Monday, April 20, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၇)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၇)
တတိယပိုင်း

ထိုသို့ကွန်မြူနစ်များကို ရန်သူလို ဘယ်တုန်းကမှသဘောမထားဘဲ များစွာအကျိုးပြုနိုင်သည့်ဘက်သို့ မျှော်လင့်အားထားပြီး လက်ဝဲ ညီညွတ်ရေးကိုပင် ကြိုးစားအားထုတ်နေသောဗိုလ်ချုပ်သည် ကွန်မြူနစ်များ ကွဲပြဲလွင့်စင်ပြီး တောတွင်းလက်နက်ကိုင်လမ်းနှင့် ရန်သူအဖြစ်သို့ရောက်သွားအောင် ဖန်တီးပြုလုပ်မှုများကိုတွေ့ရှိရသော် အဘယ်မျှလျှင် မတားဆီးမကာကွယ်ဘဲ လစ်လျူရှုနေနိုင်မည်နည်း။ မုချပင် ကာကွယ်မည်ဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကွန်မြူနစ်များတောခိုရသည့်အခြေအနေရောက်သွားသော် ဖြစ်လာနိုင်သောအချက်ကြီး(၃)ချက် ဖြစ်သည့် တိုင်းပြည်စည်းလုံးညီညွတ်ရေးပြိုကွဲလာမှာကိုလည်းကောင်း၊ တိုင်းပြည်ဒီမိုကရေစီ အားနည်းပျက်စီးရာကျမှာကိုလည်းကောင်း၊ စည်းလုံးညီညွတ်မှုရှိစွာ တက်ညီလက်ညီပူးပေါင်းလုပ်ကိုင်သွားနိုင်ဖို့ များစွာမျှော်လင့်အားထားနေသည့် လက်ဝဲအင်အားစုလည်းဖြစ်ပြီး တိုင်းပြည်ရဲ့ အခြေခံအမာခံအင်အားစုလည်းဖြစ်သည့်ကွန်မြူနစ်များြုတ်ထွက်သွားရုံမက ရန်သူအဖြစ်ရင်ဆိုင်ရမှာကိုလည်းကောင်း တူးခါးစွာမလိုလားသည့်ဗိုလ်ချုပ်သည် ထိုကွန်မြူနစ်များ တောတွင်းရောက်ရေး တွန်းပို့လုပ်ဆောင်ချက်များကိုမြင်တွေ့ရသော် မုချပင် မိမိစွမ်းအားကိုသုံးပြီး အစွမ်းကုန်ကာကွယ်သွားမှာသာဖြစ်သည်ဆိုသည်ကို ကျနော်တို့အားလုံး ယုံကြည်နိုင်ပါသည်။

ကွန်မြူနစ်များတွင် အဓိကဖြစ်သော CPB ပါတီ တောခိုရတဲ့အခြေအနေမျိုးမရောက်အောင်တားဆီးနိုင်တဲ့ တိုက်ရိုက်နည်းလမ်းကတော့ ဗိုလ်ချုပ်သည် သူ၏ကြီးမားလှသောနိုင်ငံရေးအင်အားနှင့် သြဇာနှင့် ထိုစဉ်ကာလက အရေးကြီးတဲ့လက်ဝဲပါတီသုံးပါတီကြား ဝင်ရောက် ဖြန်ဖြေတားဆီးရေးသာ ဖြစ်ပါသည်။

ထိုစဉ်က ဗမာ့နိုင်ငံရေးတွင်ဦးဆောင်လုပ်ကိုင်နေကြသော အဓိကပါတီများသည် လက်ဝဲသုံးပါတီဖြစ်ပါသည်။ ၎င်းတို့မှာ CPB၊ ဆိုရှယ်လစ် ပါတီနှင့် ပြည်သူ့ရဲဘော်ပါတီတို့ ဖြစ်ပါသည်။ ဗိုလ်ချုပ်ကိုင်တွယ်ရမည့်ထိုပါတီသုံးရပ်၏ ထိုကာလမှာတည်ရှိနေသောအခြေအနေ သဘောထားကို ပထမဖော်ပြလိုပါသည်။

ပထမ တောခိုကိစ္စ၏ မူရင်းဖြစ်နေတဲ့ CPB ပါတီ၏ ထိုစဉ်ကာလအခြေအနေကိုတင်ပြရသော်၊ သူတို့သည် လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲလိုသောပါတီမဟုတ်၊ သူတို့မှာ လူထုလူတန်းစားအခြေခံအားရပ်တည်မှုအတော်ကြီးကြီးရှိသောပါတီဖြစ်သည်။ ၁၉၄၆ - ၄၇ ခုနှစ်များတွင် ၎င်းတို့၏ ဖြူးမြို့နှင့် ပျဉ်းမနားမြို့များမှာ ပြုလုပ်သည့် ညီလာခံလူထုအစည်းအဝေးကြီးများဟာ သမိုင်းတွင်အကြီးဆုံး လူထုတက်ရောက်မှုအင်အားအကြီးဆုံးဟု ထိုစဉ်က ဆိုကြသည်။ ဒီမိုကရေစီ အတော်အတန်ရှိသည့်အောက်တွင် ငြိမ်းချမ်းစွာ လှုပ်ရှားခွင့်ရလျင် မိမိတို့လမ်းစဉ်ကိုတင်ပြပြီး အောင်မြင်အောင်ချီတက်သွားနိုင်မည်ဆိုသည်ကို ကောင်းစွာယုံကြည်သော ပါတီဖြစ်သည်။ ၎င်းတို့သည် ပြည်သူများ ကြီးစွာဒုက္ခမရောက်စေဘဲ သူတို့လမ်းစဉ်ကို ငြိမ်းချမ်းစွာစည်းရုံးလှုပ်ရှားပြီး သဘာဝအရ ငြိမ်းချမ်းစွာ၊ အေးဆေးစွာ ဆောင်ရွက်သွားလိုကြသည်။ အောင်မြင်နိုင်သည်ကိုလည်း ယုံကြည်ထားသည်။ သို့ဖြစ်၍ သူတို့အလိုအလျောက် တောခို၊ လက်နက်ကိုင်၊ ပြည်တွင်းစစ်တိုက်ရေး မဖြစ်နိုင်ပါ။

ပြည်သူ့ရဲဘော်ပါတီမှာ အဓိကအများစုသည် တော်လှန်ရေးတွင်ပါဝင်ခဲ့သော ရဲဘော်ဟောင်းများဖြစ်သည်။ ဗိုလ်ချုပ်၏ပါတီဟုပင် ပြောနိုင်သည်။ ဗိုလ်ချုပ်စကားနားထောင်ပြီး ဗိုလ်ချုပ်သဘောမတူတာ ဘာမျှလုပ်မည့်ပါတီ မဟုတ်ပေ။ သူတို့အလိုအလျောက် တောခို လက်နက်ကိုင်မည့်လမ်းစဉ်လည်း မရှိပေ။ CPB ကိုလည်း တောတွင်းမောင်းချရေးလမ်းသို့ ပို့မည်မဟုတ်။ သူ့ရပ်တည်ချက်အတွက် ဗိုလ်ချုပ်ရှိနေပြီးဖြစ်သည်။

ဗိုလ်ချုပ်ဤကိစ္စအတွက် ချဉ်းကပ်ရမှာ အခက်ခဲဆုံးဖြစ်သောပါတီမှာ ဆိုရှယ်လစ်ပါတီပင်ဖြစ်သည်။ ထိုပါတီမှာ ပြည်သူလူထုအတွင်း သူ့ဟာသူရပ်တည်နိုင်ဖို့ ပြည်သူလူထုထောက်ခံမှုသိပ်မရှိလှသော ပါတီဖြစ်သည်။ ဤပါတီ၏သမိုင်းတလျှောက်မှာ ထင်ရှားသည့် ခေါင်းဆောင်တဦးဦးနှင့် အစိုးရအာဏာအတွင်း ဖက်ဆစ်ဆန်မှုအပေါ်အားထားရပ်တည်ခဲ့ရပေသည်။ ဗိုလ်ချုပ်ရှိစဉ် ဗိုလ်ချုပ်အား မှီခို ရပ်တည်ခဲ့ရသည်။ ဗိုလ်ချုပ်ကွယ်လွန်သောအခါ ဦးနုအား အဓိကမှီခိုပြီး တဖက်က နိုင်ငံရေးအာဏာဖြင့် ဖက်ဆစ်ဆန်မှုနှင့် ရပ်တည် ခဲ့ရသည်။ ၁၉၅၈ ခုနှစ် ဦးနုနဲ့ကွဲသောအခါ ၁၉၆ဝ ဖေဖော်ဝါရီလရွေးကောက်ပွဲတွင် ပြည်သူတွေ၏လုံးဝစွန့်ပစ်လိုက်ခြင်းခံရပြီး အာဏာမJh သွားသော မကြာခင်လပိုင်းအတွင်း ဗမာ့သမိုင်းဇာတ်ခုံပေါ်ကဆင်းပြီး ကွယ်ပျောက်သွားရသော ပါတီဖြစ်ပါသည်။

ထိုဆိုရှယ်လစ်ပါတီသည် ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက် ဦးနုကို တဖက်ကမှီခိုပြီး တဖက်ကဖက်ဆစ်အာဏာ တစိတ်တပိုင်းဖြင့် ရပ်တည် နေရသည်။ ပြည်သူလူထုအတွင်းတွင်  CPB နှင့်ယှဉ်ပြိုင်ပြီး ရပ်တည်မနေနိုင်။ ဗိုလ်ချုပ်ကွယ်လွန်ပြီး တနှစ်အတွင်းမှာပင်  CPB ကို ဖိနှိပ် လာသည်။ နောက်ဆုံး CPB ကို တောတွင်းမောင်းချရေးဖြစ်စေသော ရန်ကုန်နှင့်တကွ တပြည်လုံးရှိကွန်မြူနစ်ပါတီဝင်များကို တပြိုင်တည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးတော့သည်။ သို့သော်ခေါင်းဆောင်အများသည် မျိုးချစ်ပြည်ချစ်နှင့် လိုလားသူများ၏ ကြိုတင်သတင်းပေးမှု ကြောင့် နာရီပိုင်းအတွင်း အချို့လည်း ညအိပ်နေရာမှ ထွက်ပြေးလွတ်မြောက်သွားပြီး တောတွင်းမှ မီးကျိုးမောင်းပျက်လက်နက်နှင့် ခုခံရသည်။ သို့ဖြင့် လူထုတွင်းမရပ်တည်နိုင်သောဆိုရှယ်လစ်များသည် ဤနည်းဖြင့် CPB ကို တောတွင်းမောင်းချပြီး သောင်းကျန်းသူဆိုကာ ဆိုရှယ်လစ် လွှမ်းထားသောစစ်တပ်သို့ လွှဲအပ်ဖိနှိပ်ပါတော့သည်။ ဤနည်းဖြင့် ဆိုရှယ်လစ်များသည် စစ်တပ်အားကိုးနယ်ချဲ့အားကိုးဖြင့် ပြည်တွင်းစစ်ကြီး ကို ဖန်တီးလိုက်ပါတော့သည်။ ထိုကိစ္စကို ပုဂ္ဂိုလ်အရဦးဆောင် ဆောင်ရွက်သူမှာ ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဖြစ်သော ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်ဦးကျော်ငြိမ်းပင်ဖြစ်သည်။ သူသည် ဗမာပြည် ပြည်တွင်းစစ်၏ ပုဂ္ဂိုလ်အရတရားခံနံပတ်(၁) ဖြစ်သည်။

အထက်ပါအခြေအနေတွင် ဗိုလ်ချုပ်က ကွန်မြူနစ်များတောခိုရသည့် ဘဝမရောက်အောင်ဝင်ပြီး ဖျန်ဖြေတားဆီးရလျှင် မည်သို့ဖြစ်မည်နည်း။
-  CPB က မိမိတို့အတွက် ပိုမိုဆိုးဝါးသည့် တောခိုရမည့်လမ်းမရောက်မည်မို့ ဗိုလ်ချုပ်ဝင်ရောက်ဖျန်ဖြေမှုကို ကြိုဆိုနာခံကြမှာမလွှဲ ဖြစ်ပါသည်။

- ပြည်သူ့ရဲဘော်မှာလည်း သူတို့အနေနှင့် လက်နက်ကိုင်တောခိုဖို့မလို ဗိုလ်ချုပ်သြဇာရှိပြီးဖြစ်၍ ဗိုလ်ချုပ်ဆန္ဒအတိုင်း ကွန်မြူနစ်များ တောခိုရေးလိုလားကြမည် မဟုတ်ချေ။

- ဆိုရှယ်လစ်ပါတီသာ ဗိုလ်ချုပ်စကားနားမထောင်လိုသော်လည်း လက်တွေ့အရ ဗိုလ်ချုပ်ကိုဆန့်ကျင်ပြီးလုပ်ရေးမှာ များစွာအကျပ် တွေ့နေသည်။ ဆိုရှယ်လစ်တို့သည်  CPB အပေါ်ပြင်းထန်စွာဖိနှိပ်လာပြီး နောက်ဆုံး တောခိုသွားရေးဖြစ်စေသည့် တပါတီလုံးကို တပြိုင်နက် အစုလိုက်အပြုံလိုက် စီးနင်းဖမ်းဆီးမှုမျိုးကို ဗိုလ်ချုပ်ရှေ့မှောက်မှာလုပ်ရဲကြမည် မဟုတ်ပေ။ ဗိုလ်ချုပ်ကလည်း အခြေအနေတင်းမာလာလျှင် မုချဝင်ရောက်တားဆီးမှာပင် ဖြစ်သည်။ ၎င်းဆိုရှယ်လစ်များသည် ဗိုလ်ချုပ်က ကွန်မြူနစ်များအပေါ် ရန်သူလိုသဘောမထားနိုင်သည်ကို အလွန်မကျေနပ်ကြပေ။ ထို့ကြောင့် ဗိုလ်ချုပ်တို့လုပ်ကြံခံရစဉ်က ပထမ သခင်စိုး၏အလံနီပါတီကပင် “ဒါဟာ ဆိုရှယ်လစ်တွေသတ်တာ” ဟူ၍ပင် ကြေညာဖူးသေးသည်။ ဆိုရှယ်လစ်တို့မှာ ဗိုလ်ချုပ်၏ဖြန်ဖြေမှုကို မကြိုက်သော်လည်း စဉ်းစားရမည့်အချက်(၂) ချက်ရှိသည်။ ပထမက လက်ရှိ ၎င်းတို့၏ရပ်တည်မှုမှာ ဗိုလ်ချုပ်ဦးဆောင်ထားသော ဖဆပလအဖွဲ့ချုပ်တွင်းက ဗိုလ်ချုပ်ကိုမှီပြီးရပ်တည်နေရသည်။

နောက်တချက်မှာ ဗိုလ်ချုပ်နှင့်ဆန့်ကျင်ပြီး တသီးတခြားရပ်တည်ရန် ၎င်းတို့သည် လူထုအခြေခံမရှိ၍ မဖြစ်နိုင်သောဘဝဖြစ်သည်။ နောက် ဗိုလ်ချုပ်သည် အင်အားကြီးမားပြီး သြဇာကြီးလှသည်။ ဆန့်ကျင်ရန် မဖြစ်ြနိုင်ပေ။ ထို့ကြောင့် မလွန်ဆန်နိုင်ဘဲ ဗိုလ်ချုပ်ဖျန်ဖြေတားဆီးမည့် လမ်းကို မုချလိုက်ရပေမည်။ သို့ဖြင့် ကွန်မြူနစ်များတောခိုမည့်အခြေအနေမျိုးမရောက်ရန် ဗိုလ်ချုပ်က မုချဖျန်ဖြေတားဆီးနိုင်ပေမည်။
ထိုကြောင့် အထက်ပါမေးခွန်း (၁၂)အရ ကွန်မြူနစ်များ တောမခိုနိုင်အောင် ဗိုလ်ချုပ်က မုချကာကွယ်နိုင်မည်ဖြစ်သည်။

ကာကွယ်နိုင်သည့်နည်းလမ်းမှာ အထက်တွင် ကျနော်ဖော်ပြခဲ့သလို အဓိကအင်အားများဖြစ်သော  CPB  ၊ ဆိုရှယ်လစ်ပါတီ၊ ပြည်သူ့ရဲဘော်ပါတီတို့အကြားဝင်ပြီး ဖျန်ဖြေတားဆီးသော နည်းလမ်းပင်ဖြစ်ပေသည်။ ဤသည်များမှာ ကျနော်နှင့် ဘီဘီစီသတင်းထောက်တို့ မေးမြန်းခန်းမှ ကျနော်ထုတ်ဖော်တင်ပြလိုသောအကြောင်းအရာတချို့ ဖြစ်ပါသည်။

ဤနေရာတွင် ကျနော်ရေးဖို့ကျန်ခဲ့သည့် ကိစ္စတခုရေးသားရပါဦးမည်။ ဗိုလ်ချုပ်မကွယ်လွန်မီက ကျနော့်ကို စေခိုင်းခဲ့သည့် ကိစ္စတခုရှိပါ သေးသည်။

ထိုကိစ္စမှာ -
            ဗိုလ်ချုပ်သည် ဖက်ဆစ်တော်လှန်ရေးပြီးနောက် သူစစ်တပ်ကထွက်ပြီး နိုင်ငံရေးဘက်ကူးပြောင်းလိုက်ရန်ဆုံးဖြတ်ပြီးနောက် တပ်မတော်ကို သူ့ကိုယ်စားထိန်းသိမ်းအုပ်ချုပ်ရန်လွှဲအပ်ခဲ့ဖို့ ပုဂ္ဂိုလ်ကိုစဉ်းစားရှာဖွေခဲ့သည်။ သူတည်ထောင်လာခဲ့သော တပ်မတော် အင်္ဂလိပ်တို့နှင့်ပေါင်းစည်းရသည့်နောက်တွင် ဖောက်ဖောက်ပြားပြားတွေ ဖြစ်လာမှာအလွန်စိုးရိမ်ပုံရသည်။ ရာထူးစဉ်လာ ဝါစဉ်အရ ထိုစဉ် သု့လက်အောက် ဒုစစ်သေနာပတိဖြစ်နေသော ဗိုလ်လကျာ်ကိုသာလွှဲအပ်ရမည်ဖြစ်ရာ ဗိုလ်လကျာ်အပေါ်နိုင်ငံရေးအရ စိတ်ချရမည် ဖြစ်သော်လည်း ကျမ်းမာရေးအရ ရေရှည်အတွက်စိတ်မချရဟု ထင်မြင်ပုံရပါသည်။ ထို့ကြောင့် နိုင်ငံရေးအရ မဖောက်မပြန်စိတ်ချရပြီး အများ လေးစားခြင်းလည်းခံရကာ ပါတီအများနှင့်ဆက်ဆံရေးလည်းကောင်းမွန်သော ကွန်မြူနစ်ပါတီခေါင်းဆောင်တဦးဖြစ်သော သခင်ဗဟိန်းကို စစ်တပ်အား သူ့ကိုယ်စားလွှဲအပ်ဖို့စိတ်ကူးဆန္ဒဖြင့် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ခန့်မှန်းခြေ ၁၉၄၅ ဇူလိုင်လတွင်းလောက်ထင်သည် ဗိုလ်ချုပ်အောင်ဆန်း ကျနော့်ကိုခေါ်ပြီး သခင်ဗဟိန်းကိစ္စ သူ၏ဆန္ဒနှင့် ဆုံးဖြတ်ချက်ကိုပြောပြကာ သခင်သန်းထွန်းထံစေလွှတ်၍ သခင်ဗဟိန်းကိုစစ်တပ်ကိုလွှဲရန် ပေးဖို့ရန် သွားတောင်းခိုင်းပါသည်။ ကျနော် သခင်သန်းထွန်းထံသွား၍ ထိုကိစ္စကိုပြောပြပါသည်။

ထိုစဉ်ကလက ကျနော်တို့ဗမာပြည်ကွန်မြူနစ်ပါတီမှာ ဘရောက်ဒါဝါဒဝင်နေရာ အနာဂတ်လွတ်လပ်ရေး တော်လှန်ရေးလုပ်ငန်းများမှာ စစ်ရေးအရ အကြမ်းဖက်လှုပ်ရှားမှုများမလိုဘဲ ငြိမ်းချမ်းစွာဖြင့်လူထုစည်းရုံးလှုပ်ရှားမှုဖြင့် အောင်မြင်နိုင်သည်ဟူသော အယူအဆစွဲမြဲစွာ ယုံကြည်နေသည့်ကာလဖြစ်ရာ စစ်တပ်လုပ်ငန်းအပေါ် ဒါလောက်အာရုံမထားတော့ဘဲ လူထုလူတန်းစားစည်းရုံးရေးသာ အဓိကအာရုံထား နေသောကာလဖြစ်သည်။

သခင်သန်းထွန်းက ရှေ့မှာစစ်တပ်လုပ်ငန်းဟာ ဒါလောက်အရေးပါတော့မှာမဟုတ်ပါ လူထုစည်းရုံးရေးသာအဓိကဖြစ်ရာ ကိုဗဟိန်းမှာ အလွန် အရေးပါပြီး လူထုအတွင်းသြဇာကြီးသူ ဖြစ်သည်။ သူ့ကိုအရေးကြီးသည့် အလုပ်သမားသမဂ္ဂတွေကိုင်ခိုင်းဖို့စီစဉ်ထား၍ မပေးနိုင်ကြောင်း ပြောပါသည်၊ စစ်တပ်ကို အစဉ်အလာရှိသည့် ခင်ဗျားတို့တွေပဲ တပ်မှာသြဇာရှိအောင်လုပ်ပြီး ထိန်းသိမ်းသွားကြပါဟု ပြောပါသည်။

ကျနော်ထိုကိစ္စ ဗိုလ်ချုပ်ကိုပြန်အစီရင်ခံတော့ ဗိုလ်ချုပ်က ကိုဗဟိန်းမပေးနိုင်ရင် ဖြူးနယ်မှ ကွန်မြူနစ်ပါတီခေါင်းဆောင်တဦးဖြစ်သော သခင်သန်းဖေရော မပေးနိုင်ဘူးလားဟုထပ်မေးခိုင်းပါသည်။ သခင်သန်းထွန်းက သခင်သန်းဖေကိုလည်းမပေးနိုင်ကြောင်း အကြောင်း ပြန်ပါသည်။

ဗိုလ်ချုပ်လည်း အတော်စိတ်ပျက်သွားပုံရသည်။ နောက်ဆုံး ဗိုလ်မှုးကြီးလက်ျာကိုဘဲ သူ့ကိုယ်စားသူ့နေရာဆက်ခံဘို့ရွေးချယ်ပြီး ဗြိတိသျှတို့အောက် တပ်မတော် ဒုစစ်ဆေးရေးအရာရှိချုပ်နေရာသို့ ဝင်ယူစေပါတော့သည်။ နောက်ဗိုလ်ချုပ်တို့ အစိုးရအဖွဲ့တွင်း ဝင်လာသောအခါ ဗိုလ်ချုပ်သည် ကာကွယ်ရေးဝန်ကြီးတာဝန်ပါယူထားပြီး တပ်ကို သူတဖက်က ထိမ်းသိမ်းသွားမည်ဟု စိတ်ကူးထားပုံ ရသည်ဟု ယူဆရပါသည်။

ထိုကိုဗဟိန်းကိစ္စကို ထိုစဉ်က ဆိုရှယ်လစ်များသိသွားပုံရသည်။ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းထံပေးစာများတွင် ထိုကိစ္စပါလာပြီး ဆိုရှယ်လစ်တွေမကျေမနပ်ဖြစ်ပုံကို ၁၉၈၈ ဝန်းကျင်က ဖတ်ရှုလိုက်ရပါသည်။
ဤသည်မှာ ဗိုလ်ချုပ် မကွယ်လွန်မီက ကျနော်အားစေခိုင်းခဲ့သည့် ကိစ္စတခု ဖြစ်ပါသည်။

ဗိုလ်ချုပ်က ကျနော့်အားပညာပေးခဲ့သည့် ကိစ္စတခုလည်း ရှိပါသေးသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ (၁၂)ရက် ပင်လုံစာချုပ်ချုပ်ဆိုရာတွင် နောက် ၁ဝ နှစ်ကြာလျှင် ရှမ်းပြည်အနေနဲ့ ခွဲထွက်ချင်ခွဲထွက်ခွင့်ပြုမည် ဆိုသောအချက်အပေါ် ကျနော်က ဗိုလ်ချုပ်အားမေးမြန်းကြည့်ရာတွင် ဗိုလ်ချုပ်က ကဲ မင်းဗမာပြည်မြေပုံကိုကြည့်စမ်း တို့လွတ်လပ်ရေး ရတဲ့အခါ ရှမ်းပြည်မပါရင် တို့မြေပုံဘယ်လိုဖြစ်သွားမလဲ၊ ဒါကြောင့် လွတ်လပ်ရေးယူတဲ့အခါ တပေါင်းတစည်းထဲရဖို့လိုတယ်ဟု ပြောပြ ဆွေးနွေးပြီး ထပ်၍ပြောပြသည်မှာ တို့တတွေက ငါးနှစ်စီမံကိန်း ၂ ခုလောက်လုပ်ပြီး နိုင်ငံကိုတည်ဆောက်ပြရင် တို့တတွေနဲ့အတူနေချင် လာမှာပါကွာဟုလည်းနှစ်သိမ့် ပြောဆိုပါသည်။ ဗိုလ်ချုပ်ကဆိုလိုသည်မှာ (ငါးနှစ်စီမံကိန်း ၂ ခု) ၁ဝ နှစ်ကြာ တိုင်းပြည်တည်ဆောက်ရေးကို အတူတကွလုပ်ဆောင်ကြပြီးရင် ခွဲထွက်ချင်မှာမဟုတ်တော့ဟုဆိုလိုပါသည်။

ထို့ပြင် ဗိုလ်ချုပ်လုပ်ကြံမခံရမီကလေးမှာပင် လွတ်လပ်ရေးအတွက် အပြင်းအထန်ဆွေးနွေးညှိနှိုင်းနေစဉ် ကျနော်နှင့်တွေ့စဉ်ပြောသည်မှာ လွတ်လပ်ရေးအတွက်တော့ အစစအဆင်ပြေနေတာပဲ ဘာတွေဖြစ်လာအုံးမလည်းတော့မသိဘူးကွာဟူ၍ ဖြစ်ပါသည်။ ကျနော့်စိတ်တွင့် စဉ်းစားမိသည်မှာ ဗိုလ်ချုပ်သည် အင်္ဂလိပ်နယ်ချဲ့သမားအား သိပ်ယုံကြည်မှုမရှိလှဘဲ တစုံတခုအပေါ် စိတ်နည်းနည်းလေးနေပုံရသည်ဟု ထင်မြင်ခဲ့မိပါသည်။
ဤသည်များမှာ ဗိုလ်ချုပ်နှင့်ပတ်သက်၍ ကျနော်၏ ထိတွေ့ခံစားရချက်အချို့ ဖြစ်ပါသည်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၆)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၆)
တတိယပိုင်း
မေးခွန်းအမှတ် (၁၁)။ ။ ဗိုလ်ချုပ်မကွယ်လွန်မီ ရက်သတ္တပတ်အချို့အတွင်း ကွန်မြူနစ်များနှင့်ဆက်ဆံရေးမည်သို့ ရှိပါသလဲ။
ဖြေ။ ။ ထိုကာလအခြေအနေများ ကျနော်တိတိကျကျ မမှတ်မိတော့ပေ။ သို့ရာတွင် ထိုဝန်းကျင်ကာလ ယေဘုယျအခြေအနေ ကျနော် လေ့လာသိရှိမှတ်သားမိသလောက် ပြောပြပါမည်။

၁။ ၁၉၄၆ နှစ်ဦးပိုင်းလောက်ကစပြီး ဗမာပြည်တွင် ကွန်မြူနစ်ပါတီ(၂)ခု ဖြစ်နေပါသည်။ ပထမက ယခုလက်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ CPB ဖြစ်ပါသည်။ ဒုတိယမှာ CPB ပါတီမှ ၁၉၄၆ ဖေဖေါ်ဝါရီလတွင်ခွဲထွက်သွားသော ထင်ရှားသော သခင်စိုးဦးဆောင်သည့်အလံနီကွန်မြူနစ်ပါတီ ဟူ၍ နှစ်ပါတီ ဖြစ်နေပါသည်။

၂။ ခွဲထွက်သွားသော အလံနီကွန်မြူနစ်ပါတီမှ ခေါင်းဆောင်၏သခင်စိုးက ထိုကာလ ဗမာ့တော်လှန်ရေး၏ ကျောရိုးမဏ္ဍိုင်ဖြစ်နေသော ဗိုလ်ချုပ်အောင်ဆန်း (CPB)ပါတီနှင့် ဗိုလ်ချုပ်ဦးဆောင်သော အမျိုးသားညီညွတ်ရေးတပ်ဦးဖြစ်သော ဖဆပလအဖွဲ့တို့ကို ဦးစွာ ဆန့်ကျင် တိုက်ခိုက်ပါသည်။ အထူးသဖြင့် CPB နှင့် ဗိုလ်ချုပ်အောင်ဆန်းကိုဖြစ်ပါသည်။ ဗိုလ်ချုပ်ကိုတိုက်ခိုက်ရာတွင် ပုဂ္ဂိုလ်ရေးတွေပါ နိမ့်ကျ ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုများမှာ ၁၉၄၇၊ ဇူလိုင်လ ဗိုလ်ချုပ်တို့ကျဆုံးခါနီးအထိဖြစ်နေသည်ဟု ထင်ရပါသည်။

၃။ (CPB) ကလည်း ၁၉၄၇ ခုနှစ် စောစောပိုင်းကတည်းက ဖဆပလနှင့် င်္ညီညွတ်ရေးကြွေးကြော်နေရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ တို့ကို အပြန်အလှန်တိုက်ခိုက်ကြပါသည်။ အထူးသဖြင့် ထိုနှစ်ဧပြီလ ရွေးကောက်ပွဲကာလအတွင်း ဖြစ်သည်။ သူတို့၏တိုက်ခိုက်မှုမှာ ဗိုလ်ချုပ်တို့ ဘုရင်ခံအစိုးရအဖွဲ့တွင်ပါဝင်မှုနှင့် အောင်ဆန်း-အက်တလီစာချုပ်ပေါ် အဓိကထားသည်။ သို့သော် မေလလောက်ကစပြီး ကွန်မြူနစ်-ဖဆပလညီညွတ်ရေး ရှေ့တန်းတင်ပြီးနောက် တိုက်ခိုက်မှုများလျော့နည်းလာသည်။ ဗိုလ်ချုပ်က ထိုနှစ်စောစောပိုင်းက (၁၅/၂ / ၄၇) က ဖဆပလ ဦးစီးအဖွဲ့အစည်းအဝေးတွင်ပြောသည်မှာ “ပေါင်းချင်ရင် (သိန်း-သန်း) (CPB) ပါတီနဲ့တော့ပေါင်းနိုင်တယ်”ဟု ပြောခဲ့ ဖူးသည်။ နောက်ကျဆုံးခါနီး ၁၃/၇/၄၇ နေ့ ဗိုလ်ချုပ်မိန့်ခွန်းတခု တွင် “ဗမာပြည်မှာ လူမျိုးအချင်းချင်းမကွဲဖို့ လူငယ်ပိုင်းဖြစ်တဲ့ လက်ဝဲသမား အချင်းချင်းမကွဲဖို့သတိပေးလိုတယ်”ဟု ပြောခဲ့သည်။ ဤသည်မှာ ကို ရည်ရွယ်ပြီးပြောတာ ဖြစ်ပါသည်။ (CPB) ၏ ဖဆပလနှင့်ပြန်ပေါင်းရေး ကြွေးကြော်သံကြောင့် ကျဆုံးခါနီးတွင်(CPB) နှင့် အတိုက်အခိုက် လျော့နည်းလာပုံရသည်ကို သတိထားမိသည်။ ကျနော်ထိုကိစ္စ ဤမျှ လောက်သာပြောနိုင်ပါသည်။ (မှတ်ချက်- ၁၉၄၆ အောက်တိုဘာတွင် ဖဆပလမှ(CPB) ထုတ်ပစ်ခံရသည်။)

မေးခွန်းအမှတ် (၁၂)။ ။ ကွန်မြူနစ်များ တောမခိုနိုင်အောင် သူကာကွယ်နိုင်မလား၊ ကာကွယ်နိုင်မယ်ဆိုရင် ဘယ်လိုနည်းနဲ့ ကာကွယ်နိုင် မလJ။
ဖြေ။ ။ ကွန်မြူနစ်များတောမခိုအောင် ဗိုလ်ချုပ်ကာကွယ်နိုင်မယ်လို့ ကျနော်ယုံကြည်ပါသည်။ ဤသည်ကို ထိုခေတ်နိုင်ငံရေးခေါင်းဆောင် အများကလည်း သဘောတူနိုင်ပါသည်။

မေး။      ။ ဒါကိုကာကွယ်မည်ဆိုလျှင် မည်သည့်နည်းနဲ့ ကာကွယ်မလဲ။
ဒါကိုရှင်းပြရန်မှာ ဗိုလ်ချုပ်သည် ကွန်မြူနစ်များတောမခိုစေလိုသောဆန္ဒ အလွန်ကြီးမားစွာရှိခဲ့ပါသည်။ ဤသည်မှာ တိုင်းပြည်စည်းလုံး ညီညွတ်မှု ပြိုကွဲမှာစိုးရိမ်လို့တကြောင်း နောက်ဒီမိုကရေစီတရား ပျက်သွားမှာစိုးရိမ်လို့တကြောင်း အဓိကထိုအချက် (၂)ရပ်ကြောင့် ဖြစ်ပါသည်။ ထိုပြင် ကွန်မြူနစ်များအပေါ် အားထားမျှော်လင့်ချက်များလည်း ရှိနေပါသေးသည်။ ထို့ကြောင့် တောမခိုဖြစ်အောင် သူသာ ရှိနေလျှင် ငြိမ်းချမ်းစွာ ဝင်ကာကွယ်မှာဖြစ်ပါသည်။ ကာကွယ်နိုင်သောအင်အားနှင့် စွမ်းရည်လည်းရှိနေပါသည်။ ဤသည်ကို အောက်ပါ အတိုင်း ရှင်းလင်းတင်ပြသွားပါမည်။

ပထမ တိုင်းပြည်စည်းလုံးညီညွတ်ရေးအတွက် သူ့ဆန္ဒ၊ သူပြောပုံ၊ သူလုပ်ကိုင်ခဲ့ပုံတချို့ကို အကျဉ်းတင်ပြပါမည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့တော်လှန်ရေးအတွက် လက်နက်ကောင်း (၃)လက်ကို ဖန်တီးတည်ဆောက်ပေးခဲ့သောပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ပထမ တော်လှန်ရေးကို ဦးဆောင်ရန် အခြေခံကောင်းသောလူတန်းစားပါတီတရပ်ရှိအပ်သည်ဟုယူဆပြီး ယခုလက်ရှိ CPB ကို ၁၉၃၉၊ သြဂုတ်လမှာ စတင်ဖွဲ့စည်း ခဲ့သည်။ ဒုတိယ ဗမာ့တော်လှန်ရေး တွင် ခွန်အားစွမ်းအင်ရှိသော အမျိုးသားလက်နက်ကိုင် စစ်တပ်ကြီးတရပ် ရှိရမည်ဆိုပြီး ၁၉၄ဝ-၄၁ မှာ လက်ရှိဗမာ့တပ်မတော်ကြီးကို စတင်ထူထောင်ဖွဲစည်းပေးခဲ့သည်။ တတိယ နယ်ချဲ့နှင့်ဖက်ဆစ်တို့ကို တော်လှန်တိုက်ခိုက်ပြီး လွတ်လပ်ရေး ကို ရယူရန်အတွက်လည်းကောင်း၊ လွတ်လပ်ပြီး တိုင်းပြည်တည်ဆောက်ရန်လည်းကောင်း၊ တိုင်းပြည်ညီညွတ်ဖို့လိုသည်ဆိုပြီး အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစုကြီးများဖွဲ့စည်းခဲ့ခြင်းတို့ ဖြစ်ပါသည်။

ဗိုလ်ချုပ်က ညီညွတ်ရေးသည် တိုင်းပြည်၏အင်အားဖြစ်သည်။ တော်လှန်ရေးတလျှောက်လုံးအတွက် ပင်မအုတ်မြစ်ဖြစ်သည်။ လွတ်လပ်ရေး အတွက်သာမက လွတ်လပ်ပြီးတိုင်းပြည်သစ် ထူထောင်ရေးတလျှောက်လုံးလည်းလိုအပ်သည် ပြန်လည်ထူထောင်ရေးမှာဖြစ်စေ၊ တိုင်းပြည် ကာကွယ်ရေးမှာဖြစ်စေ အားလုံးမှာ ညီညွတ်ရေးရှိဖို့လိုသည်။ ညီညွတ်ရေးသည်ထာဝရနှင့် အရာရာမှာလိုအပ်သည့် သဘောများပြောကြား ခဲ့ပါသည်။ နောက်ကျဆုံးခါနီး ဇူလိုင် (၁၃)ရက်မှာပင် ညီညွတ်ဖို့ပြောသွားပါသေးသည်။ သူ့မိန့်ခွန်းများစွာတွင် ညီညွတ်ရေးအရေးကြီးမှုကို များစွာပြောခဲ့ပါသည်။

ညီညွတ်ရေးအတွက် ဗိုလ်ချုပ်၏ဆောင်ရွက်ခဲ့ပုံများကိုပြန်ကြည့်လျှင် ပထမဆုံး ဒုတိယကမ္ဘာစစ်ကြီးစချိန် နယ်ချဲ့တော်လှန်ရေးအတွက် ၁၉၃၉ ခုနှစ်တွင် မြန်မာတိုင်းရင်းသားအရင်းရှင်များအဓိကဖြစ်သော ဗမာ့ထွတ်ရပ်ဂိုဏ်းအဖွဲ့ကြီးကို တို့ဗမာသခင်အစည်းအရုံးကြီးကိုအခြေခံ၍ ဖွဲ့စည်းခဲ့သည့် နောက် ၁၉၄၄ သြဂုတ်လတွင် ဖက်ဆစ်တော်လှန်ရေးအတွက် ကွန်မြူနစ်ပါတီတို့နှင့်တွဲ၍ ဖဆပလအမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးဖွဲ့စည်းခဲ့သည်။ နောက်ဗမာ့လွတ်လပ်ရေးနှင့် အနာဂတ်အရေးအတွက် မြန်မာတိုင်းရင်းသားလူမျိုးစုတို့နှင့် သွေးစည်းညီညွတ် ရေး ပင်လုံစာချုပ်ကြီးကို ၁၉၄၇ ဖေဖေါ်ဝါရီမှာ ချုပ်ဆိုနိုင်ခဲ့သည်။ လူမျိုးစုကြီးတစုဖြစ်သော ကရင်အမျိုးသားတို့နှင့်မူ ၁၉၄၄-၄၅ ကတည်းက ကရင်အမျိုးသားလက်နက်ကိုင်တပ်ရင်းတရင်းဖွဲ့ပေးပြီး စတင်စည်းရုံးနိုင်ခဲ့ပါသည်။

ဗိုလ်ချုပ်ဟာ တိုင်းပြည်စည်းလုံးညီညွတ်ရေးအတွက် သု၏ဆန္ဒပြောဆိုချက်နှင့် လုပ်ဆောင်ချက်များကြောင့် မြန်မာ့သမိုင်းပညာရှင်များက ချီုးကျူးခဲ့ကြသည်။ ဗြိတိသျှလူမျိုးသမိုင်းပါမောက္ခလု(စ်)က ၁၉၄၈ လောက်က ပြောခဲ့သည်မှာ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့သမိုင်းတွင် စတုတ္ထမြောက် တနိုင်ငံလုံးကို စည်းလုံးသွားနိုင်သောပုဂ္ဂိုလ်ကြီးဖြစ်သည်။ သူ့အရင် (၃)ဦးမှာ ပထမ ဘုရင်နော်ရထာ (AD ၁ဝ၄၄-၁ဝ၇၇) ဒုတိယ ဘုရင်နောင်ဘုရင် (AD ၁၅၅ဝ-၁၅၈၁)  တတိယ ဘုရင် အလောင်းဘုရား (AD ၁၇၅၂-၁၇၆ဝ) တို့ဖြစ်သည်။ စတုတ္ထမှာ ဗိုလ်ချုပ် အောင်ဆန်း (AD၁၉၁၅-၁၉၄၇) ဖြစ်သည်ဟု ချီးကျူးခဲ့ကြသည်။

ထို့အပြင် ဗိုလ်ချုပ်သည် လက်ရုံးရည်နဲ့မဟုတ် နှလုံးရည်နဲ့သာ တည်ဆောက်သည်ဟုလည်းပြောကြသည်။ တချို့သမိုင်းဆရာများက ပြောကြသေးသည်မှာ ဗမာနိုင်ငံတွင် ငြိမ်းချမ်းစွာနှင့်လူမျိုးစုအားလုံးကိုပါဝင်အောင်စည်းရုံးပြီး နိုင်ငံတည်ဆောက်နိုင်သူမှာ ကျန်စစ်သား ဘုရင်ကလွဲလျှင် ဗိုလ်ချုပ်အောင်ဆန်းတဦးတည်းသာရှိသည်ဟု ဆိုကြပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့တော်လှန်ရေး အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးကိုသိပ်လိုလားပြီး ရအောင်လည်း တည်ဆောက်ခဲ့သူ၊ တည်ဆောက်နိုင်သူဖြစ်သည်။

ဤသည်မှာလည်း သူလုပ်ကြံခံရသောအကြောင်းရင်းတခုဖြစ်သည်ဆိုသည်ကို ရေးခဲ့ပြီးဖြစ်ပါသည်။ ဤကဲ့သို့ အမျိုးသားစည်းလုံး ညီညွတ် ရေးကို တလျှောက်လုံး လိုလားတည်ဆောက်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားညီညွတ်ရေးကို ပြိုကွဲရေးဖြစ်စေမည့် ကွန်မြူနစ်များ တောခိုမည့်အရေးကို မည်သို့မျှလိုလားမည်မဟုတ် နည်းလမ်းရှိသမျှကာကွယ်မှာဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤသည်မှာ ပထမအကြောင်းရင်း ဖြစ်ပါသည်။

ဒုတိယအကြောင်းရင်းမှာ ဗိုလ်ချုပ်၏ ဒီမိုကရေစီစိတ်ဓာတ် ဖြစ်ပါသည်။ ဗိုလ်ချုပ်သည် သူရသတ္တိရှိပြီး မိမိကိုယ်မိမိယုံကြည်သူလည်းဖြစ်ကာ ခိုင်မာသည့်စာရိတ္တနှင့် တရားမျှတစိတ်ဓာတ်ရှိသူ၊ အချုပ်မှာ ဒီမိုကရေစီစိတ်ဓာတ် အပြည့်အဝရှိသူဖြစ်သည်။ သူ့မိန့်ခွန်းများအရ ဘယ်လို ဗမာပြည်မျိုးတည်ဆောက်လိုသည်ဆိုရာမှာ လွတ်လပ်ပြီးနောက် တည်ဆောက်မည့်နိုင်ငံ၏ အခြေခံ (၃)ချက်ကို ပြောခဲ့သည်။ စီးပွားရေးနှင့် ယဉ်ကျေးမှုအရ ဆင်းရဲခြင်းပပျောက်တဲ့ခေတ်မီနိုင်ငံတော်သစ်ဖြစ်ဖို့ နိုင်ငံရေးအရ ဒီမိုကရေစီကျဖို့နှင့် တတိယမှာ တည်ငြိမ်အေးချမ်းသော နိုင်ငံဖြစ်ဖို့ဟူသော အချက် (၃)ချက်ကို ဦးတည်ပြီးပြောခဲ့သည်။ ၁၉၄၅ ခုနှစ် စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များအစည်းအဝေးတွင် ပြောသည်မှာ “ဒီမိုကရေစီဝါဒသာလျှင် လွတ်လပ်ရေးနှင့် ဆီလျှော်တယ်။ ဒီဝါဒသာငြိမ်းချမ်းရေးကို အားပေးတယ်။ ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်တယ်” လို့ပြောခဲ့သည်။

ဗိုလ်ချုပ်တို့ ခေါင်းဆောင်များသည် ၁၃ဝဝပြည့် (၁၉၃၈-၃၉) ကာလမှစ၍ ဗမာ့တော်လှန်ရေးလမ်းကြောင်းကိုသုံးဆင့်ခွဲ၍ညွှန်ပြခဲ့သည်။ ပထမအဆင့်က လွတ်လပ်ရေး၊ ဒုတိယအဆင့်က ဒီမိုကရေစီရေး၊ တတိယအဆင့်ကျမှ ဆိုရှယ်လစ်ရေးဖြစ်သည်။ ဗိုလ်ချုပ်သည် ပထမအဆင့်လွတ်လပ်ရေးကိုသာ အကောင်အထည်ဖော်နိုင်ပြီး ဒုတိယအဆင့်ဒီမိုကရေစီရေးအတွက် မိန့်ခွန်းများသာအဓိကပြောခဲ့နိုင်ပြီး ကွယ်လွန်ခါနီး တစိတ်တပိုင်းအာဏာရခဲ့သည့်ကာလအတွင်းတွင်သာ ဒီမိုကရေစီလုပ်ဟန်တချို့ ပြသသွားနိုင်ခဲ့ပါသည် ဗိုလ်ချုပ်သည် ဂျပန်ဖက်ဆစ်စိုးမိုးထားသည့်ကာလမှာပင် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့သည်။ ၁၉၄၃ သြဂုတ်လ (၁)ရက် ဂျပန်က လွတ်လပ်ရေးအတုပေးသည့် အပေါ် ဒီမိုကရေစီနှင့်မကိုက်ညီသော လွတ်လပ်ရေးမျိုးဖြစ်သည်ဆိုသည်ကို အခွင့်ကြုံတိုင်းတလျှောက်လုံးပြောခဲ့သည်။ အပြင်းအထန်ဆုံး ပြောသည်မှာ ၁၉၄၃ ခုနှစ်ကုန်ခါနီး ကိုယ့်မင်းကိုယ်ချင်း (ချာချီလမ်း)အာရှလူငယ်များအစည်းအရုံးတွင် လူငယ်ခေါင်းဆောင်တွေနှင့် စစ်ဘက် ခေါင်းဆောင်တွေကိုပြောသည့်မိန့်ခွန်း ဖြစ်သည်။ ဘာလုပ်ကြမည်နည်းဆိုသည်ကို ညွှန်းသည့်သဘောလည်း ပါပါသည်။

ဗိုလ်ချုပ်၏ ဒီမိုကရေစီကြွေးကြော်သံမှာ “လူအများဆုံးအတွက် အကောင်းဆုံးအကျိုြးုပနိုင်မယ့် လူများစုကကြိုးကိုင်နိုင်တဲ့ဒီမိုကရေစီ”ဟု အကြိမ်ကြိမ်ပြောခဲ့သည်။ နောက်တနေရာမှာပြောသည်မှာ “လူတန်းစားတွေကွဲနေသမျှကာလပတ်လုံး အားလုံးအတွက်ကောင်းမယ့် ဒီမိုကရေစီ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် အစိုးရက လူများစုဆင်းရဲသားတွေကိုပင်းတဲ့ ဒီမိုကရေစီမျိုးဖြစ်ရမယ်။” ဟုပြောခဲ့သည်။ “အနောက်တိုင်းဒီမိုကရေစီလို အရင်းရှင်လူတန်းစားတဦးတည်းကသာကြိုးကိုင်တဲ့ ဒီမိုကရေစီမျိုးမဟုတ်ဘဲ လူများစုဖြစ်တအလုပ်သမား၊ လယ်သမား၊ လူလတ်တန်းစားများအခြေခံပြီး အမျိုးသားအရင်းရှင်များပါ ပါဝင်တဲ့တပ်ပေါင်းစုဒီမိုကရေစီမျိုးလိုတယ်” ဟုလည်း တနေရာမှာ ဆိုခဲ့ပါသည်။ “ဂျပန်ပြည်မှာလို စစ်ဘက်ကလက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့စစ်အာဏာရှင်ဝါဒမျမရှိအောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်ကအုပ်စိုးနိုင်ခွင့်ရှိရမယ်။ နောက်လွတ်လပ်စွာပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စီတန်းလမ်းလျှောက်ခွင့်များရှိရမယ်” ဟုလည်း တကြိမ်မက ပြောဖူးပါသည်။ နောက် ဂျပန်မှာစစ်ဝါဒလွှမ်းလို့ အာရှတိုက်ကြီးနှင့် သူ့တိုင်းသူပြည်သားလူထုကြီးပါ ထိခိုက်နစ်နာရပုံ တွေလည်း မကြာခဏပြောခဲ့ပါသည်။

ဗိုလ်ချုပ်သည် ဒီမိုကရေစီလုပ်ငန်းကို အကောင်အထည်ဖော် မသွားနိုင်ခဲ့၊ အဓိကအားဖြင့် မိန့်ခွန်းများလောက်သာ ထားသွားနိုင်ခဲ့သည်။ သို့သော် ၁၉၄၆ - ၄၇ ခုနှစ်များအတွင်း တစိတ်တပိုင်းအာဏာအတွင်း ခေတ္တ-လပိုင်းမျှ အာဏာကိုင်သွားရစဉ် သူ၏ဒီမိုကရေစီလုပ်ဟန်များ အများကြီးကို ကျနော်တို့တွေ့ခဲ့ရပါသည်။ ပထမ မှာ သူ့ကိုပုဂ္ဂိုလ်ရေးအရပါ ပြင်းထန်စွာတိုက်ခိုက်နေသော သခင်စိုး၏အလံနီကွန်မြူနစ်ပါတီ မတရားသင်းကြေညာခံထားရမှုကို သူ့ဘုရင်ခံအမှုဆောင်အစိုးရအဖွဲ့ထဲ ၁၉၄၆ အောက်တိုဘာလလောက်ကဝင်ပြီးနောက် နိုဝင်ဘာ - ဒီဇင်ဘာလောက်တွင် တရားဝင်အသင်း အခွင့်အရေးများ ချက်ချင်းပြန်ပေးသည်။ ထိုကာလအတောအတွင်းမှာလည်း စစ်ပြီးနောက် ထုတ်ထားသော ကာကွယ်ရေးဥပဒေများရုပ်သိမ်းပေးခဲ့သည်။ ပြီးနောက် စစ်ကြီးအတွင်းက ဖြစ်ခဲ့သောအမှုမှုများကို ပလပ်ပစ်ရန် ဥပဒေ ပြုခဲ့သည်။ တိုင်းပြည်တွင်း ဆူပူထကြွမှုများကို လွတ်ငြိမ်းချမ်းသာခွင့်များကြေညာခဲ့သည်။

ဗိုလ်ချုပ်၏ မြင့်မားသောဒီမိုကရေစီစိတ်ဓာတ်ကို ကျနော်တို့အားလုံး မြင်တွေ့နိုင်သည့် ထင်ရှားသောတချက်မှာ ဖက်ဆစ်တော်လှန်ရေးအပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားပြီးနောက် ၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်အတွက် ကန္ဒီစာချုပ် ချုပ်ပြီးသည့်နောက်တွင် သူ့အနေဖြင့် တိုင်းပြည်အကျိုးကို စစ်သားဘဝထက် နိုင်ငံရေးဘက် ပိုလိုအပ်မည်ထင်ပြီး နိုင်ငံရေးဘက်သို့ ကူးပြောင်းသွားသည့်အခါ သူဖွဲ့စည်းတည် ထောင်ခဲ့သည့်တပ်မတော်အပေါ် သံယောဇဉ်နှင့် တပ်ကောင်းရေးစေတနာတွေသာရှိပြီး စစ်တပ်၏အခွင့်အရေအရှိန်အဝါများကို သူ့နိုင်ငံရေး အတွင်း ဆွဲယူအသုံးချခြင်းမရှိ သန့်သန့်ရှင်းရှင်းနှင့်ရိုးသားစွာ နိုင်ငံရေးဘက်သို့ကူးပြောင်းသွားခြင်းကို မြင်တွေ့နိုင်ပေသည်။
အထက်ဖော်ပြပါ အချက်အချို့များကပင် ဗိုလ်ချုပ်၏ ဒီမိုကရေစီစိတ်ဓာတ် အဘယ်မျှရင့်သန်ခိုင်မာနေသည်ကို ပြဆိုနေပေသည်။ ထို့ကြောင့် ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုးအောက်တွင် ကွန်မြူနစ်တွေကိုဒီမိုကရေစီမပေးဘဲ ဥပဒေပြင်ပ တောတွင်းတွန်းပို့မည့်လုပ်ရပ်များကို ကြည့်နေမည် မဟုတ်၊ မုချပင် ဖယ်ရှားပစ်မည်ဆိုသည်ကို အားလုံးသိမြင်နိုင်ပါသည်။ ဤသည်မှာ ကွန်မြူနစ်များ တောတွင်းမရောက်အောင် မုချကာကွယ် ဖယ်ရှားမည့် ဒုတိယအကြောင်း ဖြစ်ပါသည်။
           
တတိယအကြောင်းတချက်လည်း ကျနော့်စိတ်တွင် ရှိနေပါသေးသည်။ ထိုအကြောင်းမှာ (CPB) ပါတီသည် သူကိုတိုင်ဦးဆောင်ပြီး ၁၉၃၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့တွင် စတင်တည်ထောင်ပေးခဲ့သော ပါတီဖြစ်သည်။ သံယောဇဉ် တစုံတရာရှိနေနိုင်မှာကိုလည်း ကျနော်တို့ သိမြင်နိုင်သည်။ နောက် ဗိုလ်ချုပ်သည် ကွန်မြူနစ်ဝါဒနှင့်ကွန်မြူနစ်ပါတီအပေါ် ရန်သူကဲ့သို့ ဘယ်တုန်းကမှသဘောမထားခဲ့၊ ထိုသို့ သဘော မထားရုံမျှမက အနာဂတ် ဗမာ့တော်လှန်ရေးနှင့်တည်ဆောက်ရေးတွင် ကောင်းမွန်ဖို့နှင့်စည်းလုံးညီညွတ်ကြရန်အတွက် လူငယ်လက်ဝဲသမား အချင်းချင်းစည်းလုံးညီညွတ်ကြရန် မကြာခဏပြောခဲ့ပေသည်။ ကျဆုံးခါနီး ဇူလိုင် (၁၃)ရက်နေ့က ထပ်ပြီးပြောခဲ့ပါသေးသည်။ ထိုကာလ တော်လှန်ရေး၏အခြေခံအင်အားဖြစ်သော လက်ဝဲသုံးပါတီ CPB- ဆိုရှယ်လစ်ပါတီ- ပြည်သူ့ရဲသော်ပါတီတို့ကိုညီညွတ်စေရန် ကိုယ်တိုင် ရင်ကြားစေ့အားထုတ်ပေးခဲ့သည်။ ဆက်ပြီး အားထုတ်မှာလည်း ဖြစ်ပါသည်။ ဤသည်တို့မှာ ဗိုလ်ချုပ်၏ ကွန်မြူနစ်များအပေါ် သံယောဇဉ်ရှိ ခြင်း၊ တိုင်းပြည်ကောင်းမွန်ရေးအတွက် များစွာအားထားမျှော်လင်းခြင်း စသည့် ဗိုလ်ချုပ်၏စိတ်ဓာတ်ဆန္ဒကို ပြခြင်းဖြစ်သည်။ ထို့ကြောင့် သူလုပ်ကြံခံရသည့်အကြောင်းရင်းတရပ်မှာ ကွန်မြူနစ်များနှင့် ပြန်ပေါင်းစည်းနိုင်သောအကြောင်းရှိသည်ဟူသော အချက်ကြောင့်တကြောင်း ဖြစ်ခဲ့ရသည် မဟုတ်ပါလော။

Thursday, April 16, 2015

ပန်ဆန်းကျခေါ်မယ့်ငြိမ်းချမ်းရေးအဖြေ ဘာလဲ (တူမောင်ညို)

0 comments
ပန်ဆန်းက ခေါ်မယ့် ငြိမ်းချမ်းရေးအဖြေ ဘာလဲ(တူမောင်ညို)
လာမည့်မေလ ၁ ရက်မှ ၃ ရက်နေ့ အထိ ‘ဝ’ဌာနချုပ်၊ ပန်ဆန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစည်းအဝေး ကျင်းပ ကြလိမ့်မယ်လို့ မီဒီယာသတင်းများမှတဆင့် သိရပါတယ်။ အဖွဲ့အစည်းပေါင်းစုံတက်ရောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ဦးတည်ချက်ထားကာ အတွေ့အကြုံနဲ့သဘောထားအမြင်တွေ ဖလှယ်ကြမယ်ဆိုတာကိစ္စကောင်းပဲ။ ဒါပေမယ့် တဆက်တည်းကြားရတဲ့သတင်းက စစ်တပိုင်းအစိုးရက “ဟိုအဖွဲ့မဖိတ်ရဘူး”ဆိုတဲ့ တားမြစ်တဲ့စကား ဖြစ်ပါတယ်။ ဒီစကားက ငြိမ်းချမ်းရေးမလိုလားတဲ့စကားပဲ။ ကပျက်ယပျက်လုပ်တဲ့ စကားပဲ၊ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တဲ့ သဘောထားနဲ့အပြုအမူပဲဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအဓိကထားပြီးဆွေးနွေးကြမယ်လို့ဆိုတော့ “ပြည်တွင်းငြိမ်းချမ်းနေရေး”
နဲ့ခွဲမရတဲ့ “ပြည်တွင်းစစ်ရပ် စဲရေး”ဆိုတဲ့ကိစ္စကို အတွေးကရောက်သွားပြန်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေးကိစ္စရောက်သွားပြန်တော့အတွေးက ရပ်တန့်မနေပါဘူး။ ပြည်တွင်းစစ်ရဲ့အဆက်ဖြစ်တဲ့ “ပြည်တွင်းနိုင်ငံရေးကိစ္စ”အထိ ခရီးပေါက်သွားပါတယ်။

ပြည်တွင်းနိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ 
တကယ့်ပြည်တွင်းငြိမ်းချမ်းရေး၊ ရေရှည်အာမခံချက်ရှိတဲ့ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်တန်းဦးတည်ချက်ထားတယ်ဆိုရင် ပြည်တွင်းနိုင်ငံရေးကိစ္စကို သဘောထားမှန်ကန်စွာနဲ့ အပေးအယူရှိရှိကိုင်တွယ်ဖြေရှင်းကြရမှာပေါ့။

လက်ရှိမှာတော့ စစ်တပိုင်းအစိုးရက “၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်/တည်ဆဲဥပဒေများကို နာခံဆိုတဲ့လမ်း” ပဲ ‘ဟ’ ပေးထားတယ်။ ဒီလမ်းက အညံ့ခံရေးလမ်းပဲ။ လက်နက်ချရေးလမ်းပဲဖြစ်နေ ပါတယ်။ ဒီဘောင်ထဲဝင်ပြီး ဒီဥပဒေတွေကို နာခံကြတဲ့သူတွေဟာ အဆုံးမှာအညံ့ခံကြရတာပဲ၊ လက်နက်ချကြရတာပဲဖြစ်ပါတယ်။“၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်/တည်ဆဲဥပဒေများကို နာခံဆိုတဲ့ လမ်း”လျှောက်လှမ်ခဲ့ကြတဲ့အခါ နိုင်ငံရေးပါတီဆိုရင်“နာခံရေးပါတီ”ဖြစ်သွားရပြီး၊ လက်နက်စွန့် လိုက်တဲ့အဖွဲ့အစည်းကတော့ အသံလည်းပျောက်၊ အဖွဲ့အစည်းလည်း တစစီပြိုကွဲပျက်စီးရတဲ့ဘဝ ကျရောက်သွားတာချည်းပဲဖြစ်ပါတယ်။

“စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ”စနစ်ကို ကျနော်တို့ပြည်သူတွေက တူးတူးခါးခါးမုန်းတီးရွံရှာပါတယ်။ အသွင်သဏ္ဌာန်အရရော အနှစ်သာရအရပါ လက်မခံပါ။ ဘာကြောင့်လဲ။ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတာ အပေါ်ယံအသွင်သဏ္ဌာန်အရ ဒီမိုကရေစီအရေခြုံထားတာဖြစ်ပြီး၊ အနှစ်သာရက စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယားနဲ့ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ဖြစ်နေလို့ ပါပဲ။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ခွင့်ပေးထားတာပဲမဟုတ်ဘူးလား။ ဟုတ်ပါတယ်။ သူတို့ပေးထားတဲ့ပြင်ဆင်ခွင့်က အပေါ်ယံအသွင်သဏ္ဌာန်အရ ပြင်ဆင်ခွင့်သာဖြစ်ပါတယ်။ စစ်အုပ်စုက စစ်တပ်နဲ့၊ တိုင်းပြည်ဘဏ္ဍာနဲ့ဓနဥစ္စာတွေအပေါ် ထင်သလိုလက်ဝါးကြီးအုပ် ချုပ်ကိုင်ချယ်လှယ်ခွင့် 
ပြုထားတဲ့အနှစ်သာကိုတော့ တို့ခွင့်၊ ထိခွင့်ပင်မရှိပါ။

ဒါကြောင့်ပြင်ဆင်ရေးသမားတွေ ပြင်ဆင်ခွင့်ရရှိခဲ့မယ်ဆိုရင်လည်း စစ်အာဏာရှင်စနစ်ကို အပေါ်ယံအသွင်သဏ္ဌာန်ကို ပြင်ဆင်ကြရတာပဲဖြစ်ပါလိမ့်မယ်။ အပေါ်ယံအသွင်သဏ္ဌာန်ကိုပြင်ဆင်တယ်ဆိုတာ လိမ်ညာဖုံးကွယ်မှုသာဖြစ်ပြီး၊ လက်တွေ့ အကျိုးသက်ရောက်မှုကတော့ စစ်အုပ်စုအကျိုးစီးပွားကို ကာယကံမြောက် အကာအကွယ်ပေးတာ ပဲဖြစ်ပါတယ်။ ဒါကြောင့် ပြင်ဆင်ရေးဟာ အရာမရောက်နိုင်တဲ့အပြင် စစ်အာဏာရှင်စနစ်ရဲ့အဆွယ်အပွား၊ အလုပ်အကျွေးဘဝသို့ သက်ဆင်းကျရောက်သွားစေမယ့်လမ်းပဲဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုတဲ့အသံတွေနဲ့ ဒီပြင်ဆင်ရေးလမ်းပေါ်မှာလျှောက်နေခဲ့တဲ့(NLD) ပါတီရဲ့အနေအထားကိုပဲကြည့်ပါ။

 အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၄ ပွင့်ဆိုင်တောင်းဆိုခဲ့သော်လည်း၊ ၄ ပွင့်ကို ၆ ပွင့်၊ ၁၂ ပွင့်၊ ၄၈ ပွင့်စသဖြင့် သရုပ်ဖျက်တာခံရတဲ့အပြင်၊ ၄ပွင့်ဆိုင်တောင်းဆိုတဲ့ဦးတည်ချက်ထဲ သူ့တို့လုပ်ငန်းစဉ်တွေ (လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊၂၀၁၅ရွေးကောက်ပွဲ) သွတ်သွင်းတာ ခံနေရပါတယ်။ “ပါတီအရေး၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းအရေးထက် အမျိုးသားရေးဦးစားပေးကြမယ်”လို့ အသံကောင်းဟစ်တာကို ကြားနေကြုံနေကြပြီ မဟုတ်ပါလား။
သို့ပါ၍ ပြင်ဆင်ရေးလမ်းမပေါ်မှာ (NLD)ပါတီဟာ ရှေ့ခရီး မဆက်နိုင်ဘဲ၊ စစ်အုပ်စုလက်ထဲမှာ အထုခံရတဲ့ကြေးစည်ကလေးပမာ အသံမြည်ရုံပဲ မြည်နေရရှာပြီး ချာချာလည်နေရပါတော့တယ်။  

“လမ်းမပေါ်ထွက်ဆန္ဒပြတာ ခေတ်ကုန်သွားပြီ”ဆိုတဲ့ မှိုင်းတိုက်မှုကိုလည်း အတိုက်အခံဆိုသူအချို့နဲ့ အတူပေါင်းပြီး စစ်တပိုင်းအစိုးရက ဘယ်လိုပင် လှည့်စားခဲ့ပေမယ့် လက်ပံတောင်း၊ လှိုင်သာယာ၊ လက်ပံတန်း၊ မိကျောင်းကန် စတဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားသပိတ်ဆန္ဒပြမှုများက လမ်းမပေါ်ထွက်ဆန္ဒပြတာ ခေတ်မကုန်သေးကြောင်း လျှမ်းလျှမ်းတောက်နေဆဲဖြစ်ကြောင်း သက်သေပြသခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကပင် “ရွေးကောက်ပွဲသပိတ်မှောက်ရေး ကို ရွေးလမ်းတစ်ခုအဖြစ်”ပစ်ပယ်မထားကြောင်း ထုတ်ဖော်ပြောဆိုလာရသည်မှာ လမ်းမပေါ်တိုက်ပွဲခေတ် မကုန်သေးကြောင်း သက်သေခံနေတာပဲဖြစ်ပါတယ်။

လမ်းမပေါ်ထွက်ဆန္ဒပြတာ ခေတ်ကုန်သွားပြီလို့ဆိုသလို၊ သေနတ်ကိုင်ပြီးတောင်းဆိုတာလည်း
ခေတ်ကုန်သွားပြီလို့ ကာချုပ်က ပြောနေပါတယ်။ ဒီလိုပြောတာဟာ ဗြောင်လိမ်ညာမှုဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် အာဏာကို သေနတ်နဲ့ယူခဲ့ကြပြီး၊ သိမ်းယူထားတဲ့အာဏာကိုသေနတ်နဲ့ပဲ ထိန်းသိမ်းကာကွယ်ခဲ့ကြတာ မဟုတ်ပါလား။ ၂၀၀၈အခြေခံဥပဒေကို သေနတ်နဲ့ထောက်ပြီး စိတ်ကြိုက်ရေးခဲ့ကြသလို၊ သေနတ်နဲ့ထောက်ပြီး အတည်ပြုခဲ့ကြတာပဲ မဟုတ်ပါလား။

စစ်တပ်က အစဉ်အမြဲစွဲကိုင်ထားမယ်လို့ပြောနေတဲ့ “ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့မူဝါဒ (၆)” အနက် အချက်အမှတ် ၅ နဲ့ ၆ ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို လက်နက်ချ အညံ့ခံခိုင်းတာဖြစ်ပြီး၊ ဒီရပ်တည်ချက်ဒီသဘောထားတွေကို အသေကိုင်စွဲနေသမျှ ကာလပတ်လုံး နိုင်ငံရေးပြဿနာ ဖြေရှင်းပြေလည်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ဒီမူဝါဒတွေကို တင်းတင်းမာမာဆုပ်ကိုင်ထားတဲ့အတွက် လက်တွေ့မှာလည်း ဘယ်အဖွဲ့အစည်း နဲ့မှပြေလည်မှု မရခဲ့ပါဘူး။

ဒီတော့ အတိုက်အခံနိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေပဲဖြစ်ဖြစ် နိုင်ငံရေးပြဿနာ အသေ အချာအဖြေရှာဖို့ ကြိုးပမ်းပြီဆိုတာ “၂၀၀၈ အခြေခံ ဥပဒေဘောင်ထဲဝင်ရေး - တည်ဆဲဥပဒေများလိုက်နာရေး”ဆိုတဲ့ အတားအဆီး အနှောင့်အယှက်ကို ဘယ်လိုမှ လွှဲရှောင်ခြင်းမပြုနိုင်ပဲ ထိပ်တိုက်ရင်ဆိုင်ကြရတော့တာပါပဲ။ ဒီအတားအဆီး၊ ဒီခလုပ်ကန်သင်းကို တစိတ်တဝမ်းတည်း၊ တသွေးတသံတည်း ချမှတ်ထားကြသူတွေဟာ “သမ္မတ(ဗိုလ်)ဦးသိန်းစိန်စစ်တပိုင်းအစိုးရ၊ လွှတ်တော်နဲ့တပ်မတော်တို့” ပဲဖြစ်ပါတယ်။
ဒီအတားအဆီးကို ဘယ်လိုကျော်လွှားနိုင်ကြမလဲဆိုတဲ့နည်းလမ်းကို ပန်းဆန်းအစည်းအဝေးက ရှာဖွေနိုင်ပါစေ။ 
(၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်)

Monday, April 13, 2015

၂ဝ၁၅ မတ်နဲ့ဧပြီထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မတ်နဲ့ဧပြီထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)
လူ၊ နိုင်ငံရေး၊ နိုင်ငံရေးလူ) ဧပြီ ၈၊ ၂ဝ၁၅။
မိတ်ဆွေတချို့ ကျနော်ပြောတာတွေနားထောင်ပြီး ရေးတာတွေဖတ်ပြီး စိတ်မကောင်းဖြစ်ရ စိတ်ထိခိုက်ရ ဒေါသထွက်ရ ခံပြင်းရဖြစ်တယ်ဆိုတော့ ကျနော်လည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် မတတ်နိုင်ဘူးဗျာ။
ရေးတယ်ပြောတယ်ဆိုတာ စိတ်ထဲအတွေးထဲ နှလုံးသားထဲရှိတာတွေ အပြင်ကို အံကျလျှံကျ ဖိတ်ကျလာတာမျိုးမဟုတ်လား။ စိတ်ကူးယဉ်အချစ်ဇာတ်လေးတွေလို လုပ်ကြံဖန်တီးရေးလို့မှ မရတာကိုး။ ဘယ်သူ့မှ မထိခိုက်အောင် ရေးလို့ပြောလို့မှ မရပဲကိုး။ တခါတလေ မသိမသာ သွယ်သွယ်ဝိုက်ဝိုက် ဆောင်းပါးရိပ်ခြေ၊ တခါတလေလည်း တဲ့တိုးပေါ့ဗျာ။ တခါတလေများ တမင့်ကို ရည်ရွယ်ချက်ရှိရှိ မထိခိုက် ထိခိုက်အောင် ရေးရပြောရတာတောင် ရှိပါတယ်။ ဘယ်သူ့မှ မထိခိုက်အောင် နေပါထိုင်ပါ ရေးပါပြောပါဆိုရင် နည်းနိဿယလေးများလည်း ပြောပြစေချင်ပါတယ်။
လူတယောက်ယောက်ရှေ့မှာ သူနဲ့မသင့်မြတ်သူကိုချီးမွမ်းမိတယ်ဆို၊ ကိုယ့်မယားရှေ့ထားပြီး သူများမယားကောင်းကြောင်းပြောတယ်ဆို ချီးမွမ်းတာမှန်ပေမယ့် ကောင်းကြောင်းပြောတာ မှန်ပေမယ့် တဘက်သားမှာတော့ စိတ်ထိခိုက်ရမှာပါပဲ။ ဘယ်သူ့မှ မထိခိုက်စေချင်ရင် တေမိလို ကျင့်ရမယ့်ကိန်းပဲ။ ကျနော် မကျင့်နိုင်ပါ။ အဲ့သလောက်လည်း ပါရမီ မရင့်သန်ပါ။
နောက်တခုတွေးစရာက သူပြောသူခံ သူလုပ်သူစံ ခံပေ့စံပေ့စေ စိတ်ထားမျိုးပါ။ သခင်ယေရှုပြောသလို သင့်နှလုံးသားတွင်းရှိတဲ့အရာများသာ သင့်ပါးစပ်က ထွက်တယ်ဆိုတာရယ်၊ သင့်ပါးစပ်တွင်းဝင်သွားသည့်အရာကြောင့် သင့်နှလုံးဝိဉာဉ်ကို မညစ်ညူးစေပဲ၊ သင့်ပါးစပ်ကထွက်သည့်အရာကသာ သင့်ဝိဉာဉ်ကို ညစ်ညူးစေနိုင်တယ်ဆိုတာရယ်ကို နှလုံးသွင်းဖို့ပါ။ ကျနော့်နှလုံးသားထဲကအရာတွေ ကျနော့်ပါးစပ်ကထွက်လာလို့ ညစ်ညူးခြင်းညူး ကျနော်ပဲညစ်ညူး ပါရစေ။ မိတ်ဆွေတို့ကို ကျနော့်အညစ်ညူး မကူးစက်နိုင်ပါ။ အကူးအစက်လည်း မခံစေ့ချင်ပါ။
နောက်ဆုံးတချက်က လူပုဂ္ဂိုလ်နဲ့ဆိုင်ပါတယ်။ နိုင်ငံရေးဆိုတာ လူပုဂ္ဂိုလ်ကင်းမရတဲ့ကိစ္စပါ။ နိုင်ငံရေးပြောတဲ့အခါ “နိုင်ငံရေးလူ”အကြောင်းပြောရပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရေးလူရဲ့ နိုင်ငံရေးရပ်ခံချက်၊ အတွေးအခေါ်၊ လုပ်ပုံလုပ်နည်း စတာတွေပြောရပါတယ်။ ပြောတဲ့နေရာမှာလည်း နိုင်ငံရေးအရ အတည်အခန့်ပြောရတာမျိုးရှိသလို သရော်စာဆန်ဆန် ပြောရတာမျိုးတွေအပြင် အခြားသဏ္ဍန်ပေါင်းစုံနဲ့ပြောရပါတယ်။ မိမိပေါ်လွင်စေချင်တာကို ဘယ်သဏ္ဍန်က အဖော်ပြနိုင်ဆုံးဖြစ်မလဲ၊ ဘယ်ပုံစံက အထိမိဆုံး သယ်ဆောင်ပေးနိုင်မလဲရွေးချယ်ရတာက ပြောသူရဲ့ပညာသမ္ဘာနဲ့ အချိန်အဆကိစ္စဖြစ်ပါတယ်။
သု့မှာ ပြောခွင့်ရှိသလို သူနှစ်သက်တဲ့ ကောင်းမယ်ထင်တဲ့သဏ္ဍာန် ရွေးချယ်ပြောလို့ရပါတယ်။ ဒါကို ဟိုလူ့မပြောနဲ့ ဒီလူ့မပြောနဲ့ ဟိုလိုမပြောနဲ့ ဒီလိုမပြောနဲ့ဆိုရင် တရားပါ့မလား။ မှန်ကန်မျှတတဲ့ စိတ်နေစိတ်ထား ဟုတ်ပါ့မလားလည်း မိမိဘာသာ ဆင်ခြင်တွေးဆဖို့ပါ။ ကိုယ်လေးစားကြည်ညိုသူကို၊ ကိုယ်ယုံကြည်ရာတရားကို လာထိပါးတယ်ဆို မပြောနဲ့မရေးနဲ့လို့ သူ့သွားပြီး ပိတ်ပင်တာထက် ပြန်လှန်ချေပတာ ချေဖျက်တာတွေက ပိုကောင်းတယ် မဟုတ်လား။ ပိုထိရောက်တယ် မဟုတ်လား။ ပိတ်ပင်တယ်ဆိုတာလည်း တကယ့်လူ့သမိုင်းလက်တွေ့မှာ နိုင်ငံရေးလက်တွေ့မှာ ရရိုးရှိလို့လား။
နိုင်ငံရေးသမားရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ မိသားစုကိစ္စတွေ လူမှုဆိုင်ရာအတွင်းရေးတွေ ငွေကြေးအရှုပ်အရှင်းတွေ စတာမျိုးတွေလည်း(ပြောချင်ရင်)ပြောလို့ရပါတယ်။ ပြောသူတွေလည်း ပြောကြပါတယ်။ သူ့ပရိသတ်နဲ့သူ ရှိကြပါတယ်။ အဲ့သလို ပြောချင်ဆိုချင်လို့မှ ကျနော်တို့ ဒီမိုကရေစီအတွက် လွတ်လပ်မှုအတွက် ထွက် တိုက်လှန်ခဲ့ကြတာမဟုတ်လား။
ပြောပါစေ၊ ရေးပါစေ၊ လွတ်လပ်ပါစေ။ ကိုယ်လည်း ပြောပါ။ ရေးပါ။ လွတ်လပ်ပါ။ လိုအပ်တိုင်း နှစ်သက်ရာသဏ္ဍန်နဲ့ တုံ့ပြန်ပါ။ ချေဖျက်ပါ။ ဖွင့်ချပါ။ တိုက်လှန်ပါ။
သိတ်လိုအပ်လာရင် စစ်တောင်တိုက်ကြရသေးတာပဲမဟုတ်လား။ ပြီးမှသာ ငြိမ်းချမ်းရေးပြန်ခေါ်ကာမှ ခေါ်ရောပေါ့။

(အမေလည်း မမှတ်မိတော့ဘူး) ဧပြီ ၈၊ ၂ဝ၁၅။
ဂျိုးဖြူဆိုတာ ၁၉၈ဝ တဝိုက်လောက်က ဝင်းဦးနဲ့တူတယ်ဆိုပြီး နံမည်ကြီးခဲ့ဖူးတဲ့ ဇာတ်မင်းသားပေါ့ဗျာ။ သူ့ပြဇာတ်တွေက အတည်အခန့်ထက် ပြောင်ချော်ချော်တွေက ပိုကဲတယ်ထင်တာပဲ။ ကျနော်လည်း အများကြီးမကြည့်ဖူးဘူး။ ဇာတ်ကြီးတွေထက် အငြိမ့်ကိုပိုကြိုက်တာပါသလို
ဇာတ်မင်းသားလေးတွေ ပွဲကြိုက်ခင်တွေနဲ့ ပလစေ့ချောက်ချက်တွေပြော ပလူးပလဲတွေလုပ်တာလည်း အမြင်ကပ်တာပါသပေါ့။ အဲ့ အငြိမ့်ကြတော့ မင်းသမီးလေးက စင်ပေါ်ကနေ ပွဲခင်းထဲက သူ့ရည်းစားရှာသလိုလို ကြာမူပိုပိုနဲ့ ခရာတာတာအသံလေးနဲ့ ကိုကို မောင်မောင်များခေါ်လိုက်ရင် ကိုယ့် ခေါ်တယ်မှတ်ပြီး စင်အောက်ထောင့်ကနေ လက်ထောင်ပြရ ထူးရတာတော့အမော။ ကြိုက်လည်း လွှတ်ကြိုက်တာတော့ ဝန်ခံတယ်။ ထားပါတော့ ပြောရင်းချော်သွားမစိုးလို့။
ဒီလိုဗျာ။ ကျနော် အဲ့ဒီဂျိုးဖြူဇာတ်ပွဲ တခါလားကြည့်ဖူးတယ်။ ပြဇာတ်အမည်က"လူမိုက်ကကျနော် အဖော်ကအင်္ဂုလိမာလ"လို့မှတ်မိနေတယ်။ ထုံးစံအတိုင်း ဇာတ်ဆောင်မင်းသားက ဂျိုးဖြူ။
ဇာတ်လမ်းဖွင့်ဖွင့်ချင်း အသက် ၅ဝ လောက် အဒေါ်ကြီးတယောက်က ပရိသတ်ကို ဘေးတိုက်အနေအထားနဲ့ရပ်ပြီး မျက်နှာခတ်မော့မော့နဲ့ တခုခုကိုမျှော်ငေးရီဝေ ဆွေးလျနွမ်းနယ်နေဟန်ရပ်နေတယ်။ ဘာစကားမှမပြောဘူး။ နောက်ခံကားလိပ်ကြီးအရောင်တွေကလည်း ခတ်မှုန်မှုန်မှိုင်းမှိုင်းနဲ့ မီးရောင်ကလည်းခတ်ဖျော့ဖျော့လေး။ တီးလုံးလေးတွေကလည်း ဆွေးချင်တွေးချင်ငေးချင့်စရာ အသွားလေးတွေနဲ့။ အဲ့ဒါကို ၁ မိနစ်လောက်ပြထားတယ်။
ပရိသတ်ကလည်း ငြိမ်လို့။
စင်ပေါ်ကအမျိုးသမီးကြီးလို တွေးလို့ငေးလို့ရီဝေလို့။
အပ်ကျသံတောင်
ကြားလောက်တယ်ဆိုတာ ဒါမျိုးနေမှာပဲ။
အဲ့ဒီနောက်တော့ စင်ထောင့်တနေရာကနေ မင်းသားဂျိုးဖြူပေါ်လာတယ်။ တီးလုံးတွေ မီးရောင်တွေ နောက်ခံကားလိပ်တွေ ရုတ်ချည်းပြောင်းသွားတယ်။ ပရိသတ်လည်း လှုပ်လှုပ်ရွရွဖြစ်လာတယ်။ မင်းသားက ဝင်းဦးလို စပို့တ်ရှပ်ကျပ်ကျပ် ဘောင်းဘီအဖြူလေးနဲ့ထင်တာပဲ။ မင်းသားက ခုန ငေးရီနေတဲ့ အမျိုးသမီးကြီးဆီ မပြေးရုံတမယ်လေးလာ ဒူးထောက်ထိုင်ချလိုက်ပြီး အမျိုးသမီးကြီးလက်၂ဘက်ကို ဆုပ်ကိုင်ရမ်းရင်း ပါးနဲ့အပ်ရင်း တကယ့်ကို ဝမ်းသာအဲလဲ လှိုက်လှဲတဲ့အသံနဲ့ "အမေ"လို့ ရင်ခေါင်းသံအပြည့်နဲ့ခေါ်လိုက်တယ်။
အမေက ငေးနေရာက မင်းသားဘက် တဖြည်းဖြည်းချင်းလှည့်လာတယ်။ တီးလုံးနဲ့မီးရောင်တွေ ပြန်ပြောင်းသွားတယ်။ ပြန်ငြိမ်သွား ပြန်မှိုင်းသွားတယ်။ သားက "အမေ ဒီနေ့ သားရည်မှန်းချက်တွေပြည့်ပြီ။ မေမေဖြစ်စေ့ချင်တဲ့အတိုင်း သားဖြစ်ခဲ့ပြီ မေမေ။
ဒီတော့ သားကို ကတိပေးထားတဲ့အတိုင်း မေမေ့ဘက်က ကတိတည်ရမယ့်နေ့ပဲ။ သားဘက်ကတော့ တာဝန်ကျေပြီ။ ကတိလည်းတည်ပြီ။ မေမေဖြစ်စေ့ချင်တဲ့အတိုင်းလည်း ဖြစ်ခဲ့ပြီ။ မေမေ့ဆန္ဒတွေ သားဖြည့်နိုင်တဲ့တနေ့ကျရင် သားဖေဖေဘယ်သူလဲဆိုတာ ပြောမယ်လို့ ကတိပေးထားတဲ့အတိုင်း ပြောပါတော့မေမေ။ သားသိချင်လှပြီ သား ဖေဖေ ဘယ်သူလဲဟင်"လို့ တကယ့်ကိုသိချင်ဇောနဲ့ မောကြီးပမ်းကြီး ကရားရေလွှတ်ပြောမေး မေးတော့တာပဲ။
တီးလုံးနဲ့ မီးရောင်တွေ ပိုပြီး တိုးတိတ်မှိန်ဖျော့သွားတယ်။ ပရိသတ်လည်း ပိုပြီးငြိမ်ကျသွားတယ်။
အမေက သားလေး ပခုံး၂ဖက်ကို ခတ်ဖွဖွယုယုယယလေးကိုင်ပြီး ဆွဲထူမပေးတယ်။ ပြီးတော့မှ သားလေးမျက်ဝန်းအစုံကိုတည့်တည့်ကြည့်ပြီး "မေမေလည်း မမှတ်မိတော့ပါဘူး သားရယ်"တဲ့။ ဒီတင် ပရိသတ်လည်း ဝါးလုံးကွဲတော့တာပဲ။
ရုံတောင် ပွင့်ထွက်သွားမလားမှတ်ရတယ် ရီသံတွေ တဝေါဝေါနဲ့။
ပတ်တုတ်လို့တောင် မရဘူးမှတ်တာပဲ။
ခုလည်း အပွင့်တွေဆိုင်ကြပြန်ပြီ။ သွေးဆောင်တိုင်း သွားရင်းသွားရင်း၊ ခေါ်တိုင်း လိုက်ရင်းလိုက်ရင်းနဲ့ ကြာတော့ "ဘာတွေဆွေးနွေးခဲ့လဲအမေ ပြောပြပါတော့"ဆိုရင် အမေလည်းမမှတ်မိတော့ပါဘူးသားရယ်များ ဖြစ်နေပလားမပြောတတ်လေ။

(သွေးကျဲပွင့်များ) ဧပြီ ၇၊ ၂ဝ၁၅။
ဘယ်နှပွင့်လဲတော့မသိ အပွင့်တွေဆိုင်တော့ ဆိုင်ကြဦးမတဲ့။
အမေကတော့ မပွင့်တပွင့်နဲ့နေဦးမှာပဲတဲ့။
လူမျိုးရေးအစွန်းရောက် အကြမ်းဖက်ဝါဒီင်္ဒေါက်တာအေးမောင်နဲ့ အမေ့ကိုလှည့်ခွေပေးမတဲ့။
ဝီရသူလည်း ရန်ကုန်မြို့လည်ကောင်စင်ထိုးပြီး လူသတ်အမုန်းတရားတွေဟောဦးမတဲ့။
မွတ်စုတို့ မွတ်ဒေါင်းတို့လည်း ပါဦးမယ်ကြားသတဲ့။
ကျောင်းသားတွေလည်း ရုံးထုတ်နေသတဲ့။
ဟိုကျောင်းသားတွေတော့ သွေးခနခနအခွဲခံရပြီး သွေးကျဲကုန်သတဲ့။
ဒီတခါ သွေးခွဲတာ ကိုယ့်လူလို့ဆိုသူတွေတဲ့။
နိုင်ငံရေးအကျဉ်းသားလည်း ၅ ရာတောင်ကျော်နေပြီတဲ့။
ဆင်ခရုသင်းစွဲကိုလည်း စိုင်းမောက်ခမ်းအကြိုထောက်ရသတဲ့။
အမတ်ချုပ်ရွှေမန်းကတော့ သမ္မတက တပြားမှမလျှော့ဘူးတဲ့။
သေနတ်ချုပ်မင်းအောင်လှိုင်ကတော့ ပင်စင်ယူသက်တောင် ၃ နှစ်ဆိုလား တိုးလိုက်သတဲ့။
ယုံတော်မူကြီးကတော့ ရှင်နော်..လူညာကြီးဆိုပြီး နှုပ်ခမ်းလေးတထော်ထော် လက်ညှိုးလေးကရော်ကရော်နဲ့ ခနိုးခနဲ့အလုပ်ခံရလည်း ပြုံးစိစိလုပ်နေမှာတဲ့။
အကိုကြီးက အတည်ပါလို့ မပြောရင်ပဲတော်လှပြီ။

(ဆင်ကျွန်) ဧပြီ ၇၊ ၂ဝ၁၅။
ဦးသိန်းစိန် ဆင်ထိုးလို့သေတယ်ကြားတော့ လူတွေပျော်လိုက်ကြတာ။ နောက်မှ “မဟုတ်ဘူးဟ သေတဲ့ဦးသိန်းစိန်က ဆင်ထိန်းဦးသိန်းစိန်”လည်းဆိုရော ဝမ်းနည်းကြတာမှ ယူကြုံးမရနီးပါးပဲ။ နောက်တော့ “ဟယ်..ဒါဆို သမ္မတသိန်းစိန် ယတြာချေတာနေမယ်”ဆိုပြီး မှန်းကြပြန်တယ်။ မဟုတ်ဘူးလည်း ဘယ်သူ ကံသေကံမပြောနိုင်တုန်း။
လူမင်းဘုန်းကြီး နတ်မင်းမခံနိုင်ဆိုပြီး သန်းရွှေကြီးတောင် ယတြာချေတာဆိုပြီး သူ့မယားကြိုင်ကြိုင်နဲ့ ဓာတ်ရှင်မင်းသား လူမင်းကို ခနဟန်ပြညားခိုင်းပြီး ငပလီမှာဆိုလား ဟန်းနီးတောင်မွန်းခိုင်းသေးတယ်ဆိုပြီး အရပ်ထဲမှာပြောတာကြားတာပဲ။ ကောလဟလဆိုပေသိ တကယ်ဖြစ်နေတာတွေကနေ အခြေခံတာဆိုတော့ မပြေးသော်လည်းကန်ရာရှိရဲ့မဟုတ်လား။
ဆင်းထိန်းစိုင်းမောက်ခမ်းတို့ ဆင်ဦးစီးရွှေမန်းတို့ ပဲ့ချိတ်မင်းအောင်လှိုင်တို့လည်း ဘယ်တော့ ဆင်အနင်းခံရမယ်မပြောတတ်သေး။ ခုတော့ ဒုသမ္မတတာဝန်တွေထဲမှာ အဟိတ်တိရိစ္ဆာန်ကို သူ့ထက်မြတ်သူသဖွယ် ရွှေရည်ငွေရည်လောင်း အောင်သပြေနဲ့ အကြိုတော်ထောက်ရတာလည်းပါတယ်။

(သီလဝ အပြုံး) ဧပြီ ၆၊ ၂ဝ၁၅။
မရွယ်ပဲ စော်ကဲမင်းဖြစ်ကိုသိသူတွေ ရမည်းသင်းစား သီလဝကိုလည်း သိကြမှာပဲ။ ဒီလူဟာ စကားနည်းတယ်။ အပြုံးအရယ်လည်း မရှိသလောက်တဲ့။ တသက်မှာ ၃ ခါလားပြုံးဖူးသတဲ့။
ကြက်တိုက်ကပြန်အလာ သူ့မယားစောပုလဲက အပြေးအလွှားလာပြီး သူ့ခြေထောက်ကို ရွှေဖလားနဲ့ရေဆေးပေးတော့ ပြုံးတယ်တဲ့ “အင်း လဘ်ယူခိုင်းတော့မယ်”ဆိုပြီး။
နောက်တခါက ဘုန်းကြီးလူထွက်တယောက်က ခေါင်းပေါင်းပေါင်းကြီးနဲ့ ကျုံးထဲမှာရေငုတ်ပြီးချိုးတာကိုတွေ့တုန်းက “သြော် ဖြစ်မှဖြစ်ရလေ”ဆိုပြီး ပြုံးသတဲ့။
နောက်တခါက ကြက်ပွဲကောင်းနေတုန်း မယားကလာပြီး “တောင်ပေါ်ရှမ်းတွေ မြို့လာဝိုင်းနေကြပါရော၊ တော်က ဘာလုပ်နေသတုန်း”ပြောတော့ “သြော် ငါ့မယားနှယ် ဗျာပါကြီးရန်ကော”ဆိုပြီးပြုံးသတဲ့။
ခုလည်း ကြပ်ပြေးက စာဖတ်နေတဲ့သီလဝကြီးက သိန်းစိန်ကြည့်ပြီး “စော်ကဲတော့ ဘယ်သူ့မှမဖြစ်စေနဲ့ကွ”လို့ပြောပြီး ပြုံးနေဆိုပဲ။

(မသတီဆုံးစာရေးသူ) ဧပြီ ၆၊ ၂ဝ၁၅။
(ဦး)အောင်သင်းဟာ ကျနော် မသတီဆုံးစာရေးသူတွေထဲမှာ ပါ ပါတယ်။ စာဟောခြင်းအတတ်နဲ့ စကားပြောခြင်းအတတ်တွေကတော့ လက်ဖျားခါလောက်တာမှန်ပေမယ့် သူ သေတော့ “သြော် စာရေးသူတယောက် ကွယ်လွန်ပါပေါ့လား”ဆိုတာထက် ပို မနှမြောမိတာလည်း အမှန်ပါ။
ခုနေ “စာရေးဆရာကျော်ဝင်း”ဆိုသူ သေရင်တော့ ဘယ်လိုနေမယ်မပြောတတ်။
အဆိပ်ဆိုတာ သကြားအုပ်ကျွေးလည်း ဆေးခါးကြီးမှမဟုတ်တာလေ။

(အမတ်ဈေး) ဧပြီ ၅၊ ၂ဝ၁၅။
သိန်းစိန်က ”အပစ်အခတ်ရပ်ကိစ္စတွေ ငြိမ်းချမ်းရေးအကြောင်းပြ အလုပ်များချင်ယောင်ဆောင်ပြီး ရွေးကောက်ပွဲရွှေ့မယ်ဆိုမှ သပိတ်မှောက်တန်မှောက်တာပေါ့”လို့ပြောတာ။ အချိန်ဆိုင်းမယ် ရွှေ့ခဲ့မယ်ဆိုတာတောင် ဝင်ချင်ရင်ဝင်မှာပဲလို့ပြောတာ။
“မောင်အရင်လို မဟုတ်တော့ဘူး မဟုတ်တော့ပါဘူးကွယ်တို့” “လိမ်တယ်ညာတယ် လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ်”တို့ဆိုတာတွေကလည်း နိုင်ငံရေးအပျိုရည်ပျက်ရတာမှာ ကိုယ့်လော်လီမှုမပါပဲ တဖက်သားကအတင်းလာ နသားပါယားလုပ်လို့ သနားလို့ တခါလေးအလိုလိုက်ခဲ့ရသယောင် မှောက်မှားသွားစေနိုင်တာပဲ။
သေချာတာကတော့ အမတ်လောင်းဈေးကွက်လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတာပဲ။ ကြိုပွိုင့်သမားနဲ့ ပွဲစားတွေလက်မှာ အမတ်ပေါက်ဈေး နည်းနည်းငြိမ်သွားတယ်။ တချို့လည်း ဒါ ဂွင်ဟဆိုပြီး အောက်ဈေးနဲ့ ရသမျှသိမ်းနေသတဲ့။
ပြင်ပြင်မပြင်ပြင် ဝင်မယ်ဆိုတာ အလကားပြောထားတာမဟုတ်ဘူး။ သတိချပ်ကြဖို့ပါ။

(ဗကသကိုတိုက်တဲ့သူ) ဧပြီ ၄၊ ၂ဝ၁၅။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ကို တိုက်ခဲ့သူပေါင်း တိုက်ခဲ့ပေါင်းလည်းများလှပြီ။ တိုက်ခဲ့သူတို့သာ ဗမာ့နိုင်ငံရေးတစပြင်မှာ နိုင်ငံရေးခွေးသေဝက်သေ သေခဲ့တာချည်းပဲ။ ဗကသ သေမသွားဘူး။ ဗကသဟာ သမိုင်းစဉ်လာကြီးသလောက် သမဏိသက်တမ်းရှည်ပြီး ရပ်တည်ချက်မြဲမြံ
ခိုင်မာတဲ့အစုအသင်း၊ လူထုဘက်က တသမတ်ရပ်ခဲ့တဲ့အစုအသင်းဖြစ်တယ်။ ကျောင်းသားရှိသရွေ့ ဗကသရှိနေမှာပဲ။
ဗကသကိုတိုက်ခဲ့သူတွေနဲ့ အဖွဲ့အစည်းတွေ ပါတီတွေ ဒီနေ့ဘာဖြစ်ကုန်ကြသလဲ။ သမိုင်းနဲ့ပြည်သူက ဘယ်ပုံဒဏ်ခတ်ခဲ့သလဲဆိုတာကို သမိုင်းသင်ခန်းစာအဖြစ်မယူတတ်ရင်၊ ဗကသကိုကြည့်ပြီးတောင် သမိုင်းနမူနာအဖြစ် ခုထိ မယူတတ်သေးရင်တော့ ဗမာ့နိုင်ငံရေးပင်မစီးကြောင်းထဲကနေ အမှိုက်မြောင်းထဲရောက်ဖို့သာပဲရှိလိမ့်မယ်။

(အမေ နေမကောင်းပါ) မတ် ၂၇၊ ၂ဝ၁၅။
ဒေါ်အောင်ဆန်းစုကြည် တကယ်နေမကောင်းတာပါ။ အသက်လည်းကြည့်ပါဦး။ ဇရာထောင်းနေပြီဖြစ်တဲ့ တတိယအရွယ်မုဆိုးမ မဟုတ်လား။ စိတ်ဆောင်လို့သာ ဒီအသက်ဒီအရွယ်ထိ မော်ဒယ်တယောက်အလား ဖက်ရှင်ကျကျနဲ့ လမ်းလှလှလျှောက်နေနိုင်တာနေမှာပါ။ သေနတ်ချုပ်လေး မအလ တို့ လုပ်တဲ့ “တပ်မတော်နေ့”ဆိုတာကိုမှ မတက်တာ မဟုတ်ပါဘူး အင်န်အယ်လ်ဒီကလုပ်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့လည်း မတက်တာကြည့်ရင် သိသာမယ်ထင်ရတာပဲ။
ထူးခြားတာက မေမေ ချစ်မေမေ ကောင်းကင်မေမေ ပြည်သူ့မေမေ ဒီမိုကရေစီဘုရင်မ ဒီမိုဖက်ရှင်ဧကရီဘာညာနဲ့ အမေရှေ့က နာမဝိသေသနမျိုးစုံကပ်ပြီး အာခေါင်ခြစ်အော်နေကြသူတွေ ဒီလောက် အမေနေမကောင်းတာများ လူမမာသတင်းလေးတောင် ပြောဖော်မရကြဘူး။ မေမေ့ကျန်းမာရေးလေးများ အဖက်လုပ်ပြောရကောင်းမှန်းတောင် မသိကြဘူး။
ကြားဖြတ်ဝင်ကာစကတော့ သမ္မတပဲဖြစ်တော့မှာလိုလိုထင်ပြီး မေမေ့ထမီစခေါင်းပတ်ကြတို့ မေမေ့ခြေမှုံနဖူးသုတ်ကြတို့ဆိုပြီး စိတ်ပေါ့ပေါ့သွပ်သွပ်နဲ့ ကယောင်ကတမ်း အော်ဟစ်ခဲ့ကြသူတွေများ ခုများတော့ နေနိုင်တော်မူအားငဲ့။

(နေတန်သာကီ) မတ် ၂၅၊ ၂ဝ၁၅။
၉၆၉ တဖြစ်လဲ မဘသသင်္ကန်းခြုံတယောက်က ခု ပြန်အရွေးခံရတဲ့ အစ္စရေးလ်ဝန်ကြီးချုပ်နံမည်ပြောပြစမ်းပါဆိုလို့ သူလည်း နားလည်ပါစေ သူ့ဆရာလည်း ဂုဏ်ဝင့်နိုင်ပါစေဆိုပြီး "ဣသရေလဝီရသူ"ပါလို့ပြန်ဖြေလိုက်တာဗျာ တခါတည်း ဘလော့က်သွားတယ်။ အာဂဘုန်းကြီး။
အရင်တခါလည်း သူပဲ "မင်းသာ ဗုဒ္ဓဘာသာဆို ဘာလုပ်မလဲ"တဲ့။ ကျနော်က "ကိုယ်တော့်လို သင်္ကန်းဝတ်စားမှာပေါ့ဗျ"လို့ပြန်ဖြေတော့ "မအေးရိုးကွန်မြူနစ် ဘာသာမဲ့ကောင်။ ငရဲအိုး ဂျိုးကပ်မယ့်ကောင်"ဆိုပြီးပြောသေးတာ။ "ကျနော် ကွန်မြူ မနစ်ပါဘူး ဘာသာမဲ့ဆိုတာကတော့ ကိုယ်တော် နားလည်ချင်သလို လည်နိုင်ပါတယ် ကိစ္စမရှိပါဘူး"လို့ပြောတော့ "ဓမ္မန္တရာယ်ကောင်" လို့ထပ်ပြောတယ်။
ပြောတော့ ၁၈ ဝါရှိပြီဆိုလား။ ယဉ်ကျေးလိမ္မာသင်တန်းမှာ ဆရာဆိုလား။ ဘာအတန်းအောင်တယ်ဆိုလား။ ရေးလိုက်တော့ သတ်ပုံသတ်ညွှန်းက ၁ဝ လုံးမှာ ၇ လုံးလောက် အမှားအယွင်းအကျအပေါက်နဲ့။ ဒါနဲ့ "ကိုယ်တော်ရယ် စာရောတတ်ရဲ့လား။ ရိုက်လိုက်တဲ့စာတွေက တလွဲတွေချည်းပါလား"ဆိုတော့ "မင်းထက် တတ်တယ်ကွ။ ကွန်ပြူတာ သောက်သုံးမကျလို့"တဲ့။ ဒါဆိုလည်း သောက်သုံးကျတာလေး ဝယ်ရောပေါ့ ကိုယ်တော်ရယ်ဆိုတော့ မင့်အမေလင်က ငါ့လာပိုက်ဆံပေးနေလို့လားတဲ့။
ကဲ အဲ့ဒါသာကြည့်ပေတော့ တို့ကိုယ်တော်တွေ လိမ္မာရေးခြားရှိပုံများ။

(အရောင်းသွက် အမတ် တစ်တယ်) မတ် ၂၅၊ ၂ဝ၁၅
ရွေးကောက်ပွဲဖြစ်မယ်မဖြစ်ဘူး၊ ဖြစ်ရင်ဘယ်လိုဖြစ်မယ် ဘယ်လိုမဖြစ်ဘူး ဘာမှ ကံသေကံမပြောမရသေး။ ဒါပေမယ့် အမတ်လောင်းပေါက်ဈေးကတော့ ဝီခေါ်နေပြီ။ ပါတီတွင်းပေါက်ဈေးနဲ့ အပြင်ဝယ်လက်ပေါက်ဈေးက အတော်ကြီးကွာနေတယ်။ တခါ နိုင်နိုင်ခြေရှိတဲ့ပါတီကနေ ဝင်ပြိုင်ပြီးမှ လွှတ်တော်ထဲရောက်တော့ ပါတီပြောင်းပေါက်ဈေးကတမျိုး။ တခါ ပါတီပါတီခြင်းပြောင်းမယ်ဆို အလိုက်က ဘယ်ရွေ့ဘယ်မျှ။ တခါ ၈၈ မှာပါခဲ့ဖူးပြီး နံမည်အထိုက်အလျှောက်ရှိသူနဲ့ အခြားသူတွေဈေးကလည်း အတော်ကွာတာပဲ။ ဒီတပွဲမှာ စစ်ခရိုနီတွေက ကြံ့ဖွံ့ကနေ ထပ်မပြိုင်တော့ပဲ နားသူနားမယ်၊ အင်န်အယ်လ်ဒီတို့ဘာတို့ထဲ သူတို့လူသွင်းပြီး အရွေးခံမြှုတ်ထားမယ့်သဘောပဲ။ အဲ့သလိုအမတ်ကြတော့ တခါတည်း လွှတ်တော်သက်တမ်းတခုစာ အကြေအပြတ်ငွေချေပြီးသားတွေ။ အင်း မုန့်ဆီကြော်က ဘယ်နေမှန်း သိသိမသိမသိ ကြိုပွိုင့်နဲ့ ဝယ်လက်တွေကတော့ ငွေထုပ်တပြင်ပြင်နဲ့။ ခုဆိုကြည့် ကော့ကရိတ်ကြီးတောင် အချုပ်အခြာအာဏာတွေဘာတွေအကြောင်းပြပြီး စကိုင်းနက်နဲ့ပင်းကာ စလောင်းနဲ့လုပ်စားသွားလို့ အတော်ထောသွားတယ်ဆိုတဲ့ ကောလဟလတွေတောင် အတည်ဖြစ်လို့။

၂ဝ၁၄ မတ်နဲ့ဧပြီထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)