Saturday, March 26, 2016

ပြည်သူတို့ရဲ့တော်လှန်ရေးနေ့ ပြန်ပေးလော့ (မောင်စွမ်းရည်)

0 comments
မောင်စွမ်းရည် – ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့ ပြန်ပေးလော့
(မိုးမခ) မတ် ၂၅၊ ၂၀၁၆
ဗမာပြည်မှာ ` တော်လှန်ရေးနေ့ ´ဆိုတာရှိတယ်။ ရှိလည်းရှိအပ်တယ်။ တော်လှန်ရေးနေ့ ` မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့နေ့ပဲ။ 
သခင်စိုး ၊သခင်သန်းထွန်း စတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေက ဂျပန်ဝင်လာရင် အင်္ဂလိပ်ကိုရော ဂျပန်ကိုရော နှစ်ဖက်စစ်မျက်နှာဖွင့်တိုက်မလား၊ မဟာမိတ်နဲ့ယာယီပေါင်းပြီး ဂျပန်ကိုတော်လှန်မလားဆိုတာ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
ဂျပန်ကို မခေါ်ချင်ဘဲ မလွှဲသာလို့ခေါ်လာခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖက်ဆစ်ကိုတော်လှန်ဖို့ရာလည်း သူပဲ တာဝန်ယူရမယ်လို့ခံယူပြီး ဖ.တ.ပ.လ ကို ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ကို ပဲခူးမြို့ရှိ တပ်ရင်း(၄) ၊ ဗိုလ်ကျော်ဇောရဲ့အိမ်မှာ သခင်စိုးကြီးကို ခေါ်ယူတွေ့ဆုံပြီးဆွေးနွေးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း စသူတွေနဲ့တိုင်ပင်ပြီး (၁)ဗမာ့တပ်မတော် (၂)ကွန်မြူနစ်ပါတီ (၃)ပြည်သူ့အရေးတော်ပုံပါတီ (သခင်မြ၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗဆွေ စသူတွေပါတယ်)။ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ တသီးပုဂ္ဂလများပါဝင်ပါတယ်။
ဖ.တ.ပ.လ အဖွဲ့ဟာ နောက်မကြာခင် ဖ.ဆ.ပ.လ လို့ အမည်ပြောင်းလိုက်တယ်။ ဒီအဖွဲ့က တက်ဘုန်းကြီးသိန်းဖေ ခေါ် သခင်သိန်းဖေ (နောင်အခါ ဦးသိန်းဖေမြင့်လို့ အမည်တွင်သူ )ကို ကျောက်ဆည်သခင်တင်ရွှေ နဲ့ ကျောင်းဆရာမ မမြရီပါ တွဲပြီး အိန္ဒိယပြည် မဟာမိတ် (ဗြိတိသျှ ၊အမေရိကန်)တပ်တွေရှိရာကို လွှတ်ပါတယ်။ မဟာမိတ်တို့နဲ့သဘောတူညီချက်အရ ဗမာလူငယ်တွေကို အိန္ဒိယပြည်ခေါ်ပြီး စစ်သင်တန်းပေးဖို့ခေါ်ယူပါတယ်။ သခင်စိုးက နိုင်ငံရေးသင်တန်းပေးပြီး လူငယ်တော်တော်များကို လွှတ်ပါတယ်။ စစ်သင်တန်းမပေးခင် သခင်သိန်းဖေက နိုင်ငံရေးသင်တန်းပေးပါသေးတယ်။ နယ်ချဲ့စနစ်နဲ့ ဖက်ဆစ်စနစ်အကြောင်း၊ ဘာကြောင့် ဒီစနစ်ကို တော်လှန်ရကြောင်း စသည်ဖြစ်ပါတယ်။ စစ်သင်တန်းဆင်းပြီး လေထီးသင်တန်းတက်ရပါတယ်။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချတတ်တော့မှ စစ်လက်နက်၊ ဝိုင်ယာလက် စသည် အပြည့်တပ်ဆင်ပြီး မဟာမိတ်စစ်သားများနဲ့အတူ ဗမာပြည်ထဲကိုဆင်းပြီး ဗမာပြည်တွင်းက ပြောက်ကျားတပ်တွေနဲ့ ပူးပေါင်း တိုက်ခိုက်ကြပါတယ်။ သမ္မတကြီးမန်းဝင်းမောင်၊ မန်းတက္ကသိုလ်ပါမောက္ခချုပ် ဦးကျော်ရင်(သံတွဲဦးကျော်ရင်) ၊ ကာနယ်ချစ်ကောင်း၊ ကွန်မြူနစ်ခေါင်းဆောင် – နှစ်ကျွန်းပြန်ဦးအုန်းမောင်၊ သခင်လှကွန်း စတဲ့ပုဂ္ဂိုလ်များဟာ လေထီးတပ်သားဟောင်းကြီးတွေပါ။ အမေရိကန်ဝမ်းအိုဝမ်းနဲ့ ဆက်သွယ်တဲ့ လေထီးတပ်သားတွေလဲ ရှိပါသေးတယ်။
စပ်မိလို့ပြောရရင် ဂျပန်ကို သွားတဲ့ရဲဘော်သုံးကျိပ်ဟာ သခင်ဂိုဏ်းနှစ်ခုက ကြုံရာကျဘမ်းလွှတ်လိုက်လို့ လူမသန့်ပါဘူး။ အိန္ဒိယကိုလွှတ်လိုက်သူတွေက လူသန့်တယ်။ ပညာတတ်တွေကိုရွေးပြီး နိုင်ငံရေးသင်တန်းဆင်းပြီးမှ လွှတ်လိုက်သူတွေဖြစ်ပါတယ်။ သူတို့အကြောင်းကို ရဲဘော်သုံးကျိပ် တော်လှန်ရေး ရေးရပါအုံးမယ်။ ရဲဘော်သုံးကျိပ်မှာ (၁)ဗိုလ်ချုပ်အောင်ဆန်းပါလို့ (၂)ဗိုလ်နေဝင်းပါလို့ မော်ကွန်းထိုးခွင့်ရပါတယ်။ အနောက်ဖက်ကိုသွားကြသူတွေက ကွန်မြူနစ်တွေဖြစ်ကုန်ကြတာများလို့ မော်ကွန်းထိုး မခံရပါဘူး။ ခုတော့ တက္ကသိုလ်သမိုင်းဆရာများ မဟာဘွဲ့၊ ပါရဂူဘွဲ့စာတမ်းတွေရေးကြပြီး စာအုပ်တွေ ထုတ်သင့်ပါပြီ။
ဂျပန်ပြန်များနှင့် အိန္ဒိယပြန်များ နှစ်ဖွဲ့လုံးဘဲ ဖက်ဆစ်တော်လှန်ရေးမှာ ညီညီညွတ်ညွတ်နဲ့ ရှေ့တန်းက လက်တွဲတိုက်ခိုက်ခဲ့ကြလို့ တော်လှန်ရေးကြီးဟာအောင်မြင်ခဲ့တာ၊ နာမည်ကျော်ခဲ့တာ ဖြစ်ပါတယ်။ ဗမာသမိုင်းတခုလုံးမှာ ညီညွတ်မှုအရှိဆုံးနဲ့ အပြောင်မြောက်ဆုံးတော်လှန်ရေးကြီးလို့ ယူဆပါတယ်။ ဒီပြည်သူ့တော်လှန်ရေးကြီးကို ဗိုလ်နေဝင်းက `တပ်မတော်နေ့´ လို့ နာမည်ပြောင်းယူပြီး `တော်လှန်ရေးနေ့´ ကို ဖျောက်ပစ်ပါတယ်။ တပ်မတော်ဖွဲ့တာက ၁၉၄၁ ဒီဇင်ဘာ ၂ ပေါ့။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖွဲ့ခဲ့တာ။ဒါမှ တပ်မတော်နေ့ပါ။ ဗိုလ်နေဝင်းလုပ်ပုံဟာ ပထမအချက်က တော်လှန်ရေးတရပ်ကို စစ်တပ်က တဦးတည်းမောင်ပိုင်စီးတာ၊ ဒုတိယအချက်က `တော်လှန်ရေး´ဆိုတဲ့စကားလုံးကို မကြားဝံ့၊ မကြားရဲ၊ မကြားချင်လို့ဖျောက်ပစ်တာ ဖြစ်ပါတယ်။ ဒါကြော်င့် ပြည်သူ့တော်လှန်ရေးနေ့ကို ပြည်သူထံပြန်ပေးဖို့ ခုတက်လာတဲ့ အရပ်သားအစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးထံမှာ အားကိုးတကြီး ပန်ကြားလိုက်ပါတယ်။
မကောင်းတဲ့အယူဝါဒ၊ မကောင်းတဲ့စနစ်တွေရှိနေသေးသမျှ တော်လှန်ရေးဆိုတာ ရှိနေမှာပါပဲ။ ဒါကြောင့် သမိုင်းမှာဂုဏ်ရောင်ပြောင်တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ ဖြစ်စဉ်ဖြစ်ရပ်နဲ့သဘောသဘာဝကို အမြဲဆင်ခြင် သယ်ဆောင်သွားကြရမယ်လို့ယူဆပြီး ` ငါတို့ ဖက်ဆစ်တော်လှန်ရေးနေ့ ပြန်ပေး ´ လို့တောင်းဆိုလိုက်ရပါတယ်။
ကျနော် မောင်စွမ်းရည်ပါ။

0 comments:

Post a Comment