Thursday, January 21, 2021

အမျိုးသားညီညွတ်ရေးတဲ့လား

0 comments
(အမျိုးသားညီညွတ်ရေးတဲ့လား)
အမေရိကန်မှာက ရွေးကောက်ပွဲပြီးလို့ သမ္မတအသစ်တက်လာရင် သူက အမျိုးသားညီညွတ်ရေးကိစ္စကို ဦးစွာပထမပြောရ လုပ်ရပါတယ်။ ပြောရတာက မိန့်ခွန်းထဲမှာဖြစ်ပြီး လုပ်ရတာက ရွေးကောက်ပွဲကြောင့် အထိုက်အလျှောက် စိတ်ဝမ်းကွဲကြတဲ့ပြည်သူတွေကို ဘယ်သူ့မှသာစေနာစေသဘောမထားပဲ အားလုံးရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေရအောင် အာမခံပေးလက်တွေ့လုပ်ပေးရတာပါ။ တခါတလေဆို ရွေးကောက်ပွဲမှာရှုံးသွားတဲ့ဘက်က လူတွေကိုတောင် အစိုးရရာထူး(နိုင်ငံရေးရာထူး)တွေမှာ ပြန်ခန့်ပေးတာမျိုးရှိပါတယ်။ ဒါကို အမျိုးသားစည်းလုံးရေး ဒါမှမဟုတ် အမျိုးသားညီညွတ်ရေးလုပ်တယ်လို့ သုံးပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရတို့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့တယ်တို့ စသည်ဖြင့်တော့ မသုံးကြပါ။
ခု ဗမာပြည်မှာက ရွေးကောက်ပွဲအနိုင်ရပါတီ NLD က အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မယ်လို့ အတိအလင်းပြောထားတာရှိပါတယ်။ ပြီးတော့ အထူးဆက်သား ၃ ယောက်ကိုရွေးချယ်ပြီး လူမျိုးစုဒေသတွေသွားခိုင်း လူမျိုးစုတွေပြောတာကို သွားနားထောင်ခိုင်းထားပါတယ်။
ဒီနေရာမှာ စဉ်းစားစရာရှိတာက ဗမာပြည်မှာ အမျိုးသားညီညွတ်ရေးဟာ တကယ်ပဲပြိုကွဲနေသလား။ ကွဲနေတယ်ဆိုရင် ဘယ်အချိန်ကစပြီး ဘယ်သူတွေနဲ့ဘယ်သူတွေကွဲခဲ့ကြတာလဲ ဘာ့ကြောင့်ကွဲတာလဲ ဘယ်အခြေခံတွေပေါ်မှာကွဲတာလဲ ကွဲတော့ ဘာတွေဖြစ်ခဲ့သလဲ စတာတွေဖြစ်ပါလိမ့်မယ်။ ဒါကို ကျနော်လည်း ကျနော်တွေးမိ ဖတ်မိ မှတ်မိ လေ့လာမိသမျှနဲ့ ရေးခဲ့တာတွေလည်းရှိသလို သူများတွေရေးတာတွေကိုလည်း လက်လှမ်းမီသမျှ ဖတ်ရှုလေ့လာဆွေးနွေးပါတယ်။
အမျိုးသားညီညွတ်ရေး ဘယ်သူ့ကြောင့်ပြိုကွဲ ဘာ့ကြောင့်ပြိုကွဲ ဘယ်အခြေခံပေါ်မှာပြိုကွဲစတာတွေကတော့ ဘက်အသီးသီးက အမြင်အသီးသီး ရှုထောင့်အသီးသီး ရပ်ခံချက်အသီးသီးနဲ့ တင်ပြနေကြတာမို့ ဘယ်ဟာတခုတည်းအမှန်လို့ ယတိပြတ်ပြောရတာခက်မှာပါ။ သေချာတာကတော့ အမျိုးသားညီညွတ်ရေးပြိုကွဲခဲ့ရတာဟာ ဒီမိုကရေစီနဲ့တန်းတူမှုမရှိခဲ့လို့ဆိုတာကတော့ ကောက်ချက်ဆွဲလို့ရပါတယ်။ ဒီမိုကရေစီတို့တန်းတူရှိမှုတို့ဆိုတာ နိုင်ငံရေးပြဿနာတွေပါ။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခွင့်မရတဲ့အခါ လက်နက်စွဲကိုင်တိုက်ခိုက်ကြရပါတယ်။ ဒီလိုနဲ့ ပြည်တွင်းစစ်ဖြစ်ပြီး ဖြစ်နေတဲ့ဘက်အသီးသီးမှာ သူသေကိုယ်ရှင် အတောမသတ်တိုက်လာခဲ့ကြရတာကတော့ မျက်မှောက်ကာလအထိပါပဲ။ ကမ္ဘာ့ဖိုးသက်ရှည်ပြည်တွင်းစစ်မီးကလည်း တောက်နေဆဲပါပဲ။ NLD ကို အာဏာရအစိုးရလို့ ဘယ်လိုပဲပြောပြော စစ်အာဏာရှင်စနစ်ကလည်း သက်ဇိုးရှည်နေဆဲ၊ စစ်ဗျူရိုကရေစီယန္တယားကြီးကလည်း အခိုင်အဖြီးရှိနေဆဲပါပဲ။
အဲ့သလိုအခြေအနေအောက်မှာ ပေါ်ပေါက်လာမယ့် အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ဘယ်လိုအစိုးရမျိုးဖြစ်မလဲ၊ ဘယ်သူတွေနဲ့ပါဝင်ဖွဲ့စည်းထားမလဲ၊ တကယ်ရော အမျိုးသားညီညွတ်ရေး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးတွေကို အကောင်အထည်ဖော်ခွင့်ရမယ့်အစိုးရမျိုး ဖြစ်လာမလား၊ ဘယ်ပုံ ရှေ့ခရီးဆက်မလဲဆိုတာတွေက တွေးဆစရာတွေပါ။
ဗမာပြည်ရဲ့ လက်ရှိ အဓိကပဋိပက္ခက ဒီမိုကရေစီလိုလားသူဘက်နဲ့ ဒီမိုကရေစီဆန့်ကျင်သူဘက်ကြားမှာရှိနေပါတယ်။ ဒါကိုရှင်းအောင်ပြောရရင် ဒီမိုကရေစီရေးနဲ့တန်းတူခွင့်ကိုဆန့်ကျင်တဲ့စစ်အုပ်စုကတဘက် ဒီမိုကရေစီနဲ့တန်းတူခွင့်ကိုလိုလားတဲ့လူမျိုးစုံပြည်သူတွေကတဘက်ဖြစ်နေတဲ့ ပဋိပက္ခပါ။ စစ်မှန်တဲ့အမျိုးသားညီညွတ်ရေးကို လိုလားတဲ့ဘက်နဲ့ မလိုလားတဲ့ဘက်ကြားကပြဿနာပါ။ ပြည်တွင်းစစ်ကိုလိုလားတဲ့ဘက်နဲ့ စစ်ဆန့်ကျင်တဲ့ဘက်မှာဖြစ်နေတဲ့ပြဿနာပါ။
လောလောဆယ်အနေအထားမှာတော့ စစ်အုပ်စုဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အထိုင်ကျနေပါပြီ။ ဘယ်တုန်းကမှမရခဲ့ဖူးတဲ့ အာဏာအထိုင်တခုကို ကျကျနန ကိုင်ထားနိုင်ပါပြီ။ သေချာတာတခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အထိုက်အလျှောက်ပြင်ခွင့်ရဦးတောင်(ကုန်ကုန်ပြောရရင် ဖျက်သိမ်းနိုင်ခဲ့ဦးတောင်) စစ်အာဏာရှင်ဇာစ်မြစ်ကိုအပြီးတိုင်မဖြတ်နိုင်သမျှ စစ်ဗျူရိုကရေစီယန္တယားကြီးကို အကုန်အစင်မဖျက်သိမ်းနိုင်သမျှ ဒီမိုကရေစီနဲ့တန်းတူရေးအပြည့်ရှိတဲ့အမျိုးသားညီညွတ်ရေးတည်ဆောက်ဖို့က လေထဲတိုက်ဆောက်သလိုပဲဖြစ်နေမှာပါ။ တချိန်မဟုတ် တချိန်ချိန်မှာ သေနတ်ခါးထိုးပြီး စစ်အာဏာသိမ်းပွဲမျိုးတွေဖြစ်လာဦးမှာပါ။။
မျိုးမြင့်ချို
ဇန်နဝါရီ ၁၉၊ ၂၀၂၁

Saturday, January 16, 2021

တော်လှန်ရေး တဖန် ရှင်သန်ထမြောက်စေဖို့

0 comments
တော်လှန်ရေး တဖန် ရှင်သန်ထမြောက်စေဖို့
ရဲဘော်ကြင်မောင်
၂၁- စာစဉ် ဆောင်းပါး(၂)

၂၁- စာစဉ်၊ အမှတ်(၇) မှာ ရဲဘော်ညိုမင်းနာမည်နဲ့ ရေးခဲ့တာပါ။
၁၉၀၅ ခု၊ ရုရှားတော်လှန်ရေးရှုံးတော့ လီနင် (၁၉၀၇) ခုနှစ်မှာ နိုင်ငံခြား ထွက်ပါတယ်။ ဆွစ်ဇာလန်ဂျီနီဗာ သွားနေပါတယ်။ နိုင်ငံခြားမထွက်ခင် ၁၉၀၆ မတ်လမှာ ဆောင်းပါးတပုဒ် ရေးသွားပါတယ်။ အဲဒီဆောင်းပါးမှာ“တော်လှန်ရေးကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ရပြီ။ အခုလောက်ဆိုရင် လောက်တဖွားဖွားတက်နေရော့မယ်။ ဒါပေမဲ့တော်လှန်ရေးဆိုတာ ရှင်သန်ထမြောက်တာ မြန်တတ်တယ်။ ကောင်းကောင်း ပြုပြင် ပြင်ဆင်ထားတဲ့ မြေပေါ်မှာရှင်သန်ပွင့်လန်းလာအောင် လုပ်ရမယ်”လို့ ရေးပြီး ပြည်ပ ထွက်သွားခဲ့တာ ဖြစ်တယ်။ဂျီနီဗာ ရောက်တော့ တော်လှန်ရေး တဖန်ရှင်သန်ထမြောက်ဖို့ လုံးပန်းပါတယ်။ အဓိက လုပ်ရတာက“တော်လှန်ရေးသစ်” အတွက် ပြည်တွင်းမှာ ကေဒါမွေးမြူရတာပါပဲ။တန်ပြန်တော်လှန်ရေးကလည်း ငြိမ်နေတာ မဟုတ်ပါဘူး။ မာ့က်စ်ဝါဒကို တိုက်ခိုက်တဲ့ ခါတော်မီစာရေးဆရာတွေ မွေးပါတယ်။ တော်လှန်ရေးကို သရော်စေပါတယ်။ သစ္စာဖောက်သူကို မြှောက်စားပါတယ်။ အဲဒီလိုနဲ့စိတ်ဓာတ်ကျရောဂါ လူထုထဲ ပြန့်ပွားစေပါတယ်။ကျွန်တော်တို့ ဗမာပြည်တော်လှန်ရေးရဲ့ လက်ရှိအခြေအနေနဲ့ ဘယ်လောက်တူလိုက်ပါသလဲ။ မတူတာကနိုင်ငံတကာ့အခြေအနေပါ။
မတူတဲ့ နိုင်ငံတကာ့ အခြေအနေ
ကြီးကြီးကျယ်ကျယ် နိုင်ငံတကာ့အခြေအနေကို ခွဲခြမ်းစိတ်ဖြာတာ လုပ်မှာ မဟုတ်ပါဘူး။ လီနင်နဲ့ကျွန်တော်တို့ မတူတဲ့ အခြေအနေမှာ လုပ်ရတာကို ပြောမလို့ပါ။ လီနင်က ဆွစ်ဇာလန်မှာ ကူညီမယ့်သူ မရှိ ရပ်တည်ရင်း “တော်လှန်ရေးသစ်”အတွက် ကေ ဒါမွေးရတာပါ။ သက်တမ်းမရှည်တဲ့ စာစောင်တွေ တခုပြီးတခု ထုတ်တယ်။ရုရှားပြည်တွင်း ခိုးသွင်းတယ်။ ဒူးထောက်ရင်း “တော်လှန်ရေး”လုပ်နေကြတဲ့ လှေကြုံစီး “တော်လှန် ရေးသမား”တွေနဲ့အတွေးအခေါ်တိုက်ပွဲ တိုက်တယ်။ကျွန်တော်တို့ လီနင်လောက် မခက်ပါဘူး။ အသံလွှင့်ရုံတွေ ပေါ်နေတဲ့ခေတ်၊ အိမ်တိုင်းစေ့လောက် ရေဒီယိုနားထောင်နိုင်တဲ့ခေတ်၊ ကွန်ပြူတာခေတ်။ ဗမာပြည်သားတွေ သန်းချီပြီး နိုင်ငံခြားထွက်နေတဲ့ခေတ်မှာ အိမ်ရှင်က ( အကြောင်းအမျိုးမျိုး ကြောင့်) ကျွန်တော်တို့ကို လက်ခံထားတဲ့ခေတ်မှာ လုပ်နေရတာပါ။
ခက်တာက ဘာလဲ။
ကေဒါတွေကို တော်လှန်တဲ့လက်နက် တပ်ဆင်ရတာ ခက်ပါတယ်။ ပထမကမ္ဘာစစ်တောင် မဖြစ်သေးတဲ့ခေတ်ကနဲ့ အခု ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အတွေးအခေါ် ရှုပ်ထွေးပုံချင်း သိပ်ခြားနားပါတယ်။နောက်တခုက လီနင်က ဘယ်သူ့ကိုမှ မှီခိုပြီး နေထိုင်စားသောက်တာ၊ နိုင်ငံရေးလုပ်နေတာ မဟုတ်ပါဘူး။ကျပ်တည်းတယ်။ ဒါပေမဲ့ လွတ်လပ်အမှီခိုကင်းတယ်။ နိုင်ငံခြားရောက် ရုရှားတွေကလည်း ကိုယ့်အသိုင်းအဝန်းနဲ့ကိုယ်စည်းခြားနေကြတာ ဖြစ်တယ်။ ရောရောနှောနှော မဟုတ်ဘူး။ လီနင်ဆန့်ကျင်ရတဲ့ နိုင်ငံရေးသမားကလည်း ကိုယ်လိုဆိုရှယ်ဒီမိုကရက်( ကွန်မြူနစ် ) တွေချည်းပဲ။ ကျွန်တော်တို့ခေတ်မှာလို အရောရော အထွေးထွေး မဟုတ်ဘူး။ ငြင်းကြခုံကြ ရန်ဖြစ်ကြရင်လည်း အဘိဓမ္မာ ကိစ္စလို ကြီးကြီးကျယ်ကျယ်တွေချည်းပဲ။ကျွန်တဲ့လူကလည်း စတန့် ထပြီး လုပ်နိုင်တာပဲ။ရှည်ရှည်ဝေးဝေးကကိစ္စ ထားလိုက်ပါ။ အခုတလောမှာ သမ္မတ စောဝ်ရွှေသိုက် သားကြီး စတန့် ထွင်လိုက်တာ အတော် ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ ကြည့်ပါ။ “ဗျူး”ကြ၊ “ဖြေ”ကြနဲ့ အတော် လှုပ်ခတ်သွားပါတယ်။ အဲဒီလိုဘာကြောင့် ဖြစ်တာလဲ။ ပြည်တွင်းမှာ ငြိမ်နေလို့ပါ။
လူထု အခြေအနေလူထု
မစို့မပို့ လုပ်လို့ကတော့ သရဲမရဲစီးနေတဲ့ စစ်အစိုးရကို မနိုင် နိုင်ဘူးဆိုတာ လူထုက ဘဝပေးအသိအရသိနေတယ်။ (၁၇-နှစ်ပဲ ရှိတော့မယ်။ မသိဘဲနေပါ့မလား။) ဒါကြောင့် ငြိမ်နေတယ်။လူထု လိုချင်တာက ကြွေးကြော်သံ မဟုတ်ဘူး။ ပြည်ပက စတန့်မဟုတ်ဘူး။ လူထုထဲမှာ နေပြီး လူထုကိုစည်းရုံးတဲ့သူကို လိုချင်တာ ဖြစ်တယ်။လီနင် ပြည်ပ မထွက်ခင်ကတည်းက ပြည်တွင်းမှာ လူထုထဲနေပြီး လူထုကို စည်းရုံးမယ့် ယူဂျီ ကလာပ်စည်းတွေ အများကြီး ဖွဲ့ပေးထားတယ်။ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ထားတယ်။ အဲဒါတွေ ပြင်ပြီးမှ သူပြည်ပထွက်တာပဲ။ ကျွန်တော်တို့ရဲ့ ဂျပန်ဖက် ဆစ်တော်လှန်ရေးတုန်းကလည်း ပြည်ပမှာ ပါတီကိုယ်စားလှယ်ပဲထားတယ်။ ဗဟိုက ပြည်တွင်းမှာ နေပြီး ယူဂျီ လုပ်တယ်။ နယ်တွေမှာ ယူဂျီတွေ ဖွဲ့တယ်။ကျွန်တော်တို့ရဲ့ ၁၉၈၈-၈၉။ ၉၀ အဖြစ်နဲ့ တခြားစီပဲ။ စိတ်ကူးနဲ့ လက်တွေ့ ကွာဟသွားတော့ ကျွန်တော်တို့မှာ တတိယ နိုင်ငံထွက်ရေးလမ်းပဲ ပွင့်နေတော့တယ်။ အဲဒီတော့ ပြည်ပရောက်တဲ့ ကိုယ်စားလှယ် အဖွဲ့ တွေကများသွားတယ်။ အပြစ်ပြောတာ မဟုတ်။ အဖြစ်ကို ပြောတာပါ။ပြည်တွင်းမှာ လုပ်မယ့်လူ ကေဒါက နည်းသွားတယ်။ ပြည်တွင်းမှာ နေလို့ ဘာမှ မလုပ်နိုင်ဘူး။ ပြည်ပထွက်တာကမှ လုပ်နိုင် ဦးမယ်ဆိုတဲ့ အတွေးအခေါ်ဝင်တော့ ‘အဂ္ဂ’တွေ ပြည်ပထွက်တယ်။ လူထုကတော့ ပြည်ပထွက်နိုင်တာ မဟုတ်ဘူး။ ထွက်ရင်လည်း ဘယ် တိုင်းပြည်ကမှ လက်ခံမှာ မဟုတ်ဘူး။
လူထုနဲ့ ကင်းကွာတော့
ကြွေးကြော်သံပဲ ထုတ်နိုင်တယ်။ “၁၀ နှစ် ပြည့်လို့ ရှမ်းပြည်ခွဲထွက်လိုက်ပြီ ”ဆိုတာဟာ ၁၉၅၈-၅၉ မှာနွံစစ်ဟန်ပေါ်ကတည်းက ပေါ်တာပါ။ မြို့ပေါ်က ဗမာအစိုးရတပ်ကို ရန်မရှာဝံ့ပါဘူး။ တောထဲက ဗကပ တပ်ကို ရန်လုပ်ပါတယ်။ “နောင်ချိုနဲ့ မေမြို့ကြား နယ်ခြားဟိုဘက်အထိ ဆုတ်ပေးရမယ်။ မဆုတ်ရင် တိုက်မယ်”လို့ ရာဇသံပေးလာပါတယ်။ ဗကပ တပ်က ၁၉၄၉-၅၀ ကတည်းက ရောက်နေတာပါ။ ဗကပ က ပြန်ပြီး “မဆုတ်ဘူး။ လာရင်တိုက်မယ်” လို့ ရာဇသံ ပြန်ပေးပါတယ်။ သူတို့ မလာလို့ မတိုက်ရပါဘူး။ ယောင်ပြ ဟန်ရေးပြပြီး တိုက်လွှတ် လိုက်တာနဲ့ တပ်လန်ပြီး ပြန်ပြေးပါတယ်။ သစ်ခုတ်လွှဆွဲ ဗမာအလုပ်သမားတွေတော့ တချို့ အသတ်ခံရရှာပါတယ်။စစ်အုပ်စု (ဗမာ လူမျိုးကြီး ဝါဒ) က အဲဒီလို သင်္ကြန်အမြောက်ဖောက်တာကို မကြောက်ရုံမက ကြိုက်ပါတယ်။
လူထုနဲ့ ကင်းကွာရင်
သင်္ကြန်အမြောက်ပဲ ဖောက်နိုင်ပါတယ်။လူထုနဲ့ အဆက်ရရေးလူထုနဲ့ အဆက်ရရေးလူထုနဲ့ အဆက်ရရေးလူထုနဲ့ အဆက်ရရေးလူထုနဲ့ အဆက်ရရေးတတိယနိုင်ငံရောက်နေသူတွေ ဗမာပြည် ပြန်မှ အဆက်ရတာ မဟုတ်ပါဘူး။ နည်းမျိုးစုံနဲ့ အဆက်ရနိုင်ပါတယ်။ ဗမာပြည်ထဲမှာ ၃ ဦးပါတဲ့ ယူဂျီကလာပ်စည်းတခု ဖွဲ့နိုင်တာဟာ ကြေညာချက် သောင်း-သိန်း ထုတ်တာထက် အကျိုးများပါတယ်။အဲဒီ ယူဂျီကလာပ်စည်း လူထု၊ စစ်တပ်ထု၊ ကျောင်းသားထုထဲမှာ တထောင်ရှိရင် စစ်အစိုးရကို ထိထိမိမိထိုးနှက် ဖြုတ်ချနိုင်မှာ ဖြစ်ပါတယ်။။

Friday, January 15, 2021

နိုင်ငံခြားသားကြောက်ရောဂါ (Xenophobia) ပြဿနာ

0 comments
“နိုင်ငံခြားသားကြောက်ရောဂါ (Xenophobia) ပြဿနာ”ရောဂါလက္ခဏာ(ဗကပ)
ဒီရောဂါလက္ခဏာက ရှုပ်ရှုပ်ထွေးထွေးပါ။ ကြောက်စိတ်အခြေခံလို့သာ ကြောက်တဲ့ရောဂါလို့ နာမည် ပေးရတာပါ။ ကြောက်ကန် ကန်တာ၊ ရန်လုပ်တာ၊ ကျိုးနွံတာ အဲဒီလို တခုကတခုပြောင်းပြီး သံသရာလည်နေတတ်ပါတယ်။ ရောဂါ အမြစ်မပြတ်သမျှ ဒီသံသရာလည်နေမှာပါပဲ။
ဒီရောဂါ ဘယ်လိုဗမာပြည်မှာ စရတယ်။ ရောဂါရဲ့ဖြစ်စဉ်၊ ဗမာပြည်ရဲ့ထူးခြားတဲ့ဖော်ပြချက် အသေးစိတ်လေ့လာထားမှ အမြစ်ပြတ် ကုနိုင်မှာပါ။ ရောဂါရလာပုံ ရောဂါစရတာက အရင်းရှင်နယ်ချဲ့တွေနဲ့ ထိတွေ့ရတော့မှာ ရတာပါ။ ကုန်းဘောင်မင်းဆက်အစပိုင်းမှာ အရင်းရှင်းနယ်ချဲ့နဲ့ စတွေ့ပါတယ်။ ကုလားဖြူကို မုန်းပါတယ်။ ကြောက်လည်း ကြောက်ပါတယ်။ ဒါကြောင့် ခပ်ကြမ်းကြမ်းကိုင်ကြပါတယ်။ အလောင်းဘုရားက စပြီးလုပ်ခဲ့တာပါ။ နောက်ပိုင်းမင်းဆက်တွေလည်း ကုလားဖြူကို အပြတ်နှိမ်ခဲ့ကြပါတယ်။ နောက်ပိုင်းစစ်ရှုံးတော့မှ မာန်လျှော့ပြီး ဆက်ဆံကြတာပါ။
နဂိုက ဒီရောဂါ မရှိနိုင်ပါဘူး။ မရှိဘူးဆိုတာထက် ဒီရောဂါ နာတာရှည်စွဲကပ်မနေဘူးလို့ပြောမှ ပိုပြီးတိကျပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တခါတခါ လူမျိုးခြားတပ်ကြီးတွေ ရောက်လာတတ်လို့ပါ။ ဒီတပ်ကြီးတွေက ကြာကြာမနေပါ။ ပဒေသရာဇ်ချင်း လုပ်စရာရှိတာလုပ်ပြီးရင် ပြန်ပါတယ်။ ကျောက်ချပြီး နေလေ့မရှိပါ။ အာရှပဒေသရာဇ်လုပ်နည်းလို့ပြောနိုင်သလို ဥရောပနဲ့မတူတဲ့ အာရှရဲ့ထူးခြားချက်ကြောင့် ဖြစ်နိုင်ပါတယ်။ အာရှနဲ့ဥရောပ မတူညီကြပုံ ပထမဆုံး ပထဝီချင်းမတူတာက စရပါမယ်။ အာရှက ဥရောပထက် လေးဆခွဲကြီးပါတယ်။ အာရှမှာက သဘာဝအတားအဆီးကြီးပါတယ်။ ဟိမဝန္တာတောင်တန်းအပါအဝင် တောင်တန်းအသွယ်သွယ် မြစ်ကြီးအသွယ်သွယ်နဲ့ သဲကန္တာရကြီးတွေ ရှိပါတယ်။ ဟိုခေတ်က ဖြတ်ကျော်လို့မရတာတွေပါ။ သဘာဝကိုက တသီးတခြားစီနေကြပေရော့ဆိုပြီး လုပ်ထားသလို ဖြစ်နေပါတယ်။ နည်းနည်းပါးပါး ဝင်ရောက်နေထိုင်ရင်လည်း များတဲ့လူမျိုးနဲ့ သွေးနှောသွားကြတာပါပဲ။
နောက်ပြီး ဒုတိယက နိုင်ငံရေးသမိုင်းချင်း မတူတာပါ။ ဥရောပမှာက ရောမအင်ပါယာကြီး ရှိခဲ့ပါတယ်။ အာရှမှာ မရှိပါ။ အာရှတတိုက်လုံး လွှမ်းသွားတဲ့အင်ပါယာ မရှိပါ။ အာရှမှာ ရောမနဲ့ခေတ်ပြိုင် ပါရှားအင်ပါယာရှိဖူးပါတယ်။ ဒါပေမဲ့ တတိုက်လုံး မလွှမ်းပါ။ ရောမအင်ပါယာက အခုအထိ ခရစ်ယာန်ဘာသာရေးကို ဥရောပတတိုက်လုံးနီးပါးလွှမ်းအောင် လုပ်သွားနိုင်ပါတယ်။ ပါရှားအင်ပါယာက မလုပ်နိုင်ရုံမက သူ့ Zoroaster ဘာသာတောင် ပျောက်သလောက်ဖြစ်နေပါပြီ။ ရောမအင်ပါယာနဲ့ နှစ်(၁ဝဝဝ) ကျော်ခြားပြီး မွန်ဂိုအင်ပါယာလည်း အာရှမှာ ပေါ်ဖူးပါတယ်။ တရုတ်ပြည်တပြည်တလုံးနဲ့ ပါရှားရော ဗမာပြည်ပါမကျန် သူ့အောက်ရောက်ဖူးပါတယ်။ ဒါပေမဲ့ မကြာပါဘူး။ သူ့ရဲ့နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးသြဇာကို အဓွန့်ရှည်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ရောမအင်ပါယာကတော့ အခုအထိ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး အဓွန့်ရှည်အောင် လုပ်ခဲ့နိုင်ပါတယ်။
အာရှက အင်ပါယာတွေ ဘယ်လောက်ပဲ ကျယ်ပြန့်တယ်ဆိုစေ တရုတ်၊ ကုလားနဲ့ ပါရှားကို တပြိုင်တည်း သိမ်းသွင်းမထားနိုင်ခဲ့ပါ။ မွန်ဂို အင်ပါယာ တရုတ်၊ ပါရှားကို သိမ်းနိုင်ပါတယ်။ ကုလားကို မရခဲ့ပါ။ နောက်ပိုင်းမှာ မွန်ဂိုမျိုးဆက်တွေဖြစ်တဲ့ မွန်ဂိုမင်းတွေ တန်ခိုးထွားတော့ လည်း ကုလားပြည်ကိုတော့ ရပါတယ်။ တရုတ်ပြည်ကို မရပါဘူး။ မွန်ဂိုတွေက မူဆလင်တွေဖြစ်ကြပါတယ်။ ကုလားတပြည်လုံး မူဆလင် ဖြစ်အောင် မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် ရောမအင်ပါယာမျိုး အာရှမှာ မရှိခဲ့ဘူးလို့ပြောနိုင်ပါတယ်။ ဥရောပမှာ အားကြီးလာသူတိုင်းက ရောမအင်ပါယာမျိုး ထူထောင်ချင်ကြပါတယ်။ ဟစ်တလာ နာဇီအထိ ဒီလောဘရှိပါတယ်။
ဥရောပမှာ အင်ပါယာပိုင်ရှင် ဖြစ်ဖူးသူတွေကလည်း ပြွတ်သိပ်နေပါတယ်။ စပိန်၊ ပရပ်ရှား၊ ပြင်သစ်၊ ရှရှား၊ တူရကီ စသဖြင့် ရှိပါတယ်။ အင်ပါယာတွေကြားမှာနေရတဲ့ တိုင်းပြည်ကလေးတွေဟာ ဝင်ခလုတ်ထွက်ခလုတ် အတိုက်ခံရပါတယ်။ အသိမ်းခံရရင်လည်း တော်တော်နဲ့ မလွတ်ပါဘူး။ သိပ်ကြာတတ်ပါတယ်။ အရှေ့ဥရောပနဲ့ ဘော်လ်ကန်နိုင်ငံငယ်တွေဟာ ရာစုနှစ်နဲ့ချီပြီး အသိမ်းခံရဖူးပါတယ်။ အခုအထိ အဲဒီ ဒုက္ခက မလွတ်သေးပါ။ ဘာသာရေးစစ်ကလည်း ဥရောပမှာ မပြတ်ခဲ့ပါ။ မူဆလင်နဲ့တိုက်လိုက်၊ ခရစ်ယာန်ချင်းတိုက်လိုက် တိုက်ကြပါတယ်။ ခရုဆိတ်စစ်ပွဲတွေ ၁၁ ရာစုကနေ ၁၃ ရာစုအထိ ရှိခဲ့ပါတယ်။ နောက်ကျတော့ ခရစ်ယာန်ချင်းတိုက်ကြပါတယ်။ အင်္ဂလိပ်နဲ့ပြင်သစ် နှစ်(၁ဝဝ) တိုက်တာလည်း ဥရောပမှာပါ။ နှစ် (၃ဝ) စစ်လည်း သူတို့ဆီမှာပါပဲ။ မင်းဆွေမင်းမျိုးတွေက ရောထွေးယှက်တင်ဖြစ်နေတော့ ထီးမွေနန်းမွေ လုရင်း စစ်တိုက်ကြပါတယ်။
အာရှမှာက အဲဒါမျိုးလုံလုံး မရှိပါဘူး။ ကုလားပြည်၊ တရုတ်ပြည်ဆိုတာ ဧရာမတိုင်းပြည်ကြီးတွေ၊ ဒါပေမဲ့ သူ့မင်းဆက်နဲ့သူပါ။ ရောနှော ယှက်တင် မဖြစ်ကြပါ။ ထီးမွေနန်းမွေလုစရာ အကြောင်းမရှိပါ။ ဟိမဝန္တာခြားနေတဲ့ကျေးဇူးကြောင့် သူတို့ချင်းလည်း ဟိုတုန်းက စစ် မဖြစ်ခဲ့ဖူးပါ။ ကုလားရော တရုတ်ပါ ခရစ်မပေါ်မီခေတ်တွေကတည်းက အနောက်ဘက်ကလာမယ့်ရန်ကိုပဲ သူတို့သတိထားနေကြပါတယ်။ ဗာ့စ်ကိုဒါဂါမာ(Vasco Da Gama) ရဲ့ သင်္ဘောမရောက်မီအထိ ပင်လယ်ကလာမယ့်ရန်ကို မကြောက်ကြရပါ။ ဥရောပမှာတော့ စစ်က ပြတ်တယ်မရှိ တိုက်နေကြတာပဲ။ အဲဒီလို ဥရောပနဲ့မတူတဲ့အတွက် ဗမာပြည်ဟာ ဟိုတုန်းက အနေချောင်ခဲ့ပါတယ်။ ကိုယ်နဲ့ အင်တူအားတူ တိုင်းပြည်ချင်းလို့ပြောနိုင်တဲ့ ယိုးဒယား၊ အာသံ၊ လေ (ခပ်လွယ်လွယ် လူထုသုံးဝေါဟာရ ယိုးဒယား၊ အာသံ၊ လေဟု သုံးလိုက်ပါသည်။ ထိုခေတ်က ဗမာပြည်ဆိုတာလည်း မရှိပါ။ တောင်ငူ၊ ဟံသာဝတီ၊ အင်းဝစတဲ့ တိုင်းပြည်တွေသာ ရှိပါသည်။ သူတို့ဆီမှာလည်း အယုဒ္ဓယ၊ ဇင်းမယ်၊ လင်းဇင်း၊ ကချာ၊ မဏိပူရ စတာတွေသာ ရှိပါသည်)တို့နဲ့စစ်ဖြစ်ရင်လည်း နိုင်တဲ့လူက ဆင်ဖြူတို့ လက်ဆောင်ပဏ္ဏာတို့ရရင် ပြန်ပါတယ်။ တခါတလေ မင်းညီမင်းသားနဲ့ ပညာတတ်တွေ သုံ့ပန်းအဖြစ်ခေါ်လာပါတယ်။ အထက်ဗမာပြည်မှာ အဲဒီလို သုံ့ပန်းတွေ ခေါ်လာပြီးထားတဲ့ အရပ်တွေ၊ ရွာတွေရှိပါတယ်။ ပြန်တဲ့လူပြန် ကျန်တဲ့လူကျန်ပါတယ်။ လင်းဇင်း၊ ကသည်း၊ ဗရင်ဂျီတွေရပ်နဲ့ရွာနဲ့ နေကြပါတယ်။ လူမျိုးရေး ပဋိပက္ခမရှိခဲ့ပါ။ သူ့စည်းကိုယ့်စည်းနဲ့ လေးလေးစားစား နေခဲ့ပါတယ်။ ဗမာပြည်က အလေးထားဆက်ဆံရတာက ကုလား(အိန္ဒိယ) နဲ့ တရုတ်ပါ။ ဗမာပြည်က တရုတ်နဲ့စစ်တိုက်ဖူးပေမယ့် ကုလားပြည်နဲ့ တခါမှ စစ်မတိုက်ဖူးပါ။
လူမျိုးပျောက်မှာကြောက်ခြင်း လူမျိုးပျောက်မှာစိုးတာဟာ ရောဂါရဲ့လက္ခဏာတခုပါ။ ဓနရှင်ပေါက်စ ပညာတတ်တွေ နိုင်ငံရေးဇာတ်ခုံပေါ် တက်လာကတည်းက “တို့တိုင်းပြည် တို့စာ တို့စကား” ကြွေးကြော်ပါတယ်။ လူမျိုးရေးလှုံ့ဆော်တဲ့သီချင်းတွေ ပေါ်ပါတယ်။ ပဒေသရာဇ် ခေတ်ကို “ရွှေခေတ်” လို့ တမ်းတပါတယ်။ “ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက် ပါတော့သည်။ - - ”လို့ သီချင်းရေးပါတယ်။ ဒီလိုဖြစ်တာ တို့ဗမာဘုရင် မရှိလို့ပဲ၊ ကြာရင်နစ်မွန်းတော့မယ်လို့ ရေးပါတယ်။ ဒါဟာ “တို့ဗမာဝါဒ” ပါ။ နိုင်ငံခြားသားကြောက် ရောဂါပါ။
“တို့ဗမာဝါဒ”နဲ့ လမ်းခွဲသူတွေက မာ့က်စ်ဝါဒလေ့လာသူတွေပါ။ နိုင်ငံခြားသားကြောက် ရောဂါကို ဆန့်ကျင်ပြီး လူတန်းစားချစ်ကြည်ရေးကို တင်ပြပါတယ်။ “တို့ဗမာဝါဒ” “မာ့က်စ်ဝါဒ”တိုက်ပွဲဟာ အစောကြီးကတည်းက ဖြစ်နေတာပါ။ တို့ဗမာဝါဒက လူမျိုးရေးဝါဒပါ။ ၁၉၃ဝ ကုလား ဗမာ အဓိကရုဏ်းအပြီး ပေါ်ပေါက်လာတဲ့ တို့ဗမာဝါဒကို မာ့က်စ်ဝါဒက စိန်ခေါ်လာရင်း ၁၉၃၈ ခုနှစ် ကုလား-ဗမာအဓိကရုဏ်းကျတော့ လုပ်ဟန်ချင်းပါ ပြတ်ပြတ်ကွဲပါတယ်။ ဘယ်တော့မှလည်း ပြန်လည်ရင်ကြားမစေ့တော့ပါ။ လုပ်ဟန်ချင်းကွဲပုံက တို့ဗမာဝါဒက ၁၉၃၈ ကုလား ဗမာအဓိကရုဏ်းမှာ ကိုယ်ထိလက်ရောက် ဝင်ပါခဲ့တယ်။ ကိုယ်တိုင်ခေါင်းဆောင်ပြီး ကုလားတွေလိုက်သတ်ပါတယ်။ ကုလားဆိုင်တွေ လုပါတယ်။ ကုလားပေမယ့် ဟိန္ဒူပါဆိုပြီး ဆိုင်တွေအလုမခံရအောင် “သံဃာသြဝါဒခံဟိန္ဒူဆိုင်” ဆိုတဲ့ဆိုင်းဘုတ်တွေ ဟိန္ဒူတွေက တင်ကြ ပါတယ်။ မူဆလင်နဲ့ ဘာသာရေးအဓိကရုဏ်းသမိုင်း အဲဒီကစခဲ့ပါတယ်။ ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာက ရန်မဖြစ်ခဲ့ပါ။ မူဆလင်ဘာသာနဲ့သာ ရန်ဘက်ဖြစ်လို့ ကုလားလူမျိုးဆန့်ကျင်ရေးမှာ ဟိန္ဒူ - မူဆလင်ခွဲပြီး ရန်လုပ်ပါတယ်။ ဘာသာရေး အဓိကရုဏ်းသဏ္ဌာန် ဖြစ်သွားပါတယ်။
အသတ်ခံရတဲ့ ကုလားရော ဗမာပါအားလုံးက လမ်းသွားလမ်းလာတွေပါ။ အိမ်ထဲဝင်သတ်တာ မရှိသလောက် ရှားပါတယ်။ ဒါကြောင့် တနေ့လုပ်မှ တနေ့စားရတဲ့ဆင်းရဲသားတွေပဲ သေကြပါတယ်။ သူဌေးတွေ စားနိုင်သောက်နိုင်သူတွေက အိမ်တွေထဲ တလကိုးသီတင်း ရိက္ခာအပြည့်နဲ့ နေနိုင်ပါတယ်။ သူတို့အသတ်မခံရပါဘူး။ လူအုပ်နဲ့ဝိုင်းတာတို့ ဘာတို့ပဲခံရပါတယ်။ သူဌေးတွေကို အင်္ဂလိပ်အုပ်ချုပ်ရေး ကလည်း အကာအကွယ်ပေးပါတယ်။ မာ့က်စ်ဝါဒသမားတွေက အဝိုင်းခံရတဲ့အိမ်တွေ ဘေးလွတ်ရာသို့ပြောင်းပေးတာ လုပ်ပါတယ်။ ကုလားအရပ်ထဲ ဗမာအိမ်၊ ဗမာအရပ်ထဲရောက်နေတဲ့ ကုလားအိမ် အဲဒါတွေကို လွတ်ရာသို့ပြောင်းပေးပါတယ်။ လူမျိုးရေးခွဲပြီး မဆက်ဆံ ပါဘူး။ အဓိကရုဏ်းထဲမပါပါဘူး။ ဦးသိန်းဖေမြင့်ရဲ့ စာအုပ်တအုပ်မှာ စိတ်ကူးလား ကိုယ်တွေ့လားမသိနိုင်တဲ့ ကုလားအဝိုင်းခံနေရတဲ့ ဗမာအိမ်က လင်ရှိအမျိုးသမီးကြီးနဲ့ ကယ်ဆယ်သူ ရှုပ်တဲ့ဇာတ်လမ်းရေးထားတာ တွေ့ဖူးကြပါလိမ့်မယ်။
ကုလားမုန်းတီးတာရဲ့အစ ဗမာပြည်သိမ်းတပ်က အင်္ဂလိပ်ဗိုလ်ဦးစီးတဲ့ ကုလားကြေးစားတပ်ပါ။ ကိုယ်နဲ့ရန်သူဖြစ်တဲ့ ကြေးစားစစ်သား ကုလားကို မုန်းတာဟာ သဘာဝအရဖြစ်လာတာပါ။ တကယ့် ကုလားမုန်းတီးရေးသမိုင်းရဲ့အစက အင်္ဂလိပ်-ဗမာ စစ်ပွဲသုံးပွဲက စပါတယ်။ အနာကို ဆားသိပ်ပေးလိုက်သလို အင်္ဂလိပ်က ဗမာပြည်ကို ကုလားပြည်အောက်ထိုးထည့်လိုက်တော့ ပိုပြီးနာ ပိုပြီးမုန်းပါတယ်။ အင်္ဂလိပ် ကလည်း စစ်ပွဲသုံးပွဲတိုက်ပြီး အာခံရကောင်းလားဆိုပြီး နံနှိမ်လိုက်တာပါ။ တိုင်းပြည်ပျောက်အောင် ဒဏ်ခတ်လိုက်တာပါ။ ကုလားတို့၊ တရုတ်တို့က တိုင်းပြည်ကြီးတွေပါ။ သူတို့ရဲ့ပြည်နယ်ဆိုတာက ဗမာပြည်ထက်ကြီးတာတွေ အများကြီးပါ။ သူတို့ရဲ့ ပြည်နယ်တခု ဖြစ်သွားရင် ထင်ပေါ်ဖို့ထက် မြုပ်သွားဖို့ပဲရှိပါတယ်။ ကုလားပြည်ရဲ့ ပြည်နယ်ဖြစ်တာက နှစ်(၅ဝ) ကျော်ကြာပါတယ်။
တို့ဗမာအစည်းအရုံးမှာ ကုလားကြောက်ရောဂါရှိတာ မဆန်းပါ။ နယ်ချဲ့ဆန်ကျင်ရေးကို ကုလားဆန့်ကျင်ရေးနဲ့တွဲမိတဲ့အမှားကို သူတို့ဒါကြောင့် မှားမိတာပါပဲ။ ဗမာပြည် တိမ်မြုပ်သွားတာ ဘယ်လောက်အထိ ကြာသွားသလဲဆိုရင် ဘားမား(Burma) လို့ပြောရင် ဘဟားမား(Bahama) လို့ ကမ္ဘာက နားလည်သွားကြတဲ့အထိပါ။ ဘဟားမားက ဗမာပြည်ထက် အဆ(၅ဝ) ငယ်ပြီး လူဦးရေအဆ(၁၇ဝ) နည်းပါတယ်။ ဒါပေမဲ့ သူက ထင်ပေါ်ပါတယ်။ ၁၉၃၆ ဘာလင်အိုလံပစ်ကို ဦးဇော်ဝိတ် သွားပြိုင်တော့ ကုလားအဖြစ် သွားရတာပါ။ နိုင်ငံရေးအရနာကျည်းမှု မီးတောက်ကို ဓာတ်ဆီလောင်းပေးတဲ့ စီးပွားရေး၊ လူမှုရေးနာကျည်းမှုတွေကလည်း အများကြီးပါ။ အင်္ဂလိပ်ဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းကြီးတွေကိုသာ ဝင်မပြိုင်ခဲ့ရင် ကုလားဓနရှင်ကို ဦးစားပေးပါတယ်။ (တရုတ်က အင်္ဂလိပ်ကိုလိုနီမဟုတ်ဘဲ ထုံးတို့ထားရုံသာရှိသေးလို့ ကုလားနဲ့စာရင် တရုတ်ကို ဦးစားမပေးပါ) ကုလားသူဌေး ‘မနှင်းဆီ’လို ဧရာဝတီကို ဝင်ပြိုင်တာမျိုးတော့ လက်မခံပါ။ ချိုးနှိမ်ပစ်ပါတယ်။ မပြိုင်ရင် နေရာပေး ပါတယ်။ BOC ရဲ့ လက်ဝေခံကုလား ‘နတ်ဆင်း’ရဲ့ ရေနံကုမ္ပဏီ(NOC) ကို လက်ခံထားပါတယ်။ စတီးဘရားသားကိုမပြိုင်ရင် ‘မိုးလာ’ တို့လို ကုလား ဝါစက်တွေကို အားပေးပါတယ်။ ဗမာ ဝါစက်ကို အားမပေးပါ။ ကုလား ဝါစက်ပိုင်က ဗမာ ဝါစက်ပိုင်ကို ပြိုင်ဘက်လိုသဘောထားပြီး နှိမ်ပါတယ်။ ဗမာ ဝါစက်က ဂျပန်နဲ့ပဲ နည်းနည်းပါးပါးရောင်းဝယ်ရပါတယ်။ အင်္ဂလိပ်က ဗမာလက်ဝေခံကို စတီးပွဲစားအဖြစ်ပဲမွေးပါတယ်။ တောထဲဝင်ပြီး လက်လီစိတ်ရတာအပြင် လုံခြုံရေးလည်းမရှိလို့ အင်္ဂလိပ်ရော ကုလားပါ ဒီအလုပ်မျိုး မလုပ်ဝံ့ပါဘူး။ ဝါထွက်ရာဒေသတွေ ကလည်း မင်းလောင်းတွေ(မောင်သန့်တို့၊ ဗန္ဓကတို့) ပေါ်ရာဒေသပါ။ စပါးတွေ၊ ဝါတွေနဲ့သစ်တွေက ကျေးလက်နဲ့ တောထဲကယူရတာပါ။ အင်္ဂလိပ်နဲ့ကုလားက တပ်မပါဘဲ မသွားဝံ့ပါဘူး။ ဒါကြောင့် မြန်မာက ‘ပွဲစားကြီး’တွေပဲ ဖြစ်လေ့ရှိပါတယ်။ ရိုး (Rowe)တို့ ဝှိုက်တဝေး (Whiteway) တို့လို ကုန်တိုက်ကြီးတွေနဲ့မပြိုင်ရင် ကုလားကုန်တိုက်တွေ ရှင်သန်နိုင်ပါတယ်။ မြန်မာပိုင် ‘မြန်မာအဆွေ’ ဆိုတာကတော့ ဂျပန်ပစ္စည်း အဓိက ထားရပါတယ်။ ဂျပန်ပစ္စည်းက အဲဒီတုန်းကညံ့ပါတယ်။ ဥရောပကုန်ကို မမီပါဘူး။
လက်ဝေခံကိုမွေးရာမှာ ကုလားကို ဦးစားပေးသလို ဗျူရိုကရေစီယန္တရားမှာလည်း သူတို့ကိုပဲ ဦးစားပေးပါတယ်။ မြန်မာပညာတတ်တွေ ဝင်မတိုးနိုင်တဲ့ အစိုးရဌာနတွေအများကြီးပါ။ ဗမာဓနရှင်ပေါက်စ ပညာတတ်က ကုလားမုန်းတီးတာ ကြောက်တာဟာ အဲဒီအခြေခံနဲ့ပါ။ အကြီးတန်းဗျူရိုကရက်တွေကို အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း ICS လို့ပဲ ခေါ်ပြီး အင်္ဂလိပ်နဲ့ကုလားကိုပဲ ရွေးပါတယ်။ မြန်မာက နောက်မှ ဝင်ရတာပါ။
မြန်မာတွေဟာ စီးပွားရေးမှာ ကြီးကြီးကျယ်ကျယ် ဝင်မပါခဲ့ရတာရဲ့အကျိုးဆက်က လွတ်လပ်ရေးရတဲ့အထိ ပါလာပါတယ်။ လွတ်လပ်ရေး ခေတ်မှာလည်း ဖဆပလအစိုးရက ဒါဝတ်တို့၊ မဒါးတို့ကိုပဲ မှီခိုပါတယ်။ စီးကရက်လို၊ နိုင်လွန်လို အသစ်တည်ဆောက်ရတဲ့ နယ်ပယ်ကျမှ တရုတ်တွေ၊ မြန်မာတွေကို မှီခိုပါတယ်။ တရုတ်က အရင်းအနှီးရှိပြီး အဆက်အသွယ်ကောင်းလို့ဦးစားပေးခံရပါတယ်။ ကိုလိုနီခေတ်တုန်းက မြန်မာတွေဟာ လက်ဝေခံအရင်းရှင်လုပ်ငန်းမှာ ဝင်တိုးလို့မရပေမယ့် နိုင်ငံရေးမှာတော့ဝင်တိုးနိုင်ပါတယ်။ အစိုးရအုပ်ချုပ်ရေးမှာ အလိုတော်ရိ နိုင်ငံရေးသမားတွေအဖြစ် ပါကြပါတယ်။ ကုလား တရုတ် အလိုတော်ရိနဲ့ မြန်မာအလိုတော်ရိပဋိပက္ခ ရှိပါတယ်။
ဒီလောက်နဲ့ ကုလားတရုတ် မုန်းတီးတဲ့(ကြောက်တဲ့)ရောဂါ မရနိုင်ပါဘူး။ မြန်မာလူထုကြီးကို အဲဒီရောဂါရစေတာက ဆူးအက်(Suez) တူးမြောင်းဆောက်ပြီးမှ ရတာပါ။ ဆူးအက်တူးမြောင်း ပေါက်သွားတော့ ဆန်တွေရောင်းကောင်းပါတယ်။ လယ်တွေ အသစ်တီ ရပါတယ်။ လယ်သမားတွေ လိုပါတယ်။ သင်္ဘောကြီး ကုန်တင်ကုန်ချ အထမ်းသမားတွေလိုပါတယ်။ ဒီနှစ်ခု(လယ်သမားနဲ့အလုပ်သမား)ကို ဖြည့်တင်း ပေးတာက အိန္ဒိယက ပြည်နယ်တွေပါ။ ကုလားတွေဟာ ဗမာပြည်ထဲ ဒလဟော ဝင်လာကြပါတယ်။ အိန္ဒိယရဲ့ ပြည်နယ်တခုဖြစ်တဲ့ ဗမာပြည်ကိုဝင်ဖို့ ဘာအတားအဆီးမှ မရှိဘူး။ ဗီဆာ(Visa) မလိုဘူး။ ဒီတော့ တံခါးမရှိ ဝင်ကြတာပါပဲ။ ဆယ်စုနှစ်တခုလောက်လည်းကြာရော ရန်ကုန်က ကုလားမြို့ ဖြစ်သွားတယ်။ မြန်မာတွေ ချောင်ကပ်ရတယ်။ မြစ်ဝကျွန်းပေါ်မှာ ကုလားလယ်သမားတွေ များလာတယ်။ စိုက်ချိန် ပျိုးချိန် ရိတ်သိမ်းချိန်မှာရောက်လာပြီး ပြန်သွားတဲ့ကုလားတွေ များလာတယ်။ သင်္ဘောကြီးကုန်တင်ကုန်ချ အလုပ်သမားကလည်း ကုလား ချည်းပါပဲ။ ကုလားနဲ့မြန်မာ လယ်သမားချင်း အလုပ်သမားချင်း ပဋိပက္ခဖြစ်တယ်။ ချစ်တီးမြေရှင်စနစ်ပေါ်လာတော့ ပိုဆိုးသွားတယ်။ ကြွေးနဲ့ မြေသိမ်းခံရပါတယ်။ မြေတွေ ချစ်တီးလက်ရောက်ပါတယ်။ ဦးစောလို ဗမာမြေရှင်ကလည်း ကုလားမုန်းတီးရေး လှုံ့ဆော်ပါတယ်။
ပထမဆုံး ကုလားဗမာ အဓိကရုဏ်း ၁၉၃ဝ မှာ ဖြစ်တာဟာ အလုပ်သမားချင်း အဓိကရုဏ်းပါ။ မြန်မာအလုပ်သမားတွေက ကုလား အလုပ်သမားတွေရဲ့ သပိတ်တိုက်ပွဲကိုဝင်ဖျက်သလို ဖြစ်သွားပါတယ်။ အင်္ဂလိပ်ရဲ့လှည့်ကွက်မှာ အမိခံရပြီး ကုလားနဲ့ အဓိကရုဏ်း ဖြစ်ရ တာပါ။ ဒုတိယ ကုလားဗမာအဓိကရုဏ်းက ၁၉၃၈ ကျမှပါ။ အင်္ဂလိပ်ရဲ့ သွေးခွဲနိုင်ငံရေးကြောင့်ဖြစ်ရတဲ့ အဓိကရုဏ်းပါ။ အင်္ဂလိပ်နဲ့ အလိုတော်ရိအစိုးရရဲ့လှည့်ကွက်ထဲ အမိခံရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့မူဆလင် ဘာသာရေးအဓိကရုဏ်းသဏ္ဌာန်ဟာ အဲဒီတုန်းက စခဲ့တာ ဖြစ်ပါတယ်။ အခု စစ်အစိုးရခေတ်အထိ အဲဒီရောဂါက ဒုက္ခပေးဆဲ ဖြစ်ပါတယ်။
၁၉၃၈ က ကုလား-ဗမာ ဘာသာရေးအဓိကရုဏ်းဟာ အင်္ဂလိပ်၊ ကုလား(မူဆလင်)နဲ့ မြန်မာ ဒီသုံးဦးသုံးဖလှယ်ရဲ့ကိစ္စဖြစ်ပေမယ့် အခု ခေတ်မှာတော့ သုံးဦးသုံးဖလှယ်ကိစ္စ မဟုတ်နိုင်တော့ပါ။ နိုင်ငံတကာကိစ္စအဖြစ် တက်သွားနိုင်ပါတယ်။ စစ်အုပ်စုအနေနဲ့ တနပ်စားကြံရင် အမေရိကန်ရဲ့အကွက်ထဲ ဝင်သွားနိုင်ပါတယ်။ တရုတ်-ဗမာ အဓိကရုဏ်း၊ ၁၉၃၁ တုန်းက ကုလားဗမာအဓိကရုဏ်းရဲ့ နောက်ဆက်တွဲ အဓိကရုဏ်းကလေး ခဏဖြစ်ဖူးပေမယ့် မကျယ်ပြန့်ပါ။ ကျယ်ပြန့်စရာအကြောင်းအချက် မရှိပါ။ တခြားအရှေ့တောင်အာရှ တိုင်းပြည် တွေလောက် ဗမာပြည်မှာ တရုတ်တွေ မများသေးပါ။ နည်းနည်းချင်း တစိမ့်စိမ့်ရောက်လာပြီး မြန်မာတွေနဲ့ ရောနှောသွားကြတာ များပါတယ်။ တချို့တလေက တရုတ်နာမည် ပျောက်သွားပါတယ်။ စာရေးဆရာကြီး ဦးထင်ဖတ်လို၊ ဆရာမကြီး ဒေါ်ရီကြိန်လို တရုတ်နာမည်ဆက်ရှိပြီး မြန်မာစိတ်ဓာတ် ဖြစ်သွားသူတွေလည်း ရှိပါတယ်။ နိုင်ငံရေးနယ်ပယ်ထဲမှာ ပိုများပါတယ်။ လူမျိုးနှစ်ခုအကြားမှာ ဘာသာရေးနဲ့ ယဉ်ကျေးမှု ကွာခြားမှု မရှိတာရယ်၊ ကုလားလိုဇာတ်စနစ် တရုတ်နဲ့မြန်မာမှာ မရှိတာရယ်ကြောင့် ရောနှောသွားတာပဲလို့ ထင်ပါတယ်။ ဒီလိုပြောလို့ တရုတ်နဲ့မြန်မာ လုံးလုံးပြဿနာမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါ။ ပြဿနာ ရှိပါတယ်။ ပြဿနာရဲ့ဇာစ်မြစ်က နိုင်ငံရေးပေါ် တည်ပါတယ်။
ဗမာပြည် လွတ်လပ်ရေးရတာနဲ့ တရုတ်ပြည်မှာ ကွန်မြူနစ်တွေအနိုင်ရတာ မရှေးမနှောင်းပါ။ နိုင်ငံရေးစနစ်ချင်း မတူကြပါဘူး။ စစ်ပြေး KMT တရုတ်ဖြူတပ်တွေ ဝင်လာတာတို့၊ ကိုးရီးယားစစ်တို့၊ ဗီယက်နမ်စစ်တို့ဖြစ်တာရယ်၊ အမေရိကန်ဦးဆောင်တဲ့ ဆီးတိုး(SEATO) ကွန်မြူနစ် ဆန့်ကျင်ရေး စစ်အုပ်စုဖွဲ့တာရယ်၊ ကွန်မြူနစ်ဆန့်ကျင်ရေး အာဆီယံ ASEAN ပေါ်တာရယ် စတဲ့စတဲ့ကိစ္စတွေက ဗမာပြည်နိုင်ငံရေးကို ဂယက်ရိုက်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်တွင်းစစ်ကလည်း ၁၉၄၈ ကတည်းက ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ နွယ်တဲ့ တရုတ်ကြောက်ရောဂါ အစိုးရထဲမှာ အမြဲမပြတ်ရှိနေပါတယ်။ ၁၉၆၇ မှာတော့ ကွန်မြူနစ်တရုတ်ပြည် ဆန့်ကျင်ရေး၊ တရုတ်ဆန့်ကျင် ရေးအဓိကရုဏ်းကို နေဝင်းက ဖန်တီးမိပါတယ်။ ပြဿနာ သိပ်ကြီးသွားပါတယ်။
“မြေမြိုလို့လူမျိုးမပျောက် လူမြိုမှ ပျောက်မယ်”ဆိုတဲ့ ကြွေးကြော်သံပေါ်တာ အဲဒီတုန်းကပါ။ ဒီတခါ အမျိုးပျောက်မှာ စိုးကြောက်တာက ကုလားဘက်မဟုတ်ဘဲ တရုတ်ဘက် လှည့်လာပါတယ်။ (ဗကပ)လည်း “အမျိုးသားသစ္စာဖောက်”ဘွဲ့ထူး အပေးခံရပါတယ်။ နိုင်ငံ့ဂုဏ်ရည်တို့ ဘာတို့ သူများတွေကို ဖောဖောသီသီပေးနေချိန်မှာ ဗမာပြည်ကွန်မြူနစ်တွေက “အမျိုးသားသစ္စာဖောက်”ဘွဲ့ ရတာပါ။ အဲဒီဘွဲ့ကို ၁၉၈၉/၉ဝ ကျမှ ကွန်မြူနစ်တွေ ဆုံးရှုံးသွားပါတယ်။ NLD ကို ပေးလိုက်လို့ပါ။ ဒီလိုဖြစ်တာကလည်း စစ်အေးလွန်ကာက နိုင်ငံရေး အပြောင်းအလဲကြောင့် ပါပဲ။
“နိုင်ငံခြားသားကြောက်ရောဂါ” ကတော့ ပျောက်သွားတာ မဟုတ်ပါ။ အမေရိကန်ကြောက်ရောဂါ အရှိန်တက်နေဆဲမို့ တရုတ်ကြောက်ရောဂါ ငုပ်သွားတာသာ ဖြစ်ပါတယ်။ ဘယ်တော့ပြန်ပေါ်မယ် မပြောတတ်ပါ။ နိုင်ငံရေးရာသီဥတုပေါ်မူတည်ပြီး ဖြစ်တတ်တဲ့ရောဂါဖြစ်လို့ နိုင်ငံရေး ရာသီဥတုပြောင်းလဲရင် ပေါ်နိုင်ပါတယ်။ ဗမာပြည်ရဲ့ကံကောင်းမှု လွတ်လပ်ရေးကို တိုင်းပြည်တစည်းတလုံးတည်း အခြေအနေမှရခဲ့လို့ ကံကောင်းပါတယ်။ တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးနိုးကြားမှုရေချိန်မြင့်တာနဲ့ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ကြီးမှုကြောင့် တိုင်းပြည် တကွဲတပြားဖြစ်မသွားပါ။ တိုင်းပြည် တစည်းတလုံးတည်း လွတ်လပ်ရေးရခဲ့ပါတယ်။
အိန္ဒိယပြည်ကြီးဟာ လွတ်လပ်ရေးရတော့ ကံမကောင်း ပါ။ တိုင်းပြည်နှစ်ပြည် ဖြစ်သွားပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန် တကျက်ကျက်ပါ။ နဂိုက တတိုင်းပြည်ထဲသားတွေဟာ လွတ်လပ်ရေးရတော့ အပြန်အလှန် နိုင်ငံခြားသားတွေ ဖြစ်သွားပါတယ်။ အိန္ဒိယသားက ပါကစ္စတန်သားကို နိုင်ငံခြားသားလို့သတ်မှတ်ပြီး မုန်းတီးကြောက်ရွံ့သလို ပါကစ္စတန်သားကလည်း အိန္ဒိယသားကို မုန်းတီးကြောက်ရွံ့ပါတယ်။ အစိုးရတွေ ကလည်း သူဖြူရင်ကိုယ်မဲ ဖြစ်ကုန်ပါတယ်။ စစ်အေးခေတ်ဆိုလည်း စစ်အေးခေတ်မို့၊ အခု စစ်အေးလွန်ခေတ်ဆိုလည်း စစ်အေးလွန်ခေတ်မို့ အင်အားကြီးသူတွေကို ကပ်ကြပါတယ်။ တဦးကိုတဦး တိုင်းပြည်ပြိုကွဲအောင် ချောက်ချကြပါတယ်။ တဦးကောင်းစားရင် မနာလိုမရှုစိမ့်ဖြစ်ပြီး ဒုက္ခရောက်နေရင် ဝါးကူပြီးထိုးပါတယ်။ နှစ်ဘက်စလုံးမှာ အဓိကရုဏ်းတွေလည်း ဖန်တီးပါတယ်။ ဒီသံသရာ ဘယ်တော့ဆုံးမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။
တရုတ်ပြည် ကြည့်ပြန်တော့လည်း သူက တမျိုးပါ။ တရုတ်ပြည်မကြီးနဲ့ထိုင်ဝမ်ဆိုပြီး ကွဲနေဆဲပါ။ ကြားလူ ဝင်မွှေနိုင်ဖို့ ဟာကွက်ကြီး ဖြစ်နေ ပါတယ်။ အာရှငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပင် အန္တရာယ်ပေးနိုင်တဲ့ပဋိပက္ခ ဖြစ်လာပါတယ်။ အိန္ဒိယနဲ့တရုတ်ကြားမှာရှိတဲ့ ဗမာပြည်ဟာ တိုင်းပြည် တစည်းတလုံးတည်းလွတ်လပ်ရေးရခဲ့လို့ ကံကောင်းရုံမက နယ်နိမိတ်ပြဿနာလည်း ဖြေရှင်းပြီးဖြစ်နေလို့ ဒုတိယံပိ ကံကောင်း ပါတယ်။
အိန္ဒိယ၊ ပါကစ္စတန်တို့နဲ့က နယ်နိမိတ်ပြဿနာ အင်္ဂလိပ်က အခြေခံအားဖြင့် ရှင်းပေးထားခဲ့ပြီးဖြစ်လို့ ကြွင်းကျန်ခဲ့တဲ့သမိုင်းပြဿနာ မရှိပါ။ တရုတ်ပြည်နဲ့ကတော့ ရှိပါတယ်။ ပြဿနာ မကြီးကြီးအောင်လည်း အမေရိကန်နယ်ချဲ့သမားက သွေးထိုးပေးပါတယ်။ ဦးကျော်ငြိမ်းတို့ အလိုအရဆိုရင် ဒီပြဿနာပြေလည်ဖို့ ခက်ပါတယ်။ ဦးနုရဲ့ အမြော်အမြင်ရှိမှုကြောင့် ဒီပြဿနာပြေလည်သွားတာကို မှတ်တမ်းတင်ရပါတယ်။
စစ်အေးလွန်ခေတ်အထိ ဒီပြဿနာ ပါမလာတာက တတိယ ကံကောင်းခြင်းပါ။
စတုတ္ထ ကံကောင်းခြင်းကတော့ အင်္ဂလိပ်က ၁၈၂၄ - ၅၂ - ၈၅ စစ်ပွဲတွေရဲ့နောက်ပိုင်း ခေါ်လာပြီး နေရာချပေးခဲ့တဲ့ ကုလားအမျိုးသားတွေကို ၁၉၄၂ မှာ ဂျပန်ထိုးစစ်ကြောင့် ခွာစစ်ဆင်ရတော့ တပါတည်း ခေါ်ပြေးသွားလို့ပါ။ ကုလားတွေ သိန်းသန်းချီပြီး ပြေးကြတာပါ။ ပြေးစရာ မရှိသူပဲ ကျန်ပါတယ်။ ၁၉၈၈ ခုနှစ်နဲ့ နောက်ပိုင်းမှာဖြစ်တဲ့ “ကုလားဗမာအဓိကရုဏ်း”ဆိုတာတွေက စစ်အစိုးရ တမင်ဖန်တီးတဲ့ ကိုယ့် ပြည်တွင်းသား(ပြေးစရာမရှိသူ) မူဆလင်တွေကို ရန်ရှာတာသက်သက် ဖြစ်ပါတယ်။ အဓိကရုဏ်းလို့တောင် ခေါ်လို့မရပါဘူး။ ၁၉၆၇ တရုတ်ဗမာ အဓိကရုဏ်းလောက်လည်း မကျယ်ပြန့်ပါ။ နေဝင်းစစ်အစိုးရကိုယ်တိုင် ပေါ်လစီချပြီး သတင်းစာထဲကနေလှုံ့ဆော်လို့ တရုတ်ဗမာ အဓိကရုဏ်းက ကျယ်ပြန့်ပါတယ်။ အခု စစ်အစိုးရခေတ်မှာလည်း “ကုလားဗမာ အဓိကရုဏ်း”ဆိုတာဖြစ်အောင် ဖန်တီးနေပေမယ့် မကျယ်ပြန့်ပါ။ နိုင်ငံခြားကလာသူတွေမဟုတ်တဲ့ ဗမာပြည်မှာ ဗမာရှင်ဘုရင်တွေ လက်ထက်ကတည်းကနေခဲ့တဲ့ ‘မူဆလင်’ တွေကို ဆွဲထုတ်ပြီး နှိပ်စက်တာဟာ အလွန်အမြော်အမြင်မဲ့ပါတယ်။ အန္တရာယ်လည်း ကြီးပါတယ်။
နေဝင်းက တရုတ်ဗမာအဓိကရုဏ်း ဖန်တီးတာနဲ့တောင် မတူပါဘူး။ နေဝင်းလုပ်ခဲ့တာက ၁၉၆၇ မှာပါ။ “စစ်အေးခေတ်” ဖြစ်ပါတယ်။ စူပါ ပါဝါတခုကိုဆန့်ကျင်ဖို့ တခုကိုခိုလို့ရတဲ့ခေတ်ပါ။ အခု “စစ်အေးလွန်ခေတ်” ပါ။ အမေရိကန် အကဲစမ်းနေချိန်ပါ။ အိုစမာဘင်လာဒင်ကို နှိမ်ဖို့ဆိုပြီး စစ်အင်အားစုစည်းတာ သိပ်များပါတယ်။ သတ္တဝါနဲ့လက်နက် မမျှပါ။ဘင်လာဒင်ကိုနှိမ်ဖို့ ဒီလောက်မလိုပါ။ တခြား ရည်ရွယ်ချက် တွေရှိတာ သေချာပါတယ်။ (ဖိလစ်ပိုင်မှာ အမေရိကန်တပ် ရောက်နေပါပြီ) လန်ဒန်ထုတ် ဂျိန်း (Jane) စာစောင်က ဘင်လာဒင်ရဲ့ အဆက် အသွယ်တွေ ဗမာပြည်မှာရှိတယ်လို့ ရေးပါတယ်။ ဟုတ်မဟုတ် အတည်မပြုနိုင်ပါဘူး။ စစ်အစိုးရကိုအခဲမကြေတဲ့ မူဆလင်တစုတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဘဏ္ဏာရေးမှီခိုချင်တာ အဓိကပါ။ ဒါကို ပုံကြီးချဲ့ပြီးရေးတာပဲ ဖြစ်ပါလိမ့်မယ်။ အိုစမာဘင်လာဒင်ကိုသာ ဒဏ်မခတ်ပါနဲ့၊ တပါတည်း ဗမာပြည်စစ်အစိုးရကိုပါ ဒဏ်ခတ်လိုက်ပါ။ မူးယစ်ဆေးဝါးဂိုဏ်းတွေလည်း အပြတ်ရှင်းပေးခဲ့ပါဆိုတဲ့လေသံ ကြားရပါတယ်။ ဒါက မူဆလင်တွေဆီက မဟုတ်ပါဘူး။ တထောင့်က လေသံပါ။ ကြွတ်မနိုင်ကျီမီးရှို့ခိုင်းတဲ့ပေါ်လစီလုပ်လို့ မဖြစ်ပါဘူး။ ကံကောင်းခဲ့တဲ့ ဗမာပြည် ကံမဆိုးပါစေနဲ့။(ဗမာပြည်ကွန်မြူနစ်ပါတီဆောင်းပါးများထဲမှ)

Monday, January 11, 2021

ဂျာအေးသူ့အမေရိုက်

0 comments
(ဂျာအေးသူ့အမေရိုက်)
ရခိုင်လွှတ်တော်မှာ AA ကို ကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားသည်ကို ပယ်ဖျက်ပေးရေး ပြည်ထောင်စုအစိုးအား တိုက်တွန်းသည့်အဆိုကို မြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်၏။ ကန့်ကွက်သူမရှိသောကြောင့် အဆိုကိုဆက်လက်ဆွေးနွေးသွားမည်ဟုဆို၏။ ပြည်နယ်လွှတ်တော်မှာ အဆိုအောင်ပြီး အတည်ဖြစ်သွားခဲ့လျှင်တောင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ရေးမဖျက်ရေးမှာ ပြည်ထောင်စုအစိုးရကသာဆုံးဖြတ်ရမည်ဖြစ်သဖြင့် အဆိုမှာ ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့်သဘောထက်ပိုစရာမရှိပါ။
AA အားအကြမ်းဖက်အဖွဲ့အစည်းဖြစ် အစိုးရကကြေညာစဉ်က စစ်အုပ်စုသဘောထား ဘယ်မျှအထိပါဝင်ကြောင်း တိုင်းပြည်က မသိရသော်လည်း ယခု ပယ်ဖျက်ပေးရန်အစဖော်လာတော့ အင်န်အယ်လ်ဒီမှ ဒေါက်တာမျိုးညွန့်က “တပ်မတော်က သဘောထား ပေးလာမှ၊ တပ်မတော်က အဓိကထောက်ခံတင်ပြမှ၊ လုံခြုံရေးနဲ့ဆိုင်တဲ့ပြဿနာကို အဓိကသက်ဆိုင်တဲ့ တပ်မတော်ရဲ့ထောက်ခံချက် အရ ဆက်လက်ဆောင်ရွက်သင့်ပါတယ်”တို့တွေ လုပ်လာ၏။ ဤစကားကိုထောက်၍ နောက်ကြောင်းပြန်ကြည့်လျှင် AA နှင့်ပတ်သက်၍ ရှေ့မှာလုပ်ခဲ့တာအကုန်လုံး စစ်အုပ်စုနှင့်အစိုးရ တကြိတ်တည်း တဉာဏ်တည်းလုပ်ခဲ့သည်ဟု တွက်ဆလို့ရပြီး ယခု ပယ်ဖျက်ရေးကိစ္စကျမှ တဘက်နှင့်တဘက် ဘော်လီဘောပုတ်ပြနေသလားဟု တွေးစရာရှိ၏။ စစ်အုပ်စုကလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာတာရော ပယ်ဖျက်တာပါ “အစိုးရအလုပ်၊ တို့အလုပ်မဟုတ်”ဟု တောက်လျှောက် ရပ်ခံထားသည်မဟုတ်လား။
ထို့အတူ ယခု စစ်အုပ်စုနှင့် AA တွေ့သည့်ကိစ္စမှာတော့ အစိုးရပါဝင်ပတ်သက်မှု ရှိမရှိနှင့်၊ ရှိသည်ဆိုလျှင် ဘယ်လောက်ရှိမှန်း ပြည်သူတွေ ခုထိမသိရသေး။ အကယ်၍ အစိုးရသဘောထားယူပြီးမှ တွေ့ကြတာဆိုလျှင် ကိစ္စမရှိ။ သမ္မတအမိန့်ဖြင့် ကင်းလွတ်စွာ တွေ့ခွင့်ထုတ်ပေးနိုင်၏။ ဗိုလ်သိန်းစိန်သမ္မတလုပ်တုန်းက ဗိုလ်အောင်မင်းတို့ကို ထိုအမိန့်ထုတ်ပေးပြီး “မတရားသင်း” ပေါင်းများစွာနှင့် တွေ့ဆုံခိုင်းခဲ့သည့် သာဓကရှိ၏။ အကယ်၍အစိုးရ လုံးဝမပတ်သက်ခဲ့ဘူးဆိုလျှင် စစ်ခေါင်းဆောင်များသည် အကြမ်းဖက်အဖွဲ့အစည်းမှ လူများနှင့် တွေ့ဆုံခြင်းဖြစ်သဖြင့် ဥပဒေရှုထောင့်မှကြည့်လျှင် “ငြိ”နေ၏။ နိုင်ငံရေးသဘောနှင့် တရားစီရင်မှုအာဏာမှန်တမ်းကျနေသည့် လူ့အဖွဲ့အစည်းများတွင်မူ အကြမ်းဖက်အဖွဲ့အစည်းနှင့် သွားပတ်သက်သဖြင့် ဖမ်းလို့ဆီးလို့တရားစွဲလို့ရ၏။ ဗမာပြည်က မှန်တမ်းမကျ။
AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပင် သတ်မှတ်ထားသော်လည်း မတွေ့ဆုံမဆွေးနွေးဟု အစိုးရတွင်ရော စစ်အုပ်စု တွင်ပါ “မူ” ရှိနေဟန်မတူပါ။ ယင်းသတ်မှတ်ချက်ကြောင့် တွေ့ဆုံဆွေးနွေးရေးမဖြစ်နိုင်ဆိုသည့် အခြေခံလည်း မရှိဟုဆိုရမည် ထင်၏။ ထို့ကြောင့်ပဲ စစ်အုပ်စုက အစိုးရကို “ခေါက်” ပြီး သူတို့သဘောနှင့်သူတို့ AA နှင့်တွေ့တာလည်း ဖြစ်နိုင်နေပြန်၏။ ဤသို့မှန်လျှင် နိုင်ငံရေးလက်ဦးမှုယူပြီး နိုင်ငံရေးအမြတ်ထုတ်တာဟု ဆိုနိုင်၏။ သို့သော် ဤကိစ္စလည်း မသေချာ။ အစိုးရသဘောထား မပါဟု ဘာမှ ယတိပြတ်ပြောမရ။ ကိစ္စ ဂျာအေး သူ့အမေရိုက်။
ပြည်သူတွေဂျာအေး သူ့အမေရိုက်ရခြင်းမှာ စစ်အုပ်စုရော အစိုးရကပါ တိုင်းပြည်နှင့်လူထုအပေါ် စေတနာမမှန်ခြင်း မရိုးသားခြင်း၊ ပွင့်လင်းမြင်သာစွာ မရှင်းလင်းမဖော်ပြခဲ့ခြင်းတို့ကြောင့်ဖြစ်၏။ ဤသို့ဖြစ်နေသည်မှာ ယခုမှမဟုတ်။ စစ်အုပ်စုအဆက်ဆက် အစိုးရအဆက်ဆက် ဖြစ်နေကြ။ ဤသို့ဖြစ်နေသည်မှာ AA နှင့်ကိစ္စတခုတည်းမှာမှမဟုတ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အသီးသီးနှင့် ဖြစ်နေကြ။ ထို့ကြောင့် “ယုံကြည်မှု” ဘယ်သူနှင့်မှ တည်ဆောက်လို့မရ။ ထို့ကြောင်း ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ဝေးစွ၊ အပစ်အခတ်ရပ်စဲရေး စစ်ပြေငြိမ်းတို့ပင်လုပ်မရ။
ယခု ရခိုင်ပြည်နယ်လွှတ်တော်မှအဆို ဘယ်အထိခရီးပေါက်မည်မှန်းလဲ မှန်းဆမရ။
မျိုးမြင့်ချို
ဇန်နဝါရီ ၁၁၊ ၂၀၂၁

Saturday, January 9, 2021

ဒီအတိုင်းတော့ မသေစေချင်

0 comments
(ဒီအတိုင်းတော့ မသေစေချင်)
ဗိုလ်ခင်ညွန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသယောင်ယောင် ဟိုမှသည်မှကြားနေရ၏။ ဟုတ်ချင်လည်းဟုတ်လိမ့်မည်။ ဟုတ်ဟုတ်မဟုတ်ဟုတ် လူတွေက သူ့ကို သက်တမ်းအတိုင်းနေပြီး သေသွားတာလည်း မမြင်ချင်သလို ရောဂါတခုခုဖြင့် မြန်မြန်သေသွားမှာလည်း မလိုလားကြ။ လူထုခုံရုံး သို့မဟုတ် ပြည်သူ့အစိုးရတရားရုံးတခုခုတွင် သူနှင့် သူ့လူများ ကျူးလွန်ခဲ့ကြသည့် အပြစ်များကို ထိုက်ထိုက်တန်တန်ခံယူပြီးမှ ဘဝကူးကြစေချင်မှန်း သိသာ၏။ အနည်းဆုံးတော့ "ကျနော် မှားခဲ့ပါတယ်၊ လက်လွန်ခြေလွန်တွေ ကျူးလွန်မိခဲ့ပါတယ်၊ နောင်တရပါပြီ" အစရှိသဖြင့် တိုင်းပြည်နှင့်လူထုကို နိုင်ငံသိတရားဝင် တောင်းပန်ဝန်ချသွားစေချင်ကြ၏။
သူ ဘုန်းမီးနေလတောက်ပ၍ သူ့လူများတန်ခိုးထွားချိန်က တိုင်းပြည်နှင့် လူထုအပေါ် ကျူးလွန်ခဲ့သည်များကလည်း သက်သေသာဓကအစုံအလင် ရှိနေကြ၏။ လူသက်သေတွေပြပါဆိုလျှင် နဝတ/နအဖခေတ်နိုင်ငံရေးအကျဉ်းသား (ဟောင်း)အားလုံး ရှေ့ဆုံးကနေ ထွက်လာမှာသေချာ၏။ ထပ်တိုးသက်သေတွေအဖြစ် ဘဝဒုက္ခမျိုးစုံ ခါးစည်းခံခဲ့ရသည့် မိသားစုဝင်များလည်းပါ၏။ ထို့အတူ သူတို့ ဒုက္ခပေးခဲ့သည့် အခြား အစိုးရအရာထမ်းအမှုထမ်းများနှင့် ပြည်သူပြည်သားများလည်း အနမတဂ္ဂရှိနေ၏။
စစ်အာဏာရှင်စနစ်/စစ်အစိုးရပေးသောဒုက္ခတွေ မချိမဆန့်ခံကြရတာချင်းအတူတူ ဗိုလ်ခင်ညွန့် တယောက်တည်းကိုမှာ ဘာလို့ကွက်ပြီး ပိုစက်ဆုတ်ကြ ပိုမုန်းကြရသလဲဆိုတာတော့ တွေးစရာရှိ၏။ အကြောင်းဇစ်မြစ် သုံးချက်ရှိမည်ထင်၏။ တခုက လုပ်သူဘက်။ တခုက တိုက်ရိုက်ခံရသူဘက်။ တခုက ယခုမှ “ငါးတကာယိုသည့်ချေး ပုဇွန်ခေါင်းပုံချ”ပြီး ကိုယ်လွတ်ရုန်းသူများဘက်။
လုပ်သူဘက်ကတော့ ရှင်းသည်။ စစ်ထောက်လှမ်းရေးအလုပ်က ပြည်တွင်းနေပြီး နိုင်ငံရေးအရ ဆန့်ကျင်အံတုနေကြသည့် ပြည်သူများကို နှိပ်ကွပ်ရန်သက်သက်ပင်။ အထက်ကချပေးသည့်ပေါ်လစီတွေကို တသွေမတိမ်းအကောင်အထည် ဖော်ရသူများ။ ဗိုလ်ခင်ညွန့်က ထို “အထက်က”ဆိုသူများထဲကတယောက်။ မလွဲသာမရှောင်သာ အမိန့်နာခံပြီး လုပ်ရသူမဟုတ်။ သူကိုယ်တိုင်ပေါ်လစီချသူနှင့် ဆုံးဖြတ်ချက်ပေးသူ Policy maker and decision maker။ ကိုယ်တိုင် တက်တက်ကြွကြွ စိတ်လိုလက်ရ အကောင်အထည် ဖော်ခဲ့သူ။ ထို့ကြောင့် လက် ပို “ပေါ်”၏။ သိသာမြင်သာ၏။
တိုက်ရိုက် ခံရသူတွေဘက်ကတော့ နိုင်ငံရေးသမားများ နိုင်ငံရေးနှင့် တနွယ်ငင်တစင်ပါသူများ။ ပြောနိုင်ဆိုနိုင် ရေးနိုင် ဖွင့်ချနိုင်သူများ။ ပြောတတ်ဆိုတတ် ရေးတတ်ဖော်ထုတ်တတ်သူများ။ ကိုယ့်အသံ လူကြားအောင် လုပ်နိုင်/လုပ်တတ်သူများ။ လုပ်ခွင့်ရှိသူများ။ နိုင်ငံရေးထဲနယ်ပယ်ထဲမှသာမက စာပေနှင့်ယဉ်ကျေးမှုနယ်ပယ်မှ ပုဂ္ဂိုလ်များပါဖြစ်နေ၏။ ထိုသူများက ကိုယ်ခံရတာတွေကိုရော သူတပါးခံခဲ့ရတာတွေကို နည်းမျိုးစုံသုံးပြီး ပြောလည်းပြော၏။ ပြောလည်း ပြောတတ်ကြ၏။ ဖွင့်လည်း ချကြ၏။ ထို့ကြောင့် လူထုကြားတွင် စစ်ထောက်လှမ်းရေး၏လုပ်ရပ်တို့ ပို “ပွင့်ကျ”၏။ လူတွေပိုသိကြ၏။
တတိယအကြောင်းအချက်ဖြစ်သည့် “ငါတို့မပါ သူချည်းသာ”လုပ်သူများကတော့ စစ်ဗိုလ်ကြီးငယ် အဟောင်းအသစ်များနှင့် စစ်အာဏာရှင်စနစ်ကိုကာကွယ်သူများပင်။ လုပ်တုန်းက တကြိတ်တည်း တဉာဏ်တည်း တသွေးတည်းတသံတည်း လုပ်ခဲ့ကြပြီး ခုချိန်ကျမှ ကိုယ်လွတ်ရုန်းရင်း ရန်တိုက်ရင်း အဆင်းဘီးတပ်ပေးရင်း လက်သီးပုန်းထိုးသူများကြောင့်ပင်။ စစ်အုပ်စုက ဗိုလ်ခင်ညွန့်နှင့် သူ့ဂိုဏ်းကို ဖြုတ်ထုတ်ရှင်းလုပ်ခဲ့ကြသည်မှာ တိုင်းပြည်အပေါ်ကျူးလွန်တာတွေကြောင့် မဟုတ်ပဲ သူတို့ချင်း စားမန်ခုတ် စားခွက်လုပွဲတွေကြောင့်မှန်း လူတိုင်းသိသော်လည်း တိုင်းပြည်အပေါ်မဟုတ်တာတွေလုပ်၍ အာဏာတွေအလွဲသုံးစားလုပ်၍ ဖမ်းဆီးအရာချ ထောင်ချရသယောင်ယောင် ဝါဒ တွင်တွင်ဖြန့်ထား၏။ ထိုအချိန်က ဗိုလ်ရွှေမန်းပြောခဲ့သည့် “ဥပဒေအထက်တွင် ဘယ်သူမှမရှိ”ဆိုသည်ကို ဟုတ်လိမ့်နိုးနိုး ဘယ်သူမှ မထင်ကြသော်လည်း ဗိုလ်ခင်ညွန့်တို့ပြုတ်တာကို လူတိုင်းဝမ်းသာကြ၏။ ဘယ်အချိန်မှာဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဗိုလ်ခင်ညွန့်ဒဏ် တိုက်ရိုက်ခံရသူတွေအဖို့ ကမ္ဘာမကြေနိုင်စရာပင်။
ထိုအကြောင်းဇစ်မြစ် ၃ ချက်ကြောင့် ဗိုလ်ခင်ညွန့်နှင့်သူ့လူများကို လူရွံလူမုန်းပိုများ၏။ လူ့ အစက်အဆုတ်ပို၏။
ယခု ဗိုလ်ခင်ညွန့် ကိုဗစ်ဖြစ်နေသည်ဆို၏။ လူတွေက သူ့ကို ဒီအတိုင်းသေမသွားစေချင်။ ထိုအထဲ ကျနော်လည်း ပါ၏။
မျိုးမြင့်ချို။
ဇန်နဝါရီ ၉၊ ၂၀၂၁

Thursday, January 7, 2021

ပြဿဒ်က စလောင်တာလား

0 comments
(ပြဿဒ်က စလောင်တာလား)
လွှတ်တော်ထဲဝင် ဆူပူသောင်းကျန်းဖျက်ဆီးကြတာကို "ထရမ့်မြှောက်ပေးလို့ ဒေါသထွက်နေသောလူအုပ်ကြီးက အတင့်ရဲရဲလုပ်လာကြတာ"လို့လောက်နဲ့တင်ပဲ သုံးသပ်ချက်ကိုရပ်မထားစေချင်ပါ။ ရပ်မသွားစေချင်ပါ။
သေချာတွေးကြည့်ရင်(လက်တွေ့အရလည်း မြင်သာထင်သာရှိလာနေတဲ့) အမေရိကန်လူ့အဖွဲ့အစည်းရဲ့အစိတ်အပိုင်းတချို့မှာအမြစ်တွယ်နေတဲ့ လက်ယာအစွန်းရောက်၊ လူဖြူကြီးစိုးရေး၊ လူမျိုးရေးဝါဒနဲ့ ဖက်ဆစ်ဆန်ဆန်ပြုမူလှုပ်ရှားမှုတွေ ခေါင်းထောင်ထလာတာကို ထင်ထင်ရှားရှားမြင်ကြရမှာပါ။ ထရမ့်ကိုယ်၌ကလည်း အဲ့သလိုအတွေးအခေါ်တွေရှိသူဆိုတော့ ဒီလူမျိုးရေးဘာသာရေးလှိုင်းစီးပြီး လူတွေကိုမြှောက်ထိုးပင့်ကော်လုပ်တာ သွေးထိုးလှုံ့ဆော်ပေးတာတွေလုပ်ပါတယ်။
ဒီလိုနဲ့ သူတက်လာပြီးနောက်ပိုင်းမှာ လူမျိုးရေးအစွန်းရောက်လှုပ်ရှားမှုတွေ တင်းကြမ်းဖြစ်လာတာပါ။ ဒီကြားထဲဖွဲ့စည်းပုံအခြေခံအရကို လူတိုင်းလက်နက်ကိုင်ဆောင်ခွင့်ကရှိထားလေတော့ လက်နက်ကိုင်ပစ်ခတ်သတ်ဖြတ်မှုတွေ ခြိမ်းခြောက်မှုတွေလည်း သူ့လက်ထက်မှာ မနိုင်ရင်ကာဖြစ်နေတာတွေ့ရမှာပါ။ လူဖြူလူမည်းပြဿနာလို့ အတင်းကာရောမပြောချင်ပေမယ့် လူမည်းတွေအပေါ်ရဲတပ်ဖွဲ့က မတရားဖြင့်လုပ်တဲ့လုပ်ရပ်တွေလည်း မကြားချင့်အဆုံးဖြစ်နေတာပါ။ ဒါ့ကြောင့်ပဲ Black Lives Matter လိုလှုပ်ရှားမှုတွေ ပေါ်လာတာဖြစ်ပါတယ်။
သူ့လက်ထက်မှာ အရင်ကတည်းက အမေရိကန်နိုင်ငံရေးအပေါ် ဩဇာကြီးတဲ့ NRA ခေါ် အမျိုးသားရိုင်ဖယ်လ်အသင်းကြီးရဲ့အရှိန်အဝါက ပိုကြီးထွားလာပါတယ်။ ဒီလောက် ပစ်မှုခတ်မှုတွေဖြစ်နေလည်း လက်နက်ကိုင်ဆောင်ခွင့်တင်းကျပ်ရေးကိုမလုပ်ခဲ့ပါဘူး။ ဒီသက်ရောက်မှတွေကိုထင်ဟပ်နေတာက အလံတွေပါ။ မနေ့ကဖြစ်ခဲ့တဲ့ပွဲမှာ ထောင်ခဲ့တဲ့အလံတွေကိုကြည့်ပါ။ အဲ့ဒီအထဲမှာ တောင်ပိုင်းကွန်ဖက်ဒရိတ်အလံတွေ၊ Hate Groups ခေါ်တဲ့အစွန်းရောက်အုပ်စုတွေရဲ့အလံတွေ(အဲ့ဒီအထဲမှာ Proud Boys အဖွဲ့လည်းပါပါတယ်)တွေ့ရမှာဖြစ်သလို The God, Guns and Trump ဆိုတဲ့အလံတွေလည်း တွေ့ရပါတယ်။ တကယ်က ဒီအလံတွေကို ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နေရာတကာမှာတွေ့လာနေရတာပါ။ အလံဆိုတာက ကြွေးကြော်သံ သဘောထားနဲ့ရပ်တည်ချက်တွေကို ဖော်ပြပါတယ်။
တကယ်တော့ မနေ့ကဖြစ်ခဲ့အဖြစ်အပျက်ကိုကြည့်ရရင် အာဏာရှင်ဆန်ဆန်အုပ်ချုပ်ရေးကိုလိုလားတဲ့ အစိတ်အပိုင်းတွေရဲ့ ဟန်ချက်ညီ ထကြွလှုပ်ရှားလာမှုပါ။ ထရမ့်က အခါတော်ပေးတာနဲ့ အချိန်းအချက်လုပ်ပေးတာပါ။ အချိန်းအချက်ပေးနိုင်ရတာက ဖြစ်လာနိုင်​ခြေဆိုတဲ့အချက်အလက်ရှိနေလို့ပါ။ အချက်အလက်မရှိရင် အချိန်းအချက်ပေးလည်း အလကားပါပဲ။ ကျနော်တို့ ရှစ်ဆယ့်ရှစ်ဒီမိုကရေစီရေးအုံကြွမှုကြီးနဲ့ ချိန်ထိုးကြည့်ပါ။ ရှစ်လေးလုံးနေ့မှာ တပြည်လုံး လမ်းပေါ်ထွက်လာတာဟာ ဘီဘီစီအပါအဝင် ပြည်မီဒီယာတွေက လှုံ့ဆော်ပေးလို့မဟုတ်ပါ။ လူတွေ လမ်းပေါ်ထွက်လာမယ့် အခြေအနေ(အချက်အလက်)ရှိနေတာကြောင့် သူက ရက်ချိန်းပြောရတဲ့သဘောပါ။ ခုလည်း ထရမ့်က အချက်ပြပြီး အခါတော်ပေးရုံလောက်ပဲလုပ်ရတာပါ။ တကယ့်ဇစ်မြစ်က အမေရိကန်လူ့အဖွဲ့အစည်းအတွင်းက တချို့သောအစိပ်အပိုင်းတွေမှာ တည်နေတာဖြစ်ပါတယ်။
အမေရိကန်မှာလည်းနေ အမေရိကန်နိုင်ငံသားလည်းဖြစ်နေကြတဲ့ ကျနော်တို့ဟာ အဲ့ဒီအစိပ်အပိုင်းတွေရဲ့ လှုပ်ရှားမှုတွေကိုမျက်ခြေမပြတ် သတိဝိရိထားပြီးစောင့်ကြည့်ရင်း လူမျိုးရေး ဘာသာရေး လက်ယာအစွန်းရောက်ဖက်ဆစ်ဝါဒတွေကို ရတဲ့နည်း ဖြစ်နိုင်တဲ့နည်းမှန်သမျှနဲ့ ဆန့်ကျင်ဖော်ထုတ်ရှုတ်ချသွားရမှာဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ အမေရိကန်တနိုင်ငံတည်း အမေရိကလူ့အဖွဲ့အစည်းတခုတည်းရဲ့အကျိုးစီးပွားအတွက်လို့ပြောရင် မှားပါလိမ့်မယ်။ ဒီမီးဟာ ကူးစက်ပါတယ်။ ကမ္ဘာ့ဘယ်နေရာမှာ ဒါမျိုးဖြစ်ဖြစ် ကျနော်တို့ ဆန့်ကျင်ရမှာပါ။ တိုးတက်တဲ့ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲရမှာပါ။ အမေရိကန်က စလောင်ရင် လစ်ဘရယ်လ်ဒီမိုကရေစီပြဿဒ်ကြီးက စလောင်တဲ့မီးဖြစ်သွားမှာပါ။ ဒါ့ကြောင့် ဒီ လက်ယာစွန်း အမျိုးသားရေးအစွန်းရောက်ဝါဒကိုဆန့်ကျင်တိုက်ဖျက်ဖို့ရာ ဒီမိုကရေစီလိုလားသူတိုင်းရဲ့ဝတ္တရားဖြစ်ပါတယ်။
မျိုးမြင့်ချို
ဇန်နဝါရီ ၇၊ ၂၀၂၁

Friday, January 1, 2021

နိုင်ငံခြားအထောက်အပံ့ခံ CSO ၊ NGO များသတိရှိဖို့

0 comments
“နိုင်ငံခြားအထောက်အပံ့ခံ CSO ၊ NGO များသတိရှိဖို့”
(မောင်ရိုးရှင်း)
တနေ့ကဖေ့စ်ဘုတ် လူမှုစာမျက်နှာပေါ်မှာကျောင်းသူမလေးတယောက်ကဒီလိုရေးလိုက်တယ်။ သူ့ဆရာကပြောတယ်။ သူတပါးကိုကူညီတယ်ဆိုတာဘာကိုမှမျှော်လင့်မထားဘဲကူညီတာအကောင်းဆုံးလို့။ ဒါပေမဲ့ ကလေးမလေးကသူ့စဉ်းစားမှုကို ပြန်ရေးတယ်။ သမီးကလူတယောက်ဖြစ်လို့ တုံ့ပြန်မှုကိုလိုလားတယ်တဲ့။ ဘယ်အတွေးအခေါ်ကပိုမှန်လဲ။ လက်တွေ့နဲ့ ပိုနီးစပ်လဲဆိုတာစဉ်းစားစရာ ဖြစ်လာတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှုး ရဲဘော်ထွန်း(ဗိုလ်ကြင်မောင်)က ပြောဖူးတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကိုတရုတ်ပြည်ကအကူအညီပေးနေတာနဲ့ ပတ်သက်လို့ပါ။ ထိုစဉ်ကဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဌဖြစ်တဲ့ သခင်ဘသိန်းတင်နဲ့အဖွဲ့ တရုတ်နိုင်ငံမြို့တော်ပီကင်းကိုရောက်နေချိန် ပါ။ တရုတ်ပြည်ကွန်မြူနစ်ပါတီဥက္ကဌကြီးမော်စီတုန်းကလက်ခံတွေ့ဆုံပါတယ်။ သခင်ဘသိန်းတင်ကဗမာ ပြည်ကွန်မြူနစ်ပါတီကိုအကူအညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောပါတယ်။ အဲဒီအခါမှာဥက္ကဌကြီးမော်စီတုန်းကကျေးဇူးတင်စရာမလိုကြောင်း၊ခင်ဗျားတို့ကိုအကူအညီပေးတာ ကျွန်တော်တို့မှာလည်းအကျိုးရှိလို့ ပေးတာဖြစ်ကြောင်း၊ အကူအညီပေးတယ်ဆိုတာပေးတဲ့သူကလည်းအကျိုးရှိမှ ပေးတာဖြစ်ကြောင်း၊ အကျိုးမရှိဘဲဘယ်သူမှ အကူအညီမပေးကြောင်းပြောပြပါတယ်။ဒါဟာဥက္ကဌကြီးမော်ရဲ့ ဗမာရဲဘော်တွေကိုသွန်သင်ပေးချက်တခုလည်း ဖြစ်ပါတယ်။ ဒီသွန်သင်ပေးချက်နဲ့ကင်းလွတ်တဲ့ အကူအညီဆိုတာရှိနိုင်ပါသလား။ ဆန်းစစ်ကြည့်ရအောင်ပါ။
အကူအညီဆိုတာပုံစံအမျိုးမျိုးရှိတာပါ။ လူမှုရေးအရ၊ဘာသာရေးအရ၊ နိုင်ငံရေးအရ၊စီးပွားရေးအရအမျိုးမျိုးရှိနိုင်ပါတယ်။ ဘာသာရေးအရလုပ်တဲ့ အလှူအတမ်းတွေမှန်သမျှ၊အကူအညီမှန်သမျှဟာအကျိုးရလာဒ်အနေနဲ့ ကောင်းမှုကုသိုလ်ဆိုတဲ့ အကျိုးအမြတ်ကိုမျှော်ကိုးပြီးလှူကြတမ်းကြတာပါ။ အခုဘဝကုသိုလ်၊ နောင်ဘဝကုသိုလ် စတာတွေကိုရရှိခံစားစံစားရမယ်လို့ ယုံကြည်ကြတာပါ။ တချို့ကလည်းအလှူ့ရှင်ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ၊နာမည်ကျော်ကြားမှုတွေကိုရယူပိုင်ဆိုင်လိုကြတာပါ။ အနိမ့်ဆုံးအခုဘဝဆင်းရဲနေရင်တောင် နောင် ဘဝကျချမ်းသာမှာဆိုတဲ့ ပီတိကိုတော့ ခံစားချင်ကြတာပါ။
ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတခုကိုမဲပေးတာဟာလည်းအဲဒီနိုင်ငံရေးပါတီအနိုင်ရဖို့၊အာဏာရဖို့ နိုင်ငံသားတွေကပေးတဲ့အကူအညီပါပဲ။ ဒီပါတီကပေးထားတဲ့ ရွေးကောက်ပွဲမက်လုံးတွေကိုရယူလို၊ခံစားစံစားလိုတဲ့ စိတ်နဲ့ ပေးကြတာပါ။ ဒီပါတီကရွေးကောက်ပွဲနိုင်ပြီးအစိုးရဖြစ်လာတဲ့အခါ ရွေးကောက်ပွဲမှာပေးထားတဲ့ ကတိတွေ၊မက်လုံးတွေကိုအကောင်အထည်မဖော်နိုင်ဘဲချောင်ထိုးထားလိုက်တဲ့အခါကျမှ ငါတို့မဲပေးလိုက်တာအလဟဿဖြစ်ပြီဆိုတာသိကြရတာပါ။
နိုင်ငံရပ်ခြားကဥပမာတခုကို ကြည့်ရအောင်ပါ။ ကမ္ဘာကျော်အစ္စလမ်အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကိုဖမ်းဆီးသုတ်သင်ဖို့လုပ်ဆောင်စဉ်က ဖြစ်ပါတယ်။ ဘင်လာဒင်သတ်ဖြတ်သုတ်သင်ရေးကိုနာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ အမေရိကန်ထောက်လှမ်းရေး CIA က ပါကစ္စတန်နိုင်ငံအတွင်းမှာလျှို့ဝှက်စစ်ဆင်ရေးလုပ်ဆောင်နေတာပါ။ သူတို့ရဲ့လျှို့ဝှက်စစ်ဆင်ရေးကိုလုပ်ဆောင်ပေးရတဲ့သူတွေကပါကစ္စတန်နိုင်ငံသားကျန်းမာရေး NGO တခုကဝန်ထမ်းတွေပါ။ ဘင်လာဒင်လိုမွတ်စလင်ဘာသာရေးခေါင်းဆောင်တယောက်ကိုဖမ်းပေးဖို့ဆိုရင် ဘယ်ပါကစ္စတန်နိုင်ငံသားကမှ လုပ်ပေးမှာမဟုတ်ပါဘူး။ ဘာအကူအညီမှလည်းပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘင်လာဒင်ရှိတယ်လို့ သတင်းရထားတဲ့ နေရာတဝိုက်ကိုကျန်းမာရေးအရသွေးဖောက်စစ်ဆေးဖို့ အစီအစဉ်တခု CIAက ဒေသခံကျန်းမာရေးNGOတခုကိုလျှို့ဝှက်လုပ်ဆောင်စေခဲ့ပါတယ်။ ဒေသခံကျန်းမာရေးNGO ဝန်ထမ်းတွေက CIA ရဲ့ လျှို့ဝှက်စစ်ဆင်ရေးမှန်းမသိဘဲသွေးရိုးသားရိုးနဲ့ မိမိနိုင်ငံ၊မိမိပြည်သူအကျိုးအတွက်လို့ ယူဆပြီးလုပ်ဆောင်ပေးခဲ့ကြတာပါ။ အဲဒီစီမံကိန်းရဲ့လုပ်ဆောင်မှုကြောင့် ဘင်လာဒင်နေတဲ့နေရာကိုအတိအကျဖေါ်ထုတ်ရရှိသွားပြီးဘင်လာဒင် လုပ်ကြံခံခဲ့ရတာပါ။ နောက်ဆက်တွဲအနေနဲ့ ဒေသခံကျန်းမာရေး NGO ဝန်ထမ်းတွေကြောင့် ဘင်လာဒင်အသတ်ခံရတယ်လို့ တာလီဘန်အဖွဲ့ကသဘောထားပြီး NGO ဝန်ထမ်းတွေကိုလိုက်လံသတ်ဖြတ်တာတွေ၊တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကြပါတယ်။
ဒီနေ့ခေတ် ဗမာ့နိုင်ငံရေးအခင်းအကျင်းမှာနိုင်ငံတကာအထောက်အပံ့တွေ ပုံစံမျိုးစုံနဲ့ဝင်ရောက် နေရာယူထားကြပါတယ်။ နိုင်ငံတွေ၊အဖွဲ့အစည်းတွေ များသလောက် ဦးတည်ချက်၊ရည်ရွယ်ချက်တွေကလည်းကွဲပြားခြားနားလှပါတယ်။ သေချာတာကတော့ ဗမာနိုင်ငံ၊ဗမာပြည်သူလူထုနဲ့ တိုင်းရင်းသားတွေကိုချစ်လွန်းလို့ပေးနေကြတာမဟုတ်ပါဘူး။ သူတို့အကျိုးစီးပွားတွေကိုအဓိကထားပြီးပေးကြတာပါ။ အပြင်ဘန်းကြည့်ရင် သူတို့ပေးနေတဲ့အကူအညီတွေကအဓိကလို့ ထင်ရပါတယ်။ သူတို့အကျိုးစီးပွားတို့၊ရည်ရွယ်ချက်တို့ကိုတော့ ဖျောက်ထားတတ်ကြပါတယ်။
ဟိုတလောကတိုင်းရင်းသားဒေသတခုမှာ ဖြစ်သွားတာကိုပဲ ကြည့်ပါ။ ဘာသာရေးအဖွဲ့အစည်းနာမည်နဲ့ နိုင်ငံခြားကအကူအညီတွေပေးထားပါတယ်။ ဒါပေမဲ့ ဘာသာရေးထက်ပိုပြီးလုပ်ဆောင်တာတွေရှိလာတော့ ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းကသည်းညည်းမခံနိုင်တော့ဘဲအင်အားသုံးရှင်းလင်းရသည်အထိ ဖြစ်လာတာကိုတွေ့ကြရမှာပါ။ နယ်ချဲ့စနစ်ပေါ်ထွန်းစအချိန်ကတည်းကနယ်ချဲ့စနစ်မှာအဓိကလက်နက် ၃ခုရှိပါတယ်။ စစ်ရေး၊ကုန်သွယ်ရေးနဲ့ ဘာသာရေးတို့ပါ။ အဲ့ဒီအချိန်ကတည်းကနယ်ချဲ့နိုင်ငံကြီးတွေဟာကိုလိုနီနိုင်ငံတွေကိုထိုးနှက်ဖို့ ဘာသာရေးမစ်ရှင်တွေကိုကောင်းကောင်းအသုံးချခဲ့ကြတာပါ။ ဒီနေ့အထိလဲပုံစံပြောင်း၊အသွင်ပြောင်းသွားတာပဲရှိတာပါ။ အနှစ်သာရကတော့ မပြောင်းလဲပါဘူး။
နိုင်ငံခြားအထောက်အပံ့နဲ့ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေ များလှပါတယ်။ အဖွဲ့အစည်းတိုင်းလိုလိုငွေကြေးထောက်ပံ့ပေးတဲ့ နိုင်ငံခြားအဖွဲ့အစည်းကိုသူတို့တောင်းဆိုတဲ့ ဒေတာတွေ၊အချက်အလက်တွေ စုဆောင်းပေး ကြရပါတယ်။ လုပ်သမျှအလုပ်တွေကိုအစီရင်ခံစာပေါင်းများစွာနဲ့ အမြဲတမ်းအစီရင်ခံနေကြရတာပါ။ သူတို့ ဖြန့်ဖြူးချင်တဲ့ အတွေးအခေါ်အယူအဆတွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖြန့်ဝေပေးနေရတာပါ။ ဒီအတွက်လည်းလိုအပ်တဲ့ငွေကြေးကိုထောက်ပံ့ပေးထားပါတယ်။
ဒီနေ့ မြန်မာနိုင်ငံရဲ့ ဒေတာအချက်အလက်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေကိုစီးဝင်ရောက်ရှိနေတာပါ။ လက်ရှိအစိုးရကလက်ခံရရှိတဲ့ ဒေတာတွေထက် ပိုများပြီးပိုအသေးစိတ်ကျမယ်လို့ ယူဆရပါတယ်။ ဒီဒေတာတွေကိုလက်ခံရရှိတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေကရော၊စီအိုင်အေလိုကမ္ဘာကိုခြိမ်းခြောက်နေတဲ့၊ကိုင်လှုပ်နိုင်တဲ့ အဖွဲ့အစည်းတွေဆီကိုလက်ဆင့်မကမ်းဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ မြန်မာနိုင်ငံအကြောင်းကို မြန်မာအစိုးရထက်၊ မြန်မာနိုင်ငံရေးသမားတွေထက် သူတို့ကပိုသိ၊ပိုနားလည်နေတာမျိုးတောင် မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ကိုယ့်နိုင်ငံရဲ့အားနည်းချက်၊အားကောင်းချက်တွေကိုကိုယ့်ထက်ပိုသိပြီးကိုယ့်ကိုပြန်ချုပ်ကိုင်လာတာရောမဖြစ်နိုင်ဘူးလား။ စဉ်းစားစရာတွေ အများကြီးပါ။
ဒါဆိုရင် နိုင်ငံခြားအထောက်အပံ့ဆိုတာတွေအပေါ်မှာအရင်ကထက်ပိုပြီးအလေးအနက်ထားဖို့ ဆင်ခြင်ကြဖို့ လိုအပ်လာပြီပေါ့။
(မောင်ရိုးရှင်း)
17.1.2019

Thursday, December 17, 2020

ရေယုန်ကာကွယ်ဆေး

0 comments
(ရေယုန်ကာကွယ်ဆေး)
အမေရိကပြည်ထောင်စုတွင် အသက် ၅၀ ဆယ်ကျော် နိုင်ငံသားတိုင်းအား Shingles Vaccine or Shingles Shot ခေါ် ရေယုန်ကာကွယ်ဆေးကို အခမဲ့ထိုးပေးပါသည်။ ဆေးက နှစ်လုံးထိုးရပြီး တလုံးနှင့်တလုံး ၂ လခန့်ခြားပြီး ထိုးကြရတာ ဖြစ်ပါသည်။ ဆေးစတိုးဆိုင်ကြီးများနှင့် ဆေးရုံဆေးခန်းများတွင် သွားရောက် အထိုးခံနိုင်ပါသည်။ အိုင်ဒီ သို့မဟုတ် ဒရိုင်ဗာလိုင်စင် ပြလိုက်ရုံသာ။
ကျနော်က Shingles ကို ရေယုန်ဟုပြန်သလို နှုတ်ခမ်းတွင်ပေါက်တတ်သည့် Herpes or Cold Sores ကိုလည်း ရေယုန်ဟုပင်ပြန်ပါသည်။ ဗမာတွေလည်း ထိုနည်းနှင်နှင်ခေါ်သည်ဟု ထင်ပါသည်။ မသေချာပါ။ ဗိန္ဓောဆရာများ အခေါ်တွင် သီးခြားရှိလျှင်လည်း ရှိနိုင်ပါသည်။ ကျနော်တော့ မသိပါ။ ကျနော်က နှုတ်ခမ်းတွင်ပေါက်သောရေယုန်နှင့် ကိုယ်ခန္ဓာအနှံ့အပြားတွင်ပေါက်တတ်သော ရေယုန်ဟူ၍ မှတ်သားထားပါသည်။ Shingles သည် အထူးသဖြင့် ခါးပတ်ပတ်လည် ရင်အုံနေရာနှင့် နံပါးနှင့် လည်ပင်းတို့တွင်အပေါက်များသည်။ Shingles ရေယုန် ခါးပတ်လည်တွင် ပေါက်ပြီး ခါးတပတ်ပြည့်လျှင် သူ့အလိုလိုပျောက်ကင်းသွားသည်ဟုဆိုသော်လည်း ဖြစ်နေတုန်းမှ မချိမဆန့် ခံရသည်ဟုဆိုပါသည်။ ဆေးသိပ္ပံပညာတွင် Shingles နှင့် Herpes တို့မှာ သီးခြားနံမည်များနှင့် ဖြစ်သလို သီးခြားလက္ခဏာတွေလည်း ရှိပါသည်။
ကျနော်တို့လင်မယား မနေ့မနက်က Shingles Vaccine ဒုတိယအလုံး Second Dose သွားထိုးကြပါသည်။ ပထမအလုံး First Dose ထိုးတုန်းက ဘာမှမဖြစ်ခဲ့ဟုထင်မိသော်လည်း ယခုအလုံးထိုးရာ၌ ဆေးဝင်ဝင်ခြင်း အသားထဲ နည်းနည်း အောင့်သလို ခံရပါသည်။ စိတ်ထဲထင်တာလည်း ဖြစ်နိုင်ပါသည်။ ဆေးထိုးဆရာက Side Effects ဘေးထွက်ဆိုးကျိုးများ ရှင်းပြပါသည်။ သို့သော် လက်မောင်းရင်းဆေးထိုးထားသည့်နေရာ နည်းနည်းအောင့်သည်မှ တပါး တနေကုန်ဘာမှမဖြစ်။ နေဝင်ရီတရောရောက်သည့်အခါ ဘေးထွက်ဆိုးကျိုးအစွမ်းပြပါတော့သည်။ ကိုယ်ပူလာသည်။ ကိုယ်တွေလက်တွေကိုက်သည်။ ခေါင်းကိုက်ပြီး မူးနောက်နောက်နေသည်။ ကြွက်သားတွေနာသည်။ ချမ်းသလိုလို တုန်သည်။ လူက နုံးနေသည်။
စစချင်းတော့ “ဒါ Shingles Vaccine ကြောင့်”ဟုတွေးမိသော်လည်း။ ည အိပ်ရာဝင်ခါနီးတွင် အဖျားလည်း ပိုတက်၊ ကိုယ်လက်တွေလည်း ပိုကိုက်၊ ။ ခေါင်းလည်းခဲကာ လူက ခေါင်းမထူချင်အောင်ဖြစ်လာသည်။ ထိုအခါ စိတ်ထဲ “ကိုဗစ်များလား”ဟု သံသယနည်းနည်းဝင်လာသည်။ ဒါနှင့် ရေးနွေးပူပူကျိုပြီး အကိုက်အခဲပျောက်ဆေးတွေ ကိုယ်ပူကျဆေးတွေ သောက်ပါသည်။ စောင်ခြုံပြီး ရေနွေးပူပူ ၃ ခွက်လောက်ကို တဖူးဖူးမှုတ်သောက်လိုက်သဖြင့် ချွေးလေးဘာလေးစို့ကာ ခနတော့ နေလို့ကောင်းသွားသည်။ တအောင့်လောက်ကြာတော့ ခေါင်းက မခံမရပ်နိုင်အောင် ကိုက်လာပြန်သည်။ ဒီတကြိမ်ဆေးမသောက်တော့ပဲ အိပ်ယာပေါ်လှဲရင်း နာကျင်ကိုက်ခဲနေသည့်နေရာများအပေါ် စိတ်အမှတ်ကိုချက ဝေဒနာနုဿတိလုပ်ကြည့်ပါသည်။ စိတ်က စုလို့မရချင်။ ပျံ့လွင့်လွန်းအားကြီးနေသည်။ ဒါနှင့် ဆေးတခွက်ထပ်သောက်ကာ အိပ်ရာထဲ လှဲနေပါသည်။ အိပ်ရာထဲနေရင်း ကိုဗစ်များလားဟုအထင်က ပို၍ပင် အားကောင်းလာပါသည်။
ကိုဗစ်ဆိုရင် အနံ့ပျောက်တာ အရသာပျောက်တာတွေဖြစ်ရမည်။ ခုနက ရေနွေးကြမ်း သုံးခွက်ဆင့်သောက်ချ လိုက်တာလည်း အနံ့အရသာမရခဲ့ဟု စိတ်ကထင်လာပါသည်။ ဒါနှင့် မီးဖိုခန်းထဲသွားကာ စိုးဝင်းအချိုခြောက်ဗူးဖွင့်ပြီး ရှူကြည့်သည်။ အနံ့ကောင်းကောင်းကောင်းရပါသည်။ သည်မျှနှင့် မရပ် လုပ်လက်စနှင့် အရသာရအောင် လုပ်မည်ဟုတွေးကာ ရေနွေးတည် လက်ဖက်ခြောက် ကျကျနှပ်ပြီး ပေါ့ကျကောင်းကောင်း ဓာတ်ဗူးသေးတဗူးစာ ဖျော်ပါသည်။ (ထောင်ထဲမှာ ကိုအံ့ဘွယ်ကျော်ဖျော်တိုက်သည့် အကျစံချိန်အတိုင်းတော့ မသောက်နိုင်တော့ပါ။ ထိုအကျစံချိန်အတိုင်း သောက်မိလျှင် လူက ရင်တွေပန်းတွေတုန်ကာ တညလုံးမျက်စေ့ကြောင်နေတတ်ပါသည်။)
လက်ဖက်ရည်ကို စိတ်တိုင်းကျဖျော်ပြီး ခတ်နွေးနွေးမှာ ဖြည်းဖြည်းချင်းမျှဉ်းကာ အရသာခံသောက်ကြည့်သည်။ အရသာရပါသည်။ အနံ့လည်းရ အရသာလည်းရသဖြင့် ကိုဗစ်တော့ ဘယ်နည်းနဲ့မှမဖြစ်နိုင် ရေယုန်ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးများပင်ဖြစ်သည်ဟု စိတ်ဒုံးဒုံးချကာ စိတ်လည်းအေးသွားပါသည်။ ဇနီးသည်လည်း ကျနော့်နည်းတူ အားလုံးဖြစ်သည်မို့ သူလည်း ဆေးတွေသောက်သလို လက်ဖက်ရည်လည်းသောက်ပါသည်။ အနံ့ရောအရသာပါ ရသည်မို့ သူလည်း စိတ်အေးသွားပါသည်။ သို့သော် လက်ဖက်ရည်တန်ခိုးကြောင့် နှစ်ယောက်စလုံး တညလုံး အိပ်မပျော်တချက် ပျော်တချက်နှင့် မိုးစင်စင်လင်းခဲ့ပါသည်။
ဒီမနက် အိပ်ယာကနိုးတော့ ညကလောက် မခံစားရတော့။ စိတ်လည်း အေးနေပါသည်။ ကားလည်း မောင်းနိုင်ပါသည်။ တညလုံးကျထားသော နှင်းလည်း အကျရပ်သွားပါသည်။ ထို့ကြောင့် ဒူးအတွက် ကာယကုထုံးအပွိုင်မင်န်သွားပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်း ဆေးဖြင့် နှိပ်ပေးခြင်းများ လုပ်ပေးပါသည်။ ခုတော့ ကိုဗစ်မဟုတ်မှန်းသိသဖြင့် စိတ်အေးအေးဖြင့် ဤစာကိုရေးပါသည်။
မျိုးမြင့်ချို ဒီဇင်ဘာ ၁၇။ ၂၀၂၀

တွေ့တော့တွေ့ကြတာပါပဲ

0 comments

တွေ့တော့တွေ့ကြတာပါပဲ

ဦးသိန်းစိန်လက်ထက်က အပစ်အခတ်ရပ်စဲရေးတွေလုပ်မည်ဆိုတော့ ဦးအောင်မင်းတို့အဖွဲ့ကို တာဝန်ပေး၏။ လုပ်ပိုင်ခွင့် အပ်နှင်း၏။ မတရားသင်းကြေညာထားသည့် အဖွဲ့အစည်းများနှင့် တွေ့ရမှာဖြစ်သဖြင့် ဥပဒေကြောင်းအရ ကင်းလွတ်ခွင့် အမိန့်စာကို သမ္မတလက်မှတ်ထိုးပြီး ထုတ်ပေး၏။ ထိုစာ၏သဘောက ဦးအောင်မင်းတို့အဖွဲ့သည် မတရာသင်းများနှင့် ဆက်သွယ်တွေ့ဆုံမည်ဖြစ်သော်လည်း ဥပဒေကြောင်းအရ “မတရားသင်းဆက်သွယ်မှု ပုဒ်မများနှင့်” ငြိစွန်းမှုမရှိပါဆိုသည့်သဘောပင်။ ထို့ကြောင့် မတရားသင်းများနှင့်ဆက်သွယ်သော်လည်း မတရားသင်းဆက်သွယ်မှုမမြောက်။ ဘာ မတရားသင်းပုဒ်နှင့်မှ တရားစွဲလို့မရ။ တရားဝင်တွေ့ကြခြင်းပင်။

 

ခု အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားသော AA နှင့် စစ်အုပ်စုတွေ့၏။ အထက်ကပြောခဲ့သလို သမ္မတအမိန့်နှင် လက်မှတ်ထိုးထုတ်သောစာ ပါသည်မပါသည်မသိရ။ စစ်အုပ်စုက နိုင်ငံရေးလက်ဦးမှုယူရန်နှင့် အင်န်အယ်လ်ဒီအစိုးရအား အမြီးလှန်ချိုးရန်အကြံဖြင့် သူ့သဘောနှင့်သူ တွေ့တာလား ဒါမှမဟုတ် အတွင်းကျိတ်ဝိုင်းလေးဖြင့် အချိန်ကပ်မှ သမ္မတကိုအကျပ်ကိုင် စာထုတ်ခိုင်းပြီးတွေ့သလားမပြောတတ်။ တချို့ကိစ္စတွေ သူတို့ချင်း လက်ဝါးရိုက်ပြီး ကျိတ်လုပ်နေကြတာ ပြည်သူတွေ ဘာမှမသိရ။ မီဒီယာတွေဆီက အစထွက်လာပြီး မေးလားမြန်းလားလုပ်တော့မှ ဟိုတစဒီတစ ထွက်လာတာမျိုးဖြစ်၏။ တိုင်းပြည်နှင့် လူထုအပေါ် မရိုးဖြောင့်ကြခြင်းပင်။

 

သမ္မတအမိန့်စာထုတ်ထားတာမပါပဲ စစ်အုပ်စုက ကိုယ့်သဘောနှင့်ကိုယ် AA နှင့် တွေ့သည်ဆိုလျှင် ဥပဒေကြောင်းအရ မတရားသင်းဆက်သွယ်မှုဖြစ်၏။ ပါဝင်သူတွေကို သက်ဆိုင်ရာပုဒ်မတပ်ပြီး အမှုဖွင့် တရားစွဲလို့ရ၏။ AA သည် မတရားအသင်း။ မတရားအသင်းမှာမှ “အကြမ်းဖက်အဖွဲ့အစည်း” ဆိုင်းဘုတ်ပါတပ်ထားသည့် လက်နက်ကိုင် အင်အားစု။ ထိုသို့ စာမပါဘာမပါ တွေ့ရိုးမှန်လျှင် အစိုးရက စစ်တပ်ကို ဥပဒေကြောင်းအရ အရေးယူဝံ့မလားက မသေချာ။ သေချာတာကတော့ စစ်အုပ်စုက လက်ဦးမှုယူသွားခြင်းပင်။

 

တကယ် အပစ်အခတ်ရပ်တော့မည်ဆိုလျှင် မတရားသင်းအဖြစ်ကရော အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကပါ ပယ်ဖျက်ပေးဖို့ရန်မှာ အစိုးရနှင့်လွှတ်တော်အလုပ်များဖြစ်၏။ စစ်အုပ်စုအလုပ် မဟုတ်။ သူတို့ လုပ်မရ။ ဒါက ဿပဒေရေးရာကိစ္စတွေဖြစ်၏။ တခါ အပစ်ရပ်ပြီးလျှင် AA အား “ဘယ်နေရာတွင်  ဘယ်ပုံဖြင့်ချထားမည်” ဆိုသည်ကိုလည်း စစ်တပ်ကဆုံးဖြတ်လို့မရ။ အခုလောလောဆယ်အချိန်အထိ AA အား ရခိုင်ပြည်နယ်တွင်အခြေချခွင့် မပြုနိုင်ဟုဆိုသည်ကို ဘယ်လိုပြင်မလဲကလည်း စဉ်းစားစရာဖြစ်၏။ ရခိုင်ပြည်တွင် နေရာချထားမည်ဆိုစေဦး ဘယ်နေရာတွေမှာ ချထားမလဲနှင့် ဘယ်ပုံ နေရာချထားမလဲက ထပ်တွေးစရာဖြစ်နေ၏။ လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေးအဖွဲ့လား၊ နယ်ခြားစောင့်လား၊ ပြည်သူ့စစ်လား စသည်တွေက ခေါင်းစားစရာ။ ဘာပဲလုပ်လုပ် အစိုးရကိစ္စတွေရှိလာမည်ဖြစ်၏။

 

AA ဘက်ကတော့ ရှင်းသည် ရခိုင်တပ်တော်သည် ရခိုင်တွင်ရှိရမည်ဆို၏။ ဘယ်နေရာတွေမှာ ဘယ်ပုံနေရာချထားရေး တွေကတော့ ဘာသံမှထွက်မလာသေး။ ဒါကလည်း စေ့စပ်ဆွေးနွေးရေးတွေ အပေးအယူတွေ တက်လာတော့မှ သိရမည်ထင်၏။

 

ရခိုင်က လူမျိုးစိတ်နှင့်ဒေသစိတ်ကြီးသည့်နေရာတွင်လည်း လူပြောများ၏။ သို့သော် လူမျိုးစိတ်ဖြင့် စစ်တိုက်လျှင် စစ်အုပ်စုကို မနိုင် နိုင်မှန်းသူတို့လည်းသိ၏။ စစ်အုပ်စုတွင် စစ်သားအရင်းအမြစ်ကြီး၏။ စစ်သား လိုသလောက် စုနိုင်၏။ ဝါဇီရှိနေသမျှ လခပေးထားနိုင်၏။ စပါ်းစိုက်နေသမျှ ကျွေးထားနိုင်၏။ AA တွင် ထိုအခြေအနေ ထိုအခွင့်အလမ်းမျိုး မရှိပါ။  စစ်အုပ်စုသည်လူမျိုးကြီးဝါဒကို ဗြောင်ကျင့်သုံးသလို လူမျိုးစိတ်လည်း အလွန်ကြီး၏။ လူမျိုးစိတ်ကြီးရာမှာ ရခိုင်ထက်သာ၏။

 

ပြန်ချုပ်ရလျှင် ယခု AA နှင့် စစ်အုပ်စုတွေ့၏။ တရားဝင်တွေ့တာဟုတ်မဟုတ် သမ္မတအမိန့်စာပါမပါမသိရ။ တရားမဝင်တွေ့တာဆိုလျှင် အင်န်အယ်လ်ဒီအစိုးရအနေနှင့် ဘာလုပ်မည်နည်း။ ဘာလုပ်လို့ရမည်နည်း။ ထိုသို့တွေ့ကြရာမှတဆင့်တက်လာလျှင် ဥပဒေရေးရာကိစ္စတွေပါလာလျှင် အစိုးရမပါလို့မရတော့။ လွှတ်တော် ငြိမ်နေလို့မရတော့။ ထိုအခါ စစ်အုပ်စု အစိုးရနှင့် AA သုံးပွင့်ဆိုင်ကိစ္စမှာ စိတ်ဝင်စားစရာတွေချည်း ဖြစ်မည်တွေး၏။

 

ဤနေရာတွင် ကြားဝင်စေ့စပ်ပေးသူအကြောင်းပြောသည်မဟုတ်သဖြင့် သူ့ကိစွချန်ခဲ့ပါသည်။

မျိုးမြင့်ချို၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၀

Tuesday, December 15, 2020

ဖက်ဆစ်စနစ်အကြောင်းပြောကြမယ်ဆိုရင်

0 comments

ဖက်ဆစ်စနစ်အကြောင်းပြောကြမယ်ဆိုရင်

စာတည်းအဖွဲ့  (ပြည်သူ့အာဏာဂျာနယ်)

သြဂုတ်၊ ၂၀၀၀

(၁)

ဖက်ဆစ်အန္တရာယ်

သတိရှိကြလော့ -

သူ့ကို (ဟစ်တလာကို)

မွေးထုတ်ပေးလိုက်တဲ့ ခွေးမဟာ

အခုအထိ အ​ရွေလိုက်(မိတ်လိုက်)ချင်စိတ်

မပျောက်သေးဘူး 

(ဗားတော့ဗရက်)

ဖက်ဆစ်ဝါဒ ခေါင်းထောင်ထောင်ထနေတာကို တွေ့ရပြီးနောက်မှာ ဂျာမန်ကဗျာဆရာ ဗားတော့ဗရက်ရဲ့ တပ်လှန့်သံပါ။

ဗမာပြည် ပြည်သူတွေကတော့ ဒုတိယကမ္ဘာစစ်ကြီးမှာ အာရှဖက်ဆစ်ရဲ့ခါးသီးမှုကို ကောင်းကောင်းကြီး ခံစားလိုက်ကြဖူးပါတယ်။

အခုလည်း ဖက်ဆစ်နည်း - ဖက်ဆစ်ဟန် စစ်ဝါဒကို ခံစားနေကြရဆဲပါ။ ဒါကြောင့် ဖက်ဆစ်စနစ်အကြောင်း ရှင်းလင်းဖော်ပြဖို့ တာဝန်ရှိလာပါတယ်။

(၂)

ဖက်ဆစ်စနစ်

ဖက်ဆစ်စနစ်ဆိုတာ ပထမကမ္ဘာစစ်အပြီး အီတလီ၊ ဂျာမဏီ၊ ပိုလန်၊ ဟန်ဂေရီနဲ့ စပိန်စတဲ့ နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ နောက်ပိုင်း ပေါ်တူဂီ၊ (အာရှတိုက်မှာ)ဂျပန်စတဲ့ နိုင်ငံတွေလည်း ဖက်ဆစ်နိုင်ငံတွေ ဖြစ်လာပါတယ်။ ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းကတော့ အုပ်စိုးသူလူတန်းစားဟာ ပါလီမန်လွှတ်တော်စနစ်၊ တနည်းပြောရရင် ဓနရှင်ဒီမိုကရေစီစနစ်ဆိုတဲ့ နည်းဟောင်းတွေနဲ့ မအုပ်စိုးနိုင်ကြတော့လို့၊ ပြည်တွင်းပေါ်လစီမှာ ကြောက်လောက်အောင် ခြိမ်းခြောက်တဲ့နည်း၊ ပြည်ပပေါ်လစီမှာ ကျူးကျော်နယ်ချဲ့တဲ့နည်းတွေ သုံးလာကြရာက ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

 

ဖက်ဆစ်ဝါဒဟာ ဆိုရှယ်လစ်ဝါဒ၊ လစ်ဘရယ်ဝါဒတို့နဲ့ တိုက်ရိုက်ဆန့်ကျင်တဲ့ဝါဒ ဖြစ်ပါတယ်။ နိုင်ငံသားတဦးအနေနဲ့ သီးခြားလွတ်လပ်စွာ ပြုမူပြောဆိုခွင့်နဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ဟူ၍မရှိ၊ နိုင်ငံက ပေးသလောက် အခွင့်အရေးကိုသာ ခံစားရမယ်။ သူ့ရဲ့အသက်နဲ့ စည်းစိမ်ဥစ္စာကို နိုင်ငံတော်က ပိုင်တယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဘယ်လုပ်ငန်းကိုမဆို ဝေဖန်ပြောဆိုခြင်း၊ သဘောမတူရှိခြင်းများကို နိုင်ငံတော်သစ္စာဖောက်မှုအဖြစ် မှတ်ယူတယ်။ အတိုက်အခံပြုသူ၊ သွေဖီသူမှန်သမျှကို ထောက်လှမ်းဖျက်ဆီးဖို့ လျှို့ဝှက်ရဲတွေ အသင့်ချထားတယ်။ အမှတ်မထင် ဝေဖန်ပြောဆိုမိရင်တောင် ချက်ချင်းအဖမ်းခံရမယ်။ အပြစ်ပေးခံရမယ်။ အတိုက်အခံပါတီ မှန်သမျှ ဖျက်သိမ်းပစ်တယ်။ လူထုကို အသိဉာဏ်ပေးတဲ့ စာနယ်ဇင်း၊ ရေဒီယိုစတာတွေမှာ အာဏာပိုင်တွေ သိစေချင်တဲ့၊ နားလည်စေချင်တဲ့ အချက်အလက်တွေကိုသာ ပါစေဖို့ ဖြတ်တောက်ပညတ်တယ်။ ပြည်ပသို့ လွတ်လပ်စွာသွားလာခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် မရှိ။ ပြည်သူလူထုကို အမျိုးသားရေးစိတ်ဓာတ်လှုံ့ဆော်ပြီး စစ်သွေးစစ်မာန် အမြဲတက်နေအောင် လုပ်တယ်။

 

နိုင်ငံခြားရေး ပေါ်လစီမှာ တခြားအမျိုးသားတွေအပေါ် လူစိတ်ကင်းမဲ့တဲ့ ရန်လိုစိတ်တွေ လှုံ့ဆော်ပြီး၊ နည်းနာကျတော့ အလွန်အကျွံ ရက်စက်ရိုင်းစိုင်းတဲ့ ကျူးကျော်ရေးဝါဒ ဖြစ်တယ်။ ပြည်တွင်းပေါ်လစီ - ဖက်ဆစ်တွေရဲ့ ရည်ရွယ်ချက်ဟာ လူထုကြီးကို ထင်သလို သွေးစုပ်ဖို့ဖြစ်တယ်။ ဒါပေမဲ့ အရင်းရှင်စနစ်ဆန့်ကျင်ရေးဆိုတဲ့ အပါးနပ်ဆုံးဝါဒဖြန့်မှုနဲ့ လူထုကို ချဉ်းကပ်တယ်။ ဓနရှင်လူတန်းစားရဲ့ ဘဏ်တိုက်၊ ထရပ်စ်နဲ့ ဘဏ္ဍာထိပ်သီးများအပေါ် လုပ်သားပြည်သူတွေထားရှိတဲ့၊ နက်ရှိုင်းတဲ့မုန်းတီးမှုကိုအသုံးချပြီး နိုင်ငံရေး မရင့်မှည့်သေးတဲ့လူထုကို သွေးအဆောင်နိုင်ဆုံး ကြွေးကြော်သံတချို့ ဖော်ထုတ်မိတ်ဆက်ပေးပြီး ဆွဲဆောင်ခဲ့ကြတယ်။

အများအကျိုးဟာ တဦးချင်းအကျိုးထက် မြင့်မြတ်တယ်။

(ဂျာမဏီ)

ငါတို့နိုင်ငံဟာ အရင်းရှင်များရဲ့ နိုင်ငံမဟုတ်၊ တနိုင်ငံလုံး တစုတစည်းတည်းရှိတဲ့ နိုင်ငံတော်ဖြစ်တယ်။

(အီတလီ)

သွေးစုပ်မှုကင်းမဲ့တဲ့ ဂျပန်ပြည်ဖြစ်ရေး။

(ဂျပန်)

ဥစ္စာဓနများ အတူတကွ ခံစားကြ။

(အမေရိကန်)

ဒီလိုနဲ့ လူထုကို သူတို့ ခွင်” ထဲ ဆွဲထည့်ထားလိုက်ကြတယ်။ ဂျာမဏီမှာ ကိုယ့်ကိုယ်ကို အမျိုးသားသူရဲကောင်းတွေအဖြစ် တံဆိပ်ကပ်ပြီး “ ဗာဆေးစာချုပ် ဆန့်ကျင်ရေး” ကြွေးကြော်သံတင်ကာ ဓနရှင်ပေါက်စတွေရဲ့ ထောက်ခံမှုရအောင် လုပ်ခဲ့တယ်။

ဂျပန်ကတော့ အရှေ့အာရှ သာတူညီမျှရေး” ကြွေးကြော်သံနဲ့ နယ်ချဲ့ကျူးကျော်ခဲ့တယ်။ ဖက်ဆစ်အစိုးရတွေဟာ ပြည်သူတွေကို လာဘ်ယူလာဘ်စား အကျင့်အပျက်ပြားဆုံးအရာရှိတွေရဲ့ စီမံခြယ်လှယ်မှုအောက်မှာထားပြီး - ပြည်သူတွေရဲ့ ရှေ့မှာကျတော့ “ သန့်ရှင်းမျှတတဲ့အစိုးရ ” အဖြစ် အသိအမှတ်ပြုခံချင်ကြတယ်။

ဒါတွေကတော့ သမိုင်းမှာ ထင်ဟပ်ခဲ့တဲ့ ဖက်ဆစ်စနစ်ရဲ့ ပုံပန်းသဏ္ဌာန်တွေဖြစ်ပါတယ်။

(၃)

စီးပွားပျက်ကပ်၊ ပြည်သူနဲ့အစိုးရ၊ ဖက်ဆစ်နဲ့ စစ်ပေါ်လစီ

၁၉၂၉ ခု၊ အောက်တိုဘာလမှာ အမေရိကန် စတော့ဈေးကွက် ပျက်သွားခဲ့ပါတယ်။ ဒီကနေ တဆင့်ကူးပြီး တကမ္ဘာလုံး စီးပွားပျက်ကပ် ဆိုက်ခဲ့ကြရတယ်။ နိုင်ငံများစွာ ဒေဝါလီခံကြရတယ်။ လုပ်ငန်းတွေရပ်ဆိုင်းပြီး အလုပ်လက်မဲ့တွေ တိုးပွားလာပါတယ်။ စက်မှုနိုင်ငံများဖြစ်တဲ့ အမေရိကန်မှာ အလုပ်သမား ၁၂ သန်း၊ ဂျာမဏီ ၅.၆ သန်း၊ အင်္ဂလန် ၂.၇ သန်း အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်။ အဲဒီခေတ် လူဦးရေအရဆိုရင် ရာခိုင်နှုန်း သိပ်များပါတယ်။

အစိုးရအသီးသီးက ပို့ကုန် - သွင်းကုန်တွေမှာ အကောက်ခွန်နှုန်း တိုးမြှင့်စည်းကြပ်ခြင်း၊ ပိတ်ပင်ခြင်းစတာတွေနဲ့ ကာကွယ်ဖို့ ကြိုးစားကြလို့ ကမ္ဘာ့ကုန်သွယ်ရေး သိသိသာသာ ကျဆင်းသွားပါတယ်။

အစိုးရအသီးသီးဟာ အကျပ်အတည်းဖြစ်ရတဲ့ ဝန်ထုပ်အားလုံးကို အခွန်ထမ်းပြည်သူတွေရဲ့ ပခုံးပေါ်လွှဲတင်ဖို့ လုပ်လာကြတယ်။ အင်အားချည့်နဲ့သေးငယ်တဲ့အမျိုးသားတွေကို ကျွန်အဖြစ်သွတ်သွင်းပြီး ကိုလိုနီနိုင်ငံတွေကို ပိုမိုဖိနှိပ်ဖို့၊ ဒါ့အပြင် စစ်ရေးနည်းနဲ့ ကမ္ဘာကို အသစ်တဖန်ပြန်လည်ခွဲဝေပြီး ဈေးကွက်ပြဿနာဖြေရှင်းဖို့လည်း လုပ်လာကြတယ်။ တဖက်မှာ ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုတွေ တိုးပွားကြီးထွားလာမှာကို ကြိုတင်တားဆီးဖို့ ကြံစည်ကြတယ်။

အုပ်စိုးသူတွေအတွက် ငြိမ်းချမ်းတဲ့နိုင်ငံရေးပေါ်လစီနဲ့ လက်ရှိအခြေအနေက အလွတ်ရုန်းထွက်ဖို့ ထွက်ရပ်လမ်းရှာမရတဲ့ အတွက်ကြောင့် စစ်ပေါ်လစီကို မသုံးစွဲရင်မဖြစ်တော့ဘူးလို့လည်း ခံယူလာကြတယ်။

(၄)

ပေါ်ပေါက်ပုံ

ကမ္ဘာမှာ ဖက်ဆစ်စနစ် အနှံ့အပြား ပေါ်ပေါက်လာကြတဲ့အထဲက ဒုတိယကမ္ဘာစစ်ဖြစ်စေတဲ့အထိ ဖက်ဆစ်သရုပ်ကို အတိုင်းအတာအရ လွန်လွန်ကဲကဲ ဖော်ပြခဲ့ကြတဲ့ ဝင်ရိုးစွန်းသုံးနိုင်ငံနဲ့ စပိန်အကြောင်း ပြန်ပြောင်းပြောလိုပါတယ်။

 

အီတလီ။

အမျိုးသားရေးဝါဒသမား၊ ကွန်မြူနစ်ဆန့်ကျင်ရေးသမား၊ တခါက ဆိုရှယ်လစ်ဖြစ်ခဲ့တဲ့ မူဆိုလီနီရဲ့ဦးဆောင်မှုနဲ့ ၁၉၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်မှာ ဖက်ဆစ်ဝါဒဆိုတာ စပေါ်လာခဲ့တယ်။ အင်အားကြီးလာရာက ၁၉၂၂ ခုနှစ်မှာ ဘုရင်ကဖိတ်ခေါပြီး အစိုးရဖွဲ့စေပါတယ်။ ဖွဲ့ပြီးလို့ မကြာမီမှာပဲ အီသီယိုးပီးယားကိုဝင်သိမ်းလို့ နိုင်ငံပေါင်းချုပ်အသင်းကြီးက ကန့်ကွက်ပြီး အမိန့်တွေထုတ်ခဲ့ရတယ်။ ဒီအမိန့်တွေကို ဂရုမစိုက်ခဲ့ပါဘူး။ ဗြောင်ဆန့်ကျင်ခဲ့ပါတယ်။

အီတလီဖက်ဆစ် တပ်ဖွဲ့ဝင်တွေဟာ အများအားဖြင့် “ စစ်မှုထမ်းဟောင်းတွေ ” ဖြစ်လို့ ဖက်ဆစ်တပ်ဖွဲ့ကို ကျနစွာ စည်းရုံးနိုင်ခဲ့ကြတယ်။ “ ရှပ်နက် ” တပ်သားများအဖြစ် နာမည်ကြီးခဲ့တယ်။ ၁၉၂၅ ခုနှစ်မှာ အတိုက်အခံအဖွဲ့ အားလုံးကို ပြင်းပြင်းထန်ထန် နှိမ်နင်းလိုက်ပြီး နောက်မှာတော့ မူဆိုလီနီဟာ စစ်တပ်ကြီး တတပ်လုံးကို လက်ကိုင်ပြုကာ အာဏာရှင်အဖြစ် ခံယူလိုက်ပါတယ်။

ဂျာမဏီ။

ဟစ်တလာက ၁၉၁၉ ခုနှစ်မှာပဲ ဂျာမန်လူမျိုး နေရှင်နယ်ဆိုရှယ်လစ် အလုပ်သမားပါတီ” လို့ အဓိပ္ပာယ်ရတဲ့ နာဇီပါတီကို ထူထောင်ခဲ့တယ်။ အမျိုးသား ဆိုရှယ်လစ်ပါတီ” နာမည်ခံယူထားပေမယ့် အမှန်မှာ ဆိုရှယ်လစ်လမ်းစဉ် မဟုတ်၊ ရည်မှန်းချက်က ဂျာမဏီနိုင်ငံရဲ့စစ်အင်အားကို ကြီးထွားဖွံ့ဖြိုးစေဖို့ ၊ ကမ္ဘာကို ဂျာမန်လူမျိုးတွေကသာလျှင် လွှမ်းမိုးဖို့ ဖြစ်တယ်။

ဥရောပလူဖြူမျိုး - အာရိယန်တွေက တခြားလူမျိုးတွေထက် သာလွန်မြင့်မြတ်တယ်လို့ ခံယူကြတယ်။

ဂျာမဏီမှာ စီးပွားပျက်ကပ်ကိုအကြောင်းပြုပြီး ဖက်ဆစ်အမျိုးသားရေးအစွန်းရောက်သမားတွေ ခေါင်းထောင်ထလာကြပါတယ်။ စီးပွားရေးကျပ်တည်းမှုကြီးက ဖိစီးသည်ထက် ဖိစီးလာတဲ့အခါ လူထုအနေနဲ့ သူတို့ကို တနည်းတလမ်းနဲ့ ကယ်တင်လိမ့်မယ်လို့ထင်တဲ့ (ယုံလောက်အောင် ဆွဲဆောင်နိုင်တဲ့)ပါတီကို ဝိုင်းဝန်းအားပေးတတ်တာ ဓမ္မတာပါ။ နာဇီပါတီက ဒအခွင့်အရေးကိုအသုံးချကာ အမျိုးသားရေးကိုလှုံ့ဆော်ပြီး လူထုရဲ့ထောက်ခံမှုရအောင် ကြိုးပမ်းနိုင်ခဲ့ကြတယ်။

စက်မှုလက်မှု လုပ်ငန်းရှင်တွေကလည်း ဆိုရှယ်လစ်နဲ့ကွန်မြူနစ်ဝါဒ တိုက်ဖျက်ခြင်းကိစ္စမှာ သဘောကြိုက်ညီကြလေတော့ နာဇီပါတီကို အင်တိုက်အားတိုက် အားပေးခဲ့ကြတယ်။ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းတာကို အလုပ်ရှင်တွေက ခုခံတိုက်ဖျက်နိုင်ဖို့အတွက် ထောက်ခံဲ့ခြင်းလည်း ဖြစ်တယ်။ ဒါကြောင့် ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလမှာ နာဇီခေါင်းဆောင်ဟစ်တလာကို သမ္မတ ဟင်းဒင်ဗတ်က အဓိပတိအဖြစ် ကြေညာခန့်အပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့အရကတော့ ဟစ်တလာရဲ့ အာဏာရှင်စနစ်တည်မြဲစေဖို့ သိန်းသန်းမကတဲ့ ဂျာမန်လူမျိုးတွေဟာ လက်နက်နဲ့ နှိပ်ကွပ်ခြင်းခံခဲ့ရပါတယ်။ သမိုင်းပြဆိုချက်က တယူသန်အမျိုးသားရေးဝါဒ ကိုင်စွဲလာရင် သူများအမျိုးသားတွေ ချေမှုန်းဖျက်ဆီး ခံရတာတင်မက မိမိအမျိုးသားများလည်း ဖိနှိပ်ဖျက်ဆီးခြင်းခံရတယ်ဆိုတာပါပဲ။ အတိုက်အခံပါတီဟူ၍ မရှိစေရဘဲ နိုင်ငံအာဏာကို နာဇီခေါင်းဆောင်တွေရဲ့ လက်မှာသာထားပြီး အုပ်ချုပ်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။

စပိန်။

၁၉၂၃ ခုနှစ်မှာ ပရိုင်မိုရိုင်ဗီးယား အာဏာရှင် ဖြစ်လာပါတယ်။ ဘုရင်အယ်လ်မွန်ဆိုက ၁၉၃ဝ မှာ အာဏာရှင်စနစ် ဖျက်သိမ်းကြောင်း ကြေညာပေမယ့် သြဇာမသက်ရောက်ခဲ့ပါ။ ၁၉၃၁ ခုနှစ်ကျမှ တိုင်းပြည်က နှင်ထုတ်လို့ရပါတယ်။ ၁၉၃၆ ခုမှာ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ သမ္မတနိုင်ငံလိုလားသူတွေနဲ့ စင်ဒီကယ်မင်းမဲ့ဝါဒ (Syndicalism)ပါတီများပေါင်းပြီး အစိုးရဖွဲ့ခဲ့ကြတယ်။ ဒါပေမဲ့ ဖရန်ကိုခေါင်းဆောင်တဲ့ စစ်တပ်အရာရှိတွေက လက်မခံ၊ ပုန်ကန်ခဲ့ကြတယ်။ ၃ နှစ်ကြာစစ်ပွဲမှာ လူတသန်းခန့် သေကျေခဲ့ရတယ်။ သမ္မတနိုင်ငံဘက်က ဆိုဗီယက်ယူနီယံ၊ ပြင်သစ်၊ မက္ကဆီကိုတို့က ကူညီကြပြီး ဖရန်ကို ကို ဖက်ဆစ်အီတလီ၊ ဂျာမဏီတို့က ကူပါတယ်။ အင်္ဂလိပ်ကတော့ ကြားနေတယ်ပြောပြီး ဂျာမဏီဘက် ပင်းပါတယ်။ ဖရန်ကို အနိုင်ရသွားပါတယ်။ နောက်ဆုံး ပရိုင်မိုရိုင်ဗီးယား မလုပ်နိုင်တဲ့ကိစ္စတွေကို ဖရန်ကိုက လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ကြားနေတယ်ကြေညာပြီး ဖက်ဆစ်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံခဲ့လို့ ကုလသမဂ္ဂက ၁၉၅၅ ခုနှစ်အထိ ကြဉ်ထားတာ ခံခဲ့ရတယ်။

ဖရန်ကိုက ၁၉၆၉ ခုနှစ်မှာ မင်းသား ဟွမ်ကာလို့စ်ကို အနာဂတ်ဘုရင်နဲ့ နိုင်ငံအကြီးအကဲအဖြစ် လျာထားပေးခဲ့တယ်။ ယခုအထိ ဘုရင်ဖြစ်နေဆဲပါ။

ဂျပန်။

အာရှမှာရှိတဲ့ ဂျပန်ပြည် ဖက်ဆစ်နိုင်ငံဖြစ်လာပုံကျတော့ စစ်ဝါဒကနေ ကူးပြောင်းလာခြင်းဖြစ်ပါတယ်။ မူလကတော့ ဂျပန်လည်း တရုတ်လို အနောက်နယ်ချဲ့နိုင်ငံတွေရဲ့ မမျှတတဲ့စာချုပ်တွေကို လက်မှတ်ထိုးပေးခဲ့ရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ မေဂျီပြုပြင်ပြောင်းလဲရေးတွေကြောင့် တိုးတက်လာခဲ့တဲ့ဂျပန်ဟာ ၁၈၉ဝ ခုနှစ်များကျမှ စာချုပ်ကိစ္စတွေ ဖြေရှင်းနိုင်ခဲ့တာပါ။ တိုင်းပြည်ကာကွယ်ရေးအတွက် အလေးထားစိုးရိမ်စိတ်တို့က နယ်ပယ်ချဲ့ထွင်လိုတဲ့စိတ်ကို အလွယ်တကူ ပြောင်းလဲသွားစေခဲ့တယ် - လို့ ခံသာအောင် နိဂုံးချုပ်ပေးတဲ့ သမိုင်းဆရာတချို့လည်း ရှိပါတယ်။

တကယ်တမ်းတွေ့ရတာကတော့ အစွန်းရောက်အမျိုးသားရေးစိတ်အခံနဲ့ စီးပွားရေးနယ်ပယ် ချဲ့ထွင်ဖို့အတွက် အဆက်မပြတ် ကျူးကျော်စစ်များ ဆင်နွှဲခဲ့ခြင်းဖြစ်ပါတယ်။ ဂျပန်မှာ အဲဒီတုန်းက ဘုရင်နဲ့ပဒေသရာဇ်လူတန်းစားက ဖက်ဆစ်ဝါဒကို သဘောကျတယ်။ အာရှကိစိုးမိုးမယ့်ဧကရာဇ်ဖြစ်အောင်လုပ်ပေးလို့ပဲ။ ဖက်ဆစ်ဝါဒတွေကလည်း ဘုရင်ကို ဘုရားတဆူဂူတလုံး ဖြစ်အောင် ပြရုပ် အဖြစ်ထားပြီး ဂျပန်ဖက်ဆစ်ဝါဒကို အစွမ်းကုန်ကျင့်သုံးနိုင်ကြလို့ ကျေနပ်တယ်။ ၁၈၉၄ - ၉၅ မှာ ထိုင်ဝမ်ကျွန်းကို သိမ်းတယ်။ ၁၉၀၄ - ၀၅ မှာ ရုရှားကိုနိုင်ပြီး ဆခါလင်ကျွန်းကို သိမ်းပြန်ပါတယ်။ အားအင် တောင့်တင်းလာတာနဲ့အမျှ တရုတ်ဆီက အခွင့်အရေးတွေ တိုးယူ၊ ပိုအနိုင်ကျင့်ပါတယ်။ ၁၉၁၀ မှာ ကိုရီးယားလည်း ဂျပန့်လက်အောက် ရောက်သွားရပြန်ပါတယ်။

၁၉၁၄ ပထမကမ္ဘာစစ် ဖြစ်လာတော့ တရုတ်ပြည် စန်းတုန်းပြည်နယ်က ဂျာမန်တွေကိုတိုက်ထုတ်ပြီး အခွင့်အရေးတွေ လက်ပြောင်း ယူပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်းက ဂျာမန်ပိုင်ကျွန်းတွေကိုလည်း တိုက်ယူလိုက်ပါတယ်။

၁၉၃၁ မှာ မန်ချူးရီးယားကိုသိမ်းပြီး တရုတ်နန်းကျဘုရင် ပုယီကို (ရုပ်သေး)နိုင်ငံအကြီးအကဲ ခန့်ခဲ့တယ်။ ၁၉၃၂ မှာ တရုတ်နဲ့ စစ်ဖြစ်ပြန်ပါတယ်။ မန်ချူးရီးယားကိုဝင်သိမ်းတဲ့ကိစ္စ နိုင်ငံပေါင်းချုပ်အသင်းကြီးမှာ အချေအတင်ဆွေးနွေးကြတော့ လက်ဦးမှုရှိရှိ အသင်းကြီးကနေ နုတ်ထွက်လိုက်ပါတယ်။

ဒါတွေကတော့ ဂျပန်ပြည်မှာ စစ်ဝါဒီတွေ လွှမ်းမိုးဖို့ ဖြစ်လာစေတဲ့ နောက်ခံတွေပါ။

 

စီးပွားရေးဘက်ကို စစ်ရေးတိုးချဲ့မှုက အထောက်အကူ ပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ပထမကမ္ဘာစစ်အတွင်း လက်လှမ်းမီသလောက် ပါဝင်ခဲ့ရာက တိုင်းပြည်မှာ အမြဲချို့တဲ့နေတဲ့ ကုန်ကြမ်းပစ္စည်းတွေ ရခဲ့ပါတယ်။ ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာခဲ့တယ်။ စစ်ရေး အချက်အလက်တွေက အကြီးစားစက်မှုလုပ်ငန်းတိုးချဲ့မှုကို တွန်းအားပေးနိုင်ခဲ့တယ်။ ၁၉၂ဝ ခုနှစ်များရောက်တော့ အကြီးစား စက်မှုကဏ္ဍ ပြီးပြည့်စုံသွားတဲ့အဆင့် ရောက်ခဲ့တယ်။ ထုတ်လုပ်ရေးအပိုင်းမှာ လက်ဝါးကြီးအုပ်ကုမ္ပဏီကြီးတွေလည်း ပေါ်ထွန်းလာခဲ့တယ်။ စိုက်ပျိုးရေးဘက် တိုးတက်အောင်လည်း လုပ်နိုင်ခဲ့ကြတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ စီးပွားဈေးကွက်ပြိုလဲမှုက ဂျပန်ပြည်ကိုလည်း ချန်မထားရစ်ခဲ့ပါ။ ကမ္ဘာ့ကုန်သွယ်ရေးကျဆင်းမှု ဂျပန်ပြည်ရဲ့ စီးပွားရေးနဲ့ပို့ကုန်လုပ်ငန်းကို များစွာထိခိုက်စေခဲ့ပါတယ်။ တောရောမြို့ပါ ဒုက္ခရောက်ကုန်ကြပါတယ်။ ဒါကြောင့် စစ်တပ်အရာရှိတွေနဲ့ အမျိုးသားရေးဝါဒီတွေက လက်ရှိအစိုးရကို ဝေဖန်တိုက်ခိုက်လာကြပါတယ်။ ဒီလိုနဲ့ ၁၉၃၀ ခုနှစ် နောက်ပိုင်းကစပြီး ဂျပန်ပြည်ရဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ဩဇာလွှမ်းမိုးမှု အထွတ်အထိပ် ရောက်လာပါတော့တယ်။ ကက်ဘိနက်မှာ နိုင်ငံရေးသမားအရေအတွက် နည်းလာပါတယ်။ ၁၉၃၂ ခုနှစ်မှ စစ်ရှုံးချိန် ၁၉၄၅ အထိ ဂျပန်ဝန်ကြီးချုပ် ၁၁ ယောက်အနက် ၈ ယောက်က စစ်ဗိုလ်ချုပ်တွေ ဖြစ်ပါတယ်။

 

 

ဖက်ဆစ်စနစ်ကို တာစူပြီဆိုရင် ထုံးစံအတိုင်း ကွန်မြူနစ်တွေ မသက်သာကြပါ။ စီးပွားပျက်ကပ် မဆိုက်မီ ၁၉၂၈ ခုနှစ် ကတည်းက ဂျပန်ပြည်မှာ ကွန်မြူနစ်ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီးဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေးပြောဆိုမှုတွေ အပိတ်ပင်ခံကြရတယ်။ စာအုပ်နဲ့ သတင်းစာထုတ်ဝေမှုကို တင်းကျပ်စွာကိုင်တွယ်ခဲ့တယ်။ တိုးတက်သူမှန်သမျှကိုဆန့်ကျင်ဖို့ အစိုးရကဦးစီးပြီး အရန် စစ်ရေးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့တွေ၊ ကြက်ခြေနီအဖွဲ့တွေ၊ အမျိုးသမီးအသင်းတွေနဲ့ ဘာသာရေးအသင်း၊ သာရေးနာရေး အသင်းတွေကို လှုံ့ဆော်အသုံးချခဲ့ကြတယ်။

ပြောရမယ်ဆိုရင် စစ်ရေးအရ ပြည်ပမှာအောင်ပွဲခံနေတယ်ဆိုနိုင်ပေမယ့် ပြည်တွင်းမှာတော့ ဂျပန်လူမျိုးတွေအနေနဲ့ မကြုံဘူးလောက်အောင်ကြီးမားတဲ့ မတည်ငြိမ်မှုတွေ ကြုံတွေ့ခံစားကြရပါတယ်။ ပြည်ပရောက် ဂျပန်တပ်သားတွေက အဆက်မပြတ် တိုက်ပွဲတွေတိုက်ရင်း သေကျေကျိုးကန်းနေကြရသလို၊ ပြည်တွင်းမှာလည်း ချောင်းမြောင်းသတ်ဖြတ်တာ၊ အာဏာသိမ်းဖို့ ကြိုးစားရင်း သတ်ကြဖြတ်ကြတာစတဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေပါတယ်။

 

(၅)

ဥရောပဖက်ဆစ်နဲ့ အာရှဖက်ဆစ်

ဖက်ဆစ်စနစ်ဖြစ်ပေါ်လာပုံနဲ့ ဖော်ပြချက်တွေ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဥရောပနဲ့အာရှ(ဂျပန်) တူတာလည်းရှိ - မတူတာလည်း ရှိပါတယ်။

တကယ်က ၁၉၃၀ တဝိုက်မှာ ဖက်ဆစ်အယူအဆ၊ အာဘော်၊ ဖက်ဆစ်အဖွဲ့အစည်းတွေ ဥရောပမှာ နေရာအနှံ့ပေါ်ခဲ့တာပါ။ အင်္ဂလန်လည်း မလွတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုမှာလည်း ရှိတာပါပဲ။ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အမျိုးသားရေးအပေါ်မှာပဲ အခြေခံကြလို့ ရေရှည်အတူယှဉ်တွဲနေဖို့ခက်တဲ့ ဝါဒဖြစ်ပါတယ်။ ဟစ်တလာက ဖက်ဆစ်ဝါဒကိုအသုံးပြုပြီး မူလလမ်းထွင်ခဲ့သူ မူဆိုလီနီကို သြဇာလွှမ်း ကြိုးဆွဲပါတယ်။ နောက်မှ ဂျပန်ကို ကူးဆက်သွားတာပါ။

ဥရောပမှာ စီးပွားရေး၊ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဖက်ဆစ်ဝါဒပေါ်လာရတာဖြစ်ပြီး၊ ဂျပန်ကတော့ စစ်ဝါဒကနေ ကူးပြောင်းသွားတာ ဖြစ်ပါတယ်။

ပေါ်လာတဲ့အခါမှာလည်း ကိုယ့်နိုင်ငံသမိုင်းနဲ့ မတူကွဲပြားတဲ့အခြေအနေ၊ မတူတဲ့အကျိုးစီးပွားတွေကြောင့် မတူတဲ့ကြွေးကြော်သံတွေ ရှိပါတယ်။ အီတလီမှာ ဆောင်ပုဒ်လုပ်ထားတဲ့ “ မူဆိုလီနီ အမြဲတမ်းမှန်တယ် ” ဆိုတဲ့ကြွေးကြော်သံကို ဟစ်တလာက ဂရုမစိုက်ပါဘူး။ ဂျပန်မှာတော့ “ ဂျပန်ဧကရာဇ်ရဲ့အင်ပါယာ တိုးချဲ့ရေး ” ပဲ ကြွေးကြော်ပါတယ်။ ဂျာမဏီနာဇီတွေက ဆိုဗီယက်ယူနီယံကို ၁၉၄၁ ကတည်းက အနောက်ဘက်ကနေ တိုက်နေပါတယ်။ အောင်ပွဲတွေလည်း ရနေပါတယ်။ ဒါပေမဲ့ ဂျပန်ဖက်ဆစ်တွေက အရှေ့ဘက်ကနေ ဝင်မတိုက်ပါဘူး။ တိုက်ရင် နယ်မြေတွေ အများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ ရမယ့်နယ်မြေက ဆိုက်ဘေးရီးယားလိုဒေသကြီး ဖြစ်နေတယ်။ အရှေ့တောင်အာရှမှာက သယံဇာတတွေပေါကြွယ်ရုံမက အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ချ်နယ်ချဲ့သမားတွေ တူးဖော်ရယူနေပါတယ်။ အဲဒီလို ခူးပြီးခပ်ပြီးကိုပဲ ဝင်နှိုက်ပါတယ်။ မိမိအကျိုးစီးပွားကိုပဲ ပဓာနထားပါတယ်။ ဂျပန်ကသာ အရှေ့ကဝင်တိုက်ရင် ဆိုဗီယက်ယူနီယံ မရှုမလှ ခံရပါမယ်။ ဒါပေမဲ့ အကျိုးအမြတ်အားလုံး ဂျာမဏီကပဲ ရသွားမှာဖြစ်လို့ ဂျပန်က လုံးဝမတိုက်ခဲ့ပါ။ တောင်ဘက်ကိုပဲ တိုးခဲ့ပါတယ်။ အင်္ဂလန်မှာ လေဘာဝန်ကြီးဟောင်း မော်ဆလေ ခေါင်းဆောင်တဲ့ “ ဗြိတိသျှယူနီယံ ” (၁၉၃၁ - ၁၉၃၉) ဖက်ဆစ်လှုပ်ရှားမှုက ဆီးမိုက် (ဂျူး -အာရပ်) ဆန့်ကျင်ရေးနဲ့ ဗြိတိသျှဓနသဟာယအကျိုးစီးပွားကိစ္စပဲ အာရုံစိုက်ပါတယ်။

 

ဒါပေမဲ့ သူတို့အချင်းချင်း တူကြတာတွေ(အများအားဖြင့် ပြည်တွင်းရေးမှာ) ကတော့ များမှများပါ။

သူတို့တတွေဟာ နိုင်ငံရေးမီးရှူးမီးပန်းတွေလွှတ်ပြီး မိမိသက်ဆိုင်ရာ လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကို ကိုယ်စားပြုကြသူချည်းပါပဲ။ တကမ္ဘာလုံးကို၊ နယ်မြေဒေသအသီးသီးကို အစိတ်စိတ်ပိုင်းကာ ကြံရာပါတွေနဲ့တွဲပြီး ခွဲဝေကြတာ၊ ဗိုလ်ကျဖို့လုပ်ကြတာမှာ တူကြတယ်။

- “တမျိုးသားလုံးအန္တရာယ် ကို ကာကွယ်ဖို့နဲ့ တမျိုးသားလုံး ချောက်ထဲမကျအောင်ကယ်တင်ဖို့ ကိုယ့်ကိုယ်ကို ကယ်တင်ရှင်ဂိုက်” ဖမ်းကြတာမှာ တူကြတယ်။

အစွန်းရောက်အမျိုးသားရေးဝါဒ(ရှော်ဗင်ဝါဒ) ကြွေးကြော်တာ၊ စစ်တပ်က တစတစ နိုင်ငံရေးထဲ ဝင်ပါလာတာ ဒါမှမဟုတ် အာဏာရှင်ရဲ့ တလက်ကိုင်စစ်တပ်ဖြစ်သွားတာ၊ ပါလီမန်ဒီမိုကရေစီကို လက်မခံကြတာ၊ ပြည်သူကို ဒီမိုကရေစီ မပေးကြတာတွေမှာ တူကြတယ်။

ရှေးရိုးစွဲလူထုတစိတ်တပိုင်းကို ဆွဲဆောင်နိုင်ဖို့ ပဒေသရာဇ်၊ ဧကရာဇ်စတဲ့သူတွေကို ရုပ်ပြအဖြစ် အသုံးချကြတာမှာလည်း ဆင်တူတယ်။

ဒါ့အပြင် ကွန်မြူနစ်တွေနဲ့တိုးတက်သူတွေကို ဆိုးဆိုးဝါးဝါးနှိပ်ကွပ်ရာမှာ တူကြတယ်။

ကိုယ့်အကျိုးစီးပွား ပွန်းပဲ့လာပြီဆိုရင် ကမ္ဘာ့အဖွဲ့အစည်းများကို ဆန့်ကျင်ဖို့၊ လိုအပ်လာရင်နုတ်ထွက်ဖို့ ဝန်မလေးကြတာမှာလည်း တူကြတယ်။

 

(၆)

စစ်တားဆီးရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး

ကျွန်တော်တို့ ကွန်မြူနစ်တွေဟာ ဖောက်ပြန်တဲ့စစ်ကို ဆန့်ကျင်သူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို လိုလားသူတွေ ဖြစ်ပါတယ်။ နောက်ပြီး ဖက်ဆစ်စနစ်ကို ရွံမုန်းသူတွေထဲမှာ ရှေ့တန်းရောက်ခဲ့သူတွေပါ။ ဒါ့ကြောင့်လည်း ကမ္ဘာ့ပြည်သူတွေနဲ့ လက်တွဲပြီး ဖက်ဆစ်စနစ်ကို တိုက်ဖျက်ခဲ့ကြပါတယ်။

ဒါ့အပြင် ကျွန်တော်တို့တတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းလိုသူတွေဖြစ်ပါတယ်။ ကမ္ဘာ့ပြည်သူတွေနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတယ်။ ယနေ့အထိ တတိယကမ္ဘာစစ်ကို တားထားနိုင်ကြပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးသွားပေမယ့် ဖက်ဆစ်စနစ်ကို တခါတည်းမြေမြှုပ်သင်္ဂြိုဟ်ပစ်နိုင်ခဲ့တာ မဟုတ်ပါ။

ကမ္ဘာပေါ်မှာ လက်ဝါးကြီးအုပ်အရင်းရှင်စနစ် ရှိနေရင်၊ နယ်ချဲ့စနစ် ရှိနေရင် ဖက်ဆစ်အန္တရာယ်ဆိုတာ အချိန်မရွေးပေါ်နိုင်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့အရင်းရှင်စနစ်မှာ အထွေထွေအကျပ်အတည်းကြီး (စီးပွားရေး၊ နိုင်ငံရေးမှာ) ပေါ်ရင် ဖက်ဆစ်စနစ် ပေါ်တတ်ပါတယ်။

ဒီနေ့ ကမ္ဘာ့အခြေအနေဟာ “ တကမ္ဘာလုံးဆိုင်ရာ --- ” ကမ္ဘာမှုပြုခြင်း အရင်းရှင်သီဝရီတွေနဲ့ အာဘော်တွေ ဖန်တီးနေချိန် ဖြစ်ပါတယ်။ ကမ္ဘာ့အခင်းအကျင်းသစ်အတွက် ခြေလှမ်းတွေပြင်နေချိန်၊ ဆင်းရဲ/ချမ်းသာကွာဟမှု ကြီးမားနေတဲ့အချိန် ဖြစ်ပါတယ်။

ဒါ့အပြင် ဖက်ဆစ်ဝါဒရေခံမြေခံ အမျိုးသားရေးဝါဒတွေ ခေါင်းထောင်ထနေတာလည်း သတိပြုရမယ်။

သမိုင်းမှာ စစ်တပ်ကလာတဲ့ ဖက်ဆစ် (ဟစ်တလာ၊ ဖရန်ကို၊ ဂျပန်) တွေ၊ ဒါမှမဟုတ် စစ်တပ်ကို တလက်ကိုင်လုပ်ထားနိုင်တဲ့ ဖက်ဆစ် (မူဆိုလီနီ၊ ပေါ်တူဂီက ဆလာဇာ) တွေချည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း လူထုကို စစ်တပ်လို သဘောထားကြတယ်။ “ တသွေး၊ တသံ၊ တမိန့် ” ပြဋ္ဌာန်းပြီး လိုက်နာခိုင်းခဲ့တယ်။

ဒီနေ့ ဗမာစစ်တပ်ကကော ဘယ်လိုအမျိုးအစား စစ်တပ်လဲကွန်မြူနစ်တွေကတော့ ဖက်ဆစ်စနစ်နဲ့ သူ့ရဲ့ အကြံယုတ်ကို ဘယ်တုန်းကမှခေါင်းငုံ့မခံခဲ့သလို၊ အခုလည်း ခေါင်းငုံ့ခံကြမှာမဟုတ်ပါ။

ဖက်ဆစ်စနစ်လက်သစ်တွေ အခုခေါင်းပြန်ထောင်နေပြန်ပြီ။ ဖက်ဆစ်စနစ်ဟောင်းတုန်းက သေခဲ့ရတာကိုလဲ မမေ့ပျောက်သင့်ပါဘူး။ ဖက်ဆစ်ဝါဒဆိုတာဟာ အရင်းရှင်စနစ်ရဲ့ ထုတ်လုပ်မှု၊ နယ်ချဲ့စနစ်ရဲ့ ပုံစံတခုဆိုတာလဲ သတိရသင့်ပါတယ်။ 

အထွေထွေအတွင်းရေးမှူး (ယာယီ)၏ အစီရင်ခံစာ - ၁၉၉၄ ခုနှစ်မှ