(ဆုတောင်းသတဲ့လား)
မနက်အိပ်ရာထကတည်းက ကိုရိုနာဗိုင်းရပ်စ်ကိစ္စက ခေါင်းထဲရောက်ပြီးသား။ ၉ နာရီလောက်ရှိတော့ ဇနီးက "ဘုရားကျောင်းသွားမယ် လိုက်ဦးမလား"ဆိုတော့ အေးလေ လိုက်တာပေါ့ဆိုကာ မျက်နှာသစ်ရေမိုးချိုး အဝတ်အစားကောက်ကက်လဲကာ လိုက်သွား၏။ ဘာမှ ထွေထွေထူးထူးရှိသည်တော့မဟုတ်။ တခါတလေ သူစိတ်ကူးပေါက်လျှင် ဘုရားကျောင်းဘက် မျက်စေ့လည်တတ်သလို ကျနော့်လည်း အဖော်ခေါ်တတ်၏။ ဘုန်းကြီးကျောင်းတို့ ဘုရားကျောင်းတို့ ဗလီကျောင်းတို့သွားရသည်ကို ကျနော်ကြိုက်၏။ တိတ်ဆိတ်ငြိမ်သက်ခြင်း အထိုက်အလျှောက်ရှိပြီး ဆွတ်ပျံ့ကြည်နူးဖွယ် ရသတခုမဟုတ်တခုတော့ ရသည်ဟုစိတ်တွင်ခံစားရ၏။ ယုံကြည်သူတို့၏ သဒ္ဒါတရားကိုလည်း အားကျမိ၏။ သူတို့မှာ ပစ္စုပ္ပန်ကိုအရင်းတည်၍ သေသည်၏အခြားမဲ့များအတွက် သေချာမှုကိုရှာဖွေနေကြသူများ ဖြစ်သည်ဟုကျနော်က ထင်၏။ လောကီလောကုတ်နှစ်ဖြာအတွက် ကြိုးကြိုးကုပ်ကုပ်နှင့် ထုပ်ထုပ်ပိုက်ပိုက်လုပ်နေသူများသာတည်း။ တခါတခါကျတော့လည်း သူတို့ကို အားကျသလိုလို မနာလိုသလိုလိုစိတ်တွေဝင်မိတာ အမှန်ပင်။ အားကျမိ မနာလိုမိရသည်က သူတို့တွင် အရာရာသည် အသေအချာရှိခဲ့ပြီးပြီ၊ ရှိနေသည်၊ ရှိနေလိမ့်ဦးမည်ဟု အတိတ် ပစ္စုပ္ပန် အနာဂတ် သုံးခုလုံးအတွက် ယုံကြည်မှုအတိဖြင်ုထုံလွှမ်းထားသည့် အဆင်သင့်အဖြေများ ရှိထားနှင့်သောကြောင့်ပင်။ ကျနော့်မှာက ထိုသို့မဟုတ်။ ပြောင်းပြန်။ ထားတော့ ဒီအကြောင်းက သတ်သတ်ရေးမှတော်မည်ထင်၏။
ဘုရားကျောင်းရောက်တော့ ထုံးစံအတိုင်းပြုဖွယ်များပြု၏။ ကျနော်က ကက်သလစ်ရော ဘက်ပတစ်ကိုပါ ထိုက်သလောက်ပွန်းတီးသဖြင့် ထိုပြုဖွယ်များမှာ ကျနော့်အတွက်အပမ်းမကြီးလှ။ စိတ်ထဲ သိတ်လွန်ကဲလွန်းသည် သည်းလွန်းသည်ဟု ခံစားရလို့လည်း ကျနော့်အတွက် ပြဿနာမရှိ။ ဓမ္မဟောင်း ဓမ္မသစ် တအုပ်အုပ် ကောက်ဖတ်နေရုံသာ။ ဘုရားကျောင်းထဲ ဘုရားစာဖတ်သည်မို့ တရားတော်နှင့်လည်း ညီသည်ထင်ပါသည်။ ဘယ်သူမှလည်း ဘာမှမပြောကြပါ။ ပြုဖွယ်ဆောင်ဖွယ်ကိစ္စများတွင် ဆုတောင်းခြင်းနှင့် ပဌနာပြုခြင်းလည်းပါ၏။ ဆုတောင်းခြင်းက ရရပါလို၏သဘောသွားဖြစ်ကာ ပဌနာပြုခြင်းက သံန္နိဌာန်ချသည့်သဘောဘက် တိမ်းသည်ဟုကျနော်ကထင်၏။ ဖာသာကြီးက ပဌနာပြုနေရင်း တနေရာအရောက် ဆုတောင်းစာတွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်မှ လောကလူသားအပေါင်းကို ကယ်မပါမည့်အကြောင်း ဘုရားသခင်ထံဆုတောင်း၏။ သူ၌ ဆုတောင်းစာတွင် ကိုရိုနာပါလာ၏။ ကျနော်က ကိုရိုနာကိုမှမဟုတ် ဘာကိုမှ ဆုတောင်းခြင်းဖြင့်မပြည့်နိုင် မပျောက်နိုင်ကိုလည်းကောင်း တခုခုကိုရွတ်ဖန်သရဈ္ဇယ်ခြင်းဖြင့် မပြီးမြောက်နိုင်ကြောင်းကိုလည်းကောင်း သိမှတ်လက်ခံထားသူ။ သို့သော် ဆုတောင်းစာဆုံးတော့ ကျနော်လည်း အများနည်းတူ အာမင်၏။
ဘုရားကျောင်းက အိမ်အပြန်မှာ ဇနီးက "ကိုရိုနာက လေကနေလည်း ကူးစက်နိုင်တာပဲမဟုတ်လား"ဟုမေး၏။ ကျနော်က ကူးစက်နိုင်တာတော့ အကန့်အသတ်တောင်ရှိ့လား မသိပါဘူးကွာ"ဟုပြန်ပြောတော့ "ဖာသာကြီးလည်း ဝတ်စဉ်အရဆုတောင်းရတဲ့သဘောပါပဲ၊ တကယ်တမ်း ဒီနေ့လာတဲ့ပရိတ်သတ်ထဲမှာ တယောက်လောက်သာ ကိုရိုနာပါလာကြည့် အကုန်မဟုတ်တောင် ကူးသူတွေ ကူးကုန်ကြမှာပဲလေ၊ ဒါပေမယ့် လူတွေကို ဒီရောဂါဝေဒနာမကူးစက် မခံစားစေလိုစိတ်နဲ့ ဘုရားသခင်ရဲ့ အစောင်အမ အကြည့်အရှုကို မျှော်လင့်တာကတော့ မျှော်လင့်ကောင်းပါတယ်"ဟု ကျနော့်အားပြော၏။ "အေးလေ ကောင်းတဲ့စိတ်နဲ့ ကောင်းတဲ့စကားပြောပြီးလုပ်တာပဲ၊ ဘာမှဖြစ်တာ မဖြစ်တာကတော့ တပိုင်းပေါ့၊ မကောင်းတဲ့စိတ်နဲ့ ကူးပါစေ စက်ပါစေ သေကြကြေကြပါစေဆိုတဲ့ စေတနာဆိုးသမားတွေ ဘယ်လိုမှမယှဉ်သာတဲ့ မြင့်မြတ်တဲ့စိတ်ကိုတော့ အသိအမှတ်ပြုရမှာပေါ့"ဟု ကျနော်ပြန်ပြောတော့ 'အင်းနော်"ဆိုပြီး ငြိမ်နေ၏။ တခုခုကို တွေးနေပုံရ၏။
"သင်းသင်းအေးအိမ်မှာ တို့အတွက် ဒန်ပေါက်ပေးထားတာရှိတယ် ပြောတယ် သွားစားရအောင်"ဆိုပြီး နှစ်ယောက်သား ညီမအိမ်ဘက်သွား၏။ အမေလည်း အောက်ထပ်မှာ အဆင်သင့်။ အမေ့ကိုနှုတ်ဆက်ပြီး နှစ်ယောက်သား ဒန်ပေါက်စား၏။ အမေနှင့် နှမနှင့်စကားပြော၏။ ပြောနေရင်းက ကိုရုနာအကြောင်းရောက်လာတော့ အမေက "အေးကွယ် အမေလည်း ရောဂါဘယတွေ ဒုက္ခသုက္ခတွေ မကောင်းတာတွေမှန်သမျှ ဘယ်သူ့အပေါ်မှ မကျရောက်ဖို့ လူသားတွေအပေါ် သနားကြင်နာမှုနဲ့ မေတ္တာကရုဏာသာ အစဉ်ထာဝရပေးသနားတော်မူဖို့ အလ္လာအရှင်မြတ်ထံ အမြဲမပြတ်ဆုတောင်းတယ်။ သီဆောက်တည်။ ပုံမှန်ဝတ်ပြု။ ကျမ်းစာရွတ်ဖတ်ပြီး ယုံကြည်မှုအပြည့်နဲ့သာဆုတောင်းပါ။ အလ္လာအရှင်မြတ်က မိမိတောင်းတဲ့ဆုတွေကို ဖြည့်ဆည်းပေးပါတယ်" ဟု ဝတ်ပြုခြင်း ဆုတောင်းခြင်း ကျင့်ကြံခြင်းနှင့် ရလာမည့်အကျိုးဆက်များအကြောင်းပြောပြ၏။ ကျနော်တို့က အာသာပဲငြိမ်နားထောင်လိုက် စကားထောက်ပေးလိုက်နှင့် စကားဝိုင်းမှာ စည်စည်ပင်ပင်။ ခနနေတော့ အမေလည်း ဝတ်ပြုရန်အပေါ်တက်ရတော့မည်မို့ ကျနော်တို့လည်း ပြန်ခဲ့၏။
အပြန်လမ်းတွင်း အတွေးကိုယ်စီနှင့်မို့ ကားထဲတွင်တိတ်တိတ်ဆိတ်ဆိတ်။ ခနနေတော့ တိတ်ဆိတ်ခြင်းကို သည်းမခံနိုင်ဘိသည့်အလား ဇနီးသည်က 'နင် ဘာတွေ တွေးနေတာလဲ"ဟု မေး၏။ "အေးကွာ သေသူတွေလည်း သေကြပြီ သူတို့အတွက်တော့ ကျန်သူတွေဆုတောင်းပေးကြမှာပေါ့လေ။ ငါက ကျန်သူတွေအတွက် တွေးနေတာပါ။ ကုသတဲ့ဆေးလည်း မြန်မြန်တွေ့ပါစေ။ ကာကွယ်တဲ့ဆေးလည်း မြန်မြန်ထုတ်လုပ်နိုင်ပါစေ။ မြန်မြန်ထုတ်လုပ်ပြီးရုံနဲ့မဟုတ်ဘူး များများနဲ့ပေါပေါလောလော ရောင်းချပေးနိုင်ကြပါစေ။ လူတိုင်း အဲ့ဆေးဝါးတွေကို လက်လှမ်းမီနိုင်ပါစေ။ ရောဂါဘယတွေ ကပ်ဘေးတွေကို အကြောင်းပြုပြီး အမြတ်ထုတ်ဂုတ်သွေးစုပ်မှုတွေလည်း ကင်းပါစေလို့ တွေးနေတာပါ"ဆိုတော့ ဇနီးက "နင့်ဟာက တွေးနေတာမှမဟုတ်ပဲ။ ဆုတောင်းနေတာပဲ"ဟုပြော၏။ သူပြောမှ "ဟုတ်သား"ဟု စိတ်တွင်ဖြစ်၏။ တကယ်က ကျနော်လည်း ဆုတောင်းနေသည်ပဲမဟုတ်ပါလား။ ထို့နောက် ဇနီးက တဆက်တည်း "ငါ့စိတ်ထဲလည်း အဲ့သလို ဆုတောင်းနေမိတာပါပဲ"ဟုပြော၏။
လူသည် တကယ့်သေရေးရှင်ရေးလို အကျပ်အတည်းထဲဆိုက်သည့်အခါ ခိုကိုးရာကိုရှာတတ်ကြသည်ဟုသွန်သင်ဖူးသောဆရာသမားတယောက်ကို ပြေးအမှတ်ရမိ၏။
မျိုးမြင့်ချို
၁၊ မတ်၊ ၂၀၂၀

0 comments:
Post a Comment