ကာနယ်လ်ချစ်ကောင်းရဲ့ “အနှစ် နှစ်ဆယ်” စာအုပ်မှာ ရဲဘော်ကျင်မောင်ရေးခဲ့တဲ့အမှာစာ
ဗိုလ်မှူးချစ်ကောင်းစာအုပ်ပြန်လည်ထုတ်ဝေရာမှာ အမှာစာရေးပေးဖို့တောင်းခံတော့ ချက်ချင်းပဲ လိုလိုချင်ချင် ရေးပေးမယ်လို့ပြောခဲ့ပါတယ်။ သူတို့အပေါ်မှာ အကြွေးဆပ်စရာရှိနေလို့ပါ။
ပထမဦးဆုံးရေးတာလည်းဖြစ်၊ နောက်ဆုံးရေးတာလည်း ဖြစ်ချင်ဖြစ်ပေမယ့် အမှာကို ရှည်ရှည်ရေးခွင့်ပြုပါ။ စာရေးသူအကြောင်း၊ စာအုပ်အကြောင်းက အားလုံးသိနေပြီးကြပြီဖြစ်လို့ မှာစရာသိတ်မရှိလှပါ။ ဆပ်စရာကြွေး မရေးခင် ပုဂ္ဂိုလ်အကြောင်း သိသလောက်တော့ ရေးပါမယ်။
ကိုချစ်ကောင်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီလှုပ်ရှားမှုအတွင်းမှာ တွေ့ကြတာနည်းပါတယ်။ တနေရာစီမှာ တာဝန်ယူနေရ လို့ပါ။ တခါတလေ တွေ့ကြတော့လည်း ပါတီရဲ့လမ်းစဉ်အကြပ်အတည်းကိစ္စကိုပဲ တိုးတိုးတိတ်တိတ် ဆွေးနွေးကြတာ များပါတယ်။ သူဟာ ရိုးသားသူ၊ ပွင့်လင်းသူ၊ အကောက်မကြံသူ၊ ပြည်သူ့အကျိုးကိုဦးထိပ်ထားသူလို့ တထစ်ချ ပြောနိုင်ပါတယ်။ အဲဒီဂုဏ်ပုဒ်တွေအပြင် လူထု၊ တပ်ထု၊ အောက်ခြေထုနဲ့ အလွန်နီးစပ်သူ၊ ဟာသရှိသူလည်း ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးပြီးစက ပါတီဌာနချုပ်မှာ လူစည်ကားပါတယ်။ ကွန်မြူနစ်တွေချည်း စည်ကားနေတာမဟုတ်ပါ။ လေထီဆင်းတွေ၊ ဖက်ဆစ်တော်လှန်ရေးသမားတွေ အတော်လေးစုံပါတယ်။ ဗမာပြည်ဆိုရှယ်လစ်ပါတီဆိုတာ မရှိသေးပါ။ ဖဆပလနဲ့ ကွန်မြူနစ်ပဲရှိပါတယ်။ ဒါ့ကြောင့် စစ်အပြီး နိုင်ငံရေးသမားလူငယ်တွေရဲ့မိတ်ဆုံပွဲကြီးလို ဖြစ်နေပါတယ်။ နောင်အခါမှာ ဖဆပလအစိုးရ အဖွဲ့အတွင်းနဲ့ တခြားအစိုးရဌာနတွေမှာ ထိပ်တန်းတာဝန်ယူသူတွေပါ ရှိနေကြပါတယ်။ လူစုံတာကို ပြောချင်တာပါ။
အဲ့ဒီကာလကို ဗမာပြည်နိုင်ငံရေးလောကမှာ နောင် လူသုံးများလာမယ့် နိုင်ငံရေးဝေါဟာရတွေတီထွင်ကြတဲ့ ကာလပိုင်းလို့ ဆိုနိုင်ပါတယ်။ အတွေ့အကြုံလည်းစုံ၊ လူမျိုလည်းစုံ၊ ခေတ်ပညာလည်းတတ်ကြတော့ တီထွင် ကြပါတယ်။ အငြင်းအခုန်တွေလည်း များပါတယ်။ တနေ့မှာ လူထုဆိုတဲ့ဝေါဟာရနဲ့ပတ်သက်ပြီး အငြင်းအခုန် ဖြစ်ပါတယ်။ People ကို ပြည်သူ၊ Mass ကို လူထုလို့ အများသဘောကြိုက်ညီကြပါတယ်။ စောစောက ဒီနှစ်ခု ရောနေပါတယ်။ မန္တလေးမှာတုန်းက People ကို လူထုလို့လည်းပြန်ခဲ့ကြပါတယ်။ အခုထက်ထိတော့ လူထုတိုက်ရဲ့ အထိမ်းအမှတ် (Logo)ကိုကြည့်ပါ။ အဲ့ဒီအတိုင်း ပြန်ထားပါတယ်။ သူက သမိုင်းပစ္စည်းမို့ ပြင်ဖို့မလိုပါ။
ရန်ကုန်ရောက်ကြတော့မှ ပါတီက ပြည်သူနဲ့လူထု ဝေါဟာရဘာသာပြန် ပြောင်းသွားတာဖြစ်ပါတယ်။ မန္တလေးမှာတုန်းကတော့ အားလုံး တသဘောထဲပါ။ ကြီးပွားရေးဦးလှက အဲ့ဒီ လူထုကို သိပ်စွဲလမ်းနှစ်သက်ပြီး လူထုဦးလှဖြစ်သွားပါတယ်။
ရန်ကုန်ရောက်တော့ ဝေါဟာရပြောင်းတာအများညီပေမယ့် လူထုကိုဘယ်လိုစာလုံးပေါင်းမလဲဆိုတာမှာ ကွဲပါတယ်။ ကိုချစ်ကောင်းနဲ့တချို့က ဒုလို့ပေါင်းချင်တယ်။ အများက ထုကိုပဲကြိုက်ကြတယ်။ အငြင်းအခုန်ပြင်းထန်တဲ့တညမှာ သူဟာ တိုက်နံရံမှာ ဒုဆိုတာတွေ မြေဖြူနဲ့လျှောက်ရေးပါတယ်။ ဒါပေမဲ့ ကိုဗဟိန်းတို့ပါတီခေါင်းဆောင်တွေက ထုကိုပဲအတည်ပြုပေးလို့ သူဟာ ထုပဲ တသက်လုံးရေးသွားပါတယ်။ ပြောချင်တာက ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုကို သူ့ရဲ့ပါတီသက်တသက်လုံး လေးစားလိုက်နာတာပါပဲ။ ဘယ်လောက်အထိ လိုက်နာသလဲဆိုရင် သူ့ အနှစ် ၂၀ စာအုပ်အပေါ် အမြင်မကြည်လင်သူတွေက သူ့ကို နေရာချထားမှုမှားနေတာတောင် အသက်သေသည်အထိ သူ လိုက်နာသွားပါတယ်။
သူ့အကြောင်း ဒီလောက်နဲ့နားပါမယ်။ ဆပ်စရာကြွေးကိစ္စဆက်ပါမယ်။ ပါတီရဲ့ တတိယကွန်ဂရက်စ်မတိုင်မီ ၁၉၇၅ ကတည်းက လက်ဝဲစွန်း အမှားနဲ့ပတ်သက်တဲ့ဆပ်စရာကြွေးတွေကို ဆပ်ပြီပါပြီ။ ဒါပေမယ့် အဲ့ဒီတုန်းက သဗ္ဗေသတ္တာဆပ်ထားတာဖြစ်လို့ အခု အတိအကျ အပြေအလည်ဆပ်ချင်တာပါပဲ။
လက်ဝဲစွန်းအမှားဆိုတာကို ဖြုတ်ထုတ်သတ်လမ်းစဉ်အမှားကို ပြောတာပါ။ ဒီ ဖြုတ်ထုတ်သတ်ဆိုတာ ပါတီတွင်းက သီးသန့်သုံးတဲ့ Jargon (အသုံးအနှုံး)ပါ။ တရားဝင်အမည်က ပါတီတွင်းတော်လှန်ရေးလမ်းစဉ်ပါ။ ဘရောက်ဒါဝါဒ လမ်းစဉ်၊ ၅၅ လမ်းစဉ်၊ ၆၄ လမ်းစဉ် စသည်ဖြင့် သုံးသလိုမျိုးပါ။ ဒါပေမယ့် ပါတီတွင်း သီးသန့်ဝေါဟာရက သစ္စာဖောက်နဲ့စစ်အစိုးရပေါင်းပြီး တပြည်လုံးကိုဖြန့်လိုက်တော့ ပြန့်သွားပါတယ်။ ဒါ့ကြောင့် တိုတိုပဲ ဖြုတ်ထုတ်သတ်လို့ သုံးလိုက်တာပါ။ ကွန်မြူနစ်တွေက ဝေါဟာရကို မကြောက်ပါဘူး။ ပါတီကို အလံဖြူလို့ သခင်စိုးက သမုတ်ခဲ့တယ်။ ဘယ်သူက အလံဖြူရုံနဲ့အားမရပဲ ရန်သူနဲ့ပေါင်းသွားသလဲဆိုတာ သမိုင်းက ပြပြီးပြီပဲ။
ပါတီက ဆပ်စရာအကြွေးတွေအားလုံးလောက် ဆပ်ပြီးပါပြီ။ နိုင်ငံခြားတင်တဲ့ကြွေးတောင် ပါပါတယ်။ ဒါလည်း ဆပ်ပြီးပါပြီ။ ဥပမာ ရဲဘော်ဂိုရှယ်ကိစ္စဆိုရင် အိန္ဒိယပြည်ကွန်မြူနစ်ပါတီအပေါ်တင်တဲ့အကြွေးပါ။ ကြွေးအားလုံး ကြေခဲ့ပါပြီ။
အခုဆပ်မယ့်အကြွေးက ရဲဘော်ချစ်ကောင်းနဲ့ ကိုသက်၊ ကိုဗဆွေလေး၊ ကိုစိုးဝင်း၊ ကိုကျော်ခင်၊ ကိုအောင်သိန်းနိုင်၊ ကိုခင်ဝင်း စသူတွေအပေါ် တင်ခဲ့တဲ့ကြွေးပါ။ ရှေ့ကရဲဘော် ၃ ယောက်ဟာ လက်ဝဲစွန်းလမ်းစဉ်မှားရဲ့ ပါတီ တည်ဆောက်ရေးနဲ့စစ်ရေးလမ်းစဉ်မှားမှုကြောင့် ကျဆုံးတာပါ။ ကာယကံမြောက် လက်ဝဲစွန်းအမှားရဲ့သတ်ဖြတ်ခြင်း ခံရတာ မဟုတ်ပါဘူး။ နောက် ရဲဘော်တချို့သာ ကာယကံမြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရန်သူကသတ်၊ အချင်းချင်းကသတ်နဲ့ ပါတီရဲ့ ပြည်တွင်းမြေအောက်အဖွဲ့အားလုံးနဲ့ အခြေခံဒေသအားလုံးဆုံးရှုံး ခဲ့ပါတယ်။ တကယ့်ကို အားလုံးပါ။ တော်လှန်ရေးအဆက်ဆက် အခြေခံခဲ့ရာတွေ ဆုံးရှူံးသွားပါတယ်။ နယ်စပ်မှာပဲ အခြေခံကျန်ပါတယ်။ တပါတည်း ကိုယ့်အားကိုယ်ကိုးအခြေခံလည်း ဆုံးရှူံးသွားပါတယ်။
ဒါတွေဟာ ၈၉ ထိခိုက်နစ်နာမှုရဲ့ ခပ်ဝေးဝေးက အကြောင်းတရားတွေပါ။ အနီးဆုံးအကြောင်းတရားကတော့ စစ်အေးခေတ်ပြီးဆုံးခြင်းပါ။ နဝတ စစ်အစိုးရတို့၊ ဗိုလ်ခင်ညွန့်တို့ရဲ့ ကျွမ်းကျင်လိမ္မာမှုကြောင့် ငြိမ်းအဖွဲ့တွေ ပေါ်လာတာမဟုတ်ပါဘူး။
ဗကပ ၈၉ မှာ ထိခိုက်နစ်နာတာရဲ့ အဓိကတရားခံက လက်ဝဲစွန်းလမ်းစဉ်နဲ့ ကိုယ့်အားကိုယ်ကိုးအခြေခံ ပျက်ပြားမှုပါပဲ။
တရုတ်ပြည်တော်လှန်ရေးကာလက လီလီစန်း၊ ဝမ်မင် လက်ဝဲစွန်းအမှားကြောင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ ထိခိုက်တာမျိုးဖြစ်ပါတယ်။ တရုတ်ပြည်မှာဆိုရင် ဒေသဖြူက မြေအောက်အဖွဲ့အားလုံး အခြေခံဒေသ တော်တော် များများဆုံးရှုံးပြီး ခရီးရှည်ချီတက်ရတာမျိုးပါပဲ။
ကျနော်တို့ရဲ့ လက်ဝဲလမ်းစဉ်အမှားက တရုတ်ပြည်ထက်ပိုကြာပါတယ်။ ဘာ့ကြောင့်လဲ။ အမှားကိုမြင်ခွင့်နဲ့ ပြင်ခွင့်မရတာ နောက်ကျလို့ပါ။ ခါတိုင်းမှားရင် ဥက္ကဌသခင်သန်းထွန်းပဲမှားပြီး သူပဲစပြီး ပြင်ခွင့်ရခဲ့တာချည်းပါပဲ။ ၆၈ မှာတော့ သူကျဆုံးသွားလို့ အမှားမြင်ခွင့်၊ ပြင်ခွင့် သူ မရလိုက်ပါ။ ဥက္ကဌသခင်ဇင်လည်း အဲ့ဒီလိုပါပဲ။ ပြင်ခွင့်ရမသွားပါ။ သူက မှားနေတာကို မမြင်လို့မဟုတ်ပါ။ မြင်ပါတယ်။ ပြင်ဖို့အချိန်မရတာပါ။
တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးလုပ်တာကြတော့ ဘာ့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီလောက် မနာသလဲ။ ရှင်းပါတယ်။ အခြေအနေခြင်း မတူကြလို့ပါ။ တရုတ်ပြည်က ယဉ်ကျေးမှုတော်လှန်ရေးကို ကြိုက်သလောက်လုပ်၊ ပါတီကို ရန်သူက မချေမှုန်းနိုင်ပါ။ ကေအမ်ဒီက ထိုင်ဝမ်ပြေးနေရပြီ။ အမေရိကန်ရဲ့နယ်ချဲ့အောက် ခိုလှုံနေရတာ ကြာပါပြီ။ အမေရိကန်ကလည်း ၁၉၅၀-၅၃ မှာ ကိုးရီးယားစစ်ပွဲနဲ့ အားစမ်းထားပြီးသား။ အကြောင်းသိဖြစ်နေတယ်။ လောလောဆယ်လည်း ဗီယက်နမ်မှာ မရှူနိုင်မကယ်နိုင်ဖြစ်နေတယ်။ ပြီးတော့ တခြားစူပါပါဝါကလည်း ရှိနေသေးတယ်။ သူ လုပ်ချင်ဦး မလုပ်နိုင်ပါ။
တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေးကို သူတို့ဆက်လုပ်နေလည်း တတိတိ တဖြည်းဖြည်းထိခိုက်တာပဲရှိမယ်။ ဗမာပြည်လို မဖြစ်နိုင်ဘူး။ ဗမာပြည်မှာက ရန်သူအင်အား အများကြီးရှိနေတယ်။ လုပ်နေတာကလည်း ရန်သူအားကြီးရာ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည် ဝိုင်းပတ်နေတဲ့ပဲခူးရိုးမမှာ…။
ရန်သူကို တဖက်ကတိုက်ရင်း ဆန်သယ်စားပြီး တောထဲမှာလုပ်နေရတဲ့ဘဝပဲ။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်ဝဲစွန်းလမ်းစဉ်ကို တရုတ်ပြည်ပါတီက လုပ်ခိုင်းနေတာလို့ရေးထားတဲ့စာအုပ် ဖတ်ရပါတယ်။ သူရေးတာနဲ့ ပြောင်းပြန်ပါပဲ။ အခြေအနေမသိပဲ အဝေးကနေ အကြံပေးမှားတာကိုခံရဖူးတဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဘယ်တော့မှ အဲ့ဒီ အကြံပေးတာမျိုးမလုပ်ပါ။ တကယ့်ဖြစ်ရပ်မှန် မသိလို့သော်လည်းကောင်း၊ တရုတ်ပြည်နဲ့ တရုတ်ပါတီဆန့်ကျင်ရေး ရေးမှ စားသာမှာမို့ သော်လည်းကောင်း၊၊ နှစ်ခုစလုံးသော်လည်းကောင်း အဲ့ဒီလူက လူတတ်လုပ်ပြီးရေးတာ ဖြစ်ပါလိမ့်မယ်။
တဖန် ပဲခူးရိုးမမှာ မှားနေတာကို နယ်စပ်က ထိုင်ကြည့်နေသလားလို့မေးရင် ထိုင်မကြည့်ဘူး၊ လုပ်စရာအားလုံး လုပ်တယ်လို့ပဲ ဖြေရပါမယ်။ ၁၉၆၈ တုန်းက ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းဆီ ထောင်ထဲကနေစာပို့တယ်။ စာရဲ့အချုပ်သဘောကတော့ နယ်စပ်ကနေ ပဲခူးရိုးမကို ဟိုချီမင်းလမ်းဖွင့်ခွင့် ဗမာပြည်ကွန်မြူနစ်ပါတီကိုမပေးပါနဲ့၊ ပေးမိရင်သွားပြီ၊ သူတို့စစ်အုပ်စုရှုံးပြီလို့ရေးတာပါပဲ။ ဒါ့ကြောင့် အဲ့ဒီလမ်းမပွင့်အောင် နည်းမျိုးစုံနဲ့လုပ်တယ်။ ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်း၊ အင်းလေး၊ ပျဉ်းမနား၊ ရွှေကျင်နယ်၊ ညောင်လေးပင် ရှေ့မှာ ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေဖြစ်ခဲ့သလဲ၊ အဲ့ဒါကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။ တဖက်ကလည်း ပါတီထဲမှာ လမ်းစဉ် ၂ ခု၊ ဗဟို ၂ ခုမဖြစ်အောင်လည်း ထိန်းရပါတယ်။လက်ဝဲလမ်းစဉ်များကိစ္စ ဒီလောက်ပဲရေးပါ့မယ်။
ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုမှာ ဖွဲ့တော့ဘယ်သူတွေပါကြသလဲ။ ဗကသ ဟောင်းတွေချည်းလို့ ဆိုရ မလောက်ပါပဲ။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှဖေ၊ ဂိုရှယ် စသူများအပြင် နယ်က ဗကသဟောင်းတွေချည်းပါပဲ။
ရဲဘော်ချစ်ကောင်းလည်း အဲ့ဒီမျိုးဆက်က ဗကသဟောင်းပါပဲ။ ကျောင်းသားမျိုးဆက်ဆိုတာ မျိုးဆက်ပြောင်းတာ မြန်ပါတယ်။ ကျောင်းဆွေးဆွေး နေတဲ့သူကလွဲရင် တက္ကသိုလ်ပဲဖြစ်ဖြစ်၊ အထက်တန်းကျောင်းပဲဖြစ်ဖြစ် ၄-၅ နှစ်တကြိမ် မျိုးဆက်ပြောင်းနေတာပါပဲ။
ဖက်ဆစ်တော်လှန်ရေးအထိ အဲ့ဒီလိုပဲ ပါတီအတွက်အားသစ်တွေ ဗကသ ကနေ လာနေတာပါ။ ဗကသဟောင်းဟာ နိုင်ငံရေးသာ ဆက်လုပ်ဖြစ်ရင် ဗကပပဲအဖြစ်များပါတယ်။ ဗကသ သမိုင်းကိုပဲ လေ့လာကြည့်ပါ။ တရားဝင်ဗကသဟာ ၁၉၆၂ မှာ တကသအဆောက်အဦးနဲ့အတူ အဆုံးသတ်သွားပါတယ်။ အဲ့ဒီ ၁၉၆၂ ဗကသ နောက်ဆုံးမျိုးဆက် တောခို ကြတော့ ပါတီရဲ့လက်ဝဲစွန်းလမ်းစဉ်နဲ့ တိုးမိပါတယ်။ ထိခိုက် ကျဆုံးပါတယ်။ အဲ့ဒါကိုပဲ ပါတီအပေါ်တင်တဲ့အကြွေးလို့ ကျနော် ယူဆပါတယ်။ ဒါ့ကြောင့် ကြွေးဆပ်တယ်လို့ သုံးလိုက်တာပါပဲ။
ဒါဟာလည်း ယာယီပြတ်တောက်သွားတဲ့မျိုးဆက်ပါ။ ကျောင်းသားလှုပ်ရှားမှုရှိရင် ဗကသရှိပါတယ်။ တရားဝင်ပုံစံနဲ့မဟုတ်ရင်လည်း မြေအောက်ပုံစံရှိပါတယ်။ မဆလ စစ်အစိုးရခေတ်၊ နဝတ နအဖ စစ်အစိုးရခေတ်လှုပ်ရှားမှုသမိုင်းမှာ လက်နက်ကိုင်ဗကပနဲ့ မြေအောက်ဗကသ လက်တွဲခဲ့တာချည်းဖြစ်ပါတယ်။ လက်ဝဲစွန်းလမ်းစဉ်မှာ ပါတီတည်ဆောက်ရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်၊ မြေယာလမ်းစဉ် စသည်ဖြင့်ရှိပါတယ်။ အားလုံး လက်ဝဲစွန်းချည်းပါ။ အဲ့ဒီကြွေးတွေတင်နေတာကိုဆပ်ဖို့ ပါတီမှာ တာဝန်ရှိပါတယ်။ လူသိရှင်ကြားမှားခဲ့တဲ့အမှားကို လူသိရှင်ကြားပြင်ချင်လို့ အမှာရေးလိုက်တာပါ။
ဗိုလ်(ဒေါက်တာ)မောင်မောင် ၁၉၈၈ တုန်းက တကသအဆောက်အဦးကို တပျော်တပါးတည်ဆောက်ကြပါစို့လို့ ပြောခဲ့ပါတယ်။ သူတို့ဆောက်ပေးမှ မဟုတ်ပါ။ ကျောင်းသားများရဲ့ တရားဝင်ဖြစ်လာတဲ့ ဗကသကပဲ တည်ဆောက် ကြရပါ့မယ်။ ဒီမိုကရေစီရှိမရှိ ပြဒါးတိုင် တိုင်းချင်ရင် သမဂ္ဂကြီး(၄)ခု ရှိမရှိနဲ့တိုင်းရမယ်လို့ ယူဆပါတယ်။ ဗကသ၊ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ လုပ်ငန်းအလိုက်သမဂ္ဂများ ဒီလေးခုကို ဆိုလိုပါတယ်။
ရဲဘော်ချစ်ကောင်းဟာ ဗကပ ပထမဦးဆုံးထုတ်တဲ့ပြည်သူ့အာဏာမှာ စာတည်းအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ကျောင်းသား ဘဝကလည်း စာရေးဖူးတဲ့ လက်စလက်နရှိလို့ အရေးအသားကျွမ်းကျင်ပါတယ်။ သူရေးခဲ့တဲ့ အနှစ် နှစ်ဆယ် ပြန်ထုတ်တဲ့ရဲဘော်များကို ကျေးဇူးတင်ပါတယ်။
ရဲဘော်ချစ်ကောင်းဟာ ဗဟိုချုပ်ကိုင်မှုကိုနာခံရင်း ကျဆုံးပါတယ်။ ဂုဏ်ရောင်ပြောင်တဲ့ကျဆုံးမှုပါ။
ဗဟိုချုပ်ကိုင်မှုကို ရဲဘော်ချစ်ကောင်း နာခံတာဟာ မျက်ကန်းနာခံမှုမဟုတ်ပါ။ ပါတီရဲ့အများဟာ ရပ်တည်ချက်အမှားမဟုတ်တာကို သူ သိပါတယ်။ ပါတီရဲ့အမှားက မူကိုပစ်ပယ်ပြီး ရန်သူနဲ့ပေါင်းတဲ့အမှား မဟုတ်ပါဘူး။ ဗကပဟာ ပါတီသက် (၆ဝ)ကျော်အတွင်း ရပ်တည်ချက် အမှား ဘယ်တုန်းကမှ မကျူးလွန်ခဲ့ပါ။ မှားခဲ့တဲ့အမှားတွေက အမြင်ဆိုင်ရာအမှား၊ နည်းနာအမှားများဖြစ်ပါတယ်။ ရပ်တည်ချက်၊ အမြင်နဲ့နည်းနာ ဒီ ၃ ခုရှိရာမှာ ရပ်တည်ချက်ဟာ အခရာအကျဆုံးပါ။ ဒါ့ကြောင့်လည်း ရဲဘော်ချစ်ကောင်းဟာ ရန်သူကိုအမုန်းလွန်သွားပြီး အစွန်းရောက်တဲ့အမှားကို သည်းညည်းခံပြီး ဗဟိုချုပ်ကိုင်မှုကို နာခံခဲ့တာပါပဲ။
ရဲဘော်ချစ်ကောင်းဟာ ရပ်တည်ချက်မှားသွားရင် ဘယ်သူမှားမှား သည်းညည်းခံငြိမ်နေမှာမဟုတ်တဲ့လူစားမျိုး၊ မူအပေါ်မှာ အလွန်ကြံ့ခိုင်တဲ့ကွန်မြူနစ်ကောင်းရဲဘော်ကြီးဖြစ်ပါကြောင်း။
ရဲဘော်ကျင်မောင်
၃ လပိုင်း ၂ ရက် ၂ဝဝ၁ ခု
0 comments:
Post a Comment