ပေါ်လစီ
၂ ခု
ဒီဇင်ဘာ
၂၀၀၀
(၁)
လောလောဆယ် အလိုအပ်ဆုံးလို့ထင်တဲ့ ပေါ်လစီ ၂ ခုကို တင်ပြပါ့မယ်။
အဆိုတင်သွင်းတဲ့အနေနဲ့ရေးတာပါ။
ရှေ့မှာ
ဗမာပြည်တော်လှန်ရေးလှုပ်ရှားမှုအတွက် အရေးကြီးတဲ့ကာလတခု ဖြတ်သန်းရတော့မယ်လို့ထင်ပါတယ်။
ကျွန်တော်တို့ရဲညှိနှိုင်းစာမှာ ဘုံရန်သူရှိရုံနဲ့မပြီး
အနိမ့်ဆုံးဘုံလုပ်ငန်စဉ်ရှိရမယ်လို့ရေးခဲ့ပါတယ်။ အနိမ့်ဆုံး ဘုံလုပ်ငန်း စဉ်ကို
အဖွဲ့တိုင်း ပုဂ္ဂိုလ်တိုင်းနဲ့ညှိရမှာပါ။
အဲ့ဒီလိုညှိကြရင်
ညှိနိုင်အောင် ပါတီဝင်တိုင်းကို ပါတီရဲ့ပေါ်လစီအပ်ထားမှရပါမယ်။ ဒါမှသာ သူတို့ဟာ
ပါတီရဲ့ပေါ်လစီ အတိုင်း တင်ပြနိုင်မယ် ဆွေးနွေးနိုင်ကြမယ်ဖြစ်ပါတယ်။
ကိုယ်သန်ရာသန်ရာ တယောက်တပေါက်ပြောလို့မဖြစ်ပါဘူး။ ပါတီက တသံတည်းပြောနိုင်ရပါမယ်။
ပါတီက
အနိမ့်ဆုံးလုပ်ငန်းလို့တင်ပြတာတိုင်းဟာ တခြားအင်အားစုတွေအတွက်
အနိမ့်ဆုံးဟုတ်ချင်မှလဲ ဟုတ်မှာပါ။ သူတို့အတွက် မြင့်နေနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်ရင်
ပါတီက ပြန်စဉ်းစားရပါမယ်။
(၂)
တပ်ပေါင်းစုပေါ်လစီ
ပါတီက
‘လတ်တလောတောင်းဆိုချက်များ’ကို ခတ်စောစောကတည်းက အင်အားစုအသီးသီးသို့ တင်ပြထားခဲ့ပါတယ်။
ညှိနှိုင်းမှုအတွက် အစပျိုးတာပါ။ တူတာတွဲလုပ်ကြမယ်။ မတူတာ ဆက်ညှိကြမယ်လို့ သဘောထားပါတယ်။
အများကြီး ရေးပြီးတင်ပြထားတာဖြစ်လို့ အားလုံးတူမှ တပ်ပေါင်းစုဖွဲ့မယ်လို့
မဟုတ်ပါဘူး။ တူတာတွဲလုပ်ရင်း တပ်ပေါင်းစုအဆင့် သို့ တက်လှမ်းသွားဖို့ပါ။
ဂျပန်ခေတ်တုန်းက တပ်ပေါင်းစုဖွဲ့ရေး ပုံစံဟာခေတ်မီဆဲပဲလို့ ထင်ပါတယ်။ ဆက်ပြီးသုံးနိုင်
ပါတယ်။ သတိပြုဖို့ကတော့ ဟိုတုန်းကနဲ့အခြေအနေချင်းမတူတာပါ။ ‘ပုံစံ’ (နည်းနာ)ကိုသာ
သုံးနိုင်တယ်လို့ ပြောတာပါ။
‘လက်ဝဲညီညွတ်ရေး’
လျှို့ဝှက်ပုံစံနဲ့လုပ်ကြဖို့လဲ တီးခေါက်ကြည့်တာ ခတ်စောစောက ပါတီက လုပ်ဖူးပါတယ်။
အခြေအနေ ရင့်မှည့်လာရင်တော့ ဖြစ်လာမှာပါ။ အခုတော့ အခြေအနေမရင့်မှည့်သေးပါ။
ပြည်တွင်းမှာတော့ အလားအလာ ကောင်းပါတယ်။ ပြည်ပမှာက အကျိုးအကြောင်း
ခိုင်လုံတဲ့အကြောင်းတချို့ကြောင့် လုပ်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့
ကြိုးစားရမှာပါပဲ။
“လူ့အဖွဲ့အစည်းတိုးတက်မှုဟာ
အရင်းရှင်စနစ်မှာနိဂုံးချုပ်သွားပြီ” “လစ်ဘရယ်ဒီမိုကရေရစီမှာ
သမိုင်းနိဂုံးချုပ်ပြီ”လို့ မယူဆသူများအားလုံးနဲ့ လက်ဝဲညီညွတ်ရေးတပ်ဉီးကို
တည်ဆောက်ကြရပါမယ်။ ပါတီက ဂိုဏ်းဂဏ ကင်းစင်ရပါမယ်။ တပ်ပေါင်းစုနဲ့တပ်ဉီးဟာ
စင်ပြိုင်မဟုတ်ပါ။ လက်ရှိ စစ်အစိုးရဆန့်ကျင်ရေးအဆင့်မှာ
တပ်ပေါင်းစုကိုအလေးတင်းပြီး တည်ဆောက်ရပါမယ်။ တပ်ဉီးရဲ့အခန်းက တပ်ပေါင်းစုကို
သွက်သွက်လက်လက်လှုပ်ရှားစေဖို့နဲ့ အလေးပင်ဆုံး ထမ်းရတဲ့အခန်း
စွန့်လွှတ်စွန့်စားရတဲ့အခန်းကပါဖို့ပါ။
ဗမာပြည်တော်လှန်ရေးမှာ
တပ်ပေါင်းစုတွေ ဖွဲ့ခဲ့လှပါပြီ။ လက်ဝဲအင်အားစုများ(လူငယ်များ) စည်းစည်းလုံးလုံးရှိရင် အောင်ပွဲအလီလီရပါတယ်။
မရှိရင် ဆုံးရှုံးနစ်နာပါတယ်။ ဒါမှမဟုတ် တပ်ပေါင်းစုဟာ မလှုပ်မယှက်ဖြစ်ပြီး
အလိုလို ပျက်သွားလေ့ရှိပါတယ်။ သို့မဟုတ်
နံမည်သာရှိပြီး အလုပ်ဖြစ်လေ့ မရှိပါ။
ညှိနှိုင်းမှုနဲ့ပြင်ဆင်မှု
ကောင်းကောင်းလုပ်ပြီးမှ ဖွဲ့စည်းရေးကိစ္စလုပ်သင်ပါ့တယ်။ အချက်အလက်
မပြည့်စုံမရင့်ကျက်ပဲ တပ်ပေါင်းစုဖွဲ့မိရင် နံမည်ခံသာဖြစ်ပြီး အလုပ်မဖြစ်နိုင်ပါ။
တပ်ပေါင်းစုဖွဲ့ရင် ဗမာပြည်တော်လှန်ရေးရဲ့ထူးခြားချက်ကို နှလုံးသွင်းထားရပါမယ်။
နှစ် ၅၀ အတွင်းက အပြောင်းအလဲတွေ အရှုပ်အထွေးတွေကိုလည်း သတိပြုရပါမယ်။
ဒီမိုကရေစီကို
ဘယ်လိုအဓိပ္ပါယ်ဖွင့်တယ်၊ ပြည်ထောင်စုအသစ်ကို ဘယ်လိုအဓိပ္ပါယ်ဖော်တယ်ဆိုတာကိ ညိှကြရပါမယ်။
ဒီကိစ္စကြီးနှစ်ခုကို မှန်မှန်ကန်ကန်မကိုင်တွယ်နိုင်ရင် ဗမာပြည်တော်လှန်ရေး
ရှေ့မတက်နိုင်ပဲ တဝဲလည်လည်ဖြစ်နေပါ လိမ့်မယ်။
အကောင်းဆုံးသာဓကအဖြစ်
ဦးနုကိုပြပါ့မယ်။ ဦးနု ဖဆပလအစိုးရ ဝန်ကြီးချုပ် လုပ်နေတုန်းက ပါတီကို “ဒီမိုကရေစီ
စည်းဝိုင်း”ထဲဝင်လာဖို့ အကြိမ်ကြိမ်ခေါ်ဖူးပါတယ်။ သူ့စည်းဝိုင်းထဲက အခြေအနေကိုသိနေလို့
မဝင်ခဲ့ပါ။ သူ့ စည်းဝိုင်း ထဲမှာ ဘာတွေဖြစ်နေတယ် ဘယ်သူတွေချယ်လှယ်နေတယ်ဆိုတာ
ဦးနုမသိလို့တော့ ဟုတ်ဟန်မတူပါ။ သူဟာ အကင်းပါးသူပါ။ ဦးထွန်းဖေက ထွက်၊ ဦးဧမောင်က
“တရားမျှတမှုပါတီ”ထောင်၊ သူကိုယ်တိုင် “ထင်းရှူးသေတ္တာစုတ် ခြစား”တဲ့
ကွင်းကွင်းကွက်ကွက် နိမိတ်ပုံပြောပြီး “အင်းဝတံတားပေါ်က အိုးတုတ်ဆွဲပြီး
ခုန်ချကြ”လို့ တိုက်တွန်းနေရတဲ့ အခြေအနေပဲ။
သူ့စည်းဝိုင်းအခြေအနေ သူသိပါတယ်။ ၁၉၅၈ မှာ ဖဆပလ ကွဲ၊ စစ်တပ်အာဏာသိမ်းတော့မှ
သူ့ “ဒီမိုကရေစီ စည်းဝိုင်း”အကြောင်း ပိုသိလာရတယ်။ “၆၂” အာဏာသိမ်းပွဲကျတော့
သူ့”စည်းဝိုင်း”ကိုယ်တိုင် ဂုဏ်သရေမဲ့စွာ ကျဆုံးသွားတယ်။ ဗကပ ‘စည်းဝိုင်း’ထဲ
မဝင်ခဲ့မိလို့ပေါ့။ ဝင်မိရင် ဘာဖြစ်မဲလဲ၊
ဆက်သာ စဉ်းစားကြပါ။
၇၀
စုနှစ်များရော်က်တော့ ဦးနုက တစခန်းထလာတယ်။ ပါလီမန်ဒီမိုကရေစီစည်းဝိုင်း
ပြန်ထောင်ဖို့ လုံးပန်းတယ်။ လက်တွေ့ကတော့ ‘အနီ’ ဒီရေလှိုင်းကိုတားဖို့ ယိုးဒယား
ဗမာနယ်စပ်မှာ မဟာတံတိုင်းကြီး နယ်ချဲ့က တည်ဆောက်နေ တာမှာ
အုတ်တချပ်သဲတပွင့်ဖြစ်သွားရှာတယ်။ အဲ့ဒီမှာ ထပ်တွေ့ရတာက ပြည်ထောင်စုသစ်ပြဿနာပဲ။
တပ်လန်ကာ အိန္ဒိယရောက်တယ်။ နောက်တော့ ဗိုလ်နေဝင်းရဲ့ မဆလ “ဆိုရှယ်လစ်
ဒီမိုကရေစီစည်းဝိုင်း”ထဲ ရောက်သွားရှာတယ်။ လူထုရဲ့ ၈၈
ခုနှစ်အုံကြွမှုကောင်းမှုကြောင့်သာ “လူထုဒီမိုကရေစီစည်းဝိုင်း”ထဲ ပြန်ရောက်
လာရတယ်။
ဦးနုရဲ့
အတွေ့အကြုံကိုကြည့်ပြီးပြောရရင် ဒီမိုကရေစီဟာ ခိုင်မာကြံ့ခိုင်ရမယ်။
စစ်အစိုးရမရှိလဲ စစ်အုပ်စုဆက်ရှိနေရင် စစ်ဗျူရိုကရေစီယန္တရားအပေါ်
အရပ်သားအစိုးရကဩဇာမရှိရင် နေ့မြင်ညပျောက် မပိုင်ဝက်မွေးဒီမိုကရေစီ ဖြစ်နေဦး မှာပဲ။
ဒီမိုကရေစီနဲ့ ပြည်ထောင်စုသစ်ပြဿနာဟာ မုချဖြေရှင်းရမယ့်ကိစ္စကြီးနှစ်ခုဖြစ်တယ်။
မသိကျိုးကျွန်ပြုလို့ မဖြစ်ဘူး။ ဒါ့ကြောင့် ကွယ်လွန်သူဦးနု အတွေ့အကြုံကို
သာဓကပြုရတာပဲ။
လူမျိုးစုပေါ်လစီ
မကြာခင်က
စစ်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ ရေးတဲ့စာတမ်းဖတ်ရတယ်။ ရည်ရွယ်ချက်က အမေရိကန်ကို
အသနားခံ ထုချေလွှာသွင်းတာပါပဲ။ အမေရိကန်ရွေးကောက်ပွဲနဲ့
အမေရိကန်အမတ်တွေကိုရှေ့ရှုပြီးရေးထားမှန်း သိသာပါတယ်။ ကျွန်တော်တို့
ဒီဟာကိုစိတ်မဝင်စားပါ။ ကျွန်တော်တို့စိတ်ဝင်စားတာက ဒီစာတမ်းကဖော်ပြတဲ့ ဗမာလူမျိုးကြီးဝါဒ
အတွေးအခေါ်နဲ့အမြင်ကိုပဲ ဖြစ်ပါတယ်။
ဗမာပြည်ကို
နိုင်ငံခြားဈေးကွက်အဖြစ်ပဲမြင်ကြတာဟာ အခုခေတ်(တကမ္ဘာလုံးလက္ခဏာဆောင်တဲ့
ဂလိုဘယ်လိုက် ဇေးရှင်းခေတ်)မှာ မဆန်းပါ။ တည်ငြိမ်ပြီး ရောင်းပန်းဝယ်ပန်းသာနေရင်
ကြိုက်ကြပါတယ်။ ဘယ်အစိုးရတက်တက် ကိစ္စမရှိပါ။ စစ်အစိုးရကလဲ
ဒါကိုအခွင့်ကောင်းယူပြီး ဝါဒဖြန့်ဆွဲဆောင်ဖို့လုပ်တာပါပဲ။ စစ်အစိုးရသာမရှိရင်
တိုင်းပြည် ပျက်မယ်၊ စစ်တပ်ကသာ စစ်ဉပဒေနဲ့မအုပ်ချုပ်ရင် တိုင်းပြည်တည်ငြိမ်မှာ မဟုတ်ဘူးလို့
လျှောက်လဲနေတာပါ။
အဲ့ဒီလျှောက်လဲချက်
မဏ္ဍိုင်ဖြစ်တဲ့ ဗမာလူမျိုးကြီးဝါဒအရ တိုင်းပြည်ကိုစုစည်းမှဖြစ်မယ်၊ ဗမာလူမျိုကြီးဝါဒရှိတဲ့
စစ်တပ်ကသာ တိုင်းပြည်ကိုတည်ငြိမ်စေတဲ့ တခုတည်းသောအင်အားဖြစ်တယ်ဆိုတဲ့အတွေးအခေါ်ကို
ကျွန်တော်တို့ လက်မခံပါ။ အဲ့ဒီအတွေးအခေါ်ကို မတိုက်ဖျက်နိုင်ရင် တိုင်းပြည်
အနှေးနဲ့အမြန် ပြိုကွဲပါလိမ့်မယ်။
ဘာ့ကြောင့်လဲ
(၁)
တန်းတူညီမျှမှုမရှိတဲ့ဘဝကို ဘယ်လူမျိုးစုကမှမကျေနပ်ပါ။ မနိုင်လို့ ခံနေရင်
ယာယီပါပဲ။ အခွင့်သာရင် ပြန်လှန် မှာပါ။
(၂)
လက်ဝါးကြီးအုပ်ကော်ပိုရေးရှင်းကြီးတွေ ဘဏ်ကြီးတွေကို ကြီးသထက်ကြီးအောင် တဖက်ကလုပ်၊
တဖက်က တိုင်းပြည်တွေ ငယ်သထက် ငယ်စေချင်တဲ့နယ်ချဲ့အရင်းရှင်လူတန်းစားတွေ ရှိနေတဲ့ခေတ်
ဖြစ်လို့ပါပဲ။ နယ်ချဲ့ အန္တရာယ်ကို လျှော့မတွက်သင့်ပါ။ ဒီနှစ်ချက်ကို အကျယ်တင်ပြပါမယ်။
ကွန်တော်တို့တိုင်းပြည်မှာ
ပဒေသရာဇ်နည်းနဲ့ တိုင်းပြည်စုစည်းတာ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ ပဒေသရာဇ်နည်းဆိုတာ
စစ်အင်အားကို သုံး၍သော်လည်းကောင်း၊ စစ်အင်အား ပြ၍သော်လည်းကောင်း
စုစည်းတာကိုဆိုလိုပါတယ်။ အဲ့ဒီလို စုစည်းတဲ့နိုင်ငံဟာ သက်ဆိုးမရှည်ပါ။ မကြာခင်ပဲ
ပြိုကွဲလေ့ရှိပါတယ်။ အခွင့်သာတာနဲ့တပြိုင်နက် ပဏ္ဏာဆက် တိုင်းပြည်ဘဝက
လွတ်အောင်ရုန်းပါတယ်။ အခွင့်သာတယ်ဆိုတာထဲမှာ မိမိ မှီခိုအားကိုးနိုင်တဲ့
အင်အားကြီးနိုင်ငံ တခုခုကို ရှာဖွေတွေ့ရှိတာလဲ တခုပါပါတယ်။ အားကိုးရှိပြီး
မိမိအားကိုယုံရင် ပုန်ကန်ပါတယ်။
ဒါဟာ
ဗမာပြည်ရဲ့ထူးခြားချက်မဟုတ်ပါ။ ပဒေသရာဇ်ခေတ် နိုင်ငံတကာမှာဖြစ်တာမျိုးပါ။
ထူးခြားချက်လို့ ပြောလိုသူအဖို့ ပြောလို့ဖြစ်တာက အဲ့ဒီစုစည်းမှုဟာ ဗမာပြည်မှာ
သိတ်ကြာရှည်မခံတာပါပဲ။ စုစည်းပြီးမကြာခင် ထီးပြိုင်နန်းပြိုင်တွေ ပြန်ဖြစ်ခဲ့တာပါ။
ရာစုနှစ်နဲ့ချီပြီး ကြာရှည်ခံတဲ့မင်းဆက် ပုဂံပြည်ပျက်ပြီးနောက် မရှိသလောက်ပါပဲ။
ဒီလိုသမိုင်းမျိုးရှိခဲ့တဲ့တိုင်းပြည်မှာ
တိုင်းရင်းသားလူမျိုးတိုင်းအတွက် ဂုဏ်ယူစရာနဲ့နာကျည်းစရာတွေရှိနေတာ ဓမ္မတာ ဖြစ်ပါတယ်။
မွန်ပဒေသရာဇ်ကိုအောင်နိုင်လို့ “ရန်ကုန်”လို့ နံမည်ပေးခဲ့ပေမယ့် ရန်က
ကုန်မသွားပါဘူး။ မွန်ရော ဗမာရော ရခိုင်ရော အားလုံးရဲ့ဘုံရန်သူ (နယ်ချဲ့ရန်)က
စလာပါပြီ။ အင်္ဂလိပ်နယ်ချဲ့ ဂျပန်ဖက်ဆစ်အားလုံးဟာ ရန်ကုန်ကိုဦးတည်ပြီး သိမ်းခဲ့ကြပါတယ်။
ပဒေသရာဇ်ခေတ်ကုန်သွားတော့
နယ်ချဲ့ခေတ်ရောက်လာပါတယ်။ နယ်ချဲ့ခေတ်မှာ ဘယ်လိုသွေးခွဲအုပ်ချုပ်ခဲ့တယ် ဆိုတာ
မတင်ပြတော့ပါဘူး။ လွတ်လပ်ရေးတိုက်ပွဲခေတ်နဲ့ လွတ်လပ်ရေးရပြီးနောက်ခေတ်တွေမှာ
ဗမာပြည်နိုင်ငံရေး စင်မြင့်ပေါ်တက်လာတဲ လူမျိုးအခြေခံနိုင်ငံရေးအင်အားတွေ
အများကြီးရှိလာပါတယ်။
အင်အားစုအားလုံးနဲ့
ဒီမိုကရေစီနည်းကျကျ ဆွေးနွေးညှိနှိုင်းရပါမယ်။ စစ်အုပ်စု(စစ်အစိုးရ)လုပ်နေတဲ့
ပဒေသရာဇ်နည်း ကို ကျွန်တော်တို့ဆန့်ကျင်ပါတယ်။ ပဒေသရာဇ်နည်းဟာ
ယာယီအောင်မြင်ချင်အောင်မြင်ပါလိမ့်မယ်။ ရေရှည်မှာ လက်နက်ကိုင်ဖြေရှင်းရင်းနဲ့
ပြိုကွဲရေးကိုဦးတည်ပါတယ်။
ဒီမိုကရေစီနည်းကိုသာ
ကျွန်တော်တို့လက်ခံတာဖြစ်လို့ အားလုံးနဲ့ ညှိနှိုင်းပါ့မယ်။ သဘောတူညီချက်ရသည်အထိ
ညှိပါ့မယ်။ ခွဲထွက်ရေးမဟုတ်ရင် လိုက်လျောသင့်တာမှန်သမျှ
လိုက်လိုက်လျောလျောသဘောထားနဲ့ညှိရန် အဆင်သင့်ပါပဲ။ နယ်ချဲ့ရန်က ခု
စစ်အေးလွန်ခေတ်မှာ ပိုများပါတယ်။ တကမ္ဘာလုံးလက္ခဏာဆောင်တဲ့ခေတ်(ဂလိုဘယလိုက််ဇေးရှင်းခေတ်)ဖြစ်လို့
ညွှတ်ကွင်းထဲရောက်ဖို့ ပိုလွယ်တဲ့ခေတ် ဖြစ်ပါတယ်။ ဟိုတုန်းကလို ကိုမိုဒိုလင်းဘတ်က
ရန်ကုန်မှာလာပြီး ရန်စတာမျိုးချည်း မစဉ်းစားစေလိုပါ။ စစ်အစိုးရက
ပဒေသရာဇ်နည်းစုထားတဲ့ “ပြည်ထောင်စု”နိုင်ငံတော်မှာ တိုင်းရင်းသားတိုင်း ကြိမ်မီးအုံးသလိုဖြစ်နေတာပါ။
ခတ်လွယ်လွယ်နဲ့ နယ်ချဲ့ညွှတ်ကွင်းထဲရောက်သွားနိုင်တဲ့အခြေအနေ ရှိနေတာပါ။
တိုင်းရင်းသားတိုင်းဆိုတာ လူနည်းစုလူမျိုးတွေကိုချည်း ဆိုလိုတာမဟုတ်ပါ။
လူများစုလူမျိုးဗမာတွေကိုပါ ပြောတာပါ။
ဗမာလူမျိုးကလည်း
စစ်အစိုးရမုန်းတီးစိတ်နဲ့ ကြွက်မနိုင် ကျီမီးရှို့ချင်စိတ်ပေါ်တတ်ပါတယ်။
ဗမာစစ်အစိုးရလက်အောက်ကလွတ်ချင်တဲ့ တိုင်းရင်းသားလူနည်းစုတွေကလဲ
မှီခိုစရာရှာတတ်ပါတယ်။
နယ်ချဲ့သမားကလည်း
ဒါမျိုးအကွက်ချောင်းနေတာပါ။ တဦးတည်းဗိုလ်ကျခွင့် ရပြီလို့ထင်နေတဲ့နယ်ချဲ့အင်အားစုတွေက
တိုင်းပြည်ငယ်လေ ကြိုက်လေပါ။ ဒါမှ စီးပွားရေး နိုင်ငံရေး စစ်ရေး
ချယ်လှယ်ချင်တိုင်းချယ်လှယ်လို့ရမှာပါ။ ကော်စတာ ရီကာမှာ သမ္မတထက် အင်တဲလ်ကော်ပိုရေးရှင်းမန်နေဂျာက
ပိုပြီးဩဇာအာဏာရှိတယ်ဆိုတာ ဖတ်လိုက်ရပါတယ်။ အဲ့လိုအဖြစ်မျိုးအပြင်
တချို့တိုင်းပြည်မှာ သမ္မတထက် အမေရိကန်သံအမတ်က ဩဇာရှိနေတာလဲရှိပါတယ်။
ဗမာပြည်ဟာ
တိုင်းပြည်ငယ်လေးတွေအဖြစ် အစိတ်စိတ်ပြိုကွဲရင် အချင်းချင်း တခြိမ်းခြိမ်းတိုက်နေရမှာကိုစဉ်းစားပါ။
နယ်မြေအတွက်တိုက်ကြ၊ ဘာသာရေးအတွက် တိုက်ကြ၊ ဟိုအတွက်ဒီအတွက်တိုက်ကြနဲ့
မပြီးနိုင်မဆုံးနိုင်တိုက်နေ ရမှာပါ။ တိုင်းပြည်ကြီးနှစ်ခုအဖြစ်ကွဲခဲ့တဲ့ အိန္ဒိယ
ပါကစ္စတန်အဖြစ်ကိုပဲကြည့်ပါ။ သူတို့ ကမ္ဘာရန်ဖြစ်နေကြပါတယ်။
ဗမာပြည်ရဲ့ပထဝီအနေအထားအရ
ပထဝီနိုင်ငံရေးကလဲ အလွန်အရေးပါပါတယ်။ ကိုယ့်အချင်းချင်းတိုက်ရတာသာမကပဲ
ကိုယ့်ဆရာအတွက်ပါ တိုက်ပေးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အဲ့လိုဖြစ်ရင်
ပိုနာသွားပါလိမ့်မယ်။
ပါတီက
လူမျိုးရေးအခြေခံအင်အားစုတိုင်းနဲ့ညှိရာမှာ ‘ငြိမ်း’အဖွဲ့တွေနဲ့လည်း ညှိရပါမယ်။
စစ်အစိုးရက ‘ငြိမ်း’အဖွဲ့ တွေကို နိုင်ငံရေး အင်အားစုဘဝကနေ စီးပွားရေးအင်အားစုဘဝရောက်အောင်-မူးယစ်ဆေးဝါးဂိုဏ်းအဖြစ်
ဆုတ်ယုတ် ပျက်ပြားအောင် တမင်လုပ်နေပါတယ်။
အခြေအနေရင့်မှည့်လာတဲ့တချိန်မှာ
စစ်အစိုးရက မူးယစ်ဆေးဝါးဂိုဏ်းအဖြစ်ပုံဖော်ပြီး အမေရိကန်အကူအညီယူကာ
ချေမှုန်းတာမလုပ်ဘူး မပြောနိုင်ပါ။ သူတို့ဟာ မိမိရဲ့ လူမျိုးရေးအခြေခံနိုင်ငံရေးကို
စွဲစွဲမြဲမြဲဆုပ်ကိုင်ထားစေချင် ပါတယ်။ တန်းတူရေးနဲ့သွေးစည်းရေးအတွက်
ရပ်ခံစေချင်ပါတယ်။ အမြော်အမြင်ပြည့်ဝစေချင်ပါတယ်။
တန်းတူရေးနဲ့သွေးစည်းရေးမှာ
တန်းတူရေးက သော့ချက်ဖြစ်ပါတယ်။ တန်းတူတဲ့အခြေခံပေါ်မှာ သွေးစည်းကြမှ
အခြေခိုင်ပါလိမ့်မယ်။ အခြေခိုင်နေရင် ဘယ်လိုအလှည့်အပြောင်းကြုံရကြုံရ
ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ဆက်လက် ချီတက်နိုင်ပါလိမ့်မယ်။ တန်းတူရေးနဲ့ပတ်သက်ပြီး
ဗမာကိုပြည်နယ်တခုအဖြစ် ထားမလားဆိုတာက အရေးမကြီးပါ။ ထားမှ တန်းတူမယ်ဆိုရင် ထားပါ။
အရေးကြီးတာက တန်းတူရေးဆိုပြီး သူ တတိုင်းပြည်၊ ကိုယ် တတိုင်းပြည် ထူထောင်ရေးဆီ
ဆွဲခေါ်သွားမှာကိုတားဆီးနိုင်ဖို့ပါ။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေရေးဆွဲပြီဆိုရင်
ခွဲရေးတွဲရေးပြဿနာက ထိပ်တက်လာလေ့ရှိတဲ့ပြဿနာတခု ဖြစ်ပါတယ်။ ပြည်တွင်းသာမက ပြည်ပကပါ
စိတ်ဝင်စားတဲ့ပြဿနာလဲ ဖြစ်လေ့ရှိပါတယ်။ သူ့အကြောင်းနဲ့သူ စိတ်ဝင်စားကြတာပါ။ ၄၇
တုန်းက ဖြစ်ပျက်ပုံကိုကြည့်ပါ။ အဲ့ဒီတုန်းက ပြည်ပစိတ်ဝင်စားသူက အင်္ဂလိပ်၊ အိန္ဒိယ
(အိန္ဒိယက သူ့အပူနဲ့သူမို့ သိတ်စိတ်ဝင်စားလှတာမဟုတ်)။ ဒီလောက်ပါပဲ။ အခု
အဲ့ဒီထက်များပါလိမ့်မယ်။ အကြောင်း ကြောင်းကြောင့် စိတ်ဝင်စားမှုရှိကြမှာပါ။
စိတ်ဝင်စားရုံ ဉပဒေကြောင်းအကြံပေးရုံဆို ကိစ္စမရှိပါ။ ဝင်စွက်လာရင် ကိစ္စ ရှိပါတယ်။
၄၇
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေကိစ္စပြောကြရင် ဗိုလ်အောင်ဆန်းရဲ့အမြော်အမြင်ကိုပဲ
ပြောကြလေ့ရှိပါတယ်။ သူ့အမြော်အမြင်သာမက တိုင်းရင်းသား လူနည်းစုလူမျိုးများရဲ့ခေါင်းဆောင်တွေ
(လူထုခေါင်းဆောင်တွေ)ရဲ့ အမြော် အမြင်ကိုပါထည့်ပြောမှ ပြည့်စုံပါလိမ့်မယ်။
အဲ့ဒီခေါင်းဆောင်တွေသာ သက်ဆိုင်ရာအင်္ဂလိပ်အလိုတော်ရိတွေကို မဆန့်ကျင်ခဲ့ရင်
သမိုင်းဟာတမျိုးဖြစ်သွားမှာပါ။ ဗိုလ်အောင်ဆန်းကိုယ်တိုင်လဲ ဗမာအလိုတော်ရိတွေ
ကိုယ့်အထဲက လူတွေကိုဆန့်ကျင်ပြီးလုပ်နေရတာပါ။
လက်ယာဆိုရှယ်လစ်ကျော်ငြိမ်းတို့ဟာ
ပြည်ထောင်စုမူကို ဘယ်တုန်းမှ လက်မခံပါဘူး။ သူတိုဟာအခွင့်သာရင် “တပြည်တည်းစနစ်”ကို
အဆိုပြုနေကြတာပဲမဟုတ်လား။ ဗိုလ်အောင်ဆန်းကို မလွတ်ဆန်ဝံ့လို့၊ ကွန်မြူနစ်ဘက် ပြန်ပါသွားမှာစိုးလို့သာ
မရဲတရဲ “တပြည်တည်းစနစ်”ကို တင်နေခဲ့တာပဲ။
ဆိုရှယ်လစ်အဝန်းအဝိုင်းကဗိုလ်နေဝင်းတို့လဲ “ပြည်ထောင်စု”အမည်ခံ
“တပြည်တည်းစနစ်”ကိုပဲ လုပ်ခဲ့တာ လုပ်နေတာတွေတွေ့ရမှာပါ။
“တောင်တန်းသားမိတ်ဆွေများ”ဆိုတာ
အဲ့ဒီတုန်းကတည်းက လှုပ်ရှားလာခဲ့တာပါ။ အာဏာနဲ့ပေါင်းပြီးလုပ်တာဖြစ်လို့
တွင်ကျယ်ပါတယ်။ အဲ့ဒီ “မိတ်ဆွေ”တွေဟာ ၄၈ နောက်ပိုင်းလည်း လှုပ်ရှားပါတယ်။
အထူးသဖြင့် ခွဲထွက်ရေးအလံ လွှင့်ပြီး လက်နက်ကိုင်တိုက်လာသူရှိရင် လှုပ်ရှားပါတယ်။
ဒါပေမဲ့ ၄၇ ကလောက် မတွင်ကျယ်ပါ။ တွင်ကျယ်နိုင်တဲ့ အခြေအနေလဲ မရှိတော့ပါ။
“ခွဲထွက်ရေး”တွေဟာလည်း
အင်္ဂလိပ် ဗမာလက်အောက်မှာပစ်ထားခဲ့လို့ ဘယ်လို ဒဏ်ရာဒဏ်ချက်တွေ ရခဲ့တယ်ဆိုတာ ပြပြီး
တိုင်တာတောတာလုပ်ပါတယ်။”မိတ်ဆွေ”တွေကလည်း ကျင်နာမှုပြရုံကလွဲလို့ ဘာမှ
မတတ်နိုင်ခဲ့ပါ။ စစ်အေးလွန် ခေတ်မှာကြတော့ အဲ့ဒီလိုမဟုတ်တော့ပါ။ “ဒီမိုကရေစီရှေ့ဆောင်
လူ့အခွင့်အရေးပဲ့ကိုင်” အမေရိကန်က ပါလာပါတယ်။
သူက
“တောင်တန်းသားမိတ်ဆွေ”အဆင့်မဟုတ်ပါ။ သူက ဆိုရှယ်လစ်တရုတ်ပြည်ဆန့်ကျင်ရေးအတွက်ပါ
လူစုပါတယ်။ ညောင်ရေလောင်းဖို့ထက် ပတ်ထမ်းခိုင်းချင်တာက ပိုပါတယ်။ နှစ် ၅၀
ဆယ်ကျော်ရခဲ့တဲ့သမိုင်းနဲ့ သင်ခန်းစာ အတွေ့ အကြုံတွေအရ အဖွဲ့အစည်းအသီးသီးက
ခေါင်းဆောင်တွေဟာ အမြော်အမြင်ပြည့်ဝကြပါတယ်။
ဒီမိုကရေစီစည်းဝိုင်းအတွင်းမှာညှိနှိုင်းကြရင်
တန်းတူတဲ့ သွေးစည်းညီညွတ်တဲ့ပြည်ထောင်စုသစ်ကို အတူတကွ တည်ထောင်နိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။
(မူရင်း
သတ်ပုံသတ်ညွှန်းများအတိုင်း)
မျိုးမြင့်
0 comments:
Post a Comment