(နိုင်ငံရေးအကြောင်း
မပြောခြင်း)
၅၈
ခုနှစ် အိမ်စောင့်အစိုးရအမည်နဲ့ ဦးနုဆီက အာဏာ အေးဓမြတိုက်ယူခဲ့ချိန်ကနေစလို့ ခုထိ
ဗမာစစ်အုပ်စု တသမတ်တည်း အခိုင်အမာပြောဆိုနေတာတွေအားလုံးကို တချက်တည်းချုပ်လိုက်ရင်
(ပြည်တွင်းစစ်ဟာ ငါတို့ဖန်တီးထားတဲ့ငါတို့ကိုယ်ပိုင်ပစ္စည်းဖြစ်တယ်) ဆိုတာပဲ။ ငါတို့ဟာတော့
လာမထိနဲ့၊ ကျန်တာလေးတော့လုပ်ကြ ဆိုတာပါပဲ။
စစ်အုပ်စုဆိုတဲ့သဘောဟာ
လူခေါင်းဆောင်မှုသဘောလို့ အနက်မထွက်။ လူအုပ်စုတစုလို့ အဓိပ္ပါယ်မပွင့်။ စစ်တပ်လို့ ကောက်ယူမရ။
သေနတ်ကိုအမိန့်ပေးနိုင်တဲ့အာဏာ လက်ဆုပ်မဖြည်ရေးနဲ့ အဲ့ဒီအာဏာအရင်းတည်ပြီး စစ်ဗိုလ်ကြီးငယ်
ဆွေစဉ်မျိုးဆက်ကြီးပွားချမ်းသာဖို့ စီးပွားရေး၊ နိုင်ငံရေးလက်ဝါးကြီးအုပ်ဓနရှင်စနစ်ကို
ကိုယ်စားပြုခြင်းဆိုတဲ့အနှစ်သာရသဘောပဲဖြစ်တယ်။
ပြည်တွင်းပြည်ပအခြေအနေ
အခင်းအကျင်းတွေအရ စစ်အာဏာ တလက်ကတလက်ကိုလွှဲပေးရတဲ့ခါ ခေါင်းခံသူပြောင်းရပါတယ်။ ဒီအခါ
နေဝင်းအုပ်စု၊ စောမောင်အုပ်စု၊ သန်းရွှေအုပ်စု၊ မင်းအောင်လှိုင်အုပ်စု စသည်ဖြင့် ယာယီတွင်ပေးပါတယ်။
စနစ်အမည်ကိုလည်း
ရာသီအလိုက် ပြောင်းပြောင်းပေးရပါတယ်။ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်၊ နဝတ၊
နအဖ၊ ပြုပြင် ပြောင်းလဲရေးလိုလားသောတပ်မတော် စသည်ဖြင့် ခေါင်းစည်းပြောင်းပေးပါတယ်။
စစ်တပ်ကိုလည်း
ပြည်သူ့တပ်မတော်၊ အမျိုးသားရေးဦးဆောင်တပ်မတော်၊ ဖွဲ့စည်းအုပ်ချုပ်ပုံကာကွယ်သောတပ်မတော်
စသည်ဖြင့် နဖူးစည်းပြောင်းတပ်ပေးပါတယ်။
ခေါင်းကိုင်ဘယ်သူဖြစ်ဖြစ်၊
စနစ်ဘာအမည်ပြောင်းပြောင်း၊ နဖူးစည်းဘာဖြစ်ဖြစ် အသွင်သဏ္ဍန်ဘယ်လိုရှိရှိ အနှစ်အသားဖြစ်တဲ့
စစ်တပ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်သဘောကတော့ တည်မြဲနေတာဖြစ်ပါတယ်။ ခေတ်တိုင်းမှာ တိုင်းပြည်လူထု
ဖွတ်ကျောပြာစုခဲ့သလို စစ်ဗိုလ်ကြီးများနဲ့ သူတို့အသိုင်းအဝိုင်းတော့ ဓနရှင်ကြီးတွေဖြစ်ခဲ့တာချည်းပါ။
ဆိုတော့
ဒီအာဏာ ဒီဓနတည်တန့် ပြန့်ပွား ဆက်ရှင်သန်နေရေးအတွက် တိုင်းပြည်နဲ့မဆံ့အောင်ကြီးတဲ့
စစ်တပ်ကြီးရှိနေဖို့လိုပါတယ်။ ဒီ ဧရာမစစ်တပ်ကြီးက အလကားရှိနေလို့တော့ မရပါ။ စစ်ပွဲရှိမှ
စစ်တပ်ကြီးရှိလို့ဖြစ်ပါတယ်။ တခါ ရှိနေတဲ့ စစ်တပ်ကြီးကိုလည်း တကယ့် ပရော်ဖက်ရှင်နယ်လ်တပ်ကြီးအဖြစ်
ရှိခိုင်းလို့မရပါ။ တလက်ကိုင်တပ်အဖြစ် ခါးပိုက်ဆောင်တပ်အဖြစ်လုပ်မှရပါတယ်။ ဒါမှ စစ်တပ်ထောင်ပြီး
စီးပွားရှာလို့ရပါတယ်။ အဲ့ဒီနည်းနဲ့စီးပွားရှာတယ်ဆို စစ်တပ်ကိုအရင် ကာမပြန်ဝံ့အောင်
လက်တွေ့နှိပ်ကွပ်ထားရပါတယ်။
(စစ်အုပ်စုတွင်းမှာ
ကြီးနိုင်ငယ်ညှဉ်းသဘောဆိုထက် စီနီယာက ဂျူနီယာကိုဗိုလ်ကျတယ်ဆိုတာထက် သေနတ်လက်ထဲရှိတဲ့ကောင်က
မရှိတော့တဲ့ကောင်ကို ကိုင်တဲ့သဘောကပိုပါတယ်။ တခါ သေနတ်လက်ထဲရှိကြဦးတောင် အုပ်စုဖွဲ့ဦးတဲ့ကောင်က
လက်နှေးတဲ့ကောင်ကို တွယ်တာပါ။ အဲ့ဒီနည်းနဲ့ ကာပြန်ရိပ်လေး နည်းနည်းပြတာနဲ့ ဦးအောင်ကိုင်ပြီး
နာလံမထူအောင် လုပ်ပစ်လိုက်တာပါ)
စစ်ပွဲတော့ရှိပါရဲ့၊
စစ်မီးလည်း မွှေးထားပါရဲ့၊ ဒါပေမယ့် အခန့်မသင့်လို့ စစ်မီးငြိမ်းသွားရင်လည်း ဗျာပွေရမှာပါ။
ဒါ့ကြောင့် စစ်မီးသေမသွားရေး အပတ်တကုပ်အားထုတ်ရပါတယ်။ ဒီတော့ စစ်မီးကို မွှေးရုံမက ငြိမ်းမသွားဖို့ပါ
တရစပ်ထိန်းထားရပါတယ်။
စစ်မီးတော့
တောက်နေပါရဲ့ ဒီမီးတောက်က တပြည်လုံးလောင်ပြီး ပြည်ပျက်ထွက်သွားလောက်အောင်လည်း အဖြစ်ခံလို့မရပါ။
ပြည်ပျက်တယ်ဆိုတာ စစ်တပ်ထောင်စီးပွားရှာသူတွေ အအုပ်အစည်းပျက်တာပါ။ အအုပ်အစီး အဖျက်ခံရတာပါ။
ငြိမ်းသွားလို့လည်းမဖြစ် ပြည်ပျက်အောင် အလောင်ခံလို့လည်းမရဆိုတဲ့ကြားက လိုသလောက်အကန့်အသတ်နဲ့
စစ်ကို မပြတ်လောင်နေအောင်လုပ်ထားရပါတယ်။ စစ်ကို ဘယ်အချိန်မှာ၊ ဘယ်ဒေသမှာ၊ ဘယ်လူမျိုးစုကို၊
ဘယ်အကန့်အသတ်နဲ့ ဘယ်မျှတိုက်မယ်မတိုက်ဘူးကို စစ်တပ်ကသာလျှင် ဆုံးဖြတ်ပြဌာန်းရင်း ပြဌာရန်းရင်းနဲ့
ဗမာပြည်ပြည်တွင်းစစ်မီး ဒီမျှ သက်ဇိုးရှည်တာပါ။
ခေါင်းကိုင်ပြောင်း၊
စနစ်အမည်ပြောင်း၊ နံမည်ပြောင်းတွေများလှပါပြီ အနှစ်သာရ (စစ်တပ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်)ပြောင်းမသွားပါ။
ဒါပြောင်းသွားဖို့ဆို
ပြည်တွင်းစစ်ကြီးမရှိမှ ဖြစ်ပါမယ်။ ပြည်တွင်းငြိမ်းချမ်းရေးရမှဖြစ်ပါမယ်။ ဒီအတွက် ဒီမိုကရေစီလိုလားသူတိုင်း၊
တိုင်းပြည်လူထု ချမ်းသာကြီးပွား လွတ်လပ်ပျော်ရွှင်စေလိုသူတိုင်း ပြည်တွင်းစစ်ရပ်စဲရေးပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ
ပြောကြဆိုကြ လုပ်ကြကိုင်ကြ အားထုတ်ကြပါတယ်။
ဒီလို
အားထုပ်လုပ်ကိုင်ဆောင်ရွာင်မှုတိုင်းဟာ စစ်အုပ်စုနဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်ပါတယ်။ ဒါ့ကြောင့်
အားထုတ်မှုတိုင်း အားထုတ်သူတိုင်းကို လက်တွေ့မှာမှာလည်း သည်းသည်းမဲမဲချေမှုန်း၊ ရက်ရက်စက်စက်သုတ်သင်၊
သွေးချောင်းစီးသတ်ဖြတ်ခဲ့ သတ်ဖြတ်နေဆဲဖြစ်ပါတယ်။
ခု
ပြုပြင်ပြောင်းလဲရေးနဲ့ဒီမိုကရေစီလိုလားသောတပ်မတော်တို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကာကွယ်သောတပ်မတော်တို့
ဘာတို့ညာတို့ ဘယ်လိုပဲ အသံကောင်းဟစ်နေပါစေ အချိန်တန်တော့လည်း မင်းသားခေါင်းစွပ်ချွတ်ပြရသလို
ဘီလူးကြိမ်းလည်း ထွက်ကြိမ်းရပါတယ်။ မင်းဟာမင်း ပြည်သူက ရွေးချယ်တင်မြှောက်ရုံမကလို့ဘာဖြစ်ဖြစ်
လူမျိုးစုတွေနဲ့ အပစ်ရပ်ကနေတဆင့် ငြိမ်းချမ်းရေးစကားပြောဖို့ ကာချုပ်မူ(၆)ချက်နဲ့ပဲ
သွား။ ပြည်တွင်းစစ်ကတော့ တို့ စစ်အာဏာရှင်ဘိုးဘွားပိုင်အမွေဆိုင်မို့ ထိရင် မီးပွင့်သွားမယ်လို့
ဗိုလ်မင်းအောင်လှိုင် ထွက်ပြောတာပါ။
မျိုးမြင့်ချို
မတ်
၁၁ ရက်၊ ၂ဝ၁၆
(ရွှေကြာရဲ့ဆောင်းပါးဖတ်ပြီး
ဆင့်ပွားတွေးမိတာ ချရေးလိုက်တာဖြစ်ပါတယ်)
0 comments:
Post a Comment