Tuesday, March 22, 2016

စစ်တွေဆန္ဒပြပွဲသည် ဥက္ကဋ္ဌဦးအေးမောင်၏ (၃/၂ဝ၁၆) လား

0 comments
စစ်တွေဆန္ဒပြပွဲသည် ဥက္ကဋ္ဌ ဦးအေးမောင်၏ (၃/၂ဝ၁၆) လား
မတ် ၁၃၊ ၂ဝ၁၆
အောင်ကျော်သာ (စစ်တွေ)

ရခိုင့်နိုင်ငံရေး အကွဲအပြဲနှင့်အတူ ဒေါက်တာအေးမောင်၏ နိုင်ငံရေးမျက်နှာဖုံး မသိမသာကွာကျလာသည်။ ရခိုင့်နိုင်ငံရေးအကွဲအပြဲဟု ဆိုသည်ထက် ရခိုင်အမျိုးသားပါတီ၏အကွဲအပြဲဟုပြောလျှင် ပိုမှန်လိမ့်မည်။ တချို့ကလည်း အဆိုပါအသုံးအနှုန်းကို သဘောတွေ့ကြမည် မထင်။ (၁/၂ဝ၁၆) ကို ထုတ်ပြန်သည့်အချိန်က ပါတီတွင်းခေါင်းဆောင်များကလည်း သွေးပူနေတုန်း အကြိုက်တွေ့ကြဟန်တူသည်။ ပြည်သူများကလည်း (၁/၂ဝ၁၆)၏ ပြောင်မြောက်သည့်စကားလုံးများအောက်တွင် နစ်မျောသွားသည့်သဘောရှိသည်။ သို့သော် ထုတ်ပြန်ကြေညာချက်၏ နောက်ဆက်တွဲ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)မှ ဗဟိုကော်မတီ(၆)ဦး ရန်ကုန်သတင်းစာရှင်းလင်းပွဲနှင့် ပန်းနီလာ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်လိုက်သည့်အချိန်တွင် အင်အားစုနှစ်ရပ်၏အားပြိုင်မှုသည် အထွတ်အထိပ်သို့ရောက်လာခဲ့သည်။ ထို့အတူ Facebook အသိုင်းဝိုင်းတွင်လည်း ရခိုင်အချင်းချင်း နိုင်ငံရေအမြင်ရှိသူနှင့် မရှိသူ၊ ဒေါက်တာအေးမောင်အား ထောက်ခံသူနှင့် မထောက်ခံသူ စသည့်အင်အားစုများအသီးသီး ကွဲပြားသွားခဲ့ရသည်။

တကယ်တော့ အဆိုပါထုတ်ပြန်ကြေညာချက်ကို ANP ပါတီ၏ နိုင်ငံရေးရပ်တည်ချက်တခုဟု နားလည်ထားကြသော်လည်း အမှန်တကယ်တွင် ထိုကြေညာချက်သည် သကြားအုပ်ထားသော ဆေးခါးကြီးတမျိုးသာဖြစ်သည်။ ဒေါက်တာအေးမောင်အတွက် ဆူးငြောင့်ခလုတ်ဟုယူဆရသော ဦးအေးသာအောင်အမှူးပြုသည့်အုပ်စုကို အဆိုပါ ဆေးခါးကြီးတိုက်ကျွေးလိုက်ခြင်းဖြစ်သည်။ တနည်း ပြောရလျှင် ဒေါက်တာအေးမောင်၏ မိမိကိုယ်ကိုအရောင်တက်ရေးအတွက် ရန်သူရှာဖွေသည့်ပေါ်လစီဖြစ်သည်။ ရန်သူမရှိလျှင် ထောက်ခံမှုကျဆင်းသည်ဟုယူဆသည့် အမုန်းတရားအခြေပြုပေါ်လစီ ဖြစ်သည်။

(၁/၂ဝ၁၆)ကို တဘက်အုပ်စုကလက်မခံနိုင်သည့်အတွက် ထုတ်ပယ်လိုက်ပြီးနောက် အဆိုပါရပ်တည်ချက်အတိုင်း အတိုက်အခံအဖြစ် ရပ်တည်ရေးသာ ပြင်ဆင်ရန်လိုအပ်လာသည်။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က အဖက်မလုပ်သည့်အခါ ဒေါက်တာအေးမောင်၏ ယခင်မူလဗျူဟာသည် အလုပ်မဖြစ်သည့်အနေအထားကို တွေ့လာကြရသည်။ သူ့ပေါ်လစီကိုအခြေပြုသော အဆိုပါ ထုတ်ပြန်ချက်ကြောင့် NLD သည် အကျပ်ရိုက်ပြီးလက်ကမ်းလာမည်ဟု အစပိုင်းက ယူဆထားပုံရသည်။ မကမ်းလှမ်းလာပါကလည်း NLD အား ရခိုင်လူထုက မုန်းတီးရန်၊ ဗမာဆိုသည့်အစွဲဖြင့် ရခိုင်လူထုအုံကြွလာမည်ကိုထည့်တွက်ပြီးသားဖြစ်လိမ့်မည်ဟု ယူဆရသည်။ သို့သော် ရခိုင်လူထုသည် Facebook ပေါ်တွင် ပေါက်ကွဲပြရုံမှတပါး အပြင်သို့မထွက်လာချေ။ ကျန်ပါတီတွင်းခေါင်းဆောင်များကလည်း လိုလားမှုကို မပြကြသည့်အဆုံး သူ့ပေါ်လစီကျဆုံးမှုကိုကာမိစေရန်၊ ယခုအခါ စစ်တွေ ပါတီရပ်ကျေးကို တာဝန်ပေး၍ဆန္ဒပြခိုင်းရသည့်အဆင့်သို့ ရောက်လာခဲ့ရသည်။ တနည်းအားဖြင့်ပြောရလျှင် စားပွဲဝိုင်းနိုင်ငံရေးမှ လမ်းပေါ်နိုင်ငံရေး ချောဆင်းပေးရသည့်သဘောရောက်လာခဲ့သည်။

သည်နေရာတွင် တချို့သူများပြောနေကြသကဲ့သို့ ပြည်နယ်တွင် မဲအများစုအနိုင်ရပါတီအနေဖြင့် တောင်းပိုင်ခွင့်ရှိသည်၊ ဖယ်ဒရယ် ပြည်ထောင်စုမူကို NLD လက်ခံလျှင် ဝန်ကြီးချုပ်ကို ANP ရသင့်သည်ဟုအကောက်အယူများလည်း ရှိသည်။ မှန်ပါသည်၊ အမှန်တရားလည်း ဖြစ်သည်။ ထို့အတူ NLD ဘက်ကလည်း ပေးပိုင်ခွင့်ရှိသလို၊ မပေးပိုင်ခွင့်ရှိသည်မှာလည်း အမှန်တရားပင်ဖြစ်သည်။ သို့သော် သည်နေရာတွင် အရေးအကြီးဆုံးအချက်တချက် ရှိနေသည်။ ANP က ဦးဆောင်ပြီးအစိုးရဖွဲ့ခွင့်မရှိလျှင် အတိုက်အခံအဖြစ်ရပ်တည်မည်ဆိုသည့် မူ ဖြစ်သည်။ မပေးလျှင် အတိုက်အခံအဖြစ် ရပ်တည်ရုံသာရှိသည်။ သို့သော် လက်တွေ့တွင် ထိုသို့မဟုတ်။ မပေးလျှင် ဆန္ဒပြခိုင်းရသည့်အဆင့်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ကိုယ်ကိုတိုင် လက်နှင့်ရေးသည်ကို ခြေနှင့်ဖျက်သကဲ့သို့ ဖြစ်နေသည်။ ပါတီ၏နိုင်ငံရေးသိက္ခာ၊ ရခိုင်တို့၏ နိုင်ငံရေးသိက္ခာကို မြောင်းထဲ ချလိုက်သကဲ့သို့ဖြစ်သည်။ ယခင်က အစိုးရဖွဲ့ခွင့်ရရေးမှ လာမည့်ဆန္ဒပြပွဲကြွေးကြော်သံအဖြစ် “ရခိုင်အမျိုးသားပါတီ သဘောထားထုတ်ပြန်ချက်အား အလေးအနက်ထားဆောင်ရွက်ပေးရေး”ထိ အသနားခံလမ်းစဉ်သို့ နိမ့်ဆင်းသွား ခဲ့သည်။ တနည်းအားဖြင့်ဆိုသော် အဆိုပါဆန္ဒပြပွဲသည် ပါတီ၏ (၃/၂ဝ၁၆)ထုတ်ပြန်ချက်ဟု ဆိုနိုင်သည်။ ဂျပန်ဆန္ဒပြပွဲ၏ကြွေးကြော်သံ မက်ဆစ်သည် “ANP အား ဝန်ကြီးချုပ်နေရာပေးရေး” ဖြစ်သည်။

ဦးအေးမောင်၏ နိုင်ငံရေး ရှေ့မတိုးနိုင်သည့်ပေါ်လစီနှင့်အတူ အင်လိုင်း(အွန်လိုင်း)တက်ပွဲ၊ အင်(အွန်)လိုင်း ဆွမ်းတော်ကြီးလောင်းပွဲ များလည်းကပ်ပါလာသည်။ အဆဲသန်သူများ၏ နိုင်ငံရေးရေရှိန်(ချိန်)ကိုလည်း အများစုတွေ့မြင်လာရသည်။ ဒေါက်တာအေးမောင်ကို ထောက်ခံသူများက ဥက္ကဋ္ဌလုပ်ရပ်မှန်သည်၊ ထုတ်ပယ်သင့်သူကို ထုတ်ပယ်လိုက်မှ ရှေ့ဆက်သွားနိုင်မည်၊ အဆိုပပုဂ္ဂိုလ်များသည် သစ္စာဖောက်များဖြစ်သည်၊ စံရေဖွေများဖြစ်သည် စသည်ဖြင့်ပြောကြသည်။ အမှန်တကယ်အားဖြင့်ဆိုလျှင် အဆိုပါအဆဲသန်သူများအား နိုင်ငံရေးဖတ်စာ မကျေညက်ကြသူများဟုဆိုလျှင် လွန်မည် မထင်။ အချို့ကလည်း ရိုးရိုးသားသား ရခိုင့်နိုင်ငံရေးအင်အားစုများညီညွှတ်ရေးကို မြင်လိုသူများ၏ ဂရုဏဒေါသလည်း ဖြစ်ကောင်းဖြစ်ပေမည်။ အများကြိုက်ဝါဒ (Populism)၏ သဘော၊ (Populist)များ၏သဘောသဘာဝကို သိရှိထားပါမှာ ယခုလက်ရှိဖြစ်ပျက်နေသော ရခိုင့်နိုင်ငံရေးအကျပ်အတည်းကို အတော်အတန် တီးမိခေါက်မိနိုင်မည်ဟုယုံကြည်မိသည်။
ရခိုင်အများစုသည် စကားလုံးဝေါဟာရအဆင်တနဆာများဖြင့် ပြောနိုင်ဟောနိုင်သူကို အထင်တကြီးရှိတတ်သည့်သဘောရှိသည်။ ထို့အပြင် ဒေါက်တာဆိုသည့် ဘွဲ့ထူး၊ ဂုဏ်ထူးအားလည်း လေးစားတန်ဖိုးထားတတ်သူများလည်း ဖြစ်သည်။ ပညာကို လေးစားတန်ဖိုးထားသည့် အခံကြောင့်လည်း ဖြစ်ပေမည်။ အများစုအမြင်တွင် ဒေါက်တာဆိုသူများသည် အများထက် ခေါင်းတလုံးသာသူဟု မသိစိတ်တွင်ကိန်းအောင်း နေတတ်ကြသည်။ ပညာရှိပြောလျှင်မှန်သည်ဟု မျက်စိမှိတ်ယုံမိတတ်ကြသည်။ သည်နေရာတွင် တခုမေးလိုသည်မှာ ဒေါက်တာ အေးမောင်ကို ထောက်ခံသူအများစုအား ဒေါက်တာအေးမောင်သည် မည်ကဲ့သို့သောဒေါက်တာဖြစ်သနည်းဟု မေးကြည့်ပါ၊ ဆေးကုသော ဒေါက်တာဟုပြောကြမည့်သူ အများအပြားရှိနေပေလိမ့်မည်။ ၎င်းသည် ငြင်းမရသည့်အမှန်တရားဖြစ်ကောင်း ဖြစ်ပေမည်။

တိုင်းပြည် တပြည်၊ လူမျိုးတမျိုး ဆင်းရဲကျပ်တည်းမှု၊ မျှော်လင့်ချက်မဲ့မှု၊ အထီးအကျန်ဆန်မှုနှင့်ကြုံတွေ့ရသည့်အခါ မင်းလောင်းမျှော် အစွဲ၊ ကယ်တင်ရှင်အစွဲများ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ပေါ်လာတတ်ကြသည်။ ထိုအခြေအနေမျိုးတွင် အများကြိုက်ဝါဒီ၊ အများကြိုက် နိုင်ငံရေးသမားများ နေရာရလာကြသည်။ “မုသာဝါဒနိုင်ငံရေး” ထွန်းကားလာတတ်သည်။ လက်တွေ့ ဖြစ်နိုင်၊ မဖြစ်နိုင်ထက် လူအများ၏ ရင်ထဲကို ထိမိ ချ(ရှ)မိသည့်စကားလုံးများကိုပြောနိုင်သူများ လူထုထောက်ခံမှု အချိန်တိုအတွင်းရတတ်ကြသည်။ တနည်းပြောရလျှင် (Band Wagon) လူအများစုကထောက်ခံနေကြပြီဟု တွင်တွင်သုံးပြီး (Mobocracy)လူအုပ်ဝါဒနှင့် (Democracy)ဒီမိုကရေစီကို ရောချတတ် ကြသည်။ ကမ္ဘာ့သမိုင်းတွင် ဟစ်တလာသည် နှစ်ပေါင်း(၂ဝ)ကြာ ဂျာမနီပြည်၏ နိုင်ငံရေး၊ စီးပွားရေးကျပ်တည်းနေသည့်အချိန်ကာလတွင် စင်ပေါ်ရောက်ခဲ့သူဖြစ်သည်။ ခေတ်သစ်သမိုင်းတွင် အနီးစပ်ဆုံးဥပမာပြရပါက အိမ်နီးရှင်း(ချင်း)နိုင်ငံတနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ ဖြစ်သည်။ (၁၉၉၇) အာရှစီးပွားရေးပျက်ကပ်နှင့်အတူပြိုလဲခဲ့သော ထိုင်းစီးပွားရေးကြောင့် မျှော်လင့်ချက်မဲ့နေမှုအား သက်ဆင်၏စကားလုံးများဖြင့် သူနှင့်သူ့ပါတီ အာဏာရရှိလာခဲ့သည်။ အာဏာရလာပြီးနောက် လူထုကြိုက် ပေါ်လစီများ ချက်မှတ်လာခဲ့သည်။ ပညာရှင်များက ဝေဖန်ထောက်ပြခဲ့ကြသော်လည်း အများကြိုက်ဖြစ်သောကြောင့် ထိုးမဖောက်နိုင်ခဲ့။ နောက်ပိုင်း မဖုံးနိုင်မဖိနိုင် လာဘ်စား ခြစားမှုများ၊ အစိုးရအခွင့်အာဏာသုံးပြီး မိသားစုစီးပွားရေးကြီးထွားအောင်ဆောင်ရွက်မှုများ ပေါ်ပေါက် လာခဲ့ရသည်။

ယနေ့ လက်ရှိ ရခိုင်ပြည်အခြေအနေကို သုံးသပ်ရာတွင် ရခိုင်လူထု၏ နိုင်ငံရေး ရေရှိန်(ချိန်)၊ မီဒီယာ စာတတ်မြောက်မှု (Media Literacy) အခြေအနေများကိုလည်းထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ပြည်မအခြေပြုမီဒီယာများက ပါတီအကွဲအပြဲအကြောင်းကို ရေးကြသားကြလျှင် ဗမာလူမျိုးများက ရခိုင်လူမျိုးများအားသွေးခွဲနေသည်ဟု မီဒီယာအပေါ် ရခိုင်အချို့၏အမြင်သည် ရှေးရိုးဆန်လွန်းအားကြီးနေသည်။ မီဒီယာကို မီဒီယာကဲ့သို့ သုံးသပ်ဝေဖန်ထောက်ပြသည့်တာဝန်ကို သဘောမပေါက်ခြင်းဟုဆိုနိုင်သည်။ ခေတ်သစ်တွင် မရိုးမသား၊ မမှန်မကန်လုပ်သည့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျှ မီဒီယာကိုလိမ်ညာ၍ မရနိုင်ချေ။ ရသည်ဆိုလျှင် တာရှည်လိမ်ညာထားရန် မဖြစ်နိုင်ချေ။ ပါတီ၊ အဖွဲ့အစည်းများသည် မီဒီယာနိုင်ငံရေး၏အတို့အထောင်၊ အထိုးအကြိတ်ဒဏ်ကို ခံနိုင်သည့်စွမ်းရည်လည်းရှိရန် လိုအပ်လာသည်။

တကယ်တော့ ရခိုင်လူထုအများစုသည် ဗမာစစ်အုပ်စု၏ (၂ဝ၁ဝ)နိုင်ငံရေး တံခါးဖွင့်ခြင်း၊ မီဒီယာလွတ်လပ်ခွင့်ပြုခြင်း၊ ဆက်သွယ်ရေးလိုင်း၊ အင်တာနက်လိုင်းများ ကောင်းမွန်လာခြင်းတို့ကြောင့် တစုံတရာ နိုင်ငံရေးနိုးကြားမှု၊ နိုင်ငံရေးဆိုင်ရာအသိအမြင် ရရှိလာခဲ့ရသည်။ ထိုအချိန်ကာလနှင့် (The Rise of Dr. Aye Maung) ဒေါက်တာအေးမောင်၏ စမ်း(စန်း)တက်ချိန်နှင့် အချိန်ကိုက်ဖြစ်လာခဲ့သည်။ ထိုအခြေနေကို ထပ်ဆင့်တွန်းတင်ပေးလိုက်သည်မှာကား ကုလား-ရခိုင်အဓိကရုဏ်း ဖြစ်သည်။ တကယ်တော့ ဒေါက်တာအေးမောင်သည် လူထုစိတ်ပညာကို အတိုင်းအတာတခုထိ ကျွမ်းကျင်ပိုင်နိုင်သူတဦးဆိုသည်ကို ဝန်ခံရမည်ဖြစ်သည်။ ရခိုင်လူထု၏အငုံ့စိတ်ကို ဒေါက်တာအေးမောင်က ပွင့်အန်ထွက်လာအောင်အသုံးချခြင်းလည်း ဖြစ်သည်။ ရခိုင်ပြည်သူလူထုအများစုသည် (၂ဝ၁ဝ)၏ဟိုဖက်နိုင်ငံရေး ဖြတ်သန်းမှုကို သိသူနည်းသည်။ သိရန်လည်း မလွယ်၊ လေ့လာစရာလည်း မရှိ၊ ရေဒီယိုနားထောင်သူလောက်သာ ဗမာပြည်နိုင်ငံရေး၊ ရခိုင်ပြည်နိုင်ငံရေးကို တီးမိခေါက်မိရုံသာရှိသည်။ စာပေ၊ မီဒီယာများနှင့်လည်း မနီးစပ်ကြသည့်အတွက် ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးခိုင်ပြည်စိုး၊ ဒေါ်အေးနုစိန် စသည့်ပုဂ္ဂိုလ်များအား လေးစားကောင်းရမှန်း မသိ။ သူတို့ ပေးဆပ်စွန့်လွှတ်မှုများကိုလည်း နားမလည်ကြချေ။ ယနေ့အချိန်တွင် အဆိုပါနိုင်ငံရေးသမားများမှာ ရခိုင်အချို့၏ တိုက်ခိုက်စရာ၊ ဆွမ်းတော်ကြီးလောင်းစရာဖြစ်နေသည်။ သူတို့၏ တွံတွေးခွက်တွင်မျောရသည့်အဖြစ်ကို ရောက်နေကြရသည်။

စာရေးသူအမြင်တွင် နိုင်ငံရေးခေါင်းဆောင်ဆိုသူများသည် လူထု၏ နိမ့်ကျနေသော နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးအတွေးအခေါ်များကို မြှင့်တင်ပေးရန်တာဝန်ရှိသည်ဟု နားလည်သည်။ သို့သော် ဒေါက်တာအေးမောင်သည် အဆိုပါတာဝန်ကိုကျေပွန်သည့် ခေါင်းဆောင်တဦး တော့ မဟုတ်ချေ။ လူထု၏ပေါက်ကွဲချင်သောစိတ်ဓာတ်ကို မီးထိုးပေးသူတဦးသာ ဖြစ်သည်။ ကုလားမုန်းတီးရေးစိတ်၊ ဗမာမုန်းတီးရေးစိတ်ကို သူ၏ ပုဂ္ဂိုလ်ရေးသြဇာကျယ်ပြန့်ရေးအတွက် အသုံးချနေခြင်းသာဖြစ်သည်။ ရွေးကောက်ပွဲမတိုင်မှီက DVB Debate တခုတွင် ဒေါက်တာ အေးမောင် က ပြည်မတွင် NLD ကို မဲပေး၊ ပြည်နယ်တွင် ANP ကို မဲပေးဟု ပြောဖူးသည်။ ထိုအချိန်ထိ ဒေါက်တာအေးမောင်၏ရင်ထဲတွင် NLD အပေါ်မုန်းတီးရေးအဃာတ မရှိသည်ကို လေ့လာတွေ့ရှိရသည်။

ဗမာပြည်တွင် ရွေးကောက်ပွဲအပြီး နိုင်ငံရေးပုံစံနှစ်မျိုးရှိသည်ဟု အကြမ်းအားဖြင့်ယူဆနိုင်သည်။ တမျိုးက နိုင်ငံရေးအပေးအယူကိစ္စကို လွှတ်တော်အတွင်း ညှိနှိုင်းအဖြေရှာရေး၊ နောက်တမျိုးက လမ်းပေါ်ထွက်နိုင်ငံရေး Street Politics ဖြစ်သည်။ လွှတ်တော်ဘောင်ထဲမှ မရှင်းဘဲ လမ်းပေါ်ထွက်ဆန္ဒပြခြင်းဖြစ်သည်။ လမ်းပေါ်ထွက်နိုင်ငံရေးကို နိုင်ငံရေးအီလစ်များက ကစားတတ်သည့်သဘောရှိသည်။ ထိုင်းနိုင်ငံတွင် သက်ဆင်အခြေပြု အနီ၊ အဝါတိုက်ပွဲသည် ပြင်းထန်ခဲ့သည်။

ဒေါက်တာအေးမောင်၏နိုင်ငံရေးဖြတ်သန်းမှုသမိုင်းကြောင်းကို ပြန်ကြည့်လိုက်လျှင် (၂ဝ၁ဝ)ဟိုးရှေ့ဘက်တွင် သူ၏ နိုင်ငံရေးဖြတ်သန်းမှုဟူ၍ မည်မည်ရရ မရှိချေ။ (၂ဝ၁ဝ)ရွေးကောက်ပွဲအတွက် ပါတီများဖွဲ့ခွင့်ပြုလိုက်သည့်အခါ ရရှိလာမယ့် Space တခုအတွက် ပါတီထောင်ရန် ကြိုးပမ်းနေကြသည့် ဦးဦးလှစောအမှုးပြုသည့် နိုင်ငံရေးစိတ်ဝင်စားသူများနှင့် ဒေါက်တာအေးမောင်တို့ဆုံမိကြပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဖွဲ့စည်းခဲ့ကြသည်။ ထိုအချိန်က ပါတီထူထောင်ကြသည့်ခေါင်းဆောင်အများစုကလည်း “ဒေါက်တာ” ဆိုသည့်ဂုဏ်ပုဒ်သည် မွေးဖွားစပါတီတခုကို အရောင်ပိုထွက်စေနိုင်သည်ဟု ရိုးသားစွာသုံးသပ်ကာ ဒေါက်တာအေးမောင်အား ပါတီခေါင်းဆောင်ကြီးအဖြစ် ပွဲထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ (၂ဝ၁ဝ) မှ (၂ဝ၁၅)၊ သူ၏ (၅)နှစ်တာ ဖြတ်သန်းမှုကာလ ဗမာပြည်၊ ရခိုင်ပြည်၏ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများက ဒေါက်တာအေးမောင်အား နိုင်ငံရေးအီလစ်တယောက်အဖြစ်သို့ မွေးထုတ်ပေးလိုက်သလို ဖြစ်ခဲ့သည်။ အဆိုပါ အခြေအနေတွင် ပြည်သူများ၏ နှစ်ပါတီကြွေးကြော်သံအောက်တွင် တဘက်ပါတီမှ အီလစ်တဦး(သို့) မြန်မာ့ဒီမိုကရေစီဖြတ်သန်းမှု၏ လူသန်ကြီး ဦးအေးသာအောင်နှင့် တပူးတတွဲရှိလာရသည်။ နှစ်ပါတီ ခေါင်းဆောင်နှစ်ဦး အပြိုင်ဖြစ်လာသည်။ ဒေါက်တာအေးမောင် အတွေးထဲတွင် ဦးအေးသာအောင်အား ပြိုင်ဘက်တဦးကဲ့သို့သဘောထားသည့် ပုံစံရှိခဲ့သည်။ နှစ်ပေါင်း(၂ဝ)ကျော် မှတ်ကျောက်တင်ခံ ဦးအေးသာအောင်သည် (၅)နှစ်သက်တမ်းရှိ ညီလေးဒေါက်တာအေးမောင်ကို သဘောထားကြီးကြီးဖြင့် ဥက္ကဋ္ဌရာထူးအတွက် အပြိုင် ထမရပ်ဘဲ ငြိမ်ခံနေခဲ့သည်။ သို့သော် အများသိကြသည့်အတိုင်း (၂ဝ၁၅)ရွေးကောက်ပွဲက ဒေါက်တာအေးမောင်၏ ခွက်ခွက်လှန်အရှုံး (NLD ကို မနိုင်ရုံသာမက USDP ကိုတောင် မနိုင်သောကြောင့်)က နိုင်ငံရေးအီလစ်တဦး၏ ပါဝါကျဆင်းခန်းကို မထင်မှတ်ဘဲရောက်လာခဲ့ရသည်။ ထိုပါဝါအကျကိုကာမိစေရန် သူ၏တပည့်သားမြေးများက ထောက်ခံပွဲများပြုလုပ်ပေး၍ အရောင်ပြန်တင်ပေးကြသည်။ သို့သော် ထင်သလောက် မတက်လာ။ တချိန်က မီဒီယာလောကတွင် ဟိုလေးတကျော်ကျော်ဖြစ်ခဲ့သော မိုက်အထိုးခံဘဝကို လွမ်းသလိုလိုရှိပြီး အနာဂတ် ပြောခွင့်ပျောက်မည့်အရေး၊ ပါတီတွင်း ပါဝါကျဆင်းမည့်အရေးကို တွေးပူမိသလိုရှိလာခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်တက်ရောက်ခွင့်ရသည့်အနေအထားနှင့် သူအနေထားကို မတင်းတိမ်နိုင်။ လွှတ်တော်အမတ်မဟုတ်သောကြောင့် လွှတ်တော်ဆိုင်ရာ အင်တာဗျူးပြောခွင့် မရသည့်နောက်၊ လမ်းပျောက်နေသောဒေါက်တာအေးမောင်သည် ရခိုင်သားများ၏စိတ်အခံအား အသုံးချပြီး၊ တချက်ခုတ် သုံးလေးချက်ပြတ်နိုင်သည်ဟု တွက်ဆထားသည့် Anti-NLD Policy ကို လိုင်းတင်လာခဲ့သည်။ ထိုပေါ်လစီဖြင့်ပင် NLD ဘက်ယိမ်းသည့် ALD အုပ်စုကိုလည်း ထုတ်နိုင်၊ ရခိုင်ပြည်သူလူထု၏ထောက်ခံမှုကို တဖန်ပြန်ရသည့် လမ်းစဉ်မှားဖြင့် သူ့နိုင်ငံရေး အနာဂတ်ကို လျှောက်လှမ်းလျက်ရှိနေသည်။

နိဂုံးချုပ်ရလျှင် ပါတီမှ ကျန်ခေါင်းဆောင်များသည် ဒေါက်တာအေးမောင်၏ပေါ်လစီအမှားကို သိသိကြီးနှင့်လက်ရှောင်နေကြသည့် အနေအထားတွင် ရှိသည်။ ဆန့်ကျင်ပြောမိလျှင် ပါတီအကွဲအပြဲ၊ ဥက္ကဋ္ဌကြီး၏ အရှက်သိက္ခာကို ပိုခွဲသလိုဖြစ်မည်စိုး၍ ငြိမ်ခံနေကြခြင်း ဖြစ်သည်။ ပါတီသိက္ခာ၊ မိမိတို့၏ဂုဏ်သိက္ခာအတွက် နှုတ်ဆိတ်နေကြခြင်းသာဖြစ်သည်။ သို့သော် ဒေါက်တာအေးမောင်ကို ထောက်ခံသူများက ထိုကဲ့သို့နှုတ်ဆိတ်နေခြင်းအား ဥက္ကဋ္ဌကြီးပေါ်လစီအား ပါတီထုတရပ်လုံးထောက်ခံခြင်းဟု အမှတ်မှားနေကြသည်။ ပြောင်းပြန်စဉ်းစားပါက အဆိုပါခေါင်းဆောင်များသည် ဒေါက်တာအေးမောင်ကို မှားခွင့်ပေးထားပြီး မှတ်တမ်းယူနေခြင်းလည်းဖြစ်နိုင်သည်။ သို့ရာတွင် အထူးစိတ်ဝင်စားဖွယ်အချက်တချက်မှာ ဒေါက်တာအေးမောင်ကိုဖယ်ရှားပြီး ခေါင်းဆောင်တက်လုပ်မည့်သူမရှိသည့် ပြဿနာ ဖြစ်သည်။ ၎င်းသည် ဒေါက်တာအေးမောင်အတွက် အခွင့်အရေးတရပ်လည်း ဖြစ်သည်။ ထို့ကြောင့် (၁/ ၂ဝ၁၆) နောက်ဆက်တွဲ ပါတီအကွဲအပြဲနှင့် ဥက္ကဋ္ဌကြီး၏ပေါ်လစီအမှားများသည် ခေါင်းဆောင်လုသည့်ပြဿနာ မဟုတ်ဘဲ၊ ခေါင်းဆောင်ရှားပါးသည့်ပြဿနာသာ ဖြစ်သည်ဟု မြင်မိပါသည်။
(ယခုဆောင်းပါးသည် စာရေးသူ အောင်ကျော်သာ (စစ်တွေ) ၏ အာဘော်သာ ဖြစ်ပြီး RAKHAPURA REVIEW ၏ အာဘော် မဟုတ်ကြောင်း သိစေအပ်ပါသည်။)
RAKHAPURA REVIEW
Facebook Page

0 comments:

Post a Comment