ဗိုလ်မြင့်ဆွေကိစ္စ ဗီအိုအေနဲ့ မနေ့ကပြောခဲ့တာတွေမှာ
အချိန်အကန့်အသတ်ဆိုတဲ့ တရုတ်ဓားနဲ့ ပါးပါးလှီး နုတ်နုတ်စင်း
တောက်တောက်ကြော်ပြီးသကာလ အသံလွှင့်ထုတ်လိုက်တာ နားထောင်ရပါတယ်။ မဆိုးပါဘူး။
ကိုယ်ပြောတာ အကုန်ပါရကောင်းစေလည်း တခါမှ မမျှော်လင့်ခဲ့ရိုးပါ။ ကိုယ်တိုင်လည်း ပြင်ပဆောင်းပါးရှင်အနေနဲ့ အာရ်အက်ဖ်အေမှာ ကာလတခု အသံလွှင့်ဆောင်းပါးတွေ ရေးခဲ့ဖတ်ခဲ့ဖူးသူဆိုတော့ အသံလွှင့်မီဒီယာရဲ့ အချိန်ဘောင်သဘောကို နားလည်စာနာပါတယ်။ တခါတလေမှာ အင်တာဗျူးယူသူရောပေးသူမှာပါ ဒီ အချိန်ဆိုတာကြီးကြောင့် အားမလိုအားမရတွေ ဖြစ်ကြရတာအမှန်ပါ။
ကျနော့်အနေနဲ့ကတော့ မိမိကို တကူးတကန့်လာမေးဖော်ရတဲ့မီဒီယာကို
ကျေးဇူးတင်သလို မိမိပြောချင်တာအကုန်မဟုတ်တောင် အတိုင်းအတာတခုအထိ ဖော်ပြခွင့်ရတာအတွက်လည်း ကျေးဇူးတင်ပါတယ်။
မီဒီယာတွေဘက်မလိုက်ရဘူးဆိုပေမယ့် "ငွေထုတ်"ချပေးထားတဲ့သူရဲ့ ဆိုင်ရာပေါ်လစီတွေနဲ့မူတွေကို လွန်ဆန်လို့မရသလို၊ သတင်းသမားကျင့်ဝတ်ကိုလည်း သူ့ဘောင်ထဲကနေ လိုက်နာရပါတယ်။ တချို့လည်း ကိုယ်လုပ်နေတဲ့မီဒီယာရဲ့ပေါ်လစီကို သိတ်မနှစ်ခြိုက်ပေမယ့် ဝမ်းရေးအတွက်မို့ ကျားပိန်တွယ် တွယ်ပြီး လုပ်နေကြရတာတွေ ရှိပါတယ်။
တခါတလေ အင်တာဗျူးတခုမှာ အချိန်အကန့်အသတ်ဘောင်ထဲ ကွက်တိဝင်နေဦးတောင် မိမိပေါ်လွင်ထားရှားစေ့ချင်တာကတခု မီဒီယာဘက်က တင်ချင်တာကတခုလည်း ဖြစ်နေတတ်ပါတယ်။ အဲ့အခါမျိုးမှာ မီဒီယာဘက်က သူပါစေချင်တာကို မိမိစကားထဲ မပါ မပါလာအောင် လှည့်ပတ်ကျုံးသွင်းရပါတယ်။ ဒါဆို ကိုယ့်ဘက်ကလည်း သဘောပေါက်ပြီး သူပါစေချင်တာလေး အထိုက်အလျှောက်ပါအောင် သူလိုချင်တဲ့အတိုင်း ကွက်တိမဟုတ်တောင် ထည့်တော့ပြောပေးရပါတယ်။ ဒါမှ အခံအအုပ်မိမှာ မဟုတ်လား။
မိမိက ၆၂ အာဏာသိမ်း စစ်ခေါင်းဆောင်ကို နေဝင်း၊ ဗိုလ်နေဝင်းစသည်ဖြင့် ခေါ်လို့ဖြစ်ပေမယ့် မီဒီယာဘက်ကတော့ ဦးနေဝင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းလို့ သုံးမှရပါတယ်။ မိမိက စစ်ဗိုလ်တချို့ကို စောက်မြင်ကပ်ကပ်နဲ့ "စစ်ခွေး"တွေလို့ ပြောလို့ရပေမယ့် မီဒီယာကတော့ ပြောလို့မဖြစ်ပါ။ ဒါဟာ မီဒီယာယဉ်ကျေးမှု Culture of Media လို့ပြောရမယ်ထင်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တချိန်တုန်းက ပြည်သူ့အသံမှာတော့ နေဝင်း၊ စန်းယုစစ်အုပ်စုစသည်ဖြင့်သုံးပါတယ်။ သူလည်း အသံလွှင့်ရေဒီယိုပါ။ ဒါပေမယ့် ခု ကျနော်ပြောတဲ့ မီဒီယာတွေနဲ့ တခြားစီပါ။ Political Propaganda နိုင်ငံရေးဝါဒ သိသိသာသာဖြန့်တာပါ။ ခုကျနော်ပြောတဲ့မီဒီယာတွေရော ဝဒါမဖြန့်ဘူးဆိုတော့ ဖြန့်တာမှ အကြီးအကျယ်ကိုဖြန့်တာပါ။ ဝါဒဖြန့်ဖို့ပဲ မီဒီယာထောင်ရတာပါ။ ဒါပေမယ့် သူက နိုင်ငံရေးလက္ခဏာအပြင် စီးပွားရေးသဘောပါ ပါနေတာမို့ ပိုပါးနပ် ပိုကျင်လည် ပိုချိန်ဆရပါတယ်။ နိုင်ငံရေးဝါဒဖြန့်သလို အတုံးလိုက်အတစ်လိုက်ကြီး လုပ်လို့မဖြစ်ပါ။ လက်ကို တတ်နိုင်သမျှဖုံးပြီး ဘက်လိုက်ရပါတယ်။
ကျနော် ဗိုလ်မြင့်ဆွေနဲ့ပတ်သက်လို့ ကိုဇော်ဝင်းလှိုင်နဲ့ပြောရင်း သူ့ဘက်ကချန်လို့ ကျနော့်ဘက်က ပြောဖို့မေ့သွားလို့ ကျန်ခဲ့ချန်ခဲ့တာတွေ အချိန်တရုတ်ဓား၊ မီဒီယာယဉ်ကျေးမှုစတာတွေကြောင့် စကားကွင်းဆက် ပြတ်တောက်ခဲ့တာမျိုးတွေရှိပါတယ်။ နောက်မှ သတ်သတ်ရေးမလားတွေးပါတယ်။
ကျေးဇူးတင်ပါတယ် ဗီအိုအေက ဦးကျော်ဇံသာနဲ့ ကိုဇော်ဝင်းလှိုင်ခင်ဗျား။ ကျန်းမာကြပါစေ
မျိုးမြင့်ချို
မတ် ၁၃၊ ၂ဝ၁၆

0 comments:
Post a Comment