Tuesday, March 17, 2020

ပြည်သူဆိုတာဘယ်သူလဲ ရေးသူ−ဗဩ

0 comments
ပြည်သူဆိုတာဘယ်သူလဲ ရေးသူ−ဗဩ
ကြံ့ဖွတ်တွေက သူတို့ကိုယ်သူတို့ "ပြည်သူ"ဆိုပြီး နေရာတကာရမ်းနေကြတယ်။ တန်ရာတန်ရာမပြောကြဘူး။ သာမန်အရပ်သားပြောသာပြောရရင် ဒီကောင်တွေ ဘုန်းမရှိ၊ တုန်းပိလို့သေကြမှာ။
ပြည်သူဆိုတာ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ချင်တိုင်းသတ်မှတ်လို့မရပါဘူး။ တိုင်းပြည်တပြည်မှာနေတဲ့လူတိုင်းဟာ ဒီနိုင်သားဆိုတာတော့မှန်ပါတယ်။ ပြည်သူလို့လဲ အလွယ်ပြောရင်တော့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဝေါဟာရနယ်ပယ်မှာသုံးတဲ့ 'ပြည်သူ'ဆိုတာကျတော့ သီးသန့်အဓိပ္ပါယ်ကိုဆောင်တာပါ။ နိုင်ငံသားတိုင်းကို 'ပြည်သူ'လို့မဆိုဘူး။ ပြည်သူဆိုတာ ကာလတခုမှ သမိုင်းကဏ္ဍအရရော၊ အရေအတွက်အရပါ အဓိကကျတဲ့ ပြဌာန်းနိုင်တဲ့ 'လူထု'ကြီးကိုပြောတာ ဖြစ်ပါတယ်။
ရှင်းအောင်ပြောရရင် ဗမာနိုင်ငံရဲ့ လက်ရှိသမိုင်းကာလဟာ နိုင်ငံရေးအားဖြင့် ဘာကာလ လဲ။ အဓိကအသွင်အပြင်ဟာ ဘာလဲ။ ဒါကို ပထမ ရှင်းအောင်လုပ်ရတယ်။ ဗမာပြည်လူ့အဖွဲ့အစည်းကို ရှေ့တိုးအောင်လုပ်မယ်ဆိုရင် ဘယ်ပဋိပက္ခကို အရင်ဆုံးဖြေရှင်းရမလဲဆိုတာကို စဉ်းစားရွေးချယ်တတ်ရတယ်။ ပဋိပက္ခဆိုတာကတော့ နေရာတကာမှာရှိနေတာပါပဲ။ စီးပွားရေးနယ်ပယ်မှာ ပဋိပက္ခအမျိုးမျိုးရှိသလို၊ လူမှုရေးနယ်ပယ် ကျန်းမာရေးနယ်ပယ်၊ ပညာရေးနယ်ပယ် နယ်ပယ်တိုင်းမှာရှိပါတယ်။ ကုန်ကုန်ပြောရရင် အိမ်ထောင်တခုအတွင်းမှာတောင် ရှိတယ်။ ဒါတွေအားလုံးကို တတန်းတစားတည်းထား ဖြေရှင်းလို့ ဘယ်ဖြစ်မလဲ။ အကုန်ရှုပ်ထွေးကုန်မှာပေါ့။ အင်အားတွေအစွမ်းတွေ ဖြုန်းတီးရာပဲကျမယ်။ ဒီပဋိပက္ခတွေထဲမှာ အခရာကျတဲ့ အဓိကပဋိပက္ခဆိုတာရှိတယ်။ အဲ့ဒါကိုဖြေရှင်းနိုင်ရင် တခြားနယ်ပယ်ကပဋိပက္ခတော်တော်များများကိုလည်း အခြေခံအားဖြင့်ဖြေရှင်းနိုင်တာပဲ။
အလွယ်ဆုံးဥပမာကိုပြရရင် ဗြိတိသျှကိုလိုနီကာလတုန်းက ဗမာပြည်တွင်းမှာ အဓိကပဋိပက္ခဟာ ကိုလိုနီအုပ်စိုးသူတွေနဲ့ အဲ့ဒီအုပ်စိုးမှုဒဏ်ကိုခံစားနေကြရတဲ့ ပြည်သူတွေပဲ။ အဲ့ဒီတုန်းက သမိုင်းရဲ့ အဓိကဦးတည်ချက်ဟာ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရရှိခြင်းဖြစ်တယ်။ ဒါဟာ ဗမာပြည်ရှိ အများတကာ့အများစုကြီး ပြည်သူလူထုကြီးရဲ့ ဆန္ဒအမှန်လည်းဖြစ်တယ်။ အဲ့ဒီကာလမှာလည်း ပဋိပက္ခပေါင်းစုံရှိနေတာပဲ။ ဗမာနိုင်ငံသားတွေ အချင်းချင်းကြားမှာကိုပဲ ပဋိပက္ခအမျိုးမျိုးရှိနေတယ်မဟုတ်လား။ နိုင်ငံရေးပါတီတွေလည်း ပေါ်နေပြီဆိုတော့ တပါတီနဲ့တပါတီ မတူတာတွေ နည်းတာမှမဟုတ်တာ။ ဒါ့အပြင် ကုလား−ဗမာအဓိကရုဏ်းလိုဟာတောင် ပေါ်ခဲ့သေးတယ်။ အဲ့ဒီပဋိပက္ခတွေဟာ တခါတခါ ထိပ်ကိုတက်လာသလိုလိုရှိပေမဲ့ အဓိက​​ေဖြရှင်းရမယ့် လွတ်လပ်ရေးအတွက်လုံးပမ်းနေကြတဲ့ ဗြိတိသျှကိုလိုနီသမားတွေနဲ့ ဗမာပြည် ပြည်သူတွေကြားကပဋိပက္ခဟာ အဓိကဖြစ်မြဲဖြစ်နေတာပဲ။ တနိုင်ငံလုံးရဲ့အကျိုးကိုဦးထိပ်ထားသူတွေဟာ ဒါကို မျက်ခြေမပြတ်ဘူး၊ အဲ့ဒီပဋိပက္ခကိုအခြေခံပြီး ပြည်သူလား ပြည်သူ့ရန်သူလားဆိုတာကို ခွဲခြားတာဖြစ်တယ်။ ဘက်နှစ်ဘက်မှာ ဘယ်ဘက်ကရပ်သလဲဆိုတာနဲ့ ခွဲခြားတာဖြစ်တယ်။ 
ဒီနေ့ ဗမာပြည်မှာ အဓိကပဋိပက္ခဟာ အလွန်ထင်ရှား ရှင်းလင်းပါတယ်။ နအဖစစ်အစိုးရနဲ့ စစ်အစိုးရအုပ်စိုးမှုဒဏ်ကြောင့် အခွင့်အရေးမျိုးစုံဆုံးရှုံးပြီး ကိုယ်စိတ်နှစ်ပါးဆင်းရဲနေကြသူတွေတဘက် ဖြစ်ပွားနေတဲ့ပဋိပက္ခဟာ အဓိကပါ။ လူတယောက်ဟာ ဒီပဋိပက္ခမှာ ဘယ်ဘက်ကပါဝင်သလဲဆိုတာအပေါ်မူတည်ပြီး သူဟာ 'ပြည်သူ'လား၊ စစ်အာဏာရှင်စနစ်ဘက်သားလားဆိုတာကို ခွဲခြားရမှာပါ။ အထက်က ကြံ့ဖွတ်တွေရဲ့အ​ြေခအနေဟာ သိတ်ရှင်းပါတယ်။
ဒီနေရာမှာ တဆက်တည်းပြောသင့်တာက ဒီနိုင်ငံမှာ ဒလို ဘက်နှစ်ဘက်ပဲရှိတယ်၊ အခြားမရှိဘူးလို့ဆိုရင်တော့ မှားပါတယ်။ ဘယ်ဘက်မှမပါတဲ့ ကြားအင်အားစုတွေလည်းရှိတယ်ဆိုတာကို သိဖို့လိုသလို အသိအမှတ်ပြုဖို့လည်းလိုပါတယ်။ နိုင်ငံရေးအတွေ့အကြုံကြွယ်ဝသူဟာ အဲ့ဒီကြားအင်အားစုကို ကိုယ့်ဘက်ပါအောင်ကြိုးစားပြီး နိုင်ငံရေးအတွေ့အကြုံနုသူကတော့ အဲ့ဒီအင်အားစုကို တိုက်ခိုက်ပါတယ်။ တဘက်ကိုတွန်းပို့သလိုတောင် ဖြစ်စေတတ်ပါတယ်။
နောက် မပြောမဖြစ်တာက ပြောင်းလဲတတ်တဲ့သဘောပါ။ ပြောင်းလဲတတ်တယ်ဆိုရာမှာ နှစ်မျိုးရှိပါတယ်။ ပထမတမျိုးက အဓိကပဋိပက္ခကိုယ်တိုင် ပြောင်းသွားတာဖြစ်ပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်ရဲ့အဆင့်တခုမှာ ဗမာနိုင်ငံရဲ့အဓိကပဋိပက္ခက မူလက အင်္ဂလိပ်နဲ့ ဗမာနိုင်ငံသားတွေကြားက ပဋိပက္ခဖြစ်ပေမယ့် ဂျပန်ကျူးကျော်ဝင်ရောက်ပြီးလို့ ဂျပန်ကဖက်ဆစ်လက္ခဏာတွေ ဖော်ပြလာတဲ့အခါမှာတော့ ဂျပန်ဖက်ဆစ်တွေနဲ့ ဗမာပြည် ပြည်သူတွေအကြားကပဋိပက္ခဟာ အဓိကပဋိပက္ခဖြစ်သွားပါတော့တယ်။
ဒုတိယတမျိုးကတော့ အဲ့ဒီလိုအဓိကပဋိပက္ခပြောင်းလဲတာနဲ့ ပါဝင်သူတွေ ဘက်ပြောင်းတတ်တာပါ။ နဂိုကရန်သူဖြစ်တဲ့အင်ဂလိပ်ဟာ မဟာမိတ်ဖြစ်လာပါတယ်။ ဒီလိုသာဓတွေ အများကြီးပြလို့ရပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ထူးခြားချက်တခုဟာလည်း အဲ့ဒီလိုပဲ တချိန်ကရန်ဘက်တွေ မိတ်ဆွေဖြစ်လာတာပါ။
ပြည်သူဆိုတာ အဓိကပဋိပက္ခပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်တယ်လို့ပြောခဲ့​ပေမယ့် အချက်တချက်ကို ထပ်ပြီးအလေးအနက်ပြုဖို့လိုတယ်။ အဲ့ဒါကတော့ နိုင်ငံတနိုင်ငံမှာ အလုပ်သမားတွေ လယ်သမားတွေဟာ အမြဲပဲ 'အ​ြေခခံပြည်သူ'ဖြစ်တယ်ဆိုတဲ့အချက်ပဲ။ ဒီစာရင်းထဲမှာ မြို့နေဆင်းရဲတွေကို ထည့်သွင်းရင်လည်းရတယ်။ အကြောင်းက အဓိကပဋိပက္ခဘယ်လိုပဲပြောင်းပြောင်း သူတို့ဟာ အမြဲ ဓားမနောက်ပိတ် အဖိနှိပ်ခံရဆုံးသူတွေဖြစ်နေလို့ပဲ။ နောက်ပြီး နိုင်ငံတိုင်းမှာလည်း အရေအတွက်အားဖြင့် သူတို့ဟာ အများဆုံးဖြစ်တယ်ဆိုတာကိုလည်း မမေ့ဖို့လိုတယ်။
ဒီအခြေခံလူတန်းစားတွေရဲ့သားသမီးတွေဖြစ်နေလို့လည်း အခုန နအဖစစ်တပ်ထဲက အောက်ခြေတပ်သားတွေကို ကြားနေအောင်၊ ကိုယ့်မိဘဘက် ပြန်ရပ်အောင် စည်းရုံးနေကြရတာပါ။ အလားတူပဲ အခုအခါမှာ အခွင့်အရေးအကြောင်းပြုပြီးတက်ကြွနေတဲ့ ကြံ့ဖွတ်တွေထဲမှာလည်း အခြေခံလူတန်းစားတွေရဲ့သားသမီးတွေ ပါနေတယ်။ သူတို့ကိုလည်း ရနိုင်သလောက် အစွဲချွတ်ကြရလိမ့်မယ်။
ဒီတေ့ ဗမာပြည်နိုင်ငံရေးမှာ ဒီ"ပြည်သူ"ကို ဗဟိုပြုထားတဲ့တပ်ဖွဲ့ကြီးတခု ပြန်ဖွဲ့ဖို့ အခြေအနေကတောင်းဆိုနေတယ်။ ဒီတပ်ဖွဲ့ကြီးပေါ်ပေါက်ရေးအတွက် အနှောင့်အယှက်အတားအဆီးတွေဟာ နအဖဆီကသာလာတာမဟုတ်ပဲ ပြည်တွင်းပြည်ပက သဘောတရားအမျိုးမျိုးထုတ်နေကြတဲ့ ဗမာနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေဆီကလည်း ပေါ်ထွက်လာနေတယ်။ ပြည်သူချင်း အိုးမဲသုတ်ပေးတာကို သတိထားရမယ်။ တချို့က ဒီလို ​ြေခထိုးရာမှာ အင်မတန် ကျွမ်းကျင်တယ်။ အင်မတန်သိမ်မွေ့တယ်။ အတွေ့အကြုံလည်း ရှိလှပြီကိုး။
ဗမာပြည်သားတွေဟာ ဗမာပြည်အနေအထားနဲ့ကိုက်ညီတဲ့ လှုပ်ရှားမှုတွေ ဖော်ထုတ်ရမယ်။ ဗမာပြည်သမိုင်းထဲက အောင်ပွဲရအတွေ့အကြုံတွေကို ပြန်သုံးသပ်ရမယ်။
တကယ်က ချီလီ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တောင်ကိုးရီးယားစစ်အာဏာရှင်တွေကို ဖြုတ်ချတဲ့နိုင်ငံတိုင်းမှာ ကိုယ့်ပြည်သူတွေပဲ အသေခံပြီး အနာခံပြီး စည်းလုံးညီညွတ်စွာတိုက်ပွဲဝင် ဖြုတ်ချခဲ့ကြတာဖြစ်တယ်။ ပြည်ပက နှမ်းဖြူးတာလောက်တောင် အနိုင်နိုင်ပါ။ ဗမာပြည် လွတ်လပ်ရေးရခဲ့တာလည်း ဒီလိုပဲမဟုတ်လား။

0 comments:

Post a Comment