(မုန့်ဟင်းခါး မနက်ခင်း)
မနက်က အမေ့အိမ်သွား၏။ ဘယ်သူမှ မနိုးကြသေးမှန်းသိသဖြင့် ဂိုဒေါင်တံခါး စကားဝှက်သုံးပြီးဖွင့်ကာ ဂိုဒေါင်ကနေ ဝင်မည်အကြံနှင့်ဖွင့်၏။ ပွင့်၏။ သို့သော် ပြဿနာက မီးဖိုခန်းမှဖြတ်ကာ အိမ်မကြီးထဲဝင်သည့် တံခါးက အတွင်းမှ Lock ချထား၏။ ဖွင့်မရ။ အကြံအိုက်နေတုန်း အပေါ်ထပ်မှ တယောက်ယောက် ကမန်းကတမ်း ပြေးဆင်းလာသံကြားသဖြင့် တံခါးကို မခေါက်တော့ပဲ အသာရပ်စောင့်နေ၏။ ဂျလစ်ဂျလောက်မြည်သံနှင့် တံခါးပွင့်လာ၏။ ဖွင့်ပေးသူက ရဲမော်ထူး'။ ဒါနှင့် နေကောင်းလားဘာညာမေးကာ အထဲဝင်၏။ ထမင်းစား စားပွဲထိုင်ကာ အိုင်ပဒ်ထုတ်နေတုန်း ရဲမော်က အင်ဒီယားနားနှင့် ဖို့တ်ဝိန်းတို့တွင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူနှင့် သေဆုံးသူအရေအတွက်တွေ သတင်းတွေပြော၏။ မျက်နှာက သိတ်မကောင်း။ ကျနော်က ဒီလောက်ကြီးလည်းမပူပါနဲ့ပြောရင်း သူ့ကျန်းမာရေးအြေခအနေ၊ ည အိပ်ရေးပျက်မပျက်တွေမေးကာ အိပ်ပျော်မည့်ဆေးလည်းဖြစ်၊ Over the Counter ဝယ်လို့ရမည်လည်းဖြစ်သည့်ဆေးများအကြောင်းပြောတော့ သူ စိတ်နှင့်လိုက်မှတ်ကာ သောက်ဦးမှဖြစ်မယ်ဆိုဟု၏။ ထို့နောက် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ကာ ကမ္ဘာ့သတင်းတွေ ပြောဖြစ်၏။ လူ ငါးထောင်နီးပါးပါသည့် အမေရိကန် လေယဉ်တင်သေင်္ဘာကြီး ယူအက်စ်အက်စ် ရုစဗဲ့လ်တ်အကြောင်းလည်းပါ၏။ ပြောနေရင်း စကားလမ်းကြောင်းက ရှန်ဟိုင်း ကိုအော်ပရေးတစ်ဗ် အော်ဂနိုက်ဇေးရှင်းဆီရောက်ရာ ဒေါ်လာအကြောင်း ဗမာပြည်အကြောင်း နိုင်ငံ့စီးပွားအကြောင်းတွေဘက် ကူးသွား၏။

ထိုအချိန်တွင် ညီမ(သင်းသင်းအေး)ဆင်းလာကာ သူမိတ်ဆွေတချို့အကြောင်း၊ နူးယော့ခ်စီးတီးက ကိုရိုနာကူးစက်မှုအကြောင်း၊ သူချက်ပြုတ်ထားသည်များအကြောင်း၊ ဒီနေ့အဖို့ ကြက်စွတ်ပြုတ်လုပ်မည့်အကြောင်း၊ ကြက်ကြော်များလည်း ကျန်သေးကြောင်းပြောကာ မုန့်ဟင်းခါးလက်ကျန် ကျန်သေးကြောင်းတွင် အဆုံးသတ်၏။ မုန့်ဟင်းခါး အသံကြားတော့ ကျနော်က ချက်ခြင်း စားချင်စိတ်ပေါက်လာ၏။ မစားရတာလည်း တလလောက်တော့ရှိနေပြီဖြစ်၏။ သင်းသင်းအေးသည် မုန့်ဟင်းခါးချက် အလွန်ကောင်း၏။ ရခိုင်မုန့်တီဆိုလည်း သူချက်လျှင် အစပ်အဟပ်အလွန်တည့်၏။ သူနှင့်ပြောရင်း သတင်းစာနှင့်တီဗီတွင် တွင်တွင်ပါနေသည့် သက်ငယ်မုဒိန်းသမား အောင်ဆန်းနေဝင်းအကြောင်းလည်းရောက်၏။ ဒီလူတော့ အနည်းဆုံးထောင်ဆယ်နှစ်ကျမှာနော်ဟုပြောကာ သူ့စကားကိုအဆုံးသတ်ရင်း ရဲမော်ထူးအတွက် ဆေးဝယ်ရန်မေးမြန်း၏။
ထိုအချိန်တွင် အမေလည်း အပေါ်ထပ်မှ ညင်ညင်သာသာဆင်းလာ၏။ ဤနေရာ၌ ညင်ညင်သာသာကို သုံးရသည်မှာ အမေသည် ဘယ်တော့မဆို လမ်းလျှောက် အလွန်ပင် ညင်သာအေးဆေး၏။ ကျနော့်ဘဝတွင် ဘယ်တုန်းကမှ အမေ့ခြေသံ တဒုန်းဒုန်းကို မကြားစဖူး။ အရေးကြီး၍ ခြေလှမ်းသွက်ချင်သာသွက်မည် အမေ့ခြေနင်းသည် ဘယ်တော့မှမပြင်း။ အမေသည့် အဖေ့ကိုစိတ်ကောက်လျှင်ပင် ခြေဆောင့်မည်ဟု ကျနော်မထင်။ အမေက တွေ့တွေ့ချင်း သူ့ချွေးမကြီး(ကျနော့်ဇနီး)နေကောင်းလား မင်း ဖုန်းခေါ်ဖြစ်လား ဘာညာအရင်စမေး၏။ ပြီးမှ သူ့မြေးမ မရင်နှစ်အိပ်ကောင်းနေကြောင်း ကျောင်းပိတ်သဖြင့်ပျင်းပျင်းနှင့် အစားတွေ နင်းကန်မစားရအောင် ကြည့်လုပ်နေကြောင်းတွေပြောကာ မင်း ဘာစားလာခဲ့သလဲဟုမေး၏။ ဘာမှ မစားခဲ့သေးဘူး အမေ၊ ခနနေမှ မုန့်ဟင်းခါးတပွဲတော့ စားမည်ဟုပြောတော့ ကောင်းတယ်အမေထည့်ပေးမယ်ဟုပြောကာ လက်ဆေးကြွေဇလုံထဲက ပန်းကန်ခွက်ယောက်တချို့ကို ဆေးကြောနေ၏။
ကျနော်နှင့် ရဲမော်က စကားပြန်ဆက်၏။ သင်းသင်းအေးက အပြင်သွားဖို့ပြင်၏။ အမေရှိနေချိန်တွင် အမေ့ရှေ့၌ အနိဌာရုံသတင်းများ မပြောမိအောင် ကျနော်တို့ တတ်နိုင်သလောက် ရှောင်ကြသော်လည်း အမေသိထားဖို့လိုသည့် အဆိုးသတင်းများကိုမူ ထိန်းထိန်းသိမ်းသိမ်းနှင့်ပြောကျင့် ကျနော်တို့တွင် ပါနေကြပြီ။ ကျနော်တို့သည် အမေ့အား ဣဌာရုံများချည်းရွေးပြီးတော့ စိတ်ချမ်းသာဖို့သက်သက်လည်း မပြောကြ။ ကျနော်တို့ကသာ အမေ့စိတ်အနာထင်မည်စိုးပြီး ထိုသို့ထိန်းသော်လည်း အမေ့တွင် ကျနော်တို့ထက်တရားရှိ၏။ ကျနော်တို့ထက် တည်ငြိမ်၏။ အမေသည် စစ်ကိုလည်းဖြတ်ခဲ့၏၊ ခေတ်ဆိုးခေတ်ကျပ်တွေကိုလည်း ဖြတ်ခဲ့၏။ နာနာဘာဝ ဝိနာဘာဝ ဘဝတွေကိုလည်း ရင်ဆိုင်ခဲ့၏။ သို့သော် အမေ့နှလုံးသားသည် မမာကြောသွားခဲ့။ မခက်ထန်သွားခဲ့။ နုနုညံညံ့နှင့် တရားပြည့်ကာ ခိုင်ခိုင်ကြည်ကြည်ရှိနေသဖြင့် အတုလည်းယူရ၏။ ဩလည်း ချရ၏။ အမေခံခဲ့သည့်လောကဓံမျိုး ကျနော်သာခံရလျှင် စိတ်သည် ထောင်းလမောင်း ကြေနေမလားမပြောတတ်။ ယခုလည်း ခရိုခယိုင်ပင်။
ခနနေတော့ ညီမ အပြင်ထွက်သွား၏။ အမေက ကျနော့်အတွက် မုန့်ဟင်းခါးတပွဲထည့်ကာ မိုက်ခရိုဝေ့ဗ်နှင့် နွှေးပေးရင်း အဲ့ဒီမှာ ကြက်သွန်ကြော် ပဲကြော် ဂေါ်ရခါးသီးကြော် ငှက်ပျောကြော်တွေရှိတယ်။ မင်းညီမကြော်ထားတာ။ သူ့သမီးကတော့ ယောင်လို့တောင် မတို့ဘူး။ မင်း မုန့်ဟင်းခါးထဲထည့်စားပေါ့ဟု လှမ်းပြော၏။ ထိုအချိန်တွင် ရဲမော်ထူးက ဒေါက်တာလှကျော်ဇော၏ဆောင်းပါးတပုဒ်အကြောင်းပြော၏။ ကျနော့်စိတ်က ကိုမြင့်ရီဆိုသည့် ဗမာပြည်ကအမှုတွဲလည်းအမှုတွဲ သူငယ်ချင်းလည်း သူငယ်ချင်းဖြစ်သူထံရောက်နေ၏။ စိတ်က တချက်တချက် သာယာဝတီထောင် တောင်ငူထောင်တွေဆီ လွင့်ပျံ့နေ၏။ အမေ မုန့်ဟင်းခါးပွဲလာချတော့မှ လွင့်မျောနေသည့်စိတ်အလျဉ်သည် ပြတ်တောက်သွား၏။
အမေက မုန့်ဟင်းခါးထဲ သံပုရာသီးညှစ်ပေး၏။ ကျနော်က ငရုပ်သီးမှုန့်နည်းနည်း ငန်ပြာရည်နည်းထည့်ကာ မွှေနှောက်ပြီးစားရန်ပြင်တော့မှ ပျစ်နှစ်နေလွန်းနေတာကို သတိထားမိ၏။ ဒါနှင့် ဟင်းရည်နည်းနည်းထပ်ဆမ်းကာ သမလိုက်တော့မှ အလောတော်ဖြစ်သွား၏။ မုန့်ဟင်းခါးသည် ချက်ပြီးစ ပူပူလောလောတွင်စားရသည့်အရသာကတမျိုးဖြစ်ကာ နောက်နေ့လက်ကျန် ပြန်နွှေးစားရသည့်အရသာကတမျိုးဖြစ်၏။ မတူ။ ကျနော်က မနက်လက်ကျန်ကို ပိုကြိုက်၏။ မုန့်ဟင်းခါး တပွဲလုံးကုန်အောင်စားပြီးတော့ ငရုပ်သီးကြောင့် နှာရည်မျက်ရည် နည်းနည်းထွက်၏။ ကျနော်က အချိုသမား။ အစပ်ကြောက်၏။ အစပ်ကလေး နည်းနည်းစားလိုက်မိသည်နှင့် စားဝိုင်းတွင်အိန္ဒြေပျက်မတတ်ဖြစ်တတ်သူ။ ဒါကိုသိသည့်အမေက ဟိုမှာ မုန့်အချိုတွေရှိတယ် နည်းနည်းစားလိုက် ပြီးရင်ရော့ ရေသောက်ဆိုကာ ရေပုလင်းချပြီးနောက် စားပြီးသားပန်းကန်လည်း သိမ်းသွား၏။
ဤသို့ဖြင့် သည်မနက် ကျနော့် အမေရိကန် ဘရိခ်ဖာ့စ်မှာ ဗမာမုန့်ဟင်းခါးဖြစ်သွား၏။ ကျနော်လည်း အတော် တင်းတိမ်သွား၏။ အာသာလည်း ပြေသွား၏။ သို့ဖြင့် ဤအကြောင်း ကြည်နူးစိတ်ဖြင့် ပြန်ပြောဖြစ်ပါ၏။
မျိုးမြင့်ချို
၁၊ ဧပြီ၊ ၂၀၂၀
မျိုးမြင့်ချို
၁၊ ဧပြီ၊ ၂၀၂၀
0 comments:
Post a Comment