“နိုင်ငံခြားအထောက်အပံ့ခံ CSO ၊ NGO များသတိရှိဖို့”
(မောင်ရိုးရှင်း)
တနေ့ကဖေ့စ်ဘုတ် လူမှုစာမျက်နှာပေါ်မှာကျောင်းသူမလေးတယောက်ကဒီလိုရေးလိုက်တယ်။ သူ့ဆရာကပြောတယ်။ သူတပါးကိုကူညီတယ်ဆိုတာဘာကိုမှမျှော်လင့်မထားဘဲကူညီတာအကောင်းဆုံးလို့။ ဒါပေမဲ့ ကလေးမလေးကသူ့စဉ်းစားမှုကို ပြန်ရေးတယ်။ သမီးကလူတယောက်ဖြစ်လို့ တုံ့ပြန်မှုကိုလိုလားတယ်တဲ့။ ဘယ်အတွေးအခေါ်ကပိုမှန်လဲ။ လက်တွေ့နဲ့ ပိုနီးစပ်လဲဆိုတာစဉ်းစားစရာ ဖြစ်လာတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှုး ရဲဘော်ထွန်း(ဗိုလ်ကြင်မောင်)က ပြောဖူးတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကိုတရုတ်ပြည်ကအကူအညီပေးနေတာနဲ့ ပတ်သက်လို့ပါ။ ထိုစဉ်ကဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဌဖြစ်တဲ့ သခင်ဘသိန်းတင်နဲ့အဖွဲ့ တရုတ်နိုင်ငံမြို့တော်ပီကင်းကိုရောက်နေချိန် ပါ။ တရုတ်ပြည်ကွန်မြူနစ်ပါတီဥက္ကဌကြီးမော်စီတုန်းကလက်ခံတွေ့ဆုံပါတယ်။ သခင်ဘသိန်းတင်ကဗမာ ပြည်ကွန်မြူနစ်ပါတီကိုအကူအညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောပါတယ်။ အဲဒီအခါမှာဥက္ကဌကြီးမော်စီတုန်းကကျေးဇူးတင်စရာမလိုကြောင်း၊ခင်ဗျားတို့ကိုအကူအညီပေးတာ ကျွန်တော်တို့မှာလည်းအကျိုးရှိလို့ ပေးတာဖြစ်ကြောင်း၊ အကူအညီပေးတယ်ဆိုတာပေးတဲ့သူကလည်းအကျိုးရှိမှ ပေးတာဖြစ်ကြောင်း၊ အကျိုးမရှိဘဲဘယ်သူမှ အကူအညီမပေးကြောင်းပြောပြပါတယ်။ဒါဟာဥက္ကဌကြီးမော်ရဲ့ ဗမာရဲဘော်တွေကိုသွန်သင်ပေးချက်တခုလည်း ဖြစ်ပါတယ်။ ဒီသွန်သင်ပေးချက်နဲ့ကင်းလွတ်တဲ့ အကူအညီဆိုတာရှိနိုင်ပါသလား။ ဆန်းစစ်ကြည့်ရအောင်ပါ။
အကူအညီဆိုတာပုံစံအမျိုးမျိုးရှိတာပါ။ လူမှုရေးအရ၊ဘာသာရေးအရ၊ နိုင်ငံရေးအရ၊စီးပွားရေးအရအမျိုးမျိုးရှိနိုင်ပါတယ်။ ဘာသာရေးအရလုပ်တဲ့ အလှူအတမ်းတွေမှန်သမျှ၊အကူအညီမှန်သမျှဟာအကျိုးရလာဒ်အနေနဲ့ ကောင်းမှုကုသိုလ်ဆိုတဲ့ အကျိုးအမြတ်ကိုမျှော်ကိုးပြီးလှူကြတမ်းကြတာပါ။ အခုဘဝကုသိုလ်၊ နောင်ဘဝကုသိုလ် စတာတွေကိုရရှိခံစားစံစားရမယ်လို့ ယုံကြည်ကြတာပါ။ တချို့ကလည်းအလှူ့ရှင်ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ၊နာမည်ကျော်ကြားမှုတွေကိုရယူပိုင်ဆိုင်လိုကြတာပါ။ အနိမ့်ဆုံးအခုဘဝဆင်းရဲနေရင်တောင် နောင် ဘဝကျချမ်းသာမှာဆိုတဲ့ ပီတိကိုတော့ ခံစားချင်ကြတာပါ။
ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတခုကိုမဲပေးတာဟာလည်းအဲဒီနိုင်ငံရေးပါတီအနိုင်ရဖို့၊အာဏာရဖို့ နိုင်ငံသားတွေကပေးတဲ့အကူအညီပါပဲ။ ဒီပါတီကပေးထားတဲ့ ရွေးကောက်ပွဲမက်လုံးတွေကိုရယူလို၊ခံစားစံစားလိုတဲ့ စိတ်နဲ့ ပေးကြတာပါ။ ဒီပါတီကရွေးကောက်ပွဲနိုင်ပြီးအစိုးရဖြစ်လာတဲ့အခါ ရွေးကောက်ပွဲမှာပေးထားတဲ့ ကတိတွေ၊မက်လုံးတွေကိုအကောင်အထည်မဖော်နိုင်ဘဲချောင်ထိုးထားလိုက်တဲ့အခါကျမှ ငါတို့မဲပေးလိုက်တာအလဟဿဖြစ်ပြီဆိုတာသိကြရတာပါ။
နိုင်ငံရပ်ခြားကဥပမာတခုကို ကြည့်ရအောင်ပါ။ ကမ္ဘာကျော်အစ္စလမ်အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကိုဖမ်းဆီးသုတ်သင်ဖို့လုပ်ဆောင်စဉ်က ဖြစ်ပါတယ်။ ဘင်လာဒင်သတ်ဖြတ်သုတ်သင်ရေးကိုနာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ အမေရိကန်ထောက်လှမ်းရေး CIA က ပါကစ္စတန်နိုင်ငံအတွင်းမှာလျှို့ဝှက်စစ်ဆင်ရေးလုပ်ဆောင်နေတာပါ။ သူတို့ရဲ့လျှို့ဝှက်စစ်ဆင်ရေးကိုလုပ်ဆောင်ပေးရတဲ့သူတွေကပါကစ္စတန်နိုင်ငံသားကျန်းမာရေး NGO တခုကဝန်ထမ်းတွေပါ။ ဘင်လာဒင်လိုမွတ်စလင်ဘာသာရေးခေါင်းဆောင်တယောက်ကိုဖမ်းပေးဖို့ဆိုရင် ဘယ်ပါကစ္စတန်နိုင်ငံသားကမှ လုပ်ပေးမှာမဟုတ်ပါဘူး။ ဘာအကူအညီမှလည်းပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘင်လာဒင်ရှိတယ်လို့ သတင်းရထားတဲ့ နေရာတဝိုက်ကိုကျန်းမာရေးအရသွေးဖောက်စစ်ဆေးဖို့ အစီအစဉ်တခု CIAက ဒေသခံကျန်းမာရေးNGOတခုကိုလျှို့ဝှက်လုပ်ဆောင်စေခဲ့ပါတယ်။ ဒေသခံကျန်းမာရေးNGO ဝန်ထမ်းတွေက CIA ရဲ့ လျှို့ဝှက်စစ်ဆင်ရေးမှန်းမသိဘဲသွေးရိုးသားရိုးနဲ့ မိမိနိုင်ငံ၊မိမိပြည်သူအကျိုးအတွက်လို့ ယူဆပြီးလုပ်ဆောင်ပေးခဲ့ကြတာပါ။ အဲဒီစီမံကိန်းရဲ့လုပ်ဆောင်မှုကြောင့် ဘင်လာဒင်နေတဲ့နေရာကိုအတိအကျဖေါ်ထုတ်ရရှိသွားပြီးဘင်လာဒင် လုပ်ကြံခံခဲ့ရတာပါ။ နောက်ဆက်တွဲအနေနဲ့ ဒေသခံကျန်းမာရေး NGO ဝန်ထမ်းတွေကြောင့် ဘင်လာဒင်အသတ်ခံရတယ်လို့ တာလီဘန်အဖွဲ့ကသဘောထားပြီး NGO ဝန်ထမ်းတွေကိုလိုက်လံသတ်ဖြတ်တာတွေ၊တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကြပါတယ်။
ဒီနေ့ခေတ် ဗမာ့နိုင်ငံရေးအခင်းအကျင်းမှာနိုင်ငံတကာအထောက်အပံ့တွေ ပုံစံမျိုးစုံနဲ့ဝင်ရောက် နေရာယူထားကြပါတယ်။ နိုင်ငံတွေ၊အဖွဲ့အစည်းတွေ များသလောက် ဦးတည်ချက်၊ရည်ရွယ်ချက်တွေကလည်းကွဲပြားခြားနားလှပါတယ်။ သေချာတာကတော့ ဗမာနိုင်ငံ၊ဗမာပြည်သူလူထုနဲ့ တိုင်းရင်းသားတွေကိုချစ်လွန်းလို့ပေးနေကြတာမဟုတ်ပါဘူး။ သူတို့အကျိုးစီးပွားတွေကိုအဓိကထားပြီးပေးကြတာပါ။ အပြင်ဘန်းကြည့်ရင် သူတို့ပေးနေတဲ့အကူအညီတွေကအဓိကလို့ ထင်ရပါတယ်။ သူတို့အကျိုးစီးပွားတို့၊ရည်ရွယ်ချက်တို့ကိုတော့ ဖျောက်ထားတတ်ကြပါတယ်။
ဟိုတလောကတိုင်းရင်းသားဒေသတခုမှာ ဖြစ်သွားတာကိုပဲ ကြည့်ပါ။ ဘာသာရေးအဖွဲ့အစည်းနာမည်နဲ့ နိုင်ငံခြားကအကူအညီတွေပေးထားပါတယ်။ ဒါပေမဲ့ ဘာသာရေးထက်ပိုပြီးလုပ်ဆောင်တာတွေရှိလာတော့ ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းကသည်းညည်းမခံနိုင်တော့ဘဲအင်အားသုံးရှင်းလင်းရသည်အထိ ဖြစ်လာတာကိုတွေ့ကြရမှာပါ။ နယ်ချဲ့စနစ်ပေါ်ထွန်းစအချိန်ကတည်းကနယ်ချဲ့စနစ်မှာအဓိကလက်နက် ၃ခုရှိပါတယ်။ စစ်ရေး၊ကုန်သွယ်ရေးနဲ့ ဘာသာရေးတို့ပါ။ အဲ့ဒီအချိန်ကတည်းကနယ်ချဲ့နိုင်ငံကြီးတွေဟာကိုလိုနီနိုင်ငံတွေကိုထိုးနှက်ဖို့ ဘာသာရေးမစ်ရှင်တွေကိုကောင်းကောင်းအသုံးချခဲ့ကြတာပါ။ ဒီနေ့အထိလဲပုံစံပြောင်း၊အသွင်ပြောင်းသွားတာပဲရှိတာပါ။ အနှစ်သာရကတော့ မပြောင်းလဲပါဘူး။
နိုင်ငံခြားအထောက်အပံ့နဲ့ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေ များလှပါတယ်။ အဖွဲ့အစည်းတိုင်းလိုလိုငွေကြေးထောက်ပံ့ပေးတဲ့ နိုင်ငံခြားအဖွဲ့အစည်းကိုသူတို့တောင်းဆိုတဲ့ ဒေတာတွေ၊အချက်အလက်တွေ စုဆောင်းပေး ကြရပါတယ်။ လုပ်သမျှအလုပ်တွေကိုအစီရင်ခံစာပေါင်းများစွာနဲ့ အမြဲတမ်းအစီရင်ခံနေကြရတာပါ။ သူတို့ ဖြန့်ဖြူးချင်တဲ့ အတွေးအခေါ်အယူအဆတွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖြန့်ဝေပေးနေရတာပါ။ ဒီအတွက်လည်းလိုအပ်တဲ့ငွေကြေးကိုထောက်ပံ့ပေးထားပါတယ်။
ဒီနေ့ မြန်မာနိုင်ငံရဲ့ ဒေတာအချက်အလက်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေကိုစီးဝင်ရောက်ရှိနေတာပါ။ လက်ရှိအစိုးရကလက်ခံရရှိတဲ့ ဒေတာတွေထက် ပိုများပြီးပိုအသေးစိတ်ကျမယ်လို့ ယူဆရပါတယ်။ ဒီဒေတာတွေကိုလက်ခံရရှိတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေကရော၊စီအိုင်အေလိုကမ္ဘာကိုခြိမ်းခြောက်နေတဲ့၊ကိုင်လှုပ်နိုင်တဲ့ အဖွဲ့အစည်းတွေဆီကိုလက်ဆင့်မကမ်းဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ မြန်မာနိုင်ငံအကြောင်းကို မြန်မာအစိုးရထက်၊ မြန်မာနိုင်ငံရေးသမားတွေထက် သူတို့ကပိုသိ၊ပိုနားလည်နေတာမျိုးတောင် မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ကိုယ့်နိုင်ငံရဲ့အားနည်းချက်၊အားကောင်းချက်တွေကိုကိုယ့်ထက်ပိုသိပြီးကိုယ့်ကိုပြန်ချုပ်ကိုင်လာတာရောမဖြစ်နိုင်ဘူးလား။ စဉ်းစားစရာတွေ အများကြီးပါ။
ဒါဆိုရင် နိုင်ငံခြားအထောက်အပံ့ဆိုတာတွေအပေါ်မှာအရင်ကထက်ပိုပြီးအလေးအနက်ထားဖို့ ဆင်ခြင်ကြဖို့ လိုအပ်လာပြီပေါ့။
(မောင်ရိုးရှင်း)
17.1.2019
0 comments:
Post a Comment