Sunday, November 29, 2020

ထောင်ထဲကပေးစာ (ဇူလိုင် ၄ ရက်အပေါ် ကွန်မြူနစ်ခေါင်းဆောင်တဦးရဲ့သဘောထား)

0 comments

(ဇူလိုင် ၄ ရက်အပေါ် ကွန်မြူနစ်ခေါင်းဆောင်တဦးရဲ့သဘောထား)

----

ပြည်သူ့အာဏာဂျာနယ် ထုတ်ဝေခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်

ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၃) တွင် ဖော်ပြမည့် ဘာသာပြန်ကဗျာ

အယ်ဒီတာ့မှတ်ချက်- အလုပ်သမားသတင်းစာ (အရင်က ဒေလီဝပ်ကား၊ နောင်မှာပြည်သူ့ကမ္ဘာ- People’s Worldလို့ နာမည် ပြောင်းလိုက်တယ်)ရဲ့ အယ်ဒီတာတဦးဖြစ်တဲ့ ကားလ်ဝင်းတား (Carl Winter) ဟာ အမေရိကန်အစိုးရကို ဖြုတ်ချဖို့ကြံစည်တယ်ဆိုပြီး ၁၉၄၉ ခုနှစ်မှာ ကွန်မြူနစ်ဆန့်ကျင်ရေး စမစ်ဥပဒေ (Smith Act) နဲ့ အဖမ်းခံရတဲ့ ပထမဆုံး အစုထဲကတဦးဖြစ်ပါတယ်။ သူ့ကိုအမေရိကန်တရားရုံးက ထောင်ဒဏ် ၅နှစ်ချမှတ်ခဲ့ပါတယ်။ 

 

သူလွတ်ရက်စေ့တဲ့အချိန်မှာ သူ့ကိုပြန်ဖမ်းပြီး ၁၉၆၃ ခုနှစ် ကျမှ လွတ်ပါတယ်။ စမစ်ဥပဒေလို့ခေါ်တဲ့ နိုင်ငံခြားသားများ မှတ်ပုံတင်ဥပဒေဟာ အမေရိကန်အစိုးရကို အကြမ်းဖက်တဲ့နည်းနဲ့ဖြုတ်ချဖို့ကြံစည်သူ၊ တင်ပြသူမှန်သမျှကို ရာဇဝတ်မှုလို့ သတ်မှတ်ထားပါတယ်။ နောက်ပြီးအမေရိကန်နိုင်ငံသားမဟုတ်တဲ့ အရွယ်ရောက်သူမှန်သမျှ အစိုးရဆီမှာမှတ်ပုံတင်ရမယ်လို့ လည်း ပြဋ္ဌာန်းထားပါတယ်။ စစ်အေးစစ်ပွဲဖြစ်တော့ ဒီဥပဒေဟာ အမေရိကန်ကွန်မြူနစ်ပါတီဝင်တွေကို ပစ်မှတ်ထားအရေးယူဖို့အတွက် လက်စွဲတခုဖြစ်လာခဲ့ပါတယ်။ တရားစွဲသူတွေဟာ ကွန်မြူနစ်ကြေညာစာတမ်းထဲက အရင်းရှင်စနစ်ကိုဖြိုချပြီး ဆိုရှယ်လစ်စနစ်နဲ့ အစားထိုးရမယ်ဆိုတဲ့စာသားတွေကိုပဲ ထောက်ပြကြပါတယ်။ တရားခံတွေကို အဲဒီစာသားတွေကိုယုံကြည် သဘောတူသလားလို့မေးပြီး ယုံကြည်သဘောတူတယ်လို့ဖြေလိုက်ရုံနဲ့ အမေရိကန်အစိုးရကို ဖြုတ်ချဖို့ယုံကြည်သဘောတူတယ် လို့အဓိပ္ပာယ်ထွက်သွားတော့ တာပါပဲ။ အဲဒီဥပဒေကို ၁၉၅၇ခုနှစ်ကျမှ တခြားအလားတူဥပဒေတွေနဲ့အတူ အခြေခံဥပဒေနဲ့မကိုက်ညီဘူးဆိုပြီး ပြန်ပြင်ခဲ့ပါတယ်။

 

 

ကားလ်ဝင်းတားရဲ့သမီး မီရှယ်လ်အာ့ထ်(Michele Artt)က ပြည်သူ့ကမ္ဘာကို ၁၉၅၁ခုနှစ်တုန်းက သူ့ ဖခင် ထောင်ထဲကနေရေးပေးခဲ့တဲ့ စာတစောင်ပေးခဲ့ပါတယ်။ အဲဒီစာထဲမှာ ဇူလိုင်၄ရက် (အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့)နဲ့ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခြင်း အဓိပ္ပာယ်တို့နဲ့ပတ်သက်တဲ့ ကဗျာတစ်ပုဒ်ပါ ပါတယ်။ ဒီစာနဲ့ပတ်သက်ပြီး မီရှယ်လ်ကဇူလိုင်၄ရက်နေ့ရောက်တိုင်း လူဝစ္စဘာ့ဂ် အကျဉ်းထောင်ထဲမှာ စမစ်ဥပဒေနဲ့အဖမ်းခံနေရတုန်း ကျွန်မအဖေ ကျွန်မဆီကို ရေးလိုက်တဲ့စာလေးကို သတိရနေတယ်။ ၁၉၄၉ခုနှစ်တုန်းက အခြားကွန်မြူနစ်ပါတီခေါင်းဆောင်များနဲ့အတူ ကျွန်မအဖေဟာ အစိုးရကို အကြမ်းဖက်တဲ့နည်းနဲ့ဖြုတ်ချဖို့ သင်ပြဖော်ထုတ်တယ်လို့ တရားစွဲပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။ လီဘာတီရုပ်တုနဲ့ ဒီရုပ်တုကိုကာကွယ်သူတွေကို ဂုဏ်ပြုရေးသားတဲ့ သူ့ရဲ့မျိုးချစ်ကဗျာဟာ ၁၉၉၁ခုနှစ် သူကွယ်လွန်တဲ့အချိန်အထိ သူကာကွယ်သွားတဲ့ သူ့ယုံကြည်ချက်တွေကို ပြောကြားသလို ဖြစ်နေပါတယ်။

 

အောက်မှာဖော်ပြထားတာက သူ့ရဲ့ကဗျာအပြည့်အစုံပါ။ ဒီလွတ်လပ်ရေးနေ့မှာ ဖိနှိပ်မှုတွေအကြားကနေ စစ်မှန်တဲ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားသူတွေကို ဆက်လက်သတိရသွားကြရအောင်ပါ။

ချစ်သမီးလေးမစ်ကီ (မီရှယ်လ်ကို ချစ်စနိုးခေါ်တဲ့နာမည်ပါ)-

ဘက်ဒ်လိုကျွန်းမှာ(Bedloe’s Island) လေဘာတီရုပ်တုကြီးကို စိုက်ထူဖို့အုတ်မြစ်ချတာဟာ မနေ့ကဆိုရင် ၆၇ နှစ်တိတိပြည့်ပါပြီ။ နယူးယောက် ဟယ်ရလ်ထရီဗြွန်းသတင်းစာထဲမှာ အဲဒီရုပ်တုရဲ့ လှပတဲ့ပုံကို တွေ့လိုက်ရတယ်။ အဲဒီတော့မှပဲ သမီးကို နှုတ်ဆက်တဲ့အနေနဲ့ အဖေ နယူးယောက်ကနေ သမီးရဲ့အမေကတဆင့် လေဘာတီရုပ်တုကလေးပေးလိုက်တုန်းက ပေးချင်တဲ့ သတင်းစကားလေးကို ပြန်ရမိတယ်။ ဒါကြောင့် ဒီကဗျာလေးကိုပဲ သမီးအတွက်ရေးပေးလိုက်ပါတယ်။ ဒီကဗျာထဲမှာ အဖေပြောချင်တာတွေအားလုံး၊ ဒါမှမဟုတ် တစိတ်တပိုင်းပါဝင်ပါတယ်။ ဒါတွေကို အဖေ့ခေါင်းထဲမှာ သိမ်းထားခဲ့ရာကနေ အခုတော့ သွန်ထုတ်လိုက်ပါပြီ။ တခါတလေ ဒါကို စန္ဒရားပေါ်မှာ သီချင်းလေး တပုဒ်ဖန်တီး၊ ကကွက်ကလေးတခုဖော်ဆောင်ပြီး အဖေ့ကိုတီးပြ၊ ကပြပေါ့။

I sent a little statue

That can always look right at you

From a place upon your shelf

And seem to say demurely,

You must know who I am, surely

For I’m Miss Liberty herself.

Now remember, darling daughter,

That the ship that early brought her

Came from France across the sea,

Where they sent her to remind us

By her torch—not to blind us

That all men seek liberty

And the book she holds up high

Dated: Fourth of July

Gave that promise to all men;

But the meaning in the writing–

Grown through many years of fighting–

Needs defending yet again

So, whenever you look upon her

You may feel with pride and honor

That you know her very well,

If you don’t rely on pictures

Or on neatly written structures,

But in freedom’s fighting ranks you dwell.

Carl Winter

Inmate 19439 

သူ့ကိုတင်ထားတဲ့စင်ပေါ်ကနေ

သမီးကိုအမြဲတစေစိုက်ကြည့်နေပြီး

အလေးအနက်ပြောနေသလိုရှိတယ်-

ငါဘယ်သူဆိုတာမင်းသိမှာပါ

ဘာကြောင့်လဲဆိုတော့ ငါက လေဘာတီမိခင် ကိုယ်တိုင်ဖြစ်လို့ပါပဲ။

ချစ်သမီးလေးသတိရဖို့က 

အရင်က သူ့ကို ပင်လယ် ပြင်ဖြတ်သယ်လာတဲ့သင်္ဘော ပြင်သစ်ကသင်္ဘော

အဖေတို့ကို သူတို့က ဒီမီးရှူးတိုင်ပို့ပေးတာဟာ

မျက်စိတွေပြာဝေစေဖို့မဟုတ်

လူတိုင်းလွတ်လပ်ရေးကို လိုချင်ကြတယ်ဆိုတာကို သတိပေးဖို့။ 

နောက်ပြီး သူမကိုင်ထားတဲ့

ဇူလိုင် ၄ရက်ရက်စွဲထိုးထားတဲ့စာအုပ်ဟာလည်း

လူတိုင်းကို အဲဒီကတိပေးခဲ့တယ်။

ဒါပေမဲ့ အဲဒီမှာရေးထားတဲ့အဓိပ္ပာယ်ဟာ

တိုက်ခိုက်မှုနှစ်ပေါင်းများစွာကိုဖြတ်သန်းတော့

သူ့ကိုယ်သူ ပြန်ကာကွယ်ရဖို့လိုလာပြန်တယ်။

သူ့ကို သမီးကြည့်လေတိုင်း

သူ့ကို သမီးနားလည်သဘောပေါက်တဲ့အတွက်

သမီးမှာဂုဏ်ယူစိတ်တွေပေါ်ပေါက်လိမ့်မယ်။

သမီးအနေနဲ့ရုပ်ပုံတွေနဲ့

သပ်ရပ်စွာစာထိုးတားတဲ့အဆောက်အဦတွေကိုသာ

အားထားနေတာမဟုတ်ဘဲ

သမီးပါဝင်နေတဲ့လွတ်လပ်ရေးတိုက်ပွဲဝင်နေသူတွေ

ကိုသာ အားကိုးအားထားပြုတာဆိုရင်ပေါ့လေ။ 

ကားလ်ဝင်းတား

အကျဉ်းသားအမှတ် ၁၉၄၃၉

https://www.peoplesworld.org/.../letter-from-prison.../ ကိုဘာသာပြန်တာပါ။

ထောင်ထဲကပေးစာ

အရင်းရှင်စနစ် အာကာသကို နယ်ချဲ့ခြင်း

0 comments

အရင်းရှင်စနစ် အာကာသကို နယ်ချဲ့ခြင်း

ပြည်သူ့အာဏာဂျာနယ် ထုတ်ဝေခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၃) တွင် ဖော်ပြမည့် ဆောင်းပါး။

နာဆာ (NASA) အာကာသယဉ်မှူးနှစ်ဦးလိုက်ပါတဲ့ ကြိုးပမ်းချက်အမည်ရ အာကာသယဉ်ကို ဖလော်ရီဒါပြည်နယ် ကနေဒီ အာကာသစခန်းကနေ ၂၀၂၀ ခုနှစ် မေလ ၃၀ ရက်နေ့မှာ လွှတ်တင်လိုက်ပါတယ်။ စွန်ရဲ(၉)လို့အမည်ပေးထားတဲ့ လွှတ်ဒုံးနဲ့တွဲပြီး လွှတ်တင်လိုက်တာဖြစ်တယ်။ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အမေရိကန်ပြည်သူတွေအပါအဝင် တကမ္ဘာလုံး ပူပင်သောကရောက် ပရိဒေဝမီးတွေတောက်နေချိန်မှာ အမေရိကန်အုပ်စိုးသူလူတန်းစားနဲ့ အနောက်အုပ်စုမီဒီယာတွေက ဒီတကြိမ် အာကာသယဉ် လွှတ်တင်ပွဲကို ပွဲကြီးပွဲကောင်းလို့ ကြွေးကြော်အောင်ပွဲခံကြတယ်။ မေလကုန်မှာလွှတ်တင်လိုက်တဲ့ အဲ့ဒီအာကာသယဉ်ဟာ ဩဒုတ်၂ ၂ ရက်နေ့မှာ ကမ္ဘာမြေပေါ် ပြန်ဆင်းလာပါတယ်။ တကယ်တော့ ပုဂ္ဂလိကကုမ္ပဏီ SpaceX သူ့ ကုန်ပစ္စည်းကို ဒုတိယအကြိမ် ရှိုးပြတဲ့ပွဲ (Demo-2 Mission)ဖြစ်တယ်။

 

အမေရိကန် အာကာသလွန်းပျံယာဉ် ပျံသန်းမှု (Space shuttle) အစီအစဉ်ကို ၂၀၁၁ ခုနှစ်မှာ အဆုံးသတ်ခဲ့တာကြောင့် ၉ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် အမေရိကန်အာကာသယာဉ်မှူးတွေ လိုက်ပါမောင်းနှင်တဲ့ အမေရိကန်လုပ် အာကာသယာဉ်ကို လွှတ်တင်မှုဖြစ်တယ်။ ပိုထူးခြားတာက ပထမဆုံး အစိုးရ၊ ပုဂ္ဂလိကဖက်စပ်အစီအစဉ်ကနေ ဖန်တီးထုတ်လုပ်တဲ့ယာဉ် ဖြစ်တယ်။ ၂၀၁၁ နောက်ပိုင်းမှာ နိုင်ငံတကာအာကာသစခန်းကို အမေရိကန် အာကာသယာဉ်မှူးတွေ စေလွှတ်တိုင်း ရုရှား အာကာသအေဂျင်စီ ရော့စ်ကော့စ်မော့စ် (ROSCOSMOS) ရဲ့ဆိုးယုဇ် (Soyuz) အာကာသယာဉ်မှာ လိုက်ပါနိုင် ဖို့ထိုင်ခုံတလုံးကို ၈၅ မီလီယံ ဒေါ်လာပေးနေရတာလည်း အဆုံးသတ်ပြီလို့ဆိုနိုင်တယ်။

 

Crew Dragon Endeavour ယာဉ်နဲ့ Falcon 9 လွှတ်ဒုံးကို ဘီလီယံနာသူဌေး အီလွန်မက်စ်ရဲ့ SpaceX က တပ်ဆင်ထုတ်လုပ်တယ်။ အခုဆိုရင် SpaceX က နိုင်ငံတကာအာကာသစခန်း(ISS) ကို အာကာသယာဉ်မှူးတွေပို့ဆောင်ပေးတဲ့ ပထမဆုံး ပုဂ္ဂလိကကုမ္ပဏီ ဖြစ်လာတယ်။ နာဆာရဲ့ Commercial Crew Program (CCP) အရ ပုဂ္ဂလိကကုမ္ပဏီတွေ အာကာသယာဉ် တည်ဆောက်နိုင်ဖို့ SpaceX ကို ၃.၁ ဘီလီယံခန့်၊Boeing ကို ၄.၈ ဘီ လီယံခန့် ငွေကြေး ထောက်ပံ့ထားတယ်။ ပုဂ္ဂလိကကို ကန်ထရိုက်အခွဲပေးတဲ့ အလုပ်ကို နာဆာက ၂၀၁၀ မှာ စလုပ်ခဲ့တာ ဖြစ်တယ်။ နာဆာအနေနဲ့အရင်လို အမာထည်အတွက် ပစ္စည်းဝယ်တာ၊ အာကာသယာဉ်ကို ပိုင်ဆိုင်တာ၊ စီမံခန့်ခွဲတာတွေ မလုပ်တော့ဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေကို အကျိုးတူစီးပွားဖက်(ပါတနာ) လုပ်လိုက်တယ်။

 

CCP မှာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြုပ်နှံရာမှာ အာကာသအိက်စ်(SpaceX) နဲ့သူ့ပြိုင်ဘက် ဘိုးအင်း(Boeing) ကို ရင်းနှီး မြုပ်နှံငွေရဲ့တဝက်စီလောက် ခွဲပေးထားတယ်။ SpaceX က နာဆာနဲ့ ကုန်စည်ပို့ဆောင်ရေးစာချုပ်လည်း ချုပ်ဆိုထားပြီး ၂၀၁၂ ကတည်းက နိုင်ငံတကာ အာကာသစခန်းကို ကုန်ပစ္စည်း ပို့ပေးနေတာပါ။ မကြာသေးခင်က နှစ်တွေမှာ အီလွန်မက်စ်၊ ဂျက်ဖ်ဘေးဇိုးစ်နဲ့ ရစ်ချတ်ဘရန်ဆန်တို့လို ကုဋေကြွယ်သူဌေးတွေကြောင့် အမေရိကန်အာကာသလုပ်ငန်း ပြန်ခေါင်း ထောင်လာတယ်။ အမေဇုန် ကုမ္ပဏီပိုင်ရှင် ဂျက်ဖ်ဘေးဇိုးစ်ရဲ့ Blue Origin နဲ့အင်္ဂလိပ် လုပ်ငန်းရှင်သူဌေး ရစ်ချတ်ဘရန်ဆန်ရဲ့ Virgin Galactic ကုမ္ပဏီတွေက အာကာသခရီးသွားလုပ်ငန်းအတွက် အားကြိုးမာန်တက် လုပ်ကိုင်နေကြတယ်။ ဒီကုမ္ပဏီတွေနဲ့နာဆာ စီးပွားဖက်တွေအဖြစ် လုပ်ကိုင်နေတဲ့ တခြားအစီအစဉ်တွေလည်း ရှိပါသေးတယ်။

 

သမ္မတ အိုဘားမား လက်ထက်ကတည်းက အမျိုးသား အာကာသပေါ်လစီ (၂၀၁၀) နဲ့အတူ အာကာသမှာ စီးပွားရေး အမြတ်ထုတ်ဖို့အရှိန်ရနေပါပြီ။ သမ္မတထရမ့်လက်ထက်မှာ အမေရိကန် အာကာသတပ်ဖွဲ့ကိုထူထောင်ပြီး အာကာသပျံသန်းရေးကို ဦးစားပေး ပေါ်လစီတရပ်အဖြစ် ချမှတ်ထားတယ်။ (အမေရိကန်လေတပ်ရဲ့ အာကာသစစ်တိုင်းကို ၁၉၈၂ ခုနှစ်ကတည်းက တည်ထောင်ပြီး ဖြစ်တယ်။) အာကာသတပ်ဖွဲ့ရဲ့တာဝန်တွေက အာကာသထဲက အမေရိကန်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့၊ အာကာသ ကျူးကျော်မှုတွေကို ဟန့်တားဖို့နဲ့အာကာသစစ်ဆင်ရေးတွေလုပ်ဖို့လို့ ဆိုတယ်။ အမေရိကန်ရဲ့ပထမဆုံး စီးပွားဖြစ် အာကာသယာဉ်ကို မလွှတ်တင်ခင် လေးငါးလအလို ဒီဇင်ဘာလ ၂၀၁၉ ခုနှစ်မှာ ဒီတပ်ဖွဲ့ကို ဖွဲ့စည်းတယ်။ အာကာသယာဉ် မြေပြင်ကို ပြန်ဆင်းပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ စာမျက်နှာ ၄၁ မျက်နှာရှိတဲ့အာကာသစွမ်းအား’ ဆိုတဲ့ စစ်ရေးမူဝါဒကို ထုတ်ပြန်တယ် (၁၀ ရက်၊ သြဂုတ်လ)။ သီးခြား စစ်အင်အားတရပ်ကို သတ်မှတ်လိုက်တယ်လို့ဆိုကြတယ်။

 

ထရမ့်အစိုးရက စစ်အေးခေတ်ကရှိခဲ့တဲ့ အမျိုးသား အာကာသကောင်စီကို ၂၀၁၇ မှာ ပြန်တည်ထောင်တယ်။ နိုင်ငံတကာ အာကာသစခန်းကို သယ်ယူပို့ဆောင်ပေးတဲ့ ထောက်ပို့လုပ်ငန်းကို ပုဂ္ဂလိကပိုင်လုပ်ဖို့အဆိုပြုတယ်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ်က အာကာသလုပ်ငန်းဟာ ၃၃၀ ဘီလီယံဒေါ်လာတန်ဖိုးရှိတဲ့ လုပ်ငန်းဖြစ်နေပြီ။ မကြာခင် ဆယ်စုနှစ်တွေမှာ ဒေါ်လာ ထရီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့လုပ်ငန်းတခု ဖြစ်လာမယ်လို့ဆိုတယ်။ ထရမ့်အစိုးရရဲ့ရည်မှန်းချက်တခုက ’ ကို အာကာသ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေအတွက် ခရီးတထောက်မှာ လောင်စာဖြည့်ပေးတဲ့နေရာ (gas station)အဖြစ် ပြောင်းလဲနိုင်ရေးပဲ လို့ဆိုတယ်။

 

အမေရိကန် အာကာသ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လွတ်လပ်သောလုပ်ငန်း အက်ဥပဒေ (American Space Commerce Free Enterprise Act) က အာကာသကို တကမ္ဘာလုံးက ဘုံပိုင်တာ မဟုတ်ဘူးလို့ကြေညာထားတယ်။ ဒီလိုကြေညာလိုက်တာဟာ နိုင်ငံတကာ သဘာတူစာချုပ်တွေကိုဖောက်ဖျက်တာ ဖြစ်တယ်။ အာကာသထဲက အဖိုးတန် သယံဇာတတွေကို အမြတ်ထုတ်ဖို့ပုဂ္ဂလိကပိုင်လုပ်ဖို့ည်ရွယ်လိုက်တာလည်းဖြစ်တယ်လို့ သုံးသပ်သူတချို့က ဆိုကြပါတယ်။ အမျိုးသား အာကာသကောင်စီရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး စကော့ပေ့စ်က အာကာသဟာ လူသားမျိုးနွယ်ရဲ့ဘုံ အမွေအနှစ်မဟုတ်၊ ပြည်သူပိုင်ပစ္စည်း မဟုတ်ဘူးလို့ဆိုလာတယ်။

 

အမေရိကန်၊ ဆိုဗီယက်ယူနီယံနဲ့တခြားနိုင်ငံတွေ (မြန်မာနိုင်ငံ အပါအဝင်) ကုလသမဂ္ဂကတဆင့် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ၁၉၆၇ ခုနှစ် ကမ္ဘာ့လေထု၏ ပြင်ပအာကာသဆိုင်ရာ သဘော တူစာချုပ်(Outer Space Treaty)’ မှာ အာကာသဟာ လူသားအားလုံး၊ နိုင်ငံအားလုံးရဲ့ဘုံပိုင် (res communis) လို့ဆိုထားတာပါ။ အာကာသထဲက ဘယ်အရာကိုမဆို ပိုင်ဆိုင်ကြောင်း ဘယ်နိုင်ငံကမှ မကြေညာရ၊ အာကာသကို ခြိမ်းခြောက်ပြီးဖြစ်စေ၊ သိမ်းပိုက်ပြီးဖြစ်စေ၊ တခြားတနည်းနည်းနဲ့ဖြစ်စေ အချုပ်အခြာအာဏာ ထူထောင်လို့ရဘူးလို့ကြေညာထားတာ ဖြစ်တယ်။ ဒါပေမဲ့ အမေရိကန်နယ်ချဲ့သမားက ဒီသဘောတူညီချက်ကို ဖောက်ဖျက်ဖို့ ကြိုးစားလာတယ်။ လိုအပ်ရင် အာကာသစစ်ပွဲ ဆင်နွှဲဖို့စစ်ရေးပြင်ဆင်မှုတွေပါ အချိန်ကိုက် လုပ်လာတာပါ။

 

ဂြိုဟ်တုလွှတ်တင်တဲ့ လုပ်ငန်း၊ အာကာသ ခရီးသွားလုပ်ငန်း၊ ဥက္ကာခဲ တူးဖော်ရေးလုပ်ငန်းနဲ့တခြား လုပ်ငန်းတွေကနေ အမြတ်အစွန်းတွေ ထုတ်ယူနိုင်အောင် အာကာသကို စီးပွားရေးလုပ်ငန်းနယ်ပယ်အဖြစ် ပြောင်းလဲပစ်တဲ့ ခေတ်တစ်ခုကို ချင်းနင်း ဝင်ရောက်လာပြီဖြစ်ပါတယ်။ အာကာသ စူးစမ်းလေ့လာရေး နည်းပညာကော်ပိုရေးရှင်း (SpaceX) နဲ့Blue Origin လို ပုဂ္ဂလိက ကော်ပိုရေးရှင်းတွေ စိုးမိုးချုပ်ကိုင်လာနေတဲ့ အာကာသလုပ်ငန်းကို အာကာသသစ်လို့ လေ့လာသုံးသပ်သူတွေက အမည် ပေးထားကြတယ်။ ဒုတိယ အာကာသခေတ်လို့လည်း ဆိုကြတယ်။ ဆိုဗီယက်ယူနီယံက ၁၉၅၇ ခုနှစ် မှာ စပွတ်နစ်ဂြိုဟ်တု (၁)ကို အာကာသထဲလွှတ်တင်ပြီး (ပထမ) အာကာသခေတ်ကို စတင်ခဲ့တာ ဖြစ်တယ်။

 

အာကာသဟောင်းဟာ အစိုးရတွေက အာကာသဆိုင်ရာလုပ်ငန်းတွေကို ချုပ်ကိုင်ထားတဲ့၊ တိုးတက်မှု နှေးကွေးလေးလံတယ်လို့ဆိုတဲ့ စစ်အေးခေတ် အာကာသဆက်ဆံရေးစနစ် ဖြစ်တယ်လို့ဆိုကြတယ်။ အာကာသခေတ်ဟောင်းမှာ အမေရိကန်အစိုးရက ဘိုးအင်းနဲ့ လော့ဟိမာတင်လို လက်တဆုပ်စာ ကော်ပိုရေးရှင်းကြီးတွေကိုပဲ ကန်ထရိုက်ပေးထားတယ်။ အာကာသခေတ်သစ်မှာတော့ အာကာ သဆိုင်ရာ စီးပွားရေးကုမ္ပဏီတွေ တဒါဇင်လောက် ရှိပါတယ်။ အာကာသကို စျေးကွက်စီးပွားရေးနယ်ပယ်အဖြစ် လုပ်ခဲ့တာက ၁၉၆၀ ခုနှစ်များ ကတည်းက ဖြစ်ပါတယ်။ သမ္မတရေဂင်လက်ထက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အာကာသသို့လွှတ်တင်မှု အက်ဥပဒေ (၁၉၈၄) ကို လက်မှတ်ရေးထိုး အတည်ပြုတယ်။ ဒါပေမဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေဟာ အကန့်အသတ်နဲ့ သာ ပါဝင်နိုင်တယ်။

 

အာကာသသစ်ကတော့ အမေရိကန်နဲ့ဆိုဗီယက်ယူနီယံရဲ့စစ်အေးခေတ် အာကာသပြိုင်ပွဲနဲ့မတူတော့ဘူး။ အာကာသကို အတိုင်းအတာ ကြီးကြီးမားမားနဲ့ကုန်သွယ်ရေး၊ စီးပွားရေးနယ်ပယ်အဖြစ် ပြောင်းလဲပစ်တဲ့ခေတ်ကို ရောက်လာပြီ။ အာကာသသစ်က အာကာသမှာ အရင်းရှင်စနစ်ပေါ်ထွန်းမှုကို အချက်ပြလိုက်တာပဲလို့ သုံးသပ်ကြတယ်။ အင်္ဂါဂြိုဟ်ကို ကိုလိုနီအဖြစ်သိမ်းပိုက်မယ့် Starship အာကာသယာဉ်ဟာ ကုမ္ပဏီရဲ့ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ SpaceX ကုမ္ပဏီပိုင်ရှင် အီလွန်မက်စ် က သူ့ဝန်ထမ်းတွေဆီ ပို့တဲ့ အီးမေးတစောင်မှာ ဖော်ပြပါတယ်။ ဒီယာဉ်က အင်္ဂါဂြိုဟ်ကို တခေါက်မှာ လူတရာအထိ ပို့ပေးနိုင်မယ်လို့ဆိုတယ်။ အင်္ဂါဂြိုဟ်ကို ဘယ်လိုလူတွေသွားနိုင်မလဲ စဉ်းစားကြည့်ပါ။ ခြေလျင်လျှောက်နေရသူ၊ စက်ဘီးစီးသူ၊ ကားမောင်းသူ၊ လေယာဉ်စီးနိုင်သူ စသဖြင့် လက်တွေ့ဘဝထဲကအခြေအနေကိုပဲ နှိုင်းယှဉ်စဉ်းစားကြည့်ပါ။ ကိုဗစ် ၁၉ ကပ်ဆိုက်မှု ပြင်းထန်လာတော့ မီလီယံနာ သူဌေးတွေဟာ ရောဂါကင်းစင်တယ်လို့ယူဆရတဲ့နေရာတွေကို သွားပြီး အပန်းဖြေနေကြတယ်လို့ ဆိုတယ်။

 

အာကာသအဟောင်းတုန်းက လူသားမျိုးနွယ်အတွက် အကျိုးဖြစ်ထွန်းဖို့ဦးစားပေးပြီး လုပ်ကြတယ်။ နိုင်ငံတကာ သဘောတူ စာချုပ်တွေရဲ့ကန့်သတ်ချက်တွေလည်း ရှိတယ်။ အာကာသအသစ်မှာတော့ အမေရိကန်က နိုင်ငံတကာစာချုပ်တွေကို ဖောက်ဖျက်တဲ့ စကားတွေ ဗြောင်ပြောလာသလို ပုဂ္ဂလိကကုမ္ပဏီတွေနဲ့လည်း ဗြောင်လက်တွဲပြီး ဓနရှင်လူတန်းစားရဲ့အကျိုးအတွက် အင်တိုက် အားတိုက်လုပ်လာပါတယ်။ သယ်ယူပို့ဆောင်ရေးဒုံးတွေ ထုတ်လုပ်တာ၊ ကမ္ဘာ့ပတ်လမ်းမှာ ဂြိုဟ်တုတွေ နေရာချထားတာ၊ အာကာသကို စူးစမ်းလေ့လာရေး၊ အမြတ်ထုတ်ရေးနဲ့ကိုလိုနီအဖြစ် သိမ်းပိုက်ရေးတွေကို လူသားမျိုးနွယ်အတွက်လုပ်နေတာ မဟုတ်ပါဘူး။ လူသားမျိုးနွယ်ကို ကိုယ်စားပြုသယောင်ယောင် လိမ်ညာဗန်းပြနေတဲ့ အရင်းရှင် စီးပွားရေးသမားတွေက သူတို့လူတန်းစားအကျိုးအတွက် လုပ်နေတာပါ။ မကြာခင် အချိန်တိုအတွင်းမှာ အာကာသလုပ်ငန်းဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံတန်လုပ်ငန်း ဖြစ်လာမယ်၊ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ သူဌေးတွေလည်း ပေါ်ထွက်လာမယ်လို့သုံးသပ်နေ ကြတယ်။

အရင်းရှင်စနစ်က အရင်းစုပုံတိုးပွားမှုကို ဖြစ်စေတယ်၊ အရင်းပိုလျှံမှုကို ဖြစ်စေတယ်။ အဲဒီအခါ ပိုလျှံတဲ့အရင်းကို တခြား နယ်မြေသစ်တွေကို တင်ပို့ဖို့လုပ်ကြပါတယ်။ ဒါကြောင့် အရင်းရှင်စနစ်ရဲ့အမြင့်ဆုံးစနစ်ဟာ နယ်ချဲ့စနစ်ပဲလို့လီနင်က ဆိုခဲ့တယ်။ အရင်းရှင်စနစ် ခိုင်မြဲသက်ဆိုးရှည်အောင် နေရာသစ်ရှာတယ်၊ နယ်မြေချဲ့ထွင်တယ်၊ နယ်မြေသစ်တွေကို သိမ်းပိုက်ပါတယ်။ ၂၁ ရာစုမှာ နယ်ချဲ့လက်သစ်တွေ၊ ဓနရှင်လူတန်းစား လက်သစ်တွေက ကမ္ဘာပေါ်မှာ နယ်ချဲ့စရာ နေရာမကျန်တော့လို့ အာကာသကို နယ်ချဲ့ဖို့ ကြိုးပမ်းလာကြပြီ။ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် နယ်ချဲ့သမားဟာ ပုံစံတူပါတယ်။ အာကာသသစ် အရင်းရှင်နယ်ချဲ့တွေဟာ ၁၉ ရာစုက ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီနဲ့သိပ်မကွာပါဘူးလို့ပညာ ရှင်တချို့က ဆိုကြတယ်။ အရှေ့အိန္ဒိယကုမ္ပဏီက အစိုးရနဲ့ဓနရှင်လူတန်းစား ပေါင်းဖက်ထားတာပါ။

 

တချိန်က သင်္ဘောတွေနဲ့သမုဒ္ဒရာဖြတ် ကမ္ဘာပတ်ပြီး နယ်ချဲ့ခဲ့သူတွေဟာ အခု အာကာသဟင်းလင်းပြင်ထဲမှာ နယ်ချဲ့ဖို့ အားထုတ်နေကြပြီ။ ၂၁ ရာစု ကိုလံဘတ်စ်တွေ ပေါ်လာပြီ။ ၂၁ ရာစု အာကာသကုမ္ပဏီတွေ ပေါ်လာပြီ။ စကြာဝတေးမင်းဖြစ်ဖို့ သူတို့အချင်းချင်းလည်း စစ်ခင်းကြပါလိမ့်မယ်။ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေထဲကလို တကယ်ဖြစ်လာတော့မယ်လို့ဆိုကြတယ်။ ဘယ်ခေတ်မှာဖြစ်ဖြစ် နယ်ချဲ့အရင်းရှင်တွေဟာ သူတို့လူတန်းစားအကျိုးအတွက် နယ်ချဲ့ကြတာပါ။ အာကာသ ခေတ်သစ် နယ်ချဲ့အရင်းရှင်တွေဟာလည်း လူသားမျိုးနွယ်ကို အကျိုးမပြုဘဲ ချမ်းသာတဲ့လုပ်ငန်းရှင်တစုကိုသာ အကျိုးပြုတဲ့၊ ဓနရှင်လူတန်းစား အကျိုးကိုသာဦးတည်တဲ့ နယ်ချဲ့အရင်းရှင်တွေဖြစ်ပါတယ်။ လပေါ်ကို ပထမဆုံးခြေချခဲ့ တဲ့ နေးလ်အမ်းစ်ထရောင်းက လပေါ်ကို လူသားတွေ ခြေချနိုင်တဲ့အဖြစ်ဟာ လူသားမျိုးနွယ်အတွက် ခုန်ပျံကျော်လွှားမှုကြီးတခု’ လို့ဆိုခဲ့တယ်။ မျက်မှောက် အာကာသ အရင်းရှင်စနစ်ရဲ့ အောင်မြင်မှုတွေကတော့ အရင်းရှင်မျိုးနွယ်အတွက် ခုန်ပျံကျော်လွှားမှုကြီးတခု’ ဖြစ်တယ်လို့ပညာရှင်တချို့က ဆိုကြပါတယ်။

ရည်ညွှန်း

One giant leap for capitalistkind: private enterprise in outer space

https://www.nature.com/articles/s41599-019-0218-9

'The big show': US poised to return to human spaceflight with historic launch

https://www.theguardian.com/.../spacex-nasa-human-space...

How NASA and SpaceX plan to launch astronauts in May despite a pandemic

https://www.cnbc.com/.../nasa-spacex-to-launch-astronauts...

'Spacepower': US Space Force releases foundational doctrine

https://www.space.com/space-force-spacepower-doctrine...

Elon Musk’s Top Priority Now Is Going to Mars and the Moon

https://observer.com/.../elon-musk-spacex-top-priority.../

ဂျင်နီ့ဘဝရုပ်ပုံလွှာ သိန်းထွန်းနိုင်

0 comments

ဂျင်နီ့ဘဝရုပ်ပုံလွှာ

သိန်းထွန်းနိုင်

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

------

မာ့က်စ်နဲ့ဂျင်နီလက်ထပ်တော့ မာ့က်စ်အသက်ကအစိတ် ဂျင်းနီက ၂၉ နှစ်။ ဂျင်နီက ပဒေသရာဇ်မိသားစုမှာ မွေးဖွားလာတဲ့သူ။ မာ့က်စ်လို ရက်ဒီကယ်ဂျူးတယောက်ကို လက်ထပ်တယ်ဆိုတာ သူတို့ထုံးတမ်းစဉ်လာကို ဆန့်ကျင်ပြီး လုပ်ရတာပါ။ ဒါကြောင့် နှစ်ဘက်မိဘတွေသဘောတူကြည်ဖြူပေမယ့် တိုးတိုးတိတ်တိတ် စေ့စပ်ကြတယ်။ မာ့က်စ်ရဲ့ဖခင်နဲ့ ဂျင်နီရဲ့ဖခင်တွေက တမြို့တည်းသား မိတ်ဆွေတွေ။ ဂျင်နီ့ဖခင်က ပြင်သစ် လစ်ဘရယ်ဝါဒနဲ့ဆိုရှယ်လစ်ဝါဒကို အင်မတန်သဘောကျတယ်။ သမီးဖြစ်သူ ဂျင်နီကလည်း သူစိတ်ဝင်စားတဲ့ ပြင်သစ်ဆိုရှယ်လစ်ဝါဒနဲ့ ဂျာမန်ရိုမန်းတစ် စာပေအနုပညာလှုပ်ရှားမှုကိုသာ လေ့လာလိုက်စားတယ်။ ငယ်စဉ်ကတည်းက ကျားမတန်းတူရေးအမြင်တွေလည်းရှိတယ်။     

 

သူတို့နှစ်ယောက် လက်ထပ်တဲ့အခါ အဖေတွေ မရှိကြတော့ဘူး။ ဆွေမျိုးသားချင်းတွေ ဖေးမတဲ့အကူအညီ နည်းနည်းပါးပါးကလွဲလို့ ကုယ့်ဒူးကိုယ့်ချွန် ရုန်းကန်ရတယ်။ လက်ထပ်ပြီးနောက် ဇနီးမောင်နှံနှစ်ယောက် ပါရီကိုသွားကြတယ်။ ရက်ဒီကယ်တွေနဲ့ဝိုင်းဖွဲ့မိတယ်။ မာ့က်စ်နဲ့အိန်ဂယ် တသက်တာ ရဲဘော်ရဲဘက်တွေအဖြစ် စပြီးလက်တွဲမိတာ အဲဒီကာလမှာပါ။ ပြင်သစ်အာဏာပိုင်တွေက မာ့က်စ်တို့မိသားစုကို ပါရီကနေ နှင်ထုတ်တယ်။ ဂျင်နီလည်း အိမ်ထောင် ပရိဘောဂတွေ အကုန်ရောင်းချပစ်ရတယ်။ ဒါတောင် အိမ်ငှားခ ကြွေးကျန်တွေ ရှိသေးတယ်။ လင်မယားနှစ်ယောက် မွေးခါစသမီးကလေး ဂျင်နီချန်းနဲ့အတူ ဘရပ်ဆဲလ်ကို သွားကြတယ်။ ဘရပ်ဆဲလ်ရောက်ပြီး သိပ်မကြာဘူး မာ့က်စ်နဲ့အိန်ဂယ်က အင်္ဂလန်ကို သွားပါတယ်။ မန်ချက်စတာက ဆင်းရဲသား အလုပ်သမားတွေနေတဲ့ ရပ်ကွက်ကိုသွားပြီး လေ့လာတာပါ။

 

မာ့က်စ်ရဲ့ဂျာမန်ဝါဒ’ ကျမ်း ထွက်လာရင် ငွေရေးကြေးရေး အခက်အခဲတွေ ပြေလည်နိုင်ကောင်းရဲ့လို့ ဂျင်နီက မျှော်လင့်ထားတယ်။ ဒါပေမဲ့ မာ့က်စ်က စာဆက်မရေးနိုင်ပြန်ဘူး။ ဂျင်နီကို ဖွင့်မပြောဘဲထားတယ်။ မာ့က်စ်နဲ့အိန်ဂယ်တို့ကွန်မြူနစ် စာပေးစာယူကော်မတီ’ ဖွဲ့တော့ ဂျင်နီက ရုံးအလုပ်တွေကို တာဝန်ယူတယ်။ ဖတ်ဖို့ခက်တဲ့ မာ့က်စ်လက်ရေး ကို သူပဲ ပြန်ကူးရေးရတာပါ။ မာ့က်စ်ရဲ့လက်ရေးကို ဂျင်နီ၊ အိန်ဂယ်နဲ့သူ့သမီးတွေသာ နားလည်ပါတယ်။ ဂျင်နီက တရားမျှတရေးအဖွဲ့ချုပ် (ကွန်မြူနစ်အဖွဲ့ချုပ်) ရဲ့ဘရပ်ဆဲလ်ရုံးခွဲမှာ ပထမဆုံး အဖွဲ့ဝင်ဖြစ်သလို မာ့က်စ်နဲ့အိန်ဂယ်တို့ ဂျာမန်အလုပ်သမားသမဂ္ဂ ဖွဲ့တော့လည်း အခမ်းအနားတွေ စီစဉ်ပေးတယ်၊ တက်တက်ကြွကြွ ပါဝင်တယ်။ ကွန်မြူနစ်ကြေညာစာတမ်းကို စိတ်ရှည်လက်ရှည် ပြန်ကူးပေးတာ သူပါပဲ။ ဒါကြောင့် ဂျင်နီမပါဘဲ မာ့က်စ်ရဲ့ကျမ်းတွေ ပေါ်ထွက်မလာနိုင်ဘူးလို့ဆိုကြတယ်။

 

ဘယ်လ်ဂျီယံမှာ ခိုလှုံကြတဲ့အခါ နိုင်ငံရေး မလုပ်ပါဘူးလို့မာ့က်စ်အပါအဝင် ဂျာမန် ပြည်ပြေးတွေက ကတိပြုရတယ်။ ဒါပေမဲ့ ၁၈၄၈ ခုနှစ် ဥရောပ တော်လှန်ရေးတွေဖြစ်တော့ လင်မယားနှစ်ယောက် အဲဒီကတိကိုဖျက်ပြီး ပရပ်ရှားမှာ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲဖို့လက်နက်တွေ စုဆောင်းကြတယ်။ မာ့က်စ်ရဲ့မိခင်က ငွေကြေး အခက်အခဲရှိနေတဲ့ သူ့သားနဲ့မိသားစုအတွက် အမွေကြိုခွဲပေးပါတယ်။ မာ့က်စ်ဆီကို ဖရန့်ငွေ ၆၀၀၀ ပို့ပေးလိုက်တယ်။ ဒါပေမဲ့ မာ့က်စ်က အဲဒီငွေတွေနဲ့လက်နက်တွေ ဝယ်တယ်။ တကယ်တော့ အဲဒီငွေတွေက အကြွေးတွေဆပ်ဖို့နဲ့ နောက်လတွေအတွက် နေစရိတ်၊ စားစရိတ်အဖြစ် ရံထားဖို့ပါ။ သူတို့မှာ တခြားဝင်ငွေ ရပေါက်ရလမ်း မရှိပါဘူး။ မာ့က်စ်က သူ့ပုဂ္ဂလိက ငွေရေးကြေးရေးနဲ့ပတ်သက်ရင် နောင်ရေးဆိုတာကို ထည့်မစဉ်းစားသလောက်ပဲ။

 

အမွေရတာကို သုံးပစ်လို့ဖြစ်လာမယ့် အကျိုးဆက်ကို ဂျင်နီသိပါတယ်။ ကြွေးရှင်တွေနဲ့ရင်ဆိုင်ရမယ်။ လိမ်ညာလှည့်ဖြားလို ဖြစ်မယ်။ ဘဝအာမခံချက်လည်း မရှိဘူး။ တော်လှန်ရေးသမားတွေအတွက် လက်နက်ဝယ်မလား၊ မိသားစုအတွက် စားစရာဝယ်မလားဆိုပြီး မာ့က်စ်ကို သူတဗျစ်တောက်တောက် လုပ်မနေပါ။ ဘယ်လ်ဂျီယံက မာ့က်စ်ကို ပြည်နှင်ဒဏ်ပေးတဲ့ အမိန့်စာကို မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဘယ်တော့မှ ပြန်ခြေမချရ လို့ဆိုတယ်။ မာ့က်စ်တို့မိသားစုနေတဲ့တည်းခိုခန်းကို ပုလိပ်တွေ မနက်တနာရီလောက် အင်အားသုံးပြီး ဝင်ဖမ်း ကြတယ်။ အရင်ဆုံး ဂျင်နီနဲ့လန်းချန်း အိပ်နေတဲ့အခန်းကို ဝင်ရှာတယ်။ နောက် မာ့က်စ်အိပ်တဲ့ အခန်းကိုရောက်တော့ မာ့က်စ်က ခရီးထွက်ဖို့ပြင်ဆင်နေတာ တွေ့ရတယ်။

 

ပုလိပ်က မှတ်ပုံတင် (နိုင်ငံကူးလက်မှတ်) တောင်းတဲ့အခါ မာ့က်စ်က မပြနိုင်ဘူး။ ပြင်သစ်က ပြည်နှင်ဒဏ်ပေးထားတဲ့ စာအဟောင်းနဲ့လောလောဆယ် ဘယ်လ်ဂျီယံက ပြည်နှင်ဒဏ်ပေးတဲ့ စာရွက်ကိုပဲ ပြနိုင်တယ်။ ပရပ်ရှားအစိုးရက ဒုက္ခပေးလွန်းလို့မာ့က်စ်က သူ့နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ထားတယ်။ ဒါကြောင့် နိုင်ငံမဲ့ဖြစ်နေတယ်။ ပုလိပ်တွေက မာ့က်စ်ကို အဝတ်အစားလဲခိုင်းပြီးတော့ ဖမ်းခေါ်သွားကြတယ်။ ဂျင်နီလည်း ညတွင်းချင်း သူတို့မိတ်ဆွေ ရှေ့နေတဦးကို သွားရှာတယ်။ တခြားမိတ်ဆွေတွေဆီကိုလည်း တအိမ်တက်ဆင်း ညဉ့်နက်သန်းခေါင်သွားနှိုးပြီး အကူအညီ တောင်းရှာတယ်။ နောက်တော့ ပုလိပ်တယောက်က ဂျင်နီကို သူ့ခင်ပွန်းနဲ့တွေ့ပေးမယ်ဆိုပြီး ဂါတ်ကိုခေါ်သွားပါတယ်။

 

ဂျင်နီ့ကိုလည်း မှတ်ပုံတင် (နိုင်ငံကူးလက်မှတ်) တောင်းတယ်။ ဂျင်နီနဲ့အဖော်ပါသွားတဲ့ မာ့က်စ်တို့၊ ဂျင်နီတို့ရဲ့မိတ်ဆွေ ဂျီးဂေါ့နဲ့ပုလိပ်တွေ စကားများတော့ ဂျီးဂေါ့ကို ပုလိပ်က အချုပ်ထဲထည့်လိုက်တယ်။ မှတ်ပုံတင်တွေ၊ နိုင်ငံကူး လက်မှတ်တွေ ဂျင်နီ့မှာလည်း မရှိတဲ့အတွက် သူ့ကိုဖမ်းပြီး ပြည့်တန်ဆာမ သုံးယောက်ရှိတဲ့ အချုပ်ခန်းထဲကို ထည့်လိုက်ကြတယ်။ အချုပ်ထဲက ပြည့်တန်ဆာမတယောက်က ဂျင်နီ့ကို နေစရာမျှပေးပါတယ်။ ခဏနေတော့ ခုတင်နှစ်လုံးရှိတဲ့ တခြားအခန်းကို ပြောင်းပေးတယ်။ မနက်လင်းတော့ ပြတင်းပေါက်ကနေ သံတိုင်တွေရဲ့ အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ ညက အချုပ်ခံရတဲ့ ဂျီးဂေါ့ကို တွေ့ပါတယ်။ ဂျီးဂေါ့က သူ့ကို အောက်ဘက် တနေရာကိုကြည့်ဖို့ လက်ဟန်ခြေဟန်နဲ့ပြတယ်။ သူလှမ်းကြည့်လိုက်တော့ မာ့က်စ်ကို စစ်တပ်နဲ့ခြံရံပြီး ခေါ်ထုတ် သွားတာကို မြင်လိုက်ရတယ်။ မာ့က်စ်ကို သတ်ဖို့ခေါ်သွားကြသလားဆိုပြီး တနာရီလောက် ပူပင်သောကတွေ ဖြစ်ရရှာတယ်။

 

နောက်တော့ သူ့ကို တရားရုံးခေါ်သွားပြီး စစ်ဆေးပါတယ်။ သူ့ယောက်ျားနဲ့ပတ်သက်လို့သူနဲ့ပတ်သက်လို့ နှစ်နာရီလောက်ကြာအောင် စစ်ကြောကြတယ်။ သူက ဘာမှ ထုတ်မပြောသလောက်ပဲ။ နောက်ဆုံးတော့ လင်မယားနှစ်ယောက်လုံးကို ပြစ်တင်စွဲဆိုတာတွေ မလုပ်ဘဲ ပြန်လွှတ်လိုက်တယ်။ မာ့က်စ်ကတော့ အရူးတယောက်နဲ့အတူ အချုပ်ထဲမှာ ညကအိပ်လိုက်ရတယ်။ 

 

မတ်လ ၄ ရက်နေ့မှာ မာ့က်စ်တို့မိသားစု ပါရီကို ထွက်ခွာတယ်။ ပြင်သစ်မှာ တော်လှန်ရေးက အောင်ပွဲခံနေချိန် ဖြစ်တယ်။ တခါပြင်သစ်ကနေ ဂျာမန် တော်လှန်ရေးသမားတွေ ပရပ်ရှားကို သွားကြတယ်။ မာ့က်စ်ရဲ့ဂျာမန် အလုပ်သမားသမဂ္ဂကအဖွဲ့ဝင် လေးရာလောက်လည်း ပြည်တွင်း ပြန်ဝင်ကြတယ်။ မာ့က်စ်တို့မိသားစုကတော့ မပါမဖြစ်။

ပရပ်ရှားမှာလည်း အခြေအနေတွေက အရင်လို မဟုတ်ဘူး။ မာ့က်စ်က ကိုလုံးကို ရောက်ရောက်ချင်း ပရပ်ရှား နိုင်ငံသား ပြန်လျှောက်တယ်။ ရိုင်းပြည် သတင်းစာသစ်” ကိုလည်း သူပိုင်ငွေကြေးပါ ထည့်ဝင်ပြီး စီမံခန့်ခွဲနိုင်လာတယ်။ ဘရပ်ဆဲလ်နဲ့ပါရီကလာတဲ့ ကွန်မြူနစ်အဖွဲ့ချုပ်ဝင်တွေနဲ့ သိုင်းကြဝိုင်းကြတယ်။ မာ့က်စ်က စာတည်းချုပ်ပါ။ သတင်းစာတိုက် အနီးနားမှာ မာ့က်စ်တို့မိသားစုနေဖို့အခန်းတခန်း ရှာရတယ်။ ဒါပေမဲ့ အင်အား ရှစ်ထောင်ရှိတဲ့ ပရပ်ရှားစစ်တပ်ကလည်း အနီးနားမှာပဲ။ စစ်တပ်က စစ်ရေးပြင်ဆင်မှု လုပ်နေတာတွေရှိတယ်။ အစိုးရ ပြောတာက ပြည်ပရန်ကိုကာကွယ်ဖို့၊ အိန်ဂယ် နားလည်တာက စစ်တပ်ဟာ ပြည်တွင်း အခြေအနေသစ်ကိုဖန်တီးဖို့ ပြင်ဆင်နေတာသာ ဖြစ်တယ်။ သတင်းစာတိုက်က ရဲဘော်တွေမှာ လှံစွပ်တပ် ရိုင်ဖယ်သေနတ် ရှစ်လက်ရှိတယ်။ ကျည် အတောင့် ၂၅၀ ရှိတယ်။ မာ့က်စ်လည်း သွားလေရာ သေနတ်ဆောင်ထားတယ်။

 

၁၈၄၈ ခုနှစ် တော်လှန်ရေးတွေအရေးနိမ့်တော့ မာ့က်စ်တို့မိသားစု အင်္ဂလန်ကို ပြောင်းကြတယ်။ လန်ဒန်ရောက်တော့ မာ့က်စ်၊ အိန်ဂယ်၊ ဂျင်နီတို့က နိုင်ငံရေးဘောဂဗေဒ သုံးသပ်ချက်စာစောင် ရီဗျူး” ကို ထုတ်ဝေတယ်။ ဒီအတွက် ရန်ပုံငွေ အသည်းအသန်ရှာရတယ်။ ဆင်းရဲချွတ်ခြုံကျနေတဲ့ ဘဝတူ ပြည်ပြေးတွေဆီက အလှူခံတာဆိုတော့ အဆင်မပြေလှဘူး။ မိသားစု ဆင်းရဲတဲ့ဒဏ်၊ မကျန်းမာတဲ့ဒဏ်တွေကို တော်တော် ခံကြရပါတယ်။ ခြောက်လသားလေး ဖောစ်ကိုင်းက တခါအိပ်မှ နှစ်နာရီထက် ပိုမအိပ်ဘူး။ အပြင်းအထန်လည်း တက်တယ်။ ကလေးက အသက် ထွက်ခါနီးမှာ ဂျင်နီ့နို့ကို တအားစို့လိုက်လို့ကလေးပါးစပ်ထဲကို သွေးအစက်စက် ကျရတဲ့အဖြစ်ကို ရောက်ပါတယ်။

ဒီကြားထဲ အိမ်ရှင်က အိမ်လခ နောက်ကျနေလို့တပူပူ တဆူဆူ။ ပေးစရာငွေမရှိတော့ အိမ်ရှင်ကိုယ်စား အကြွေး တောင်းဖို့လာတဲ့သူတွေက အိမ်မှာရှိသမျှ ခွာချွတ်ယူပြီး အကြွေးသိမ်းကြတယ်။ ကလေးပုခက်တောင် မချန်ဘူး။ ကလေးတွေလည်း ကြမ်းပေါ်မှာပဲ ခိုက်ခိုက်တုန်ပြီး နေရအိပ်ရရှာတယ်။ ဂျင်နီက ဟော်လန်မှာနေတဲ့ အမျိုးတွေဆီ သွားပြီး အကူအညီတောင်းကြည့်ပေမယ့် အဆင်မပြေပြန်ဘူး။ မာ့က်စ် လန်ဒန်ကိုသွားတိုင်း ကြွေးရှင်တွေကို သူပဲ ဒိုင်ခံဖြေရှင်းရတယ်။ မိသားစုကိုလည်း သူပဲ ပြုစုစောင့်ရှောက်ရပါတယ်။

 

လန်ဒန်၊ ဆိုဟိုအရပ်မှာရှိတဲ့ သူတို့အခန်းက ၁၈၅၂ ခုနှစ် ဆောင်းဦးမှာ ပြည်ပြေးဌာနချုပ် ဖြစ်လာတယ်။ နွေဦးပေါက်မှာပဲ မာ့က်စ်နဲ့ဂျင်နီတို့ရဲ့ရှစ်နှစ်အရွယ် သားလေးအက်ဒ်ဂါက သူ့အဖေ လက်ပေါ်မှာ အိပ်နေရင်း အသက်ထွက်သွားရှာတယ်။ သူတို့ဇနီးမောင်နှံဆုံးရှုံးရတဲ့ တတိယမြောက် ရင်သွေးဖြစ်တယ်။ အရင်းကျမ်းကို လန်ဒန်မှာ ၁၈၆၇ မှာ ထုတ်ဝေတယ်။ စာအုပ်က အောင်မြင်ရင်တော့ နေရေးစားရေးလည်း မပူရ၊ အကြွေးတွေလည်း ဆပ်နိုင်မယ်၊ လူထုကိုလည်း လှုံ့ဆော်ပြီးသားဖြစ်မယ်လို့ တွက်ထားကြတယ်။ ဆယ့်ငါးနှစ်လောက် ပေးဆပ်မှုမျိုးစုံနဲ့ ဘဝကိုမြုပ်နှံပြီး ရေးထုတ်လိုက်တဲ့ ဒီကျမ်းအတွက် မာ့က်စ်ရဲ့ကျန်းမာရေး အတော်ထိခိုက်သွားပါတယ်။

 

၁၈၇၁ ခုနှစ် နွေရာသီမှာ ပါရီဘုံအဖွဲ့ဝင် ပြည်ပြေးတွေ၊ ဒုက္ခသည်တွေ ရောက်လာတော့ နေရာထိုင်ခင်း စီစဉ်ပေးကြ၊ ရန်ပုံငွေရှာကြ၊ ကလေးတွေ ကျောင်းထားဖို့၊ လူကြီးတွေ အလုပ်အကိုင်ရှာဖို့ကူညီကြနဲ့ မာ့က်စ်နဲ့အိန်ဂယ်တို့ မိသားစုတွေ အလုပ်များကြတယ်။ မာ့က်စ်တို့အိမ်မှာ ပြည်ပြေးတွေ အတော်များများကို လက်ခံထားတယ်။ ဂျန်နီကလည်း လူတန်းစား ခွဲခြားသူမဟုတ်ဘူး။ ပြည်ပြေးတွေ၊ ဒုက္ခသည်တွေကို မြို့စားနယ်စား၊ မင်းညီမင်းသားတွေနဲ့ မခြား ဧည့်ဝတ်ကြေရှာတယ်လို့ပြောကြပါတယ်။

 

မာ့က်စ်တို့မိသားစုဟာ ဆင်းရဲတဲ့ဒဏ်၊ မကျန်းမာတဲ့ ဒဏ်တွေကြောင့် ကလေး လေးယောက်တောင် ဆုံးရှုံးရတာပါ။ ဂျန်နီကိုယ်တိုင်လည်း အသည်းကင်ဆာ ဖြစ်နေတာကို ၁၈၈၁ ခုနှစ်မှာ သိရတယ်။ ဇွန်လရောက်တော့ ကိုယ့်ဘာသာကိုယ် အဝတ်အစား မလဲနိုင်တဲ့အထိ ကျန်းမာရေးက ဆိုးလာတယ်။ ဂျန်နီ မကွယ်လွန်ခင် နှစ်ရက်အလိုမှာ ခုတင်ပေါ်မှာ လှဲနေတဲ့ သူ့ဘေးမှာထိုင်ပြီး မာ့က်စ်က အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်သုံးသပ်ချက်တခု ဖတ်ပြပါတယ်။ အရင်းကျမ်းနဲ့ပတ်သက်လို့ပထမဆုံး အပြုသဘောဆောင်တဲ့ သုံးသပ်ချက်ပါ။ ၁၈၈၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဂျန်နီကွယ်လွန်တဲ့အခါ အသက် ၆၇ နှစ်ရှိပါပြီ။ ဟိုင်းဂိတ်သုသာန်မှာ သဂြိုင်္ဟ်တယ်။ မာ့က်စ်က အတော် မကျန်းမာဖြစ်နေလို့ဇနီးသည်ရဲ့စျာပနကို မတက်ရောက်နိုင်ဘူး။ အိန်ဂယ်ပဲ သူ့ကိုယ်စား သွားခဲ့ရတယ်။

ကိုးကား။

The Life of Jenny Marx by Harrison Fluss and Sam Miller

https://www.jacobinmag.com/.../jenny-karl-marx-mary...

Love and Capital by Mary Gabriel

ပေါင်ထိပ်မျက်ခြင်း

0 comments
(ပေါင်ထိပ်မျက်ခြင်း)
မနေ့ညနေက ရုတ်တရက် ထိုင်ရာမှအထ ပေါင်ထိပ်က ဂျွပ်ကနဲမြည်ကာ မျက်သွား၏။ လူလည်း ဟန်ချက်ပျက်ကာ မှောက်လျှက်လဲကျ၏။ ဂျိုင်းထောက်တခြား လူတခြား၊ ကြမ်းပေါ်အရှိန်နှင့်ထောက်မိသည့် ဒူးနှင့် တံတောင်ဆစ်များလည်း အတော်နာ၏။ လူက တော်တော်နှင့် ပြန်မထနိုင်။ ပေါင်ထိပ်မှ အတော်နာ၏။ အဆစ်များပြုတ်ထွက်သွားသလားဟု ထင်ကာ စိတ်ထဲထူပူသွား၏။ ၉၁၁ ခေါ်ရကောင်းနိုးနိုးပင် တွေးမိသေး၏။ တယ်လီဖုန်းက လက်အနားမရှိ။ ဇနီးကလည်း အိမ်မှာမရှိ။ တယောက်တည်းဆိုတော့ စိတ်ထဲ အားငယ်တာလိုလို ဘာလိုလိုကလည်း ဖြစ်လိုက်သေး၏။ မှောက်လျှက်လဲနေရာမှ အားယူထထိုင်ဖို့လုပ်တော့ ဘယ်ဘက်တင်ပဆုံကပါ အောင့်နေ၏။ အဆစ်ပြုတ်ရင် ဒီ့ထက်မက နာမည်ထင်ကာ စိတ်ထဲ အနည်းငယ် သက်သာမိ၏။ ကြမ်းပြင်ပေါ်ဖင်ချပြီး ​ခြေဆင်းကာထိုင်နေရင်း နည်းနည်းသက်သာလာသလိုရှိသဖြင့် မတ်တပ်ထကြည့်ရန်စိတ်ကူးပေါ်ပြီး ဓျိုင်းထောင်တွေအားပြုကာ ပြန်ကြိုးစား ထ၏။ မရ။ ပေါင်ထိပ်က အလွန်အမင်းနာနေ၏။ ဒါနှင့် အသာပြန်ထိုင်နေလိုက်ပြီး မျက်သွားသည့်ဘက်ကို ဖြည်းဖြည်းချင်း နည်းနည်း နည်းနည်းလှုပ်ကြည့်တော့ ရ၏။ သိတ်မနာလှ။ ကြမ်းပြင်ပေါ်မှ ဖင်ကြွပြီး မျက်သွားဘက်ကို ခြေမျက်စေ့မှနေ၍ ဖြည်းဖြည်းချင်း ၅ မိနစ်လောက် လှည့်ပေးလှုပ်ပေးရင်း သွေးပူလာအောင် လေ့ကျင့်ခန်းသဖွယ်လုပ်ကြည့်တော့ မဆိုး။ နေလို့ကောင်းသလိုလို သက်သာသလိုလိုဖြစ်လာ၏။ ဒါနှင့် ဂျိုင်းထောက်အားကိုးနှင့် ဖြည်းဖြည်းချင်းပြန်ထကြည့်တော့ ထလို့ရလာ၏။ မတ်တပ်ကောင်းကောင်းရပ်နိုင်သော်လည်း ပေါင်ထိပ်နှင့် တင်ပဆုံမှ အတန် နာနေသေး၏။ “ဒါဆို အဆစ်ပြုတ်တာ အဆစ်လွဲတာတော့ မဟုတ်လောက်ဘူး၊ အကြောတွေဘာတွေများ ညပ်လား တင်လားမသိဘူး”ဟုတင်ကာ စိတ်လည်း အတော်အေးသွား၏။ ဆေးသေတ္တာထားသည့်နေရာသွားပြီး ယူတားပြည်နယ်နေ ဦးကျော်ထွန်း ထုပ်လုပ်ရောင်းချသည့် KT လိမ်းဆေးပုလင်းကိုယူ၏။ ဆေးရည်အနည်းငယ်ကို ဂွမ်းဖြင့် ဆွတ်ဆွတ်ယူပြီး ဒူး တံတောင်နှင့် ပေါင်ထိပ်နေရာများသို့ ခတ်စိုစိုလေးဖြစ်သည်အထိ ပွတ်၏။ ပြီးတော့ ဆေးရည် အသားထဲစိမ့်ဝင်သွားအောင် သာသာပွတ်ပေး၏။ ဆေးရည်စိမ့်ဝင်သွားတော့မှ ခံနိုင်ရုံ သာသာဖွဖွ နှိပ်ပေး၏။ ဆေးအရှိန်လေးကလည်း ပူတူတူ နှိပ်ပေးတာလေးက အချက်ကျကျဆိုတော့ တော်တော်လေး နေလို့ကောင်းလာ၏။ အနာအကျင်လည်း သက်သာလာ၏။ တံတောင်နှင့် ဒူးဆစ်ကို ပုဆိုးစုတ်တထည်ဖြဲပြီး ခတ်တင်းတင်းလေးစည်းကာ အိပ်ယာထဲသွားလှဲနေ၏။ နောက်တော့ မှေးကနဲ တချက်ပျော်သွား၏။ နာရီဝက်လောက် ကြာမည်ထင်၏။ ခွေးလေးတွေဟောင်သံကြောင့် လန့်နိုးလာတော့ ဇနီးသည် ပြန်ရောက်လာတာဖြစ်နေ၏။ ဒူးနှင့်တံတောင်က အဝတ်စည်းထားတာတွေမြင်ပြီး “ဘာဖြစ်တာလဲ”ဟုမေး၏။ အသံက စူးစမ်းသံနှင့်အတူ စိုးရိမ်သံလွှမ်းနေ၏။ အကျိုးအကြောင်းပြောပြတော့ အနာအကျင်အကိုက်အခဲပျောက်ဆေးသောက်ရန် ပြောလည်းပြော ယူလည်းယူပေးသဖြင့် သောက်လိုက်၏။ “အိပ်ယာထဲ ခနလှဲနေဦး၊ တော်လေးကြာမှ လမ်း စမ်းလျှောက်ကြည့်ပေါ့”ဟု ဇနီးကဆိုသဖြင့် လက်နားနီးသည့် စာတအုပ်ဆွဲကာ လှဲရင်းဖတ်၏။ စာအုပ်က မြင့်သန်း၏ နယ်ဘက်ကျေးဘက်မှ ဝတ္ထုများ။ ၂ နာရီလောက်ကြာတော့ စာဖတ်ရတာ ပျင်းလာသဖြင့် စာအုပ်ဘေးချပြီး ခြေထောက်ကိုလှုပ်ကြည့် ဆန့်ကြည့် ကွေးကြည့်၏။ ထိုအချိန်တွင် ပေါင်ထိပ်နှင့် တင်ပဆုံတွင် အနာအကျင်မရှိသလောက် ဖြစ်နေပြီး ဒူးဂေါင်းသာ တဒိတ်ဒိတ်နာနေ၏။ အိပ်ယာကနေ အားယူထပြီးမတ်တပ်ရပ်ကြည့်တော့ အဆင်ပြေ၏။ လမ်းနည်းနည်းလျှောက်ကြည့်တော့လည်း ဘာမှမဖြစ် လျှောက်လို့ရ၏။ စိတ်လက်အတော်ပေါ့ပါး ကြည်လင်သွား၏။ သို့ဖြင့် ညအိပ်ယာဝင်ခဲ့၏။ မနက်လင်းတော့ ပေါင်ထိပ်နှင့်တင်ပဆုံမှာ ဘာ အနာအကျင်မှမရှိတော့။ တံတောင်ဆစ်လည်း အကောင်းပကတိ။ ဒူးဆစ်သာ အနာနည်းနည်း စွဲနေသေး၏။ အဆိုးကြီးတော့မဟုတ်တော့။ အဆစ်ပြုတ်တာ အဆစ်လွဲတာ အကြောတင်အကြောညပ်တာတွေ ဘာမှမဟုတ်သဖြင့် တော်သေးသည်ဟု ဆိုရမည်ထင်၏။ ဤမျှအချိန်တိုအတွင်း ချက်ချင်းလိုလိုပြန်သက်သာသွားသည်မှာ ဦးကျော်ထွန်း၏ လိမ်းဆေးတန်ခိုးလည်း ပါသည်ထင်၏။ နောက်ဆို အထိုင်အထ သတိထားဆင်ခြင်ရတော့မည်ဟု နှလုံးပိုက်မိ၏။
မျိုးမြင့်ချို
နိုဝင်ဘာ ၂၉၊ ၂၀၂၀

Saturday, November 28, 2020

အဝေးရောက် ကဗျာဆရာတဦးအတွက် အမှာစာ -မောင်စွမ်းရည်-

0 comments

အဝေးရောက် ကဗျာဆရာတဦးအတွက် အမှာစာ

-မောင်စွမ်းရည်-
မြန်မာပြည်မှာ စစ်အစိုးရက နှစ်ပေါင်း ၆၀ ကျော် ဖိနှိပ်အုပ်ချုပ် မွှေနှောက်ပစ်လိုက်တဲ့အတွက် ပြည်သူပြည်သား မိသားစုများဟာ စုစုစည်းစည်း အေးအေးချမ်းချမ်း မနေနိုင်ကြဘဲ တကွဲတပြားစီ ဖြစ်ခဲ့ကြရတယ်။ မိသားစုတွေရော သူငယ်ချင်းမိတ်ဆွေတွေပါ ‘ဆန်ကောတွင် ဆီးဖြူလှိမ့်သကဲ့သို့’ ဆိုသလို ဖရိုဖရဲ အလိမ့်လိမ့်အလဲလဲ ကွဲကွာလွင့်စင်ခဲ့ကြရပါတယ်။
ကျနော်ဟာ ခုအခါမှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေထိုင်ပါတယ်။ ကျနော့် ညီအရင်းတယောက်နဲ့တကွ ကျနော်နဲ့ညီအကိုမောင်နှမတွေလို ခင်မင်ရင်းနှီးကြသူ လူငယ်မောင်မယ်တချို့ကတော့ တရုတ်ပြည်ဘက်ကို လွင့်စင်ရောက်ရှိသွားကြပါတယ်။ တယောက်က မြန်မာပြည်ရဲ့အနောက်ဖက် အဝေးကြီးကို ရောက်ရှိနေချိန်၊ တယောက်က မြန်မာပြည်ရဲ့အရှေ့ဘက် အဝေးကြီးကို ရောက်ရှိသွားပါတယ်။ ကွဲမယ့်ကွဲတော့ အဲသလောက်ထိ ကွဲကွာသွားခဲ့ကြတာပါကလား။
ဒါပေမယ့် ဒီခေတ်ကြီးမှာ သိပ္ပံပညာ တိုးတက်သစ်ဆန်းလာတာနဲ့အမျှ ဆက်သွယ်ရေးနည်းပညာတွေကလည်း ကင်းဝန်မင်းကြီးတို့၊ ယောမင်းကြီးတို့ကို ‘နှိုး’ပြီး ပြလိုက်ရင် ပြန်ပြီးလဲကျသွားလောက်အောင် တိုးတက်သစ်ဆန်းလာခဲ့ပြီဖြစ်ပါတယ်။ လူချင်း မတွေ့ရပေမယ့် တဦးနဲ့တဦး ခလုတ်တချက်နှိပ်လိုက်တာနဲ့ မြင်နိုင်ကြားနိုင်နေကြပါတယ်။ အမေရိကန်ပြည်နဲ့ တရုတ်ပြည်ဆိုတာ တည်နေရာချင်းကလည်း အနောက်နဲ့အရှေ့ဖြစ်သလို၊ အယူဝါဒချင်းကလည်း လက်ယာနဲ့လက်ဝဲ အကွဲကြီးကွဲပြားခြားနားပေမယ့် ကျနော်တို့ညီအကိုမောင်နှမတွေဟာ အချိန်မရွေး ဆက်သွယ်လို့ရနေကြပါတယ်။ ပြည်တွင်းကို မ၀င်ရပေမယ့် ပြည်ပမှာ တနေရာနဲ့တနေရာ ကူးသန်းဆက်သွယ်မှုတွေဟာ လွတ်လပ်လွယ်ကူပါတယ်။ တင်မိုးနဲ့ မောင်စွမ်းရည်၊ ဆရာစောထွန်းနဲ့ ပန်းချီဝင်းဖေ၊ မာမာအေးနဲ့ စန်းစန်းတင်၊ မေငြိမ်းနဲ့ မိုးချိုသင်း စသဖြင့် အဝေးက စကားပြောချင်ရင်လည်း ရတယ်။ လူချင်း ဆုံချင်ရင်လည်း ရပါတယ်။
တင်မိုးနဲ့ မောင်စွမ်းရည်တို့ကို ဂျပန်ပြည်က စာပေမိတ်ဆွေတွေက ဖိတ်ကြားတော့ ဂျပန်ပြည်ကနေ တရုတ်ပြည်ရှိ ညီတွေကို လှမ်းနှုတ်ဆက်ကြတယ်။ မာကြောင်းသာကြောင်းသတင်းများ ဖလှယ်ကြရုံမက ဘယ်သူတွေ ဘာစာတွေရေးနေကြပြီး၊ ဘယ်သူတွေ ဘာစာတွေဖတ်နေကြတယ်ဆိုတဲ့ သတင်းတွေကိုပါ ဖလှယ်မိကြလို့ တယောက်ရဲ့စာအုပ် တယောက်ဆီကို ပို့ကြတယ်။ အမေရိကန်နဲ့ဂျပန်က စာအုပ်ထုတ်ဝေရေးဝါသနာပါတဲ့ စိုးချိန်တို့၊ ကိုအေးဝင်းတို့၊ ရဲငြိမ်းတို့နဲ့လည်း ဆက်သွယ်မိပြီး စာအုပ်လေးတွေ ထုတ်ဖြစ်ခဲ့ကြပါတယ်။ တယောက်နဲ့တယောက် စာအုပ်အမှာစာတွေလည်း တောင်းလိုက်ကြပါသေးတယ်။ ကျနော့်စာအုပ်မှာ ဖိုးသံချောင်းက အမှာစာရေးပြီး၊ ဖိုးသံချောင်းရဲ့စာအုပ်မှာ ကျနော်က အမှာစာရေးလိုက်ကြပါသေးတယ်။ စစ်အစိုးရက လူတွေကို တကွဲတပြားစီဖြစ်အောင်သာ လုပ်နိုင်ပြီး ကျနော်တို့ရဲ့ မေတ္တာသစ္စာတရားတွေကိုတော့ တခြားစီဖြစ်အောင် မတတ်နိုင်ခဲ့ပါ။ စစ်အစိုးရကို နားရွက်တံတွေးဆွတ်တဲ့စာတွေ၊ ဒူးခေါက်ကွေး ဖနောင့်နဲ့နင်းတဲ့စာတွေကိုလည်း ရေးကြသားကြ၊ ထုတ်ဝေကြ၊ ဖလှယ်ခဲ့ကြပါတယ်။ ကဲ… ဘာတတ်နိုင်သေးလဲ။
ဖိုးသံချောင်းဆိုတာကတော့ မန္တလေးက လူထုဦးလှ လူထုဒေါ်အမာတို့ရဲ့ သားအလတ်တယောက်ဆိုတာ စာပေလောကသားတွေက သိကြပါတယ်။ နိုင်ငံရေးလာကသားတွေကလည်း သိကြပါတယ်။ ကျနော်တို့က လူထုသတင်းစာတိုက်ကို ဥဒဟိုဝင်ထွက်သွားလာနေတာဆိုတော့ လူထုသားသမီးတွေနဲ့ ကျနော်တို့နဲ့လည်း သိကျွမ်းရင်းနှီးကြပါတယ်။ ကျနော်တို့က ဦးလေး၊ ဒေါ်ဒေါ်တို့နဲ့ အောက်ထပ်အလုပ်စားပွဲမှာ စကားမပြတ်ရင် အပေါ်ထပ် ထမင်းစားပွဲထိ လိုက်သွား စကားပြောကြတာပါ။ အားမနာပါးမနာနဲ့ ထမင်းလည်း ၀င်စားလိုက်ကြသေးတာပါ။ ဒီလိုနဲ့ လူထုမိသားစုနဲ့ ကျနော်တို့တတွေဟာ တကယ့်မိသားစုလို ရင်းနှီးကျွမ်းဝင်လာခဲ့ကြပါတယ်။
လူထုသားသမီးတွေကို သူတို့မိဘတွေက မန္တလေး ခရစ်ယာန်သာသနာပြုကျောင်းမှာ စာသင်စေခဲ့ပါတယ်။ ကျောင်းထုံးစံအတိုင်း နာမည်ပေးကြတော့ ဖိုးသံရဲ့ကျောင်းနာမည်က ‘အိုင်ဗင်လှ’တဲ့။ တရားဝင်နာမည်ကတော့ (မှတ်ပုံတင်ထဲမှာ) ‘မောင်ချစ်ခင်’ဖြစ်ပါတယ်။ ကဗျာရေး စာရေးတော့လည်း နာမည် ၃ မျိုးစလုံး အသုံးပြုတဲ့အပြင် ‘ထွန်းနေအောင်’လို့လည်း ရေးလိုက်ပါသေးတယ်။ ‘ယာတောက သာဗျော’အမည်နဲ့ စာတအုပ်လည်း အမေရိကားမှာ ထုတ်ခဲ့ဖူးပါတယ်။ လူရင်းတွေကတော့ အတိုကောက် ‘ဖိုးသံ’တဲ့။ ဖိုးသံ လူဖြစ်လာတာက လူထုမိသားစုထဲကဆိုတော့ မန္တလေးမှာ လူထုမိသားစုဆိုတာ ‘ထောင်မိသားစု’လို့ လူသိများနေတာပါ။ စာပေမိသားစု၊ ထောင်မိသားစုပါ။ ဒီမိသားစုကလည်း ဒီဘွဲ့အမည်နဲ့ ဆီလျော်လှပါပေတယ်။ လူထုနဲ့ပတ်သက်ဆက်စပ်လာရင် လူထုသတင်းစာ အယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်းလို လူရိုသေရှင်ရိုသေနဲ့ ဘာသာရေးစာတွေရေးနေတဲ့ အဘိုးအိုကြီးကိုသာမကဘူး၊ အရွယ်မရောက်သေးတဲ့ ဖိုးသံချောင်းနဲ့ ညီပုလေးတို့ကိုတောင် မရှောင်ဘူး။ မိသားစုကုန်တော့ တိုက်သားတွေထဲက မောင်နေ၀င်းတို့၊ မောင်စိန်ဝင်းတို့လည်း ပါကုန်တာပေါ့။ သူတို့ကုန်တော့ တိုက်အလုပ်သမားတွေထဲကတောင် ဒါဇင်ဝက်လောက် အဆွဲခံရဖူးသတဲ့။ ကျွန်းကိုတောင် ပါသွားသေး။
အိမ်ထောင်ဦးစီးဖြစ်တဲ့ လူထုဦးလှကတော့ ၅ ကြိမ်တောင် အဖမ်းခံရဖူးသတဲ့။ တကယ်တော့ ဦးလေး လူထုဦးလှကို ဖဆပလ အစိုးရက ဖမ်းဆီးထောင်ချခဲ့တာဟာ ဘာပြစ်မှုမှ ပြလို့ရတာမဟုတ်ပါဘူး။ လူချစ်လူခင်များပြီး သြဇာကြီးတော့ ကြောက်လန့်လာရာက မလိုတမာဖြစ်ပြီး ‘ဆွဲစေ့’ထားတယ်ဆိုတဲ့သဘောပါပဲ။ ဖမ်းဆီးဖို့အမိန့်ပေးခဲ့သူ နိုင်ငံတော်အကြီးအကဲများဟာ သူတို့ အစိုးရမဖြစ်ခင်ကတည်းက ဦးလှနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့ အဖမ်းခံရတဲ့အလှည့်ကျတော့မှ ကိုယ်ချင်းစာမိကြပြီး ဦးလေးထံမှောက် လာရောက်ကြကာ ဦးလေးကို ကန်တော့ဝန်ချတောင်းပန် တိုးလျှိုးကြပါသတဲ့။ ဖြစ်ရလေနော်။
ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးဘက်က ပြောရရင်တော့ ကျနော်တို့မိသားစုဟာ ကြီးပွားရေးမဂ္ဂဇင်းကစပြီး လူထုသတင်းစာ၊ လူထုဂျာနယ်ထိအောင် စွဲစွဲမြဲမြဲ ဖတ်လာခဲ့တာပါ။ မိသားစုသာမက တဆွေတမျိုးလုံး ဖတ်ကြတာပါ။ ကျနော်တို့မိသားစုက မြင်းခြံမြို့နယ်မှာ နွားလှည်းလမ်းသာပေါက်တဲ့ ရွာသိမ်ရွာငယ်လေးတရွာကပါ။ အိမ်ခြေ ၁၀၀ တောင် မပြည့်တဲ့ရွာပါ။ ကျနော်က မြို့ပေါ်တက်ပြီး ကျောင်းနေခဲ့ရတယ်။ ၁၀ တန်းအောင်တော့ မန္တလေးတက္ကသိုလ်ကို တက်ရပါတယ်။ စာပေ၀ါသနာပါလို့မို့ မန္တလေးရဲ့ တခုတည်းသော စာအုပ်တိုက် စာပေတိုက်ဖြစ်တဲ့ ‘လူထုကြီးပွားရေးတိုက်’ကို ၀င်ထွက်ရင်းနှီးကျွမ်းဝင်လာခဲ့တာ ဖြစ်ပါတယ်။ ကျနော်သာမက ကျနော့်မိသားစုရော၊ ကျနော့်သူငယ်ချင်း အပေါင်းအသင်းတွေကရော လူထုမိသားစုနဲ့ ဆက်မိခဲ့ကြပါတယ်။ ဇာတ်စုံခင်းရရင်…
ကျနော်က မြင်းခြံကပါ။ ကျနော့်မှာ ညီတယောက်ရှိတယ်။ မောင်ကျော်ဆွေတဲ့။ ကျနော်က လူထုသားကြီး ကိုစိုးဝင်းနဲ့ မန်းတက္ကသိုလ်ကို အတူရောက်လို့ သူငယ်ချင်းကျောင်းနေဘက် ဖြစ်ခဲ့သလို ကျနော့်ညီကလည်း ကိုစိုးဝင်းရဲ့ညီ ဖိုးသံချောင်းနဲ့ သူငယ်ချင်းဖြစ်လာခဲ့တယ်။
အလားတူပဲ ကျနော့်သူငယ်ချင်း အတန်းတူ မြင်းခြံသား ကိုလေးမောင်ဆိုတာကလည်း မန်းတက္ကသိုလ်ကို အတူရောက်လာခဲ့တယ်။ (ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်လေးမောင်) သူ့မှာလည်း ကျော်ဇံလှဆိုတဲ့ ညီတဦးရှိတယ်။ သူ မန်းတက္ကသိုလ်ကို ရောက်လာတော့ သူ့ညီကလည်း ကိုစိုးဝင်းရဲ့ညီ ဖိုးသံချောင်းနဲ့ သူငယ်ချင်းဖြစ်ကြသတဲ့။
အလားတူပဲ ကျနော့်သူငယ်ချင်း မြင်းခြံသား ကိုအောင်သူတဲ့။ သူလည်း မန်းတက္ကသိုလ်ကျောင်းသားပေါ့။ သူ့မှာလည်း ညီတယောက် မောင်အောင်ငြိမ်းဆိုတာ တက္ကသိုလ်ရောက်လာတော့ ဖိုးသံချောင်းရဲ့သူငယ်ချင်း ဖြစ်လာတယ်။
အလားတူပဲ ကျနော့်သူငယ်ချင်း မြင်းခြံသား ကိုသန်းအောင်တဲ့။ သူနဲ့ကျနော်လည်း တက္ကသိုလ်အတူရောက်တယ်။ သူ့မှာလည်း နှမငယ်လေးတယောက်ရှိတယ်။ မမြင့်မြင့်တဲ့။ သူ တက္ကသိုလ်ရောက်လာတော့ ‘တပ်ဦး၊ တကသ’ရဲဘော်မလေး ဖြစ်လာပြီး ဖိုးသံချောင်းနဲ့ အပေါင်းအသင်းရဲဘော်မလေး ဖြစ်လာခဲ့တယ်။ (သူတို့ တောခိုသွားပြီးတော့ မောင်အောင်ငြိမ်းနဲ့ လက်ဆက်ခဲ့ကြတယ်။)
အလားတူပဲဗျ ကျနော်နဲ့ တက္ကသိုလ်အတူရောက်သူတွေထဲမှာ မန္တလေးသားစစ်စစ်တဲ့ (နာရီစင်ကို ဖက်မွေးတယ်ဆိုသူ) ကိုစိန်မြင့်လည်း ပါလာခဲ့တယ်။ သူက သူ့အဖေ သခင်ဗတုတ်နဲ့အတူ လူထုတိုက်ထဲကို ငယ်စဉ်ကတည်းက ၀င်ထွက်နေတာဆိုပဲ။ လူထုကိုစိန်ဝင်းနဲ့ ငယ်သူငယ်ချင်း ဆိုရမှပေါ့။ တက္ကသိုလ်ရောက်လာတော့လည်း ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ တကသရဲ့ ‘တကသ ပြန်ကြားရေးဗျူရို’မှာ သူ ဥက္ကဌ၊ ကျနော်က အတွင်းရေးမှူး။ ကိုစိုးဝင်း ရန်ကုန်တက္ကသိုလ် မပြောင်းမီအတွင်း အတူလုပ်ခဲ့ကြတာပေါ့။ သူက စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူတိုတာ ဖြစ်လာခဲ့ပါတယ်။ သူ့မှာလည်း ညီတယောက် ပါလာတယ်။ ညီဝမ်းကွဲတဲ့။ မောင်ဌေးလှတဲ့။ သူကတော့ ကိုစိုးဝင်းနဲ့လည်း သူငယ်ချင်း။ ဖိုးသံချောင်းတို့၊ မောင်အောင်ငြိမ်းတို့နဲ့ သူငယ်ချင်းအဖြစ်နဲ့ အတူအဖမ်းခံရသေးသတဲ့။ မန္တလေးထောင်ထဲမှာ စစ်ထောက်လှမ်းရေးကလူတွေ ထုထောင်းနှိပ်စက်တာ လက်လွန်ခြေလွန်ဖြစ်ပြီး အစောကြီး ဆုံးသွားခဲ့ရရှာတယ်။
အလားတူပဲ ကျနော်နဲ့တူ တက္ကသိုလ်ရောက်ပြီး တကသ တပ်ဦးတို့မှာ အတူလုပ်ဖက် ရဲဘော်မတယောက်ရှိတယ်။ အမာစန်းတဲ့။ ရွှေမန်းသူပါ။ သူ့ညီမကတော့ ဗကသမှာ ပါဝင်လှုပ်ရှားတယ်။ မအေးစန်းတဲ့။ သူကလည်း ကိုဖိုးသံတို့၊ မမြင့်မြင့်တို့နဲ့ သူငယ်ချင်းဖြစ်ပြီး ထောင်အတူကျဖူးသတဲ့။ မအေးစန်း (သို့မဟုတ်) ‘မစိမ်းပင်’၊ ‘စောမာန်’ဆိုတာ အမာစန်းရဲ့ညီမပါ။
အလားတူပဲ ကျနော်နဲ့ တက္ကသိုလ်အတူရောက်တဲ့ ရွှေမန်းသူ မခင်စုလှိုင်ဆိုတာ ရှိတယ်။ ရဲဘော်မ သူငယ်ချင်း။ ခုထက်ထိ အဆက်အသွယ်ရှိပါတယ်။ ကျနော်တို့နဲ့အတူ တက္ကသိုလ်နံရံကပ်စာစောင်မှာ ‘အရိုင်း (ရွှေမန်းညာမြေ)’အမည်နဲ့ ကလောင်သွေးဖက်ပေါ့။ နောင်အခါ ရန်ကုန်ပြောင်းသွားပြီး ‘ကေသီလှိုင်’ အမည်နဲ့ ကဗျာဆက်ရေးတယ်။ တက္ကသိုလ်မှာ ဆရာမလုပ်တယ်။ သူ့မှာတော့ မောင်ငယ်တယောက် ရှိလေရဲ့။ အုန်းမြင့်လှိုင်တဲ့။ သူကလည်း ဖိုးသံချောင်းတို့နဲ့ အတွဲဖြစ်လာရာက ကိုကိုးကျွန်းထိ အတူပါသွားခဲ့ပြီး ‘ကျွန်းတက္ကသိုလ်’မှာ ‘နိုင်ငံရေးသိပ၌ံပညာ’ ဆက်လက်ဆည်းပူးခဲ့ကြတယ်။ ကျွန်းကပြန်ရောက်တော့ အထုအထောင်းခံခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲ သက်ဆိုးမရှည်ခဲ့ရှာဘူး။
ဒါတွေကို ဘာကြောင့် လက်တံရှည်မိလဲဆိုတော့ ခေတ်သမိုင်းမှာ သမိုင်းလက်ဆင့်ကမ်းပုံလေးတွေဟာ ကိုယ့်မျက်စိအောက်မှာပဲ အကွက်ကျကျ အဆက်လှလှ မြင်လိုက်မိလို့ပါ။ ဖိုးသံချောင်းကို မဏ္ဍိုင်ထားပြီး ကြည့်လိုက်မိတာကြောင့် မြင်တုန်းမြင်ကြိုက် ဘ၀င်ခိုက်ပြီး ရေးလိုက်မိတာဖြစ်ပါတယ်။
ဖိုးသံချောင်းရဲ့အကို ကိုစိုးဝင်းနဲ့ မောင်စွမ်းရည်တို့က အစပြုကာ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားညီညွတ်ရေးတပ်ဦးမှာ အတူပါဝင်ခဲ့ပြီး ကျောင်းသားအခွင့်အရေးတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲတွေ အတူဆင်နွှဲခဲ့ကြတယ်။ ဒီအလုပ်တွေ၊ ဒီတာဝန်တွေကို ညီတွေနဲ့နှမတွေက လက်ဆင့်ကမ်းပြီး တာဝန်ယူသယ်ဆောင်သွားကြပုံဟာ ကျနော်တို့မျက်စိအောက်မှာပဲ ဖြစ်သွားတဲ့ အကွက်ကျကျ သမိုင်းဖြစ်စဉ်လေးမို့ ဆက်စပ်စုစည်းကြည့်လိုက်မိတာပါ။ နောက်ထပ် တဆင့်ကွန့်ပြီး ပြောစမှတ်ပြုစရာကောင်းတာက ဒီညီတွေ နှမတွေ ညီမတွေ အားလုံးဟာလည်း သူတို့ရဲ့ ‘စီနီယာ’ နောင်တော် အမတော်တွေလိုပဲ နိုင်ငံရေးကို စိတ်ဝင်စားကြသလို စာပေကိုလည်း ၀ါသနာပါကြပြီး ကဗျာတွေ စာတွေ ရေးကြ သွေးကြ လုပ်လာကြသူတွေချည်းပါ။ တချို့က စုပေါင်းပြီးတော့သာမက တဦးချင်းအနေနဲ့လည်း ကဗျာပေါင်းချုပ်စာအုပ်လေးတွေ၊ ဆောင်းပါးပေါင်းချုပ် စာအုပ်လေးတွေ စသည်အတိုအထွာလေးတွေ ပုံနှိပ်ထုတ်ဝေဖူးကြသူတွေ ဖြစ်ပါတယ်။
ကျနော်တို့မျိုးဆက် တပ်ဦး တကသ ရဲဘော်တွေ၊ ရဲဘော်မတွေက စာပေနဲ့နိုင်ငံရေးမှာ ၀ါသနာပါကြသလို ဖိုးသံချောင်းတို့မျိုးဆက်ကလည်း စာပေနဲ့နိုင်ငံရေး ၀ါသနာထက်သန်ကြပုံရပါတယ်။ အထူးသဖြင့် မိဘမျိုးရိုးအရ ဗြိတိသျှကိုလိုနီအစိုးရကိး စာပေနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြရာမှာ အစဉ်အလာကြီးခဲ့လေတော့ ဖိုးသံချောင်းကလည်းပဲ စာပေသမား ကျောင်းသားကျောင်းသူ လူငယ်တွေ စုစည်းစီးဝင်ရာ အချက်အချာသဖွယ် ဖြစ်လာပုံရပါတယ်။ ဒါပေမယ့် ကဗျာစာအုပ်လေးတွေ ထုတ်ဝေရာမှာတော့ သူ့အပေါင်းအသင်းတချို့က သူ့ထက် လက်သွက်လက်ဦးခဲ့ကြပုံရပါတယ်။ သူ့လောက် အပြေးအပုန်း အချုပ်အနှောင် မများခဲ့ကြလို့လည်း ဖြစ်မှာပါ။ သူကတော့ ၂၀၁၈ ကျတော့မှ ကဗျာစာအုပ်လေး ထုတ်ဝေဖို့ စီစဉ်ရပါတယ်။ ဟုတိကဲ့ သူက ကဗျာစာအုပ်ထုတ်ရာမှာ နောက်ကျသလိုရှိပေမယ့် ကဗျာတွေရေးနေခဲ့တာကတော့ အစောကြီးပါ။ စောမှာပေါ့ သူက စာပေမိသားစုထဲကပဲလေ။ သူတို့တိုက်ကထွက်တဲ့ ကဗျာဆရာတွေကကို မနည်းဘူး။ အမေလူထုဒေါ်အမာဆိုတာက သီချင်းတွေကိုသာမက ကဗျာတွေကိုလည်း နှုတ်တက်ရွရွ ရွတ်ဆိုနေလေ့ရှိသူပေကလား။ အမေက ဆရာကြီးမှိုင်းရဲ့ကဗျာတွေကို အမြီးပိုင်းရွတ်ရွတ် ခေါင်းပိုင်းရွတ်ရွတ် ရွတ်နေတတ်သူ။ တင်မိုးက သူတို့လူထုဂျာနယ်မှာ ကိုဖိုးသံ စာမတတ်ခင်ကတည်းက ‘ကန်မြဲ နန်းမြင့်နွယ်’အမည်နဲ့ ကဗျာတွေ ရေးလာခဲ့သူ။ တင်မိုးကဗျာစာအုပ် ဆုရတော့လည်း သူတို့တိုက်ပေါ်က ဖိုးသံချောင်းရဲ့အိပ်ခန်းရှေ့မှာပဲ ဂုဏ်ပြုပွဲလုပ်ခဲ့တာ၊ တင်မိုးရဲ့ကဗျာတွေကိုလည်း အမေမာက သူ့သားကို အလွတ်ရွတ်ဆိုပြခဲ့တဲ့အပြင် စာအုပ်နဲ့လည်းကိုင်ပြီး ဖတ်ပြခဲ့ဖူးသတဲ့။
ကြည်အောင်တို့၊ မောင်စွမ်းရည်တို့ ကဗျာစာအုပ်တွေမှာလည်း လူထုက ထုတ်ခဲ့တာ ဆက်တိုက်ပွဲ။ မောင်သင်္ဂါ၊ တင်မိုး၊ ကြည်အောင်၊ နီမောင်၊ ကိုလေး၊ မြရွှေသော် စတဲ့ ကဗျာဆရာတွေကလည်း ၀င်ကြထွက်ကြ ရေးကြဖွဲ့ကြ ထုတ်ဝေကြတာ သူ့ရှေ့မှာပဲ။ စုပေါင်းကဗျာစာအုပ်လေးတအုပ်မှာရော၊ မောင်စွမ်းရည်ရဲ့ ပထမဆုံး စကားပြေစာအုပ်မှာရော ကိုဖိုးသံက ပန်းချီတောင် ၀င်ဆွဲလိုက်သေး။ အထူးခြားဆုံး ဂုဏ်ယူစရာဖြစ်ခဲ့တာကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို့ မြန်မာပြည်ရဲ့ အကြီးမြတ်ဆုံး ကဗျာဆရာကြီးရဲ့ လေးချိုးပေါင်းချုပ် စာအုပ်ကို လူထုကြီးပွားရေးတိုက်က ထုတ်ခဲ့တာပါ။ ဖိုးသံချောင်းဆိုတာ အဖိုးမှိုင်းရဲ့ကဗျာစာအုပ်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး၊ မောင်စွမ်းရည်တို့ရဲ့ ကဗျာစာအုပ်တွေနဲ့ လုံးလားထွေးလား ကြီးပြင်းလာခဲ့ရသူဆိုတော့ ကဗျာတွေနဲ့ ထုံမွှမ်းနေပြီး ကဗျာတွေကို ရေးဖွဲ့စမ်းမကြည့်ဘဲ နေနိုင်ပါ့မလား။ ဘယ်နေနိုင်မလဲ။ ရေးခဲ့ဖွဲ့ခဲ့တာပေါ့။ သူ အစောကြီးရေးခဲ့တဲ့ကဗျာတွေကို ဖတ်ဖူးသူ နှစ်ယောက်ရှိမယ်ဆိုရင် ကျနော်လည်း တယောက်အပါအ၀င်ဖြစ်တယ်လို့ ကြားဝင်ပြီး အသားယူပါရစေ။
ဇာတ်ကြောင်းပြန်ရရင်တော့ ဒီခေတ်သမိုင်းရဲ့ ‘ဗီလိန်’ကုန်းရုပ်ဖြစ်သူ စစ်အစိုးရကြီးက ပါလာရပြန်တယ်။ မြန်မာပြည် စစ်အာဏာရှင်တို့ရဲ့ နိုင်ငံရေးသမိုင်းမှာ အံ့သြစရာကောင်းတာက အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ကျောင်းသားလူငယ်တယောက်ကို ရိုက်နှက်ကန်ကျောက် ချုပ်နှောင်ဖမ်းဆီးရုံမက ထောင်ချလိုက်ပါသေးတယ်။ ထောင်ထဲမှာလည်း စာမေးပွဲမဖြေရ၊ စာမဖတ်ရ၊ ဘာစာမှလည်း မရေးရ။ တိုင်းတပါးလူမျိုးခြား အင်္ဂလိပ်အစိုးရနဲ့ ဒီမိုကရေစီအစိုးရတို့လက်ထက်က ထောင်ထဲမှာ စာဖတ်ခွင့် စာရေးခွင့် စာမေးပွဲဖြေဆိုခွင့် ပေးခဲ့ပါတယ်။ စစ်အစိုးရကတော့ ဒီလိုလူ့အခွင့်အရေးတွေ အားလုံးပိတ်ဆို့ ရုတ်သိမ်းပစ်ခဲ့ပါတယ်။
ဒါတင်မက ဖိုးသံချောင်းလို၊ အုန်းမြင့်လှိုင်လို လူမမယ်ကျောင်းသားလေးတွေကို ကိုကိုးကျွန်း အကျဉ်းစခန်းထိအောင် ပို့ထားခဲ့ပါသေးတယ်။ ဟိုအရင်အစိုးရလက်ထက်များက အမြင့်ဆုံးရာဇ၀တ်မှုများကိုသာ ကျူးလွန်တဲ့ လူသတ်သမား၊ သူခိုးဓားပြများကိုသာ ပို့လွှတ်ခြင်းခံရတဲ့ သမုဒ္ဒရာအလယ်က လူသူမနီး ကျွန်းတကျွန်းပေါ်မှာ ပို့ဆောင်နေထိုင်စေပြီး လူမဆန်အောင် ကျွေးမွေးနေထိုင်စေခဲ့ပါတယ်။ စစ်အစိုးရက သူတို့အားရအောင် နှိပ်စက်ထုထောင်းလို့မှ မသေနိုင်အောင် အသက်ပြင်းလှတဲ့ နိုင်ငံရေးအကျဉ်းသမားတွေအားလုံးကို ကျွန်းပေါ်မှာ ကဖြစ်ကညစ်နဲ့ သေကြပေရော့ဆိုပြီး ပို့လိုက်တာပါ။ အပို့ခံရသူတွေက ရာဇ၀တ်သားတွေ မဟုတ်ပါ။ ယုံကြည်ချက် အခိုင်အမာစွဲကိုင်ထားတဲ့ နိုင်ငံရေးသမားတွေပါ။ ‘သေနိုင်ရိုးလား’ဆိုတဲ့ သံမဏိနိုင်ငံရေးသမားတွေပါ။ အရက်စက်ဆုံး အယုတ်မာဆုံး စစ်အာဏာရှင်တွေကိုယ်တိုင် သြချကျိုးနွံအောင် ယုံကြည်ချက်ပြင်း၊ အသက်ပြင်းတဲ့ တိုက်ရဲသေရဲ အနာခံရဲကြသူ နိုင်ငံရေးသမားတွေ ဖြစ်ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လူနဲ့သူနဲ့ တူအောင်မထား၊ စာဖတ်စာရေးခွင့်မပေး။ ဒါပေမယ့် သူတို့အားလုံးလိုလို စာပေသမားတွေဖြစ်ကြပါတယ်။ သူတို့အားလုံးလိုလို နှလုံးသားထဲမှာ စာစီကုံးခဲ့ကြပါတယ်။ သူတို့အသည်းပြင်မှာ အက္ခရာတင်ခဲ့ကြပါတယ်။ သူတို့ဦးခေါင်းထဲမှာ သိမ်းဆည်းသိုမှီးထားခဲ့ကြပါတယ်။ ကဗျာဆိုတာက အလွန့်အလွန် စိတ်ထိခိုက်လှုပ်ရှားလွန်းမှ ပွင့်ထွက်ပေါက်ဖွားလာတတ်တာမျိုးပါ။ လိမ်လည်ခံစားလို့လည်းမရ၊ လိမ်လည်ဖွဲ့ဆိုလို့လည်းမရပါ။ ပန်းပွင့်တပွင့်လို သစ်ပင်တပင်ရဲ့ ပင်စည်တခုမှာ သွားပြီးကော်နဲ့ကပ်ထားလို့ လှပလန်းဆန်း မွှေးကြိုင်တဲ့ ပန်းလေးတပွင့်အဖြစ် တွေ့မြင်မြတ်နိုးခွင့်ခံရမယ်မဟုတ်ပါ။ ပန်းပွင့်ဆိုတာက သစ်ပင်သစ်ကိုင်းတခုပေါ်က အလိုလိုသဘာဝအလျောက် ဖူးပွင့်လာရတာမဟုတ်လား။ ဒါမှလည်း ၀င်းစိုလှပ မွှေးမြကြိုင်သင်းတဲ့ ပန်းပွင့်တပွင့်အဖြစ် တွေ့မြင်မြတ်နိုးခံရမှာပါ။ ဘုရားတင်ချင်တင်၊ နတ်တင်ချင်ရင်တင်၊ လူတွေပန်ဆင်ချင်ရင်လည်း ပန်ဆင်ကြပေတော့။
ဖိုးသံချောင်းက သူ့ရဲ့ ရင်တွင်းဖြစ်ကဗျာလေးတွေကို အကျဉ်းထောင်ထဲမှာပဲ မွေးထုတ်လာခဲ့ပါပြီ။ ကံကောင်းလို့ လူကြုံကောင်းရတဲ့အခါ သူ့အမေဆီကို လျို့ဝှက်ပို့ဆောင် အပ်နှံထားခဲ့ပါတယ်။ မိခင်တယောက်အဖို့ သားရဲ့ကဗျာလေးတွေဟာ ‘ရွှေ’ပါ၊ ‘ရတနာ’လေးတွေပါ။ ဒါပေမယ့် အကျဉ်းထောင်ထဲက လျို့ဝှက်ပို့ဆောင်ထားရတာဆိုတော့ ပုံခိုင်းရိုင်းရိုင်းပဲပြောရမယ်ဆိုရင် ‘သူခိုးရွှေရ တပြပြ’လုပ်လို့မရပေဘူး။ သားရွှေသွေးကို ၀မ်းကြာတိုက်မှာ သိမ်းဆည်းလွယ်ပိုးထားခဲ့ရသလို ၉ လ ၁၀ လ မက၊ ၉ နှစ် ၁၀ နှစ်မက၊ ၁၉ နှစ် အနှစ် ၂၀ ဆိုသလို တပွေ့ပွေ့တပိုက်ပိုက် သိမ်းဆည်းထားခဲ့ရရှာတာပါ။ စစ်ဗိုလ်စစ်သား အရိုင်းအစိုင်းတွေက တအိမ်လုံးကို ၀ုန်းဒိုင်းကြဲအောင် ၃-၄ နာရီလောက် မြေလှန်မိုးလှန် ၃-၄ ရက် ဆက်တိုက် မွှေနှောက်ရှာဖွေလို့တောင်မှ မတွေ့အောင် ဘယ်လိုဘယ်နေရာမှာ သိုဝှက်သိမ်းဆည်းထားခဲ့တယ်မသိပါ။ တနေ့တော့ မအောင်နိုင် မဆည်းနိုင်ရှာဘဲ သူ့သားတယောက်လို ယုံကြည်ချစ်ခင်ရသူတဦးကို ခေါ်ယူပြသခဲ့ပါတယ်။ “လာဟေ့ မောင်စွမ်းရည်။ ငါလည်း မအောင့်နိုင်လို့ ပြရဦးတော့မယ်”တဲ့။ မောင်စွမ်းရည်ကလည်း အငမ်းမရ ဖတ်ရှာတယ်။ တံတွေးတွေသီးလို့။ တံတွေးတွေနင်လို့။ ကဗျာဖတ်ရလို့ ကဗျာရဲ့ရသကြောင့် ရင်တဒိတ်ဒိတ်ခုန်ရတာကတမျိုး၊ ခိုးကြောင်ခိုးဝှက် ဖတ်ရတာဆိုတော့ လူမိမှာစိုးရတာကတမျိုး။ လူမသိအောင်ဖတ်ရတဲ့ကိစ္စကို လူမသိတာအကောင်းဆုံးပေါ့။ သူပုန်ခေတ်မှာ စစ်ပြေးရင်းက ကျနော့်အမေနဲ့ကျနော်တို့ ဘိုးဘွားအမွေဆိုင် ရွှေငွေရတနာထုပ်ကို လူမမြင်သူမမြင်အောင် မြေမြှုပ်ခဲ့တုန်းက ခံစားမှုမျိုးနဲ့ တူသလိုပါပဲ။
ကျနော် ကဗျာဖတ်နေတာကို ဒေါ်ဒေါ်က တော်တော်လေးကြာအောင် ဘေးနားကနေ စူးစိုက်နားစွင့်နေရင်း ထိုင်ကြည့်နေရှာပါတယ်။ အတန်ကြာတော့ “ဘယ့်နှယ့်လဲ”တဲ့။ “ကဗျာအနေနဲ့ ဘယ့်နှယ့်လဲ”တဲ့။ “ဒေါ်ဒေါ်ရယ် နှလုံးသားက လာတာဆိုတော့ ကောင်းတာပေါ့။ ခံစားမှုကလည်း ပါတယ်။ မူလကလည်း စာပေသမားဖြစ်တယ်ဆိုတော့ စာပေဝေါဟာရကလည်း အတန်အသင့် ကြွယ်ဝပြီးဖြစ်နေတယ်ဆိုတော့ ကဗျာဖြစ်အောင် ရေးနိုင်ဖွဲ့နိုင်တာပေါ့။ ကျနော်တောင် ဒါမျိုးလေးတွေ ရေးခွင့်ဖွဲ့ခွင့် ကြုံချင်လိုက်တာ” လို့ လွှတ်ကနဲ ဆက်ပြောလိုက်မိပါတယ်။ ဒေါ်ဒေါ်က ကျနော့်ကို အလန့်တကြား အော်လိုက်ပြီး လက်နဲ့လှမ်းပုတ်လိုက်ပါသေးတယ်။ “ဟဲ့ ဟဲ့… ဒါမျိုး နိမိတ်မရှိ နမာမရှိ မပြောစမ်းနဲ့။ ထောင်ကျတယ်ဆိုတာ ကောင်းတာမဟုတ်ဘူးဟဲ့” လို့ ပြောလိုက်ရှာပါတယ်။
“တနေ့တော့ ငါ့သားကဗျာလေးတွေကို ငါတို့ စာအုပ်အဖြစ် ထုတ်ကြရမှာပေါ့ကွယ်”တဲ့။ ခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီကော။ ရာစုနှစ် ထက်ဝက်ကျော်ခဲ့ပါရော့လား။ ၁၉ နှစ်သားအရွယ် လူမမယ်က ဖမ်းဆီးခံခဲ့ရ၊ ရိုက်နှက်ထုထောင်းခံခဲ့ရ၊ တကျွန်းကို အပို့ခံခဲ့ရတဲ့ ကဗျာဆရာပေါက်စလေးဟာ ခုအခါဆိုရင် အဘိုးကြီးအိုပေါက်စ ဖြစ်နေပါရော့လား။
ဘာပဲဖြစ်ဖြစ် ရက်စက်ယုတ်မာလွန်းလှတဲ့ စစ်အစိုးရရဲ့ လက်ကြိုလက်ကြားက မသေကောင်းမပျောက်ကောင်း လွတ်ထွက်လာခဲ့တဲ့ ကျောင်းသားအကျဉ်းသားလေးရဲ့ ကဗျာလေးတွေဟာ ခုအခါမှာတော့ စာဖတ်ပြည်သူတွေရဲ့မျက်မှောက်ကို ချပြခွင့် ရလာတော့မှာပါကလား။ ဒီမိုကရေစီ မစီ့တစီလေးရဲ့ ကျေးဇူးတော်ကိုက ကြီးလှပါဘိတောင်း။ နိုင်ငံရေးအကျဉ်းသားတွေအဖြစ်နဲ့ သမုဒ္ဒရာအလယ်က လူသူမနီးတဲ့ ကျွန်းကလေးတကျွန်းပေါ်မှာ ကမ္ဘာဦးလူသားတွေပမာ နေထိုင်ရုန်းကန်ကြရပုံတွေကို မကြုံစဖူး ထူးကဲစွာ ဖတ်ကြရတော့မှာပါ။ အမျိုးသားစာပေအကဲဖြတ်အဖွဲ့ဝင်တွေလည်း ခြေတုန်လက်တုန် ရင်တုန်ပန်းတုန်နဲ့ ဖတ်ကြရတော့မယ်။ ၀တ်ကျေတမ်းကျေပဲဖြစ်ဖြစ်ပေါ့။
ကိုကိုးကျွန်း သူရဲကောင်းတဦးဖြစ်သူ ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင် ကွယ်လွန်တော့ စာရေးဆရာတွေနဲ့ သူရဲ့စာဖတ်ပရိသတ်အပြင် ရဟန်းသံဃာတော်တွေ၊ သီလရှင်တွေအစ သုဘရာဇာတွေအဆုံး အားလုံး လူစုံတက်စုံဆိုသလို ကြံတော်သုဿန်ကို လိုက်လံပို့ဆောင် သဂြ`ီုဟ်ခဲ့ကြပါတယ်။ အသုဘပန်းနဲ့ပတ်သက်ရင် အယူသည်းတတ်တဲ့ မြန်မာအမျိုးသမီးလေးများက အသုဘပန်းခွေက ပန်းပွင့်ကလေးတွေကို တပွင့်စီ အလုအယက် ဆွဲဖြုတ်ခူးယူကြကာ သူတို့ရင်ဘတ်မှာ ထိုးစိုက်ပန်ဆင်ပြီး အိမ်ပြန်ခဲ့ကြပါတယ်။ ဒီအကြောင်းကို သက်ကြီးဝါကြီး စာရေးဆရာကြီး ပါရဂူက တခမ်းတနား မော်ကွန်းတင်ခဲ့ပါတယ်။ ဒီစာကို ဖိုးသံချောင်းကလည်း ဖတ်လိုက်မိပါလိမ့်မယ်။ ဒီအကြောင်းကိုပဲ သူက ကဗျာဖွဲ့ဆိုပြီး နိဂုံးမှာ “သူလို သေချင်လိုက်တာ”တဲ့။ ဂုဏ်ယူအားကျစွာ ဖွဲ့ဆိုခဲ့ပါတယ်။ ကျနော်လည်း ထိတ်လန့်တကြား ဖြစ်သွားလိုက်မိပါတယ်။ သူ့အမေရဲ့ရှေ့မှောက်မှာသာ ခုလိုပြောဆိုမိရင် “ဟဲ့… မပြောကောင်းဘူး”လို့ လူကိုတောင် အလန့်တကြား ပုတ်ခတ်တားမြစ်ရှာပေလိမ့်မယ်။ ကျနော့်ကိုလည်း ဒီလိုတားမြစ်ခဲ့ဖူးတာမဟုတ်လား။
ဖိုးသံချောင်းရဲ့ ကဗျာတွေထဲမှာ အများဆုံးနဲ့ အထိခိုက်ဆုံးလို့ဆိုရမယ့် ကဗျာတွေကတော့ ဆရာဗန်းမော်တင်အောင်ကို ဂုဏ်ပြုဖွဲ့ဆိုသလို ဖွဲ့ဆိုရေးစပ်ထားတဲ့ သံမဏိသူရဲကောင်းဘွဲ့ ကဗျာတွေပဲဖြစ်ပါတယ်။ တပုဒ်က အမည်မသိ အညတရ ရဲဘော်လေးတယောက်အကြောင်းကို ဖွဲ့ဆိုထားတာပါ။ ဒါပေမယ့် မျက်ရှည်နဲ့ ယူကြုံးမရ တမ်းတဖွဲ့ဆိုထားတာဆိုတော့ ကဗျာမှာ စွတ်စိုနေတဲ့ မျက်ရည်စက်များဟာ ဒီကနေ့ ကဗျာဖတ်သူတွေဆီကိုလည်း ဖိတ်စင်စွတ်စိုစေမှာ မလွဲပါဘူး။
ကျနော်တို့တတွေမှာ ရှေးပဒေသရာဇ်ခေတ်က ဘုန်းတော်ဘွဲ့တွေကိုသာ ဖတ်ရှုကြီးပြင်းခဲ့ရတာ မဟုတ်လား။ ကိုလိုနီခေတ်ရောက်တော့မှ တဦးထီးတည်းစာဆို အဘိုးသခင်ကိုယ်တော်မှိုင်းရဲ့ ၀ံသာနုဂုဏ်ပြုကဗျာတွေကို ဖတ်ကြနာကြရတာမဟုတ်လား။ ဟော ဒီဘက်ခေတ်ရောက်တော့မှ ဒီခေတ်ရဲ့ ထူးခြားတဲ့လက္ခဏာတရပ်ဖြစ်တဲ့ ကဗျာတမျိုးကို ဖတ်ကြရပြန်ပါပြီ။ အဖိနှိပ်ခံရရုံမက အနှိပ်စက်ခံ၊ အညှဉ်းဆဲခံ နိုင်ငံရေးအကျဉ်းသား ပြည်သူ့ဘက်တော်သားတွေရဲ့ သူရဲကောင်းဘွဲ့လို့ ဆိုနိုင်တဲ့ ကဗျာသစ်တမျိုးကို ကျနော်တို့ ဖတ်နေကြရပြန်ပါပြီ။
ခေတ်ပေါ်ကဗျာဆိုတာ ဘာလဲ။ အမျိုးမျိုး ဖွင့်ဆိုရေးသားနေကြလေရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ‘ဒီခေတ်မှာ ရေးဖွဲ့လို့ ဒီခေတ်ရောက်မှာ ပေါ်ပေါက်လာတဲ့ ဒီခေတ်ရဲ့ခံစားမှုကဗျာတမျိုး’လို့ ပြောလိုက်ရင်တော့ မှားနိုင်ဖွယ်ရာမရှိပါ။ ကဗျာဆရာ ဖိုးသံချောင်းရဲ့ ကဗျာတွေမှာ လွှမ်းမိုးနေတာတွေက ဒီခေတ်ရဲ့တနေရာမှာ နှိပ်စက်ညှဉ်းပမ်းမှုတွေကို သူမတူအောင် ခံခဲ့ကြရပြီး သူမတူအောင် အန်တုဗလပြုခဲ့ကြတဲ့ သံမဏိသူရဲကောင်းတွေရဲ့ ဂုဏ်ရည်တွေကို ညွှန်းဆိုဂုဏ်ပြု ဖွဲ့စပ်ထားတာတွေ ဖြစ်ပါတယ်။ ဂုဏ်ပြုကဗျာတွေထဲမှာ ထောင်ထဲ၊ တောထဲ၊ ကျွန်းပေါ်က သူရဲကောင်းတွေအပြင် ကဗျာဆရာကြီး မင်းသုဝဏ်လည်း ပါဝင်ပါတယ်။ စာရေးဆရာ၊ ကဗျာဆရာအစစ်ဟူသမျှဟာ မတရားမှုကို ဆန့်ကျင်အန်တုရာမှာ ရှေ့ဆုံးက ပါဝင်မြဲဖြစ်ပါတယ်။ ဒါကြောင့် မင်းမျက်သင့်ခံရတော့လည်း စာရေးဆရာ၊ ကဗျာဆရာတွေ ရှေ့တန်းက ပါလာခဲ့ကြပါတယ်။ ‘ဒို့အရေး’ကို နှုတ်နဲ့ကြွေးကြော်ရာမှာ အများနည်းတူ ပါဝင်ခဲ့ကြတာနဲ့မပြီးသေး မရပ်သေးဘဲ စာနဲ့လည်း ရေးကြ ကြွေးကြော်ကြတာကို အနန္တသူရိယအစ၊ ဦးပုညအလယ်၊ တင်မိုးအဆုံး ဆိုပါတော့။
ဖိုးသံချောင်း ဂုဏ်ပြုဖွဲ့ဆိုရာမှာ လူထုစိန်ဝင်းလည်း မပါမဖြစ် ပါဝင်ပါတယ်။ လူထုစိန်ဝင်းဆိုတာကလည်း စစ်ထောက်တွေ ပတ်လည်ဝိုင်းရံလျက်ရှိတဲ့ လူထုသတင်းစာတိုက်ကနေ ရေပတ်လည်ဝိုင်းရံလျက်ရှိသော ကိုကိုးကျွန်းအထိ အတူနေခဲ့ကြရတာကိုး။ တယောက်က သေနတ်ဆွဲပြီး တိုက်ပွဲဝင်နေချိန်မှာ ကျန်တယောက်က ကလောင်ဆွဲပြီး တိုက်ပွဲဝင်ခဲ့တယ်။ ညာလက်က လေဖြတ်သွားတော့ ဘယ်လက်နဲ့ ဆက်ရေးပြီး တိုက်ွဲဝင်တဲ့လူမျိုး။ ဖိုးသံချောင်း ဂုဏ်ပြုရေးဖွဲ့ထားသူတွေဟာ ကျနော်နဲ့လည်း မစိမ်းပါဘူး။ ကျနော်တို့ ချစ်ခင်လေးစားကြသူတွေပါပဲ။ သခင်ခင်အောင်တဲ့၊ လေထီးဦးအုန်းမောင်တဲ့၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့် စတဲ့ ရဲဘော်ကြီးတွေမဟုတ်လား။ ကျနော် မန္တလေးက ရန်ကုန်ကို ပြောင်းရွှေ့လာချိန်မှာ ဒီဆရာကြီးတွေကို မကြာခဏတွေ့ဆုံပြီး ဂါရ၀ပြုခဲ့ရပါတယ်။ သူတို့လည်း ကျနော့်ကို လူထုမိသားစုဝင်အဖြစ် အသိအမှတ်ပြုထားကြပါတယ်။ ကျနော့်မျက်စိထဲမှာ ဖိုးသံချောင်းကို ငယ်ဓလေ့ဘ၀နဲ့သာ ကျွမ်းဝင်ခဲ့ကြရတာ။ ရဲဘော်ကြီးများအဖို့တော့ သူတို့နဲ့ တိုက်ဖော်တိုက်ဖက် သွေးသောက်ရဲဘော်ကြီးတဦးပေကိုး။ ဖိုးသံချောင်း ဖွဲ့ဆိုထားသူတွေထဲမှာ ရဲဘော်ကြီးတွေသာမက ကိုဌေးလှ၊ ကိုထက်မိုး၊ ကဗျာဆရာမလေး စောမာန် တို့လို လူငယ်လူရွယ်တွေအကြောင်းလည်း ပါဝင်ပါတယ်။ ရှေးအကျဆုံးပုဂ္ဂိုလ်ကတော့ သူ့မိဘတွေခေတ်က ဗိုလ်အောင်ကျော်ပါပဲ။ ဒီလိုဂုဏ်ပြုဖွဲ့ဆိုထားသူတွေထဲမှာ ‘ကျနော်တို့ ဒေါ်ဒေါ်’လည်း ပါဝင်ပါတယ်။ မီးဖိုချောင်ထဲက အညတြဒေါ်ဒေါ်တဦးကို ဂုဏ်ပြုဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။
စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ကို ဒီနေရာမှာ သတိရမိပါတယ်။ ဆရာမကြီးက စာရေးဆရာလူငယ်တွေကို သြ၀ါဒပေးဖူးတယ်။ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်အောင်ဆန်းတို့ နိုင်ငံရေးလုပ်နေကြတုန်းက သူတို့ရဲ့နောက်ကွယ်ကနေပြီး သူတို့ကို ချက်ပြုတ်ကျွေးမွေး၊ သူတို့အ၀တ်တွေကို ဖွတ်လျှော်ပြုစုခဲ့တဲ့ မီးဖိုချောင်နိုင်ငံရေးသလား ဒေါ်ဒေါ်တယောက်ကို စာပေသမားတွေက ဂုဏ်ပြုဖွဲ့ဆိုဖို့ မေ့နေခဲ့ကြတယ်တဲ့။ ဒီလို အညတြသူရဲကောင်းတွေကို ဂုဏ်ပြုဖွဲ့ဆိုရာမှာ မမေ့မကျန်ရစ် မချန်ခဲ့ကြဖို့ သြ၀ါဒပေးတာပါ။ ကျနော်တို့ ကိုဖိုးသံချောင်းကတော့ ထောင့်စေ့ပါပေတယ်လို့ ပြောရပါမယ်။ ဒါပေမယ့် ကိုဖိုးသံက သူ့ဒေါ်ဒေါ်ကို အမည်ဖော်မထားပါဘူး။
အမည်နာမနဲ့ ထုတ်ဖော်ဂုဏ်ပြုဖွဲ့ဆိုထားတဲ့ ကဗျာတွေထဲမှာ ‘အနီရဲ့မှတ်ကျောက် နီအောင်မေသု’ ဆိုတဲ့ ကဗျာကိုလည်း ကျနော် အထူးအမှတ်တရဖြစ်မိပါတယ်။
‘ဒီလိုပုဂ္ဂိုလ်မျိုးကို
သိကျွမ်းခဲ့၊ ရဲဘော်ခေါ်ခွင့်ရခဲ့လို့
ငါ့ဘ၀ဟာ ဒုလ္လဘတပါးလို့
ကြေညာလိုက်မယ်…..’တဲ့။
…………
‘သူ့အကြောင်း
ကျမ်းတစောင် ပေတဖွဲ့
ရေးနိုင်စွမ်းမရှိတဲ့ ငါ့အဖြစ်
အမှန်ပဲ ၀မ်းနည်းမိပါရဲ့…
ဒါပေမယ့် တကယ်လို့များ
တနေ့မှာ
ငါ့အကြောင်း ရေးတဲ့သူရှိရင်
‘နီအောင်မေသုရဲ့
တိုက်ဖော်တိုက်ဖက် ဖြစ်ဖူးတယ်’
ဆိုတဲ့စာကြောင်း ထည့်ဖြစ်အောင် ထည့်ပေးပါလို့
ကြိုတင်တောင်းပန်ချင်ပါတယ်…’ တဲ့။
တိုက်ဆိုင်ချက်ကတော့ ကျနော်က သူ့အကြောင်း ရေးနေတာမဟုတ်လား။ သူ့ကို သူပုန်ကဗျာဆရာတယောက်အနေနဲ့ ကျနော်က ရေးနေတာ ဖြစ်ပါတယ်။ ဒီတော့ ကျနော်က သူပန်ကြားထားတာကို လိုက်လျောရတော့မှာပေါ့။ “ကျောင်းသားသူပုန် ကဗျာဆရာဖိုးသံချောင်းဟာ နီအောင်မေသုရဲ့ တိုက်ဖော်တိုက်ဖက် ဖြစ်ဖူးတယ်”တဲ့ ကိုဖိုးသံ ကျေနပ်ပေတော့။
ကျနော်ကလည်း အားကျမခံ မှာကြားလိုက်ချင်ပါတယ်။ နောင်အခါ ကျနော့်အကြောင်းလေးများ ရေးဖြစ်ကြရင် “မောင်စွမ်းရည်ဟာ ရဲဘော်ဖိုးသံချောင်းရဲ့ ကဗျာစာအုပ်မှာ အမှာစာရေးဖူးပြီး၊ မောင်စွမ်းရည်ရဲ့ စာအုပ်မှာလည်း ရဲဘော်ဖိုးသံချောင်းက အမှာစာရေးဖူးတယ်”လို့။ ဟုတ်ကဲ့။ ကျနော့်ရဲ့ “လူထုနဲ့နိုင်ငံရေး”ဆိုတဲ့ စာအုပ်ငယ်မှာ ရဲဘော်ဖိုးသံချောင်းက အမှာစာ ချီးမြင့်ပေးခဲ့ဖူးပါတယ်။ ကျနော့်ရဲ့ မိဘသဖွယ်ဖြစ်တဲ့ လူထုဦးလှ လူထုဒေါ်အမာတို့ရဲ့ အမှာစာ တသီးတခြား ကျနော့်စာအုပ်တွေမှာ မပါဖူးခဲ့ပါတကားလို့ တအံ့တသြ ပြန်လည်သုံးသပ်မိတာလေးကိုပါ တခါတည်း ရေးလိုက်ပါရစေ။ ငါ့နှယ်နော် ဖြစ်မှဖြစ်ရလေလို့။
ဖိုးသံချောင်းဟာ ငယ်စဉ်ကတည်းက ပြင်သစ်စာ၊ အင်္ဂလိပ်စာတွေကို တတ်ကျွမ်းခွင့် ရခဲ့ပါတယ်။ ခုတော့ တရုတ်စာ၊ ရှမ်းစာ၊ ကချင်စာတွေပါ သင်ယူဆည်းပူးခွင့် ရနေမှာပေါ့။ ဦးလေးလှတို့၊ ကိုသာနိုးတို့လို ထောင်ထဲမှာလည်း စာပေဆည်းပူးခွင့်ရခဲ့ရင် မင်းလတ်ရဲခေါင်တို့လို၊ မောင်သာနိုးတို့လို ဘာသာဗေဒပညာရှင်တဦး ဖြစ်လာမှာပဲလို့ မျှော်လင့်အားထားနိုင်ခဲ့မှာပါ။ မြန်မာပြည် မြန်မာလူမျိုးတွေမှာ ဘာသာစကားပညာရှင်ရယ်လို့ ပေါက်ပေါက်ရောက်ရောက် ဖြစ်လာသူက ရှားပါးနေဆဲပါပဲ။ စမ်မိလို့ ပြောရရင် လူထုဒေါ်အမာက ကျနော့်ကို စာပေဝေဖန်စာတွေ ရေးဖို့အတွက် တာဝန်ပေးထားတဲ့ကာလမှာ မြန်မာစာအုပ်တွေအပြင် အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ဝတ္ထု၊ ကဗျာဆိုင်ရာစာအုပ်တွေကိုလည်း ဖတ်ချင်တာရှိရင် ၀ယ်ပါလို့ ခွင့်ပြုထားပါတယ်။ ဘာစာအုပ်တွေပဲ ၀ယ်လာဝယ်လာ လူထုတိုက်ကပဲ ငွေချေပေးခဲ့ပါတယ်။ ပြင်သစ်လိုရေးထားတဲ့ ပင်ဂွင်းတိုက်ထုတ် ကဗျာစာအုပ်လေးများ တွေ့ခဲ့ရင်လည်း ငါ့သားဖိုးသံချောင်းဖို့ ၀ယ်ခဲ့ပါ တဲ့။ အဲဒီတုန်းက ထောင်ထဲမှာ စာဖတ်ခွင့် ရသေးတယ်နဲ့တူပါတယ်။ ဒါကြောင့် သူ့အနေနဲ့ နိုင်ငံခြားကဗျာတွေကိုလည်း ဖတ်ရှုခံစား ဘာသာပြန်ချင်တာလေးတွေ ရှိခဲ့ပုံရပါတယ်။ ဒီကဗျာပေါင်းချုပ်စာအုပ် ပြင်ဆင်ရာမှာလည်း ရှယ်လီ၊ ဗားတော့ဘရက်၊ ပါဘလိုနီရူးဒါး၊ ဂျိမ်းစ်အိုပင်းဟိုင်းမ်တို့ရဲ့ ကဗျာ ဘာသာပြန်လေးတွေ ပါလာတာ တွေ့ရပါတယ်။ တရုတ်ကဗျာ ဘာသာပြန်ကိုတော့ မတွေ့ရသေးပါ။ နောင်ကြုံရင် ဘာသာပြန် ကဗျာစာအုပ်တအုပ် ထုတ်နိုင်အောင် အားထုတ်ပါဦးလို့ ကျနော်ကပဲ ကိုဖိုးသံချောင်းကို ကြုံတုန်း ပန်ကြားလိုက်ရပါတယ်။ မြန်မာလူငယ်တွေမှာက နိုင်ငံခြားကဗျာအတွေ့အကြုံ အလွန်နည်းနေလျက်ပဲ ရှိပါသေးတယ်။
ဒီနေရာမှာလည်း ကြုံကြိုက်လို့ ပြောလိုက်ပါရစေ။ ဖိုးသံချောင်းတို့ သားအမိဟာ ဟိုချီမင်းအထ္ထုပ၌တ္တိ၊ ဟိုချီမင်းကဗျာတွေကို မြန်မာပြည်မှာ ပထမဦးဆုံး ဖတ်ရှုလေးစား စိတ်ဝင်စားခဲ့သူတွေပါ။ အမေ လူထုဒေါ်အမာက ဟိုချီမင်းအထ္ထုပ၌တ္တိ စာအုပ်တအုပ် ပြုစုခဲ့ဖူးပါတယ်။ တနေ့တော့ ကျနော့်ဆီကို လူထုသတင်းစာပို့သူတဦးကတဆင့် ထင်ပါရဲ့ အမေလူထုဒေါ်အမာက ဟိုချီမင်းရဲ့ ‘ထောင်တွင်းနေ့စဉ်မှတ်တမ်း’ ကဗျာစာအုပ်လေးတအုပ် ပို့လိုက်ပါတယ်။ ဖိုးသံချောင်းက မောင်စွမ်းရည်ကို ဘာသာပြန်ခိုင်းပေးပါဆိုလို့တဲ့။ ဖိုးသံချောင်းရဲ့ တိုက်တွန်းချက်နဲ့ ၁၉၆၅ ခုနှစ်ထဲမှာ ကျနော်ဟာ ဟိုချီမင်းရဲ့ အကျဉ်းထောင်ဒိုင်ယာရီ ကဗျာပေါင်းချုပ်စာအုပ်ကို ‘အကျဉ်းထောင်က ပလွေသံ’ ခေါင်းစဉ်နဲ့ ဘာသာပြန်ခဲ့ရာမှာ တင်မိုးနဲ့ ကိုညိုကြီးတို့က ဆွဲယူပြီး စာအုပ်ထုတ်လိုက်ပါတယ်။ စာအုပ်တိုက်အမည်က ‘ဖန်မီးအိမ် စာအုပ်တိုက်’ တဲ့။ ၁၉၆၆ ခု၊ မတ်လထဲကျမှ ထွက်လာပါတယ်။ ခုအခါ ဒုတ်ယအကြိမ်တောင် ရိုက်ပြီးသွားခဲ့ပါပြီ။ လူထုညီအကိုတတွေ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ဖိုးသံချောင်းတို့ဟာ တကယ်တော့ ကဗျာတောမှာ စဉ်ဆက်မပြတ် လုံးထွေးနေခဲ့တာပါလားလို့ လွမ်းမောမဆုံး ဖြစ်သွားခဲ့ရပါတယ်။ ခုတော့ မောင်စွမ်းရည်ကပဲ ဖိုးသံချောင်းကို တပြန်ပန်ကြားရပြန်ပါပြီ။ ပြင်သစ်ဘာသာကဖြစ်ဖြစ်၊ တရုတ်ဘာသာကဖြစ်ဖြစ်၊ ရှမ်း၊ ၀၊ ကချင် တိုင်းရင်းသားဘာသာတွေကဖြစ်ဖြစ် ကဗျာတွေ ဘာသာပြန်စမ်းပါလို့…။ သူလုပ်နိုင်စွမ်းတဲ့ အလုပ်ပဲမဟုတ်လား။
‘ဟိုချီမင်းရဲ့ အကျဉ်းထောင်ဒိုင်ယာရီ’ ကဗျာစုဟာ ဖိုးသံချောင်းအတွက် နိမိတ်ပြလေရော့သလားလို့ မြန်မာဆန်ဆန်တွေးပြီး မှတ်ချက်ပေးလိုက်ချင်ပါတယ်။ ခု သူကြိုက်ပြီး သူဘာသာပြန်ခိုင်းခဲ့တဲ့ ကဗျာမျိုးတွေကို သူကိုယ်တိုင် ရေးသားထုတ်ဝေနေရပြီမဟုတ်လား။ ဒါပေမယ့် သူ့ကဗျာတွေမှာ ပလွေသံမပါဘဲ တက်ခေါက်သံ၊ အံကြိတ်သံ၊ ဗုံးသံ၊ သေနတ်သံတွေ များနေတယ်။ သူ့ဖခင်ကြီးက ‘ထောင်နှင့်လူသား’ တဲ့။ သူ့မိခင်က ‘ထောင်နှင့်မိခင်’ တဲ့။ သူ့စာအုပ်အမည်ကို သူ ဘယ်လိုပေးမလဲမသိ။ ကျနော်က လက်ယားလာပြီ။ ‘ထောင်နှင့်ကဗျာ’လို့ အမည်ပေးလိုက်ချင်မိပါတယ်။ သို့မဟုတ် ‘ကျွန်းနှင့်လူသား’။ ဒါကတော့ ကျနော့်လုပ်ပိုင်ခွင့် မဟုတ်ပါ။
ဖိုးသံချောင်းဟာ ကမ္ဘာကျော်ပုံပြင်ဆရာကြီး လူထုဦးလှရဲ့သားဆိုတာ အထူးပြောစရာမလိုပါ။ ကျနော်တွေးမိလိုက်တာတခုက သူဟာ ပုံပြောဝါသနာကို သူ့ဖခင်ကြီးဆီက ဆက်ခံရရှိနိုင်ဖွယ်ရှိတယ် ဆိုတဲ့အချက်ပါ။ ဦးလေးရဲ့ ပုံပြင်တွေထဲမှာရော၊ ဗုဒ`ဓ၀င်ပုံပြင်တွေထဲမှာရော ကျီးဖိုနဲ့ကျီးမ၊ ဒေါင်းဖိုနဲ့ဒေါင်းမ စတဲ့ ငှက်ဖိုငှက်မ စကားပြောခန်းတွေ ပါလေ့ရှိပါတယ်။ ဖိုးသံချောင်းရဲ့ ကဗျာတွေထဲမှာတော့ ခိုမောင်နှံ စကားပြောတာရယ်၊ ကျီးနဲ့ကြက်တူရွေး စကားပြောတာရယ် တွေ့လိုက်ရပါတယ်။ ဒါဟာဖြင့် ‘မြန်မာ့ရိုးရာဓာတ်ခံ’ Burmese Folk Element လေးတွေ ပါနေလေရဲ့လို့ မှတ်ချက်ပေးနိုင်မယ် ထင်ပါတယ်။ ခေတ်ပေါ်အကြောင်းအရာ၊ ခေတ်ပေါ်ခံစားမှုတို့ကို ရိုးရာဓာတ်ခံနဲ့ ခင်းကျင်းပြောပြဖို့ အားထုတ်မှုတခုလို့ ဆိုနိုင်ပါတယ်။ သရော်သံလေး ပါနေပါတယ်။ ပြုံးရတာပေါ့။ သူ့ကဗျာတွေထဲမှာ အံကြိတ်ရတာတွေက များတယ်မဟုတ်လား။ ပြုံးစရာလေးတွေလည်း ပါဦးမှပေါ့။
ကဗျာဆရာတွေဆိုတာ ကဗျာကို ‘ခံစားမှု’တခုခုနဲ့ ရေးဖွဲ့ကြတာမဟုတ်လား။ ‘ရင်ခုန်းသံ’လို့ တချို့က ဆိုလေ့ရှိပါတယ်။ ရဟန်းစာဆိုများတောင်မှ ‘ကလျာဖူးစသစ်၊ ပျိုမြစ်မြစ်လျှင်’ ဆိုတာမျိုးတွေက စတင်ရေးဖွဲ့ခဲ့တာကလား။ နိုင်ငံရေးသမားဆိုတာလည်း ‘အသည်းနှလုံးနဲ့ပါ’လို့ ပြောချင်ကြမယ်ထင်ပါတယ်။ ဖိုးသံတို့လည်း အရိုးခံနဲ့ အပိုးသန်ခဲ့တာလေးများ ရှိခဲ့ပေမှာပေါ့။ ရှိခွင့်ရှိပါတယ်။ ‘ချစ်သူနဲ့ယှဉ်ရာမှာ’ဆိုတဲ့ ကဗျာလေးမှာ စတင်ဖွင့်လိုက်ပုံက…
‘၀ဲလည်ဝဲလည် မျက်နှာလေးရယ်က
ဘယ့်နှယ်ဘယ့်နှယ် ဘယ်လိုပျောက်တာလဲ
ဦးနှောက်ဟာ ချာချာလည်လို့
ဒေါင်းတောက်အောင် ရှာပါသော်လည်း
ပေါ်မလာ မျက်နှာလေးဟာဖြင့်
ခက်ပါသေးတယ်…’ တဲ့။
‘အလှရှာပုံတော်’ကလေး ဆိုပါစို့။ ဒါပေမယ့် ဘာသာရေးသမားများဟာ မယားနဲ့ အိပ်ယာဝင်စကားပြောတာတောင်မှ သစ္စာလေးပါးနဲ့ နိဂုံးချုပ်ရသတဲ့။ နိုင်ငံရေးသမားများကလည်း တော်လှန်ရေးသစ္စာတရားတွေနဲ့ နိဂုံးချုပ်ထားလေရဲ့ဆိုပြီး လောကသဘာဝတခုကို တွေ့လိုက်ရပြန်တော့လည်း ပြုံးရတော့မလိုလိုပါပဲ။ အလို! ဒီကဗျာက ‘လေးချိုး သံချို’ဆိုတဲ့ (ခေတ်စမ်းစာဆို ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့ ရေးဖွဲ့လေ့ရှိခဲ့တဲ့) ကဗျာအသွားများနဲ့ ဖွဲ့ဆိုထားတာပါကလား။ ‘အမျိုးသားဟန်’လေးတခုဆိုတော့ လှပါပေရဲ့။ ဒါပေမယ့် အမျိုးသားဟန်ကလည်း အချိုးသွားမှန်ပါမှ ပွဲတိုးပေမယ်။ လေးပိုဒ်လေးချိုး ပါရှိရုံနဲ့ မပြီးပေဘူး။ တတိယပိုဒ်မှာ ‘အလှည့်အချိုး’ကလေးတခု ပါရတယ်။ အထက်နှစ်ပိုဒ်ရဲ့ အဆုံးသံနဲ့ လှည့်ပြီးမှ အချိုးချရပါတယ်။ ချိုးရဲ့လား ချိုးထားပါတယ်။ ဒါ့ကြောင့် အမျိုးသားဟန်မှာ အချိုးအသွားလည်း မှန်ပါကြောင်း။ ခုခေတ်မှာ လူငယ်တော်တော်များများက ကာရန်မဲ့ စပ်နည်းမဲ့ ရေးဖွဲ့နေကြတာမဟုတ်လား။ စာချိုးတွေနဲ့ ရေးဖွဲ့လာရင် ‘ဘာကြီးလဲ’လို့ အာမောဋိတ် ပြုကောင်းပြုပေလိမ့်မယ်။ တနေရာမှာ ‘ကာချင်း’ခေါ်တဲ့ ပင်းယခေတ်ကဗျာအသွားနဲ့ စပ်ထားတာလည်း တွေ့မိလိုက်ပါတယ်။ ဥပမာ အောင်ကျော်ကဗျာပေါ့။
ဒီကဗျာတွေထဲမှာ ‘နှလုံးသားကလာတဲ့ကဗျာ’လို့ မုချပြောနိုင်တာကတော့ ‘အမေ’ကဗျာတွေပါပဲ။ ‘သားအမိချင်း ပေးစာတစောင်’ဆိုတဲ့ ကဗျာဟာ အမေ့အသက် ၉၀ ပြည့် ကဗျာပါ။ အသက် ၉၁၊ ၉၂ ပြည့်တော့ ရေးဖွဲ့ခဲ့တဲ့ အမေကဗျာများကိုလည်း ဆက်တိုက်ဖော်ပြထားပါတယ်။ ‘ပုတီးတကုံး’ဆိုတဲ့ ကဗျာလေးကဆိုရင် စိတ်ထိခိုက်စရာလေးတပုဒ်ပါ။ တောတွင်း ကွန်မြူနစ်တယောက်ရဲ့ ခေါင်းအုံးအောက်မှာ ရောက်လာတဲ့ ပုတီးကုံးကလေးတဲ့။ အမေ့ပုတီးကုံးလေးပဲပေါ့။ သူ့အလိုလို ကဗျာဖြစ်နေတဲ့ ‘နိမိတ်ပုံ’လေး တခုပါပဲ။ တကယ်တော့ ဒီပုတီးကုံးလေးဟာ ‘အဖေ့ပုတီးကုံးလေး’လည်း ဖြစ်ချင်ဖြစ်နေမှာပါ။ အဖေက အမေ့အရင် (လူမှန်းသူမှန်း သိစအရွယ်ကတည်းက) ပုတီးစိတ်လာခဲ့သူ၊ ဘာသာရေးကိုင်းရှိုင်းသူတဦးပါ။ ‘အဖေ့ပုတီးကုံး’ဆိုပြန်တော့လည်း ကဗျာမဆန်လှဘူးပေါ့နော်။ ကျနော့်ရဲ့ ‘အတိတ်က အရပ်’ထဲမှာတော့ ဦးလေးနဲ့ပုတီးပဲ တွဲမြင်ရမိပါတယ်။ ‘ပုတီး’လို့ဆိုလိုက်ရင် အဘိုးသခင်ကိုယ်တော်မှိုင်းကို အရင်မြင်ပါတယ်။ ပြီးရင် ဦးလေး (လူထုဦးလှ)နဲ့ ဦးနုတို့ကို မြင်ယောင်မိပါတယ်။ ထားပါတော့ သူ့ကဗျာတွေအကြောင်းကို ကျနော်က အသေးစိတ်ဖွဲ့ဆိုစရာ မလိုပါ။ ဖွင့်ဆိုရရင်လည်း ကျမ်းတစောင် ဖြစ်သွားပါလိမ့်မယ်။ ကဲ မန်းတက္ကသိုလ်က မဟာဝိဇ`ဇာဘွဲ့အတွက် ကျမ်းပြုသူတွေနဲ့ ပါရဂူဘွဲ့အတွက် ကျမ်းပြုသူ ကျောင်းသားကြီးတွေကပဲ ဖွင့်ဆိုကြပါစေတော့။ ဒါက နိုင်ငံရေး၊ ဒါက လူမှုရေး၊ ဒါက ကျွန်းကဗျာ၊ ဟိုဟာက လွမ်းကဗျာ စသဖြင့် အမျိုးအစားတွေလည်း ခွဲကြပေရော့။
လွမ်းကဗျာတွေထဲမှာ ကိုယ်ချင်းစာပြီး လွမ်းမိတာကတော့ မိခင်မန်းတက္ကသိုလ်ပါ။ ၂၀၁၅ ခုနှစ်မှာ ကျနော် မြန်မာပြည်ကို ပြန်တယ်။ မန္တလေးကို ရောက်လျှင်ချင်း အပြေးအလွှား သွားကြည့်ခဲ့တာကတော့ မိခင်တက္ကသိုလ်ပေါ့။ မိခင်ကို အဖူးအမြော်ဝင်တာလေ။ ဒါပေမယ့် ခြံခတ်ပြီး သံတံခါးကြီးပိတ်ထားလို့ ပြန်လှည့်ခဲ့ရပါတယ်။ ရင်ထဲမှာ ဆို့နင့်သွားတာပါပဲ။ ‘သံတံခါးကြီး’ အကြောင်းကို စပ်မိပြန်တော့ ဦးလေး (လူထုဦးလှ)ကို သတိရလိုက်မိပြန်တယ်။ ဦးလေးနဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းတို့က ညီအကိုအရင်းလိုပဲ။ သူတို့နှစ်ဦးလုံး မန်းတက္ကသိုလ် ဆီးနိတ်အဖွဲ့မှာ ပါကြတယ်။ တနေ့တော့ အစည်းအဝေးမှာ ဥက္ကဌ ပါမောက္ခချုပ် ဦးလှရွှေက ဘတ်ဂျက်ပိုနေတဲ့ငွေကို ဘာလုပ်ရမလဲ အကြံတောင်းတယ်။ အတော်များများ ဆီးနိတ်အဖွဲ့ဝင်တွေက တက္ကသိုလ်ကို ခြံခတ်ပြီး သံတံခါးတပ်ဖို့ အကြံပေးကြသတဲ့။ တို့ဆရာသန်းထွန်းက စိတ်မ၀င်စားရင် ဘာမှနားမထောင်ဘဲ ပုံဆွဲလိုက်၊ စာဖတ်လိုက် လုပ်နေတတ်သတဲ့။ သူ့အသံမထွက်တော့ ဆရာဦးလှရွှေက “ကိုသန်းထွန်းရယ် လုပ်ပါဦး၊ ပြောပါဦး”လို့ လှမ်းပြောရသတဲ့။ ကျောင်းနေဖက် သူငယ်ချင်းတွေကို။ ဒီတော့ ဆရာက ဘာပြောတယ်မှတ်သလဲ။ ဒီအကြံ ကောင်းသားပဲ။ သံတွခါးထိပ်မှာ “တာရိစ္ဆာန်များကို မစနှင့်”လို့ ဆိုင်းဘုတ်တင်ထားဦးလို့ ပြောလိုက်သတဲ့။ ဒါနဲ့ အကြံပျက်သွားရော။ ဆီးနိတ်အစည်းအဝေးက ပြန်လာတော့ တို့များလည်း လူထုတိုက်ရောက်နေတာနဲ့ ဆုံမိကြတယ်။ ဦးလေးက “မင်းတို့ဆရာကွယ်…”ဆိုပြီး ဖောက်သယ်ချခဲ့ဖူးပါတယ်။ သံတံခါးဆိုတာ လွမ်းစရာပဲထားပါတော့။
သြော်… ဖိုးသံရဲ့ကဗျာစာအုပ် ထွက်တော့မယ်ဆိုတော့ ဦးလေးရယ်၊ ဒေါ်ဒေါ်ရယ်၊ ဒေါက်တာသန်းထွန်းရယ် သတိရလိုက်မိတယ်။ သက်ပြင်းချမိပြီး စာဆက်ရေးဖို့တောင် မေ့သွားမိတယ်။ ဒီကဗျာစာအုပ်ကလေးကို (လူများများမဟုတ်ပါဘူး) သူတို့ ၃ ဦးကိုပဲ လက်အုပ်ချီပြီး ကဗျာဆရာက ပေးလိုက်ရရင်…။ မြင်ယောင်လိုက်တော့…။
ဒေါ်ဒေါ် (လူထုဒေါ်အမာ)က ညီပုလေး စာအုပ်တွေထုတ်တော့ “မင်းနှယ်ကွယ် မင်းအဖေရှိတုန်းက ရေးရောပေါ့”လို့ ဆိုသတဲ့။ သြော်… ကဗျာစာအုပ်ကလေးရယ်… စောစောကထွက်လိုက်ရောပေါ့။ ။
သဗ္ဗေသတ္တာ ကမ္မဿကာ
မောင်စွမ်းရည်
၂၀၁၈၊ ဇွန် ၂၄၊ တနင်္ဂနွေည
နယူးယောက်။