးစနစ်လည်း ပြန်ပြီးထူထောင်မိရော ‘စောမောင်၊ ခင်ညွန့် အာဏာသိမ်းကြတော့’ လို့ ဗိုလ်နေဝင်း နှုတ်မိန့်ပေးခဲ့တယ်မဟုတ်လား။ဗိုလ်ခင်ညွန့်ရဲ့ ‘ဖြတ်လမ်းက အာဏာသိမ်းဖို့ ဗကပ အကြံအစည်’ဆိုတာ လံကြုတ်ပဲဆိုတာလည်း သူသိတာပဲ။ NLD က လစ်ဘရယ်ဒီမိုကရေစီပါတီပဲ။ စစ်အာဏာရှင်စနစ်နေရာမှာ လစ်ဘရယ်ဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ပဲ ဗကပ က မျှော်မှန်းခဲ့တာကို သိပါတယ်။သခင်လှကွန်း ဒီလိုမလုပ်ကောင်းပါဘူး။ သခင်သန်းထွန်းကို မွေးစားဖခင်လို့ ပြောချင်ပြောပါ။ ဗိုလ်နေဝင်းကို ကျေးဇူးရှင်လို့ ပြောချင် ပြောပါ။ ကွယ်လွန်ပြီဖြစ်တဲ့ သူတွေကိုတော့ သူခိုးသေဖော်မညှိစေချင်ပါဘူး။(၄) ဦးစလုံးသို့ ပြောချင်တာ။လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို လက်ခံပါတယ်။ သမိုင်းမှန်ဆိုပြီး ရေးချင်တာရေး၊ ပြောချင်တာပြောတာမှာတော့ ရိုးသားကြဖို့ လိုပါတယ်။စစ်နဲ့တော်လှန်ရေးခေတ်ကို ဖြတ်သန်းခဲ့ကြသူတွေ သိပ်မကျန်တော့ပါဘူး။ စစ်တပ် (တပ်မတော်)ထဲမှာတော့ လုံးဝမရှိတော့ပါဘူး။စစ်အာဏာရှင်စနစ်(ပုံစံသစ်)ကလည်း စစ်နဲ့တော်လှန်ရေးခေတ်ကလူတွေနဲ့ နိုင်ငံရေးပါတီတွေကို အတိအလင်း အပုပ်ချနေချိန် ဖြစ်တယ်။ ဂျာနယ်တစောင်မှာဆိုရင် တပ်မတော်မော်ကွန်းတိုက်မှာသာရှိတဲ့ ရှားပါးဓာတ်ပုံတွေ၊ မှတ်စုမှတ်ရာတွေ၊ ကာတွန်းတွေပါမကျန် ထုတ်သုံးပြီး လွတ်လပ်ရေးတိုက်ပွဲခေတ်၊ လွတ်လပ်ရေးရကာစခေတ်က ပုဂ္ဂိုလ်တွေ၊ ပါတီတွေကို စော်ကားနေပါတယ်။ ခင်ဗျားတို့ကပါ ကူပြီး မစော်ကားကြစေချင်ပါဘူး။နားနားနေနေ ရေကြည်အေးလေး သောက်ရတဲ့အခါ ဇရပ်ဒကာ၊ရေချမ်းစင်ဒကာရဲ့ ကျေးဇူးကို သိတတ်ကြပါစေ။ သားရေပေါ်အိပ် သားရေနားစားသူတွေအဖြစ်နဲ့ ဘဝဇာတ်သိမ်းတာ မလုပ်စေချင်ပါဘူး။အတွေးအခေါ်ကိစ္စကိုတော့ ပညာရှင်ဆန်ဆန် ငြင်းခုန်ကြတာပေါ့။သမိုင်းနိဂုံးမချုပ်သလို ဗမာပြည်ရဲ့နိုင်ငံရေးကလည်း ဘယ်တော့မှ နိဂုံးချုပ်မှာမဟုတ်ပါဘူး။ မျိုးဆက်သစ်တွေကို မျိုးဆက်ဟောင်းတွေရဲ့ ပခုန်းပေါ်မှာမားမား မတ်မတ်ရပ်နိုင်အောင် လုပ်ခဲ့စေချင်ပါတယ်။ဒါပါပဲ။ရိုးသားပွင့်လင်းစွာဖြင့် (၁၃ - ၂ - ၂၀၁၁) (ရဲဘော်ထွန်း)

Thursday, January 21, 2021

ကာနယ်လ်ချစ်ကောင်းရဲ့ “အနှစ် နှစ်ဆယ်” စာအုပ်မှာ ရဲဘော်ကျင်မောင်ရေးခဲ့တဲ့အမှာစာ

0 comments

ကာနယ်လ်ချစ်ကောင်းရဲ့ အနှစ် နှစ်ဆယ် စာအုပ်မှာ ရဲဘော်ကျင်မောင်ရေးခဲ့တဲ့အမှာစာ

ဗိုလ်မှူးချစ်ကောင်းစာအုပ်ပြန်လည်ထုတ်ဝေရာမှာ အမှာစာရေးပေးဖို့တောင်းခံတော့ ချက်ချင်းပဲ လိုလိုချင်ချင် ရေးပေးမယ်လို့ပြောခဲ့ပါတယ်။ သူတို့အပေါ်မှာ အကြွေးဆပ်စရာရှိနေလို့ပါ။

 

ပထမဦးဆုံးရေးတာလည်းြစ်၊ နောက်ဆုံးရေးတာလည်း ဖြစ်ချင်ဖြစ်ပေမယ့် အမှာကို ရှည်ရှည်ရေးခွင့်ပြုပါ။ စာရေးသူအကြောင်း၊ စာအုပ်အကြောင်းက အားလုံးသိနေပြီးကြပြီဖြစ်လို့ မှာစရာသိတ်မရှိလှပါ။ ဆပ်စရာကြွေး မရေးခင် ပုဂ္ဂိုလ်အကြောင်း သိသလောက်တော့ ရေးပါမယ်။

 

ကိုချစ်ကောင်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီလှုပ်ရှားမှုအတွင်းမှာ တွေ့ကြတာနည်းပါတယ်။ တနေရာစီမှာ တာဝန်ယူနေရ လို့ပါ။ တခါတလေ တွေ့ကြတော့လည်း ပါတီရဲ့လမ်းစဉ်အကြပ်အတည်းကိစ္စကိုပဲ တိုးတိုးတိတ်တိတ် ဆွေးနွေးကြတာ များပါတယ်။ သူဟာ ရိုးသားသူ၊ ပွင့်လင်းသူ၊ အကောက်မကြံသူ၊ ပြည်သူ့အကျိုးကိုဦးထိပ်ထားသူလို့ တထစ်ချ ပြောနိုင်ပါတယ်။ အဲဒီဂုဏ်ုဒ်တွေအပြင် လူထု၊ တပ်ထု၊ အောက်ခြေထုနဲ့ အလွန်နီးစပ်သူ၊ ဟာသရှိသူလည်း ဖြစ်ပါတယ်။

 

၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးပြီးစက ပါတီဌာနချုပ်မှာ လူစည်ကားပါတယ်။ ကွန်မြူနစ်တွေချည်း စည်ကားနေတာမဟုတ်ပါ။ လေထီဆင်းတွေ၊ ဖက်ဆစ်တော်လှန်ရေးသမားတွေ အတော်လေးစုံပါတယ်။ ဗမာပြည်ဆိုရှယ်လစ်ပါတီဆိုတာ မရှိသေးပါ။ ဖဆပလနဲ့ ကွန်မြူနစ်ပဲရှိပါတယ်။ ဒါ့ကြောင့် စစ်အပြီး နိုင်ငံရေးသမားလူငယ်တွေရဲ့မိတ်ဆုံပွဲကြီးလို ဖြစ်နေပါတယ်။ နောင်အခါမှာ ဖဆပလအစိုးရ အဖွဲ့အတွင်းနဲ့ တခြားအစိုးရဌာနတွေမှာ ထိပ်တန်းတာဝန်ယူသူတွေပါ ရှိနေကြပါတယ်။ လူစုံတာကို ပြောချင်တာပါ။

 

အဲ့ဒီကာလကို ဗမာပြည်နိုင်ငံရေးလောကမှာ နောင် လူသုံးများလာမယ့် နိုင်ငံရေးဝေါဟာရတွေတီထွင်ကြတဲ့ ကာလပိုင်းလို့ ဆိုနိုင်ပါတယ်။ အတွေ့အကြုံလည်းစုံ၊ လူမျိုလည်းစုံ၊ ခေတ်ပညာလည်းတတ်ကြတော့ တီထွင် ကြပါတယ်။ အငြင်းအခုန်တွေလည်း များပါတယ်။ တနေ့မှာ လူထုဆိုတဲ့ဝေါဟာရနဲ့ပတ်သက်ပြီး အငြင်းအခုန် ဖြစ်ပါတယ်။ People ကို ပြည်သူ၊ Mass ကို လူထုလို့ အများသဘောကြိုက်ညီကြပါတယ်။ စောစောက ဒီနှစ်ခု ရောနေပါတယ်။ မန္တလေးမှာတုန်းက People ကို လူထုလို့လည်းပြန်ခဲ့ကြပါတယ်။ အခုထက်ထိတော့ လူထုတိုက်ရဲ့ အထိမ်းအမှတ် (Logo)ကိုကြည့်ပါ။ အဲ့ဒီအတိုင်း ပြန်ထားပါတယ်။ သူက သမိုင်းပစ္စည်းမို့ ပြင်ဖို့မလိုပါ။

ရန်ကုန်ရောက်ကြတော့မှ ပါတီက ပြည်သူနဲ့လူထု ဝေါဟာရဘာသာပြန် ပြောင်းသွားတာဖြစ်ပါတယ်။ မန္တလေးမှာတုန်းကတော့ အားလုံး တသဘောထဲပါ။ ကြီးပွားရေးဦးလှက အဲ့ဒီ လူထုကို သိပ်စွဲလမ်းနှစ်သက်ပြီး လူထုဦးလှဖြစ်သွားပါတယ်။

 

ရန်ကုန်ရောက်တော့ ဝေါဟာရပြောင်းတာအများညီပေမယ့် လူထုကိုဘယ်လိုစာလုံးပေါင်းမလဲဆိုတာမှာ ကွဲပါတယ်။ ကိုချစ်ကောင်းနဲ့တချို့က ဒုလို့ပေါင်းချင်တယ်။ အများက ထုကိုပဲကြိုက်ကြတယ်။ အငြင်းအခုန်ပြင်းထန်တဲ့တညမှာ သူဟာ တိုက်နံရံမှာ ဒုဆိုတာတွေ မြေဖြူနဲ့လျှောက်ရေးပါတယ်။ ဒါပေမဲ့ ကိုဗဟိန်းတို့ပါတီခေါင်းဆောင်တွေက ထုကိုပဲအတည်ပြုပေးလို့ သူဟာ ထုပဲ တသက်လုံးရေးသွားပါတယ်။ ပြောချင်တာက ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုကို သူ့ရဲ့ပါတီသက်တသက်လုံး လေးစားလိုက်နာတာပါပဲ။ ဘယ်လောက်အထိ လိုက်နာသလဲဆိုရင် သူ့ အနှစ် ၂၀ စာအုပ်အပေါ် အမြင်မကြည်လင်သူတွေက သူ့ကို နေရာချထားမှုမှားနေတာတောင် အသက်သေသည်အထိ သူ လိုက်နာသွားပါတယ်။      

 

သူ့အကြောင်း ဒီလောက်နဲ့နားပါမယ်။ ဆပ်စရာကြွေးကိစ္စဆက်ပါမယ်။ ပါတီရဲ့ တတိယကွန်ဂရက်စ်မတိုင်မီ ၁၉၇၅ ကတည်းက လက်ဝဲစွန်း အမှားနဲ့ပတ်သက်တဲ့ဆပ်စရာကြွေးတွေကို ဆပ်ပြီပါပြီ။ ဒါပေမယ့် အဲ့ဒီတုန်းက သဗ္ဗေသတ္တာဆပ်ထားတာဖြစ်လို့ အခု အတိအကျ အပြေအလည်ဆပ်ချင်တာပါပဲ။

 

လက်ဝဲစွန်းအမှားဆိုတာကို ဖြုတ်ထုတ်သတ်လမ်းစဉ်အမှားကို ပြောတာပါ။ ဒီ ဖြုတ်ထုတ်သတ်ဆိုတာ ပါတီတွင်းက သီးသန့်သုံးတဲ့ Jargon (အသုံးအနှုံး)ပါ။ တရားဝင်အမည်က ပါတီတွင်းတော်လှန်ရေးလမ်းစဉ်ပါ။ ဘရောက်ဒါဝါဒ လမ်းစဉ်၊ ၅၅ လမ်းစဉ်၊ ၆၄ လမ်းစဉ် စသည်ဖြင့် သုံးသလိုမျိုးပါ။ ဒါပေမယ့် ပါတီတွင်း သီးသန့်ဝေါဟာရက သစ္စာဖောက်နဲ့စစ်အစိုးရပေါင်းပြီး တပြည်လုံးကိုဖြန့်လိုက်တော့ ပြန့်သွားပါတယ်။ ဒါ့ကြောင့် တိုတိုပဲ ဖြုတ်ထုတ်သတ်လို့ သုံးလိုက်တာပါ။ ကွန်မြူနစ်တွေက ဝေါဟာရကို မကြောက်ပါဘူး။ ပါတီကို အလံဖြူလို့ သခင်စိုးက သမုတ်ခဲ့တယ်။ ဘယ်သူက အလံဖြူရုံနဲ့အားမရပဲ ရန်သူနဲ့ပေါင်းသွားသလဲဆိုတာ သမိုင်းက ပြပြီးပြီပဲ။

ပါတီက ဆပ်စရာအကြွေးတွေအားလုံးလောက် ဆပ်ပြီးပါပြီ။ နိုင်ငံခြားတင်တဲ့ကြွေးတောင် ပါပါတယ်။ ဒါလည်း ဆပ်ပြီးပါပြီ။ ဥပမာ ရဲဘော်ဂိုရှယ်ကိစ္စဆိုရင် အိန္ဒိယပြည်ကွန်မြူနစ်ပါတီအပေါ်တင်တဲ့အကြွေးပါ။ ကြွေးအားလုံး ကြေခဲ့ပါပြီ။

 

အခုဆပ်မယ့်အကြွေးက ရဲဘော်ချစ်ကောင်းနဲ့ ကိုသက်၊ ကိုဗဆွေလေး၊ ကိုစိုးဝင်း၊ ကိုကျော်ခင်၊ ကိုအောင်သိန်းနိုင်၊ ကိုခင်ဝင်း စသူတွေအပေါ် တင်ခဲ့တဲ့ကြွေးပါ။ ရှေ့ကရဲဘော် ၃ ယောက်ဟာ လက်ဝဲစွန်းလမ်းစဉ်မှားရဲ့ ပါတီ တည်ဆောက်ရေးနဲ့စစ်ရေးလမ်းစဉ်မှားမှုကြောင့် ကျဆုံးတာပါ။ ကာယကံမြောက် လက်ဝဲစွန်းအမှားရဲ့သတ်ဖြတ်ခြင်း ခံရတာ မဟုတ်ပါဘူး။ နောက် ရဲဘော်တချို့သာ ကာယကံမြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရန်သူကသတ်၊ အချင်းချင်းကသတ်နဲ့ ပါတီရဲ့ ပြည်တွင်းမြေအောက်အဖွဲ့အားလုံးနဲ့ အခြေခံဒေသအားလုံးဆုံးရှုံး ခဲ့ပါတယ်။ တကယ့်ကို အားလုံးပါ။ တော်လှန်ရေးအဆက်ဆက် အခြေခံခဲ့ရာတွေ ဆုံးရှူံးသွားပါတယ်။ နယ်စပ်မှာပဲ အခြေခံကျန်ပါတယ်။ တပါတည်း ကိုယ့်အားကိုယ်ကိုးအခြေခံလည်း ဆုံးရှူံးသွားပါတယ်။

 

ဒါတွေဟာ ၈၉ ထိခိုက်နစ်နာမှုရဲ့ ခပ်ဝေးဝေးက အကြောင်းတရားတွေပါ။ အနီးဆုံးအကြောင်းတရားကတော့ စစ်အေးခေတ်ြီးဆုံးခြင်းပါ။ နဝတ စစ်အစိုးရတို့၊ ဗိုလ်ခင်ညွန့်တို့ရဲ့ ကျွမ်းကျင်လိမ္မာမှုကြောင့် ငြိမ်းအဖွဲ့တွေ ပေါ်လာတာမဟုတ်ပါဘူး။

 

ဗကပ ၈၉ မှာ ထိခိုက်နစ်နာတာရဲ့ အဓိကတရားခံက လက်ဝဲစွန်းလမ်းစဉ်နဲ့ ကိုယ့်အားကိုယ်ကိုးအခြေခံ ပျက်ပြားမှုပါပဲ။

တရုတ်ပြည်တော်လှန်ရေးကာလက လီလီစန်း၊ ဝမ်မင် လက်ဝဲစွန်းအမှားကြောင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ ထိခိုက်တာမျိုးဖြစ်ပါတယ်။ တရုတ်ပြည်မှာဆိုရင် ဒေသဖြူက မြေအောက်အဖွဲ့အားလုံး အခြေခံဒေသ တော်တော် များများဆုံးရှုံးပြီး ခရီးရှည်ချီတက်ရတာမျိုးပါပဲ။

ကျနော်တို့ရဲ့ လက်ဝဲလမ်းစဉ်အမှားက တရုတ်ပြည်ထက်ပိုကြာပါတယ်။ ဘာ့ကြောင့်လဲ။ အမှားကိုမြင်ခွင့်နဲ့ ပြင်ခွင့်မရတာ နောက်ကျလို့ပါ။ ခါတိုင်းမှားရင် ဥက္ကဌသခင်သန်းထွန်းပဲမှားပြီး သူပဲစပြီး ပြင်ခွင့်ရခဲ့တာချည်းပါပဲ။ ၆၈ မှာတော့ သူကျဆုံးသွားလို့ အမှားမြင်ခွင့်၊ ပြင်ခွင့် သူ မရလိုက်ပါ။ ဥက္ကဌသခင်ဇင်လည်း အဲ့ဒီလိုပါပဲ။ ပြင်ခွင့်ရမသွားပါ။ သူက မှားနေတာကို မမြင်လို့မဟုတ်ပါ။ မြင်ပါတယ်။ ပြင်ဖို့အချိန်မရတာပါ။

 

တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးလုပ်တာကြတော့ ဘာ့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီလောက် မနာသလဲ။ ရှင်းပါတယ်။ အခြေအနေခြင်း မတူကြလို့ပါ။ တရုတ်ပြည်က ယဉ်ကျေးမှုတော်လှန်ရေးကို ကြိုက်သလောက်လုပ်၊ ပါတီကို ရန်သူက မချေမှုန်းနိုင်ပါ။ ကေအမ်ဒီက ထိုင်ဝမ်ပြေးနေရပြီ။ အမေရိကန်ရဲ့နယ်ချဲ့အောက် ခိုလှုံနေရတာ ကြာပါပြီ။ အမေရိကန်ကလည်း ၁၉၅၀-၅၃ မှာ ကိုးရီးယားစစ်ပွဲနဲ့ အားစမ်းထားပြီးသား။ အကြောင်းသိဖြစ်နေတယ်။ လောလောဆယ်လည်း ဗီယက်နမ်မှာ မရှူနိုင်မကယ်နိုင်ဖြစ်နေတယ်။ ပြီးတော့ တခြားစပါပါဝါကလည်း ရှိနေသေးတယ်။ သူ လုပ်ချင်ဦး မလုပ်နိုင်ပါ။

 

တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေးကို သူတို့ဆက်လုပ်နေလည်း တတိတိ တဖြည်းဖြည်းထိခိုက်တာပဲရှိမယ်။ ဗမာပြည်လို မဖြစ်နိုင်ဘူး။ ဗမာပြည်မှာက ရန်သူအင်အား အများကြီးရှိနေတယ်။ လုပ်နေတာကလည်း ရန်သူအားကြီးရာ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည် ဝိုင်းပတ်နေတဲ့ပဲခူးရိုးမမှာ

ရန်သူကို တဖက်ကတိုက်ရင်း ဆန်သယ်စားပြီး တောထဲမှာလုပ်နေရတဲ့ဘဝပဲ။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်ဝဲစွန်းလမ်းစဉ်ကို တရုတ်ပြည်ပါတီက လုပ်ခိုင်းနေတာလို့ရေးထားတဲ့စာအုပ် ဖတ်ရပါတယ်။ သူရေးတာနဲ့ ပြောင်းပြန်ပါပဲ။ အခြေအနေမသိပဲ အဝေးကနေ အကြံပေးမှားတာကိုခံရဖူးတဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဘယ်တော့မှ အဲ့ဒီ အကြံပေးတာမျိုးမလုပ်ပါ။ တကယ့်ဖြစ်ရပ်မှန် မသိလို့သော်လည်းကောင်း၊ တရုတ်ပြည်နဲ့ တရုတ်ပါတီဆန့်ကျင်ရေး ရေးမှ စားသာမှာမို့ သော်လည်းကောင်း၊၊ နှစ်ခုစလုံးသော်လည်းကောင်း အဲ့ဒီလူက လူတတ်လုပ်ပြီးရေးတာ ဖြစ်ပါလိမ့်မယ်။

 

တဖန် ပဲခူးရိုးမမှာ မှားနေတာကို နယ်စပ်က ထိုင်ကြည့်နေသလားလို့မေးရင် ထိုင်မကြည့်ဘူး၊ လုပ်စရာအားလုံး လုပ်တယ်လို့ပဲ ဖြေရပါမယ်။ ၁၉၆၈ တုန်းက ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းဆီ ထောင်ထဲကနေစာပို့တယ်။ စာရဲ့အချုပ်သဘောကတော့ နယ်စပ်ကနေ ပဲခူးရိုးမကို ဟိုချမင်းလမ်းဖွင့်ခွင့် ဗမာပြည်ကွန်မြူနစ်ပါတီကိုမပေးပါနဲ့၊ ပေးမိရင်သွားပြီ၊ သူတို့စစ်အုပ်စုရှုံးပြီလို့ရေးတာပါပဲ။ ဒါ့ကြောင့် အဲ့ဒီလမ်းမပွင့်အောင် နည်းမျိုးစုံနဲ့လုပ်တယ်။ ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်း၊ အင်းလေး၊ ပျဉ်းမနား၊ ရွှေကျင်နယ်၊ ညောင်လေးပင် ရှေ့မှာ ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေဖြစ်ခဲ့သလဲ၊ အဲ့ဒါကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။ တဖက်ကလည်း ပါတီထဲမှာ လမ်းစဉ် ၂ ခု၊ ဗဟို ၂ ခုမဖြစ်အောင်လည်း ထိန်းရပါတယ်။လက်ဝဲလမ်းစဉ်များကိစ္စ ဒီလောက်ပဲရေးပါ့မယ်။

 

ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုမှာ ဖွဲ့တော့ဘယ်သူတွေပါကြသလဲ။ ဗကသ ဟောင်းတွေချည်းလို့ ဆိုရ မလောက်ပါပဲ။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှဖေ၊ ဂိုရှယ် စသူများအပြင် နယ်က ဗကသဟောင်းတွေချည်းပါပဲ။

ရဲဘော်ချစ်ကောင်းလည်း အဲ့ဒီမျိုးဆက်က ဗကသဟောင်းပါပဲ။ ကျောင်းသားမျိုးဆက်ဆိုတာ မျိုးဆက်ပြောင်းတာ မြန်ပါတယ်။ ကျောင်းဆွေးဆွေး နေတဲ့သူကလွဲရင် တက္ကသိုလ်ပဲဖြစ်ဖြစ်၊ အထက်တန်းကျောင်းပဲဖြစ်ဖြစ် ၄-၅ နှစ်တကြိမ် မျိုးဆက်ပြောင်းနေတာပါပဲ။

 

ဖက်ဆစ်တော်လှန်ရေးအထိ အဲ့ဒီလိုပဲ ပါတီအတွက်အားသစ်တွေ ဗကသ ကနေ လာနေတာပါ။ ဗကသဟောင်းဟာ နိုင်ငံရေးသာ ဆက်လုပ်ဖြစ်ရင် ဗကပပဲအဖြစ်များပါတယ်။ ဗကသ သမိုင်းကိုပဲ လေ့လာကြည့်ပါ။ တရားဝင်ဗကသဟာ ၁၉၆၂ မှာ တကသအဆောက်အဦးနဲ့အတူ အဆုံးသတ်သွားပါတယ်။ အဲ့ဒီ ၁၉၆၂ ဗကသ နောက်ဆုံးမျိုးဆက် တောခို ကြတော့ ပါတီရဲ့လက်ဝဲစွန်းလမ်းစဉ်နဲ့ တိုးမိပါတယ်။ ထိခိုက် ကျဆုံးပါတယ်။ အဲ့ဒါကိုပဲ ပါတီအပေါ်တင်တဲ့အကြွေးလို့ ကျနော် ယူဆပါတယ်။ ဒါ့ကြောင့် ကြွေးဆပ်တယ်လို့ သုံးလိုက်တာပါပဲ။

 

ဒါဟာလည်း ယာယီပြတ်တောက်သွားတဲ့မျိုးဆက်ပါ။ ကျောင်းသားလှုပ်ရှားမှုရှိရင် ဗကသရှိပါတယ်။ တရားဝင်ပုံစံနဲ့မဟုတ်ရင်လည်း မြေအောက်ပုံစံရှိပါတယ်။ မဆလ စစ်အစိုးရခေတ်၊ နဝတ နအဖ စစ်အစိုးရခေတ်လှုပ်ရှားမှုသမိုင်းမှာ လက်နက်ကိုင်ဗကပနဲ့ မြေအောက်ဗကသ လက်တွဲခဲ့တာချည်းဖြစ်ပါတယ်။ လက်ဝဲစွန်းလမ်းစဉ်မှာ ပါတီတည်ဆောက်ရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်၊ မြေယာလမ်းစဉ် စသည်ဖြင့်ရှိပါတယ်။ အားလုံး လက်ဝဲစွန်းချည်းပါ။ အဲ့ဒီကြွေးတွေတင်နေတာကိုဆပ်ဖို့ ပါတီမှာ တာဝန်ရှိပါတယ်။ လူသိရှင်ကြားမှားခဲ့တဲ့အမှားကို လူသိရှင်ကြားပြင်ချင်လို့ အမှာရေးလိုက်တာပါ။

 

ဗိုလ်(ဒေါက်တာ)မောင်မောင် ၁၉၈၈ တုန်းက တကသအဆောက်အဦးကို ပျော်တပါးတည်ဆောက်ကြပါစို့လို့ ပြောခဲ့ပါတယ်။ သူတို့ဆောက်ပေးမှ မဟုတ်ပါ။ ကျောင်းသားများရဲ့ တရားဝင်ဖြစ်လာတဲ့ ဗကသကပဲ တည်ဆောက် ကြရပါ့မယ်။ ဒီမိုကရေစီရှိမရှိ ပြဒါးတိုင် တိုင်းချင်ရင် သမဂ္ဂကြီး(၄)ခု ရှိမရှိနဲ့တိုင်းရမယ်လို့ ယူဆပါတယ်။ ဗကသ၊ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ လုပ်ငန်းအလိုက်သမဂ္ဂများ ဒီလေးခုကို ဆိုလိုပါတယ်။

 

ရဲဘော်ချစ်ကောင်းဟာ ဗကပ ပထမဦးဆုံးထုတ်တဲ့ပြည်သူ့အာဏာမှာ စာတည်းအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ကျောင်းသား ဘဝကလည်း စာရေးဖူးတဲ့ လက်စလက်နရှိလို့ အရေးအသားကျွမ်းကျင်ပါတယ်။ သူရေးခဲ့တဲ့ အနှစ် နှစ်ဆယ် ပြန်ထုတ်တဲ့ရဲဘော်များကို ကျေးဇူးတင်ပါတယ်။

 

ရဲဘော်ချစ်ကောင်းဟာ ဗဟိုချုပ်ကိုင်မှုကိုနာခံရင်း ကျဆုံးပါတယ်။ ဂုဏ်ရောင်ပြောင်တဲ့ကျဆုံးမှုပါ။

ဗဟိုချုပ်ကိုင်မှုကို ရဲဘော်ချစ်ကောင်း နာခံတာဟာ မျက်ကန်းနာခံမှုမဟုတ်ပါ။ ပါတီရဲ့အများဟာ ရပ်တည်ချက်အမှားမဟုတ်တာကို သူ သိပါတယ်။ ပါတီရဲ့အမှားက မူကိုပစ်ပယ်ပြီး ရန်သူနဲ့ပေါင်းတဲ့အမှား မဟုတ်ပါဘူး။ ဗကပဟာ ပါတီသက် (၆ဝ)ကျော်အတွင်း ရပ်တည်ချက် အမှား ဘယ်တုန်းကမှ မကျူးလွန်ခဲ့ပါ။ မှားခဲ့တဲ့အမှားတွေက အမြင်ဆိုင်ရာအမှား၊ နည်းနာအမှားများဖြစ်ပါတယ်။ ရပ်တည်ချက်၊ အမြင်နဲ့နည်းနာ ဒီ ၃ ခုရှိရာမှာ ရပ်တည်ချက်ဟာ အခရာအကျဆုံးပါ။ ဒါ့ကြောင့်လည်း ရဲဘော်ချစ်ကောင်းဟာ ရန်သူကိုအမုန်းလွန်သွားပြီး အစွန်းရောက်တဲ့အမှားကို သည်းညည်းခံပြီး ဗဟိုချုပ်ကိုင်မှုကို နာခံခဲ့တာပါပဲ။

ရဲဘော်ချစ်ကောင်းဟာ ရပ်တည်ချက်မှားသွားရင် ဘယ်သူမှားမှား သည်းညည်းခံငြိမ်နေမှာမဟုတ်တဲ့လူစားမျိုး၊ မူအပေါ်မှာ အလွန်ကြံ့ခိုင်တဲ့ကွန်မြူနစ်ကောင်းရဲဘော်ကြီးဖြစ်ပါကြောင်း။

ရဲဘော်ကျင်မောင်

၃ လပိုင်း ၂ ရက် ၂ဝဝ၁ ခု