ရဲဘော်ထွန်း
၁၉၀၅-ခု၊ ရုရှားတော်လှန်ရေးရှုံးတော့ လီနင်(၁၉၀၇) ခုနှစ်မှာ နိုင်ငံခြားထွက်ပါတယ်။ ဆွစ်ဇာလန် ဂျီနီဗာ သွားနေပါတယ်။ နိုင်ငံခြားမထွက်ခင် ၁၉၀၆ မတ်လမှာ ဆောင်းပါးတပုဒ် ရေးသွားပါတယ်။ အဲ့ဒီဆောင်းပါးမှာ “တော်လှန်ရေးကိုမြေမြှုပ်သင်္ဂြိုလ်လိုက်ရပြီ အခုလောက်ဆိုရင် လောက်တဖွားဖွား တက်နေ ရော့မယ်။ ဒါပေမဲ့ တော်လှန်ရေးဆိုတာ ရှင်သန်ထမြောက်တာမြန်တတ်ပါတယ်။ ကောင်းကောင်းပြုပြင် ပြင်ဆင်ထားတဲ့ မြေပေါ်မှာ ရှင်သန်ပွင့်လန်းလာ အောင်လုပ်ရမယ် ” လို့ ရေးပြီး ပြည်ပ ထွက်သွားခဲ့တာ ဖြစ်တယ်။
ဂျီနီဗာရောက်တော့ တော်လှန်ရေးတဖန်ရှင်သန်ထမြောက်ဖို့ လုံးပန်းပါတယ်။ အဓိကလုပ်ရတာက “ တော်လှန်ရေးသစ်အတွက် ပြည်တွင်းမှာ ကေဒါ မွေးမြူရတာပါပဲ။
တန်ပြန်တော်လှန်ရေးကလည်း ငြိမ်နေတာ မဟုတ်ပါဘူး။ မာက်စ်ဝါဒကို တိုက်ခိုက်တဲ့ခါတော်မှီ စာရေးဆရာတွေ မွေးပါတယ်။ တော်လှန်ရေးကို သရော်စေပါတယ်။ သစ္စာဖေါက်သူကို မြှောက်စားပါတယ်။ အဲ့ဒီလိုနဲ့ စိတ်ဓါတ်ကျရောဂါ လူထုထဲ ပြန့်ပွားစေပါတယ်။
ကျွန်တော်တို့ ဗမာပြည်တော်လှန်ရေးရဲ့ လက်ရှိအခြေအနေနဲ့ ဘယ်လောက်တူလိုက်ပါသလဲ။ မတူတာက နိုင်ငံတကာ့ အခြေအနေပါ။
မတူတဲ့ နိုင်ငံတကာ့အခြေအနေ
ကြီးကြီးကျယ်ကျယ်
ကြီးကြီးကျယ်ကျယ်
နိုင်ငံတကာ့အခြေအနေကို ခွဲခြမ်းစိတ်ဖြာတာ လုပ်မှာမဟုတ်ပါဘူး။ လီနင်နဲ့ ကျွန်တော်တို့ မတူတဲ့အခြေအနေမှာလုပ်ရတာ ပြောမလို့ပါ။ လီနင်က ဆွစ်ဇာလန်မှာ ကူညီမဲ့သူမရှိ ရပ်တည်ရင်း “ တော်လှန်ရေးသစ် ” အတွက်ကေဒါမွေးရတာပါ။ သက်တမ်းမရှည်တဲ့ စာစောင်တွေ တခုပြီးတခုထုတ်တယ်။ ရုရှားပြည်တွင်း ခိုးသွင်းတယ် ။ ဒူးထောက်ရင်း“ တော်လှန်ရေး ” လုပ်နေကြတဲ့ လှေကြုံစီး “ တော်လှန်ရေးသမား” တွေနဲ့ အတွေးအခေါ်တိုက်ပွဲတိုက်တယ်။
ကျွန်တော်တို့လီနင်လောက်မခက်ပါဘူး ။ အသံလွှင့်ရုံတွေ ပေါ်နေတဲ့ခေတ်။ အိမ်တိုင်းစေ့လောက် ရေဒီယိုနားထောင်နိုင်တဲ့ခေတ်။ ကွန်ပြူတာခေတ်၊ ဗမာပြည်သားတွေသိန်းသန်းချီပြီး နိုင်ငံခြားထွက်နေတဲ့ခေတ်မှာ အိမ်ရှင်က (အကြောင်းအမျိုးမျိုးကြောင့် )ကျွန်တော်တို့ကိုလက်ခံထားတဲ့ခေတ်မှာ လုပ်နေရတာပါ။
ခက္တာာကဘာလဲ
ကေဒါတွေကို တော်လှန်တဲ့လက်နက် တပ်ဆင်ရတာ ခက်ပါတယ်။ ပထမကမ္ဘာစစ်တောင် မဖြစ်သေးတဲ့ခေတ်ကနဲ့ အခု ဂလိုဘယ်လိုက်ဇေးးရှင်းခေတ် အတွေးအခေါ်ရှုပ်ထွေးပုံချင်း သိတ်ခြားနားပါတယ်။
နောက်တခုက လီနင်ကဘယ်သူ့ကိုမှ မှီခိုပြီး နေထိုင်စားသောက်တာ ၊ နိုင်ငံရေးလုပ်နေတာမဟုတ်ပါဘူး။ ကျပ်တည်းပါတယ်။ ဒါပေမဲ့ လွတ်လပ်အမှီခိုကင်းတယ်၊ နိုင်ငံခြားရောက် ရုရှားတွေကလည်း ကိုယ့်အသိုင်းအဝန်းနဲ့ကိုယ် စည်းခြားနေကြတာဖြစ်တယ်။ ရောရောနှောနှောမဟုတ်ဘူး။ လီနင် ဆန့်ကျင်ရတဲ့နိုင်ငံရေးသမားကလည်း ကိုယ်လိုဆိုရှယ်ဒီမိုကရက် (ကွန်မြူနစ် )တွေချည်းပဲ။ ကျွန်တော်တို့ခေတ်မှာလို အရောရောအထွေးထွေး မဟုတ်ဘူး။ ငြင်းကြ ခုံကြ ရန်ဖြစ်ကြရင်လည်း အဘိဓမ္မာကိစ္စလို ကြီးကြီးကျယ်ကျယ် တွေချည်းပဲ။
ကျွန်တော်တို့ခေတ်မှာတော့ နိုင်ငံရေးစတန့် လုပ်ဖို့လွယ်တယ်။ ပြည်တွင်းမှာ ဘာမှ လူထုအခြေခံမရှိတဲ့လူကလည်း စတန့်ထပြီးလုပ်နိုင်တာပဲ။
ရှည်ရှည်ဝေဝေးကိစ္စထားလိုက်ပါ။ အခုတလောမှာသမ္မတစောဝ်ရွှေသိုက် သားကြီးစတန့်ထွင်လိုက်တာ အတော် ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကြည့်ပါ။ “ ဗျူး”ကြ၊ “ဖြေ”ကြနဲ့ အတော်လှုတ်ခတ်သွားပါတယ်။ အဲ့ဒီလိုဘာကြောင့်ဖြစ်တာလဲ။ ပြည်တွင်းမှာ ငြိမ်နေလို့ပါ။
လူထုအခြေအနေ
လူထုအခြေအနေ
မစို့မပို့လုပ်လို့ကတော့ သရဲမရဲစီးနေတဲ့ စစ်အစိုးရကို မနိုင်နိုင်ဘူးဆိုတာ လူထုက ဘဝပေးအသိအရသိနေတယ်။ (၁၇-နှစ်ပဲရှိတော့မယ်။ မသိဘဲနေပါ့ မလား။) ဒါကြောင့်ငြိမ်နေတယ်။
လူထုလိုချင်တာ ကြွေးကြော်သံမဟုတ်ဘူး။ ပြည်ပက စတန့်မဟုတ်ဘူး လူထုထဲမှာနေပြီး လူထုကိုစည်းရုံးတဲ့သူကို လိုချင်တာ ဖြစ်တယ်။
လီနင် ပြည်ပမထွက်ခင်ကတည်းက ပြည်တွင်းမှာ လူထုထဲနေပြီး လူထုကိုစည်ရုံးမယ့် ယူဂျီကလာပ်စည်းတွေအများကြီး ဖွဲ့ပေးထားတယ်။ ဆက်သွယ် ရေးလမ်းကြောင်းတွေဖွင့်ထားတယ်။ ဒါတွေပြင်ပြီးမှ သူ ပြည်ပထွက်တာပဲ။ ကျွန်တော်တို့ရဲ့ဂျပန်ဖက်ဆစ်တော်လှန်ရေးတုန်းကလည်း ပြည်ပမှာပါတီကိုယ် စားလှယ်ထားတယ်။ ဗဟိုက ပြည်တွင်းမှာနေပြီး ယူဂျီလုပ်တယ်။ နယ်မှာယူဂျီတွေ ဖွဲ့တယ်။
ကျွန်တော်တို့ရဲ့ ၁၉၈၈-၈၉။ ၉၀ အဖြစ်နဲ့ တခြားစီပဲ။ စိတ်ကူးနဲ့လက်တွေ့ကွာဟသွားတော့ ကျွန်တော်တို့မှာ တတိယနိုင်ငံထွက်ရေးလမ်းပဲ ပွင့်နေတော့ တယ်။ အဲဒီတော့ ပြည်ပရောက်တဲ့ကိုယ်စားလှယ်အဖွဲ့တွေကများသွားတယ်။အပြစ်ပြောတာမဟုတ်ပါ။ အဖြစ်ကိုပြောတာပါ။
ပြည်တွင်းမှာ လုပ်မဲ့လူ ကေဒါနည်းသွားတယ်။ ပြည်တွင်းမှာနေလို့ ဘာမှမလုပ်နိုင်ဘူး။ ပြည်ပထွက်တာကမှ လုပ်နိုင်ဦးမယ်ဆိုတဲ့ အတွေးအခေါ်ဝင်တော့ “ အဂ္ဂ ” တွေ ပြည်ပထွက်တယ်။ လူထုကတော့ပြည်ပထွက်နိုင်တာ မဟုတ်ဘူး ။ ထွက်ရင်လည်း ဘယ်တိုင်းပြည်ကမှ လက်ခံမှာမဟုတ်ဘူး။
လူထုနဲ့ကင်းကွာတော့
လူထုနဲ့ကင်းကွာတော့
ကြွေးကြော်သံပဲ ထုတ်နိုင်တယ်။ “ ၁၀ နှစ်ပြည့်လို့ ရှမ်းပြည်ခွဲထွက်လိုက်ပြီ ”ဆိုတာဟာ ၁၉၅၈-၅၉ မှာ နွံစစ်ဟန်ပေါ်ကတည်းက ပေါ်တာပါ။ မြို့ပေါ်က ဗမာအစိုးးရတပ်ကို ရန်မရှာဝံံ့ပါဘူး ။ တောထဲက ဗပက တပ်ကိုရန်လုပ်ပါတယ်။ “ နောင်ချို နဲ့ မေမြို့ကြား နယ်ခြားဟိုဘက်အထိဆုတ်ပေးရမယ်။ မဆုတ်ရင် တိုက်မယ် ” လို့ ရာဇသံပေးလာပါတယ်။ ဗပက တပ်က ၁၉၄၉-၅၀ ကတည်းက ရောက်နေတာပါ။ ဗပက က ပြန်ပြီး “ မဆုတ်ဘူး။ လာရင်တိုက်မယ် ” လို့ ရာဇသံပြန်ပေးပါတယ်။ သူတို့မလာလို့ မတိုက်ရပါဘူး။ ယောင်ပြ ဟန်ရေးပြပြီး တိုက်လွှတ်လိုက်တာနဲ့ တပ်လန်ပြီး ပြန်ပြေးပါတယ်။ သစ်ခုတ်လွှဆွဲ ဗမာ အလုပ်သမားတွေတော့ တချို့ အသတ်ခံရရှာပါတယ်။
စစ်အုပ်စု ( ဗမာလူမျိုးကြီး ဝါဒ) က အဲဒီလို သင်္ကြန်အမြောက်ဖေါက်တာကို မကြောက်ရုံမက ကြိုက်ပါတယ်။
လူထုနဲ့ကင်းကွာရင် သင်္ကြန်အမြောက်ပဲ ဖေါက်နိုင်ပါတယ်။
လူထုနဲ့အဆက်ရရေး
တတိယနိုင်ငံရောက်နေသူတွေ ဗမာပြည် ပြန်မှ အဆက်ရတာမဟုတ်ပါဘူး။ နည်းမျိုးစုံနဲ့ အဆက်ရနိုင်ပါတယ်။ ဗမာပြည်ထဲမှာ ၃ ဦးပါတဲ့ ယူဂျီ ကလာပ်စည်းတခုဖွဲ့နိုင်တာဟာ ကြေညာချက် သောင်း-သိန်းထုတ်တာထက် အကျိုးများပါတယ်။
အဲဒီယူဂျီကလာပ်စည်း လူထု၊ စစ်တပ်ထု၊ ကျောင်းသားထုထဲမှာ တထောင်ရှိရင် စစ်အစိုးရကို ထိထိမိမိ ထိုးနှက် ဖြုတ်ချနိုင်မှာဖြစ်ပါတယ်။
(၂၀၁၅-ခုနှစ် ဇွန်လ ထုတ် ၂၁-စာစဉ်မှာပါရှိတဲ့ ရဲဘော်ညိုမင်းနံမည်နဲ့ရေးထားတဲ့(ရဲဘော်ထွန်း) ရဲ့ဆောင်းပါးကို ကူးယူဖေါ်ပြလိုက်တာဖြစ်ပါတယ်။ )
0 comments:
Post a Comment