Tuesday, March 10, 2020

(ဘယ်သူမှ သတ်သတ်ကြီးအမုန်းခံမပြောကြပါ)

0 comments
(ဘယ်သူမှ သတ်သတ်ကြီးအမုန်းခံမပြောကြပါ)
ဘယ်သူဖြစ်ဖြစ် စာရေးကတည်းက စေတနာဆိုတာ ပါပြီးသားဖြစ်ပါတယ်။ ကောင်းတဲ့စေတနာ ဆိုးတဲ့စေတနာလို့ ယေဘုယျပြောကြပေမယ့် ဘယ်သူ့အတွက်ကောင်းပြီး ဘယ်သူ့အတွက်ဆိုးတာလဲလို့ သေချာစိစစ်ကြည့်တော့မှ ရေရေရာရာသိကြရတာပါ။ လူတိုင်းအတွက်အကောင်း ဒါမှမဟုတ်အဆိုး ဆိုပြီးတော့လည်း မရှိနိုင်ပါ။ အကောင်းအဆိုး အချိုး ဦးရေ စတာတွေတော့ ကွာချင်ကွာပါလိမ့်မယ်။ အဲ့သလိုမဟုတ်ပဲ လူသားအားလုံးကောင်းဖို့တို့ ဆိုးဖို့တို့ဆိုပြီး ဘယ်သူမှ ဘာစာမှတော့ရေးကြလိမ့်မယ် ရေးခဲ့ကြတယ်လို့ ကျနော်တော့ မယုံကြည်ပါ။ နိုင်ငံရေးသဘောမှာ ပိုထင်သာမြင်သာရှိပါတယ်။

လူတန်းစားအမြင်နဲ့ကြည့်ရင် လူမှာ လူတန်းစားအရချစ်ခြင်းမေတ္တာလည်း ရှိပါတယ်။ လူဖြစ်တဲ့အလျှောက် ချစ်ခြင်းမုန်းခြင်းရှိတဲ့အလျှောက် လူဟာ သူရေးတဲ့စာ သူပြောတဲ့စကားတွေမှာ သူ့ချစ်ခြင်းမုန်းခြင်းတွေ ထုံမွှမ်းပြီးသားပါ။ ပေါ်လွင်ပြီးသားပါ။ ပီပြင်ပြီးသားပါ။ သူ့စာဖတ်လိုက်တာနဲ့ သူ့စကားနားထောင်လိုက်တာနဲ့ သူ့ချစ်ခြင်းမုန်းချင်းကို ဆဝါးကြည့်လို့ရပါတယ်။
ဆိုတော့ သူရေးတဲ့စာကိုယ်၌က ချစ်ခြင်းမုန်းခြင်းအခံနဲ့ရေးတာဖြစ်လေတော့ အမုန်းခံပြီးရေးတယ်တို့ အချစ်ခံဖို့ရေးတယ်တို့ ပြောတယ်တို့ဆိုတာ မရှိနိုင်တော့ပါ။ တစုံတယောက်ဟာ အမုန်းခံပြီးရေး/ပြောတယ်လို့ဆိုလာရင် ဒါဟာ မိမိကိုယ်ကိုယ်မသာမာသူ ဒါမှမဟုတ် မသမာသူအဖြစ် ပုံဖော်သလိုပဲဖြစ်မှာပါ။ ရေး/ပြောကတည်းက ချစ်ခြင်းမုန်းခြင်းပါပြီးသားမို့ အမုန်းခံပြောတယ် အချစ်ခံရဖို့ပြောတယ်ဆိုတာ သတ်သတ်မရှိတော့ပါ။
မိမိရဲ့ချစ်ခြင်းမုန်းခြင်းဟာ မိမိပြောလိုက်တဲ့စကားတခွန်းတိုင်း မိမိရေးလိုက်တဲ့စာတလုံးတိုင်းမှာ ဖော်ပြပြီးသား ပါပြီးသားဖြစ်နေပါပြီ။ ဒါမှ "ငါကတော့ အမုန်းခံပြီးပြောလိုက်ရတာ"ဆိုရင်လည်း မိမိစိတ်နှလုံးကိုမိမိပြန်ဆန်းစစ်ကြည့်ဖို့လိုနေပြီလို့ ထင်ပါတယ်။
ကျနော်တော့ စာကို စကားကို ချစ်ခြင်းမုန်းခြင်းနဲ့ ပြောပါရေးပါတယ်။ ကျနော့်မှာ ချစ်သူမုန်းသူရှိပါတယ်။ ကျနော့်ကို ချစ်သူမုန်းသူရှိပါတယ်။
မျိုးမြင့်ချို
၉။ မတ်။ ၂၀၂၀

0 comments:

Post a Comment