(စတေးဟုမ်း ဘူးစင်)
အင်ဒီယားနားပြည်နယ်လည်း စတေးဟုမ်းလုပ်ထား၏။ မသွားမဖြစ်ကိစ္စမှတပါး ကျနော်တို့လည်း အိမ်တွင်းအောင်းနေကြ၏။ အလုပ်လည်းမသွားရ အိမ်ပြင်လည်းမထွက်ရမည့်အတူတူဆိုကာ လင်မယားနှစ်ယောက်တိုင်ပင်ပြီး ဘူးစင်ထိုးရန် အကြံပေါ်၏။ ခြံအလုပ်လေးတွေရှိသမျှလည်း လုပ်ကြမည်တွေး၏။ ကြက်သွန်ခင်းလေး စထရော်ဘယ်ရီခင်းလေးတွေလည်း ပေါင်းသင်ကြ၏။ လွန်ခဲ့သည့် ၂ ပတ်က ချထားသည့် ကိုက်လန် မုန်ညင်းနှင့် စပင်န်းနစ်ချ်တွေလည်း အပင်ပေါက်စပြုလာသဖြင့် ကြက်ဝင်မယက်စေရန် ခြံကာပေးရ၏။ အိမ်ဘေးက ပန်းခင်းလည်း ပေါင်းလိုက်ကြ၏။ တခြံလုံးလည်း မြက်ရိပ်ရ၏။ ခြံဝယ်စက အလုပ်ကောင်းသဖြင့် လက်ထဲ ငွေယားလေးနည်းနည်းစုမိတုန်း လူမောင်း၍ရိပ်ရသည့် မြက်ရိပ်စက်ကလေးဝယ်ထားမိလိုက်တာ အတော်ဟန်ကျနေ၏။
ကျနော့်ခြံက တဧကခွဲခန့်ကျယ်သဖြင့် လက်တွန်းစက်ဖြင့်သာ ရိပ်ရမည်ဆိုလျှင် တော်တော်မလွယ်ကြောဆိုက်မည့်ကိန်းရှိ၏။ ဒီကြားထဲ ကျနော်တို့က မနေနိုင် မထိုင်နိုင် သီးပင်စားပင် ပန်းသီးပင် သစ်သော့သီးပင် ချယ်ရီသီးပင် စတာတွေကလည်း အပင် ၃ ဆယ်ကျော်စိုက်ထားသေး၏။ မြက်ရိပ်လျှင် စိုက်ခင်းတွေ စိုက်ပေါင်လေးတွေ ပန်းသီးပင် သစ်သော့သီးပင်တွေကို ရှောင်ရ ကွင်းရ ပတ်ရလှည့်ရသဖြင့် ခရီးသိတ်မတွင်တတ်။ အချိန်အလွန်ကုန်၏။ တခါရိပ်လျှင် အိမ်ရှေ့အိမ်နောက် တနာရီကျော်တော့ စား၏။ ခု ဘူးစင်ပါထပ်ထည့်လိုက်တော့ မြက်ရိပ်က ပို ကသီလင်တနိုင်ဦးမည်ဖြစ်၏။ ဘူးစင်ကလည်း သေးသေးမဟုတ် ဆရာအောင်မော်နှင့် ကိုလူမွန်ပြောသလို မိသားစုလေးယောက်စာအိမ်လောက်ရှိပြီး ရွှေပြည်သာက အိမ်တချို့ထက်တောင့်၏။ စင်ဆောက်ရာတွင် မိတ်ဆွေတယောက်ကလည်း အတော်များများ လာကူပေး၏။
ဘူးစင်ထိုးတာက ဘူးပင်စိုက်ဖို့သက်သက်မျှတော့ မဟုတ်။ ရေရှည်လည်းခံအောင် ခဝဲတို့ ဗုံလုံတို့လို အခြားအပင်များလည်း တင်လို့ရရန်ဆိုကာ သစ်ကောင်းကောင်းနှင့် စင်တောင့်တောင့် ကျယ်ကျယ်ထိုးလိုက်၏။ "မိသားစု ပါတီလေးတွေလုပ်တဲ့အခါ စင်အောက်မှာထိုင်လို့လည်းရတာပေါ့'ဟု ဇနီးက ဘူးစင်ကိုကြည့်ရင်း စိတ်ကူးယဉ်၏။ "နွေရောက်လို့ အသီးသီးချိန်ကျ တို့နှစ်အောက် အဲ့စင်အောက်ထိုင်ရင်း ဝိုင်လေးဘာလေးသောက်ကြရအောင်"ဟုလည်း ပြောသေး၏။
အမေ့အိမ်က ကိုရဲမော်ထူးထိုးထားသည့် ဘူးစင်က ကျနော်တို့လောက်မကြီး မတောင့်သော်လည်း ဘူးသီးသီးချိန် အရွက်ဖားဖားကြီးတွေ အုပ်ဆိုင်းထားသဖြင့် စင်အောက်ကအရိပ်မှာ အလွန်အေး၏။ မြက်တွေကလည်း သန့်၏။ ထိုအချိန်မျိုး အမေ့အိမ်သွားလျှင် ကျနော့်ဇနီးက ဘူးစင်အောက်ကမြက်တွေပေါ် မှောက်လိုက်လှန်လိုက် လူးလိုက်လှိမ့်လိုက်လုပ်တတ်၏။ အမေက "သူမို့လို့ မြက်တွေနဲ့ မယားတယ်"ဟု မှတ်ချက်ပေးတတ်၏။ တခါတလေ ခွေးလေးတွေခေါ်သွားလျှင်လည်း ဆော့လို့မောသည့်အခါ ခွေးလေးတွေက ဘူးစင်အောက်မှာ အငြိမ့်သား နားနားနေနေ နေကြ၏။ ကျနော်က ခွေးကိုချစ်သလောက် အမေက ခွေးမွေးတာမကြိုက်။ သို့သော် အိမ်လာလည်သည့်ဧည့်သည် ခွေးပါလာလို့ အိမ်ထဲခေါ်လာလျှင်တော့ ဘာမှမပြော။ မကြိုက်ကြောင်းလည်း အမူအယာနှင့်ပင် မပြ။ သည်းခံ၏။ ကျနော်ကတော့ အမေ့အိမ်ထဲ တခါမှ ကျနော့်ခွေးလေးတွေကို မသွင်းတတ်။ ကျနော်သွားသည့်အခါတိုင်း "မင်း ခွေးလေးတွေရော နေကောင်းကြရဲ့လား"ဟု တခုတ်တရ အမြဲမေး၏။ ဇနီးက "နင့်အမေက ခွေးမွေးတာသာ မကြိုက်တာနော်၊ ခွေးလေးတွေအကြောင်းတော့ အမြဲမေးတတ်တယ်"ဟုပြောသဖြင့် အမေ ကြောင်ချစ်တတ်ကြောင်း၊ သတ္တဝါလေးတွေကို ကြင်နာတတ်ကြောင်း ပြောပြဖြစ်၏။
မနက်ဖြန်လောက် အမေ့အိမ်သွားလျှင် ဘူးစင်ပုံတွေပြမည်စိတ်ကူးထား၏။ အမေဘာပြောမည်မသိသေးသေည်လည်း "အင်း ကယ်ရင်ကတော့ ဘူးစင်အောက် စိတ်ကြိုက် လူးတော့လှိမ့်တော့မှာပေါ့"လောက်တော့ ပါမည်ထင်၏။ အမေသည် ကျနော့်ဇနီးကို ရှေ့တွင်နံမည်ခေါ်ပြီး ကွယ်ရာတွင် ငါ့ချွေးမကြီးဟုခေါ်၏။ အမေ့အိမ်က ဘူးစင်လည်း ရှင်းပေးခဲ့ရမည်။ ဘောင်လည်း တူးဆွ ကြက်ချေးမြေဩဇာထည့်ပေး မြေပြင်ပေးခဲ့ရမည်။ အမေ့ ခရမ်းချဉ်စိုက်အိုးကြီးတွေလည်း ပြင်ပေးခဲ့ရမည်။ ရှေ့လ ၁၅ လောက်ဆို ဗမာသီးနှံတွေ စစိုက်လို့ရမည်ဟု အမေ့ကိုပြောထားသော်လည်း အမေက ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက မုန်လာနှင့် နံနံပင်တွေကြဲထားနှင့်ပြီ။ "အမေ့ မုန်လာလေးတွေကတော့ မပြောတတ်ဘူး၊ နံနံတွေကတော့ သေကုန်မှာပဲအမေ၊ လာမယ့်အပတ် ပြန်အေးဦးမှာ"ဆိုတော့ "အမေ့မှာ နံနံစေ့တွေ အများကြီးရှိသေးတယ်၊ သေသွားလည်း ဘယ်တတ်နိုင်မလဲ ထပ်စိုက်ရတာပေါ့"ဟုပြောတော့ ကျနော့်ညီမက "ကျနော်ပြောတယ်အကို စောသေးတယ်ဆိုတာ၊ ဘယ်အချိန် ထွက်စိုက်လိုက်မှန်းမသိဘူး၊ ဟိုနေ့ကလည်း အကိုပေးခဲ့တဲ့ ပန်းဥတွေ အပြင်ထွက်စိုက်နေလို့ အမေ အပြင်မှာအေးသေးတယ်၊ မထွက်နဲ့နော်ဆိုပြီး အထဲပြန်ခေါ်ရသေးတယ်"ဟုဆို၏။ ညီမက အမေ့ကို အရိပ်တကြည့်ကြည့်နေတာဖြစ်၏။ အမေက တခါတခါ သူ စိုက်ချင်ပျိုးချင်တာလေးရှိလျှင် ညီမအလစ်တွင် အိမ်အပြင်လှစ်ကနဲထွက်ကာ အပင်စိုက်၏။ တောက်တိုမယ်ရလေးတွေ လုပ်တတ်၏။ ညီမက တခုခုဖြစ်မှာ အလွန်စိုးရိမ်၏။ အထူးသဖြင့် ခုလို စတေးဟုမ်းနေရသည့်အခိုက်ကြီးတွင် အမေ့ကို ဘာဆိုဘာမှ ဘာတခုခုမှ မဖြစ်စေချင်။ ဖြစ်လိုက်လို့ ဆေးရုံဆေးခန်းသွားရလျှင်လည်း လူအပိုလိုက်ဖို့ခက်သလို မတော်ဆေးရုံတွေဘာတွေတက်ရလျှင်လည်း အနားမှာ အချိန်ပြည့် လူနာစောင့်နေလို့မရဆိုသည့် ဆေးရုံစည်းကမ်းတွေကလည်း တင်းကျပ်ထားသည်မဟုတ်လား။
ကျနော်က အမေ့ကို "စိုက်တာပျိုးတာတွေ ဘာမှမလုပ်နဲ့ဦီး အမေ။ စိုက်ချိန်က ကျနော်တို့ လာစိုက်ပေးမယ်။ နွေကျ အမေရေပဲလောင်း၊ ခုတော့ ဘာမှမစိုက်နဲ့။ အိမ်ပြင်လည်း မထွက်နဲ့"ဟုပြောရသေး၏။ အမေ့ကိုသာပြောရသော်လည်း ကိုယ်ချင်းစာစိတ်ဖြင့် ကျနော်လည်း မသက်သာလှ။ ကျနော်ကရော ဘာများထူးသနည်း အိမ်ထဲမှာနေပါဆိုတာကို ခြံထဲဆင်းပြီး ထွေရာလေးပါ တောက်တိုမယ်ရလေးတွေလုပ်ရုံမက ဘူးစင်ပါထိုးလိုက်သေး၏။
ကိုဗစ် ၁၉ ကြောင့် စတေးဟုမ်းနေရတာက ဘယ်အထိနေရမည် ဘယ်သူမှမပြောတတ်။ ကျနော်တို့ တပြည်နယ်လုံးရော ကျနော်တို့ခရိုင်တခုလုံးရော ရောဂါကူးစက်သူတွေ သေသူတွေက တနေ့တခြားတိုးတိုးနေ၏။ အဆုတ်မရှိ အတက်ချည်းသာ။ "ကပ်ကြီးပြီးသွားရင်"ဟုသာ အားတင်းနေရသော်လည်း ကပ်ကြီးကဘယ်တော့ပြီးမယ်မှန်း ဘယ်သူမှတပ်အပ်မပြောနိုင်။ မပြီးသေးသရွေ့ စတေးဟုမ်းကလည်း လှည့်လှည့်လာဦီးမည်ထင်ရ၏။ အိမ်နေရင်း အချိန်လည်းကုန်အောင် အလုပ်လည်းဖြစ်အောင် လူလည်း လှုပ်လှုပ်ရှားရှားလေးဖြစ်အောင် တခုမဟုတ်တခုတော့ လုပ်နေရဦးမည်ထင်၏။
မျိုးမြင့်ချို
၂၄ ရက် ဧပြီ ၂၀၂၀
မျိုးမြင့်ချို
၂၄ ရက် ဧပြီ ၂၀၂၀
0 comments:
Post a Comment