Sunday, October 30, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၃၄) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၃၄) အောက်တိုဘာ ၂၆ ရက် ၂၀၁၁ နေ့က အာရ် အက်ဖ်အေကလွှင့်ထုတ်ပြီးဖြစ်ပါတယ်။
ကျနော်အရင်တပတ်ကပြောခဲ့သလို ကျနော်တို့မြို့မှာ လူထုဆန္ဒပြတာကို ပစ်တာခတ်တာ ကတော့ အဲဒီတကြိမ်ပဲကြီးကြီးကျယ်ကျယ် ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဦးစိန်လွင် ဆင်းသွားပြီး ဦးမောင်မောင်တက်လာပါတယ်။ သူ့လက်ထက်မှာ လှုပ်ရှားနေသူတွေအတွက်တော့ ခြေ ခင်းလက်ခင်း နည်းနည်းသာလာတယ်ဆိုရမှာပါပဲ။ အစောပိုင်းတုန်းက အသာလက်လျှို ပြီးနေခဲ့သူတွေလည်း ထွက်လာကြသလို မဆလပါတီပျက် ပြီးနောက်ပိုင်းမှ သူ့အကြောင်း နဲ့သူ လူထုဘက်ပါလာသူတွေလည်း မနည်းပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေလည်း ရပ်ရွာလုံခြုံရေး အတွက် လူထုနဲ့အတူ ကူညီကင်းလှည့်တာတွေ လုပ်ပေးနေပါပြီ။  

အရှိန်တော်တော်လေးရလာတော့မှ စာစောင်တခုထုတ်ကြမယ်လို့ စိတ်ကူးကြပါတယ်။ အတူလုပ်နေသူတွေထဲကတဦးက ကျွမ်းကျင် ရုံမက  အသိုင်းအဝိုင်းနဲ့အဆက်အသွယ်လည်းရှိတော့ သူ့ကိုအားပြုပြီးလုပ်ကြမယ်လို့ သဘောရကြပါတယ်။ သူက တကယ်လည်း လုပ်နိုင်ကိုင်နိုင်သူ ဖြစ်ပါတယ်။ ထုတ်ပြီးရင် ဟောပြောပွဲတွေလုပ်မယ်။ အဲဒီမှာ ရောင်းမယ်။ အမြတ်ကို အဖွဲ့ရံပုံငွေအဖြစ် သုံး မယ်ပေါ့လေ။   ထုတ်လည်းထုတ်ဖြစ် ရောင်းလည်းရောင်းဖြစ်ပါတယ်။ ဒါပေမဲ့ မြတ်ဖို့နေနေသာသာ။ အရင်းထဲကပါ ပါသွားပါတယ်။ မိုးစိုတာနဲ့ အလကားဝေတာတွေ များသွားတာကိုး။ ဒါပေမယ့် ပျော်စရာအတွေ့အကြုံသစ်နဲ့သတင်းစာလွတ်လပ်ခွင့်ကို မြည်းစမ်း ကြည့်ခွင့်ခဲ့ရတယ် ဆိုရမှာပါ။

နောက်တော့ ဟောပြောပွဲ၂ကြိမ် လုပ်ဖြစ်ပါတယ်။ ဟောပြောပွဲတွေနဲ့ လူပုဂ္ဂိုလ်တွေအကြောင်း အသေးစိတ်မပြောလိုပေမယ့် ဘိုင်အို မင်းသစ်အကြောင်းတော့ နည်းနည်းပြောချင်ပါတယ်။ သူပြောတာနားထောင်ပြီးမှ “သြော်..အေး၊ ဟုတ်သားပဲ” ဆိုတဲ့အသံတွေ ကြားမိလိုက်လို့လည်းဖြစ်ပါတယ်။ ကျနော်တို့မြို့လေးရဲ့ ဒုတိယမြောက်ဟောပြောပွဲပါ။ လမ်းဆုံနားလေးမှာ စင်ထိုးပြီးလုပ်တာဖြစ်ပါ တယ်။ ရှေ့က လူတွေပြောအပြီး ဘိုင်အိုမင်းသစ်အလှည့် ရောက်လာပါတယ်။  စင်ပေါ်ရောက်ရောက်ခြင်း ဘာမှမပြောသေးပဲ ရှေ့ဆုံးကထိုင်နေတဲ့ကလေးတွေကို တချက်ဝေ့ဝိုက်ပြီး ကြည့်လိုက်ပါတယ်။ နောက်တော့မှ သူအခု စပြီးဟောတော့မယ့်အကြောင်း၊ သူဟောမယ့်ပရိသတ်က လူကြီးတွေမဟုတ်ကြောင်း။ ဟောဒီရှေ့ဆုံးကထိုင်နေတဲ့ အဖြူအစိမ်းနဲ့ကျောင်းသားလေးတွေ သာဖြစ်ကြောင်း၊ ဒါ့ကြောင့် လူကြီးတွေအနေနဲ့ ကလေးတွေနဲ့သူနဲ့ကိစ္စမှာ ဘာမှဝင်မပါစေလိုကြောင်း အစချီလိုက်ပါတယ်။ ပရိသတ်ကလည်း ဘာများပါလိမ့်ဆိုပြီး တိတ်သွားပါတယ်။

အဲဒီတော့မှ သူက ကလေးတွေကို သားတို့သမီးတို့ကို ဦးဦးက မေးခွန်းမေးမယ်။ မင်းတို့မသိရင်မသိဘူး သိရင်သိတယ်ဖြေ ဒါပဲ။ ဘယ်သူလဲလို့ထပ်မေးမှ ဘယ်သူဘယ်ဝါဆိုတာဖြေ၊ ဟုတ်ပြီလားလို့ အတိုင်အဖေါက်ဖြစ်အောင် တည်ယူလိုက်ပါတယ်။ ကလေးတွေ ကလည်း ဟုတ်ကဲ့ပါ..ဟုတ်ကဲ့ပါနဲ့ ထအော်ကြပါတယ်။ လူကြီးပရိသတ်ကတော့ ခပ်ငြိမ်ငြိမ်နားထောင်နေပါတယ်။ ကလေးပရိသတ် ကတော့ သူတို့ကိုဟောမှာဆိုတော့ လှုပ်လှုပ်ရွရွလည်းဖြစ်လာသလို တချို့များဆိုလူကြီးတွေဘက်လှည့်ပြီး “ကိုယ်နဲ့မဆိုင်အသာနေ” ဆိုတဲ့မျက်နှာပေးနဲ့ ကြည့်တာတောင် တွေ့ရပါသေးတယ်။

စစချင်း ဘိုင်အိုမင်းသစ်က ကလေးပရိသတ်ကို  “မင်းတို့ ဗိုလ်မင်းရောင်ခေါ် ဗိုလ်လရောင်ကို သိကြသလား” လို့မေးတော့ အတန်းပေါင်းစုံက ကလေးတွေက “သိပါတယ် သိပါတယ်” ဆိုပြီး သံပြိုင်ပြန်ဖြေပါတယ်။ “ဒါဆို..ဘယ်သူလဲ”ဆိုတော့ကလေးတွေက “ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖိုးပါ” လို့ပြန်ဖြေပါတယ်။ “ဟုတ်ပြီ..ဒါဆို ဦးဖါနဲ့ဒေါ်စုကိုရောသိကြရဲ့လား” ဆိုပြီးထပ်မေးပြန်ပါတယ်။ ကလေးတွေက သိပါတယ်ဆိုတော့ “ပြောစမ်းဘယ်သူတွေလဲ” ကလေးတွေက “ဗိုလ်ချုပ်အောင်ဆန်းရဲ့အဖေနဲ့အမေပါ” လို့ဖြေ ကြပါတယ်။ အဲဒီမှာ သူက ပြုံးပြီး “ကဲကွာ.. ဒါဆိုမင်းတို့ကို မေးပါဦးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုတာရောသိလား” လည်းဆို လိုက်ရော မူလတန်းကလေးတွေဆီက အသံသိတ်မထွက်ပေမယ့် အလယ်တန်း နဲ့ အထက်တန်းကလေးတွေက “ဗိုလ်ချုပ်အောင် ဆန်းရဲ့သမီးပါ” လို့ပြန်ဖြေပါတယ်။ ဒီတော့သူက ကလေးတွေကို တချက်ကြည့်ပြီး “ဟာ..မင်းတို့ ဒါလည်းသိတာပဲလား။ အင်း..ဖြစ်ရ မယ်၊ ဖြစ်ရမယ်၊ ငါတော့မှားပြီ” လို့ပြောရင်း ကိုယ့်နဖူးကိုပြန်ပြီး ဖျန်းကနဲတချက် ရိုက်လိုက်ပါတယ်။ 

မဖြေနိုင်ဘူးထင်ပြီးမေးလိုက်မိကာမှ တလုံးမကျန်အမှန်ဖြေသွားလို့ စိတ်ဓါတ်ကျသွားတဲ့လူလို ပုံဖြစ်သွားပါတယ်။ နောက်တော့ နောက်လှည့်ပြီး ခပ်ဖြည်းဖြည်းနဲ့စင်ပေါ်ကတလှမ်းချင်း လှည့်ဆင်းတော့မလို့လုပ်ပြီးမှ ပြန်လှည့်လိုက်ပြီးမိုက်ကရိုဖုန်းကို ဇာတ်ကနဲ ဆွဲယူလိုက်ပါတယ်။ ပြီးလည်းပြီးရော  “ဒီလောက်တောင်သိတဲ့ကောင်တွေ.. ပြောစမ်းကွာ ဦးနေဝင်းဘယ်သူလဲ”  ဆိုပြီး မန်သလို မဲသလို ငေါက်သလို ငမ်းသလိုလေသံနဲ့ မေးချလိုက်ပါတယ်။ သူ့အမေးတောင်မဆုံးလိုက်ပါဘူး ကလေးတွေက  “ဥက္ကဋ္ဌကြီးပါ၊ ဥက္ကဋ္ဌကြီးပါ” လို့လည်း ဝိုင်းအော်ရော သူကြမ်းပေါ်ပစ်လဲတော့မလို ယိုင်ထိုးယိုင်တိုင် ဖြစ်နေပါတယ်။ “အေးပါကွာ...မင်းတို့ကို ငါချီးကျူးပါတယ်၊ ငါမေးမိတာ မှားပါ တယ်။ တောင်းပန်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတခွန်းတော့ မေးပရစေကွာ။ ဒါမေးပြီး ငါလည်းပြန်မှာပါ” လို့ပြောတော့ ပရိသတ်က ဘာလဲပေါ့ဆိုပြီး ပိုစိတ်ဝင်စားလာတယ်ထင်ပါတယ်။ ပိုလည်းငြိမ်သွားပါတယ်

“ကဲ..ဟုတ်ပြီ၊ ဦးနေဝင်းတော့သိပြီ။ သူ့အဖေနဲ့အမေကရော ဘယ်သူတွေလဲ။ ပြောပါဦး” ဆိုပြီး မေးခွန်းထုတ်ချလိုက်ပါတယ်။ ကလေးပရိသတ်ဆီက ဘာသံမှထွက်မလာတော့ပါဘူး။ တုတ်တုတ်တောင်မလှုပ်ကြတော့ပါဘူး။ ကလေးအချင်းချင်း တယောက် မျက်နှာတယောက်ကြည့်နဲ့ သူသိနိုးနိုး ငါသိနိုးနိုး၊ သူဖြေနိုးနိုး ငါဖြေနိုးနဲ့ ငြိမ်ကျသွားပါတော့တယ်။ ဒီတော့မှ သူက ထီမထင်ဟန်နဲ့ အောင်ပွဲရ စစ်သူကြီးအိုက်တင်ဖမ်းပြီး “အဲဒါပြောတာပေါ့…အဲဒါပြောတာပေါ့၊ လူမှာအမျိုးကြက်မှာအရိုးဆိုတာ” လို့ပြောပြီး စင်ပေါ်ကချာကနဲလှည့် ထွက်သွားပါတော့တယ်။ ပထမတော့ ပရိသတ်လည်းကြောင်ထွက်သွားတယ်။ နောက်တော့ ချက်ခြင်းပဲ ဟေးကနဲဟားကနဲအသံတွေနဲ့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ ပတ်တုတ်လို့မရအောင်ကို ဖြစ်ကုန်ပါတော့တယ်။

ဘိုင်အိုမင်းသစ်နဲ့ သူ့ရဲ့အဲဒီဟောပြောချက်ကလေးကတော့ ၁၉၈၈ အရေးတော်ပုံကာလရဲ့ လူထုတရားပွဲတွေထဲမှာ  ကျနော်မှတ်မိပြီး တွေးမိတိုင်းပြုံးရ ကြည်နူးပီတိဖြစ်ရတဲ့ အမှတ်ရစရာကလေးတခုအဖြစ်ကျနော့်ရင်ထဲမှာစွဲငြိနေပါတော့တယ်။

နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

Saturday, October 22, 2011

ရှစ်လေးလုံး(မင်းကိုနိုင်)

0 comments
မောင်သုညရဲ့လက်ရာ
ရှစ်လေးလုံး


တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတဝိုက်
ဒေါင်းအလံပြန်စိုက်မယ်။

မင်းကိုနိုင်

မျှော်လင့်ခြင်း(မင်းကိုနိုင်)

0 comments
မောင်သုညရဲ့လက်ရာ
မျှော်လင့်ခြင်း

ဆန္ဒနဲ့ဘဝ
တထပ်ထဲကျဖို့ဆိုတာက
ကူပွန်လေးတစောင်ထဲကိုင်ပြီး
ကံစမ်းမဲပထမဆုကို စောင့်မျှော်နေတာပါ။
ငါတို့တွေကိုက
တိုက်ဆင်တွေလို အရေထူဖို့ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒဏ်ရာ အောင်ပွဲမှာပြကြေးကိုး။

ဓာတ်စာအမျိုးမျိုးကို
အိပ်ရာထဲက ပူစာနေတဲ့
လူမမာနဲ့တူနေပြီမှန်းလဲ သိပါရဲ့။
အမေခွံ့ကျွေးသမျှ
(တကျိကျိအော်ပြီး) ပါးစပ်လိုက်ဟ
ငှက်ပေါက်ကလေးဘဝက
ငါလဲ ကျော်ဖြတ်ချင်လှပါပြီဟာ။

လောင်ဂျီကျု့မျဉ်းတကြောင်းထဲအပေါ် မနေနိုင်ကြပေ
နေ့ညတွေ မတူကြ
ငါ့အိပ်မက်တွေပြောပြမဲ့ မနက်တွေမှာ
နင်က အိပ်မောကျခါစ။
"နှင်း" သီချင်းထဲကလိုပေါ့
"ခုတော့ပင်လယ်ပဲရှိတယ်"  ဆိုတဲ့ အပိုဒ်
ငါကျော့ဆိုနေလိုက်မယ်။

တနေ့မှာတော့
ငါကောက်ထားသမျှ ခရုခွံတွေနဲ့
အရုပ်ကလေးတွေ လုပ်ပြဦးမယ်။
မျောက်ကလေးတွေသန်းရှာနေတဲ့ အရုပ်လဲပါ။

မင်းကိုနိုင်
(စစ်တွေထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း ရေးဖွဲ့သည်။)

ဘောလုံးသမား သူငယ်ချင်းများ(မင်းကိုနိုင်)

0 comments
မောင်သုညရဲ့လက်ရာ
ဘောလုံးသမား သူငယ်ချင်းများ

ပိုးကုန် အချိန်ကုန်
စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ
ငါတို့လက်တွေ
မိုးစက်တွေကို ဆုပ်ကိုင်
ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။
ဂိုးအသွင်း မခံရဖို့
အနိုင်ဂိုး ဖိသွင်းဖို့ 
ဘောလုံးကွင်းမရှိသေးတော့အတူ
အပြေးပဲ ကျင့်ခဲ့ကြပေါ့။

လေသွင်း လေထုတ်
အလုပ်နှစ်ခုပညာ
ပယောဂမပါပဲ တတ်ခါစ...
တစ်ယောက်ဒဏ်ရာတစ်ယောက် လျှာနဲ့လျှက်ပေးကြ
တစ်ယောက်ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ
တကယ်ပါ ဒါတွေဟာ
ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့
လောင်းကြေးတွေပါ။
"တစ်သက် ထာဝရ သတိရနေမယ်"
အဲဒါတွေက
ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်ကို
"ရွှေခွက်" လို့ လာရေးတဲ့ အက္ခရာတွေပါ။
တွေ့ဆုံခွဲခွာ
မျက်နှာနှစ်ဘက်ပါတဲ့ အသပြာတစ်ချပ်
ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ
ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ
စားမြုံ့ပြန်မယ်လုပ်ခါမှ
မှန်ထဲမှာငါ့ကိုယ်နဲ့ ဘယ်သူ့မျက်နှာလဲ...
အလီတွေရွတ် ချွတ်ကြည့်လည်းမရ
ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ
ဘယ်သူ့ ပယောဂလည်းဟေ့...

မဟုတ်ဘူး
ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။
ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်
ခုတော့
တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်
ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။

မင်းကိုနိုင်

မရှိခဏ(မင်းကိုနိုင်)

0 comments
မောင်သုညရဲ့လက်ရာ
မရှိခဏ

မြွေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်ကမရှိဖူး

လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဖူး

ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ

အစုန်သမားက လန့်အော်
အဆန်သမားက ဆက်မလှော်နိုင်တော့ဖူး

နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲမရှိဖူး

လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ
ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဖူး

မင်းကိုနိုင်
စစ်တွေထောင်တွင်းစပ်ကဗျာ

ကံခေသူ(မင်းကိုနိုင်)

0 comments
မောင်သုညရဲ့လက်ရာ
ကံခေသူ

မြတ်နိုးသမျှ ဆုံးရှုံးသူဟာ ကံဆိုးသမား (- ဆိုရင်)
ကျနော် အချစ်ရေးမှာ ကံခေသူ

ဆုံးရှုံးမှ တန်ဖိုးသိသူဟာ လူမိုက် (- ဆိုရင်)
မိသားစုဘဝမှာ ကျနော် မလိမ္မာခဲ့

လူမိုက်ဟာ ကံကောင်းနေမှန်းမသိလို့ မခံစားပေမဲ့
လူလိမ္မာဟာ ကံဆိုးနေမှန်းသိလို့ ခံစားရပေတယ်။

လူမိုက်ကံဆိုးတော့ ကြုံပြီးပြီ။
လူလိမ္မာကံကောင်း ဇာတ်ပေါင်းခန်းတော့ မျှော်ရီရီ။

မင်းကိုနိုင်
စစ်တွေထောင်တွင်းစပ်ကဗျာ ပေးပို့သူ နိုင်နိုင် (ALD)

"... ... ... ... "(မင်းကိုနိုင်)

0 comments
မောင်သုညရဲ့လက်ရာ
"... ... ... ... "

တိုက်ပိတ်လို့ 
ဝစီပိတ်ခဲ့ရ
အဲဒီနှုတ်ခမ်းနဲ့ ဖွဲ့ကြည့်တဲ့ဂီတ
အံ မကျဘူး ...

ဆယ်နှစ်ဆယ်မိုး ခေါက်ရိုးကျိုး
အဖြူရောင်ကသိုဏ်းရှုခဲ့ရ
အဲဒီ့ မျက်လုံးတွေနဲ့ 
ဖန်တီးချင်တဲ့ရောင်စုံရှုခင်းအလှ
အံ မကျဘူး ...

လောကဓံကထိုးလိုက်တဲ့
မေးရိုးအကျိုးကြီးနဲ့
လောကကို ပြန်ပြုံးပြနေရတာကိုက
အံ မကျဘူး ...

မင်းကိုနိုင်
(Q မှတဆင့်)

ကြယ်ကြွေသတို့သား(မင်းကိုနိုင်)

0 comments
မောင်သုညရဲ့လက်ရာ
ကြယ်ကြွေသတို့သား

သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ကိုယ့်အနာ
ကိုယ့်လျှာနဲ့ ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီပဲ။

သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကို အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။


သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတဝိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့
ငါတို့ .......... ။

မင်းကိုနိုင်
(၂၀ဝ၇ ဩဂုတ်လ ၇ ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ
၈၈ မျိုးဆက်ကျောင်းသားများကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ)

မက်စရာအိပ်မက်လည်းမရှိဘူး(မင်းကိုနိုင်)

0 comments
မောင်သုညရဲ့လက်ရာ
မက်စရာအိပ်မက်လည်းမရှိဘူး

ကန္တာရမှာ စက်ပျက်ကြာခဲ့ယာဉ်တစ်စင်းလို
ရှုခင်းသာမှာ လီဗာတစ်ဆုံးနင်းရတယ်
နောက်ကျနေပြီ အသိကညှင်း
ဘိန်းစားဘိန်းပြတ်သလို
ကဗျာငတ်ခဲ့ပါတယ်
စာငတ်ခဲ့ပါတယ်
အမြတ်တနိုးနဲ့
မစားရက် မသောက်ရက်ခဲ့သမျှ
လက်တကမ်းဖွင့်ပြ တစ်ချက်နမ်းခွင့်မရ
ဒဏ်ချိုချို ဘဝတိုတို သွားရည်ယိုငေးကောင်းတုန်း
ပဉ္စလက်ဆရာလက်ကြားက ဖော့တုံးလို
ဖျောက်ပြမှာကို သိနေလည်း
ကြည့်နေရတာပါပဲ (မသက်မသာကြည့်နေရတာပါပဲ)။

ဟော-ယကွင်းဆွဲကြီး ချမ်းကနဲခုတ်လိုက်ပေါ့
မျက်လှည့်ပွဲ ပြီးတော့မယ်
ပြန်စရာကလည်း အိမ်မရှိဘူး
မက်စရာအိပ်မက်လည်းမရှိဘူး
အိတ်ထဲလက်နှိုက်တော့
မနေ့ည နောက်ဆုံးရထားလက်မှတ်
အထက်တန်း အိပ်ခန်းတွဲနှစ်စောင်။

မင်းကိုနိုင်
(စစ်တွေထောင်တွင်းစပ် ကဗျာ)

သစ္စာ (မင်းကိုနိုင်)

0 comments
မောင်သုညရဲ့လက်ရာ
(၁)သစ္စာ
အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပက်ဖြန်းပေး၍
ရဲဆေး တင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိညာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပျောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက် လမ်းတဝက်မှ ပေးဆပ်ရလည်း
လူဘုံလမ်းခွဲ ဝမ်းမနည်းဘဲ
တာဝန်တရပ် ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့် ကြိုကြပါလေ။

မင်းကိုနိုင်

Thursday, October 20, 2011

သမိုင်းနှင့်ကဗျာ (သစ္စာနီ)

0 comments

သမိုင်းနှင့်ကဗျာ (သစ္စာနီ)
ဒီနေရာက ယူပါတယ် http://www.facebook.com/note.php?note_id=194544163950710
()
ယနေ့ ခတ်ပေါ်ကဗျာကို လူငယ်တွေ ဘာကြောင့်ရေးနေကြသနည်း၊ ဖတ်နေကြသနည်းဆိုသောမေးခွန်းမှာ ယနေ့ စတီရီယို (ခေတ်ပေါ်ဂီတ) ကို လူငယ်တွေ ဘာကြောင့်ဆိုနေရသနည်း၊ နားထောင်နေကြသနည်း ဆိုသောမေးခွန်းနှင့် အတူတူပင်ဖြစ်ကာ အဖြေတစ်ခုတည်းသာရှိလေသည်။ ခေတ်ကတာင်းဆိုသောကြောင့်ဟူ၍ ဖြစ်၏။ ဒီထက် လေးနက်အောင်ပြောရလျှင် ခေတ်ပေါ်ကဗျာဆိုသည်မှာ သမိုင်း၏ပြဋ္ဌာန်းချက်အသစ်ပင်ဖြစ်လေသည်။

ဖြတ်သန်းသွားသောကာလများမှာ သမိုင်းဖြစ်လာသည်။ အနုပညာအပါအဝင် ယဉ်ကျေးမှုကိစ္စများကို သမိုင်းကာလ များက ကန့်သတ်ဖော်ဆောင်ပေးခဲ့လေသည်။ မြန်မာကဗျာ၏စဉ်ဆက် ဆင့်ကဲတိုးတက်ခြင်းသည်လည်း အခြား အရာများလိုပင် သမိုင်းနှင့်အတူဖစ်ထွန်းလာရသည်မှာ ငြင်းပယ်၍မရနိုင်သော သဘာဝတရားဖြစ်၏။ ပုဂံမှ ကုန်းဘောင်ခတ်နှောင်း (ရတနာပုံခေတ်) ထိ ထွန်းကားခဲ့သော အစဉ်အလာရိုးရာမြန်မာကဗျာသည် ခေတ်စမ်း ၏ဖြစ်ထွန်းမှုကြောင့် ချုပ်ငြိမ်းပျောက်ကွယ်ခဲ့လေသည်။ ယင်းမှာ ဝမ်းနည်းစရာအခြေအနေမဟုတ်သည့် သမိုင်းဆိုင်ရာအမှန်တရားပင်ဖြစ်သည်။ စစ်ပြီးခေတ် အကြီးအကျယ်ဖွံ့ဖြိုးခဲ့သော ခေတ်စမ်း၏အမွေကိုဆက်ခံခဲ့သည့် ခေတ်စမ်းသစ်ဝါဒမှာ ယခုအခါ မြဝတီနှင့်ငွေတာရီမဂ္ဂဇင်းစာမျက်နှာပေါ်တွင်သာ ကုတ်တွယ်ရှင်သန်နေသော အခြေအနေသို့ ဆိုက်ရောက်နေလေပြီ။

ဇော်ဂျီ၊ မင်းသုဝဏ် ခေါင်းဆောင်သည့် ခေတ်စမ်းနောက်တွင် ဒဂုန်တာရာခေါင်းဆောင်သည့် စာပေသစ်သဘော တရားနှင့်အတူ အမျိုးသားလွတ်မြောက်ရေး၊ အရင်းရှင်ဆန့်ကျင်ရေး၊ ကိုလိုနီစနစ်တိုက်ဖျက်ရေး ကြွေးကြော်သံ များဖြင့် ကဗျာသစ်တစ်ခေတ်ဖြစ်ခဲ့သည်။ (ဒေါင်းနွယ်ဆွေတို့နှင့် ဒဂုန်တာရာ အကွဲအပြဲမှာ အုပ်စုတွင်းဝိဝါဒပဋိပက္ခ သာဖြစ်၍ ပန်းတိုင်နှင့်အခြေခံသဘောတရားမှာ အတူတူပင်ဖြစ်လေသည်။) ထိုကဗျာသဘောတရားမှာ မိုးဝေ ကဗျာခေတ်၊ တော်လှန်ကဗျာ၊ နိုင်ငံတကာဝါဒအထိ သက်တမ်းမြင့်ကြာခဲ့သည်။

ယနေ့ခေတ်ကား ပီပီသသထင်ထင်ရှားရှားပင် ခေတ်ပေါ်ကဗျာခေတ် ဖြစ်တော့သည်။ သမိုင်းသည် ကျွန်တော်တို့ကို ဘယ်သောအခါမှ မညာပေ။ ကျွန်တော်တို့ကလည်း သမိုင်းကို မညာသင့်ပေ။

 ()
ကျွန်တော်တို့သည် သမိုင်းကို အလေးပေးတန်ဖိုးထားရန် လိုသည်။ ကျွန်တော်သည် ခေတ်စမ်းစာပေသစ်နှင့် နောက်ဆုံး တော်လှန်ကဗျာတို့အထိ ယင်းတို့၏ဖစ်တည်မှု(ဖြစ်တည်ခဲ့မှု)ကို စောဒကတက်ငင်းဆန်ရန် စိုးစဉ်းမျှ ဆန္ဒမရှိပေ။ ထိုဝါဒနှင့် ကဗျာသဘောတရားများသည် ခေတ်ကာလ၏တာင်းဆိုချက်အရထွက်ပေါ်လာသော သမိုင်းပြဋ္ဌာန်းချက်များဖြစ်ပေသည်ဟု နားလည်လက်ခံနိုင်ခဲ့သည်။ ပြဿနာတစ်စုံတစ်ရာ ရှိစရာမမြင်ပါ။

ကျွန်တော့်စာအုပ်စင်တွင် ယနေ့တိုင်အောင် ဇော်ဂျီ၏ကဗျာစာအုပ်ရှိနေကာ ဗေဒါလမ်းကဗျာအတွဲကို မကြာမကြာ ဖတ်ရှုမိဆဲဖြစ်၏။ ဒေါင်းနွယ်ဆွေ၏ ကဗျာများထဲမှ အားကောင်းပြင်းထန်လှသော ဒေါသမာန်နှင့်အံ့မခန်းကြွယ်ဝသော ရူပကအလင်္ကာများ အသုံးများကိုလည်း ကြုံတိုင်းချီးကျူးစကားဆိုဖို့ နှုတ်လျှာလေးလံခြင်းမရှိပါ။ သဒ္ဒါဆန်သော ကဗျာအရေးအသားနှင့် ကြည်လင်ချိုသာသောအဖွဲ့အနွဲ့များကိုလည်း ရှုတ်ချရန်ရည်ရွယ်ချက်မရှိပါ။ သို့သော် ယနေ့ ခေတ်သည်ကား ဇော်ဂျီ၊ ဒေါင်းနွယ်ဆွေခေတ် မဟုတ်သည်မှာသေချာပါသည်။ နောက်ဆုံးစကားဆိုရလျှင် (မလိုလှသော်လည်း ဒါဆို ဘယ်သူ့ခေတ်လဲ၊ မင်းခေတ်လားဟု ခွတိုက်မေးချင်သူတချို့အတွက်ဖြေရလျှင် ကျွန်တော့်ခေတ်ဟု မဆိုလိုပါ။ ဆိုခွင့်လည်း မရှိပါ။ ထိုသို့ဆိုရမည့် ကိစ္စလည်းမဟုတ်ပါ။) သို့သော် ကျွန်တော်တို့ခေတ်ဟုတော့ ဆိုချင်ပါသည်။ ကျွန်တော်တို့ဆိုသည်မှာ တစ်စုံ တစ်ရာပုဂ္ဂိုလ်အမည်နာမထက် စစ်မှန်သော ခေတ်ပေါ်ကဗျာတစ်ခေတ် ဖြစ်ပေါ်လာအောင် ကြိုးပမ်းထူထောင်နေသော ကဗျာဆရာအားလုံးကို ရည်ညွှန်းလိုရင်းဖြစ်သည်။
ခေတ်စမ်းနှင့် စာပေသစ်တို့ကို ခေတ်၏လိုအပ်ချက်၊ တောင်းဆိုချက်အရ ဖြစ်ထွန်းလာရသည်ဆိုသောအဆိုကို ကျေကျေနပ်နပ်ခံယူကြမည့် ရှေးအစဉ်အဆက်က ဆရာကြီး၊ ဆရာငယ်တို့သည် ခေတ်ပေါ်ကဗျာသည် ခေတ်၏တောင်းဆိုချက်အရ ဖြစ်ထွန်းလာရသည်ဆိုသောအဆိုကျမှ ဘာကြောင့် မျက်စိမှိတ်ငြင်းပယ်ရန် ကြံရွယ်နေကြရသနည်း။ စဉ်းစားစရာ အကြောင်းခံတစ်ချက်သာ ရှိပါသည်။ သူတို့ သြဇာယုတ်လျော့မှာ စိုးရိမ်ပူပန်သောကြောင့်သာ ဖြစ်ဟန်ရှိပါသည်။ အာဂသတ္တိဟု ခေါ်ရပေတော့မည်။ အနုပညာသင်္ခါရ၊ အနုပညာ သံဝေဂကင်းသူဟုလည်း ခေါ်ရပေတော့မည်။

သီပေါမင်းစီးခဲ့သော ခြေနင်း (ရွှေချထားသောခုံဖိနပ်) ကို ယနေ့ နိုင်လွန်ကတ္တရာလမ်းမပေါ်တွင် ချစီးရန်မသင့်လျော်တော့ပါ။ သို့သော် အမှိုက်ပုံသို့လည်း သွားလွှင့်မပစ်သင့်ပါ။ သူ့တွင် အသုံးချတန်ဖိုး ရှိမနေတော့သော်လည်း သမိုင်း၏တန်ဖိုး ရှိနေသောကြောင့် ဖြစ်ပါသည်။ ခေတ်ပေါ်ကဗျာမတိုင်မီကာလက ကဗျာများသည်လည်း တချို့သမိုင်းတန်ဖိုးသာရှိတော့ကာ (ဥပမာ-ခေတ်စမ်း) တချို့လည်း အသုံးချတန်ဖိုး ယုတ်လျော့ကျဆင်းလာနေပါသည်။ (ဥပမာ-စာပေသစ်)

ကျွန်တော်တို့ကတော့ ခေတ်ပေါ်ကဗျာကိုပင် ရေးဖွဲ့ရပါတော့မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့သည် ကုန်းဘောင်ခေတ်လူသားသော်လည်းကောင်း၊ စစ်ပြီးခေတ်လူသားသော်လည်းကောင်း မဟုတ်ဘဲ ၂၁ ရာစုအကြို ခေတ်ပေါ်လူသားများ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ နတ်သျှင်နောင်နှင့် လှိုင်ထိပ်ခေါင်တင်တို့ နန်းဆန်သော အသုံးအနှုန်းဖြင့် ရတုနှင့်ဘောလယ်သာ ရေးခဲ့ရကောင်းလားဟု ကျွန်တော်တို့ အပြစ်တင်ရန်မသင့်ပါ။ အနုပညာဆိုသည်မှာ တခြားယဉ်ကျေးမှုကိစ္စများလိုပင် ခေတ်ကာလ(သမိုင်း) ပြဋ္ဌာန်းကန့်သတ်ချက်အရသာ ဖြစ်ထွန်းနိုင်ကြောင်း တင်ပြခဲ့ပြီးပါပြီ။ ခေတ်ပေါ်လူသားသည်လည်း ခေတ်ပေါ်ကမ္ဘာနှင့်သူ့ဆက်ဆံရေး (ခေတ်ပေါ်ဘဝအတွေ့အကြုံ အထွေထွေကို) ခေတ်ပေါ်အာရုံခံစားမှုဖြင့် ကဗျာရေးဖွဲ့ပေလိမ့်မည်။ ယင်းမှာ ခေတ်ပေါ်ကဗျာရေးသူတို့၏ တသမတ်တည်းသောဝတ္တရားသာလျှင် ဖြစ်သည်။

ခေတ်ပေါ်ကဗျာရေးသူတို့သည် ဘယ်သူဘယ်ဝါ ရိုက်ချိုးရမည်ဟု လည်းကောင်း၊ ဘယ်ဝါဒ ဘယ်အယူအဆ ကျဆုံးပါစေဟု လည်းကောင်း မအော်သင့်ပါ။ အော်ရုံဖြင့် မကျဆုံးနိုင်ပါ။ (မိုးသည် အချိန်အခါကြောင့်သာ ရွာခြင်းဖြစ်ပြီး ဖားအော်သံကြောင့် ရွာခြင်းမဟုတ်ချေ။) တစ်ဘက်က ကျဆုံးပါစေဟု ဆန့်ကျင်အော်ဟစ်ခြင်းကိုလည်း တုန်လှုပ်စရာမရှိချေ။ (တုန်လှုပ်သူများမှာ နဂိုကပင် ကိုယ့်အလုပ်ကိုယ် ယုံကြည်မှုမရှိသော၊ ခိုင်မာသောအသိမရှိသော အတုယောင်များသာဖြစ်ပေမည်။)

သစ္စာနီ

Wednesday, October 19, 2011

နို့ဖိုး၊ မျိုးမင်းအောင်နဲ့စိန့်ဖရန့်စစ်ကအကြွေစေ့လေးတွေ(မျိုးမြင့်ချို)

0 comments
ကျနော်နဲ့ Katrina Boedeker
နို့ဖိုး၊ မျိုးမင်းအောင်နဲ့စိန့်ဖရန့်စစ်ကအကြွေစေ့လေးတွေလွန်ခဲ့သည့် ၃ လလောက်က ကျနော်နှင့်မျိုးမင်းအောင် ဖေ့စ်ဘွတ်ခ်တွင်ဆုံမိ၏။ စကားစမြည်ပြောရင်း သူဘယ်သူ ဘယ်ဝါ၊ ဘယ်မှာနေဘာတွေလုပ်တွေ တစတစသိလာ၏။ သူက ထိုင်းဗမာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းပီအေဘီကျောင်းလေးက ကလေးတွေကို စာသင်နေသည့် ဆရာ။ ဆရာမိဘအသင်းတွင် ဘဏ္ဏာရေးရှာဖွေပေးရသူ။ အတွင်းသိအစင်းသိဟု ဆိုရ မည်ထင်၏။ ကျောင်းလေးနှင့်စပ်၍ သူပြောပြသမျှကိုနားထောင်ရင်း စိတ်မောလူ မောဖြစ်နေမည့် ဆရာဆရာမများ၊ မိဘများကိုစိတ်တွင်ထင်လာ၏။ ကျနော်ကိုယ် တိုင်လည်း ဒုက္ခသည်အဖြစ် ဖြတ်သန်းခဲ့သူဆိုတော့ သူတို့သောကကို ပိုစာနာမိတာ လည်းပါမည်ထင်၏။ နို့ဖိုးပီအေဘီကျောင်းလေးက မျိုးမင်းအောင်အား ဘဏ္ဏာ ရှာဖွေ သူအဖြစ် တာဝန်ပေးခြင်းမှာ အတော်လူရွေးကောင်းသည်ဟု ဆိုရမည်ထင်၏။ တဖွဲ့ တနွဲ့ပြောတတ်သူ မဟုတ်သော်လည်း သူဘာလိုချင်၊ ဘာဖြစ်ချင်သည်ကို တိတိကျ ကျပြောတတ်သူဟုထင်၏။ သို့ဖြင့် ကျနော်တဦးတည်းအနေနှင့် တတ်နိုင်သမျှကူညီ မည်ဖြစ်ကြောင်း ကတိပေးလိုက်သော်လည်း ဘာမှမယ်မယ်ရရမကူဖြစ်ခဲ့။ ထိုတလော တွင် ထွက်ရသည့်ခရီး နည်းနည်းစိတ်နေတာလည်းပါ၏။  ကျနော် ဖို့ဝိန်း ပြန်ရောက်တော့ သူနှင့်အွန်လိုင်းတွင် စကားပြောဖြစ်ပြန်၏။ ကျနော်က သူ့အားစာရွက်စာတမ်း အထောက်အထားနှင့် ဓါတ်ပုံလေးတွေပို့ပေးနိုင်လျှင် ပိုကောင်းမည်ဟုပြောလိုက်ဖြစ်၏။ သို့နှင့် သူက လိုအပ်မည့်အထောက်အထားနှင့် ဓါတ်ပုံလေးတွေပို့လာ၏။
သူ့ဆီက အထောက်အထားများနှင့် ဓါတ်ပုံလေးတွေရောက်မလာခင်တပတ်လောက်ကပဲ ဖို့ဝိန်းက စိန့်ဖရန့်စစ်ယူနီဗားစတီး (University of Saint Francis) နှင့် စီနီမာစင်န်တာ (Fort Wayne Cinema Center) တို့ပူးပေါင်း၍ ကျနော့်မှတ်တမ်းရုပ်ရှင်ကားကို မြို့ခံပရိသတ်အား အခမဲ့ ၂ ပွဲပြပေး၏။ အောက်တိုဘာ ၁၃ ရက်နေ့တွင် စိန့်ဖရန့်စစ်မှကျောင်းသားများချည်း တပွဲထပ်ပြဖို့လည်း ရှိသေး၏။ စိန့်ဖရန့်စစ်နှင့်ကျနော်က ရေစက်ပါသလားမပြောတတ်။ ကျနော် အမေရိကားရောက်ပြီး ၂ လအတွင်းမှာပင် ကျနော့်အား “ဗမာပြည်လူ့အခွင့်အရေးအခြေအနေနှင့် ဘာ့ကြောင့် ဗမာပြည်သားတွေဒီကိုဒုက္ခသည်အဖြစ်ရောက်” ခေါင်းစဉ်ဖြင့်လာရောက် ဟောပြောပေးရန် ဖိတ်၏။  နောက်ပိုင်းလည်း မကြာမကြာဆိုသလိုဖိတ်၏။ ကျနော်လည်းသွား၏။ ထို့ကြောင့် ကျနော်နှင့်စိန့်ဖရန့်စစ် သည် မစိမ်းတော့။ စီနီမာစင်န်တာမှာပြတော့ တာဝန်ခံအမျိုးသမီးကလာကြည့်သူတွေကို “ဘာ့ကြောင့်ဒီကားပြ”ကို အကျဉ်းချုပ် ကလေးရှင်းပြပြီး စေနာရှင်များအနေဖြင့် ဒါနပြုလိုကပြုနိုင်ကြောင်း၊ ရမည့်ငွေကို ဖို့ဝိန်းမြို့ရှိ ဒုက္ခသည်အရေးကူညီဆောင် ရွက်ပေးနေသည့်အေဂျင်စီတခုခုအား လှူမည်ဖြစ်ကြောင်းပြောပြ၏။ ထိုအစီအစဉ်ကို ကျနော်ကြိုတင် သိမထား။ မသိလည်း ကိစ္စမရှိ။ သူတို့အစီအတွက် ကျနော့်မှာ ကန့်ကွက်စရာ ဘာ အကြောင်းမှလည်းမရှိ။ ကြိုဆိုပင်ကြိုဆိုအပ်၏ဟု ထင်သည်။ ပွဲပြီးတော့ ထုံးစံ အတိုင်း ပရိသတ်နှင့်အမေးအဖြေ။ သည်လိုနှင့်ပွဲပြီးသွား၏။
မျိုးမင်းအောင် ပို့လိုက်သည့်ဓါတ်ပုံတွေကို ပြန်ကူး၊ စာရွက်စာတမ်းတွေ ပရင့်ထုတ်၊ ကာဗာအမာဖိုလ်ဒါလေးနှင့် ဓါတ်ပုံအယ်လ်ဘမ် လေးထဲထဲ့။ ပြီးတော့ အဲဒါလေးတွေပြပြပြီး ဆန်ရင်းတွေကိုဖွပ်၏။ လူတိုင်းကိုလည်းမပြောချင်။ မပြောရက်။ ဒီကအခြေအနေက လည်း ကိုယ့်ဝမ်းနာကိုယ်သာသိဖြစ်၏။ လူ ၇ ဦးခန့် ဝိုင်းထည့်သဖြင့် ဒေါ်လာ ၂ဝဝ ကျော်လောက်ရလာ၏။ ကမ့်ထဲလှမ်းပို့မည်စိတ် ကူးပြီးမှ အကြံတခုထပ်ရ၏။ အောက်တိုဘာ ၁၃ စိန့်ဖရန့်စစ်ပွဲတွင် ကျောင်းသားတွေဆီကအလှူခံကြည့်ရန်။ တာဝန်ခံပရော်ဖက် ဆာကို ကျနော့်စိတ်ကူးပြောပြတော့ ဝမ်းပမ်းတသာလက်ခံသည်။ ဓါတ်ပုံလေးတွေ ပို့ပေးပါ။ သူ ပါဝါပွိုင့်ဆလိုက်ရှိုးလေး လုပ် ထားမည်။ ကျနော့် ဟောပြောမှုအပြီးသတ်ခါနီးတွင် ဒုက္ခသည်စခန်းကကျောင်းလေးကိစ္စ ၅ မိနစ်လောက်စကားပြောပါ။ ပြောနေ ချိန်မှာ ဆလိုက်ရှိုးကို နောက်ခံအနေနှင့်ထိုးပြမည်။ ပြီးတော့ စီနီမာစင်န်တာတွင်ပြတုန်းက ကောက်ခံရထားသည့်ပိုက်ဆံကလေးကို လည်း နို့ဖိုးကိုပဲလှူဖို့ဆုံးဖြတ်လိုက်သည်ဆို၏။  စိတ်ကူးနှင့်ဆုံးဖြတ်ချက်အတွက် ကျနော်လည်း ဝမ်းသာ၏။ ကျေးဇူးလည်း ကြို တင်နေမိ၏။
အောက်တိုဘာ ၁၃ စိန့်ဖရန့်စစ်ကိုသွားတော့ အမေရိကန်မိတ်ဆွေတချို့နှင့်ဆုံ၏။ အတန်း ၂ တန်းကကျောင်းသားများဖြစ်သဖြင့် လူတရာခန့်ရှိမည်ထင်၏။ ကျနော့်ကား Burma Soldier ကိုပြ၏။ ပြီးတော့ ထုံးစံအတိုင်းအမေးအဖြေ။ အမေးအဖြေပြီးတော့ ကျနော်က နို့ဖိုး ပီအေဘီကျောင်းလေးအကြောင်း ဆလိုက်ရှိုးပြပြီးအတိုချုပ်ပြောပြ၏။ ပွဲပြီးတော့ ကျနော်နှင့်စကားပြောလိုသူအချို့နှင့် စကားစမြည်ပြောပြီး ပြန်ကာနီးမှ တာဝန်ခံဆရာမ Katrina Boedeker က ပိုက်ဆံထည့်ထားသည့်စာအိပ်လေး ကျနော့်ကိုကမ်း၏။ ဘယ်လောက်ရမှန်း သူလည်းမသိ။ ကျနော် လည်းမသိ။ ကျေးဇူးတင်ကြောင်းပြောပြီး ပြန်အလာလမ်းမှာကတည်းက ပိုက်ဆံတွေရေ ကြည့်ချင်နေ၏။ အိပ်ကြည့်လိုက်တော့လည်း ဖေါင်းကားနေ၏။ အိမ်ပြန်ရောက်ရောက်ခြင်း အိပ်ကိုဖွင့်ပြီး စားပွဲပေါ်သွန်ချလိုက်တော့ အရင်ဆုံးကျလာသည်က အကြွေစေ့များ။ တမတ်စေ့၊ ဆယ်ပြားစေ့တွေလည်းပါသည်။ ငွေစက္ကူတွေကလည်းတထပ်ကြီး။ တူရာ တူရာတန်ဖိုးအလိုက် ထပ်လိုက်တော့မှ တဒေါ်လာတန်တွေက အများဆုံး။ ပြီးတော့ ၂ ဒေါ်လာ၊ ၅ ဒေါ်လာ၊ ၁ဝ ဒေါ်နှင့် အကြီးဆုံး အရွက်က ဒေါ်လာ ၂ဝ။ ကျောင်းသားတွေ မုန့်ဖိုးလေးတွေကနေ နိုင်သလောက် ထည့်လိုက်ကြတာပါလားဟုတွေးကာ စိတ်ထဲ ခံစားမှုတမျိုးဖြစ်မိသေး၏။ ဘာလဲတော့မပြောတတ်။ ဒီနေ့ သူတို့လှူသည့်ငွေနှင့် စီနီမာစင်န်တာမှာရသည့်ငွေ ၂ ခုပေါင်းက ၅ဝ၇ ဒေါ်လာ။ ကျနော်တို့ဇနီးမောင်နှံနှင့် ဆန်ရင်းတွေကိုဖွပ်လို့ရတာက ဒေါ်လာ ၂၆ဝ။ ပေါင်းတော့ ၇၆၇ ဒေါ်လာ။ ဘတ်ငွေနဲ့လွှဲတော့ ၂သောင်း ၃ထောင် ၁၁၃ ဘတ် ပြား ၅၀(၂၃၁၁၃.၅ဝ)။ တတ်နိုင်သူတွေအဖို့ ငွေ ၇ဝဝ ရာသည် မပြောပသော်လည်း နို့ဖိုးဒုက္ခသည် စခန်းက ကလေးတွေအတွက်တော့ အထိုက်အလျှောက်ကာမိထေမိမည်။ မျိုးမင်းအောင်နှင့်ဆရာတွေဆီလှမ်းပို့ရင်း ကျောင်းတံဆိပ် တုံးလေးထုပြီး ကျေးဇူးတင်စာကလေး ထုတ်ပေးပါဆိုတော့လုပ်ပေး၏။ သို့နှင့် ဒါနလေးတခုမြောက်သွားတော့၏။ အမေရိ ကန်ကျောင်းသားလေးတွေ၏မုန့်ဖိုးသည် ဒုက္ခသည်စခန်းက ဗမာပြည်သားကလေးငယ်တွေအတွက် စာအုပ်၊ စာရေးကိရိ ယာနှင့်ကျောင်းသုံးပစ္စည်း။ (မျိုးမြင့်ချို) အောက်တိုဘာ ၁၉ ၊ ၂ဝ၁၁ 

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၃၃) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၃၃) (မျိုးမြင့်ချို)အောက်တိုဘာ ၁၉  ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေက လွှင့်ထုတ်ပြီးဖြစ်ပါတယ်။
သေနတ်သံတွေ၊ ဆဲသံဆိုသံတွေ၊ ကြေက်လန့်တကြားအော်ဟစ်သံတွေနဲ့အတူ အခြေအနေဟာ ဝရုံးသုံးကားဖြစ်သွားပါပြီ။  သေနတ်ပြောင်းဝက မီးတောက်တွေ ကိုမြင်နေရသလို ကျည်ဖူးတွေကလည်း  ကျနော့်ခေါင်းပေါ်မှာ ရွှီကနဲရွှီကနဲ ဖြတ်နေ ပါတော့တယ်။ လဲနေရာက အသာလေးခေါင်းထောင်ကြည့်လိုက်တော့ လူတွေဟာ ခြေဦးတည့်ရာတွေဆီ ဂမူးရှူးထိုးပြေးသူပြေး၊ နောက်ကြောင်းပြန်လှည့် ပြေးသူပြေး၊ လဲကျတဲ့သူကျ၊ ပြန်ထပြေးသူပြေး၊ တက်နင်းတဲ့သူတက်နင်း၊ ဆွဲထူသူကထူ၊  ပြန်ဆဲတဲ့ သူကဆဲ၊ တွေ့ရာအုတ်ခဲ ကျောက်ခဲတွေနဲ့ ပြန်ပေါက်သူကပေါက်နဲ့ ကမ္ဘာပျက်နေသလိုပါပဲ။ ပစ်နေသူတွေက ဒူးထောက်အနေအထား နဲ့ ပခုံးတင်ပစ်နေတာဆိုတော့ မတ်တပ်လျှောက်ပြေးနေရင် ထိကုန်တော့မှာပဲဆိုပြီး ကျနော် စိတ်တော်တော်ပူသွားပါတယ်။  ကျနော့် အနားရောက်လာသူ လေးငါးယောက်လောက်ကိုတော့ လျှောက်မပြေးနဲ့ ဝပ်..ဝပ်၊ ပြီးမှ ကျည်ကွယ်ရှာဆိုပြီး အော်လည်းအော် ဆွဲလည်းဆွဲမိလိုက်ပါတယ်။  
၃ မိနစ်လောက်အတွင်းမှာပဲ လူအုပ်ကြီးဟာ လမ်းပေါ်ကနေပျောက်သွားပါတယ်။ သေနတ်ကတော့ တချက်တချက် တတောင့်ချင်း လှန့်ပစ် ပစ်သံလောက်ပဲရှိပါတော့တယ်။ ရှေ့တိုးရင်း ပစ်ရှင်းရှင်းမယ့်ပုံမပေါ်တာနဲ့ အတူရှိနေသူတွေကို ငြိမ်ငြိမ်နေဖို့၊ အသံမထွက်ဖို့၊ နေရာမရွှေ့ဖို့လက်ရိပ်ပြပြီး အနေအထားကိုချိန်ဆကြည့်ပါတယ်။ ပစ်တဲ့နေရာနဲ့ ကျနော်တို့နဲ့က ကိုက် ၁ဝဝ လောက်တော့ဝေးပါ တယ်။ ကျနော်တို့က ကွမ်းရွက်ခြင်းအလွတ်တွေနောက်မှာဆိုတော့ မျက်ကွယ်ဖြစ်နေပါတယ်။ ကျည်ကွယ်ရာနေရာပြောင်းရကောင်း မလားတွေးမိပေမယ့် လှုပ်လိုက်လို့အရိပ်မြင်ပြီး လှမ်းပစ်လိုက်မှဒုက္ခလို့တွေးပြီး အသာပဲငြိမ်နေကြပါတယ်။
လမ်းမီးမှိန်မှိန်အောက်က ကတ္တရာလမ်းမပေါ်မှာတော့ လူတွေကျွတ်ကျကျန်ခဲ့တဲ့ ပုဆိုးအင်္ကျီအဝတ်အစားတချို့နဲ့အတူ  ဖိနပ် အရံပေါင်းများစွာ၊ တချို့ပက်လက် တချို့မှောက်လျက်နဲ့ မြင်မကောင်းအောင်ဖြစ်နေပါတယ်။ တချက်တချက် ထထအူလိုက်တဲ့ခွေး အူသံ၊ ငှက်ဆိုးထိုးသံတွေနဲ့အတူ ကြိုးကြားကြိုကြား သေနတ်သံတွေလောက်ကလွဲလို့ တလောကလုံး ငြိမ်သက်တိတ်ဆိတ်နေပါ တယ်။
နောက် ၅ မိနစ်လောက်ရှိတော့ သေနတ်သံတွေတိတ်ကျသွားပြီး၊ စစ်သားတွေရဲစခန်းထဲကို ပြန်ဝင်သွားကြပါတယ်။ ဒီတော့မှ ကျနော်တို့အားလုံး ၆ ယောက်ဖြစ်မှန်း၊  ၁၅ နှစ်ရွယ်ကလေးတယောက်ပါမှန်း၊ တယောက်မှသေနတ်ထိတာမရှိမှန်း သိကြရတာဖြစ်ပါ တယ်။ လူစုခွဲပြီးပြန်မယ်ဆိုထလိုက်တော့မှ ကျနော့်လက် တော်တော်နာနေတာ သတိထားမိပါတယ်။ လဲကျတုန်းက ခိုက်မိတာလား၊ လူအနင်းပဲခံရသလားတော့ မပြောတတ်ပါဘူး။ လူစုမခွဲခင်ကလေးမှာ တယောက်က အသံကတုန်ကယင်ကြီးနဲ့  “လေးငါးယောက် ဗျာ..ကျနော့်ရှေ့တင် ပုံကျသွားတာ၊ တခြားထိတာတွေလည်းရှိသေးတယ်။ တော်တော်ရက်စက်မိုက်ရိုင်းတဲ့ကောင်တွေဗျာ။ လုပ်ရက် တယ်ဗျာ။ လူအုပ်ထဲကို အတွဲလိုက်ပစ်ထဲ့တာဗျ။ သူလက်နက် ကိုယ်လက်နက်ဆိုလည်း ထားပါဦး။ အခုဟာက အသားလွတ်ကြီးဗျာ။ ပြန်ချမှရမယ့်ကောင်တွေဗျ။ ပြန်ချရမယ့်ကောင်တွေဗျ” ဆိုပြီး ပြောနေတာလိုလို၊ ရေရွတ်နေတာလိုလို၊ တိုင်တည်နေတာလိုလို မသဲမကွဲတွေပြောနေပါတယ်။
အိပ်ယာထဲသာလှဲနေခဲ့ပေမယ့် အဲဒီညတစ်ညလုံး ကျနော်မအိပ်ခဲ့ပါဘူး။ ကြွေးကြော်သံတွေတိုင်ရင်း သေနတ်ပြောင်းဝတွေဆီ မတွန့် မရွံ့ တိုးတက်သွားနေတဲ့လူတွေ။ ပြောင်းဝကမီးတောက်တွေ။ သေနတ်သံတွေ။ လဲသံပြိုသံတွေ။ ညည်းညူသံတွေ။ ထိတ်လန့်တ ကြား အော်သံတွေ။ ဆဲသံဆိုသံတွေ။ ပြေးလွှားနေတဲ့ခြေသံတွေနဲ့ ပုံရိပ်တွေ ဝဲလည်နေပါတယ်။ စိတ်တွေလည်းလေးလံဖိစီးနေ ပါတယ်။ တခါ မနက်ကျရင် ဘာဆက်လုပ်ကြမလဲဆိုတာထက် ဘာများဆက်ဖြစ်ဦးမလဲဆိုတာကိုပဲ တွေးနေမိခဲ့ပါတယ်။ မိုးလင်း တာနဲ့ တနေရာရာသွားရှောင်နေရင် ကောင်းမလား။ ရှောင်ဖို့ရော သင့်သလား။ မရှောင်ရင်ကော ဘာဖြစ်မလဲ။ အဖမ်းအဆီးတွေများ လာမလား။ အခုဖြစ်ခဲ့တာတွေအတွက် လူတွေကငါတို့ကို အပြစ်တင်တော့မလား။ ငါတို့တရားခံဖြစ်ရပြီလား။  ငါတို့မြို့လေးရဲ့ လူထု လှုပ်ရှားမှု ခုလို အဖြိုခွဲခံလိုက်ရလို့ ပြီးသွားပြီလား။ ရပ်သွားပြီလား။ လူတွေလန့်ပြီး ဆက်မလုပ်ကြ ဆက်မပါကြတော့ရင်ကော ဘယ်လိုဆက်လုပ်ကြမလဲ။ တကယ်ပြောရရင် ကျနော်လည်း သွေးပျက်သလိုဖြစ်ပြီး ဘာကိုမှ မှန်မှန်ကန်ကန်မတွေးနိုင်ခဲ့ဘူး ဆိုတာလောက်ပဲ မှတ်မိပါတယ်။
မနက်ကျတော့ အနီးစပ်ဆုံးလူတွေ အမြန်ဆုံးပြန်စုမှ ဆိုတဲ့အတွေးဝင်လာပါတယ်။ ဒါနဲ့ ကျနော်တို့တွေ အချိန်းအချက်လုပ်ပြီး မြို့စွန် နားကခြံတစ်ခြံမှာ စကားပြောဖြစ်ကြပါတယ်။ စစခြင်း အခြေအတင်အငြင်းအခုံတွေနဲ့အတူ ညကဖြစ်စဉ်အတွက် တဦးနဲ့တဦး လက်ညှိုးထိုး အပြစ်ဖို့တာတွေလည်း စိတ်မချမ်းသာစရာကြားရပါတယ်။ တချို့က ဆဲဆိုကြိမ်းမောင်းပြီး ထထွက်သွားတာလည်း ရှိပါတယ်။ ညီညွတ်ရေးကို ကြီးကြီးမားမားကြီးမဟုတ်ပေမယ်လို့ အထိုက်အလျှောက်တော့ ထိခိုက်ခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဆက်ဆွေးနွေးကြရင်း   နဂိုကတည်းက “ချမှရမယ်” ဆိုသူတွေနဲ့ “ကိုယ့်မြို့ခံတပ်ပဲကွာ ထိပ်တိုက်တိုးရင်တောင် လက် ရှောင်မှာပါ” ဆိုသူတွေလည်း “ချမှဖြစ် တော့မယ်” ဆိုတဲ့အပေါ်မှာအသံတူပြီး “တောခိုမယ်” ဆိုသူလည်းထွက်လာပါတယ်။ “စစ်တပ်နဲ့ထိပ်တိုက်တိုးမယ့် ဆန္ဒပြပွဲတွေမလုပ်ရေး” ဆိုသူလည်းဆိုပါတယ်။ “လူထုမနာအောင်ပျောက်ကြားနည်းနဲ့ ဆန္ဒပြသင့် တယ်” ဆိုသူလည်းဆိုပါတယ်။ “စစ်တပ်ကိုလူထုဘက်ပါအောင် သိမ်းသွင်းယူရမယ်” ဆိုသူလည်းရှိပါတယ်။ “ရဲတွေကိုရအောင်စည်း ရုံးပြီး စစ်တပ်ကိုမြို့ပြပျောက်ကြားပြန်တိုက်” လို့တင်သူလည်းတင်ပါတယ်။ လုပ်ဟန်နည်းနာပိုင်းတွေမှာသာ မတူကွဲပြားကြပေမယ့် ဒီမိုကရေစီရေးလှုပ်ရှားမှု ဆက်သွားရေးအမြင်ပေါ်မှာတော့ တထပ်တည်းကျ တယ်လို့ဆိုနိုင်မှာဖြစ်ပါတယ်။
အဲဒီ စကားဝိုင်းကနေ တခုတည်းပေါ်မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချနိုင်ခဲ့ပါဘူး။ ဒါပေမယ်လို့ မဲခွဲလည်းမဆုံးဖြတ်လိုက်ရ၊ ဘာမှတ်တမ်းမှလည်းမတင်လိုက်ရဘဲ အသီးသီးရဲ့စိတ်ထဲမှာ ဘုံသဘောတူညီမှုတစ်ခု ရခဲ့တယ်ဆိုရင်မမှားပါဘူး။ အဲဒါကတော့  ညကဖြစ်စဉ်ဟာ တိုက်ပွဲအဆုံးမဟုတ်ဘူး။ တိုက်ပွဲရဲ့ အစပဲဖြစ်တယ်။ အစိုးရအပေါ်၊ စစ်တပ်အပေါ် လူတွေရဲ့ခါးသီးနာကျည်းစိတ်ကို အားအဖြစ်ပြောင်းပြီးလူထုတိုက်ပွဲကို တပြည်လုံးနဲ့ဟန်ချက်ညီလုပ်မယ်။ ဘေးပတ်လည်က မြို့နယ်တွေနဲ့ အနီးကပ်ချိတ်ဆက်လှုပ် ရှားမယ်။ လူထုများနိုင်သမျှများများပါဝင်လာရေးနဲ့ အထိအခိုက်နည်းနိုင်သမျှ နည်းရေးပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ကျနော်တို့မြို့ကလေး လည်း ၁၉၈၈ လူထုလှုပ်ရှား မှုကြီးထဲ ဆက်လက်ပါဝင်နေပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။