Wednesday, April 1, 2020

(ငါးကြော်နှပ်)

0 comments
(ငါးကြော်နှပ်)
လူအတော်များများသည် ငါးကြော်နှပ်ကို မချက်ဖူးသာရှိလျှင်ရှိမည် စားတော့စားဖူးကြမည်ထင်ပါသည်။ ငါးကို အကောင်လိုက် သို့မဟုတ် အကွင်းလိုက် သို့မဟုတ် အတုံးလိုက်တုံးကာ အပေါ်ယံကြော ကြွပ်နေအောင်ကြော်ပြီး ကြက်သွန်နီအကွင်းလိုက်ကြီးများနှင့် ပဲငန်ပြာရည်နှင့် ပြန်နှပ်သည့်အနှပ် ဖြစ်ပါသည်။ ပြောတော့ စာတကြောင်းဖြင့်ပြီးသော်လည်း တကယ့်လက်တွေ့တွင် သည်မျှမလွယ်မှန်း ငါးကြော်နှပ်ဖူးသူတိုင်း သိကြပါသည်။
ပြီးခဲ့သည့်အပတ်က အမေနှင့်နှမ အကြေးထိုး ခုတ်ထစ်တုံးတက်ပေးလိုသည့် ငါးကြင်းတုံးများ ကျနော့်တွင်ရှိနေပါသည်။ တမြန်နေ့က ဆယ့်နှစ်တုံးခန့်ကို အပေါ်ယံကြွပ်နေအောင်ကြော်ကာ လေလုံပိတ် ဗူးတဗူးထဲထည့်ပြီး သိမ်းထားပါသည်။ မနေ့ကတော့ ထမင်းပူပူတွင် ငါးကြော်ဆီချက်လေးဆမ်း ဆားလေးဖြူးကာ ငါးကြော်နှင့် ညမနက်စားပါသည်။ ပဲဟင်းချိုတခွက်နှင့် ငရုပ်သီးဆားထောင်းလေးလည်း ပါပါသည်။ နှစ်နပ်ဆက်တိုက် ထိုသို့စားပြီးနောက် ငါးကြော့်မျက်နှာကြည့်ချင်စိတ်ကုန်သွားသဖြင့် ဗူးလိုက်ကြီး ရေခဲသေတ္တာထဲပြန်ထည့်ထားခဲ့ပါသည်။
ဒီနေ့ အမေ့ဆီကပြန်လာတော့ လမ်းတွင် ငါးကြော်နှပ်စားချင်စိတ်ပေါက်ပါသည်။ လူသည် တခါတခါ မဆီမဆိုင် တခုခုကို စားချင်စိတ် လုပ်ချင်စိတ် သူ့အလိုလိုပေါက်တတ်သလား မပြောတတ်ပါ။ ကျနော် ငါးကြော်နှပ်စားချင်စိတ်ပေါက်ချိန်သည် မြို့လည်ကောင် ကားမောင်းနေချိန်ကြီးဖြစ်ပါသည်။ Stay at Home အမိန့်ကြောင့် မြို့လည်မှာ ခါတိုင်းလောက် ကားမရှုပ်သော်လည်း ကားတွေတော့ရှိနေပါသည်။ သတိထားမောင်းရင်း ဘယ်မှအာရုံမပြန့်အောင်ထိန်းရင်းကြားက ငါးကြော်နှပ်စားချင်စိတ် ဝင်လာခြင်းဖြစ်ပါသည်။ လမ်းဘေးဝဲယာတွင် စားသောက်ဆိုင်များလည်းမရှိပါ။ ဘာ ကြော်သံလှော်သံ အညှော်နံ့မှလည်းမရှိပါဘဲ ဗိုက်လည်းမဆာပါပဲလျှက် ဘယ့်နှယ်လို့ ငါးကြော်နှပ် ချဉ်ခြင်းတပ်လာမှန်း မပြောတတ်ပါ။ ဒါနှင့် "အိမ်ရောက်ရင် ငါးကြော်နှပ်မည်"ဟုတွေးမိလိုက်ပါသည်။
ငါးကြော်ဗူးကိုထုတ်ကြည့်တော့ ငါးကြော်တွေမှာ ကြွပ်နေတုန်းဖြစ်ပါသည်။ အနံ့လည်း မွှေးနေပါသည်။ ဒါနှင့် ဂျင်း သုံးလေးလွှာ လွှာပါသည်။ ကြက်သွန်နီဥကြီး ၂ ဥကိုအခွံသင်က မထူမပါးအကွင်းလိုက်လှီးချပါသည်။ ကြက်သွန်ဖြူ ၄ တက်ခန့် ဓားပြားရိုက်ပါသည်။ ခရမ်းချဉ်သီးအလုံးကြီးတလုံးကို ရှစ်စိတ် စိတ်ပါသည်။ ငရုပ်သီးစိမ်းအတောင့်ရှည် ဆယ်တောင်ခန့်ကို အညှာဖြတ်ပြီး ထက်ခြမ်း ခြမ်းပါသည်။ ထက်ခြမ်းဆိုသော်လည်း အခြမ်းမပြတ် ခြမ်းခြင်းဖြစ်ပါသည်။။ ကိုက်လန် ​ြေခာက်ပင်ကို အပင်လိုက် ခါးလည်မှဖြတ်ကာ ရေစင်စင်ဆေးပြီး စစ်ထားလိုက်ပါသည်။
မီးဖိုပေါ် သံကြွပ်ဒယ်တင်ပြီး ဒယ်ပူလာတော့ ငါးကြော်ဆီချက် ဇီးဘရားဇွန်းဖြင့် ၇ ဇွန်းခန့်ထည့်ပါသည်။ ဆီမကျက်တကျက်တွင် သကြားတဇွန်းထည့်ပြီး သကြားပျော်ကာ ညိုလာသည်အထိ မီးနွေးနွေးနှင့် စိတ်ရှည်လက်ရှည်မွှေပါသည်။ ထိုသိုမွှေနေရင်း စစ်ထဲဝင်စက ညဘက် အပြင်ကင်းစောင့်ရင်း ဂေါ်ရခါးသီးတွေခိုးပြီး သကြားနှင့်ကြော်ကာ ထမင်းဂျိုးတွေနှင့်စားခဲ့သည်ကို အောက်မေ့မိပါသည်။ သင်တန်းတက်နေသည့် စစ်သားလူသစ်ဘဝသည် အလွန်ငတ်ပါသည်။ ဗိုက်လည်း အချိန်တိုင်းဆာနေတတ်ပါသည်။
သကြားတွေ ကြာညို့ရောင်ထွက်လာတော့ ကြက်သွန်နှင့် ဂျင်းတွေထည့်ပါသည်။ ကြက်သွန်တွေနွမ်းသွားတော့ ငရုပ်သီးစိမ်းတွေထည့်ပါသည်။ ကြက်သွန်ဖြူနီ ဂျင်းတွေက သကြားကြာညို့နှင့်ငရုပ်သီးစိမ်းတို့ပေါင်းဖက်မိသည့်အနံမှာ အလွန်မွှေးပြီး ဘာနှင့်တူမှန်း ပြောရခက်ပါသည်။ ငရုပ်သီးစိမ်းတွေ တဖေါက်ဖေါက် ဆီပေါက်လာတော့မှ ပဲငန်ပြာရည်အပျစ် သုံးဇွန်းခန့်ထည်ပြီး သမအောင်မွှေကာ အဖုံး ဖုံးပြီး ခန ပစ်ထားလိုက်ပါသည်။ တအောင့်လောက်ကြာတော့ အိုးထဲက ဖျစ်ဖျစ် ဖျစ်ဖျစ်မည်သံထွက်လာသဖြင့် ဖွင့်ကြည့်ရာ အားလုံးရောသမ ပေါက်စေးကျနေသလိုဖြစ်နေပါသည်။ ဆားနည်းနည်း အချိုမှုန့်နည်းနည်းထည့်ကာ တချက်နှစ်ချက်မွှေပြီး ဇွန်းဖျားလေးနှင့်ကော်ယူ မြည်းကြည့်တော့ အတော့်ကို အရသာရှိနေပါသည်။
ဒါနှင့် ခရမ်းချဉ်ရှစ်စိတ်ကွဲကိုထည့်ပြီး တချက်နှစ်ချက်မွှေက အဖုံးပြန်ပိတ်ပြီး တမိနစ်ခန့်နှပ်ထားလိုက်ပါသည်။ အဖုံးလှပ်ကြည့်တော့ ခရမ်းချဉ်တွေ အရာမယွင်းပဲ မနူးတနူးလေးဖြစ်နေတာတွေ့ရပါသည်။ သို့ဖြင့် ကိုက်လန်တွေထည့်ပြီး အနှစ်တွေနှင့်သမသွားအောင် လေးငါး​ြေခာက်ချက်မွှေပြီး ခနပြန်နှပ်လိုက်ပါသည်။ ထိုအချိန်တွင် ခွေးလေးတွေ အစာတောင်းဖြင့် ပွတ်လည်းပွတ်သပ်ပေး အစာလည်း ကျွေးရပါသည်။ လက်လည်းဆေးရပါသည်။ 
အိုးထဲမှာ ဟင်းနှစ်တို့ တဖျစ်ဖျစ်မြည်သံနှင့် အနံ့တို့မှာ မီးဖိုချောင်တခန်းလုံး ကြိုင်လှောက်နေပါသည်။ အိုးအဖုံးဖွင့်ကာ ငါးကြော်တုံးတွေကိုထည့်ပြီး အနှစ်တွေနှင့်ငါးကြော်တွေ သမအောင် နှံ့ပြန့်ကုန်အောင် အကျအနမွှေပြီးနောက် ရေ ရေနွေးကြမ်းပန်းကန် တလုံးစာလောက်ထည့်ပြီး အိုးကိုလှုပ်ပေးပါသည်။ အရည် အနှစ် ငါးကြော်တုံးတွေ သူ့နေရာနှင့်သူ အစီအရီကျသွားတော့ အဖုံးပြန်ဖုံးကာ နှပ်ထားလိုက်ပါသည်။ 
သိမ်းစရာဆည်းစရာများသိမ်းဆည်းပြီးနောက် ဆေးစရာကြောစရာများကို ပန်းကန်ဆေးဇလုံထဲ ဆပ်ပြာရည်နှင့် စိမ်ထားလိုက်ပါသည်။ ကျနော်သည် အချက်အပြုတ်မပျင်းသော်လည်း ပန်းကန်ဆေးရမှာ သေမလောက်ကြောက်သူ ဖြစ်ပါသည်။ လက်အပြည့်အစုံမရှိတာကြောင့်လည်း ပါပါသည်။ ကျနော့်ပန်းကန်ဆေးနည်းမှာ ဇွန်းတွေခွက်တွေကို အင်တုံထဲတွင် ရေနွေး ဆပ်ပြာရည်တို့ဖြင့်စိမ်က အိုးတိုက်ဖတ်နှင့် ပွတ်သပ်မွှေနှောက်ပါသည်။ ပြီးနောက် ဆပ်ပြာရည်တွေသွန်ကာ ရေသန့် သုံးလေးကြိမ်ထည့်လိုက် သွန်လိုက်လုပ်ခြင်းဖြစ်ပါသည်။ ပန်းကန်တချပ်ချင်း တလုံးချင်း ဇွန်းတချောင်းချင်း ကျနော်ဆေးမရပါ။ 
လူသည် စားတတ်လျှင် ရှာတတ်ဖွေတတ် ချက်တတ်ပြုတ်တတ်ဖို့ လိုရုံမက ဆေးတတ်ကြောတတ်ဖို့လည်း လိုမည်ထင်ပါသည်။ ထမင်းပွဲရှေ့ရောက်သမားများ ထိုဒုက္ခကိုမသိပါ။ ထို့ကြောင့်သူတို့သည် ဘဝအကြောင်းနှင့် လောကီထုပ္ပတ်လူတို့ဇာတ်ကို နားမလည်ကြပါ။ သို့သော် အတည်​ေပါက်နှင့် လူတွေကို တရားတွေဟောကြ မေတ္တာတွေထားထားခိုင်းကြ လောဘဒေါသမောတွေ မရှိကြရန်ပြောကြပါသည်။ သူတို့ကိုယ်တိုင်ကတော့ ထိုအရာများဖြင့်အတိပြီးကာ လောင်မီးကျနေကြသည်ကများပါသည်။ လူတွေကလည်း သူတို့ပြောသည်ကို တခုခုမျှော်ကိုးပြီး ဘုမသိဘမသိနှင့် ကိုးစားကြပါသည်။
အားလုံးဆေးကြောပြီးချိန်တွင် ဖိုပေါ်မှအိုးဆီက တဖျစ်ဖျစ်အသံနှင့်အတူ ငါးကြော်နှပ်အနံ့မှာ သင်းနေပါသည်။ အဖုံးဖွင့်ကြည့်တော့ ထပ်မွှေစရာမလိုလောက်အောင် သေချာနေပြီဖြစ်သည့် ငါးကြော်နှပ်တအိုးဖြစ်နေပါပြီ။ ကိုက်လန်အစိမ်း၊ ခရမ်းချဉ်အရောင်၊ ငါးကြော်အဝါရောင်တို့မှာ ကြာညို့ရောင်ကြားတွင်ကျနေပြီး ဆေးရောင်စုံပန်းချီကားတချပ်လို လှပနေပါသည်။ ငါးကြော်တတုံး ကိုက်လန်တဖတ်ဆည်ကာ မြည်းကြည့်တော့ ကောင်းသည့်အရသာမှာ ပြောမပြတတ်အောင်ပင်။ နတ်သုဒ္ဒါ ကိုယ်လည်းမစားဖူးသဖြင့် ဘယ်သို့ရှိမှန်းမသိသော်လည်း ခု ကျနော်ချက်သည့် ငါးကြော်နှပ်မှာမူ ဘယ်သူလာစားစား မကောင်းဘူးဟုတော့ပြောမည်မထင်ပါ။
တကယ်က ငါးကြော်နှပ်သည်ဆိုသည်မှာ အနုပညာတရပ်ဖန်တီးခြင်းလည်းဖြစ်ပါသည်။
မျိုးမြင့်ချို
၂၊ ဧပြီ၊ ၂၀၂၀

0 comments:

Post a Comment