Sunday, April 26, 2020

ဘုရားတည်ပြီးရင် ငြမ်းတွေဖျက်ရတာပဲ (မောင်မိုးဦး)

0 comments
ဘုရားတည်ပြီးရင် ငြမ်းတွေဖျက်ရတာပဲ မောင်မိုးဦး
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၃)
--------
ဗမာပြည်လွတ်လပ်ရေးရတာ နှစ် ၇ဝ ကျော်ပြီ။ ပြည်တွင်းစစ်ဖြစ်တာလည်းနှစ် ၇ဝ ကျော်ပြီ။ အုပ်စိုးသူတွေရဲ့ဖိနှိပ်အုပ်ချုပ်မှုကို အဖိနှိပ်ခံတွေက ခေါင်းငုံ့မခံဘဲ ခုခံတွန်းလှန်တဲ့ စစ်ပွဲဖြစ်တယ်။ အုပ်စိုးသူဘက်ကလည်း မျိုးဆက်တဆက်ပြီးတဆက် အဆက်မပြတ် ဖိနှိပ် စိုးမိုးနိုင်သလို အဖိနှိပ်ခံတွေဘက်ကလည်း မျိုးဆက်တဆက်ပြီးတဆက် ခုံခံဆန့် ကျင်နိုင်လို့ လည်း ရေရှည်စစ်ပွဲဖြစ်နေတာပါပဲ။
အင်္ဂလိပ်နယ်ချဲ့သမားရဲ့ကျွန်ဘဝ၊ဖက်ဆစ်ဂျပန်ရဲ့ကျွန်ဘဝကလွတ်မြောက်လိုတဲ့ အမျိုးသားစိတ် (လွတ်လွတ်လပ်လပ်နေထိုင်လုပ်ကိုင်စားသောက်နိုင်တဲ့ဘဝ၊ ဒီမိုကရေစီအခွင့် အရေးပြည့်ဝတဲ့ဘဝ၊ တန်းတူရည်တူအခွင့်အရေးရှိတဲ့ဘဝ၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ ဘဝ၊ ဖွံ့ဖြိုးတိုးတက်တဲ့ဘဝ၊ အေးချမ်းသာယာတဲ့ဘဝတို့ကို ရရှိလိုတဲ့ပြင်းပြတဲ့စိတ်) ဟာ ဗမာပြည်မှာနေထိုင်နေတဲ့ လူမျိုးပေါင်းစုံမှာ ဘဝပေးအသိအရ တညီတညွတ်တည်း ရှိလာတဲ့အခါမှာ အမျိုးသားစည်းလုံးညီညွတ်မှုရရှိလာပါတယ်။
အမျိုးသားစည်းလုံးညီညွတ်မှုအားနဲ့ လက်တွေဘဝကို ဖြတ်သန်းလုံးပန်းတဲ့အခါမှာ လွတ်လပ်ရေးလည်း ရရှိခဲ့တယ်။ လွတ်လပ် ရေးရပြီးတဲ့နောက် တိုင်းပြည်ကို ဘယ်လိုထူ ထောင်မယ်ဆိုတာမှာ သဘောထားကွာဟမှုတွေရှိလာတယ်။ ဒီနေရာမှာ အင်္ဂလိပ်နယ်ချဲ့ သမားဟာ မစားရတဲ့အမဲ -သဲနဲ့ပက်တဲ့အလုပ်ကိုလုပ်ခဲ့တယ်။ အမျိုးသားခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်လိုက်တယ်။ အမျိုးသားစည်းလုံးညီညွတ်မှု အက်ကြောင်းပေါ်ချိန်မှာ လွတ်လပ်ရေးကိုပေးလိုက်တယ်။
လွတ်လပ်ရေးရရှိလာတဲ့အခါမှာ အာဏာရရှိလာတဲ့ လူတွေဟာ အဖိနှိပ်ခံဘဝကနေ ဖိနှိပ်သူလူတန်းစားဘဝကိုပြောင်းသွားပါတယ်။ အင်္ဂလိပ်နယ်ချဲ့သမား ကျင့်သုံးတဲ့ဗျူရိုကရေစီ စနစ်ကို ဆက်ခံလိုက်တယ်။ အင်္ဂလိပ်နယ်ချဲ့သမား ကိုလိုနီအုပ်ချုပ်ရေးစနစ်နေရာမှာ ပြည်တွင်းဖြစ် ဗျူရိုကရေစီစနစ်ကို လက်ခံအစားထိုးလိုက်တယ်။ အင်္ဂလိပ်နယ်ချဲ့သမားနေရာကို ပြည်တွင်းဖြစ် ဗျူရိုကရက်အရင်းရှင်လူတန်းစားက အစားထိုးဆက်ခံလိုက်တယ်။
ဗမာပြည်ဟာ အဲဒီအချိန်ကစပြီး ကိုလိုနီနိုင်ငံဘဝကနေ ကိုလိုနီတပိုင်း၊ ပဒေသရာဇ် တပိုင်းတိုင်းပြည်ဘဝကို ကျရောက်သွားရပါတယ်။ အမျိုးသားစည်းလုံးညီညွတ်မှုဟာလည်း ပြိုကွဲသွားပါတော့တယ်။ တမျိုးသားလုံးရည်မှန်းထားတဲ့၊ လွတ်လပ်ရေးရပြီးရင် သာယာ ဝပြောတဲ့၊ ဒီမိုကရေစီထွန်းကားတဲ့၊ တန်းတူမှုရှိတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ ပြည်ထောင်စုနိုင်ငံသစ်တခုထူထောင်မယ်ဆိုတာဟာလည်း အကောင်အထည်မပေါ်လာတော့ပါ။ ဗမာပြည် လူမျိုးပေါင်းစုံအဖိနှိပ်ခံပြည်သူလူထုကြီး ခံစားကြုံတွေလိုက် ရတာက အမျိုးသားပြိုကွဲမှုနဲ့ပြည်တွင်းစစ်ဖြစ်ပါတယ်။
အာဏာရဖဆပလအစိုးရဟာ လွတ်လပ်ရေးတိုက်ပွဲဝင်ကာလတုန်းက အတူတိုက်ပွဲဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေအပေါ် ငါနဲ့မတူ၊ ငါ့ရန်သူလို သဘောပိုက်လာပါတယ်။ ဖဆပအစိုးရကိုဝေဖန်တဲ့အဖွဲ့အစည်းတွေကို လက်ဦးမှုရှိရှိ ဖမ်းဆီးဖိနှိပ်ချေမှုန်းဖို့ ကြိုးပမ်းရာကနေ ပြည်တွင်းစစ်ဖြစ်လာပါတယ်။ ပြည်တွင်းစစ်ဖြစ်လာတော့ ဖဆပလ အစိုးရက သူ့ကိုခုခံဆန့်ကျင်သူတွေကိုဆူပူသောင်းကျန်းသူတွေ၊ ရောင်စုံသူပုန်တွေဆိုပြီး သုံးနှုန်းပါတယ်။ အဓိပ္ပာယ်က နိုင်ငံရေးအင်အားစုတွေအဖြစ် အသိအမှတ်မပြုတာပါ။ ဒါကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့သူမနာကိုယ်မနာငြိမ်းချမ်းရေးဆွေးနွေးရေးကို ဖဆပလ အစိုးရက ပယ်ချခဲ့ပါတယ်။ ဒီအပြင် မတရားအသင်းတွေအဖြစ်ကြေညာပါတယ်။
ပြည်သူလူထုဘဝ၊ လူမျိုးစုံပြည်သူလူထုရဲ့ဆန္ဒတွေကို ထင်ဟပ်ပြီး လူမျိုးစုံပြည် သူလူထုအကျိုးအတွက် နိုင်ငံရေးလမ်းစဉ်၊ နိုင်ငံရေးရည်မှန်းချက်နဲ့ လှုပ်ရှားနေတဲ့ အင်အားစုအားလုံးဟာ တော်လှန်ရေးအင်အားစုတွေဖြစ်ပါတယ်။ ဗမာပြည်ရဲ့ပဋိပက္ခဟာ
ဖိနှိပ်အုပ်စိုးသူအစိုးရနဲ့အဖိနှိပ်ခံဘဝကလွတ်မြောက်ဖို့ရုန်းကန်တဲ့တော်လှန်ရေးအင်အားစုတွေဖြစ်နေတဲ့ပဋိပက္ခဖြစ်ပါတယ်။ ဒီအဓိကပဋိပက္ခဟာ ပြည်တွင်းစစ်အဖြစ် ဖေါ်ပြနေပါတယ်။ ဒီအဓိကပဋိပက္ခရဲ့အဓိကဘက်ဟာဖိနှိပ်အုပ်စိုးသူအစိုးရအဆက်ဆက် ဖြစ်ပါတယ်။
ဒါကြောင့်ပြည်တွင်းစစ်ရပ်စဲရေးဟာ အုပ်စိုးသူအစိုးရအဆက်ဆက်ရဲ့ ချမှတ်တဲ့ ပေါ်လစီ အရပ်ရပ်ပေါ် မူတည်ပါတယ်။ အုပ်စိုးသူအစိုးရအဆက်ဆက်ကပြည်တွင်းစစ်ဟာ နိုင်ငံရေးပြဿနာဖြစ်ပြီး နိုင်ငံရေးအရဆွေးနွေးဖြေရှင်းမယ်လို့ မူဝါဒမချမှတ် မလုပ်ဆောင် မချင်း ပြည်တွင်းစစ်ဟာရှည်ကြာနေဦးမှာဖြစ်ပါတယ်။
အုပ်စိုးသူတွေဖြစ်တဲ့ ဖဆပလအစိုးရကအစ စစ်အစိုးရအဆက်ဆက်တို့ဟာ ပြည်တွင်း စစ်ရပ်စဲရေး၊ ပြည်တွင်ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ပတ်သက်ရင် သဘောချင်း တူကြ၊ သဘောထားကိုက်ညီကြပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးအင်အားစုတွေကို ဆူပူသောင်းကျန်းသူ၊ အမြစ် ပြတ်ရှင်းပစ်ရမယ့်သူလိုသဘောထားတာပဲ။ဒါကြောင့် လက်နက်ချအညံ့ခံရင်ခံ၊ မခံရင်အချေမှုန်းခံရမယ်ဆိုတဲ့မူဝါဒကိုတလျှောက်လုံးကျင့်သုံးခဲ့ကြတာကနေ့အထိပါပဲ။
၁၉၅၈ ခုနှစ်မှာ အစိုးရက လက်နက်နဲ့ဒီမိုကရေစီလဲမယ်ဆိုတုန်းက ရခိုင်ဘက်မှာ ဦးစိန္တာအဖွဲ့တဖွဲ့လုံး၊ မွန်လက်နက်ကိုင် တဖွဲ့လုံး (နိုင်ရွှေကျင်မှအပ) ၊ ပြည်သူ့ရဲဘော် တဖွဲ့လုံး၊ ရှမ်းပြည်ဘက်မှာ “ပအမဖ”တဖွဲ့လုံး လက်နက်အပ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအဖွဲ့အစည်းတွေလက်နက်ချအလင်းဝင်တယ်ဆိုတာပဲအဖတ်တင်ပြီးဒီမိုကရေစီလည်းမရဘဲအဖွဲ့အစည်းဖျက်သိမ်းတာခံလိုက်ရတယ်။ ဒါကြောင့်ဒီအင်အားစုတွေထဲက တချို့ဟာတနည်းနည်းနဲ့ပြန်လည်ဖွဲ့တည်ကြပြီးလက်နက်ကိုင်တော်လှန်ရေးကိုဆက်လက်ဆင်နွှဲကြပြန်တယ်။
၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းစစ်အုပ်စုအာဏာသိမ်းပြီး ၁၉၆၃ ခုနှစ်မှာ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တယ်။ တွေ့ဆုံဆွေးနွေးပွဲမှာအပစ်အခတ်ရပ်စဲရေးကိစ္စဆွေးနွေးစဉ်မှာပဲ ဗိုလ်နေဝင်းက ဆွေးနွေးပွဲကို တဖက်သတ်ဖျက်သိမ်းလိုက်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားပြီးတဲ့နောက်မှာ ဗမာပြည်နေရာအနှံ့မှာ လက်နက်ကိုင်တပ်ဖွဲ့ အသစ်တွေ ပေါ်ထွက်လာပါတယ်။ ကျောင်းသားလူငယ်တော်တော်များများလက်နက်ကိုတော်လှန်ရေးထဲပါဝင်လာကြပါတယ်။ အထူးသဖြင့်ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းဝိသေသတိုင်းနဲ့ရခိုင်ဒေသတို့မှာ လက်နက်ကိုင်အင်အားစုအသစ်တွေထပ်မံပေါ်ပေါက်လာပါ တယ်။
၁၉၆၃ ခုနှစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးမှာ စောဟန်တာသာမွှေးခေါင်းဆောင်တဲ့ ကေ၊အာရ်၊စီအဖွဲ့၊ သခင်စိုးခေါင်းဆောင် တဲ့ အလံနီပါတီ (ကွန်မြူနစ်ပါတီ၊ ဗမာပြည်) နဲ့အလံနီပါတီအနွယ်တွေ တသုတ်ပြီးတသုတ်လက်နက်ချအညံ့ခံပါတယ်။ ဥပဒေဘောင်ထဲဝင်လာတယ်။ ကြိုဆိုပါတယ်ဆိုတဲ့ စကားလုံးတွေနဲ့ကြိုဆိုခံရတာပဲရှိပါတယ်။ အကျိုးဆက်ကတော့ အဖွဲ့အစည်းဖျက်သိမ်းခံရတယ်။ တပ် ဖျက်သိမ်းပစ်တာခံရတယ်။
၁၉၈၈ ခုနှစ်မှာ မဆလတပါတီစစ်အာဏာရှင် စနစ်ကိုဆန့်ကျင်တဲ့ ဒီမိုကရေစီ အရေးအတွက်တိုက်ပွဲဝင်တဲ့ ၊ လူထုအုံကြွမှု အရေးအခင်းကြီးပေါ်ပေါက်ခဲ့တယ်။ ဗိုလ်နေဝင်း နှုတ်မိန့်နဲ့ ဗိုလ်စောမောင်ကနဝတကိုဖွဲ့စည်းပြီးစစ်အာဏာသိမ်းတယ်။ လူထုကြီးကို သွေးချောင်းစီး နှိမ်နင်းခဲ့တယ်။
ဒီအရေးအခင်းမှာကျောင်းသားလူငယ်အပါအဝင် လူအများအပြားအသတ်ခံရ၊ ဖမ်းဆီးနှိပ်စက်ထောင်ချခံရ၊ လက်နက်ကိုင် တော်လှန်ရေးထဲရောက်သူရောက်၊ မကဒတ ကိုထူထောင်သူကထောင်၊ ပြည်ပထွက်ပြီးတိမ်းရှောင်သူကရှောင်၊ ပြည်ပမှာ နိုင်ငံရေး ပါတီအဖွဲ့အစည်းသစ်တွေထူထောင်သူကထောင်ကြသလို၊ ပြည်တွင်းမှာပဲ နိုင်ငံရေးပါတီ သစ်တွေ ထူထောင်သူကထောင်ကြပါတယ်။ တကယ်တော့ ဒါတွေအားလုံးဟာ (၈) လေးလုံး လူထုအုံကြွမှုကြီးရဲ့ အကျိုးဆက်အသီးအပွင့်တွေဖြစ်ပါတယ်။
နဝတစစ်အစိုးရကပါတီစုံ ဒီမိုကရေစီစနစ်ကိုထူထောင်မယ်၊ အထွေထွေရွေး ကောက်ပွဲကျင်းပပေးမယ်ဆိုပြီး နိုင်ငံရေးပါတီအဖွဲ့ အစည်းတွေကို မှတ်ပုံတင်စေပါတယ်။ စစ်အုပ်စုဘက်က မဆလတဖြစ်လဲ တစညပါတီကိုထူထောင်တယ်။ ပြည်သူလူထုကြီးဘက်က အင်အားစုတွေအနေနဲ့ ဒီချုပ်ပါတီ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့အပါအဝင် နိုင်ငံရေးပါတီအများအပြား ဖွဲ့စည်း ထူထောင်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်စည်းကမ်း ကန့်သတ်မှုအရ နိုင်ငံရေးပါတီအတော်များများ ဖျက်သိမ်းခံရပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာရွေးကောက် ပွဲကျင်းပပါတယ်။ ဒီချုပ် အပြတ်သတ်အနိုင်ရပါတယ်။ နဝတစစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ဖို့ငြင်းဆန်ပါတယ်။ ဒီချုပ်အပါအဝင် အနိုင်ရပါတီအဖွဲ့အစည်းတွေစုစည်းပြီးလွှတ်တော်ခေါ်ပြီးအစိုးရဖွဲ့ဖို့လုံးပန်းမှုကို နဝတ က ဖြိုခွဲပြီးလူဖမ်းပွဲတွေ လုပ်ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်အချို့ ပြည်ပထွက်ခွာပြီးအမျိုးသားညွှန့်ပေါင်းအစိုးရဖွဲ့တာတွေလုပ်လာပါတယ်။ လက်နက် ကိုင်အဖွဲ့အစည်းအချို့နဲ့ ပြည်ပရောက်နိုင်ငံရေးအဖွဲ့အစည်းတွေစုစည်းကြပြီး DAB ဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစုပေါ်လာတယ်။ နယ်စပ်ဒေသနိုင်ငံရေးပေါ်လာတယ်။
၁၉၈၉ ခုနှစ်မတ်လမှာ ကိုးကန့်လွတ်မြောက်ဒေသကတပ်တွေ ဗမာပြည် ကွန်မြူနစ် ပါတီက ခွဲထွက်ပါတယ်။ ဧပြီလမှာ ဝ ဒေသနဲ့ ဝ တပ်ဖွဲ့တွေကခွဲထွက်ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ၈၁၅ စစ်ဒေသ (နောင်မှာမိုင်းလာအဖွဲ့) ခွဲထွက်တယ်။ ကချင်ပြည်နယ်ဘက် က ၁ဝ၁ စစ်ဒေသကလည်းခွဲထွက်သွားပါတယ်။ အဲဒီလိုခွဲထွက်တဲ့တပ်တွေကို နဝတစစ်အစိုးရကသီးခြားအဖွဲ့အစည်းနဲ့ သီးခြားတပ် ဖွဲ့တွေအဖြစ် အသိအမှတ်ပြုတယ်။ အဲဒီအဖွဲအစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးအထူးဒေသတွေအဖြစ်သတ်မှတ်ပေးတယ်။
ဒီအတွေ့အကြုံအရ နဝတစစ်အစိုးရဟာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေကိုသွေးခွဲသပ်လျှိုပြီး ကွဲထွက်တဲ့ အင်အားစုနဲ့တပ်ဖွဲ့တွေကို သီးခြား အဖွဲ့ အစည်းနဲ့ သီးခြားတပ်ဖွဲ့တွေအဖြစ် အသိအမှတ်ပြုပြီး တဖွဲ့ချင်းနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။အထူးဒေသတွေသတ်မှတ်ပေးတယ်။ ဒေသငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါ၊ နိုင်ငံရေးကိစ္စကိုနောက်တက်လာတဲ့အစိုးရနဲ့ဆွေးနွေးပါဆိုပြီးလုပ်တယ်။ ဒီလိုနဲ့အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးလုပ်တဲ့အဖွဲ့အစည်းတွေအများအပြားပေါ်လာတယ်။ အဲဒီအဖွဲ့အစည်းတွေကိုစီးပွားရေးလုပ်ငန်းတွေချပေးတယ်။ မူးယစ်ဆေးဝါးလုပ်ငန်းထဲပါဝင်လာအောင်လမ်းဖွင့်ပေးတယ်။ ဒီနည်းနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးလုပ်တဲ့အဖွဲ့အစည်းတွေ နွံနစ်ပျက်စီးအောင် နဝတ က လုပ်ဆောင်ပါတယ်။ တဖက်မှာအပစ်အခတ် ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးမလုပ်တဲ့အဖွဲ့အစည်းတွေကိုအတိုင်းအတာကြီးတဲ့ထိုးစစ်ဆင်ပါတယ်။ ဖြတ် ၄ ဖြတ် စနစ်နဲ့ စစ်ဆင်ပါတယ်။ အဲဒီအကျိုးဆက်ကတော့ နယ်စပ်တဖက်နိုင်ငံထဲမှာ ဒုက္ခသည်စခန်းတွေအလျှိုလျှိပေါ်ပေါက်လာတာပါပဲ။
နဝတစစ်အစိုးရကို နအဖစစ်အစိုးရအဖြစ်ပြောင်းလဲဖွဲ့စည်းပါတယ်။ စစ်အုပ်စုမှာ ဗိုလ်သန်းရွှေနံပတ် (၁) နေရာရလာပါတယ်။ နဝတလက်ထက်ကစတင်ကျင်းပတဲ့ ညောင်နှစ်ပင်အမျိုးသားညီလာခံဆိုတာကိုလည်း ရပ်ဆိုင်းလိုက်၊ ကျင်းပလိုက်နဲ့ မာရသွန် ညီလာခံကြီးကျင်းပပါတယ်။ အချိန်ကုန်လူပန်းအောင်လုပ်ပြီး ၂၀၀၈ အခြေခံဥပဒေကိုရေးဆွဲချမှတ်အတည်ပြုနိုင်အောင်လုပ်တယ်။ လူသိန်းနဲ့ချီပြီးသေဆုံးစေတဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်ချိန်မှာအဓမ္မအတည်ပြုတာကြောင့်လည်း နာဂစ်အခြေခံဥပဒေလို့ လူသိများပါတယ်။ စစ်အုပ်စုနဲ့ သူ့အနွယ်တွေမှအပ ဘယ်သူမှလက်မခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ စစ်အုပ်စုဟာ ဒီအချိန်ကာလအတွင်းမှာ ကြံ့ဖွံ့ကိုနောက်မျိုးဆက်စစ်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတခုအသွင် ထူထောင်လိုက်ပါ တယ်။ မျိုးဆက်ဟောင်းစစ်ခေါင်းဆောင်ပါတီဖြစ်တဲ့ တစညပါတီကိုလည်းဆက်ထားပါတယ်။ ဒီလိုစစ်အာဏာရှင်စနစ်ကို နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ အုပ်ချုပ်ရေးအရထိန်းသိမ်းနိုင် အောင်ဘက်စုံပြင်ဆင်ပြီးမှ ၂ဝ၁ဝ မှာရွေးကောက်ပွဲလုပ်ပါတယ်။ ဒီချုပ်အပါအဝင် ၂ဝဝ၈ အခြေခံဥပဒေကိုလက်မခံတဲ့ နိုင်ငံရေးအင်အားစုတွေက ရွေးကောက်ပွဲမဝင်ပါ။ ရွေးကောက်ပွဲ မှာ ကြံ့ဖွံ့ပါတီအနိုင်ရပါတယ်။ ရွေးကောက်ပွဲအပြီးအဆင့်ဆင့်လွှတ်တော်တွေ ပေါ်ပေါက်ပါတယ်။ သမ္မတဦး (ဗိုလ်)သိန်းစိန်အစိုးရတက်လာပါတယ်။ ပထမအကြိမ်လွှတ်တော်အစည်းအဝေးတခုမှာမတရားသင်းဥပဒေပုဒ်မကိုရုပ်သိမ်းဖို့အဆိုတင်ခဲ့တာရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအဆိုအပယ်ခံရပါတယ်။
၂၀၀၈ အခြေခံဥပဒေကိုအတည်ပြုပြီးရွေးကောက်ပွဲကျင်းပနိုင်လို့ လွှတ်တော်တွေပေါ်လာပြီးအစိုးရသစ်ဖွဲ့လာနိုင်တာကြောင့် ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို စစ်အုပ်စုကအပြီးတိုင်ဖျက်သိမ်းနိုင်ပြီးဖြစ်လို့ စစ်အုပ်စုထိပ်သီးတွေ ကန့်လန့်ကာနောက်ကွယ် ကိုဝင်သွားပါတယ်။ ဒါပေမဲ့ ဒီချုပ်အပါအဝင်အတိုက်အခံအင်အားစုအားလုံးက ၉ဝ ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုဆုပ်ကိုင်ထားမြဲဖြစ်တော့ သမ္မတဦး (ဗိုလ်)သိန်းစိန်အစိုးရအကျပ်တွေ့ပါတယ်။ တချိန်တည်းမှာအပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့အဖွဲ့အစည်းတွေကိုနောက်တက်လာတဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတာလုပ်ဖို့ပြောထားတာကြောင့်လည်းဦး (ဗိုလ်) သိန်းစိန်အစိုးအကျပ်တွေ့ပါတယ်။ အပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေကိုနယ်ခြားစောင့်တပ်ဖွဲ့နဲ့ပြည်သူ့စစ်အဖွဲ့တွေအဖြစ်ပြောင်းလဲဖွဲ့စည်းဖို့လုပ်ပါတယ်။ အဲဒီလိုဖွဲ့ဖို့ လက်ခံတဲ့အဖွဲ့အစည်းတွေ ကာချုပ်ရဲ့ကွပ်ကဲမှုအောက်ရောက်သွားတဲ့အတွက် နိုင်ငံရေးအရ ဆွေးနွေးစရာမလို တော့ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့နဲ့ပြည်သူ့စစ်အဖြစ်လက်မခံတဲ့ အဖွဲ့အစည်းတွေကိုတော့ ဆွေးနွေးဖို့လိုအပ်ပါတယ်။ ဒီလိုသမ္မတဦး (ဗိုလ်) သိန်းစိန်အကျပ်တွေ့တော့ ကာချုပ်က အပစ်အခတ်ရပ်ထားတဲ့နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်လုပ်ဖို့လုပ်ဖို့ငြင်းဆန်တဲ့အဖွဲ့အစည်းတွေကို ထိတွေ့မှုဖြစ် အောင်လုပ်တယ်။ ဒီနည်းနဲ့တကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်ပါတယ်။
ဒီချုပ်ဟာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ ဒီချုပ်ကိုနိုင်ငံရေးဇာတ်ခုံ ပေါ်တင်ပေးလိုက်တဲ့ (၈) လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ ကြီးမြတ်တဲ့နိုင်ငံရေးအဓိပ္ပာယ်ကိုသေးသိမ်သွားအောင် ဒီချုပ်ကလုပ်လိုက်တာပါပဲ။ ၉ဝ ခုနှစ်ရွေးကောက်ပွဲကတခဲနက်ဖော်ပြခဲ့တဲ့ လူမျိုးပေါင်းစုံပြည်သူလူထုရဲ့ ဆန္ဒကိုကျောခိုင်းလိုက်တာလည်း ဖြစ်သွားပါတယ်။ ၈၈ ခုနှစ်ကစပြီးသေအတူရှင်အတူလက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲပြုတ်သွားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ထဲကို ရောက်သွားတဲ့အခါမှာတော့ ဒီချုပ်ဟာ ၂ဝဝ၈ အခြေခံဥပဒေအောက် ခေါင်းလျှိုမိရက်သားဖြစ် သွားပါတော့တယ်။
သမ္မတဦး(ဗိုလ်)သိန်းစိန်အစိုးရကအပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုအပစ်အခတ်ရပ်စဲရေးမလုပ်ရသေးတဲ့အဖွဲ့တွေနဲ့ထိတွေ့အောင်လုပ်ဆောင်ပါတယ်။ ဒီဆွေးနွေးပွဲကတွေမှာကာချုပ်မူ (၆) ချက်ချမှတ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) သဘောတူညီချက်ကိုလက်မှတ်ရေးထိုးတဲ့အထိဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဆွေးနွေးပွဲမှာပါဝင်တဲ့ အဖွဲ့တချို့လက်မှတ်မထိုးပါ။ အဲ့ဒီဆွေးနွေးပွဲကို ကိုးကန့်အဖွဲ့၊ တအာင်းပလောင်အဖွဲ့ ( TNLA) ၊ ရခိုင်တပ်မတော် (AA) အဖွဲ့တွေ တက်ခွင့်မပေးပါ။ အဲ့ဒီအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်ရေးမလုပ်နိုင်ဘဲအပြတ်ချေမှုန်းမယ်လို့ ကာချုပ်ကသဘောထားပါတယ်။ ဒါဟာ အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့ ချေမှုန်းရေးနည်း ဖြစ်ပါတယ်။ အဖွဲ့အစည်းအချို့ကို တနည်းနည်းနဲ့ချိုထားလိုက်ပြီး ဦးတည်ချက်ထားတဲ့အဖွဲ့အစည်းတချို့ကိုဝိုင်းပတ်ပိတ်ဆို့ချေမှုန်းတဲ့ နည်းအတိုင်းလုပ်တာပါပဲ။
သမ္မတဦး(ဗိုလ်)သိန်းစိန်အစိုးရဟာတဖက်မှာစစ်ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားကိုပိုခိုင်မြဲအောင်လုပ်ပါတယ်။ အဲဒါကတော့ အမြဲတမ်းအတွင်းဝန်စနစ်ထားတာပါပဲ။ အဲဒီအမြဲ တမ်းအတွင်းဝန်ဆိုသူတွေကို စစ်ဗျူရိုကရက်တွေ၊ ဒါမှမဟုတ် စစ်အာဏာရှင် စနစ်အတွက် အာမခံနိုင်တဲ့ အရပ်သားဗျူရိုကရက်တွေကိုသာခန့်ထားတာပါ။
ပြောင်းလဲချိန်တန်ပြီ၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ဆောင်မယ်။ အခြေခံဥပဒေပြင် ဆင်မယ်၊ ငြိမ်းချမ်းရေးဖော်ဆောင်မယ်၊ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်မယ်ဆိုတဲ့ လှုံ့ဆော်စည်းရုံးချက်တွေနဲ့ ဒီချုပ်အစိုးရဟာ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲဝင်ခဲ့တယ်။ အနိုင်ရပါတယ်။ လွှတ်တော်ခေါ်အစိုးရဖွဲ့နိုင်တယ်။ နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ နေရာတခုကိုဖန်တီးနိုင်တယ်။
အမျိုးသားရင်ကြားစေ့ရေးကိုဘယ်လိုအကောင်အထည်ဖော်တာမသိရပေမယ့် စစ်အုပ်စုနဲ့ဒီချုပ်စေ့စပ်ရင်ကြားစေ့ပုံပေါ်ပါ တယ်။ ဒီချုပ်တွင်းမှာ ဆူဆူညံညံသံတွေထွက်လာတယ်။ ဒီချုပ်နဲ့လက်တွဲခဲ့တဲ့ နိုင်ငံရေးပါတီတွေလမ်းခွဲသွားတယ်။ ဒီချုပ်အစိုးရက NCA လမ်းကြောင်းကိုဆက်ခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းကိုပထမလုပ်မယ်။ အခြေခံဥပဒေပြင်တာနောက်မှလုပ်မယ်ဆိုပြီး ၂၁ ရာစုပင်လုံဆိုတာကိုလုပ်တယ်။ ခရီးမပေါက်ပါ။ အခြေခံဥပဒေပြင်ဆင်ရေးလည်း ဘာမှဖြစ်မလာပါ။ သမ္မတဦး (ဗိုလ်) သိန်းစိန်ကသမ္မတဦးထင်ကျော် သို့၊ သမ္မတဦးထင်ကျော်မှ သမ္မတဦးဝင်းမြင့်သို့ဆိုတဲ့အပြောင်းအလဲတွေတော့တွေ့ရပါတယ်။
ပြောင်းလဲခြင်းမကပြောင်းလဲသွားတာကတော့ ဒီချုပ်ဥက္ကဋ္ဌပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံနေရာ၊ နိုင်ငံခြားရေးဝန်ကြီးနေရာကိုပါ ယူလိုက်ကတည်းက ဒီချုပ်ပါတီအလုပ်လုပ်ခွင့်မရှိတော့ပါ။ ဒီမိုကရေစီခေါင်းဆောင်ဘဝကနေ စစ်ဗျူရိုကရေစီယန္တရားထဲမှာ စစ်ဝတ်စုံမဝတ်ထားတဲ့ဗျူရိုကရက်တယောက်ဘဝကို ပြောင်းသွားပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဘဝ ပြည်တွင်းစစ်ကိုရက်ရက်စက်စက် ဆင်နွှဲသူဘဝကို ပြောင်းသွားတာပါပဲ။ ICJ ကိစ္စမှာလည်း စစ်အုပ်စုအဆက်ဆက်ကျင့်သုံးတဲ့ဆူပူသောင်းကျန်းသူ၊အဖျက်သမား၊ အကြမ်းဖက်သမားကို အမြစ်ပြတ်ချေမှုန်းရေးသဘောထားကိုအတက်ကြွဆုံးထောက်ခံအားပေးခြင်းဖြင့် စစ်အုပ်စုကိုအလုပ်အကျွေးပြုနေတယ်။ ဒီချုပ်ဥက္ကဋ္ဌက ဒီလိုလုပ်လေလေ ဒီချုပ်ဟာလူမျိုးစုံပြည်သူလူထုကြီးနဲ့ ပိုပြီးကင်းကွာသွားလေဖြစ်မှာပါပဲ။
လတ်တလောအကျိုးဆက်တခုကတော့ ပြည်တွင်းဒီချုပ်လှုပ်ရှားမှုကိုအထောက်အကူပြုတဲ့ အဝေးရောက်အမျိုးသားညွန့် ပေါင်းအစိုးရရဲ့ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကုပ်ချောင်းချောင်းနဲ့ပြည်တွင်းကိုပြန်ဝင်လာရတာပါပဲ။
ဒါတွေကိုကြည့်ရင် စစ်အုပ်စုဟာ စစ်ရေးဘက်မှာ လက်နက်ချအညံ့ခံငြိမ်းချမ်းရေးကိုပဲလိုလားသလို နိုင်ငံရေးဘက်မှာလည်း ဦးညွတ်ဒူးထောက်တဲ့ငြိမ်းချမ်းရေးကိုပဲလိုလားတာတွေ့ရပါတယ်။
စစ်အုပ်စုဟာစစ်အာဏာရှင်စနစ်နဲ့စစ်ဗျူရိုကရေစီယန္တရားကိုခိုင်မြဲအောင်လုပ်နေတာဖြစ်တယ်။ စစ်ရေးဘက်မှာတပ်ကိုလက်ကိုင်တုတ်တပ်ပီသသည်ထက်ပီသအောင်လုပ်နေပါတယ်။ စစ်အုပ်စုအနွယ်ဝင်နိုင်ငံရေးပါတီအဖွဲ့အစည်းများကိုလည်းထူထောင် နေပါတယ်။ စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီတို့၊ အမျိုးသားနိုင်ငံရေးတို့၊ ပါတီနိုင်ငံရေးတို့ဆိုတာတွေနဲ့လည်း အတွေးအမြင်တွေ ရှုပ်ထွေးအောင်လုပ်နေတယ်။ နိုင်ငံတော်အချုပ်အခြာအာဏာကိုထိပါးတယ်အကြောင်းပြပြီး ပြည်တွင်းစစ်ကိုရှည်ကြာသည်ထက်ရှည်ကြာအောင်လုပ်နေပါတယ်။
ဒီချုပ်ကအမျိုးသားရင်ကြားစေ့ရေးဆိုပြီးစစ်အုပ်စုနဲ့ရင်ကြားစေ့ရေးကိုပဲဦးစားပေးလုပ်နေတာတွေဟာလူမျိုးစုံပြည်သူလူထု ကြီးရဲ့ဘဝနဲ့ဆန္ဒကိုကျောခိုင်းလိုက်တာပဲဖြစ်လိမ့်မယ်။ အမေရိကန်နိုင်ငံတို့၊ အင်္ဂလန်နိုင်ငံတို့မှာလိုဒီမိုကရက်တစ်နဲ့ ရီပတ်ဗလစ်ကကန်၊ ကွန်ဆာဗေးတစ်နဲ့လေဘာပါတီတို့ တလှည့်စီအာဏာယူသလို ဗမာပြည်မှာလည်း ကြံ့ဖွံ့နဲ့ ဒီချုပ်တလှည့်စီအာဏာယူဖို့ ဒီချုပ်ကမျှော်လင့်နေရင် စိတ်ကူးယဉ်တာပဲဖြစ်မယ်။ စစ်အုပ်စုက လက်တွေ့ကျကျပဲကျင့်သုံးလိမ့်မယ်။ စစ်အုပ်စုမှာ ဘုရားတည်ပြီးရင် ငြမ်းဖျက်ပစ်တဲ့ အတွေ့အကြုံတွေအတော်များခဲ့ပြီပဲ။
မောင်မိုးဦး
၂၃၊၄၊၂၀၂၀။

0 comments:

Post a Comment