မန္တလေးရေးသူ- ဒဂုန်တာရာ
သခင်နုနှင့် စာရေးဆရာအသင်း
'နာမည် ဘယ်သူလဲ'
'စာရေးဆရာအသင်း ဥက္ကဌ ဒဂုန်တာရာပါ'
သေနတ်ကိုင် စစ်သားက လက်ပြကာ ခွင့်ပြုလိုက်မှ မော်တော်ကားကို သံဆူးကြိုးဝိုင်းထဲသို့ မောင်းဝင်ရလေသည်။
'ဟော ဝင်နိုင်ပြီ တဲ့' ဟု ဒဂုန်နတ်သျှင်က ဆိုသည်။ ဇော်ဂျီ ကမူကား မရန်းပင်များဖြင့် မှိုင်းညှို့သော ဝင်ဒါမီယာဘက်သို့ ငေးကာ 'ဟော ဟိုမှာ သခင်နု ပုတီးစိပ်တဲ့ နေရာ' ဟု ပြလေသည်။ မုလေးရုံ တောစ၊ ဒေါနလမ်း မြေညီ။
အိမ်ဝင်းထဲတွင် ကားများရပ်ထားသည်ကို တွေ့ရသည်။ ကက်ဘိနက် အစည်းအဝေးရှိသဖြင့် ဧည့်ခန်းတွင် ထိုင်စောင့်နေကြရသည်။
ဧည့်ခန်းမှာ ရိုးရိုးကလေးဖြစ်သည်။ အဆန်းအပြားမရှိ။ လွတ်လပ်ရေးကျောက်တိုင် ဓါတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံမှာ ပုံကြီးဖြစ်၍ ပေါ်ထင်သည်။ အခြား ဝါဒဖြန့်ချိရေးဌာနမှ ကားများ။ တထောင့်တွင် မြန်မာမှုလက်ရာ စဉ့်အတတ်ပညာဖြင့် လုပ်ထားသော ပန်းစိုက်အိုးကြီး။
အတန်ကြာသောအခါ ကော်ဖီ လာချသည်။ သာမန်အိမ်များတွင် တွေ့နေကျ သာမန် လက်ဖက်ရည် ပန်းကန်အပြာ။ ဂျာနယ်ကျော်မမလေး မူကား သကြားပါသဖြင့် မသောက်ပေ။
လေတိုက်သဖြင့် ပန်းပွင့်ခန်းဆီးသည် ဖောင်းကာ ရွက်တိုက်နေသည်။ မကြာမီ အပါးတော်မြဲက 'အပေါ်ထပ်ကို ကြွပါတဲ့' ဟု လာပြောသည်။ ဒါနှင့် အပေါ်သို့ တက်ကြသည်။
သခင်နုက 'အစည်းအဝးတွေက ဆက်နေတာ။ တော်တော်များ စောင့်နေရသလား' ဟုဆိုကာ ကျွန်တော်တို့အား နှုတ်ဆက်လေသည်။
သခင်နု၏ နှုတ်ဆက်သောအကြည့်ကို တုန့်ပြန်ခံယူ၍ မရအောင် ဖြစ်နေသည်။ သည်အတွက်မူ လှိုက်ဖိုခြင်း မဖြစ်မိ။ သခင်နုကို ၁၉၄၆ ခုနှစ် ကုန်လောက်က တာရာမဂ္ဂဇင်းတွင် ဆောင်းပါး တောင်းစဉ်က မြန်မာ့အလင်းသတင်းတိုက်တွင် နောက်ဆုံးတွေ့ခဲ့၏။ 'ကျွန်တော်တို့က စာပေဝါသနာပါတယ် ဆိုပေမယ့် မီးလောင်နေတာတွေ့တော့ မီးကို ဝင်ငြိမ်းရသေးတယ်' ဟု သူက ပြောခဲ့သည်။
သည့်နောက် တခါမျှ သူနှင့်မတွေ့။ တွေ့စရာလည်း အကြောင်းမရှိ။
ယခု တွေ့ရသောအခါ များစွာပြောင်းလဲနေသည်ကို မြင်ရ၏။ ယခင်ကမူ တဦးစီကို တဦးစီကို နှုတ်ဆက်သော အကြည့်ရှိ၏။ ထိုအကြည့်မှာ ကြည်နူးစရာ။ ယခုမူ အားလုံးကို မှေးကာ ကြည့်၏။ အသေးစိပ် မြင်ဟန်မရှိ။ အားလုံးကို တခါတည်းခြုံ၍ ကြည့်၏။ ထိုအကြည့်မှ သဘင် ဆံနေပေသည်။
ထို့ကြောင့် သူ၏ မှေးသောအကြည့်ကို ခံယူရာ၌ ဖိုလှိုက်ခြင်း မဖြစ်မိ။ စွဲလမ်းသော ကချေသည်တဦးက ဇာတ်ခုံပေါ်မှ ပရိသတ်ကို ကြည့်သော အကြည့်ကို ခံယူရသည့် အခါမျိုး ဖြစ်၏။ အကယ်၍သာ အိမ်တအိမ်၌ ထိုစွဲလမ်းသော ကခြေသည်ကို ဆုံတွေ့ရချေက ဖိုလှိုက်မိပေမည်။ ရင်ခုန်မိပေမည်။ ဤ ဖိုလှိုက်ခြင်း ရင်ခုန်ခြင်းက ကြည်နူးစရာ။
ထိုသို့ ပြောင်းလည်းလာသည်ကို နားလည်နိုင်ပါ၏။ သခင်နုသည် ၄ နှစ်အတွင်း မုန်တိုင်းထဲက သစ်ရွက်လို လွင့်မျောနေရှာသည်။ စဉ် မကျသွားအောင် တွယ်ကပ်ထားရ၏။ ပရိသတ်များကို တိုးဝှေ့ကာ ရှင်းရ၏။ ထို့ကြောင့် ပရိသတ်အားလုံးကို ဇာတ်ခုံပေါ်မှ ကြည့်သော မှေးကြောင်ကြောင် အကြည့်ကို ရရှိလာဟန် တူ၏။
ထိုသို့ မှေးကြောင်သော အကြည့်ဖြင့် ကြည့်ကာ စကားပြောနေသဖြင့် ဇော်ဂျီက ကျွန်တော့်ကို သခင်နု မမှတ်မိဘူးထင်ကာ 'ဒဂုန်တာရာကို သိတယ် မဟုတ်လား' ဟု ပြောရ၏။
'ဘယ်နှယ့် မသိဘဲ ရှိပါ့မလဲ။ ကောင်းကောင်းသိတာပေါ့' ဟု ပြုံးကာ ပြန်ဖြေသည်။
ထိုအပြုံးနှင့် အကြည့်မှ ကြည်နူးစရာ ကောင်းသည်။ သို့သော် လျှပ်ပြက်လိုက်ခြင်းမျှသာ။
သံဆူးကြိုးထဲမှ မီးခိုး မှိုင်း
သခင်နု၏ အကြည့်သာမဟုတ်။ ပြောသည့် စကားဝါစာ၊ လက်ဟန် အမူအရာတို့မှာ ဇာတ်သဘင် ဆံနေလေပြီ။ စင်မြင့် နိုင်ငံရေးသမားဟန် ပါနေလေပြီ။ ဤ ဟန်ပန်ဖြင့် ကရဖန် များလာသဖြင့် အမူအရာမှာ စက်ယန္တရားလိုလည်နေလေပြီ။ ကျွန်တော်ကမူ ၁၉၃၆ သပိတ်က သိဖူးသည့် 'ကိုကြီးနု' သဏ္ဍာန်နှင့် နှိုင်းယှဉ်ကြည့်နေမိသည်။
ဇော်ဂျီက စတင်၍လားမသိ။ စာဆိုတော်ပွဲနေ့ကို တက်ရောက်ဖွင့်ရန် ပြောသည်။ ဂျာနယ်ကျော် မမလေးကလဲ ထပ်ပြော၏။
'မတက်နိုင်ဘူးထင်တယ်။ ဒီဇင်ဘာလ ၆ ရက်နေ့က စပြီး မန္တလေးက သင်းဘောနဲ့ထွက်လာမှာ။ စာဆိုတော်နေ့မှာက လမ်းမှာ ရှိလိမ့်မယ်။ တိုင်း ကွန်ဖရင့်အတွက် အရေးကြီးတယ်။ နောက်ပြီး တချို့မြို့တွေမှာ သူပုန်က လွတ်စ ရှိသေးတယ်။ ဒီမြို့တွေရဲ့စိတ်ဓာတ်ကို မြှင့်တင်အားပေးရမယ်'
သူ၏ လင်္ကာဝါစာမှာ ပြေပြစ်လှသည်။ ကျွန်တော်တို့က ဇွတ်ပြောကြရသော်လည်း သူ၏ အကြောင်းပြချက်တို့မှာ ခိုင်လုံသည်။ ဒါနှင့် ဘာမျှ မတတ်နိုင်။
သခင်နုက 'အခြေအနေကိုက ဒီလိုဖြစ်နေတာ။ ကျွန်တော်ကလဲ တက်ချင်ပါတယ်။ ဘယ်နှယ့်လုပ်မလဲ' ဟု ဆိုသည်။ တရာတန် လက်မှတ် ၅၀ ရောင်းပေးရန် အလွယ်တကူ တာဝန်ယူလိုက်သည်။
နောက်ဆုံး သခင်နုက စာဆိုတော်နေ့တွင် ခါတိုင်းနှစ်များလို လာရောက် မဖွင့်လှစ်နိုင်ခြင်းကို အားနာသွားသဖြင့် 'ကဲ အကြံတခုရတယ်။ ဒီလို လုပ်ပါ။ မန္တလေးကို လာလည်ဖို့ ကျွန်တော် ဖိတ်လိုက်မယ်။ ဟိုမှာ ရှိတဲ့ စာရေးဆရာတွေနဲ့ မိတ်ဆက်ကြပေါ့။ ဘယ့်နှယ်လဲ။ ကျွန်တော် အသွားအပြန် လေယာဉ်ပျံနဲ့ ပို့ပေးမယ်။ ဟိုကျတော့ တည်းဖို့ နေဖို့တော့ ခင်ဗျားတို့ပဲ ကြည့် စီစဉ်ကြပေါ့။ မန္တလေးမှာ ၃ ရက်လောက် နေကြပေါ့'
ကျွန်တော်တို့က နားထောင်နေကြသည်။
'လေယာဉ်ပျံတစီးစာဆိုရင် လူနှစ်ဆယ်လောက်တော့ လိုက်နိုင်မယ်။ အဲ စာရေးဆရာအသင်း အမှုဆောင်က ဘယ်နှစ်ယောက် ရှိသလဲ'
'ဆယ့်ခြောက်ယောက်'
သခင်နုက ပြတင်းပေါက်ဘက်ကို ငေးနေပြီးမှ
'သတင်းစာဆရာအသင်းလဲ ခေါ်ပါအုံးလေ။ အဲဒါ ဒဂုန်တာရာကပဲ တာဝန်ယူပါ။ သတင်းစာဆရာအသင်း ကို မေးပြီး မော်လမြိုင်ကအပြန် စနေနေ့ အကြောင်းပြန်ပေးပါ'
ထိုအခိုက် အောက်ထပ် မီးဖိုမှ မီးခိုးများ အပေါ်သို့တက်လာကာ အခန်းထဲသို့ ဝင်လာသည်။ သခင်နုလည်း မီးခိုးသဖြင့် လက်နှင့် ယပ်နေရာက ထပြီး အောက်သို့ ငုံ့ကြည့်ကာ 'ကိုကြူစိန်ရေ' ဟု အပါးတော်မြဲကို လှမ်းခေါ်သည်။
'မီးခိုးတွေ လုပ်ပါအုန်း။ အပေါ်တက်နေတယ်။ မီးမခိုးအောင် လုပ်ပေးပါ'
ဇော်ဂျီက ပြုံးရယ်နေသည်။ သို့သော် မီးခိုးသည် ကျွန်တော်တို့ထံသို့ မရောက်ပေ။
'ရန်ကုန်က သံအမတ်တွေလည်း ဖိတ်မယ်။ မန္တလေးမှာလဲ နိုင်ငံရေးအားဖြင့် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြရမှာပဲ။ အိုင်ဆေး နောက် ဒိပြင် ဘယ်သူတွေကို ခေါ်ရကောင်းမလဲ။ အကြံပေးပါအုံး'
ကျွန်တော်က 'ပန်းချီဆရာတွေ၊ ဂီတဆရာတွေကော' ဟု အကြံပေးသည်။ သခင်နုကား ငြိမ်သက်နေသည်။
ထို့နောက် သခင်နုက မန္တလေးသို့ သွားရောက်မည့်အကြောင်း ပြောပြနေသည်။ 'လူထုအောင်သံ' ပြဇာတ်အကြောင်းလည်း ညှပ်ကာပြောသည်။ ရှိတ်စပီးယား၏ပြဇာတ်ကို မြန်မာလိုပြန်၍ ကရန်လည်း ပြောသေးသည်။
နောက်တနေ့တွင် သတင်းစာဆရာအသင်း အတွင်းရေးမှူး ကိုတက်တိုးနှင့်တွေ့ကာ ပြောရာ လိုက်ပါမည်ဟု ပြော၍ သခင်နုသို့ အကြောင်းပြန်ကြားလိုက်သည်။ နှစ်ဆယ်လိုက်မည်ဆိုကာ ဆယ်ဦးစီလိုက်ရန် ကျွန်တော်က အကြံပေးသည်။
၁၄-၁၁- ၅၀ နေ့တွင် ပြန်ကြားရေးဝန်ကြီး ဦးယော ထံမှ မန္တလေးလိုက်ရန် စာရေးဆရာအသင်းမှ ရှစ်ဦး နာမည်စာရင်းပေးသွင်းရန် စာ ရရှိသည်။ နောက် သတင်းထောက်အသင်းပါ ပါသည်ဟု သိရသည်။ နောက် အစီအစဉ်များကို ပြန်ကြားရေးဌာနမှ လုပ်လေသည်။ ကျွန်တော်တို့ ဘာမှ မသိရတော့ပေ။
မင်္ဂလာဒုံမှ ချမ်းမြသာစည်သို့
၁၇-၁၁-၅၀။
တွန့်လိမ် ကောက်ကွေ့၍နေသော ငွေမျဉ်းကြောင်းမှာ မြစ်များပင်။ လယ်ကွင်းတို့ကား ကတ္တီပါ ကောဇော။ သစ်တောကြီးကား မှိုင်းညို့၍ နေလေသည်။ ရိုးမတောင်ပေါ်မှ မြူမင်းလွင်တို့သည် ယှက်သန်းလျက်။
နံနက်ခင်း နေရောင်ဝယ် အင်း အိုင် ချောင်းမြောင်းတို့သည် တဖိတ်ဖိတ် တောက်ပနေကြသည်မှာ ခမ်းနားလှသည်။ တိမ်တိုက်တို့သည် ရွေ့ရှားကာ မှန်ပေါက်ကို လာတိုးနေကြကုန်သည်။
မှိုင်းညို့သော တောအုပ် တောင်တန်းကြီးများကို ဖြတ်လာရလေပြီ။ ညိုမှောင်သော အရိပ်များကား သန်းလျက်။
အောက်သို့ငေးကြည့်နေသော ညိုမြအား ကျွန်တော်က လှမ်း၍ 'လင်းယုန် စခန်းရောက်ရင်ပြောပါ' ဟု နောက်သည်။
စကားလှမ်းပြောလိုက်ကြ၊ သောလုံးထုတ်လိုက်ကြ၊ လိမ္မော်သီး နွှာစားလိုက်ကြနှင့်ပင် မန္တလေးသို့ ရောက်လေပြီ။ ဘုရားပုထိုး ဖြူဖြူ လှိုင်ဂူမုခ်ဝတို့ဖြင့် ဆင်ယင်သော မန္တလေးသို့ ရောက်လေပြီ။
လေယာဉ်ပျံကွင်းတွင် ကြိုဆိုကြသော ကလောင်မိတ်ဆွေလူအုပ်ကြီးထဲမှ လူထုကိုလှ၊ မြမျိုးလွင် စသော သူများကို လှမ်းမြင်ရသည်။
ဟာသဝတ္ထုများကို ရေးလေ့ရှိသော စာရေးဆရာမ မာလာ မှာ ကုတ်အင်္ကျီတိမ်မီးခိုရောင်နှင့် ဂျစ်ကားကို ကိုယ်တိုင်မောင်းကာ လာကြိုသည်။
ဖုံလွင့်သော လမ်းမတလျှောက်မှ မြို့ထဲသို့ သွားကြသည်။ ကျုံးဘေးသို့ရောက်သောအခါ မြို့ရိုးရှေ့ရှိ မဏ္ဍပ်ကြီးများ စီရရီကို တွေ့ရသည်။
ကားမောင်းသူက 'မနေ့ကပဲ သခင်နုကထိန်ပွဲ ပြီးသွားတယ်။ သိပ်စည်တာပဲ။ နိဗ္ဗာန်စျေးဆိုတာလည်း တိုးမပေါက်ဘူး' ဟု ပြောပြသည်။
ကျန်ရစ်ခဲ့သော ပဒေသာပင်အခွံများကို ကြည့်ခြင်းအားဖြင့် ကထိန်ပွဲမှာ မည်မျကြီးကျယ်ကြောင်း သိနိုင်သည်။ သခင်နုမှာ သာသနာ့ ဒါယကာဘွဲ့ကို ခံယူရန် ကြိုးစားနေပုံရသည်။
ကျုံးကိုဖြတ်သော တံတားအသစ်ဖြူဖြူကို တွေ့ရသည်။
'ဒီတံတားက ဝန်ကြီးချုပ်လာမယ်ဆိုလို့ ချက်ချင်းလုပ်ရတာ'
'သြော် သြော်'
စိမ်းညို့သော ကျုံးလယ်၌ ရောင်ပြားတို့ဖြင့်လက်နေသော ကရဝိတ်ဖောင်ကြီးကို တွေ့ရပြန်သည်။
'ဝန်ကြီးချုပ် ရေသဘင်ခံတာ'
'သြော် သြော်'
ထိုကရဝိတ်ဖောင်၌ ရွှေနားတော်သွင်းတေးကို နားထောင်သည်။ ထီးခေတ် နန်းခေတ်ကမူ ပဒေသရာဇ်မင်းကို ဖြေဖျော်ယုယခဲ့ကြ၏။ ယခုမူ ဝန်ကြီးချုပ်ကို ယုယကြသည်။ မန္တလေးကား ပဒေသရာဇ်မင်း၏ မြို့တော်ဟောင်းပေကား။
မန္တလေး ကလောင်ပေါင်းချုပ်အဖွဲ့၏စီစဉ်ချက်အရ စျေးချိုတော်အနီး ငပိတန်း လက်ကြားအရပ်ရှိ တိုက်တွင် တည်းခိုရလေသည်။
အမေရိကန် ဝါဒ ဖြန့်ချိရေး
နံနက်စာကို ဝင်းလိုက် ရုပ်ရှင်ရုံတွင် စားရသည်။
ထောပတ်ထမင်း စားပြီးသောအခါ သီပေါလိမ္မော်သီး၊ ရွှေငှက်ပျော နှင့် ကာဖီကိုသောက်ရင်း ရုပ်ရှင် ကြည့်ရသည်။ လိမ္ဗော်နံ့သင်းသင်းနှင့် ရုပ်ရှင်ပိတ်ကားပေါ်မှ ကိုးရီးယား စစ်သတင်းကို ရှုမြင်ရသည်။
ကုလသမဂ္ဂတံဆိပ်ကပ်ထားသော အမေရိကန်ဗုံးကြဲလေယာဉ်ပျံက ဗုံးတွေ ဘယ်လောက်ကြဲချလိုက် သလဲဆိုတာကို မြင်ရသည်။ ရက်ရက်စက်စက် ကြဲချသည်။ ကိုးရီးယားလူထုမှာ မည်မျှ ပျက်စီးဆုံးပါးမည်နည်း။ မည်မျှ သေကြေ ကြမည်နည်း။
ကိုးရီးယားတွင် အမေရိကန်က မည်မျှ ရက်စက်စွာ ဗုံးကြဲချသည်ကို ပြပြီးနောက် သူတို့ အရင်းရှင်နိုင်ငံရှိ ယုဝတီ အလှပြိုင်ပွဲသတင်းကို ကြည့်ရပြန်သည်။
ကိုးရီးယားလူထုတွင် နိုင်ငံခြားစစ်တပ်တို့၏ ရက်စက်စွာ ဗုံးကြဲခြင်း၊ နှိပ်စက်ခြင်းကို ခံနေရစဉ် ဖင်ကလေး ကော့ကာ တင်ကလေးမော့ကာ ကြော့နေသော အမေရိကန်အလှပြိုင်ပွဲ သတင်းကားကို ကြည့်ရရာ ရင်ထဲက မသက်သာလှ။ ဒါနှင့် လိမ္မော်သီးကိုသာ နွှာစားနေရသည်။
ကျွန်တော်က မနေနိုင်၍ ညိုမြအား 'ဘယ်နှယ်လဲဗျ။ မန္တလေးရောက်လာလဲ ဒီအမေရိကန် ဝါဒဖြန့်ချိရေးကိုပဲ တွေ့နေရတာပါပဲလား။ လွတ်ကို မလွတ်ဘူးနော်' ဟု ပြောမိသည်။
ညိုမြက ထုံးစံအတိုင်း မတုန်မလှုပ်နှင့် 'အင်း ဟင်' ဟု ဆိုသည်။
၀င်းလိုက်၏ ကျေးဇူးကြောင့် မန္တလေး အခြေအနေကို အကဲခတ်မိသည်။ မန္တလေးတွင် ဤမျှ အမေရိကန်ဝါဒဖြန့်ချိခွင့် ရနေသည်။
ရန်ကုန်တွင်ကား အမေရိကန်ဝါဒ ဖြန့်ချိရေးသည် အသွင်အမျိုးမျိုးဖြင့် ရှိသည်။ သံရုံးမှ ထုတ်သော သတင်းလွှာ၊ စာအုပ်စာတမ်းများအပြင် မဂ္ဂဇင်း၊ ဂျာနယ် ရုပ်ရှင်တို့ပါ ပါသည်။ မဂ္ဂဇင်း ဂျာနယ်များထဲတွင် ဒိုင်ဂျက်(စ်)၊ လိုက်(ဖ်)များမှာ အဆိုးရွားဆုံးပင်။ ရုပ်ရှင်မှ ကွန်မြူနစ်ဆန့်ကျင်ရေးများကို တွင်တွင် လုပ်ကြံကာ ဝါဒဖြန့်ချိနေကြ၏။ ဟိုးလီးဝုဒ်ကားတို့ကား အရင်းရှင်ဘဝကို အပြစ်မမြင်အောင် ဖုံးဖိကာ 'နိုင်လွန်ကန့်လန့်ကာ' ဖြင့် ကွယ်ထားကြသည်။ ကိုးရီးယားတွင် အမေရိကန်က ဘယ်လောက် ဗုံးကြဲနိုင်သည်ကို ပြ၏။ သို့သော် အမေရိကန် လူမိုက်ဝါဒကိုသာ မြင်နေသည်။ မန္တလေးတွင် ဤဝါဒဖြန့်ကားတွေက တင်းကျမ်းပါတကား။
မန္တလေး သတင်းစာဆရာအသင်းမှတဆင့် သခင်နု၏ နိုင်ငံခြားသံများဧည့်ခံပွဲသို့ တက်ရောက်ရန် ဖိတ်စာရသည်။ သို့သော် တက်ချင်စိတ်မရှိ၍ မတက်တော့ပေ။
ယော အတွင်းဝန်၏ ရုပ်ထု
ထိုနောက် မဟာမြတ်မုနိဘုရားသို့ သွားကြ၏။ ဘုရားကြီးစျေးမှာ စည်ကားလှသည်။ မြန်မာမှု ပန်းပုလက်ရာများကို တွေ့ရ၏။ ရန်ကုန်နှင့် ကွာခြားလှသည်။ ဘယ်ကြည့်ကြည့် မြန်မာမှုကိုသာ မြင်ရသည်။ ဖိုးဝရုပ်ကအစ ဘုရား တံကဲကလေးများနှင့် ဆရာမြ၏ ပန်းချီကားအထိ မြန်မာမှုလက်ရာများကိုသာ တွေ့မြင်ရသည်။ ပန်းတွန့်တိုင်း မြန်မာဆံဆံ တွန့်ရှက်သည်။
ဂျာနယ်ကျော်မမလေးက ဘုရားကပ်ရန် နှင်းပန်းများ လိုက်ပေးသည်။ မဟာမြတ်မုနိကား ရွှေဖြင့် အိလွန်းနေသည်။
မန္တလေးသားအချို့က 'စစ်အတွင်းက ဘုရားကြီးကို အသက်နဲ့လဲပြီး ကာကွယ်ခဲ့ကြတာပဲ။ လူကလဲ တော်တော်တောင့်တယ်။ ဘယ်သူလာလာ ဒီအထဲကနေပြီး ချမှာပဲ' ဟု ပြောပြနေသည်။
ပြတိုက်ထဲတွင် ယောအတွင်းဝန်နှင့် အခြား မှူးမတ်များ၏ ရုပ်ထုများကို တွေ့ရသည်။ ဒဂုန်နတ်ရှင်က 'တော်တော်တူတယ်' ဟု မှတ်ချက်ချသည်။
ဤကဲ့သို့ ရှေးဟောင်းပစ္စည်း မြန်မာမှုများကို ထိန်းသိမ်းရာတွင် ယခုထက် ကြီးကျယ် ခမ်းနားသင့်သည်။
ရှေးမြန်မာမှုများကို စနစ်တကျ ထိန်းသိမ်းထားရမည်။ သို့မှသာ အစဉ်အလာ ယဉ်ကျေးမှု အဟောင်းမှ ထက်သန်သော ယဉ်ကျေးမှုသစ်သည် ပေါ်ထွန်းနိုင်ပေမည်။ ယခုမူ ပြီးစလွယ်သာ ထိမ်းထားဟန် တူသည်။ အကယ်၍ အမျိုးသားပြတိုက်မျိုး ကျကျနန ဖွင့်လှစ် ထားရှိလျှင် ထိန်းသိမ်းမှု၌ စနစ်ရှိပေမည်။ အမျိုးသားမှု၌ သန်စွမ်းခြင်း ရှိမှလည်း နိုင်ငံခြား လွှမ်းမိုးမှုကို ခံနိုင်မည် ဖြစ်ပေမည်။
မဟာမြတ်မုနိမှ ထွက်သောအခါ ညိုမြ နှင့် ကိုလှတို့က 'သံအမတ် ဧည့်ခံပွဲ နေ့လည်စာစားပွဲ လိုက်အုံးမလား' ဟု ခေါ်သည်။
'မလိုက်ချင်ဘူးဗျာ။ မန္တလေးတောင်ပဲ သွားမယ်'
ဘုရားနီ
မန္တလေးတောင်ခြေတွင် ဦးခန္တီ ရသေ့အလောင်းကို ဘုရားဖူးများက ပူဇော်သည်ကို တွေ့ရသည်။ ရွှေချမှန်ခေါင်းကြီးထဲ၌ ရသေ့ကြီး၏အလောင်းကို တွေ့ရသည်။ ဆေးထိုးကာ စီရင်ထားသဖြင့် ပုံမပျက်။ သို့သော် မျက်နှာကို ရွှေချထားသည်မှာ အကြည့်ရ ဆိုးလှသည်။
ဘုရားဖူးလာသော ကလေးများ၊ မိန်းမများသည် မှန်စီရွှေချ မှန်ခေါင်းထဲရှိ အလောင်းကြီးကို ဝတ်ချနေကြသည်။ တချို့ကလည်း အထူးအဆန်းအဖြစ် လာရောက် ကြည့်ရှုကြသည်။
မန္တလေးတောင်သို့တက်သော သံစောင်းတန်း၊ သံတန်ဆောင်းကြီးများမှာ ခမ်းနားလှပါသည်။ သို့သော် နိုင်ငံခြားအရင်းရှင် သံကုမ္ပဏီများ၊ အင်္ဂတေ ကုမ္ပဏီများသည် အတော် ငွေရလိုက်ကြပေသည်။ ဟိုခေတ်က မီးရထားကုမ္ပဏီနှင့် သံကုမ္ပဏီများက ဦးခန္တီကို အတော် အရေးတယူ ရှိကြသည်ကို သွားအမှတ်ရသည်။
သံတန်ဆောင်း လှိုင်ဂူများ၌ အလှူ့ရှင်၏ အမည်စာရင်းများကို တွေ့ရသည်။ မြမျိုးလွင်က ဤ အမြို့မြို့ အရွာရွာမှ စာရင်းအမည်များကို ပြကာ 'ကျွန်တော့် ၀တ္ထုဇာတ်လမ်းက ဇာတ်တည်သူတွေဟာ ဒီက ရတာပေါ့' ဟု ရယ်မောကာ ပြောနေသည်။ မြမျိုးလွင် ၀တ္ထုများကို စွဲခဲ့သော ငယ်စဉ်အခါက သူ့ဝတ္ထုထဲရှိ နာမည်များကိုပင် တသသ စွဲလန်း နှစ်သက်သည်ကို သတိရမိသည်။
မန္တလေးတောင်ကို တက်ရသည်မှာ တပျော်တပါးကြီးပင်။ သို့သော် မောလှသည်။ အဆင့်ဆင့်တို့တွင် နားစရာ တန်ဆောင်များနှင့် စေတီပုထိုး။ တောင်ပေါ်မှ ဆီး၍ မြင်ရသော မန္တလေးမြို့ ရှုခင်းကား လှပသည်။ မြူတွေကြားဝယ် ရန်ကင်းတောင်ကို မြင်ရသည်။
သံလက်ရမ်းကို မှီကာ မှိုင်းညို့သော တောင်တန်းများကို ငေးကြည့်နေစဉ် ကျောင်းသားတဦးက 'သူပုန်တွေ ဒီတောထဲမှာ ရှိတာပဲ' ဟု ပြသည်။
'ဟာ ကပ်လို့ပါလား' ဟု ကျွန်တော်က အံ့သြရသည်။
ထို့နောက် တဖြည်းဖြည်းတက်ကြရင်း တောင်ထိပ်ရှိ တန်ဆောင်းသို့ ရောက်ကြသည်။ ဒဂုန်နတ်ရှင်ကား မောသည်ဆို၍ အပေါ်ထိပင် မလိုက်။ သတင်းထောက်များမှာ တဖျပ်ဖျပ် ဓါတ်ပုံ ရိုက်ကြသည်။
တောင်ထိပ် ရုပ်ပွါးတော်ဘုရားများ နီနေသည်ကို တွေ့ရ၍ မေးကြည့်ရသည်။
'ရွှေမချရသေးလို့ နီနေတာပါ။ စစ်စေးက နီနေတာ'
'ဒီနေရာက တလောကပဲ စစ်ဘက်က ပြန်ရတာ၊ အရင်ကဆိုရင် စစ်တပ်လက်ထဲမှာ၊ တောင်ပေါ် ဘယ်သူမှ မတက်ရဘူး' ဟု မန္တလေးက ကလောင်တဦးက ရှင်းပြသည်။
အခြေအနေအရ ရုပ်ပွါးတော်များပင် နီနေကြလေပြီ။ ဘုရားဖူးများသည် ငွေကြေးချောင်လည်က ရွှေတွေဝင်းနေအောင် ရွှေချချင်ကြပေမည်။ ယခုမူကား အခြေအနေအရ ရွှေပြား မခတ်နိုင်သဖြင့် ကိုယ်တော်များ မှာ စစ်စေးရောင်ဖြင့် နီနေကြပေသည်တကား။
မှန်စီရုပ် ယွင်းပျက်လေပြီ
မန္တလေးတောင်က အပြန်တွင် နန်းတော်ထဲသို့ ခန့်ခန့်ကြီးဓါတ်ပုံတိုက်ရှင် မခင်မကြီး(ပတ္တမြားခင်)က ကား ကိုယ်တိုင်မောင်းကာ လိုက်ပို့ပေးသည်။ မြို့ရိုး နန်းတော်တွင်းသို့ ဝင်ခွင့်လက်မှတ်ရှိမှ ဝင်ရသည်။ သူမထံတွင် ဝင်ခွင့်လက်မှတ်ရှိ၍ အလွယ်တကူ ဝင်ခွင့်ရပေသည်။
နန်းတော်ထဲတွင် သခင်နု တည်းနေပေသည်။ အမြောက်တပ်၊ ခြေလျင်တပ် စသော စစ်တပ်ကြီးများ လည်း နန်းတော်ထဲတွင် ရှိသည်။ စစ်သားများတင်ဆောင်ထားသော ထရပ်ကားကြီးများ ဖြတ်သွားလျက်။
၁၉၃၉ ခုက သခင်ဗဟိန်းနှင့် အတူ နန်းတော်ကို ကြည့်ဖူးသည်။ ယခု လုံးဝ မရှိတော့။ အုတ်ခုံသာ ကျန်တော့သည်။
မခင်မကြီးက 'ဟောဒါက ဗုတ်တလုပ်ရေကန်၊ ဒါက ပွဲကြည့်ဆောင်၊ ဒါက နန်းမြင်၊့ ဒါက ဗြဲတိုက်' စသည်ဖြင့် မြက်ရိုင်းတို့ဖြင့် ထူထပ်သော နေရာများကို ပြသည်။
စိတ်ထဲကမူ သိပ်မထိခိုက်လှ။ သြော် အရင်က တို့ဗမာ ရှင်ဘုရင်များ နေခဲ့တဲ့ နန်းတော်ပဲ ဟုသာ သိရပေသည်။ ဘားနဒ်ရှော၏ 'ဆီဇာနှင့် ကလီယိုပါထရာပြဇာတ်' ၌ စာကြည့်တိုက်ကြီး မီးဟုန်းဟုန်း လောင်ကာ နေသောအခါ ပညာရှိ သီရိုဒိုးတပ်စ်က 'ဘယ်နှယ်လဲဆီဇာ၊ အဟောင်းတွေ မီးလောင်စေမလို့လား' လို့ ညည်းသတဲ့။ အဲဒီတော့ ဆီဇာက 'အတိတ်ကနေ အနာဂတ်ထွက်လာမှာပေါ့။ အဟောင်း ပြာပုံထဲက အသစ်တည်ဆောက်မှာပေါ့' ဟု ပြန်ပြောလိုက်သည်။
ယခုမူကား သခင်နုသည် နန်းတော် အပျက်အစီးဘေးရှိ ဗိုလ်အိမ်များ၌ နေသည်။ ရောင်ပြားကပ် ကရဝိတ်ဖောင်ဖြင့် ရေသဘင်ခံသည်။ နိုင်ငံခြား သံတမန်တို့ကို ကျုံးဘေး မဏ္ဍပ်၌ ဧည့်ခံသည်။ ကထိန်ပွဲကြီးကို အကြီးအကျယ် ကျင်းပသည်။
နန်းတော် ပုံသဏ္ဍန် ကလေးများသာ ကျန်ရစ်ခဲ့သည်။ အဆောင်ဆောင် အခန်းခန်းကို ပြတိုက်ထဲ၌သာ တွေ့ရတော့သည်။
မခင်မကြီးက 'မိဖုရားဆောင်တွေက သိပ်များတာပဲ' ဟု ပြုံးကာ ပြောသည်။
မယ်ဇယ်ပင် အောက်ဝယ်
မယ်ဇယ်ပင်ကိုင်းများမှာ ယှက်ကာ အောက်သို့ ညွတ်ကွေးကျနေရာ အရိပ်အာဝါသ ကောင်းလှသည်။ မယ်ဇယ်ရွက်တို့မှာ စိမ်း၍ နေသည်။ တဖက်တွင် လယ်ကွင်းရှိသည်။ ရေစပ်မှာ နွားများ ခွေးများကို တွေ့ရသည်။
စစ်ကိုင်းတံတားမှာအပြန် အမရပူရရှိ တောင်သမန် ဦးပိန်တံတားဦး မယ်ဇယ်ပင်များအောက်ဝယ် ငှက်ပျောရွက်ခင်းကာ ထမင်းစားကြသည်မှာ မြိန်ရှက်လှသည်။
ပန်းတနော်ဦးသန့်က ဦးပိန်တံတားအကြောင်း အဘိုးကြီးတဦးအား မေးနေသည်။ စစ်ကိုင်းတံတား လောက်ပင် ရှည်လျားသည်။ သစ်သားလုံးကြီးများကို တိုင်ထူကာ မြန်မာ့ဗိသုကာ အတတ်ဖြင့် ဆောက်ထားသော တံတားကြီးပင်။ မြန်မာမင်းလက်ထက်က ထိုတံတားကြီးများကို ဆောက်ခဲ့သည်။
ယခုကား သစ်လုံးတိုင်လောက်သာ လှလှပပ မြင်ရတော့သည်။ အထူးအဆန်း လာရောက်ကြည့်ကြ သော သူများသည် တံတားပေါ်လျှောက်ကာ ကြည့်နေကြသည်။ အမယ်အိုများလည်း တံတားပေါ်မှ တဖက်သို့ လျှောက်သွားသည်ကို မြင်ရသည်။
'ဟိုဘက် တံတားအဆုံးအထိ လျှောက်ကြည့်ရအောင်' ဟု ကျွန်တော်က အဖော် လိုက်ညှိသည်။
မန္တလေးက သတင်းစာဆရာတဦးက 'မဖြစ်ဘူး၊ စိတ်မချရဘူးဗျ။ သူပုန်နယ်နဲ့ ကပ်နေတယ်' ဟု ပုခုန်းတွန့်ကာ ဆိုသည်။
အပြန်တွင် အမရပူရ ပိုး ရက္ကန်းစင်များသို့ ဝင်ကြည့်ကြသေးသည်။ ရက္ကန်းစင်တို့တွင် မြန်မာချိတ်ဆင် တို့သည် ဖိတ်ဖိတ်တောက်ကာ အရောင်အသွေးတို့သည် လှိုင်းထနေသည်။
စျေးချိုမြို့တော်
မန္တလေးမြို့၏ စျေးချိုကား ထင်ရှားကျော်စောသည်။ စင်စစ်အားဖြင့် မန္တလေးမြို့သည် ကုန်သည် မြို့တော်ပင်။
ရှမ်းပြည်ဘက်မှ ကုန်သွယ်ရာ လမ်းဆုံလည်း ဖြစ်သည်။ တရုတ်ပြည်ဘက်မှလည်း ကုန်များလာသည်။ အောက်အကြေဘက်မှ ကုန်များလည်း ရောက်သည်။ တရုတ် ကုလားစသော ကုန်သည်တိုက်များ တင်းကျမ်းရှိသည်။ အညာအကြေ ကုန်အရောင်းအဝယ် အချက်အချာဖြစ်သော ကုန်သည်မြို့တော်။ စစ်ဒဏ် ကြောင့် ပျက်စီးနေသော နေရာများတွင် ပွဲရုံတိုက်တာများ အစားရောက်နေသည်ကို တွေ့ရသည်။ ဘယ်သွားသွား အရောင်းအဝယ်ကိုသာ မြင်ရပေသည်။
မန္တလေး စာပေနှင့်အနုပညာ
ရှေးမြန်မာစာပေ အတ္ထုပ္ပတ္တိတွင် မန္တလေးခေတ်စာပေ ဟူ၍ ရှိသည်။ ယခုကား သီးခြားဟန်ပန်နှင့် မရှိပေ။
အမေ၊ လွတ်လပ်ရေး၊ ခေါင်းလောင်း စသော ဘာသာပြန် ၀တ္ထုများကို ရေးသော ချစ်ညို ကို တွေ့သည်။ ရောက်သည့် ညနေစောင်းတွင် ကျွန်တော်တို့ တည်းခိုသော ငပိတန်းလက်ကြားသို့ လာကာ စောင့်နေသဖြင့် တွေ့ရသည်။ တာရာတွင် ၀တ္ထုဆောင်းပါးများ ရေးသူဖြစ်၍ စာချင်းသိနေသူ ဖြစ်သည်။
'အခု ဘာတွေရေးနေသလဲ' ဟု ကျွန်တော်က မေးသည်။
'မအားပါဘူးဗျာ။ သတင်းစာနဲ့ တနေ့လုံး အချိန်ကုန်တာပါပဲ။ ညကျတော့လဲ မောလို့ မရေးနိုင်ပါဘူး' ဟု ချစ်ညိုက ညည်းသည်။ သူသည် လူထုသတင်းစာ လက်ထောက် အယ်ဒီတာ ဖြစ်သည်။
'သတင်းစာလုပ်တာ ကျွန်တော့် စာပေလုပ်ငန်းကို လက်လွှတ်ရတာပါပဲ'
သူ၏ အဖြစ်ကို ကျွန်တော် နားလည်သည်။ စာပေဆန်းသစ်မှုများ ဖန်တီးလိုလျှင် အချိန်အားရမှ ဖြစ်ပေမည်။ ကျွန်တော်က ၀တ္ထုစာအုပ်များကို ကိုယ်တိုင်ထုတ်ရန် အကြံပေးသည်။ ဂေါ်ကီ၊ လူရွှန်း စသော ပြည်သူ့စာရေးဆရာများ၏ ၀တ္ထုတို့ကို ဘာသာပြန်ရန်လည်း တိုက်တွန်းခဲ့သည်။
အခြား မန္တလေးမှ စာရေးသူများဖြစ်သော နှင်းဦး၊ ကြည်မြ စသူများကို တွေ့ရသေးသည်။ သို့သော် မိတ်ဆက်ပွဲ အစီအစဉ်မှာ ရင်းနှီးနီးကပ်စွာ တွေ့ဆုံပြောဆိုခွင့် မရ၍ လက်ပွန်းတတီး မဆုံဖြစ်ခဲ့ရပေ။ အချိန်ကလည်း မရပေ။
စစ်ကိုင်းတံတားပေါ်တွင် 'မမအုန်း၊ အမ်အေ' နှင့် တွေ့သည်။
'ဒဂုန်တာရာဆိုတာ ဘယ်သူလဲလို့ မအုံးက မေးနေတယ်' ဟု မအမာက ရယ်မောကာ ပြောသည်။ မမအုံးမှာ ပွင့်ရိုက် လည်စည်းကို ခေါင်း စည်းထားသည်။ ပြုံး၍ နှုတ်ဆက်လိုက်သည်။
မန္တလေးဟန်နှင့် ၀တ္ထုရေးသူကား မြမျိုးလွင်ပင် ဖြစ်သည်။ သူ၏ ၀တ္ထုထဲမှာလိုပင် စကားကို ဝေဝေဆာဆာနှင့် မန်းဆန်ဆန် ပြောသည်။
စာပေအကြောင်း စကားစပ်မိလေတိုင်း 'လေနုအေးသည် နော့နေသည်' ဟူ၍ ရွတ်ဆိုကာ ကျွန်တော့်အား နောက်သည်။ ချမ်းမြသာစည် ထမင်းစားပွဲတွင်လည်း သတင်းထောက်တဦးက 'အပြုံး၏လုလင်' ဟူ၍ နောက်သည်ကို မြမျိုးလွင်က 'အဲဒီ အဓိပ္ပါယ်ကို ဝေါဟာရသစ်တွေ ထွင်နေတဲ့ တာရာကို မေးပါ' ဟု လှမ်းတိုင် လိုက်သေးသည်။
ကျွန်တော်က သူ၏ 'တခုလပ်' ၀တ္ထုထဲမှ 'အမှောင်တို့သည် သန်းနေကြလေသည်။ တောင်တို့သည် တန်းနေကြလေ၏' ဟူသော အပိုဒ်ကို ရွတ်ဆိုပြသည်။ ငယ်စဉ်က မြမျိုးလွင်၏ ၀တ္ထုများကို အတော်စွဲခဲ့သည်။ ထိုခေတ်က သူ၏ဟန်ကို လိုက်တုသူများ ပေါ်ပေါက်ခဲ့သည်ကို အမှတ်ရမိ၏။
မေမြို့က အပြန် တလမ်းလုံး သူတို့ခေတ်က စာပေလောကအကြောင်း ပြောသည်မှာ နားထောင်၍ မငြီး။ မြမျိုးလွင်ကို ဧည့်ခန်းဆောင်က အပျိုမကလေးများက စွဲလန်းစဉ်၊ ခေတ်ကောင်းစဉ်က ကျွန်တော်တို့မှာ စာပေဝါသနာပါစ ချာတိတ် ဖြစ်ပေ၏။
ဇဝန၊ ပန်းချီ ကိုအုန်းလွင်၊ ရွှေလင်းယုန်၊ ပီမိုးနင်း စသောသူများအကြောင်း ပြောပြနေ၏။ သော်တာဆွေမှာ မျက်လုံးကြီးနီကာ ဂေါ်ရခါးသီးကို အစိမ်းဝါးစားရင်း အိပ်မက်ထဲမှာလို နားထောင်နေ၏။
မြမျိုးလွင်၏ စကားသံများကို ကြားရသောအခါ သူ၏ဝတ္ထုများကို သွားအမှတ်ရ၏။ ယခုကား မန်းဆန်ဆန်ရေးလေ့ရှိသော မြမျိုးလွင်သည် စာပေကို ပစ်ကာ ဟံသာဝတီ ကိုယ်စားလှယ် ဖြစ်နေလေပြီ။
ကျွန်တော်က နတ်ရှင်နောင်၊ ပျို့မှာတမ်း သီချင်းများ ရေးစပ်သူ မြို့မငြိမ်းအကြောင်း မေးကြည့်သည်။ မြို့မငြိမ်းမှာ ဆန်းသစ်သော အသံများနှင့် သီချင်းစပ်နိုင်သူ ဖြစ်သည်။
'သူ့ အခြေအနေက တမျိုးဖြစ်နေတယ်။ စကားလဲ သိပ် မပြောတော့ဘူး။ ပြောရင်လဲ လောကကြီးရဲ့ ကြမ်းတမ်းခက်ထန်ပုံကို တိုင်လိမ့်မယ်' ဟု မြမျိုးလွင်က ပြောသည်။ ပြန်မည့်ညတွင် တွေ့ဖို့ စီစဉ်သေးသည်။ သို့သော် အချိန်က မရတော့ပေ။
ချမ်းမြသာစည်မှ မင်္ဂလာဒုံသို့ မှတ်တမ်း
အလိုတော်ရိ သတင်းစာများက မန္တလေးလူထုသည် သခင်နုလူထု ဖြစ်သွားပြီဟု မှန်နန်းရာဇဝင်သစ် ရေးကြသည်။ သူတို့သည် မဏ္ဍပ်ထဲမှ ဧည့်ခံပွဲ ပရိသတ်ကို ကြည့်၍ ရေးဟန်တူသည်။ မဏ္ဍပ်များတွင်ကား မန္တလေးမှ အပြင် ရန်ကုန်မှ ထွက်ဝင်ကုန် လိုင်စင်ရသူ သူဌေးသူကြွယ်များလည်း ရှိသေးသည်။
တညနေ လမ်းမပေါ်မှ သာမန် မန္တလေးသားများနှင့် စကားပြောမိသည်။
ကျွန်တော်က 'လမ်းတွေက ဖုန်တွေ သိပ်များတာပဲနော်။ နောက်ပြီး ချိုင့်တွေကလဲ သိပ်ပေါတယ်။ လမ်းတွေက ဒီလိုပဲ ဆိုးသလား' ဟု မေးသည်။
'ဒါတောင် ဝန်ကြီးချုပ် လာမယ်ဆိုလို့ ညတွင်းချင်း ပြင်ရတာ'
'သြော် သြော်'
လမ်းလယ်တွင် ချထားသော ပဒေသာပင် အခွံများကို ကြည့်ကာ 'ဝန်ကြီးချုပ် ကထိန်က သိပ်စည် မှာပဲနော်'
'စည်ပါတယ်။ ပိုက်ဆံရှိသူများ ကတော့ လှူနိုင်ကြပေမပေါ့ ခင်ဗျာ။ ကျွန်တော်တို့ကတော့ တနေ့ရ တနေ့စားပါပဲ။ ထမင်း အလျဉ်မီအောင် စားရရင် ကျေနပ်တာပါပဲ'
ချမ်းမြသာစည်သို့ အသွားတွင် ကျုံးနန်းတော်ကို ဖြတ်လာရသည်။ မဏ္ဍပ်ကြီးများသည် ရေညှိ မှော်ရိပ်သန်းသော ရေပြင်ဝယ် အလှ ရှုနေကြသည်။ သို့သော် ရေညှိမှော်တို့က ယှက်သန်းနေသဖြင့် ကျံုးမှာ မကြည်လင်။
လေယဉ်ပေါ်သို့ တက်သောအခါ မန္တလေး ထိုးမုန့်နှင့် စာပုလွေ ပါလာ၏။ ချမ်းမြသာစည်မှ မင်္ဂလာဒုံသို့ အပြန် တိမ်တိုက်များကို ဖြတ်ရင်း အိပ်မက်တဝက် မက်နေ၏။ အိပ်မက်ထဲတွင် ကရဝိတ်ဖောင်ကြီးသည် "အိမ်ဖြူ" ထဲသို့ ဝင်သွားလေသည္။
ဒဂုန္တာရာ။
['မန္တလေး' ရှုမဝမဂ္ဂဇင်း၊ ၁၉၅၀ ဒီဇင်ဘာ။]
{ဒဂုန်တာရာ၏ 'ဧရာဝတီ၊ ယန်စီ၊ ဘောလ်ဂါ' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၇၂မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။}
လမင်းတရာဘလော့ဂ်မှကူးယူဖော်ပြတာဖြစ်ပါတယ်

0 comments:
Post a Comment