(ဒီအတိုင်းတော့ မသေစေချင်)
ဗိုလ်ခင်ညွန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသယောင်ယောင် ဟိုမှသည်မှကြားနေရ၏။ ဟုတ်ချင်လည်းဟုတ်လိမ့်မည်။ ဟုတ်ဟုတ်မဟုတ်ဟုတ် လူတွေက သူ့ကို သက်တမ်းအတိုင်းနေပြီး သေသွားတာလည်း မမြင်ချင်သလို ရောဂါတခုခုဖြင့် မြန်မြန်သေသွားမှာလည်း မလိုလားကြ။ လူထုခုံရုံး သို့မဟုတ် ပြည်သူ့အစိုးရတရားရုံးတခုခုတွင် သူနှင့် သူ့လူများ ကျူးလွန်ခဲ့ကြသည့် အပြစ်များကို ထိုက်ထိုက်တန်တန်ခံယူပြီးမှ ဘဝကူးကြစေချင်မှန်း သိသာ၏။ အနည်းဆုံးတော့ "ကျနော် မှားခဲ့ပါတယ်၊ လက်လွန်ခြေလွန်တွေ ကျူးလွန်မိခဲ့ပါတယ်၊ နောင်တရပါပြီ" အစရှိသဖြင့် တိုင်းပြည်နှင့်လူထုကို နိုင်ငံသိတရားဝင် တောင်းပန်ဝန်ချသွားစေချင်ကြ၏။
သူ ဘုန်းမီးနေလတောက်ပ၍ သူ့လူများတန်ခိုးထွားချိန်က တိုင်းပြည်နှင့် လူထုအပေါ် ကျူးလွန်ခဲ့သည်များကလည်း သက်သေသာဓကအစုံအလင် ရှိနေကြ၏။ လူသက်သေတွေပြပါဆိုလျှင် နဝတ/နအဖခေတ်နိုင်ငံရေးအကျဉ်းသား (ဟောင်း)အားလုံး ရှေ့ဆုံးကနေ ထွက်လာမှာသေချာ၏။ ထပ်တိုးသက်သေတွေအဖြစ် ဘဝဒုက္ခမျိုးစုံ ခါးစည်းခံခဲ့ရသည့် မိသားစုဝင်များလည်းပါ၏။ ထို့အတူ သူတို့ ဒုက္ခပေးခဲ့သည့် အခြား အစိုးရအရာထမ်းအမှုထမ်းများနှင့် ပြည်သူပြည်သားများလည်း အနမတဂ္ဂရှိနေ၏။
စစ်အာဏာရှင်စနစ်/စစ်အစိုးရပေးသောဒုက္ခတွေ မချိမဆန့်ခံကြရတာချင်းအတူတူ ဗိုလ်ခင်ညွန့် တယောက်တည်းကိုမှာ ဘာလို့ကွက်ပြီး ပိုစက်ဆုတ်ကြ ပိုမုန်းကြရသလဲဆိုတာတော့ တွေးစရာရှိ၏။ အကြောင်းဇစ်မြစ် သုံးချက်ရှိမည်ထင်၏။ တခုက လုပ်သူဘက်။ တခုက တိုက်ရိုက်ခံရသူဘက်။ တခုက ယခုမှ “ငါးတကာယိုသည့်ချေး ပုဇွန်ခေါင်းပုံချ”ပြီး ကိုယ်လွတ်ရုန်းသူများဘက်။
လုပ်သူဘက်ကတော့ ရှင်းသည်။ စစ်ထောက်လှမ်းရေးအလုပ်က ပြည်တွင်းနေပြီး နိုင်ငံရေးအရ ဆန့်ကျင်အံတုနေကြသည့် ပြည်သူများကို နှိပ်ကွပ်ရန်သက်သက်ပင်။ အထက်ကချပေးသည့်ပေါ်လစီတွေကို တသွေမတိမ်းအကောင်အထည် ဖော်ရသူများ။ ဗိုလ်ခင်ညွန့်က ထို “အထက်က”ဆိုသူများထဲကတယောက်။ မလွဲသာမရှောင်သာ အမိန့်နာခံပြီး လုပ်ရသူမဟုတ်။ သူကိုယ်တိုင်ပေါ်လစီချသူနှင့် ဆုံးဖြတ်ချက်ပေးသူ Policy maker and decision maker။ ကိုယ်တိုင် တက်တက်ကြွကြွ စိတ်လိုလက်ရ အကောင်အထည် ဖော်ခဲ့သူ။ ထို့ကြောင့် လက် ပို “ပေါ်”၏။ သိသာမြင်သာ၏။
တိုက်ရိုက် ခံရသူတွေဘက်ကတော့ နိုင်ငံရေးသမားများ နိုင်ငံရေးနှင့် တနွယ်ငင်တစင်ပါသူများ။ ပြောနိုင်ဆိုနိုင် ရေးနိုင် ဖွင့်ချနိုင်သူများ။ ပြောတတ်ဆိုတတ် ရေးတတ်ဖော်ထုတ်တတ်သူများ။ ကိုယ့်အသံ လူကြားအောင် လုပ်နိုင်/လုပ်တတ်သူများ။ လုပ်ခွင့်ရှိသူများ။ နိုင်ငံရေးထဲနယ်ပယ်ထဲမှသာမက စာပေနှင့်ယဉ်ကျေးမှုနယ်ပယ်မှ ပုဂ္ဂိုလ်များပါဖြစ်နေ၏။ ထိုသူများက ကိုယ်ခံရတာတွေကိုရော သူတပါးခံခဲ့ရတာတွေကို နည်းမျိုးစုံသုံးပြီး ပြောလည်းပြော၏။ ပြောလည်း ပြောတတ်ကြ၏။ ဖွင့်လည်း ချကြ၏။ ထို့ကြောင့် လူထုကြားတွင် စစ်ထောက်လှမ်းရေး၏လုပ်ရပ်တို့ ပို “ပွင့်ကျ”၏။ လူတွေပိုသိကြ၏။
တတိယအကြောင်းအချက်ဖြစ်သည့် “ငါတို့မပါ သူချည်းသာ”လုပ်သူများကတော့ စစ်ဗိုလ်ကြီးငယ် အဟောင်းအသစ်များနှင့် စစ်အာဏာရှင်စနစ်ကိုကာကွယ်သူများပင်။ လုပ်တုန်းက တကြိတ်တည်း တဉာဏ်တည်း တသွေးတည်းတသံတည်း လုပ်ခဲ့ကြပြီး ခုချိန်ကျမှ ကိုယ်လွတ်ရုန်းရင်း ရန်တိုက်ရင်း အဆင်းဘီးတပ်ပေးရင်း လက်သီးပုန်းထိုးသူများကြောင့်ပင်။ စစ်အုပ်စုက ဗိုလ်ခင်ညွန့်နှင့် သူ့ဂိုဏ်းကို ဖြုတ်ထုတ်ရှင်းလုပ်ခဲ့ကြသည်မှာ တိုင်းပြည်အပေါ်ကျူးလွန်တာတွေကြောင့် မဟုတ်ပဲ သူတို့ချင်း စားမန်ခုတ် စားခွက်လုပွဲတွေကြောင့်မှန်း လူတိုင်းသိသော်လည်း တိုင်းပြည်အပေါ်မဟုတ်တာတွေလုပ်၍ အာဏာတွေအလွဲသုံးစားလုပ်၍ ဖမ်းဆီးအရာချ ထောင်ချရသယောင်ယောင် ဝါဒ တွင်တွင်ဖြန့်ထား၏။ ထိုအချိန်က ဗိုလ်ရွှေမန်းပြောခဲ့သည့် “ဥပဒေအထက်တွင် ဘယ်သူမှမရှိ”ဆိုသည်ကို ဟုတ်လိမ့်နိုးနိုး ဘယ်သူမှ မထင်ကြသော်လည်း ဗိုလ်ခင်ညွန့်တို့ပြုတ်တာကို လူတိုင်းဝမ်းသာကြ၏။ ဘယ်အချိန်မှာဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဗိုလ်ခင်ညွန့်ဒဏ် တိုက်ရိုက်ခံရသူတွေအဖို့ ကမ္ဘာမကြေနိုင်စရာပင်။
ထိုအကြောင်းဇစ်မြစ် ၃ ချက်ကြောင့် ဗိုလ်ခင်ညွန့်နှင့်သူ့လူများကို လူရွံလူမုန်းပိုများ၏။ လူ့ အစက်အဆုတ်ပို၏။
ယခု ဗိုလ်ခင်ညွန့် ကိုဗစ်ဖြစ်နေသည်ဆို၏။ လူတွေက သူ့ကို ဒီအတိုင်းသေမသွားစေချင်။ ထိုအထဲ ကျနော်လည်း ပါ၏။
မျိုးမြင့်ချို။
ဇန်နဝါရီ ၉၊ ၂၀၂၁
0 comments:
Post a Comment