Sunday, March 1, 2020

(ကြောက်ပို)

0 comments
(ကြောက်ပို)
မနက်ကတည်းက စ ရသည့် ကိုရိုနာဗိုင်းရပ်စ်သတင်းတွေ ဇနီးကိုပြောပြတော့ "ဖလူထက်ပဲ ပိုကြောက်စရာကောင်းနေပြီလား"ဟု အိပ်ချင်မူးတူးနှင့် အ‌ငေါ်တူး၏။ သူက မနေ့က ည ၁၁ နာရီအထိအလုပ် လုပ်သူ။ အလုပ်ကပြန်လာတော့လည်း စားသောက်ရေမိုးချိုးပြီး တန်းအိပ်တတ်သူမဟုတ်။ ခနလောက်ဖြစ်ဖြစ် သူကြိုက်သည့် တီဗီဇာတ်လမ်းတိုလေးတွေ ကြည့်တတ်၏။ ဆိုတော့ သည်လို ညမျိုးဆို မနက်တိုင်ကျ သူ အိပ်ရာထနောက်ကျစမြဲ။ ကျနော်ကတော့ ပုံမှန် ၅ နာရီခွဲတဝိုက်တွင် နိုးနေကြ။

"ဖလူ ထက် ကြောက်စရာကောင်းတာ မကောင်းတာထက် လူတွေ လန့်တာကတော့ ဖလူထက်ပိုတယ် ထင်တာပဲ"ဆိုတော့ သူ့ကော်ဖီခွက်ကိုင်ရင်း "အေးလေ တရုတ်မှာ ဖြစ်နေတုန်းက အစိုးရ အလွန်အမင်း ပုံကြီးချဲ့ခဲ့တဲ့ဒဏ် ခု ပြန်ခံရတာပေါ့"ဟုပြောပြီး "နောက်ရော ဘာတွေထူးသေးလဲ"ဟုမေး၏။ ယူတားပြည်နယ်ဘက်မှာတော့ မျက်နှာဖုံးတွေ ပိုးသတ်ဆေးရည်တွေ ရှာရခက်ကုန်တယ်ကြားတယ်၊ နောက်ပြီး ကော့စ်ကိုလို ဝေါလ်မတ်လို ခရိုဂါလို ဆိုင်ကြီးတွေမှာလည်း ‌ရေရှည်ခံတဲ့အစားအသောက်တွေ ပြတ်ကုန်တယ်ပြောတာပဲ။ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် မှန်မမှန်ကတော့ သေချာမပြောနိုင်သေးဘူး" ဟုဆိုတော့ ခုနပြောလက်စစကားကို ပြန်ကိုင်ရင်း "နင်တို့ ဗမာမှာ ရှိတယ်မဟုတ်လား ဝဋ်လည်တယ်ဆိုတာလေ"ဟုပြော၏။ "အေး...ရှိတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ"ဆိုတော့ "အမှန်က အစိုးရက နိုင်ငံရေးလုပ်တာ။ တရုတ်ကို ချတာ။ ဒီဗိုင်းရပ်စ် ကိုယ်ဆီမလာလောက်ဘူးတွက်တာလည်း ပါမှာပေါ့။ တရုတ်တော့ အကြီးအကျယ် ဒုက္ခရောက်နေပြီ။ ရောဂါက ကာကွယ်ဆေးရော ကုသဆေးရော မရှိတဲ့အပြင် ထိန်းချုပ်ရပါခက်ကုန်ပြီ ဘာညာနဲ့ပြောတော့ လူတွေ ပိုလန့်ကုန်တာ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်။ ဒါပေမယ့် ချဲ့ကားလွန်းတော့ လူတွေပိုလန့်တာပေါ့။ နူး‌ယော့ခ်စီးတီး မြေအောက်ဘူတာရုံမှာဖြစ်တာလည်း အဲ့ဒါ လူဖြူကြီးစိုးရေးသမားတွေ ထွင်တဲ့အကွက်ပဲ။ အေး လူတွေကလည်း တရုတ်ကိုမုန်းနေကြတော့ ပို အကဲဆတ်ကုန်တာ။ အစိုးရကလည်း တရုတ်တင်မဟုတ်ဘူး။ နိုင်ငံခြားသားမှန်သမျှ မုန်းတီးရေးလုပ်နေတော့ ပိုရှုပ်ကုန်တာ"ဟုပြော၏။ လေသံကဆတ်နေ၏။
"တို့ဆီတော့ ကေ့စ်တခုမှ မတွေ့‌သေးဘူးပြောတယ်၊ ပြီးတော့ အေးလေ မတွေ့သေးတာနေမှာပေါ့။ ခက်တာက ဒီ‌ဗိုင်းရပ်စ်က ကြိုပြီး ကက္ခဏာပြတာ မရှိသလောက်ဆိုတော့ ထောက်လှမ်းဖို့ခက်နေတာလည်း ပါမယ်ထင်တယ်"ဟု ကျနော်ပြောတော့ "နင် ညက မနက်ကျရင် ပင်လယ်စာ သွားစားမယ်ပြောထားတယ်နော် သွားမလား"မေး၏။ အခြေအနေအရပဲ။ သွားရင်လည်းသွားတာပေါ့"ဟု ကျနော့်မရေမရာစကားကြောင့် "အေးလေ သွားမစားဘူးဆိုလည်း အိမ်မှာစားစရာတွေရှိနေတာပဲ၊ အိမ်စာပဲစားကြတာပေါ့"ဟု စကားကို အစသတ်၏။
ကျနော့်စိတ်ထဲ နောက်ချင်လာသဖြင့် "တို့‌ရောဘယ်နှယ်လဲ။ အစားအသောက်တွေ မျက်နှာဖုံးတွေ ပိုးသတ်ဆေးရည်တွေ အစားအသောက်တွေ ထွက်ဝယ်ကြရင်ကောင်းမယ်နဲ့တူတယ်နော်"ဟု ခတ်တည်တည်ပြောတော့ မဝယ်ပါနဲ့ဟာ။ အိမ်မှာရှိတာ သုံးတာပေါ့၊ လက်ကိုဆပ်ပြာနဲ့ ရေနိုင်နိုင်ဆေး သန့်သန့်ပြန့်ပြန့်နေ အပြင်ထွက်တာလျှော့ တခုခုဖြစ်တာနဲ့ ဆေးခန်းပြေးကြတာပေါ့၊ နောက်ပြီး အစားအသောက်လည်း ဒီလောက်ကြီးမလိုပါဘူး။ ဖြစ်လာတော့လည်း မိုးပြိုအများပေါ့"ဟု ပူတတ်ရန်ကောဆိုသည့် မျက်နှာပေးနှင့်ပြောတော့ နှစ်ယောက်လုံး ရယ်မိကြ၏။ ရယ်သံတွင် စိုးရိမ်သောကတို့စွက်နေသည်လားကတော့ သိတ်မသေချာလှ။
မျိုးမြင့်ချို
၁၊ မတ်၊ ၂၀၂၀

0 comments:

Post a Comment