ကိုချစ်လှိုင်၊ မောင်စူးစမ်း၊ သခင်တင်မြနဲ့ သခင်လှကွန်းတို့သို့ တုံ့ပြန်စာ
ရဲဘော်ထွန်း
ရဲဘော်ကြင်မောင် အရေးတော်ပုံဆောင်းပါး(၇)မှာ
ရဲဘော်ထွန်းနာမည်နဲ့ ရေးခဲ့တာပါ။
လက်နက်ချကြတာနဲ့ ကွန်မြူနစ်အရေးတော်ပုံကို သစ္စာဖောက်ကြတာမှာတူကြပေမယ့် အချိန်ကာလချင်း မတူကြဘူး။ ဒါကြောင့် ရှေ့နောက် ‘ဝါစဉ်’အရ နာမည်တွေကို တန်းစီလိုက်တယ်။ ကိုချစ်လှိုင်က ဝါအရင့်ဆုံးပဲ။ကိုချစ်လှိုင်တယောက်ကလွဲပြီး ကျန်တဲ့ (၃) ယောက်ကို မတွေ့ဖူးပါဘူး။ စာချင်းလည်း အဆက်အသွယ်မရှိပါဘူး။ အဆက်အစပ်ရှိစရာအကြောင်းလည်း မရှိဘူး။ ကျွန်တော်က (၁၉၄၉) ကတည်းက ရှမ်းပြည်ရောက်နေတာပဲ။ကိုချစ်လှိုင်နဲ့ကလည်း ခဏတဖြုတ်တွေ့ဖူး၊ စကားပြောဖူးတာပါ။သူ့ယောက်ဖ (ထင်ပါရဲ့) ကိုသာခင်ကို ပါတီက ခိုလှုံခွင့်ပေးထားဖို့ ဆွေးနွေးဖို့ လာတုန်းကပဲ။ ကိုသာခင်ဆိုတာက သခင်သာခင်ဆိုတဲ့ပုဂ္ဂိုလ်ပါ။ အဲဒီတုန်းက သူ့ကို အင်္ဂလိပ်စစ်အုပ်ချုပ်ရေး CAS(B) က သိပ်ပြီးလိုချင်နေတာပါ။ မိများမိရင် မြစ်ကြီးနားမှာ လုပ်ခဲ့သလို လုပ်မှာပဲလို့ ထင်ပါတယ်။မြစ်ကြီးနားဝင်စဉ်က သူတို့ကြွေးကြော်တာက ‘သခင် သခင် သတ်သတ်’။သခင်သာခင်က ဂျပန့်ခေတ်မှာ ရွှေဘိုရာဇဝတ်ဝန်လုပ်နေတာပဲ။ သူကြောက်ရှာပေလိမ့်မယ်။သူ့အကြောင်း ပြောရဦးမယ်။ သူ့ကို ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ချဉ်းကပ်ဖူးတယ်။ သူလက်မခံဘူး။ ဘယ်လ်ဂျီယန်လုပ် ပစ္စတိုတလက် သူ့ဆီက အလှူခံတယ်။ သူက ရောင်းမယ်လို့ပြောတယ်။၃၀၀ဝိ/ ပေးပြီး ပါတီက ဝယ်ခဲ့ရတယ်။ အဲဒီငွေက ချပ်သင်းသူဌေးဦးဘတင်ဆီက အလှူခံလို့ ရတာပဲ။ ‘ချပ်သင်း’ က အင်္ဂလိပ်နယ်ချဲ့လက်ဝေခံ အင်္ဂလိပ်နယ်ချဲ့ မျှော်နေသူပဲ။ ဒါကြောင့် လှူတာပါ။ ‘လစဉ်ကြေး’ အဖြစ်တောင် ပုံမှန် လှူခဲ့ပါတယ်။ ထားပါတော့။သခင်သာခင်ကို ကျွန်တော့်ဆီမှာ တလကျော် လက်ခံထားပါတယ်။ ပုန်းလျှိုးကွယ်လျှိုးနေရတာ မဟုတ်ပါဘူး။ ရွှေမန်းတင်မောင် ဇာတ်ကရာမှာ ဖဆပလက ဇာတ်ရုံတွင်းမှာ လက်ဖက်ရည်ဆိုင်ဖွင့်ပြီး ရန်ပုံ ငွေရှာခဲ့ရာမှာ သူ့ကိုပါ တပါတည်း ခေါ်သွားတာပါ။ ရတနာ့ဂူ၊ အမရပူရက ပွဲမှာလည်း သူ့ကိုခေါ်သွားတာပါ။ကျွန်တော်တို့က ‘ပါတီတပ်’အဖြစ်နဲ့ ဖက်ဆစ်တော်လှန်ရေး လုပ်ထားခဲ့တာဖြစ်လို့ အင်္ဂလိပ်အာဏာပိုင်တွေက ရန်သူစာရင်းသွင်းတာ ခံရသူတွေ မဟုတ်ပါဘူး။ ဒါကြောင့် လွတ်လပ်ပါတယ်။ရေစက်မကုန်လို့ ထင်ပါရဲ့၊ အာဏာသိမ်းဗိုလ်နေဝင်းတို့ရဲ့ရန်ကို ကြောက်လို့ ပြည်ထဲရေးဝန်ကြီးဟောင်း သခင်သာခင် ပြေးလွှားနေရတုန်းကလည်း ကျွန်တော်တို့ (U/G) ကပဲ လက်ခံထားရဖူးတယ်။နောက်မှာ သူ့ဘာသာသွားပြီး အဖမ်းခံတယ်လို့ ကြားပါတယ်။ ဒီလောက်ပဲ ရေးပါမယ်။အခုမှ ဘာကြောင့်တုံ့ပြန်စာရေးသလဲ။သူတို့တတွေ မီဒီယာမှာ ရေးသမျှစာတွေကို အားလုံးလောက် ဖတ်ရပါတယ်။ တွေ့တဲ့သူတွေက ပို့ပေးလို့ပါ။ သူတို့က တုံ့ပြန်စာ ရေးစေချင်ကြတယ်။ သမိုင်းမှန် ဘာလဲဆိုတာ သိချင်ကြတယ်။တချို့ကဆိုရင် ပါတီက ‘တုံ့ပြန်စာ’ မရေးတာဟာ ဟုတ်နေလို့ နေမှာပေါ့လို့အထိ ပြောလာကြတယ်။ ဘယ်လိုပဲ ရှင်းပြပေမယ့်သူတို့ ဘဝင်မကျပါဘူး။ကျွန်တော်တို့က အတိတ်ကိစ္စတွေကို လက်နက်ချတွေ၊သစ္စာဖောက်တွေနဲ့ အချီအချ မငြင်းချင်ဘူး။အတိတ်ကကိစ္စဟာ သမိုင်းမှတ်တမ်းတင်သူတွေအတွက်ပဲအသုံးဝင်တယ်။ သမိုင်းသစ်ကို လူထုနဲ့အတူ ရေးနေတဲ့ အခုကာလမှာပစ္စုပ္ပန်ကိုပဲ အလေးထားရမယ်။ အနာဂတ်ကိုပဲ မြော်မြင်ရမယ်လို့ယူဆကြောင်း၊ အတိတ်ကိုပြောနေလို့ အကျိုးမရှိဘူးဆိုတာ ရှင်းပြပေမယ့် ဘဝင်မကျကြဘူး။
သူတို့ ဘဝင်မကျတာ သဘာဝကျပါတယ်။ မှန်ပါတယ်။ဘေးမဲ့ပေးထားလေလေ အတင့်ရဲလေလေ ဖြစ်နေတာကြောင့်အခုတော့ တုံ့ပြန်စာ ရေးရပါပြီ။ရေးစရာက သိပ်များတယ်။ ကွယ်လွန်ကြပြီဖြစ်တဲ့ သူတွေကို စော်ကားတာတွေလည်း လွန်လာပြီ။ NLD ကို ပညာပေးသလိုလိုနဲ့ ဗကပကို ခလုတ်တိုက်တာကလည်း များလာပြီ။မီဒီယာ (စာနယ်ဇင်း)မှာ စင်တခုထိုးချင်တဲ့ ကွန်မြူနစ်ပျက်တွေကလည်း သူတို့ကို သံယောင်လိုက်လာပြီ။နောက်တကြောင်းကလည်း သမိုင်းမှန်ဘာလဲဆိုတာကို မျိုးဆက်သစ်တွေက သိချင်လို့ ဗကပရဲ့ တုံ့ပြန်စာကို မျှော်လင့်နေကြတယ်။ ဟုတ်တယ်။ သူတို့မျှော်လင့်နေတာကို အခုဖြေရှင်းပေးခဲ့မှဖြစ်မယ်။ ကြာရင် ‘အမှားကြာ အမှန်’ဖြစ်ကုန်လိမ့်မယ်။ မသေခင်ရေးခဲ့မှ ဖြစ်မယ်ဆိုပြီး ရေးပါတယ်။သခင်တင်မြက ‘ဝေါ’ က အတွေ့အကြုံရေးတာကို ပဲခူးကိုနေဝင်းဆီ လှမ်းမေးတော့ သူက ဒါဟာ လုပ်ကြံတာပဲလို့ ဆိုတယ်။သူက ပြန်ရေးပေးမယ်လို့ ဆိုပါတယ်။ သူက အသက် ‘၉၀’ တန်းရောက်နေပြီ။ သိပ်ပြီး ကျန်းမာလှတာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ကပဲ ပွဲဦးထွက် တုံ့ပြန်စာ ရေးပါတယ်။စစ်ကိုင်းရဲ့ပထဝီအနေအထားစစ်ကိုင်းဟာ ရှေ့တန်းရောက်နိုင်ငံရေးမြို့ မဟုတ်ခဲ့ဘူး။ဒါပေမဲ့ သူ့မှာ ထူးခြားချက်ရှိတယ်။ဧရာဝတီရဲ့ တံတောင်ဆစ်ကွေ့မှာ တည်ထားတဲ့မြို့ဖြစ်လို့စစ်ကိုင်း အရှေ့ခြမ်းက မန္တလေး၊ အမရပူရနဲ့ အရှေ့အနောက် မျက်နှာချင်းဆိုင်။စစ်ကိုင်းအနောက်ခြမ်းက အင်းဝ၊ တံတားဦးနဲ့ တောင်မြောက် မျက်နှာချင်းဆိုင်။အဲဒီတော့ အရှေ့ခြမ်းက တက်ကြွလှုပ်ရှားသူတွေက ကိုခင်မောင်လေး (ဗိုလ်ခင်မောင်လေး) နဲ့ နီးစပ်ကြတယ်။ အနောက်ခြမ်းကကိုဗဟိန်းနဲ့ နီးစပ်ကြတယ်။ ကျွန်တော်က အနောက်ခြမ်းက။ ဒါကြောင့် (၁၉၃၆)ကတည်းက ကိုဗဟိန်းနဲ့ သိကျွမ်းတယ်။ ကျောင်းသားကြီး (ခေါင်းဆောင်) နဲ့ ကျောင်းသားငယ် (နောက်လိုက်) ရဲ့ သိကျွမ်းမှုမျိုးပါ။ ညာလက်ရုံးမဟုတ်သလို ဘယ်လက်ရုံးလည်း မဟုတ်ဘူး။တောက်တိုမယ်ရ ဆက်သားပဲ။သူ့ရဲ့စည်းရုံးမှုကြောင့်လည်း ကွန်မြူနစ်ဖြစ်ခဲ့တယ်။ဒါကြောင့် ဗကပရဲ့ အတိတ်သမိုင်းအမြင်ကို ကျွန်တော်ရေးရ လိမ့်မယ်။ သူတို့စစ်အုပ်စုပြောတဲ့ ဗကပ(လက်ကျန်) ရဲ့ တာဝန်ရှိသူတဦးအနေနဲ့လည်း ကိုဗဟိန်းအကြောင်း ကျွန်တော်ရေးရလိမ့်မယ်။ဒါကြောင့် လက်ရှောင်မနေဘဲ ရေးပါတယ်။နောက်တကြောင်းကတော့ အရေးမကြီးလှပါဘူး။ ဒါပေမဲ့ရေးမှ ပြည့်စုံမှာမို့ ရေးပါတယ်။အသက်ဝင်လာမယ့် ‘၂၀၀၈ အခြေခံဥပဒေ’ အရ ပေါ် လာမယ့် ‘အစိုးရသစ်’မှာ နေရာဦးဖို့ ဖျာခင်းနေတာ၊ သူတို့တတွေ ဂနာမငြိမ် ဖြစ်နေတာကို သိနေလို့ ‘တော်ကောက်’ ခံရအောင် ‘ညိုမြ’ လုပ်နေတာသိနေလို့ လက်ရှောင်နေခဲ့တာပါ။အခုတော့ သူတို့ထဲက (၃) ယောက် ‘သတင်းစာ’မှာ နေရာရသွားကြပြီ။ ဒါကြောင့် ရေးလို့ရပြီဆိုပြီး ရေးပါတယ်။ကိုဗဟိန်းတွေဝေသူလားကိုချစ်လှိုင်က သခင်တင်မြလေသံလိုက်ပြီး ကိုဗဟိန်းကို တွေဝေသူလို့ပြောတာ တွေ့လိုက်တယ်။ သခင်တင်မြကို ကိုဗဟိန်းသာမက ကိုဗဟိန်းနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့အစုများကပါ သခင်စိုး ရဲ့ဆက်သားအဖြစ် သူလာတုန်းကခပ်ရှောင်ရှောင် လုပ်ခဲ့တယ်။ ဒါကို သူမကျေနပ်ဘူး။ သခင်စိုးကို သံတော်ဦးတင်တယ်။ အဲဒီကာလကတည်းက ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့၊ ‘ဗကသ’အနွယ်တို့ကို သခင်စိုးက ဂိုဏ်းဂဏနဲ့ ဆက်ဆံခဲ့တာပဲ။ အလံနီပါတီရဲ့အာဘော်‘အာဏာသစ်’ ဂျာနယ်မှာ ပထမဆုံးရေးတဲ့ ဆောင်းပါးတွေ ကြည့်။ “ဆောင်ကြာမြိုင်ဗိုလ်ချုပ်” လို့ ကိုအောင်ဆန်းကို ဆဲတယ်။ ကိုဗဟိန်းကိုတော့ “ချွေးတပ်ဗိုလ်ဗဟိန်း”လို့ ဆဲတယ်။သခင်တင်မြရဲ့ သံတော်ဦးတင်တာကို လက်ခံပြီး သခင်စိုး အရေးယူခံခဲ့ရသူတွေလည်း ပါတီထဲမှာ မနည်းဘူး။ကိုဗဟိန်းတွေဝေသူလားဆိုတာကတော့ လက်တွေ့က အဖြေပေးပြီးပါပြီ။ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ကိုဗဟိန်းနဲ့သူ့အစုဝင်တွေပဲ သီးခြား လက်နက်ကိုင်တပ် ဖွဲ့ပြီး တပ်မတော်နဲ့လက်တွဲကာ တိုက်ခဲ့ကြတာ ဖြစ်တယ်။ ကျွန်တော်တို့က (Partisan)ကို ဘယ်လိုဘာသာပြန်ရမလဲ မသိလို့ ‘ပါတီတပ်’ လို့ပဲခေါ်ခဲ့တယ်။ မကောင်းပါဘူး။ ကိုဗဟိန်းကတော့ ‘ရဲခေါင်ပြောက်ကျားတပ်’အမည်ခံခဲ့တာပဲ။ ဂုဏ်နဲ့ဒြပ်ဟပ်မိတယ်။ ကျွန်တော်တို့တပ်က တပ်ခွဲတခုစာသာရှိပေမယ့် ကိုဗဟိန်းတို့တပ်က တပ်ရင်းပေါင်းများစွာ ရှိတာပဲ။ ဒါကြောင့်ပဲ ဗိုလ်အောင်ဆန်းက ဖဆပလ ဥက္ကဋ္ဌလုပ်ဖို့ တပ်ကထွက်မယ်လုပ်တော့ ကိုဗဟိန်းကိုပဲတပ်ကို လွှဲခဲ့ချင်တာ ဖြစ်တယ်။ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ မခံချိ မခံသာဖြစ်တာလည်း အဲဒါကြောင့်ပဲ။ ဗိုလ်အောင်ကြီးရဲ့ စာတစောင်မှာဒီကိစ္စ ရေးထားတာ ဖတ်ဖူးတယ်။မောင်စူးစမ်းရဲ့ကိုယ်ပိုင်အတွေးအခေါ်ဘာလဲ။“သူ့ကို နိုင်အောင်မတိုက်နိုင်ရင် သူ့အောက် ခေါင်း လျှိုဝင်လိုက်” ဆို တာ သူ့ “မူပိုင်” ပဲ။ ဗကပကို ဆရာလုပ်တုန်းကလည်းဒါပဲ။ အခု NLD ကို ဆရာလုပ်နေတာလည်း ဒါပဲ။နိုင်ငံရပ်ခြားစာအုပ် အဆိုအမိန့်တခုခုကို အခြေခံပြီးလည်းဆရာလုပ် လေ့ရှိတယ်။ နိဂုံးချုပ်ရင်တော့ သူ့‘မူပိုင်’ အတွေးအခေါ်နဲ့ချုပ်လေ့ရှိတယ်။သူ့“မူပိုင်”အတွေးအခေါ်ကို အာဏာရတွေ ကြိုက်တာလည်း မဆန်းဘူး။ သူ့ကို ‘ချမ်းအေးစစ်တမ်း’နဲ့ စင်တင်ပေးခဲ့တာ‘ဆွေငြိမ်း ဆိုရှယ်လစ်’ ပါတီပဲ။ ‘မဆလ’ကလည်း စင်တော်ကောက်တာပဲ။ ကိုဘငြိမ်နဲ့ကျမှ သူအရှုံး ပေးရတာပဲ။ NLDထဲပါရတာကိုတော့ သူက ‘ရယ်စရာ’ လို့ ဆိုတယ်။ တကယ်က သူရဲ့ ‘အရှုံးပေးရေး အတွေးအခေါ်’ကြောင့် NLD နဲ့ ကင်းဝေးသွားတာပါ။ အဲဒါကြောင့် အခဲမကျေဖြစ်ပြီး NLD ကို ဆဲရေးတိုင်းထွာနေတာ ဖြစ်တယ်။သူ့အသက်အရွယ်က အိုတဲ့နာတဲ့အဆင့် ရောက်နေပြီ။ဟိုတုန်းကလို အထူးအရာရှိနေရာ မှန်းနေတာ မဟုတ်ဘူး။ အခု ပေါ်လာတဲ့ ‘အစိုးရသစ်’ရဲ့ အကြံ ပေးနေရာကို မှန်းနေသလားပဲ။ စာရေးတာတော့ နားလိုက်ပြီလို့ ဆိုတယ်။သခင်လှကွန်းဘာလဲ။သူ့အကြောင်းကို ဗိုလ်စိုးမောင် (ကျဆုံး) ဆီက တစွန်းတစကြားဖူးတယ်။ သူ့ဆောင်းပါးတချို့ ဖတ်ဖူးတယ်။ ကြေးမုံဦးသောင်းရဲ့‘ဘီလူးတို့ရွာ’ စာအုပ်မှာ ဖတ်ဖူးတယ်။ ဒီလောက်ပါပဲ။အခုတလောလေးမှာ ‘ဝါရင့်တွေရဲ့အစု’ထဲ ဝင်ပါမလိုလိုကြားရတော့ ဝါရင့်တွေထဲ ဘာများဝင်ရှုပ်မလဲလို့ တွေးမိသေးတယ်။ဝင်ရောချင်ပေမယ့် ဝင်လို့မရတာလား ဘာလားတော့ မသိဘူး။ အခုတော့ ‘လက်နက်ချဝါရင့်’ မှာ ပါလာတာ တွေ့တယ်။ကိုအုန်းမောင် (လေထီးဗိုလ်အုန်းမောင်)နဲ့ သူက ဒေါက်တာမောင်မောင်ရဲ့ ‘အပျော့ဆွဲ’ ကို လက်ခံချင်ကြတယ်ဆိုတာကတော့ဗြောင်လိမ်တာပဲ။ ကွယ်လွန်ပြီးဖြစ်တဲ့သူကို မဟုတ်မမှန် ဆွဲထည့်တာကတော့ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်တာပဲ။ကိုအုန်းမောင်က တကယ့်အခြေအနေမှန်ကို အချိန်နဲ့ တပြေးညီ သိနေတာပါ။ ဗိုလ်စိန်လွင်ကို ဓားလွတ်အပ်ခဲ့တဲ့အတွက် တပ်ပျက်ပြီဆိုပြီး ဗိုလ်နေဝင်းက ဒေါက်တာမောင်မောင်နဲ့ ကမန်းကတန်းအစားထိုးတာပဲဆိုတာ သိပါတယ်။ ဒေါက်တာမောင်မောင်ကို အပျော့ဆွဲ ဆွဲခိုင်းထားပြီး ‘စစ်အာဏာသိမ်း’ဖို့ ပြင်နေတာလည်း သိတာပဲ။ တပ်တွေကို စစ်တန်းလျား ပြန်သွင်းပြီး ပျက်ပြားစပြုနေတဲ့ ‘အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှု’ ကို ပြန်ပြီးတည်ဆောက်နေတယ်ဆိုတာသိတာပဲ။၄၈၂၈ အလုပ်အဖွဲ့ထဲမှာ သေနတ်ပြောင်းထဲကအာဏာထွက် တယ်ဆိုတာကို အသေကိုင်မထားသင့်ဘူး။ ဗမာပြည်ရဲ့ ချွင်းချက်ရှိတယ်။ ‘လက်ရုံးတွေကလည်း အာဏာထွက်နိုင်တယ်’ ဆိုတဲ့အတွေးအမြင်မှားကို သူ ဆန့်ကျင်နေတာပဲ။ ‘ကျွန်းတိုက်ပွဲ’ကို လက်တွေ့ခေါင်း ဆောင်ခဲ့သူပဲ။ စစ်အုပ်စုက အချိန်ဆွဲနေတာကို သူသိတာပေါ့။အဆင့်ဆင့်အမိန့်ပေးစနစ်လည်း ပြန်ပြီးထူထောင်မိရော ‘စောမောင်၊ ခင်ညွန့် အာဏာသိမ်းကြတော့’ လို့ ဗိုလ်နေဝင်း နှုတ်မိန့်ပေးခဲ့တယ်မဟုတ်လား။ဗိုလ်ခင်ညွန့်ရဲ့ ‘ဖြတ်လမ်းက အာဏာသိမ်းဖို့ ဗကပ အကြံအစည်’ဆိုတာ လံကြုတ်ပဲဆိုတာလည်း သူသိတာပဲ။ NLD က လစ်ဘရယ်ဒီမိုကရေစီပါတီပဲ။ စစ်အာဏာရှင်စနစ်နေရာမှာ လစ်ဘရယ်ဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ပဲ ဗကပ က မျှော်မှန်းခဲ့တာကို သိပါတယ်။သခင်လှကွန်း ဒီလိုမလုပ်ကောင်းပါဘူး။ သခင်သန်းထွန်းကို မွေးစားဖခင်လို့ ပြောချင်ပြောပါ။ ဗိုလ်နေဝင်းကို ကျေးဇူးရှင်လို့ ပြောချင် ပြောပါ။ ကွယ်လွန်ပြီဖြစ်တဲ့ သူတွေကိုတော့ သူခိုးသေဖော်မညှိစေချင်ပါဘူး။(၄) ဦးစလုံးသို့ ပြောချင်တာ။လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို လက်ခံပါတယ်။ သမိုင်းမှန်ဆိုပြီး ရေးချင်တာရေး၊ ပြောချင်တာပြောတာမှာတော့ ရိုးသားကြဖို့ လိုပါတယ်။စစ်နဲ့တော်လှန်ရေးခေတ်ကို ဖြတ်သန်းခဲ့ကြသူတွေ သိပ်မကျန်တော့ပါဘူး။ စစ်တပ် (တပ်မတော်)ထဲမှာတော့ လုံးဝမရှိတော့ပါဘူး။စစ်အာဏာရှင်စနစ်(ပုံစံသစ်)ကလည်း စစ်နဲ့တော်လှန်ရေးခေတ်ကလူတွေနဲ့ နိုင်ငံရေးပါတီတွေကို အတိအလင်း အပုပ်ချနေချိန် ဖြစ်တယ်။ ဂျာနယ်တစောင်မှာဆိုရင် တပ်မတော်မော်ကွန်းတိုက်မှာသာရှိတဲ့ ရှားပါးဓာတ်ပုံတွေ၊ မှတ်စုမှတ်ရာတွေ၊ ကာတွန်းတွေပါမကျန် ထုတ်သုံးပြီး လွတ်လပ်ရေးတိုက်ပွဲခေတ်၊ လွတ်လပ်ရေးရကာစခေတ်က ပုဂ္ဂိုလ်တွေ၊ ပါတီတွေကို စော်ကားနေပါတယ်။ ခင်ဗျားတို့ကပါ ကူပြီး မစော်ကားကြစေချင်ပါဘူး။နားနားနေနေ ရေကြည်အေးလေး သောက်ရတဲ့အခါ ဇရပ်ဒကာ၊ရေချမ်းစင်ဒကာရဲ့ ကျေးဇူးကို သိတတ်ကြပါစေ။ သားရေပေါ်အိပ် သားရေနားစားသူတွေအဖြစ်နဲ့ ဘဝဇာတ်သိမ်းတာ မလုပ်စေချင်ပါဘူး။အတွေးအခေါ်ကိစ္စကိုတော့ ပညာရှင်ဆန်ဆန် ငြင်းခုန်ကြတာပေါ့။သမိုင်းနိဂုံးမချုပ်သလို ဗမာပြည်ရဲ့နိုင်ငံရေးကလည်း ဘယ်တော့မှ နိဂုံးချုပ်မှာမဟုတ်ပါဘူး။ မျိုးဆက်သစ်တွေကို မျိုးဆက်ဟောင်းတွေရဲ့ ပခုန်းပေါ်မှာမားမား မတ်မတ်ရပ်နိုင်အောင် လုပ်ခဲ့စေချင်ပါတယ်။ဒါပါပဲ။ရိုးသားပွင့်လင်းစွာဖြင့် (၁၃ - ၂ - ၂၀၁၁) (ရဲဘော်ထွန်း)
0 comments:
Post a Comment