ဒီဖွဲ့စည်းပုံ
ဒီအတိုင်းသွား ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမှ သမ္မတမဖြစ်ပါ။ သူ သမ္မတ မဖြစ်လို့ ၂ဝဝ၈ ဖွဲ့စည်းပုံကို
ပြင်ဖို့ဖျက်ဖို့ ပြောနေခြင်းမဟုတ်ပါ။ ဒီဖွဲ့စည်းပုံဟာ သူ့ကိုတိုက်ရိုက်ထိုးနှက်ကန့်သတ်ဖို့
တမင်လုပ်ထားမှန်းသူသိပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကလည်း သူ သမ္မတ မဖြစ်မှာစိုးလို့ ဒီဖွဲ့စည်းပုံပြင်ရမယ်လို့
ပြောတာမရှိပါ။ ဒီမိုကရေစီစံတွေနဲ့သွေဖည်ပြီး စစ်တပ်လွှမ်းမိုးမှုတရားလွန်ဖြစ်နေလို့ ပြင်ရမယ်လို့
သူပြောတာပါ။
၅၉(စ)
ဖျက်သိမ်းရေးလှုပ်ရှားမှုဂယက် နည်းနည်းထလာတော့ ၈၈ ငြိမ်းပွင့်အစုနဲ့လက်တွဲပြီး နိုင်ငံရေးအနှစ်အသားပါတဲ့
ဥပဒေရှူထောင့်ကနေလည်း တစုံလုံးကိုခြုံမိ အညှာကိုင်မိတဲ့ ၄၃၆ ပြင်ရေးဘက် လမ်းကြောင်းပြောင်း
ဦးတည်ပေးခဲ့တာရှိပါတယ်။ ခရီးတွေထွက်၊ လူထုစည်းဝေးပွဲတွေလုပ်၊ လက်မှတ်တွေကောက်စတာတွေဟာ
လွှတ်တော်ထဲမှာ ဗိုလ်ရွှေမန်းပညာပြလိုက်လို့ အဟောသိကံဖြစ်ခဲ့ရပေမယ့် လုပ်ရပ်အနေနဲ့အထင်အရှားရှိပါတယ်။
ဒီနေရာမှာ လုပ်ရပ်သဘောကိုပဲဆိုလိုတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို
သမ္မတထက်ကြီးတာရှိတောင် ဖြစ်စေချင်ကြောင်းပြောပြီးသားပါ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ အလွန်အကျွံ
အားကိုးအားထားပြုလိုမှုတွေမပါပဲ ပြုမိဖြစ်မိတဲ့ဆန္ဒပါ။ နိုင်ငံရေးအရပါ။ နိုင်ငံ့အခြေအနေအရပါ။
ဒါက တပိုင်းပါ။
ခုလောလောဆယ်မှာ
ဒီဖွဲ့စည်းပုံဟာ သူ့အတွက်ရည်ညွှန်းတာဆိုပေမယ့် မပြင်မဖျက်နိုင်ခဲ့ရင် နောင်သူ့လို အိမ်ထောင်ရေးနဲ့လူမှုဘဝရှိသူတွေ
အပေါ်မှာပါသက်ရောက်မှာပါ။ အစဉ်အလာလိုတောင် ဖြစ်သွားမှာပါ။ ဒါက လူပုဂ္ဂိုလ်အပေါ်သက်ရောက်မှုပါ။
စစ်အာရှင်စနစ်ကပေးတဲ့ ဆိုးမွေတခုအဖြစ် တိုင်းပြည်အပေါ်အမည်းကွက်စွန်းကျန်စရာပါ။
နောက်တပိုင်းက
ပုဒ်မ၅၉(စ)လေး ကွက်ပြင်ပေးလိုက်လို့ သူ သမ္မတဖြစ်တယ်ဆိုရင်တောင် ဒီမိုကရေစီလည်းကျတဲ့၊ စစ်တပ်လည်း စစ်တပ်အလုပ်လုပ်တဲ့ဖွဲ့စည်းပုံဖြစ်ရေး သူအားထုတ်ရမှာပါ။ ဒါက သူ့ဘက်ကကိစ္စပါ။
လူထုဘက်က
ကိစ္စကြတော့ ပြည်သူလိုလားခြင်းမရှိတဲ့၊ ဘာအပြင်အဆင်မှ မခံတဲ့ အဲ့ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကို
ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကျမ်းကျိန်ပြီးတက်လာတဲ့ အရပ်သားအစိုးရတိုင်းကို ရန်ဘက်လိုသဘောမထားပဲ၊
လိုက်ပါနိုင်သမျှတွဲခေါ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးကို ဦးတည်ဇောက်ချပြီးလုပ်နေရမှာပါ။
မျက်ခြေမပြတ်ဖို့ပါ။
ဒီ
ဖွဲ့စည်းပုံသက်ဇိုးရှည်နေသရွေ့ တိုင်းပြည်လူထုဘဝဟာ စစ်အာဏာရှင်စနစ်ဆိုး ဒဏ်ကနေ လုံးလုံးလျားလျားလွတ်မြောက်စရာလမ်း
မရှိပါ။ ဒီဖွဲ့စည်းပုံသစ္စာခံ အရပ်သားအစိုးရတွေအောက်မှာ စီးပွားရေးလွတ်လပ်ခွင့်နဲ့ တန်းတူယှဉ်ပြိုင်ခွင့်တော့
နည်းနည်းပါးပါးရလာမှာပါ။ ကျန်းမာရေးပညာရေးစတဲ့နယ်ပယ်တွေမှာ အရင်ကထက် ပိုသက်သာချောင်ချိအောင်လုပ်နိုင်မှာပါ။
ဒေသအလိုက်ဖွံဖြိုးရေးတို့၊ အလုပ်အကိုင် အခွင့်အလမ်းတို့ စတာတွေလည်း အထိုက်အလျှောက်ပွင့်လာစရာရှိပါတယ်။
ဒါပေမယ့်
အာဏာရဲ့တကယ့်အချုပ် အာဏာရဲ့သော့ချက်ကတော့ စစ်တပ်ကကိုင်ထားမှာပါ။ ပြည်နဲ့ချီအရေးပါတဲ့ကိစ္စကြီးတိုင်းကို
ကာလုံနဲ့လှည့်ကိုင်ပြီး အစိုးရကိုဇက်ခွံ့ထားမှာပါ။ ပါးချပ်တပ်ထားမှာပါ။ သမ္မတအာဏာကို
၆ မဲ ၅ မဲနဲ့ ကန့်သတ်ထားပြီးသားပါ။ “စစ်တပ်သဘောမတူရင် ဘာမှမလုပ်ရ”တွေထဲမှာ ပြည်တွင်းစစ်ရပ်စဲရေး၊
ပြည်တွင်းငြိမ်းချမ်းရေးဟာ ထိပ်ဆုံးကပါပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ စစ်ပြတ်ဖို့မပြောနဲ့
အပစ်ရပ်လို့တောင်(အပြည့်)မရပါ။
အာဏာ
၃ ရပ်စလုံး ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်နိုင်ဖို့ စစ်တပ်ကို သူ့နေသူပြန်ပို့ရပါမယ်။
စစ်တပ်သူ့နေသူပြန်ဖို့ဆို သူအကာအကွယ်ယူထားတဲ့ ဒီ စစ်လွှမ်းမိုးဗိုလ်ကျဖွဲ့စည်းပုံမရှိမှ
ရမှာပါ။
“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင်
အဲ့ဒီဖွဲ့စည်းပုံပြင်ရေး မပြောတော့ဘူး၊ ခင်ဗျားတို့က ခုချိန်ထိ ဘာ့ကြောင့် ကြားက ငထွား
ခါးဝင်နာနေရတာတုန်း” ဆိုတော့ စစ်တပ်နဲ့ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ငထွားတို့တိုင်းပြည်ကြီး
ခံနေလို့ပါ။ ငထွားတွေချည်း နေတဲ့ပြည်လို ဖြစ်နေလို့ပါ။
ကျနော်ကတော့
အဝေးရောက် ငထွားပါ။ ခါးလည်း စောင်းတောင်းတောင်းနဲ့ပါ။
မျိုးမြင့်ချို။
မတ် ၁၈ ရက်၊ ၂ဝ၁၆
0 comments:
Post a Comment