Monday, March 23, 2020

စာအုပ်ဟူသည်

0 comments
အသိတရားရဲ့ရေသောက်မြစ်ဟာ နှစ်ခုရှိတယ်လို့ ကျနော်ထင်တယ်။ တခုက လူ့အဖွဲ့အစည်းရဲ့ဘဝဖြစ်ပြီး တခုက ပိဋကတ်တိုက်။ လူ့အဖွဲ့အစည်းမှာ လူတွေပါဝင်ဖွဲ့စည်းထားကြတယ်။ ပိဋကတ်တိုက်မှာတော့ စာအုပ်တွေပါဝင်ကြတယ်။ လူ့အဖွဲ့အစည်းမှာ အပါဝင်လှုပ်ရှားတဲ့အခါ ကုန်လုပ်ရေးဖြစ်စဉ်ထဲကို ပါဝင်ဆောင်ရွက်ရတဲ့အခါမှာ ကျနော်တို့ဟာ လူတွေရဲ့အကြောင်းကို တိုက်ရိုက်သိလာကြတယ်။ ပိဋကတ်တိုက်ထဲကိုဝင်တဲ့အခါ၊ စာအုပ်တအုပ်ကိုဖတ်တဲ့အခါကျတော့ လူတွေရဲ့အကြောင်းကို သွယ်ဝိုက်သိလာရတယ်။
လူ့အဖွဲ့အစည်းရဲ့ဘဝဟာ လူ့အသိတရားတွေကို တိုက်ရိုက်ပေးပြီး ပိဋကတ်တိုက်ကတော့ အသိတရားတွေကို သွယ်ဝိုက်ပြီးပေးတယ်။ ဘဝကရတဲ့အသိတွေ အတွေ့အကြုံတွေဟာ အကြမ်းထညF်ဖြစ်တယ်၊ အချောမကိုင်ရသေးဘူး။ စာအုပ်ကရတဲ့အသိတွေ အတွေ့အကြုံတွေကတော့ စာရေးသူရဲ့အတတ်ပညာနဲ့ မွမ်းမံဖန်တီးပြီးသားဖြစ်လို့ အချောသပ်ပြီးသားဖြစ်နေပြီ။ အရောင်တင်ပြီးသားဖြစ်နေပြီ။
ဘဝကရတဲ့အသိဟာ သားရေကြမ်းနဲ့တူတယ်။ အမွှေင်း မချွတ်ရသေးဘူး။ မနယ်ရသေးဘူး။ အရောင်မတင်ရသေးဘူး။ စာအုပ်က ရတဲ့အသိကတော့ နယ်ပြီးသား သားရေနဲ့တူတယ်။ ကျွမ်းကျင်တဲ့သားရေနယ်အလုပ််သမားက ကျနော်တို့သုံးဖို့ အချေသပ်ပေးပြီးပြီ။ အရောင်တင်ပေးပြီးပြီ။ ဖိနပ်ချုပ်မလား။ သားရေအိပ်ချုပ်မလား။ ကိုယ်လိုရာသုံးဖို့တဲ့။
လူတွေဟာ ဘဝတခုတည်းနဲ့ မရောင့်ရဲကြဘူး။ ဘဝကိုထင်ဟပ်ပြတဲ့စာအုပ်တွေကို ဖတ်ချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာအအုပ်ထဲကဘဝဟာ အပြင်မှာထက် ပိုပြီးစုစည်း။၊ ပိုပြီးသိပ်သည်း၊ ပိုပြီးလှပ၊ ပိုပြီး ခမ်းနားလို့ပဲ။
လူဟာ သူ့တဘဝ၊ သူတကမ္ဘာ၊ သူမျိုးဆက်တဆက်အတွင်းကအတွေ့အကြုံများကိုသာ ထိတွေ့လို့ရမယ်။ စာအုပ်တွေထဲမှာတော့ တခြားဘဝ၊ တခြားကမ္ဘာ၊ တခါးမျိုးဆက်တဆက်ကအတွေ့အကြုံတွေကိုပါ ရနိုင်တယ်။
Aစာအုပ်တွေဟာ အတိတ်ခေတ်နဲ့ ကျနော်တို့ရဲ့မျက်မှောက်ခေတ်၊ ကျနော်တို့ခေတ်နဲ့ အနာဂတ်ခေတ်တို့ကို ပေါင်းစည်းပေးတဲ့တံတားတွေ ဖြစ်တယ်။ ဒီတံတားတွေမရှိရင် ကျနော်တို့ဟာ အတိတ်ခေတ်ရဲ့အကြောင်းကို ဘယ်မှာသိနိုင်မလဲ။ ရာမယနမဟာကဗျာကြီးရယ်လို့မရှိ မဇ္ဈိမတိုင်း ကျေးကျွန်လူ့အဖွဲ့အစည်းအကြောင်းကို ဘယ်မှာသိနိုင်ပါ့မလဲ။ ဟာမူရာဘီရဲ့ကျောက်ပြားတွေမရှိခဲ့ရင် ရှေးဟောင်းအီဂျစ်ဓမ္မသတ် တွေကို ဘယ်မှာသိနိုင်ပါ့မလဲ။ သမ္မာကျမ်းစာရယ်လို့မရှိရင် ရှေးဟောင်းဣသရေလလူမျိုးတွေရဲ့ လူနေမှုစနစ်ကို ဘယ့်နှယ်လုပ်သိနိုင်ပါ့မလဲ။ နာဂဇုန္ဒရဲ့ကျမ်းတွေမရှိခဲ့ရင် တန်တရဝါဒအကြောင်းကို ဘယ်မှာသိနိုင်ပါ့မလဲ။ ရှင်ဗုဒ္ဓဃောသရဲ့ကျမ်းတွေမရှိခဲ့ရင် တောင်ပိုင်း ဗုဒ္ဓဘာသာရဲ့အကြောင်းကို ဘယ်မှာသိနိုင်ပါ့မလဲ။ ဒီမိုကရစ်တပ်စ်ရဲ့ကျမ်းတွေမရှိခဲ့ရင် ရှေးဟောင်းခေါမခေတ် အနုမြူဝါဒအကြောင်းကို ဘယ်မှာသိနိုင်ပါ့မလဲ။ မက်ပလန့်ရဲ့ကျမ်းတွေမရှိခဲ့ရင် အနက်ရောင်အပူရှိန်ဖြာထွက်ခြင်းသဘောတရားကို ဘယ့်နှယ်လုပ်သိနိုင်ပါ့မလဲ။ အိုင်းစတိုင်းရဲ့ကျမ်းတွေနဲ့ ဟာဘီးယက်ဘီချာစတိုးရဲ့စာအုပ်တွေမရှိခဲ့ရင် အညမညသဘောတရားနဲ့ ငွေဝယ်ကျွန်စနစ်အကြောင်းကို ဘယ့်နှယ်လုပ်သိနိုင်ပါ့မလဲ။
ဒတွေကို ကျနော်တို့သိရတာက စာအုပ်တွေကျေးဇူးကြောင့်ပဲ။ စာအုပ်ဟာ အယူအဆတရပ်ပြန့်ပွားရေး ဒါမှမဟုတ် အသိပညာဖြန့်ဖြူးရေး အတွက် မတိမ်ကောနိုင်တဲ့ယဉ်တခုဖြစ်တယ်။ ရုပ်ရှင်တွေ၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေက ဖုံးလွှမ်းဖို့ကြိုးစားပေမယ့် မဖုံးလွှမ်းနိုင်ပါဘူး။ သေချာပါတယ်။ 
ချောင်လေးတချောင်ထဲမှာ လူ့လောကယဉ်ကျေးမှုနဲ့ကင်းကွာနေတဲ့လူတယောက်ကို ကမ္ဘာကြီးနဲ့ထိတွေ့အောင် လူတွေနဲ့ထိတွေ့အောင် သက်သက်သာသာ လွယ်လွယ်ကူကူလုပ်ပေးတဲ့နေရာမှာ ယ်ရုပ်မြင်သံကြားစက်၊ ဘယ်ရုပ်ရှင်၊ ဘယ်ရေဒီမှ စာအုပ်ကိုလိုက်လို့ မမီဘူး။
မြသန်းတင့်၏ စာအုပ်ဟူသည်(၁၉၇၂ ခု နိုင်ငံတကာစာအုပ်နှစ် အထိမ်းအမှတ်)

0 comments:

Post a Comment