Wednesday, March 30, 2016

“၂ဝ၁၅ ရွေးကောက်ပွဲလွန်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီ၏တင်ပြချက်”

0 comments
“၂ဝ၁၅ ရွေးကောက်ပွဲလွန်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီ၏တင်ပြချက်”
ရဲဘော်တို့ မိတ်ဆွေတို့ ပြည်သူလူထုအပေါင်းတို့
၂ဝ၁၅ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့လည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။
အုပ်စိုးသူတွေဘက်က ဒီအဆင့်မှာ အရေးနိမ့်သွားပါပြီ။ ဦးသိန်းစိန်ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီနဲ့အစိုးရ ရှူံးနိမ့်သွားသော်လည်း ၂ဝဝ၈ ခြေ/ဥ အောက်မှာ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ဗျူရိုကရေစီယန္တရားက မပျက်မစီး တည်ရှိနေပါသေးတယ်။ သူတို့ ဘာတွေလုပ်လာနိုင်စရာတွေ ရှိသေးလဲ။ တိုင်းပြည်ရှေ့ရေးအတွက် ကျွန်တော်တို့မှာ တင်ပြစရာတွေရှိလာပါတယ်။
(၁)
၂ဝ၁၅ ရွေးကောက်ပွဲ ဘာ့ကြောင့်ဖြစ်ပေါ်လာသလဲ
အမေရိကန်က တရုတ်နဲ့အပြိုင် အာရှပစိတ်ဖိတ်ထဲထိုးဝင်လာပြီး ဒေသစိုးမိုးရေးလုပ်လာရာက ဗမာပြည်ဟာ ပထဝီနိုင်ငံရေးအရ အချက်အချာကျနေတာမို့ ဘက်ပေါင်းစုံကနေ အမေရိကန်က ထိုးဖောက်ချဉ်းကပ်ခဲ့ပါတယ်၊ နောက်ဆုံး အုပ်စိုးသူစစ်အုပ်စုကို ချော့မြှူမက်လုံးပေးပြီး ဒီချုပ်နဲ့ဆွဲစေ့ပေးလိုက်နိုင်ရာက ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ဒီချုပ်ဟာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက် ပွဲဝင်ခဲ့တယ်။ ဒါ့ကြောင့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲဟာ ရုပ်ပြကောင်းခဲ့ပြီး စစ်အုပ်စုလည်း အသက်ရှူချောင်ခဲ့တယ်။ အခုတော့ ၂ဝ၁၅ ရွေးကောက်ပွဲ ဖြစ်လာခဲ့တယ်။

ရွေးကောက်ပွဲမှာ ပြဿနာအကြီးအကျယ်မတက်လိုက်ဘဲ ပြည်သူတွေအကြိုက် ဒီချုပ်အနိုင်ရသွားတော့ အိုဘားမားနဲ့ ဟီလာရီ ကလင်တန်တို့က ‘ငါပစ်တာ’ ဆိုတဲ့သဘောနဲ့ လက်မထောင်ပြခဲ့ကြတယ်။

ဒါ့ကြောင့်လည်း ရွေးကောက်ပွဲအပြီး အင်တာဗျူးတခုမှာ ဝါရှင်တန်ပို့စ်သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည်ကို ‘ရွေးကောက်ပွဲ အနိုင်ရလို့ အမေရိကန်အစိုးရကိုအမှတ်ပေးချင်သလား’ လို့ ဗြောင်ကျကျမေးခွန်းထုတ်ခဲ့ခြင်း ဖြစ်တယ်။
(၂)
၂ဝ၁၅ ရွေးကောက်ပွဲရဲ့ ထူးခြားတဲ့ဝိသေသများ
နိုင်ငံရေးပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်အနိုင်ရသွားပါပြီ။ ပြည်သူအတွက်၊ ဒီချုပ်အတွက်၊ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသူတွေအတွက် မင်္ဂလာသတင်းပါ။

ဒီပွဲမှာ ပြည်သူတွေအောင်ပွဲခံပြီး စစ်အုပ်စုနဲ့ကြံ့ဖွံ့တို့ ရှူံးနိမ့်ခဲ့ရတာဟာ လူတန်းစား၊ လူ့အလွှာအသီးသီး နိုးကြားကာ အဆက်မပြတ် တိုက်ပွဲဝင်လာကြရင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ မြင့်မားပေါင်းစည်းလာခဲ့ကြလို့ ဖြစ်တယ်။

အခွင့်အရေးယူကာ ကျိကျိတက်ချမ်းသာလာပြီး စည်းစိမ်ပေါ်က လက်ညှိုးညွှန်အုပ်ချုပ်လာတဲ့စစ်အာဏာရှင်တွေကို ပြည်သူလူထုက တူးတူးခါးခါး ရွံရှာမုန်းတီးတယ်ဆိုတာ ဖော်ထုတ်ပြသလိုက်တဲ့ပွဲ ဖြစ်တယ်။

လူထုကပေးလိုက်တဲ့မဲဟာ အုပ်စိုးသူတွေနဲ့အပေါင်းအပါတွေ နာလိုခံခက်ပြောနေတဲ့ ပေါ်ပြူလာမဲဆိုတာထက် ပိုလေးနက်ပါတယ်။ လူထုက သူ့ခံယူချက်နဲ့သူ ရပ်တည်လိုက်တာက ပိုနက်ရှိုင်းပါတယ်။ လူထုရဲ့ခံစားချက်နဲ့နိုင်ငံရေးနိုးကြားမှုက ဒါ့ထက် ပိုနက်ရှိုင်းပါတယ်။
တနည်းပြောရရင် ရာစုနှစ်တဝက်ကျော် ပြည်သူကိုနှိပ်စက်၊ ဆိုးခိုးသတ်ဖြတ် အဓမ္မကျင့်လုပ်လာခဲ့တဲ့ စစ်အာဏာရှင်စနစ်ရဲ့ဆိုးပြစ်ကို မှတ်လောက်သားလောက်အောင် ပြည်သူတွေက ဒဏ်ခတ်လိုက်တာဖြစ်တယ်။

စစ်အုပ်စု စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဘောင်အောက်မှာ အရပ်သားနိုင်ငံရေးပါတီတခုက မဲအပြတ်အသတ်နဲ့အနိုင်ရခဲ့တာဟာ အလွန်ထူးခြားပါတယ်။ ပြောင်းလဲလိုနေပြီဖြစ်တဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့ကိုက်ညီအောင် ကြွေးကြော် သံတင်၊ အခြေခံအားဖြင့် မှန်ကန်တဲ့ရွေးကောက်ပွဲဗျူဟာနဲ့ လူထုကြီးတရပ်လုံး လမ်းပေါ်ထွက်ပေါ်လာနိုင်အောင် စည်းရုံးလှုံ့ဆော် လုပ်ဆောင်သွားနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျွန်တော်တို့ အသိအမှတ်ြုပချီးကျူးပါတယ်။

ကြံ့ဖွံ့ဘာ့ကြောင့်ရှူံးသလဲ
အဘက်ဘက်က အသာစီးယူထားတဲ့ကြားထဲက ခုလိုအပြတ်အသတ် အရှူံးရလဒ်ကြောင့် အုပ်စိုးသူတွေ တုန်လှုပ်ကုန်ကြပါတယ်။ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ခဲ့ကြတယ်။ ရုတ်တရက် ပြောစရာစကားရှာမတွေ့ ဖြစ်ခဲ့တယ်။ ညဥ့်ဦးယံအာဏာသိမ်းပွဲနဲ့ ဘိသိက်မြှောက် ခံလိုက်ရတဲ့ အာဏာရပါတီတွဲဘက်ဥက္ကဌဖြစ်သူက “ကျွန်တော်တို့ ဘာ့ကြောင့်ဒီလိုအပြတ်အသတ်ရှူံးတယ်ဆိုတာ မစဉ်းစားတတ်အောင်ပဲ” ဆိုတာမျိုး ပြောထွက်လာတယ်။ စစ်အာဏာရှင်စနစ်ပုံသေနည်းတွေနဲ့ ကြိုတွက်ထားပြီး စိတ်အေးနေခဲ့ပုံရပါတယ်။ ပြည်သူတွေ ဘယ်လောက် နာကြည်းခံပြင်းနေတယ်၊ ဘယ်လောက် ဒေါသထွက်နေကြပြီဆိုတာ သူတို့ မသိနိုင်လောက်အောင်ကို အောက်ခြေလွတ် နေကြတာပါ။

ဒီပွဲမှာ နိုင်ငံရေးသံဝေဂ ရသွားကြတဲ့သူတွေလည်း မနည်းဘူး။
မိုက်ရူးရဲတယောက်ကဆိုရင် ရိုင်းရိုင်းစိုင်းစိုင်းမောက်မောက်မာမာ ပြောထွက်လာတယ်။ ပြည်သူတရပ်လုံးကို စော်ကားသွားခဲ့တယ်။ “မင်းဆိုးမင်းညစ်လက်ထဲမှာ ခွေးသေဝက်သေ သေကြပေတော့” တဲ့။
ဒီ ၂ ယောက်ကို ဥပမာပြလိုက်ရုံနဲ့ သူတို့ဘာ့ကြောင့် အပြတ်အသတ်ရှူံးတယ်ဆိုတာ ပေါ်လွင်နေပါပြီ။

(၃)
ဤခရီးဝေးသေး၏
နိုင်ငံရေးအခြေအနေသစ်တရပ်ကတော့ ပေါ်ထွန်းလာပါပြီ။ ပြည်သူတွေ ရွှင်မြူးကြရမယ့်အချိန် - ဒါပေမဲ့ စိတ်လွတ်ကိုယ်လွတ် ဘယ်သူမှ မပျော်နိုင်ကြသေး။ ၉ဝ ခုနှစ် ရွေးကောက်ပွဲတစ္ဆေက ခုအထိ ခြောက်လှန့်နေဆဲ၊ ပြည်သူတွေအပြင် ဒီချုပ်တဖွဲ့လုံးလည်း ရင်မ နေရဆဲ။ သရဖူ၊ လက်ထိတ်၊ သံတိုင်၊ အုတ်ရိုး၊ ကျည်ဆန်စတာတွေက မျက်ဝန်းအိမ်ထဲမှာ တလှည့်စီမြင်နေကြရမယ့်ပုံပဲ။

အာဏာလွှဲပြောင်းပွဲမှာ ပြည်သူတွေက အေးအေးချမ်းချမ်း ချောချောမောမော ဖြစ်စေချင်ကြတယ်။ ကျွန်တော်တို့လည်း ဒီလိုပဆန္ဒရှိတယ်။ တရုတ်၊ အမေရိကန်၊ အီးယူ၊ ဂျပန်နဲ့ကုလသမဂ္ဂတို့ကလည်း ဒီသဘောထားမျိုးဖော်ပြကြတယ်။ ခု အာဆီယံအစည်းအဝေးမှာ ထပ်မံ အတည်ြုပကြတယ်။ ဝိုင်းကြီးချုပ်လက္ခဏာဆောင်တယ်။

(၄)
ချောချောမောမောအာဏာလွှဲအပ်ရေး
ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ကာချုပ်တို့ကို တွေ့ခွင့်ရဖို့တင်ပြပါတယ်။
လွှတ်တော်အကြီးအကဲနဲ့တော့ တွေ့ဆုံဆွေးနွေးလို့ ပြီးသွားပါပြီ။ ပြေပြေလည်လည်ရှိကြကြောင်း ကြေညာချက်တခု ထုတ်ပြန် အသိပေးခဲ့ကြပါတယ်။

“ဘာပြောင်းလဲစရာလိုသေးလို့လဲ၊ ပြောင်းလဲပေးထားပြီပဲ”လို့ပြောထားတဲ့ သမ္မတဦးသိန်းစိန်နဲ့ “အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့” ဆောင်ပုဒ်ကိုင်စွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲ။

“၂ဝဝ၈ အခြေခံဥပဒေကို ကာကွယ်သွားမယ်” လို့ ကြွေးကြော်ထားတဲ့ ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီခြေ/ဥ ကို ပြင်မှဖြစ်မယ် ဆိုတဲ့ ဒီချုပ်ဥက္ကဌတို့တွေ့ဆုံပွဲကို ပြည်သူတွေက စောင့်စားနေကြပါပြီ။

သူတို့ဘက်ကလည်း ကော်မရှင်က တရားဝင်အနိုင်အရှူံးရလဒ်ကိုကြေညာပြီးရင် တွေ့ပါ့မယ်လို့ အကြောင်းပြန်ကြားထားပြီဖြစ်တယ်။ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ြုပပါတယ်လို့လည်း ဆိုထားခဲ့ကြတယ်။ ဒီအတိုင်း ရုပ်လုံးဖော်ကြမယ်ဆိုရင်တော့ ကြိုဆိုရမယ့်ကိစ္စပါ။ လူကြီးလူကောင်းပီသတယ်လို့ အသိအမှတ်ြုပကြပါမယ်။

ကျွန်တော်တို့ ဘာတွေသတိထားသင့်သလဲ-
ဘာတွေ ဘယ်လိုအပေးအယူလုပ်ကြမလဲ- သမ္မတနဲ့ကာချုပ်ကတော့ ၂ဝဝ၈ အထိုင်ပေါ်က တင်ပြဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ သူတို့ဘက်က ၂ဝဝ၈ က ပေးအပ်ထားတဲ့ အထူးအခွင့်အရေးတွေအကုန်ပြန်ယူကြမှာပါ။ ကာလုံ ဆက်ရှိမယ်။ လွှတ်တော်ထဲမှာ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဆက်ထားမယ်။ အစိုးရဝန်ကြီးဌာန ၃ ခု (ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့နယ်စပ်ရေးရာ) ကို ကာချုပ်က ဆက်ကိုင်ထားလိမ့်မယ်။

ခုဟာက ကြံ့ဖွံ့ရှူံးပေမယ့် စစ်တပ်စစ်ဗျူကရေစီယန္တရားက ရှိနေသေးတယ်။ ဒါပေမဲ့ တဖက်မှာ စစ်အုပ်စုနဲ့စစ်တပ်တခုလုံးကို ခွဲကြည့်ဖို့ လိုတယ်။ ဖော်ပြချက်တွေကြည့်တော့ ဒီချုပ်ကို မဲပေးကြတဲ့အထဲမှာ စစ်တပ်မဲ အတော်အသင့်ပါခဲ့တယ်။ တချို့တပ်နယ်မြေတွေမှာ အထက်ကချုပ်ကိုင်ပြီး ကြံ့ဖွံ့မဲတွေယူသွားလို့ လျော့နည်းသွားတာ ရှိတယ်။

ထိပ်ပိုင်းမှာ သူရဦးရွှေမန်း၊ သူရဦးအောင်ကိုတို့လို ပုဂ္ဂိုလ်တွေကတောင် အပုပ်ကောင်ကို ဖက်တွယ်မထားတော့တာ တွေ့ရတယ်။ တပ်အနေနဲ့ တသွေးတသံတမိန့် နှောင်ကြိုးးကြီးရှိနေလို့သာ ပုံပျက်ပန်းပျက်မဖြစ်သေးတာ။ အောက်ခြေ တပ်မှူးတပ်သားတွေကိုယ်တိုင်က ပြည်သူတွေနဲ့အတူ ခံစားနေရတာ ဖြစ်တယ်။ ဒါက ဘက်တဖက်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပညာရှင်တချို့က ၉ဝ ခုနှစ်နဲ့ မတူတော့ပါဘူးလို့ အခြေအနေအချက်အလက်အချို့ကို ထောက်ပြကြတယ်။ ငြင်းခုံစရာမရှိပါ။ ဒါပေမဲ့ ခုအထိ တူနေသေးတာတွေလည်း ကျန်နေသေးတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။
-           စစ် ၃ စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား) ရှိနေသေးတယ်။
-           တပ်ကို ချုပ်ကိုင်ထားနိုင်ဆဲဖြစ်တယ်။
-           စစ်တပ်ဆိုတာပစ်ရင် မှန်အောင်ပစ်တယ်ဆိုတဲ့ လမ်းညွှန်ချက် တည်မြဲနေသေးတယ်။

၈ လေးလုံးမှာ ပစ်ကြည့်တယ်။ မရမှ ဒေါက်တာမောင်မောင်ရဲ့ လေချိုသွေးအဆင့်ကိုလျှော့ချတာ ဖြစ်တယ်။ ခုလည်း ညစ်ကြည့်တယ်။ မရမှ ဆုတ်တာဖြစ်တယ်။ (အတွေ့အကြုံအရ) ထိုးဖို့ဆုတ်တာကော မဖြစ်နိုင်ဘူးလား။ သူတို့မှာ ၂ဝဝ၈ ခံစစ်စည်း ရှိသေးတယ်။ စစ်တပ် ၂၅ ရာခိုင်နှုန်းကိုဆုပ်ကိုင်ထားဆဲဖြစ်တယ်။ တပ်ကို အနီရောင်အဆင့်တပ်လှန့်ပြီးမှ အခု လိမ္မော်ရောင်အဆင့် လျှော့တာဖြစ်တယ်။ ဖြစ်နေတာက ငါးတကာယိုတဲ့ချေး ပုစွန်ဆိတ်ခေါင်းပေါ် အကျခံနေရတယ်ဆိုတဲ့စကားပုံလိုပဲ။ ထိပ်က စစ်အုပ်စုလုပ်သမျှနဲ့ လုပ်ခိုင်းသမျှလုပ်နေရတဲ့ စစ်တပ်တတပ်လုံးနဲ့ ဝန်ထမ်းတွေခေါင်းပေါ် ပုံချခံနေရတာတွေရှိတယ်။ ဒါကို ကျွန်တော်တို့ ခွဲခြားကြည့်ပါတယ်။

၂ဝဝ၈ ရှိနေသမျှ ဒါမျိုးတွေ ဆက်ရှိနေမှာပါ။ ဒါတွေ ရှောင်နိုင်ဖို့ ထုံးတမ်းစဉ်လာအရ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့လက်အောက်မှာ ရှိကိုရှိနေရပါမယ်။

(၅)
သူပြင်ကိုယ်ပြင်ကာလ
ဒီရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ၄၂ နိုင်ငံက သံတမန်တွေကိုဖိတ်ကြားပြီး အခြေအနေတချို့ရှင်းပြတယ်။ သဘောထားတချို့ တင်ပြခဲ့တယ်။ တိုင်တောထားတဲ့ သဘောပဲ။ လက်ထဲရောက်ခါနီးမှ ပုတ်ချခံရမှာစိုးပုံ ပေါ်ပါတယ်။

ခုထိပ်သီး ၂ ဦးက အကြောင်းအမျိုးမျိုးပြပြီး အချိန်တွေဆွဲနေတယ်။ ဒါဟာ လူတွေသွေးအေးမယ့်အချိန် စောင့်နေတာဖြစ်တယ်။ ဒါကို သတိရှိဖို့လိုတယ်။ တိုင်းပြည်ရဲ့ အရှေ့ဘက်နဲ့ မြောက်ဘက်ခြမ်းမှာ စစ်ပွဲတွေတိုးချဲ့နေတယ်။ ဒါဟာ တိုင်းပြည်ကိုထိန်းချုပ်နိုင်တာ စစ်တပ်ပဲရှိတယ်ဆိုတာ မြင်စေချင်ပုံရတယ်။ တချိန်တည်းမှာ “တိုင်းပြည်ကို ဆူအောင်လုပ်နိုင်တာလည်း ငါတို့ပဲရှိတယ်” ဆိုတဲ့အဓိပ္ပာယ်က တွဲပါလာပါတယ်။ သူတို့မှာ လုပ်ချင်တာလုပ်ဖို့ အကြောင်းပြစရာတွေအများကြီးရှိတယ်။ ၂ဝဝ၈ ခြေ/ဥ ရှိတယ်။ အကောင်အထည်ဖော်ဖို့ လက်နက်အင်အား၊ လူအင်အားနဲ့ဘဏ္ဍာအင်အား ရှိတယ်။ ဒါကြောင့် ကာချုပ်လုပ်ပိုင်ခွင့်နဲ့ အာဏာသိမ်းနိုင်တယ်ဆိုတဲ့အထိ တွက်ဆ ထားသင့်တယ်။

ကျွန်တော်တို့က လွှတ်တော်နည်း၊ သံတမန်နည်းလောက်နဲ့ လုံလောက်တယ်မထင်။ လူထုလှုပ်ရှားမှုမပါဘဲ ရည်မှန်းချက်မပေါက်နိုင်။ လူထုကို နိုင်ငံရေးအသိနိုးကြားနေဖို့ အစီအစဉ်ရှိရှိ အသိပေးလှုံ့ဆော်စည်းရုံးထားရပါမယ်။ လူထုရဲ့တွန်းအားမပါဘဲ နေရာရွေ့မှာမဟုတ်ဘူးလို့ မြင်နေတယ်။ မပြောင်းရင်မဖြစ်မှ ပြောင်းမယ့်သူတွေပါ။

ပြည်သူတွေဘက်ကလည်း ကိုယ့်အောင်ပွဲဆိုတာက လက်ဆုပ်လက်ကိုင် မပြနိုင်သေး။ ဘယ်နည်းနဲ့မှ အဆုံးရှူံးခံလိုက်လို့မဖြစ်တာမို့ နိုးနိုးကြားကြားရှိနေရပါမယ်။ ဒီရွေးကောက်ပွဲ အောင်နိုင်လိုက်တာကြောင့် စစ်အာဏာရှင်စနစ် လုံးဝကျဆုံးတာမဟုတ်ပါ။ ဆက်လက် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေရပါမယ်။ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးအဖွဲ့အစည်းများကလည်း ဒီရလဒ်ကို ဝိုင်းဝန်းကာကွယ်ကြဖို့ ပန်ကြားလိုပါတယ်။ ရှူံးသွားတဲ့ စစ်အုပ်စုက ဒီချုပ်ကို ကျန်နိုင်ငံရေးပါတီတွေနဲ့ ရန်တိုက်ပေးနေတာကိုလည်း သတိပြုကြဖို့လိုပါတယ်။
ပြည်သူလူထုလိုလားနေတဲ့ အပြောင်းအလဲဆိုတာ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအားလုံးတန်းတူအခွင့်အရေးရှိတဲ့ တစည်းတလုံးတည်းရှိတဲ့ ပြည်ထောင်စုတရပ်ပေါ်ပေါက်ရေးပဲ ဖြစ်တယ်။ မျက်မှောက်ဆင်းရဲဒုက္ခအပေါင်းကို ဖြစ်ပေါ်စေတဲ့ မတရားတဲ့ဖိနှိပ်အုပ်စိုးမှုအောက်က လွတ်မြောက်စေရေးဖြစ်တယ်။

ဒီလမ်းကြောင်း သွေဖီသွားစေဖို့ ဒီရက်ပိုင်းအတွင်း လူမျိုးရေး၊ ဘာသာရေးကိုအကြောင်းပြပြီး စစ်အစိုးရအóကက် လှုပ်ရှားလာတဲ့အဖွဲ့တွေရဲ့ အန္တရာယ်ကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်ထိန်းသိမ်းပေးကြရပါမယ်။

(၆)
အစိုးရသစ် စဉ်းစားဖို့
ဒီချုပ်အစိုးရဟာ နိုင်ငံတော်အာဏာအညှာကိုကိုင်ထားတဲ့ ကာလုံအဖွဲ့ထဲက စစ်ဗိုလ်ချုပ် ၆ ယောက်ရဲ့သဘောဆန္ဒကိုကျော်လွန်ပြီး စစ်အုပ်စုအကျိုးစီးပွားကိုဆန့်ကျင်တဲ့ပြောင်းလဲမှုတွေကို လုပ် ရပါ့မလားလို့ သံသယရှိပါတယ်။

ကာချုပ်ကိုပေးထားရတဲ့ဝန်ကြီးဌာန ၃ ခုရဲ့ ဖြစ်လာနိုင်တဲ့အန္တရာယ်ကိုလည်း ကြိုစဉ်းစားထားသင့်ပါတယ်။
-           ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ပွတ်တိုက်မှုမှာ အရပ်သားနိုင်ငံခြားရေးဝန်ကြီး ခေါင်းခဲရမယ့်ကိစ္စ။
-           နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ တိုင်းရင်းသားတွေနဲ့ဆက်ဆံရေးမှာ အရပ်သားအစိုးရဆိုတဲ့အစိုးရက လက်ရှောင်ထားရမယ့်ကိစ္စ။
-           ပြည်ထဲရေးဝန်ကြီးဌာနက ရဟန်းရှင်လူပြည်သူတွေကို မီးလောင်ဗုံးနဲ့ပစ်လိုက်၊ ဖမ်းချင်သလိုဖမ်း၊ သတ်ချင်သလို သတ်နေရင်လည်း နှုတ်ဆိတ်နေရမယ့်ကိစ္စ စတာတွေအတွက်လည်း ကြိုစဉ်းစားထားရပါမယ်။

ခုတလော ‘အရပ်သားအစိုးရ’ ‘အရပ်သားအစိုးရ’ဆိုပြီး ရေးကြသားကြ ပြောဆိုကြတာတွေ သိပ်များလာပါတယ်။ အထက်မှာတင်ပြခဲ့တဲ့ ကိစ္စတွေကြည့်ရင် ၂ဝဝ၈ ရှိနေသရွေ့ ‘အရပ်သားအစိုးရ’ ခေါ်မရဘူးလို့ ဗမာပြည်ကွန်မြူနစ်ပါတီက ယူဆပါတယ်။ ဒီချုပ်အစိုးရဟာ အလကားမတ်တင်းနဲ့ ကြီးဒေါ်နွားကျောင်းပေးနေရတာပဲ ဖြစ်မယ်။ ဒီဝန်ကြီးဌာနတွေက အစိုးရသစ် အကျပ်အတည်းတွေ့အောင် ပြည်သူနဲ့ထိပ်တိုက်တိုးအောင် ကောင်းကောင်းမွှေပါလိမ့်မယ်။

ဒါတွေဟာ ဒီချုပ်ခေါင်းကို ဆင်နင်းမယ့်ကိစ္စတွေပဲ။ ပြေလည်အောင်ဖြေရှင်းနိုင်ရင် ဖြေရှင်း၊ မဖြေရှင်းနိုင်ရင် မိမိကို မဲပေးခဲ့တဲ့ ပြည်သူသန်းပေါင်းများစွာနဲ့ ပြန်လည်ထိပ်တိုက်ရင်ဆိုင်ရဖွယ် ရှိပါတယ်။

စစ်အုပ်စုနဲ့အာဏာခွဲဝေရေး
သမ္မတဦးသိန်းစိန်၊ ကာချုပ်မင်းအောင်လှိုင်တို့နဲ့ ဒေါ်စု တွေ့ကြရင် သူ့ဘက်ကိုယ့်ဘက်လိုလားချက်တွေ အပြန်အလှန်တင်ပြကြပါလိမ့်မယ်။ စစ်တပ်နဲ့ပတ်သက်တာတွေ ကာချုပ်က တင်ပြတောင်းဆိုပြီး တခုလုံးကိစ္စတွေကို သမ္မတလုပ်သူကကိုင်တွယ်ဖြေရှင်းရမှာပဲ။

ပြည်သူတွေက ဒီရလဒ်ကိုမျှော်လင့်တကြီး စောင့်စားနေကြပါတယ်။ စစ်အုပ်စုရဲ့အကျိုးစီးပွားကို အကာအကွယ်ပေးတဲ့ စေ့စပ်ရေးမျိုး မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းနေကြတယ်။ ဝင်းဝင်း (Win-Win) ၂ ဘက်နိုင်ဆိုပြီး အပေးအယူလုပ်လိုက်ရင် ပြည်သူအတွက် ဘာမှ မကျန်ဖြစ်သွားမှာကို ကျွန်တော်တို့လည်းစိုးရိမ်ပါတယ်။ ပြည်သူနိုင်ဖို့ အဓိကထားရပါလိမ့်မယ်။

ခုအာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အိုဘားမားက အစိုးရဟောင်း အာဏာလွှဲပြောင်းမပေးမီ အဟောင်းအသစ် ၂ ဖွဲ့စလုံးနဲ့တွေ့ပြီး ထောမနာပြုချင်ပါတယ်လို့ ပြောလာပါတယ်။ ဒါဆိုရင် သူလည်း ‘ဝင်း-ဝင်း’ ထဲ ပါနေတဲ့သဘောပဲ။

(၇)
အစိုးရသစ် လတ်တလောဖြေရှင်းရမယ့်ပြဿနာများ
(၁)        ပြည်တွင်းငြိမ်းချမ်းရေး - ဒီအချိန်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ သံလွင်ခက်ကိုင်ပြီး ငြိမ်းချမ်းရေးစကား ဆိုကြရမယ့်အချိန်ပါ။ ဒါပေမဲ့ NCA လက်မှတ်မထိုးသေးတဲ့အဓိကအဖွဲ့တွေအပေါ် ဗုံးမိုးရွာချနေတယ်။ ဒါကို အလျင်အမြန် ကိုင်တွယ် ပေးရလိမ့်မယ်။
(၂)        နိုင်ငံရေးအကျဉ်းသားများကိစ္စ - လွှတ်နေတယ်၊ လွှတ်နေတယ်ပြောပြီး ရောင်ပြလောက်လွှတ်၊ ရွေးကောက်ပွဲဘက် အာရုံ ရောက်နေကြချိန် တိုးဖမ်းလာတယ်။ တိုးပြီးညှဉ်းပန်းနှိပ်စက်လာတယ်။ အထူးသဖြင့် အဖမ်းခံ ဗကသ ကျောင်းသားများနဲ့ အားပေး ထောက်ခံဝန်းရံပြည်သူများကို ကိုယ်ထိလက်ရောက် ရက်ရက်စက်စက်လုပ်ခဲ့တယ်။ လုပ်ခလာစာတိုးရေးတောင်းဆိုတဲ့ အလုပ်သမားတွေ ထောင်ချခံရတယ်။ လယ်သမားတွေရဲ့ နစ်နာချက်သတင်းတွေကို မှောင်ချထားခဲ့တယ်။ သူတို့တတွေ အမြန်ဆုံးလွတ်ဖို့ ဆောင်ရွက် ပေးသင့်တယ်။
(၃)        စစ်ပြေးဒုက္ခသည်များ - တဖက်နိုင်ငံတွေမှာ မျိုးဆက်နဲ့ချီပြီး ပြေးရှောင်နေရတဲ့ အရိုးရင့် စစ်ပြေးဒုက္ခသည်များ၊ ရွေးကောက်ပွဲ မတိုင်မီ နယ်စပ်ဒေသတွေမှာခိုလှုံနေရတဲ့ နှစ်ကြီးသမားဒုက္ခသည်များ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးမှာ စစ်ရေးတိုးချဲ့လာလို့ ဗုံးရှောင်ရင်း ဗုံးလွတ်၊ ကျည်လွတ် မြို့ပြတွေဆီနဲ့ နယ်စပ်ဒေသတွေပြေးဝင်ခိုလှုံနေရတဲ့ ပူပူနွေးနွေး ဒုက္ခသည်များအရေးကိုလည်း အချိန်ဆွဲမနေသင့်ပါ။
(၄)        ၂ဝဝ၈ ဖျက်သိမ်းရေး - ၂ဝဝ၈ တည်ရှိနေရင် ကာလုံနဲ့ သူ့အာဏာတွေတည်ရှိနေမယ်။ ကာလုံ အဲဒီလိုတည်ရှိနေသရွေ့ အရွေးကောက်ခံအစိုးရရဲ့ကံကြမ္မာဟာ နေ့နေ့ညည မရေမရာ မသေမချာဖြစ်နေမှာပဲ။
(၅)        ၁၇ (၁) လို ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ဥပဒေတွေ ဖျက်သိမ်းရေး။ ဒါတွေကြောင့် နိုင်ငံ့အကျိုးဆောင်ရွက်ခဲ့သူ၊ ဆောင်ရွက်လိုသူတွေ နစ်နာကြလှပါပြီ။

(၈)
နိဂုံး
ရဲဘော်တို့အခြေအနေဟာ အကဲဆတ်နေသေးတဲ့အနေအထားမှာ ရှိနေသေးတယ်။ နိုင်ငံတကာအာဘော်ကလည်း စိတ်မချရသေးတဲ့ ဘက်ကို မီးမောင်းထိုးလာကြတယ်။ စစ်အစိုးရဘက်ကိုလည်း ‘ပြောတဲ့အတိုင်းလုပ်ဖို့’ တဖွဖွသတိပေးနေကြတယ်။

တပါတီလုံးအနေနဲ့ သတိထားစောင့်ကြည့်နေရမှာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့အညီ ခြေလှမ်းလှမ်းနိုင်ဖို့ ပြင်ဆင် ထားရပါမယ်။ ရဲဘော်တို့ဒီတင်ပြချက် လက်စသတ်ပြီးချိန်မှာပဲ သတင်းဆိုးတခုဝင်လာပါတယ်။ ကာချုပ်မင်းအောင်လှိုင်က ဝါရှင်တန်ပို့စ်သတင်းစာ အယ်ဒီတာတဦးနဲ့တွေ့ပြီး သူ့သဘောထားတွေပြောပြတယ်။ လိုရင်းကတော့
-           အာဏာလွှဲပြောင်းဖို့ အချိန်မကျသေး
-           စစ်မှန်တဲ့ တင်းပြည့်ကျပ်ပြည့်ငြိမ်းချမ်းရေးရှိမှ
-           ပါတီပေါင်းစုံဒီမိုကရေစီရင့်ကျက်ခိုင်မာမှ
-           တိုင်းရင်းသားတွေနဲ့အစိုးရကြား ကောင်းမွန်တဲ့ဆက်ဆံရေးလိုအပ်သေးတယ်။
ဒါတွေ ပြည့်စုံမှ အရပ်သားအစိုးရထံ ပိုပြီးအာဏာပေးအပ်သွားမယ်။ ၃ ချက်စလုံးက ကြိုက်သလောက်အချိန်ဆွဲနိုင်တယ်။ ဒါတောင် အာဏာအကုန်လွှဲမှာ မဟုတ်သေးဆိုတာ သတြိုပပါ။

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ
ရက်စွဲ။  ။ ၁၃၇၇ ခု၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်။                                                   
၂ဝ၁၅ ခု၊ နိုဝင်ဘာလ ၂၅ ရက်။


Saturday, March 26, 2016

ပြည်သူတို့ရဲ့တော်လှန်ရေးနေ့ ပြန်ပေးလော့ (မောင်စွမ်းရည်)

0 comments
မောင်စွမ်းရည် – ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့ ပြန်ပေးလော့
(မိုးမခ) မတ် ၂၅၊ ၂၀၁၆
ဗမာပြည်မှာ ` တော်လှန်ရေးနေ့ ´ဆိုတာရှိတယ်။ ရှိလည်းရှိအပ်တယ်။ တော်လှန်ရေးနေ့ ` မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့နေ့ပဲ။ 
သခင်စိုး ၊သခင်သန်းထွန်း စတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေက ဂျပန်ဝင်လာရင် အင်္ဂလိပ်ကိုရော ဂျပန်ကိုရော နှစ်ဖက်စစ်မျက်နှာဖွင့်တိုက်မလား၊ မဟာမိတ်နဲ့ယာယီပေါင်းပြီး ဂျပန်ကိုတော်လှန်မလားဆိုတာ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
ဂျပန်ကို မခေါ်ချင်ဘဲ မလွှဲသာလို့ခေါ်လာခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖက်ဆစ်ကိုတော်လှန်ဖို့ရာလည်း သူပဲ တာဝန်ယူရမယ်လို့ခံယူပြီး ဖ.တ.ပ.လ ကို ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ကို ပဲခူးမြို့ရှိ တပ်ရင်း(၄) ၊ ဗိုလ်ကျော်ဇောရဲ့အိမ်မှာ သခင်စိုးကြီးကို ခေါ်ယူတွေ့ဆုံပြီးဆွေးနွေးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း စသူတွေနဲ့တိုင်ပင်ပြီး (၁)ဗမာ့တပ်မတော် (၂)ကွန်မြူနစ်ပါတီ (၃)ပြည်သူ့အရေးတော်ပုံပါတီ (သခင်မြ၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗဆွေ စသူတွေပါတယ်)။ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ တသီးပုဂ္ဂလများပါဝင်ပါတယ်။
ဖ.တ.ပ.လ အဖွဲ့ဟာ နောက်မကြာခင် ဖ.ဆ.ပ.လ လို့ အမည်ပြောင်းလိုက်တယ်။ ဒီအဖွဲ့က တက်ဘုန်းကြီးသိန်းဖေ ခေါ် သခင်သိန်းဖေ (နောင်အခါ ဦးသိန်းဖေမြင့်လို့ အမည်တွင်သူ )ကို ကျောက်ဆည်သခင်တင်ရွှေ နဲ့ ကျောင်းဆရာမ မမြရီပါ တွဲပြီး အိန္ဒိယပြည် မဟာမိတ် (ဗြိတိသျှ ၊အမေရိကန်)တပ်တွေရှိရာကို လွှတ်ပါတယ်။ မဟာမိတ်တို့နဲ့သဘောတူညီချက်အရ ဗမာလူငယ်တွေကို အိန္ဒိယပြည်ခေါ်ပြီး စစ်သင်တန်းပေးဖို့ခေါ်ယူပါတယ်။ သခင်စိုးက နိုင်ငံရေးသင်တန်းပေးပြီး လူငယ်တော်တော်များကို လွှတ်ပါတယ်။ စစ်သင်တန်းမပေးခင် သခင်သိန်းဖေက နိုင်ငံရေးသင်တန်းပေးပါသေးတယ်။ နယ်ချဲ့စနစ်နဲ့ ဖက်ဆစ်စနစ်အကြောင်း၊ ဘာကြောင့် ဒီစနစ်ကို တော်လှန်ရကြောင်း စသည်ဖြစ်ပါတယ်။ စစ်သင်တန်းဆင်းပြီး လေထီးသင်တန်းတက်ရပါတယ်။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချတတ်တော့မှ စစ်လက်နက်၊ ဝိုင်ယာလက် စသည် အပြည့်တပ်ဆင်ပြီး မဟာမိတ်စစ်သားများနဲ့အတူ ဗမာပြည်ထဲကိုဆင်းပြီး ဗမာပြည်တွင်းက ပြောက်ကျားတပ်တွေနဲ့ ပူးပေါင်း တိုက်ခိုက်ကြပါတယ်။ သမ္မတကြီးမန်းဝင်းမောင်၊ မန်းတက္ကသိုလ်ပါမောက္ခချုပ် ဦးကျော်ရင်(သံတွဲဦးကျော်ရင်) ၊ ကာနယ်ချစ်ကောင်း၊ ကွန်မြူနစ်ခေါင်းဆောင် – နှစ်ကျွန်းပြန်ဦးအုန်းမောင်၊ သခင်လှကွန်း စတဲ့ပုဂ္ဂိုလ်များဟာ လေထီးတပ်သားဟောင်းကြီးတွေပါ။ အမေရိကန်ဝမ်းအိုဝမ်းနဲ့ ဆက်သွယ်တဲ့ လေထီးတပ်သားတွေလဲ ရှိပါသေးတယ်။
စပ်မိလို့ပြောရရင် ဂျပန်ကို သွားတဲ့ရဲဘော်သုံးကျိပ်ဟာ သခင်ဂိုဏ်းနှစ်ခုက ကြုံရာကျဘမ်းလွှတ်လိုက်လို့ လူမသန့်ပါဘူး။ အိန္ဒိယကိုလွှတ်လိုက်သူတွေက လူသန့်တယ်။ ပညာတတ်တွေကိုရွေးပြီး နိုင်ငံရေးသင်တန်းဆင်းပြီးမှ လွှတ်လိုက်သူတွေဖြစ်ပါတယ်။ သူတို့အကြောင်းကို ရဲဘော်သုံးကျိပ် တော်လှန်ရေး ရေးရပါအုံးမယ်။ ရဲဘော်သုံးကျိပ်မှာ (၁)ဗိုလ်ချုပ်အောင်ဆန်းပါလို့ (၂)ဗိုလ်နေဝင်းပါလို့ မော်ကွန်းထိုးခွင့်ရပါတယ်။ အနောက်ဖက်ကိုသွားကြသူတွေက ကွန်မြူနစ်တွေဖြစ်ကုန်ကြတာများလို့ မော်ကွန်းထိုး မခံရပါဘူး။ ခုတော့ တက္ကသိုလ်သမိုင်းဆရာများ မဟာဘွဲ့၊ ပါရဂူဘွဲ့စာတမ်းတွေရေးကြပြီး စာအုပ်တွေ ထုတ်သင့်ပါပြီ။
ဂျပန်ပြန်များနှင့် အိန္ဒိယပြန်များ နှစ်ဖွဲ့လုံးဘဲ ဖက်ဆစ်တော်လှန်ရေးမှာ ညီညီညွတ်ညွတ်နဲ့ ရှေ့တန်းက လက်တွဲတိုက်ခိုက်ခဲ့ကြလို့ တော်လှန်ရေးကြီးဟာအောင်မြင်ခဲ့တာ၊ နာမည်ကျော်ခဲ့တာ ဖြစ်ပါတယ်။ ဗမာသမိုင်းတခုလုံးမှာ ညီညွတ်မှုအရှိဆုံးနဲ့ အပြောင်မြောက်ဆုံးတော်လှန်ရေးကြီးလို့ ယူဆပါတယ်။ ဒီပြည်သူ့တော်လှန်ရေးကြီးကို ဗိုလ်နေဝင်းက `တပ်မတော်နေ့´ လို့ နာမည်ပြောင်းယူပြီး `တော်လှန်ရေးနေ့´ ကို ဖျောက်ပစ်ပါတယ်။ တပ်မတော်ဖွဲ့တာက ၁၉၄၁ ဒီဇင်ဘာ ၂ ပေါ့။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖွဲ့ခဲ့တာ။ဒါမှ တပ်မတော်နေ့ပါ။ ဗိုလ်နေဝင်းလုပ်ပုံဟာ ပထမအချက်က တော်လှန်ရေးတရပ်ကို စစ်တပ်က တဦးတည်းမောင်ပိုင်စီးတာ၊ ဒုတိယအချက်က `တော်လှန်ရေး´ဆိုတဲ့စကားလုံးကို မကြားဝံ့၊ မကြားရဲ၊ မကြားချင်လို့ဖျောက်ပစ်တာ ဖြစ်ပါတယ်။ ဒါကြော်င့် ပြည်သူ့တော်လှန်ရေးနေ့ကို ပြည်သူထံပြန်ပေးဖို့ ခုတက်လာတဲ့ အရပ်သားအစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးထံမှာ အားကိုးတကြီး ပန်ကြားလိုက်ပါတယ်။
မကောင်းတဲ့အယူဝါဒ၊ မကောင်းတဲ့စနစ်တွေရှိနေသေးသမျှ တော်လှန်ရေးဆိုတာ ရှိနေမှာပါပဲ။ ဒါကြောင့် သမိုင်းမှာဂုဏ်ရောင်ပြောင်တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ ဖြစ်စဉ်ဖြစ်ရပ်နဲ့သဘောသဘာဝကို အမြဲဆင်ခြင် သယ်ဆောင်သွားကြရမယ်လို့ယူဆပြီး ` ငါတို့ ဖက်ဆစ်တော်လှန်ရေးနေ့ ပြန်ပေး ´ လို့တောင်းဆိုလိုက်ရပါတယ်။
ကျနော် မောင်စွမ်းရည်ပါ။

Tuesday, March 22, 2016

စစ်တွေဆန္ဒပြပွဲသည် ဥက္ကဋ္ဌဦးအေးမောင်၏ (၃/၂ဝ၁၆) လား

0 comments
စစ်တွေဆန္ဒပြပွဲသည် ဥက္ကဋ္ဌ ဦးအေးမောင်၏ (၃/၂ဝ၁၆) လား
မတ် ၁၃၊ ၂ဝ၁၆
အောင်ကျော်သာ (စစ်တွေ)

ရခိုင့်နိုင်ငံရေး အကွဲအပြဲနှင့်အတူ ဒေါက်တာအေးမောင်၏ နိုင်ငံရေးမျက်နှာဖုံး မသိမသာကွာကျလာသည်။ ရခိုင့်နိုင်ငံရေးအကွဲအပြဲဟု ဆိုသည်ထက် ရခိုင်အမျိုးသားပါတီ၏အကွဲအပြဲဟုပြောလျှင် ပိုမှန်လိမ့်မည်။ တချို့ကလည်း အဆိုပါအသုံးအနှုန်းကို သဘောတွေ့ကြမည် မထင်။ (၁/၂ဝ၁၆) ကို ထုတ်ပြန်သည့်အချိန်က ပါတီတွင်းခေါင်းဆောင်များကလည်း သွေးပူနေတုန်း အကြိုက်တွေ့ကြဟန်တူသည်။ ပြည်သူများကလည်း (၁/၂ဝ၁၆)၏ ပြောင်မြောက်သည့်စကားလုံးများအောက်တွင် နစ်မျောသွားသည့်သဘောရှိသည်။ သို့သော် ထုတ်ပြန်ကြေညာချက်၏ နောက်ဆက်တွဲ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)မှ ဗဟိုကော်မတီ(၆)ဦး ရန်ကုန်သတင်းစာရှင်းလင်းပွဲနှင့် ပန်းနီလာ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်လိုက်သည့်အချိန်တွင် အင်အားစုနှစ်ရပ်၏အားပြိုင်မှုသည် အထွတ်အထိပ်သို့ရောက်လာခဲ့သည်။ ထို့အတူ Facebook အသိုင်းဝိုင်းတွင်လည်း ရခိုင်အချင်းချင်း နိုင်ငံရေအမြင်ရှိသူနှင့် မရှိသူ၊ ဒေါက်တာအေးမောင်အား ထောက်ခံသူနှင့် မထောက်ခံသူ စသည့်အင်အားစုများအသီးသီး ကွဲပြားသွားခဲ့ရသည်။

တကယ်တော့ အဆိုပါထုတ်ပြန်ကြေညာချက်ကို ANP ပါတီ၏ နိုင်ငံရေးရပ်တည်ချက်တခုဟု နားလည်ထားကြသော်လည်း အမှန်တကယ်တွင် ထိုကြေညာချက်သည် သကြားအုပ်ထားသော ဆေးခါးကြီးတမျိုးသာဖြစ်သည်။ ဒေါက်တာအေးမောင်အတွက် ဆူးငြောင့်ခလုတ်ဟုယူဆရသော ဦးအေးသာအောင်အမှူးပြုသည့်အုပ်စုကို အဆိုပါ ဆေးခါးကြီးတိုက်ကျွေးလိုက်ခြင်းဖြစ်သည်။ တနည်း ပြောရလျှင် ဒေါက်တာအေးမောင်၏ မိမိကိုယ်ကိုအရောင်တက်ရေးအတွက် ရန်သူရှာဖွေသည့်ပေါ်လစီဖြစ်သည်။ ရန်သူမရှိလျှင် ထောက်ခံမှုကျဆင်းသည်ဟုယူဆသည့် အမုန်းတရားအခြေပြုပေါ်လစီ ဖြစ်သည်။

(၁/၂ဝ၁၆)ကို တဘက်အုပ်စုကလက်မခံနိုင်သည့်အတွက် ထုတ်ပယ်လိုက်ပြီးနောက် အဆိုပါရပ်တည်ချက်အတိုင်း အတိုက်အခံအဖြစ် ရပ်တည်ရေးသာ ပြင်ဆင်ရန်လိုအပ်လာသည်။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က အဖက်မလုပ်သည့်အခါ ဒေါက်တာအေးမောင်၏ ယခင်မူလဗျူဟာသည် အလုပ်မဖြစ်သည့်အနေအထားကို တွေ့လာကြရသည်။ သူ့ပေါ်လစီကိုအခြေပြုသော အဆိုပါ ထုတ်ပြန်ချက်ကြောင့် NLD သည် အကျပ်ရိုက်ပြီးလက်ကမ်းလာမည်ဟု အစပိုင်းက ယူဆထားပုံရသည်။ မကမ်းလှမ်းလာပါကလည်း NLD အား ရခိုင်လူထုက မုန်းတီးရန်၊ ဗမာဆိုသည့်အစွဲဖြင့် ရခိုင်လူထုအုံကြွလာမည်ကိုထည့်တွက်ပြီးသားဖြစ်လိမ့်မည်ဟု ယူဆရသည်။ သို့သော် ရခိုင်လူထုသည် Facebook ပေါ်တွင် ပေါက်ကွဲပြရုံမှတပါး အပြင်သို့မထွက်လာချေ။ ကျန်ပါတီတွင်းခေါင်းဆောင်များကလည်း လိုလားမှုကို မပြကြသည့်အဆုံး သူ့ပေါ်လစီကျဆုံးမှုကိုကာမိစေရန်၊ ယခုအခါ စစ်တွေ ပါတီရပ်ကျေးကို တာဝန်ပေး၍ဆန္ဒပြခိုင်းရသည့်အဆင့်သို့ ရောက်လာခဲ့ရသည်။ တနည်းအားဖြင့်ပြောရလျှင် စားပွဲဝိုင်းနိုင်ငံရေးမှ လမ်းပေါ်နိုင်ငံရေး ချောဆင်းပေးရသည့်သဘောရောက်လာခဲ့သည်။

သည်နေရာတွင် တချို့သူများပြောနေကြသကဲ့သို့ ပြည်နယ်တွင် မဲအများစုအနိုင်ရပါတီအနေဖြင့် တောင်းပိုင်ခွင့်ရှိသည်၊ ဖယ်ဒရယ် ပြည်ထောင်စုမူကို NLD လက်ခံလျှင် ဝန်ကြီးချုပ်ကို ANP ရသင့်သည်ဟုအကောက်အယူများလည်း ရှိသည်။ မှန်ပါသည်၊ အမှန်တရားလည်း ဖြစ်သည်။ ထို့အတူ NLD ဘက်ကလည်း ပေးပိုင်ခွင့်ရှိသလို၊ မပေးပိုင်ခွင့်ရှိသည်မှာလည်း အမှန်တရားပင်ဖြစ်သည်။ သို့သော် သည်နေရာတွင် အရေးအကြီးဆုံးအချက်တချက် ရှိနေသည်။ ANP က ဦးဆောင်ပြီးအစိုးရဖွဲ့ခွင့်မရှိလျှင် အတိုက်အခံအဖြစ်ရပ်တည်မည်ဆိုသည့် မူ ဖြစ်သည်။ မပေးလျှင် အတိုက်အခံအဖြစ် ရပ်တည်ရုံသာရှိသည်။ သို့သော် လက်တွေ့တွင် ထိုသို့မဟုတ်။ မပေးလျှင် ဆန္ဒပြခိုင်းရသည့်အဆင့်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ကိုယ်ကိုတိုင် လက်နှင့်ရေးသည်ကို ခြေနှင့်ဖျက်သကဲ့သို့ ဖြစ်နေသည်။ ပါတီ၏နိုင်ငံရေးသိက္ခာ၊ ရခိုင်တို့၏ နိုင်ငံရေးသိက္ခာကို မြောင်းထဲ ချလိုက်သကဲ့သို့ဖြစ်သည်။ ယခင်က အစိုးရဖွဲ့ခွင့်ရရေးမှ လာမည့်ဆန္ဒပြပွဲကြွေးကြော်သံအဖြစ် “ရခိုင်အမျိုးသားပါတီ သဘောထားထုတ်ပြန်ချက်အား အလေးအနက်ထားဆောင်ရွက်ပေးရေး”ထိ အသနားခံလမ်းစဉ်သို့ နိမ့်ဆင်းသွား ခဲ့သည်။ တနည်းအားဖြင့်ဆိုသော် အဆိုပါဆန္ဒပြပွဲသည် ပါတီ၏ (၃/၂ဝ၁၆)ထုတ်ပြန်ချက်ဟု ဆိုနိုင်သည်။ ဂျပန်ဆန္ဒပြပွဲ၏ကြွေးကြော်သံ မက်ဆစ်သည် “ANP အား ဝန်ကြီးချုပ်နေရာပေးရေး” ဖြစ်သည်။

ဦးအေးမောင်၏ နိုင်ငံရေး ရှေ့မတိုးနိုင်သည့်ပေါ်လစီနှင့်အတူ အင်လိုင်း(အွန်လိုင်း)တက်ပွဲ၊ အင်(အွန်)လိုင်း ဆွမ်းတော်ကြီးလောင်းပွဲ များလည်းကပ်ပါလာသည်။ အဆဲသန်သူများ၏ နိုင်ငံရေးရေရှိန်(ချိန်)ကိုလည်း အများစုတွေ့မြင်လာရသည်။ ဒေါက်တာအေးမောင်ကို ထောက်ခံသူများက ဥက္ကဋ္ဌလုပ်ရပ်မှန်သည်၊ ထုတ်ပယ်သင့်သူကို ထုတ်ပယ်လိုက်မှ ရှေ့ဆက်သွားနိုင်မည်၊ အဆိုပပုဂ္ဂိုလ်များသည် သစ္စာဖောက်များဖြစ်သည်၊ စံရေဖွေများဖြစ်သည် စသည်ဖြင့်ပြောကြသည်။ အမှန်တကယ်အားဖြင့်ဆိုလျှင် အဆိုပါအဆဲသန်သူများအား နိုင်ငံရေးဖတ်စာ မကျေညက်ကြသူများဟုဆိုလျှင် လွန်မည် မထင်။ အချို့ကလည်း ရိုးရိုးသားသား ရခိုင့်နိုင်ငံရေးအင်အားစုများညီညွှတ်ရေးကို မြင်လိုသူများ၏ ဂရုဏဒေါသလည်း ဖြစ်ကောင်းဖြစ်ပေမည်။ အများကြိုက်ဝါဒ (Populism)၏ သဘော၊ (Populist)များ၏သဘောသဘာဝကို သိရှိထားပါမှာ ယခုလက်ရှိဖြစ်ပျက်နေသော ရခိုင့်နိုင်ငံရေးအကျပ်အတည်းကို အတော်အတန် တီးမိခေါက်မိနိုင်မည်ဟုယုံကြည်မိသည်။
ရခိုင်အများစုသည် စကားလုံးဝေါဟာရအဆင်တနဆာများဖြင့် ပြောနိုင်ဟောနိုင်သူကို အထင်တကြီးရှိတတ်သည့်သဘောရှိသည်။ ထို့အပြင် ဒေါက်တာဆိုသည့် ဘွဲ့ထူး၊ ဂုဏ်ထူးအားလည်း လေးစားတန်ဖိုးထားတတ်သူများလည်း ဖြစ်သည်။ ပညာကို လေးစားတန်ဖိုးထားသည့် အခံကြောင့်လည်း ဖြစ်ပေမည်။ အများစုအမြင်တွင် ဒေါက်တာဆိုသူများသည် အများထက် ခေါင်းတလုံးသာသူဟု မသိစိတ်တွင်ကိန်းအောင်း နေတတ်ကြသည်။ ပညာရှိပြောလျှင်မှန်သည်ဟု မျက်စိမှိတ်ယုံမိတတ်ကြသည်။ သည်နေရာတွင် တခုမေးလိုသည်မှာ ဒေါက်တာ အေးမောင်ကို ထောက်ခံသူအများစုအား ဒေါက်တာအေးမောင်သည် မည်ကဲ့သို့သောဒေါက်တာဖြစ်သနည်းဟု မေးကြည့်ပါ၊ ဆေးကုသော ဒေါက်တာဟုပြောကြမည့်သူ အများအပြားရှိနေပေလိမ့်မည်။ ၎င်းသည် ငြင်းမရသည့်အမှန်တရားဖြစ်ကောင်း ဖြစ်ပေမည်။

တိုင်းပြည် တပြည်၊ လူမျိုးတမျိုး ဆင်းရဲကျပ်တည်းမှု၊ မျှော်လင့်ချက်မဲ့မှု၊ အထီးအကျန်ဆန်မှုနှင့်ကြုံတွေ့ရသည့်အခါ မင်းလောင်းမျှော် အစွဲ၊ ကယ်တင်ရှင်အစွဲများ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ပေါ်လာတတ်ကြသည်။ ထိုအခြေအနေမျိုးတွင် အများကြိုက်ဝါဒီ၊ အများကြိုက် နိုင်ငံရေးသမားများ နေရာရလာကြသည်။ “မုသာဝါဒနိုင်ငံရေး” ထွန်းကားလာတတ်သည်။ လက်တွေ့ ဖြစ်နိုင်၊ မဖြစ်နိုင်ထက် လူအများ၏ ရင်ထဲကို ထိမိ ချ(ရှ)မိသည့်စကားလုံးများကိုပြောနိုင်သူများ လူထုထောက်ခံမှု အချိန်တိုအတွင်းရတတ်ကြသည်။ တနည်းပြောရလျှင် (Band Wagon) လူအများစုကထောက်ခံနေကြပြီဟု တွင်တွင်သုံးပြီး (Mobocracy)လူအုပ်ဝါဒနှင့် (Democracy)ဒီမိုကရေစီကို ရောချတတ် ကြသည်။ ကမ္ဘာ့သမိုင်းတွင် ဟစ်တလာသည် နှစ်ပေါင်း(၂ဝ)ကြာ ဂျာမနီပြည်၏ နိုင်ငံရေး၊ စီးပွားရေးကျပ်တည်းနေသည့်အချိန်ကာလတွင် စင်ပေါ်ရောက်ခဲ့သူဖြစ်သည်။ ခေတ်သစ်သမိုင်းတွင် အနီးစပ်ဆုံးဥပမာပြရပါက အိမ်နီးရှင်း(ချင်း)နိုင်ငံတနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ ဖြစ်သည်။ (၁၉၉၇) အာရှစီးပွားရေးပျက်ကပ်နှင့်အတူပြိုလဲခဲ့သော ထိုင်းစီးပွားရေးကြောင့် မျှော်လင့်ချက်မဲ့နေမှုအား သက်ဆင်၏စကားလုံးများဖြင့် သူနှင့်သူ့ပါတီ အာဏာရရှိလာခဲ့သည်။ အာဏာရလာပြီးနောက် လူထုကြိုက် ပေါ်လစီများ ချက်မှတ်လာခဲ့သည်။ ပညာရှင်များက ဝေဖန်ထောက်ပြခဲ့ကြသော်လည်း အများကြိုက်ဖြစ်သောကြောင့် ထိုးမဖောက်နိုင်ခဲ့။ နောက်ပိုင်း မဖုံးနိုင်မဖိနိုင် လာဘ်စား ခြစားမှုများ၊ အစိုးရအခွင့်အာဏာသုံးပြီး မိသားစုစီးပွားရေးကြီးထွားအောင်ဆောင်ရွက်မှုများ ပေါ်ပေါက် လာခဲ့ရသည်။

ယနေ့ လက်ရှိ ရခိုင်ပြည်အခြေအနေကို သုံးသပ်ရာတွင် ရခိုင်လူထု၏ နိုင်ငံရေး ရေရှိန်(ချိန်)၊ မီဒီယာ စာတတ်မြောက်မှု (Media Literacy) အခြေအနေများကိုလည်းထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ပြည်မအခြေပြုမီဒီယာများက ပါတီအကွဲအပြဲအကြောင်းကို ရေးကြသားကြလျှင် ဗမာလူမျိုးများက ရခိုင်လူမျိုးများအားသွေးခွဲနေသည်ဟု မီဒီယာအပေါ် ရခိုင်အချို့၏အမြင်သည် ရှေးရိုးဆန်လွန်းအားကြီးနေသည်။ မီဒီယာကို မီဒီယာကဲ့သို့ သုံးသပ်ဝေဖန်ထောက်ပြသည့်တာဝန်ကို သဘောမပေါက်ခြင်းဟုဆိုနိုင်သည်။ ခေတ်သစ်တွင် မရိုးမသား၊ မမှန်မကန်လုပ်သည့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျှ မီဒီယာကိုလိမ်ညာ၍ မရနိုင်ချေ။ ရသည်ဆိုလျှင် တာရှည်လိမ်ညာထားရန် မဖြစ်နိုင်ချေ။ ပါတီ၊ အဖွဲ့အစည်းများသည် မီဒီယာနိုင်ငံရေး၏အတို့အထောင်၊ အထိုးအကြိတ်ဒဏ်ကို ခံနိုင်သည့်စွမ်းရည်လည်းရှိရန် လိုအပ်လာသည်။

တကယ်တော့ ရခိုင်လူထုအများစုသည် ဗမာစစ်အုပ်စု၏ (၂ဝ၁ဝ)နိုင်ငံရေး တံခါးဖွင့်ခြင်း၊ မီဒီယာလွတ်လပ်ခွင့်ပြုခြင်း၊ ဆက်သွယ်ရေးလိုင်း၊ အင်တာနက်လိုင်းများ ကောင်းမွန်လာခြင်းတို့ကြောင့် တစုံတရာ နိုင်ငံရေးနိုးကြားမှု၊ နိုင်ငံရေးဆိုင်ရာအသိအမြင် ရရှိလာခဲ့ရသည်။ ထိုအချိန်ကာလနှင့် (The Rise of Dr. Aye Maung) ဒေါက်တာအေးမောင်၏ စမ်း(စန်း)တက်ချိန်နှင့် အချိန်ကိုက်ဖြစ်လာခဲ့သည်။ ထိုအခြေနေကို ထပ်ဆင့်တွန်းတင်ပေးလိုက်သည်မှာကား ကုလား-ရခိုင်အဓိကရုဏ်း ဖြစ်သည်။ တကယ်တော့ ဒေါက်တာအေးမောင်သည် လူထုစိတ်ပညာကို အတိုင်းအတာတခုထိ ကျွမ်းကျင်ပိုင်နိုင်သူတဦးဆိုသည်ကို ဝန်ခံရမည်ဖြစ်သည်။ ရခိုင်လူထု၏အငုံ့စိတ်ကို ဒေါက်တာအေးမောင်က ပွင့်အန်ထွက်လာအောင်အသုံးချခြင်းလည်း ဖြစ်သည်။ ရခိုင်ပြည်သူလူထုအများစုသည် (၂ဝ၁ဝ)၏ဟိုဖက်နိုင်ငံရေး ဖြတ်သန်းမှုကို သိသူနည်းသည်။ သိရန်လည်း မလွယ်၊ လေ့လာစရာလည်း မရှိ၊ ရေဒီယိုနားထောင်သူလောက်သာ ဗမာပြည်နိုင်ငံရေး၊ ရခိုင်ပြည်နိုင်ငံရေးကို တီးမိခေါက်မိရုံသာရှိသည်။ စာပေ၊ မီဒီယာများနှင့်လည်း မနီးစပ်ကြသည့်အတွက် ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးခိုင်ပြည်စိုး၊ ဒေါ်အေးနုစိန် စသည့်ပုဂ္ဂိုလ်များအား လေးစားကောင်းရမှန်း မသိ။ သူတို့ ပေးဆပ်စွန့်လွှတ်မှုများကိုလည်း နားမလည်ကြချေ။ ယနေ့အချိန်တွင် အဆိုပါနိုင်ငံရေးသမားများမှာ ရခိုင်အချို့၏ တိုက်ခိုက်စရာ၊ ဆွမ်းတော်ကြီးလောင်းစရာဖြစ်နေသည်။ သူတို့၏ တွံတွေးခွက်တွင်မျောရသည့်အဖြစ်ကို ရောက်နေကြရသည်။

စာရေးသူအမြင်တွင် နိုင်ငံရေးခေါင်းဆောင်ဆိုသူများသည် လူထု၏ နိမ့်ကျနေသော နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးအတွေးအခေါ်များကို မြှင့်တင်ပေးရန်တာဝန်ရှိသည်ဟု နားလည်သည်။ သို့သော် ဒေါက်တာအေးမောင်သည် အဆိုပါတာဝန်ကိုကျေပွန်သည့် ခေါင်းဆောင်တဦး တော့ မဟုတ်ချေ။ လူထု၏ပေါက်ကွဲချင်သောစိတ်ဓာတ်ကို မီးထိုးပေးသူတဦးသာ ဖြစ်သည်။ ကုလားမုန်းတီးရေးစိတ်၊ ဗမာမုန်းတီးရေးစိတ်ကို သူ၏ ပုဂ္ဂိုလ်ရေးသြဇာကျယ်ပြန့်ရေးအတွက် အသုံးချနေခြင်းသာဖြစ်သည်။ ရွေးကောက်ပွဲမတိုင်မှီက DVB Debate တခုတွင် ဒေါက်တာ အေးမောင် က ပြည်မတွင် NLD ကို မဲပေး၊ ပြည်နယ်တွင် ANP ကို မဲပေးဟု ပြောဖူးသည်။ ထိုအချိန်ထိ ဒေါက်တာအေးမောင်၏ရင်ထဲတွင် NLD အပေါ်မုန်းတီးရေးအဃာတ မရှိသည်ကို လေ့လာတွေ့ရှိရသည်။

ဗမာပြည်တွင် ရွေးကောက်ပွဲအပြီး နိုင်ငံရေးပုံစံနှစ်မျိုးရှိသည်ဟု အကြမ်းအားဖြင့်ယူဆနိုင်သည်။ တမျိုးက နိုင်ငံရေးအပေးအယူကိစ္စကို လွှတ်တော်အတွင်း ညှိနှိုင်းအဖြေရှာရေး၊ နောက်တမျိုးက လမ်းပေါ်ထွက်နိုင်ငံရေး Street Politics ဖြစ်သည်။ လွှတ်တော်ဘောင်ထဲမှ မရှင်းဘဲ လမ်းပေါ်ထွက်ဆန္ဒပြခြင်းဖြစ်သည်။ လမ်းပေါ်ထွက်နိုင်ငံရေးကို နိုင်ငံရေးအီလစ်များက ကစားတတ်သည့်သဘောရှိသည်။ ထိုင်းနိုင်ငံတွင် သက်ဆင်အခြေပြု အနီ၊ အဝါတိုက်ပွဲသည် ပြင်းထန်ခဲ့သည်။

ဒေါက်တာအေးမောင်၏နိုင်ငံရေးဖြတ်သန်းမှုသမိုင်းကြောင်းကို ပြန်ကြည့်လိုက်လျှင် (၂ဝ၁ဝ)ဟိုးရှေ့ဘက်တွင် သူ၏ နိုင်ငံရေးဖြတ်သန်းမှုဟူ၍ မည်မည်ရရ မရှိချေ။ (၂ဝ၁ဝ)ရွေးကောက်ပွဲအတွက် ပါတီများဖွဲ့ခွင့်ပြုလိုက်သည့်အခါ ရရှိလာမယ့် Space တခုအတွက် ပါတီထောင်ရန် ကြိုးပမ်းနေကြသည့် ဦးဦးလှစောအမှုးပြုသည့် နိုင်ငံရေးစိတ်ဝင်စားသူများနှင့် ဒေါက်တာအေးမောင်တို့ဆုံမိကြပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဖွဲ့စည်းခဲ့ကြသည်။ ထိုအချိန်က ပါတီထူထောင်ကြသည့်ခေါင်းဆောင်အများစုကလည်း “ဒေါက်တာ” ဆိုသည့်ဂုဏ်ပုဒ်သည် မွေးဖွားစပါတီတခုကို အရောင်ပိုထွက်စေနိုင်သည်ဟု ရိုးသားစွာသုံးသပ်ကာ ဒေါက်တာအေးမောင်အား ပါတီခေါင်းဆောင်ကြီးအဖြစ် ပွဲထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ (၂ဝ၁ဝ) မှ (၂ဝ၁၅)၊ သူ၏ (၅)နှစ်တာ ဖြတ်သန်းမှုကာလ ဗမာပြည်၊ ရခိုင်ပြည်၏ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများက ဒေါက်တာအေးမောင်အား နိုင်ငံရေးအီလစ်တယောက်အဖြစ်သို့ မွေးထုတ်ပေးလိုက်သလို ဖြစ်ခဲ့သည်။ အဆိုပါ အခြေအနေတွင် ပြည်သူများ၏ နှစ်ပါတီကြွေးကြော်သံအောက်တွင် တဘက်ပါတီမှ အီလစ်တဦး(သို့) မြန်မာ့ဒီမိုကရေစီဖြတ်သန်းမှု၏ လူသန်ကြီး ဦးအေးသာအောင်နှင့် တပူးတတွဲရှိလာရသည်။ နှစ်ပါတီ ခေါင်းဆောင်နှစ်ဦး အပြိုင်ဖြစ်လာသည်။ ဒေါက်တာအေးမောင် အတွေးထဲတွင် ဦးအေးသာအောင်အား ပြိုင်ဘက်တဦးကဲ့သို့သဘောထားသည့် ပုံစံရှိခဲ့သည်။ နှစ်ပေါင်း(၂ဝ)ကျော် မှတ်ကျောက်တင်ခံ ဦးအေးသာအောင်သည် (၅)နှစ်သက်တမ်းရှိ ညီလေးဒေါက်တာအေးမောင်ကို သဘောထားကြီးကြီးဖြင့် ဥက္ကဋ္ဌရာထူးအတွက် အပြိုင် ထမရပ်ဘဲ ငြိမ်ခံနေခဲ့သည်။ သို့သော် အများသိကြသည့်အတိုင်း (၂ဝ၁၅)ရွေးကောက်ပွဲက ဒေါက်တာအေးမောင်၏ ခွက်ခွက်လှန်အရှုံး (NLD ကို မနိုင်ရုံသာမက USDP ကိုတောင် မနိုင်သောကြောင့်)က နိုင်ငံရေးအီလစ်တဦး၏ ပါဝါကျဆင်းခန်းကို မထင်မှတ်ဘဲရောက်လာခဲ့ရသည်။ ထိုပါဝါအကျကိုကာမိစေရန် သူ၏တပည့်သားမြေးများက ထောက်ခံပွဲများပြုလုပ်ပေး၍ အရောင်ပြန်တင်ပေးကြသည်။ သို့သော် ထင်သလောက် မတက်လာ။ တချိန်က မီဒီယာလောကတွင် ဟိုလေးတကျော်ကျော်ဖြစ်ခဲ့သော မိုက်အထိုးခံဘဝကို လွမ်းသလိုလိုရှိပြီး အနာဂတ် ပြောခွင့်ပျောက်မည့်အရေး၊ ပါတီတွင်း ပါဝါကျဆင်းမည့်အရေးကို တွေးပူမိသလိုရှိလာခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်တက်ရောက်ခွင့်ရသည့်အနေအထားနှင့် သူအနေထားကို မတင်းတိမ်နိုင်။ လွှတ်တော်အမတ်မဟုတ်သောကြောင့် လွှတ်တော်ဆိုင်ရာ အင်တာဗျူးပြောခွင့် မရသည့်နောက်၊ လမ်းပျောက်နေသောဒေါက်တာအေးမောင်သည် ရခိုင်သားများ၏စိတ်အခံအား အသုံးချပြီး၊ တချက်ခုတ် သုံးလေးချက်ပြတ်နိုင်သည်ဟု တွက်ဆထားသည့် Anti-NLD Policy ကို လိုင်းတင်လာခဲ့သည်။ ထိုပေါ်လစီဖြင့်ပင် NLD ဘက်ယိမ်းသည့် ALD အုပ်စုကိုလည်း ထုတ်နိုင်၊ ရခိုင်ပြည်သူလူထု၏ထောက်ခံမှုကို တဖန်ပြန်ရသည့် လမ်းစဉ်မှားဖြင့် သူ့နိုင်ငံရေး အနာဂတ်ကို လျှောက်လှမ်းလျက်ရှိနေသည်။

နိဂုံးချုပ်ရလျှင် ပါတီမှ ကျန်ခေါင်းဆောင်များသည် ဒေါက်တာအေးမောင်၏ပေါ်လစီအမှားကို သိသိကြီးနှင့်လက်ရှောင်နေကြသည့် အနေအထားတွင် ရှိသည်။ ဆန့်ကျင်ပြောမိလျှင် ပါတီအကွဲအပြဲ၊ ဥက္ကဋ္ဌကြီး၏ အရှက်သိက္ခာကို ပိုခွဲသလိုဖြစ်မည်စိုး၍ ငြိမ်ခံနေကြခြင်း ဖြစ်သည်။ ပါတီသိက္ခာ၊ မိမိတို့၏ဂုဏ်သိက္ခာအတွက် နှုတ်ဆိတ်နေကြခြင်းသာဖြစ်သည်။ သို့သော် ဒေါက်တာအေးမောင်ကို ထောက်ခံသူများက ထိုကဲ့သို့နှုတ်ဆိတ်နေခြင်းအား ဥက္ကဋ္ဌကြီးပေါ်လစီအား ပါတီထုတရပ်လုံးထောက်ခံခြင်းဟု အမှတ်မှားနေကြသည်။ ပြောင်းပြန်စဉ်းစားပါက အဆိုပါခေါင်းဆောင်များသည် ဒေါက်တာအေးမောင်ကို မှားခွင့်ပေးထားပြီး မှတ်တမ်းယူနေခြင်းလည်းဖြစ်နိုင်သည်။ သို့ရာတွင် အထူးစိတ်ဝင်စားဖွယ်အချက်တချက်မှာ ဒေါက်တာအေးမောင်ကိုဖယ်ရှားပြီး ခေါင်းဆောင်တက်လုပ်မည့်သူမရှိသည့် ပြဿနာ ဖြစ်သည်။ ၎င်းသည် ဒေါက်တာအေးမောင်အတွက် အခွင့်အရေးတရပ်လည်း ဖြစ်သည်။ ထို့ကြောင့် (၁/ ၂ဝ၁၆) နောက်ဆက်တွဲ ပါတီအကွဲအပြဲနှင့် ဥက္ကဋ္ဌကြီး၏ပေါ်လစီအမှားများသည် ခေါင်းဆောင်လုသည့်ပြဿနာ မဟုတ်ဘဲ၊ ခေါင်းဆောင်ရှားပါးသည့်ပြဿနာသာ ဖြစ်သည်ဟု မြင်မိပါသည်။
(ယခုဆောင်းပါးသည် စာရေးသူ အောင်ကျော်သာ (စစ်တွေ) ၏ အာဘော်သာ ဖြစ်ပြီး RAKHAPURA REVIEW ၏ အာဘော် မဟုတ်ကြောင်း သိစေအပ်ပါသည်။)
RAKHAPURA REVIEW
Facebook Page

Monday, March 21, 2016

အရှည်ကြာဆုံးပြည်တွင်းစစ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဇာတ်မျောကြီး

0 comments

ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပြည်တွင်းစစ်ရှိနေပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတယ်ဆိုတာတွေကို အကြိမ်အများဆုံး လုပ်တဲ့နိုင်ငံ၊ အဲဒီဆွေးနွေးပွဲတွေကို အချိန်အတိုဆုံးနဲ့ အကြာဆုံးလုပ်တဲ့နိုင်ငံကို ပြောပါလို့ဆိုရင် လူတိုင်းက ဗမာပြည်လို့ပဲ ပြောကြမှာပါ။ ဒီပြည်တွင်းစစ်ကြီး ဘယ်လိုက စဖြစ်တာလဲဆိုတာကို အခုအခါမှာ အထူးအငြင်းပွားစရာ မရှိတော့ဘူး ထင်ပါတယ်။ 
 
၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ရက်နေ့မှာစတင်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ အုပ်စိုးသူ ဖဆပလ – ဆိုရှယ်လစ် အစိုးရက ဒီမိုကရေစီအခွင့်အရေးတွေကိုရိုက်ချိုးကာ လက်နက်နဲ့ဖိနှိပ်ပြီး ကွန်မြူနစ်ပါတီကို အမြစ်ပါတူးပစ်ဖို့စီမံလာတဲ့အတွက် ကွန်မြူနစ်တွေဟာ ခုခံဖို့လက်နက်ကိုကိုင်ခဲ့ရပါတယ်၊ အဲဒီကနေ ဖဆပလအစိုးရရဲ့ ခြေလှမ်းတွေကိုမြင်ကြတဲ့ တခြားနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေလည်း လက်နက်ကိုင်ခဲ့ကြပါတယ်။


၁၉၅ဝ စုနှစ်များရဲ့အစပိုင်းမှာ ဗမာပြည်ထဲကို ကူမင်တန်တရုတ်ဖြူတပ်တွေ ကျူးကျော် ဝင်ရောက်လာခဲ့ပါတယ်။ တကယ်က အဲဒီတုန်းက တရုတ်ဗမာနယ်စပ်ဆိုတာ ဘယ်အစိုးရကမှ သိပ်ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်နိုင်တာမဟုတ်ပါဘူး။ ကူမင်တန်အစိုးရလက်ထက်တုန်းကလည်း သိပ်မချုပ်ကိုင်နိုင်သလို လွတ်မြောက်စတရုတ်ပြည်ရဲ့ကွန်မြူနစ်အစိုးရဟာလည်း နယ်စပ်တွေ တည်ငြိမ်အေးချမ်းအောင်လုပ်နေရတုန်းအချိန် ဖြစ်ပါတယ်။ ဗမာပြည်မှာလည်း အလားတူပါပဲ။ ဖဆပလ အစိုးရဟာ ပြည်တွင်းစစ်နဲ့လုံးပန်းနေရချိန်မို့ နယ်စွန်နယ်ဖျားတွေကို တပ်များများမပို့နိုင်ပါဘူး။ အဲဒီတုန်းက ရှမ်းပြည်နယ်လိုနေရာမှာ နယ်ခံပဒေသရာဇ်စိုးမိုးမှုက ခိုင်ခိုင်မာမာတည်ရှိနေတုန်းလို့ဆိုရပါမယ်။ ဒီလိုနဲ့ ကူမင်တန်တရုတ်ဖြူ ကျူးကျော်မှုကို အကြောင်းပြုပြီးရောက်လာတဲ့ ဖဆပလအစိုးရစစ်တပ်တွေ ဟာ ဒေသလူထုအပေါ် အမျိုးမျိုးအနိုင်ကျင့်ရာကနေ ရှမ်းပြည်နယ်မှာ လက်နက်ကိုင် ပုန်ကန်မှုတွေ နေရာအနှံ့တိုးများလာပါတော့တယ်။ ဒီအထဲမှာ ဗိုလ်နေဝင်းတို့က စော်ဘွားတွေလက်ထဲက အာဏာကိုသိမ်းယူလိုက်တာကိုလည်း အချက်တချက်အဖြစ် ထောက်ပြလို့ရပါမယ်။
ဒီဖြစ်စဉ်နဲ့တပါတည်း အစိုးရစစ်တပ်ကို ဗိုလ်နေဝင်း-ဗိုလ်အောင်ကြီး-ဗိုလ်မောင်မောင်စတဲ့ ဆိုရှယ်လစ်အစုက လက်ဝါးကြီးအုပ်တဲ့အစီအစဉ်ကလည်း အကောင်အထည်ဖော်ပြီးမြောက်ခဲ့ပါတယ်။ ဒါရဲ့အထွတ်အထိပ်ကတော့ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲပါပဲ။ ဒီအာဏာသိမ်းပွဲဟာ ဗမာပြည်က ဗိုလ်နေဝင်းဦးဆောင်မွေးမြူခဲ့တဲ့ စစ်အုပ်စုအတွက် နောင်အာဏာသိမ်းပွဲတွေအတွက် လမိုင်းတင်တဲ့လုပ်ရပ်၊ ဝတ်စုံပြည့်ဇာတ်တိုက်တဲ့လုပ်ရပ်လို့ ပြောရမှာပါ။ ဒီတိုင်းပြည်မှာသူတို့ စစ်အုပ်စုကို ဘယ်အင်အားကမှ မခုခံ၊ မလွန်ဆန်နိုင်ကြောင်း သေချာသွားပါပြီ။ နောက်ပြီး အဲဒီလိုရတဲ့ အာဏာကိုထိန်းထားဖို့၊ ကိုယ်ပိုင်ပစ္စည်းလိုဖြစ်နေဖို့ဆိုတာ ဒီစစ်တပ်ကြီးရှိနေလို့ဆိုတဲ့ ကောက်ချက်ကိုလည်း ဆွဲနိုင်စေခဲ့ပါတယ်။
 

ဒီလက်နက်ကိုင်တပ်ကြီးကို အရပ်သားအစိုးရအနေနဲ့ အားမကိုးလို့လည်းမဖြစ်၊ တချိန်ထဲမှာ သူတို့ကို ကြောက်လည်းကြောက်နေအောင်ဖန်တီးထားတဲ့ အနေအထားကို အာမခံနိုင်အောင်ဆိုရင် ဒီလက်နက်ကိုင်တပ်ကို အင်မားကြီးမားပြီး တောင့်တင်းသထက် တောင့်တင်းအောင်လုပ်ဖို့လိုပါလိမ့်မယ်။
သူတို့အဖို့ လက်တွေ့မှာ စစ်တပ်အကြီးကြီးတခုတည်ဆောက်ရတာ မခက်ပါဘူး။ ကိုယ့်လက်ထဲမှာ အာဏာရှိနေလို့ကတော့ ကာကွယ်ရေးစရိတ်ဆိုတာကို ကိုယ်တိုးချင်သလို တိုးချဲ့လို့ရနေတာပဲ မဟုတ်လား။ ဒါ့အပြင် အဲဒီလိုတပ်ရင်းတွေတည်ဆောက်၊ လက်နက်ကြီးငယ်တွေဝယ်ရင်းနဲ့ပဲ ကိုယ့်အတွက် စားပေါက်တွေကလည်း နည်းမှမနည်းတာ။ ၁၉၉၄ ခုနှစ်ဆီတုန်းက မယ်နာပလောကိုတိုက်ဖို့ ရဟတ်ယာဉ်တွေဝယ်တာ၊ နောက်ပြီး ၂၁ ရာစု အစောပိုင်းမှာ ရုရှားနိုင်ငံက အမ်အိုင်ဂျီ ၂၉ တိုက်လေယာဉ်တွေဝယ်တာတို့မှာ စစ်ဗိုလ်တွေပွခဲ့တာ စတာတွေကိုကြည့်ပါ။
 

ဒါပေမဲ့ ဒီလိုတိုင်းပြည်ရဲ့ ဓနအင်အားနဲ့အချိုးအစားမမျှတတဲ့၊ လူဦးရေနဲ့တပ်သားအရေအတွက် အချိုးအစားက အာရှမှာအများဆုံးဖြစ်တဲ့တပ်ကြီးတခုကို ထိန်းသိမ်းထားဖို့အတွက် အကြောင်းပြစရာ လိုပါတယ်။ ဗမာပြည်ဟာ အိမ်နီးနားချင်းနိုင်ငံတွေနဲ့အဆင်မပြေဖြစ်တာ၊ တင်းမာနေတာရယ်လို့ လည်း ပြောစရာ၊ ပြစရာမရှိတော့ ပြည်တွင်းစစ်ကိုပဲအကြောင်းပြရပါတော့တယ်။ ဒီလိုနဲ့ ပြည်တွင်းစစ်မွေးထားရေးဆိုတဲ့ ဗိုလ်နေဝင်းတို့ပထမမျိုးဆက်စစ်အုပ်စုရဲ့အတွေးအခေါ် အကြံအစည်ကို အဆက်ဆက်စစ်အာဏာရှင်တွေက ဆက်ခံထိန်းသိမ်းလာခဲ့ကြပါတယ်။
အဲဒီလို ပြည်တွင်းစစ်ကိုဖန်တီး၊ ပြည်တွင်းစစ်ကို မွေးထားသူတွေမှာ ပြည်တွင်းငြိမ်းချမ်းရေး
ဆွေးနွေးပွဲလုပ်တယ်ဆိုတဲ့ဖဲတချပ်လည်း အမြဲကိုင်ထားလေ့ရှိပါတယ်။ 

သိမီတဲ့သူတွေ သတိရကြပါလိမ့်မယ်။ ဦးနုက ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ချင်တဲ့ဆန္ဒဖော်ပြတိုင်း စစ်တပ်က ကတ်ဖဲ့ယပ်ဖဲ့လုပ်၊ ဆန့်ကျင်ပြီး သူတို့က အပြုတ်တိုက်ရေး ကြွေးကြော်သံကိုတင်ခဲ့ပါတယ်။ တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးဌာနဆိုတာကနေပြီးတော့လည်း တောထဲကလူတွေကို လက်နက်ချခိုင်းတဲ့သီချင်းတွေ အသံလွှင့်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစစ်ဗိုလ်ချုပ်တွေဟာ သူတို့အာဏာသိမ်းပြီးတာနဲ့ တပြိုင်နက်တည်းမှာပဲ တွေ့ဆုံဆွေးနွေးရေးဖဲချပ်ကိုချပြီး ကစားပါတော့တယ်။ ၁၉၆၃ ခုနှစ်၊ သူတို့အာဏာသိမ်းပြီး တနှစ်အကြာမှာခေါ်ဆိုတဲ့ စေ့စပ်ဆွေးနွေးပွဲပါ။ မန္တလေးမှာ ၇ ခရိုင်ဆန္ဒပြပွဲ၊ ရန်ကုန်မှာ ၆ ခရိုင် ဆန္ဒပြပွဲစတဲ့ ဆန္ဒပြပွဲကြီးတွေကျင်းပခွင့်ပေးပြီး သတင်းစာတွေမှာ နေရာတွေအများကြီးပေး၊ အကြီးအကျယ်ဝါဒဖြန့်ခဲ့တဲ့ “စေ့စပ်ဆွေးနွေးပွဲ”ပါ။ လက်နက်ကိုင်တော်လှန်ရေးလုပ်နေသူတွေကို ဘာမှမခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ တောထဲကိုပြန်မောင်းထုတ်ပြီး သူတို့က ဝါဒဖြန့်ဖို့ အမြတ်တွေထုတ်ခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့အားလုံးလိုလိုနဲ့ဆွေးနွေးခဲ့တဲ့ ဗိုလ်နေဝင်းရဲ့အဲဒီ“စေ့စပ် ဆွေးနွေးပွဲ”ဟာ နောက်ဆုံးမှာ အဖွဲ့ကြီးတဖွဲ့အတွင်း အကွဲအပြဲတွေဖြစ်သွားတာ၊ ခေါင်းဆောင်အနည်းငယ် အခွင့်အရေးယူ လက်နက်ချသွားတာနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။
 
ဒီနောက် ၁၉၈ဝ ခုနှစ်မှာ သတင်းစာတွေထဲ မထင်မရှားရေးသားဖော်ပြခဲ့တဲ့ “စေ့စပ်ဆွေးနွေးပွဲ” တခု လုပ်ခဲ့ပြန်ပါတယ်။ အဲဒီ“စေ့စပ်ဆွေးနွေးပွဲ”ဟာ ဗိုလ်နေဝင်းကို တိန့်ရှောင်ဖိန်က ပီကင်းခေါ်ပြီး ဖိအားပေးလို့ မတတ်သာတာနဲ့ခေါ်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းက မဆလအစိုးရဟာ တရုတ်နယ်စပ်မှာ ရှိနေတဲ့ ဗကပ၊ ကေအိုင်အိုတို့နဲ့သာ“စေ့စပ်ဆွေးနွေး”ခဲ့တာ ဖြစ်ပါတယ်။ မဆလအစိုးရရဲ့ ဟန်ဆောင်“စေ့စပ်ဆွေးနွေးပွဲ”ကို အပေါ်လွင်စေဆုံးအချက်ကတော့ သူတို့ဟာ ဆွေးနွေးတဲ့ပထမနေ့မှာပဲ ဗကပ က တင်ပြတာတွေအားလုံးနားထောင်ပြီး သူတို့ဘက်ကဘာမှမတင်ပြဘဲ ပြန်ခိုင်းလိုက်တာဖြစ်ပါတယ်။ 
အဲဒီတုန်းက တဘက်မှာတော့ ကေအိုင်အိုကို ၁၉၆၃ ခုနှစ်“စေ့စပ်ဆွေးနွေးပွဲ”တုန်းက အလံနီကိုလုပ်သလို အချိန်ဆွဲပြီး ကေအိုင်အိုတွင်း ကွဲမလားလို့သွေးတိုးစမ်းခဲ့ပါတယ်။ မဖြစ်နိုင်မှန်းသိတော့ အကြောင်းမရှိ ဖျက်သိမ်းလိုက်တာပါပဲ။
 
အဲဒီနောက်တော့ ၂၁ ရာစုနှစ်ရဲ့ ပထမဆုံး“စေ့စပ်ဆွေးနွေးပွဲ”လို့ ဆိုရမယ့် ဗိုလ်ခင်ညွန့် ဒါရိုက်တာလုပ်တဲ့ ကေအင်န်ယူနဲ့“စေ့စပ်ဆွေးနွေးပွဲ”လုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို သွားရေးမသွားရေး အကြောင်းပြုပြီး ကေအင်န်ယူထဲမှာ ကွဲလွဲမှုတွေပေါ်ပေါက်ခဲ့ပြီး အဆုံးမှာတော့ အချိန်တန် အိမ်ပြန်ပဲ ဖြစ်ခဲ့ရပါတယ်။
 
အခုလည်းပဲ နိုင်ငံတကာကို အကြီးအကျယ်ဝါဒဖြန့် (လက်ဝါးဖြန့်ငွေတောင်းတဲ့) “စေ့စပ်ဆွေးနွေးပွဲ”တွေ လုပ်နေတာ နှစ်နဲ့ချီခဲ့ပါပြီ။ ဘာအဖြေမှ မထွက်သေးပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီညွတ်မှုကို ယိုင်နဲ့အောင်လုပ်ရာမှာတော့ ထိရောက်နေတယ်လို့ဆိုရမှာပါ။ ၂ဝ၁၁ သြဂုတ်လက စခဲ့တဲ့ ဒီငါးနှစ်ကြာ“စေ့စပ်ဆွေးနွေးပွဲ”ကြီးဟာ ဘယ်သောင်ဘယ်ကမ်းဆိုက်မယ့် ဇာတ်မျောကြီးလဲဆိုတာ ဘယ်သူမှ အတိအကျမပြောနိုင်ပါဘူး။ ဒါပေမဲ့ အောက်ပါသမိုင်းသာဓကတွေကိုဖတ်ကြည့်ရင်တော့ မှန်းနိုင်မယ်ထင်ပါတယ်။
 
တချက်ကတော့ ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးက အာရ်အက်ဖ်အေမှာ အပတ်စဉ်တင်ပြခဲ့တဲ့ “ပြည်သူ ချစ်သောဗိုလ်ချုပ်ကြီး-”ကဏ္ဍမှာ ‘သူတိုင်းမှုးအဖြစ် ဆောင်ရွက်နေတုန်းက ပဲခူးရိုးမရှိ ဗကပများကို အပြတ်ချေမှုန်းရေးစီမံကိန်းတခု ဗိုလ်ချုပ်ကြီးနေဝင်းဆီ တင်ပြခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲဒီစီမံကိန်းတခုလုံးကို ဗိုလ်နေဝင်းက ချောင်ထိုးပစ်ခဲ့တယ်’လို့ ပြောသွားတာ ဖြစ်ပါတယ်။
 
အရင် မဆလ ခေတ်တုန်းက နိုင်ငံတော်ကောင်စီဝင်ဖြစ်ခဲ့တဲ့ ဗိုလ်မှုးကြီးမင်းသိမ်း မကွယ်လွန်မီတုန်းက သူနဲ့နီးစပ်သူတချို့ကို သူ့အနေနဲ့ ပဲခူးရိုးမရှိ ဗကပများ အပြတ်ချေမှုန်းရေးစီမံကိန်းတခု ဗိုလ်ချုပ်ကြီးနေဝင်းဆီကို သူတင်ပြဖူးကြောင်း၊ ဒါပေမဲ့ ဒါကို ဗိုလ်ချုပ်ကြီးနေဝင်းက“မင်းဘာသိလို့လဲ၊ ဒီ ဗကပ ကို ငါက တမင်မွေးထားတာ”လို့ ပြောဆိုကြိမ်းမောင်းဖူးကြောင်း ပြောပြခဲ့ပါတယ်။
ဗမာပြည်က စစ်အုပ်စုရဲ့တော်လှန်ရေးသမားတွေကို အပြုတ်တိုက်ရေး၊ မွေးမြူရေးစတဲ့ပေါ်လစီတွေကြားကပဲ 
ဗမာနိုင်ငံမှာ အစိုးရကို၊ အထူးသဖြင့်စစ်အုပ်စုကို တော်လှန်တဲ့အင်အားစုအရေအတွက် များသထက်များလာနေတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ရဲဘော်ဖိုးသံချောင်း
(မကြာခင်ထွက်မည့် အရေးတော်ပုံ အတွဲ (၂) အမှတ် (၄) မှ ဆောင်းပါး ဖြစ်ပါသည်။)