(တီဘီလည်း 'ကြောက်'ပါတယ်)
ကျနော် အမေရိကန်ရောက်စက အမေရိကန်တွေဟာ အိုစမာဘင်လာဒင်ရယ် ပိုးဟပ်ရယ် တီဘီရောဂါရယ်ကို သေအောင်ကြောက်တယ်ဆိုပြီး အပြောင်အပျက်ပြောသံကြားဖူးပါတယ်။ ကျန်တဲ့ ၂ ခု ဘယ်လောက်ကြောက်မကြောက်ကိုယ်တွေမကြုံပေမယ့် တီဘီနဲ့ပတ်သက်လို့ဖြစ်ခဲ့တာလေးတော့ ပြောပြပါရစေ။
ကျနော်တို့နဲ့ခင်တဲ့ အမေရိကန် ဆရာမကြီးတယောက်ရှိတယ်ဗျ။ သူက ပင်စင်စား တယောက်တည်းသမား။ ကြောင်တကောင်နဲ့အတူ အိပ်ခန်းသုံးခန်းပါအိမ်တလုံးနဲ့ နေတာ။ ဗမာပြည်သားတွေကို အတော်လည်းခင်မင် ကူလည်းကူညီတတ်သူပါ။ တနေ့တော့ သူနဲ့ခင်နဲ့ ဗမာပြည်သားတယောက်က သူ့အသိထိုင်းမလေးတယောက်ကို အဖွားကြီးအိမ်မှာ ခနလာထားတယ်။ ထိုင်းမလေးက ထိုင်းကနေ ကျောင်းလာတက်တာပါ။ ကျောင်းနားနီးတဲ့အဆောင်မရသေးတာရယ် အချိန်ပိုင်းအလုပ်မရသေးတာရယ်ကြောင့်လို့ ဆိုပါတယ်။
အတူနေလာရင်း တပတ်ဆယ်ရက်ကြာတော့ ကောင်မလေးက ချောင်းတဟွတ်ဟွတ်ဆိုးနေတာကို ဘွားတော်ကသတိထားမိတော့ ဆေးရုံဆေးခန်းသွားဖိုပြောပေမယ့် မိန်းကလေးကမသွားဘူး။ မသွားရတာက ဝင်ငွေလည်းမရှိ ကျန်းမာရေးအာမခံလည်းမရှိလို့လို့ယူဆရပါတယ်။ ချောင်းကတော့ အိမ်နေတဲ့အချိန်တိုင်းတဟွတ်ဟွတ်ဖြစ်နေပြီး ညဘက်တွေဆို ပိုဆိုးလာပါတယ်။ ဒီလိုနဲ့နေလာရင်း တညတော့ ကောင်မလေး ချောင်းအကြီးအကျယ်ဆိုးပြီး အသံပျောက်သွားတာနဲ့ အဖွားကြီးက တံခါးဖွင့်ပြီး အခန်းထဲဝင်သွားတော့ ကောင်မလေလးက ကုတင်ပေါ်မှာ သတိလစ်နေတယ်၊ လူကိုယ်မှာ အဝတ်အစားတွေပေါ်မှာနဲ့ အိပ်ယာခင်းတွေအပေါ်မှာပ သွေးစသွေးနတွေလည်းတွေ့တယ်။ ဒါနဲ့ ဘွားတော်က နိုင်းဝမ်းဝမ်းခေါ်တယ်။ တိုတိုပြောရရင် ကောင်မလေးဆေးရုံရောက်သွားတယ်။ ဆေးစစ်လိုက်တော့ တီဘီရောဂါဖြစ်နေတယ်။ နောက်တော့ နည်းနည်းကုပေးပြီး ထိုင်းကို အပြီးပြန်ပို့လိုက်တယ်။ နောက်နောင် ဒီကို ဘယ်အကြောင်းနဲ့မှ လာခွင့်မရတော့ဘူးလို့ဆိုတယ်။
ကိစ္စအဲ့ဒီမှာစတာပါ။ အဲ့ဒီဘွားတော်က တယောက်တည်းလည်းဖြစ် ဝါသနာကလည်းပါတော့ ဟိုအကြောင်းဒီအကြောင်းလေးတွေပြပြပြီး မကြာမကြာပါတီပေးတယ်။ ဘာပါတီမှမပေးရရင် Pot Luck ဆိုပြီး ကိုယ့်အစားကိုယ်ယူလာ သူများဟာတွေနဲ့လဲစားကြတာ လုပ်တတ်ပါတယ်။ ကျနော်တို့လည်း သူ့ပါတီရှိတိုင်းဖိတ်တယ်။ ကျနော်တို့ကလည်းသွားပါတယ်။ ဖြစ်ချင်တော့ ခုနပြောတဲ့ကောင်မလေး အရေးတော်ပုံမပေါ်ခင် ဆယ့်လေးငါးရက်က ပါတီတခု သူ့အိမ်မှာလုပ်တယ်။ ကျနော်တော့ မသွားဖြစ်ဘူး။ ကျနော့်ညီမ မိသားစုသွားကြတယ်။ ဟိုကောင်မလေးလည်း အိမ်မှာရှိနေတယ်။ အခန်းပြင်လည်းထွက်တယ်ပြောတယ်။ သူက များသောအားဖြင့် အိမ်မှာနေရင် အခန်းအောင်းပြီးနေတာများတယ်။ ခါတိုင်းလဲ ဒီလိုပဲသွားနေကြဆိုတော့ ဒီလိုပဲနေလိုက်ကြတာပေါ့။
ကောင်မလေးကိစ္စလည်းဖြစ်ပြီး သိတ်မကြာဘူး ညီမအိမ်ကိုစာရောက်လာတယ်။ အဲ့ဒီဘွားတော်အိမ်ကို သွားရောက်ခဲ့တာဖြစ်လို့ တီဘီရောဂါပိုးရှိမရှိ အမြန်ဆုံး သွားရောက်စစ်ဆေးခံဖို့ညွှန်ကြားချက်နဲ့။ ဒါနဲ့ ညီမလည်း ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး စုံစမ်းကြည့်တော့မှ ဟိုမိန်းကလေးဇာတ်လမ်းသိရတယ်။ ဒါနဲ့ သူရော ကလေးရော မိသားစုလိုက်ဆေးသွားစစ်ရတယ်။ အဲ့တုန်းက ကလေး(မရင်နှစ်ထူး)က ၁ နှစ်သမီးလောက်မှတ်တာပဲ။ ဟိုဘွားတော်ရော အဲ့ဒီနေ့ကပါတီလာတဲ့လူတွေရော အကုန် တီဘီစစ်ခံကြရတယ်။ ကျနော့်ညီမတို့က ဘာတီဘီလက္ခဏာမှမတွေ့ဆိုလို့ ဘာဆေးမှမသောက်လိုက်ရပေမယ့် တချို့တော့ဆေးသောက်ရသလားမပြောတတ်ဘူး။ ကြာပြီဆိုတော့ ကျနော်လည်းသိတ်မမှတ်မိတော့ဘူး။ လူတွေအကုန်ဆေးစစ်ခံကြရတာတော့ သေချာတယ်။
ကိစ္စအဲ့ဒီမှာ ပြီးသလားဆိုတော့ မပြီဘူး။ ကောင်မလေး အမေရိကန်ရောက်လာကတည်းက နေခဲ့ထိုင်ခဲ့တဲ့နေရာတွေက ထိတွေ့ဆက်ဆံခဲ့ရသူတွေအထိပါ နောက်ကြောင်းပြန်လိုက်ပြီး ဆေးစစ်ရတယ်ကြားတယ်။ ဒါလည်း မပြီးပါဘူး။ နောက်ပိုင်း ထပ်ကြားတာမှာ သူ ထိုင်းကနေလာတဲ့အချိန်တုန်းက သူနဲ့ လေယဉ် တခရီးစဉ်ထဲစီးခဲ့သူတွေပါ ဆေးစစ်ခံယူကြဖို့ ညွှန်ကြားတယ်လို့ဆိုပါတယ်။
ဒါ ကျနော့်ကိုယ်တွေ့ပါ။ ဒီနေရာမှာမေးစရာရှိတာက ဟိုကောင်မလေးက တီဘီရောဂါ ဒီလောက်ကြီးရှိနေရကပ်နဲ့ အမေရိကန်ကိုဘယ်လိုရောက်လာသလဲဆိုတာ ဖြစ်မှာပဲထင်တယ်။ နောက်တမေးဖြစ်နိုင်တာက ရောက်စကနည်းနည်းပါလာပြီး ဒီကျမှဆေးမကုဘာမကုနဲ့နေရင်း ပိုဆိုးကုန်တာများလားဆိုပြီး ဖြစ်လိမ့်မယ်။ ကျနော်လည်း အဲ့ဒါတွေတော့ ဘာမှမသိရပါဘူး။ ခုပြောပြတာက ကျနော်သိသလောက် ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပြန်ပြောပြတာပါ။
အမေရိကန်တွေ တီဘီရောဂါကို တကယ်ကြောက်ပါတယ်။ ဒီနေရာမှာ 'ကြောက်'ဆိုတာကို 'ရွံ့'ဆိုတာလေးနဲ့တွဲမှတ်တာကပိုကောင်းပါတယ်။ နို့မို့ဆို ပိုးဟပ်တွေ အိုစမာဘင်လာဒင်တွေနဲ့ပါထွေးပြီး အနက်တွေ ထွေပြားကုန်စရာဖြစ်ပါ့မယ်။
ခုလည်း ကိုဗစ် ၁၉ ကို အမေရိကန်တွေ ကြောက်ရွံ့စိတ်နဲ့အတူ ရဲရဲတင်းတင်းတော့ ရင်ဆိုင်ခုခံနေကြတာဖြစ်ပါတယ်။
မျိုးမြင့်ချို
၂၄၊ မတ်၊ ၂၀၂၀
မျိုးမြင့်ချို
၂၄၊ မတ်၊ ၂၀၂၀
0 comments:
Post a Comment