လူထုဒေါ်အမာမွေးနေ့ ဉာဏ်မြင့်သစ်
နိုဝင်ဘာ ၂၉ ရက်နေ့ဟာ ဆရာမကြီး လူထုဒေါ်အမာရဲ့ မွေးနေ့ဖြစ်ပါတယ်။ နှစ်စဉ် ဒီနေ့ ဒီအချိန်ရောက်ပြီဆိုရင် ဗမာပြည်တနံတလျားက စာပေ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးနယ်ပယ်က မိတ်ဆွေတွေ တောင်သမန်မှာ ဆုံကြပါတယ်။ ဆရာမကြီးရဲ့မွေးနေ့ပွဲကို အကြောင်းပြုပြီး ဒီလိုဆုံဆည်းခွင့်ရတာကို အားလုံးကလည်း ကျေနပ်ပီတိ ဖြစ်ကြပါတယ်။
ဆရာမကြီးရဲ့ မွေးနေ့ပွဲမှာ ဒီလို အလျားလိုက် တွေ့ဆုံမှုမျိုးသာ မကဘူး။ အထက်အောက် ထောင်လိုက် တွေ့ဆုံမှုမျိုးလည်း ရှိပါတယ်။ အထက်အောက် ထောင်လိုက်တွေ့ဆုံမှုဆိုတာ အကြေအညာ အထက်ဗမာပြည် အောက်ဗမာပြည်က လူတွေဆုံမိကြတာကို ပြောတာ မဟုတ်ပါဘူး။ မတူညီတဲ့ သမိုင်းခေတ်အသီးသီးကလူပုဂ္ဂိုလ်တွေ ဆရာမကြီးရဲ့ မွေးနေ့ကို အကြောင်းပြုပြီး တွေ့ဆုံ ရင်းနှီးခွင့်ရခဲ့တာကို ပြောတာပါ။
ဒီနေရာမှာ ဆရာမကြီး လူထုဒေါ်အမာရဲ့ ဘဝ ဖြတ်သန်းမှုကို နည်းနည်း ပြန်ပြောကြည့်ချင်ပါတယ်။ ဆရာမကြီးကို ၁၉၁၅ ခုနှစ်က မွေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းထက် ၉ လငယ်တယ်။ ၁၉၂၀ ပထမကျောင်းသားသပိတ်မှာ ၅ နှစ်သမီးသာ ရှိသေးတဲ့အတွက် ဒီသပိတ်အကြောင်းကို သိပ်မသိမီလိုက်ဘူး။ ဒါပေမဲ့ ဆရာမကြီးရဲ့မိခင်က ကုမ္မာရီအမျိုးသမီးအသင်းမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတဲ့အတွက် အဲဒီတုန်းက ကူညီလုပ်ကိုင် ပေးဖူးတာတွေကို ပြန်သတိရတယ်လို့ "တို့များငယ်ငယ်တုန်းက" ဆိုတဲ့စာအုပ်မှာရေးခဲ့တယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ၁၉၃၀ ဆရာစံ သူပုန်ခေတ်လောက်ကျမှ စပြီး သတိထားမိတယ်လို့ ဆိုပါတယ်။
ထူးခြားတာတခုက ဆရာမကြီးရဲ့ ဦးရီးတော် ဦးရှင်နဲ့ပတ်သက်တာပါ။ ဒီဦးရီးက အဖေ့အကိုမို့ ဆရာမကြီးက ဘကြီးလို့ ခါ်တယ်။ နာမည်က ဦးရှင်တဲ့။ အဲဒီဦးရှင် ၁၉၂၀ တဝိုက်လောက်ကစပြီး နေပြည်တော်ဆိုတဲ့ ဂျာနယ်ကို မန္တလေးကထုတ်တယ်။ ဒီဂျာနယ်ဟာ ဗမာပြည်မှာ မာ့က်စ်ဝါဒကို ကနဦးဖြန့်ချိတဲ့ စာစောင်တွေထဲကတခုပါ။ ၁၉၂၀ လောက်က မာ့က်စ်ဝါဒကို မိတ်ဆက်ပေးတဲ့ဂျာနယ် ၂ စောင်ရှိတယ်။ တစောင်က နေပြည်တော်ဖြစ်ပြီး နောက်တစောင်က ပညာအလင်းပါ။ လူထုဒေါ်အမာဟာ အဲဒီ ဦးရှင်ရဲ့အိမ်မှာ ကလေးဘဝကတည်းက နေခဲ့တာဖြစ်တယ်။ ဒါကြောင့် လူမှန်းသိတတ်စကတည်းက မာ့က်စ်ဝါဒနဲ့ စပြီး ထိတွေ့ခွင့်ကြုံရပါတယ်။
ကိုယ်တိုင် နိုင်ငံရေးလှုပ်ရှားမှုထဲမှာပါတာကတော့ အသက် ၂၁ နှစ်အရွယ် ၁၉၃၆ ခုနှစ်ကျမှပါ။ အဲဒီနှစ်မှာ ဒုတိယကျောင်းသားသပိတ်ဖြစ်တယ်။ သပိတ်ရဲ့အကျိုးဆက်ကြောင့် ဆာမြဘူးကော်မတီပေါ်လာပြီး တက္ကသိုလ်အက်ဥပဒေပြင်ဆင်ရေး လုပ်ခဲ့ရတယ်။ တခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂလို့ခေါ်တဲ့ ဗကသကို စပြီး ဖွဲ့နိုင်ခဲ့တယ်။ ဗကသဖွဲ့ဖို့အဆိုကို စတင် တင်သွင်းသူက သပိတ်မှောက်ကျောင်းသူ မအမာပဲလို့ သိရပါတယ်။
လူထုဒေါ်အမာဟာ တက္ကသိုလ်ကျောင်းသူဘဝကတည်းက မြမဉ္ဇူ၊ ခင်လပြည့်ဝန်း စတဲ့နာမည်တွေနဲ့ စာစရေးခဲ့တယ်။ သပိတ်မှောက်ကျောင်းသူ မအမာနာမည်နဲ့ ဘာသာပြန်ခဲ့တဲ့ မောရစ်ကောလစ်ရေးတဲ့စာအုပ် "ဗမာပြည်တွင် စစ်ဆေးခဲ့သောအမှုအခင်းများ" က သူ့ကို စာရေးဆရာဘဝ ပို့ပေးလိုက်ပါတယ်။ လူထုဒေါ်အမာရဲ့ တခြားနာမည်ကြီး စာအုပ်တအုပ်ဖြစ်တဲ့ "သက်တံ့ရောင်" ကို ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်းက အမှာရေးပေးခဲ့တယ်။ လူထုဒေါ်အမာဟာ သခင်သန်းထွန်းနဲ့ မောင်နှမလို ရင်းနှီးပါတယ်။ သူ့ခင်ပွန်းဦးလှ လူပျိုဘဝကဆိုရင် သခင်သန်းထွန်း၊ ဦးလှနဲ့ စာရေးဆရာ ဇဝနတို့ဟာ တခန်းတည်း အတူနေ သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးပါတယ်။ သခင်သန်းထွန်းဆုံးတော့ ဇဝနက သတင်းစာကနေ အပုပ်ချ စကားရေးလို့ ဦးလှက ဇဝနကို သေတဲ့အထိ စကားမပြောဘူးလို့ သခင်အုန်းမြင့်က ပြောပြဖူးတယ်။
ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလမှာ ဦးလှဟာ အာရှလူငယ်အသင်းရဲ့ ခရိုင်ဥက္ကဌအဖြစ်တာဝန်ယူရင်း ဗြိတိသျှစစ်တပ် Force 136 နဲ့ချိတ်ဆက်တယ်။ ဂျပန်ခေတ် မြေအောက်လုပ်ငန်းတွေကို ဗိုလ်မှူးဗထူး သခင်စံညွန့် ဗိုလ်အာဠာဝကတို့နဲ့ လက်တွဲလုပ်ဆောင်ခဲ့တယ်။ အဲဒီအချိန်မှာ လူထုဒေါ်အမာကတော့ ကူဖော်လောင်ဖက်အဖြစ် ရှိခဲ့ပါတယ်။ ဦးလှနဲ့ဒေါ်အမာ စစ်ပြေးနေတဲ့ ကပိုင်ရွာဟာ သူတို့ဇနီးမောင်နှံကို အကြောင့်ပြုပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေး ဌာနချုပ်လို ဖြစ်ခဲ့တယ်။ ကပိုင်ရွာ တောင်ငူစုကျောင်းက ရေတွင်းပျက်ကြီးနံဘေးမှာ လေထီးရဲဘော်တွေ အိန္ဒိယထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိန်းဖေမြင့်က "မဟာမိတ်နဲ့ ဗမာ့တမန်"မှာ ရေးပါတယ်။
စစ်ကြီးပြီးတော့ လူထုမောင်နှံဟာ လူထုသတင်းစာနဲ့ လူထုဂျာနယ်တွေကို အင်တိုက်အားတိုက်ထုတ်ခဲ့ကြတယ်။ "ငါတို့သိပ်ပျော်တာပဲ။ မောရပန်းရမှန်းလည်း မသိဘူး" လို့ လူထုဒေါ်အမာက ပြန်ပြောဖူးပါတယ်။ အထက်ဗမာပြည် တဝန်းလုံးမှာတင်မက ရန်ကုန်မှာ တိုက်ခွဲဖွင့်ရလောက်အောင် လူထုသတင်းစာက ကြီးကျယ်ခဲ့ပေမယ့် မိသားစုစားဝတ်နေရေးတောင် အာမခံချက် မရှိပါဘူး။ နဂါးဆေးလိပ်ကုမ္ပဏီရဲ့ တံဆိပ်ပတ်တွေ ပုံနှိပ်ပေးတဲ့အလုပ်နဲ့ မိသားစု ဝင်ငွေလမ်းဖြောင့်ခဲ့တယ်လို့ လူထုဒေါ်အမာက ပြောပြဖူးတယ်။
ဒီလို ယုံကြည်ချက်ခိုင်မာပြီး ပြည်သူ့အကျိုးကို သယ်ပိုးထမ်းရွက်တဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ စာနယ်ဇင်းတွေကို ထုတ်ဝေတဲ့အတွက် လူထုဇနီးမောင်နှံရရှိခဲ့တဲ့ ဆုလာဘ်ရတနာကတော့ မိုင်းဗုံးတွေပါပဲ။ ၁၉၄၉ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ လူထုသတင်းစာတိုက်ကို ဗိုလ်နေဝင်းက မိုင်းခွဲပစ်ခဲ့ပါတယ်။ လူထုမိသားစုတခုလုံး ကလေးသူငယ်တွေပါမချန် လမ်းပေါ်ထိုင်ခိုင်းပြီး စက်သေနတ်နဲ့ဆွဲပစ်ဖို့အထိ လုပ်ခဲ့တာပါ။ မန္တလေးလူထုနဲ့ ဆွမ်းခံသံဃာတွေက စုပေါင်းကာကွယ်ကြလို့ ဒီကနေ့အထိ လူထုမိသားစုရယ်လို့ ရှိနေနိုင်သေးတာပါ။
စစ်ကြီးပြီးတာနဲ့ ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်ကို မန္တလေးမှာ စတင်တယ်။ ကိုလှရှိနေသမျှ မန္တလေးမှာ ဖဆပလက ကွန်မြူနစ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီး ကျော်ငြိမ်းက ဦးနုကို ကုန်း(ဂုန်း) ချောတယ်။ ဒါနဲ့ပဲ ဦးလှ ခမျာ နရသိန် စံနန်းမှာ ၃ နှစ် ၃ လ ၇ ရက် စံမြန်းရရှာတယ်။ မိတ္တဗလဋီကာဆရာကြီး ဝန်ကြီးချုပ် ဦးနုခမျာမလည်း ဒီကိစ္စအတွက် နောင်မှာ ဦးလှကို လက်အုပ်ချီကန်တော့ရရှာတယ်။ တော်လှန်ရေးကောင်စီ တက်ပြီးနောက်မှာတော့ ၁၉၆၇ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ လူထုသတင်းစာလည်း အပြီးတိုင် ရပ်နားလိုက်ရတယ်။
၁၉၆၇ ခုနှစ်လောက်က ဗမာပြည် ကွန်မြူနစ်ပါတီမှာ ပါတီတွင်း တော်လှန်ရေးလမ်းစဉ် (ဖြုတ်ထုတ်သတ်) အရေးအခင်း ဖြစ်ပွားခဲ့တယ်။ အဲဒီဖြစ်စဉ် အတွင်းမှာ လူထုဒေါ်အမာရဲ့ သားကြီး ကိုစိုးဝင်းလည်း ကျဆုံးခဲ့ရတယ်။ ဖြုတ်ထုတ်သတ်အရေးအခင်းမှာ လူ ၁၀ ယောက်ကျော် သေဆုံးခဲ့ပါတယ်။
ဒါပေမဲ့ လက်နက်ချ သစ္စာဖောက် ဘခက်နဲ့ အပေါင်းပါတချို့ရဲ့ ချဲ့ကားပြောဆိုမှုကြောင့် လူရာချီ သေဆုံးခဲ့သလို ထင်ယောင်ထင်မှားတွေ ဖြစ်ခဲ့တယ်။ ဘဝဟစ်တိုင်လှုပ်ရှားမှုမှာ ကြွေးကြော်သံ တိုင်နေတဲ့ ပုံတွေကို ကိုယ်လိုချင်တဲ့ စာသားတွေဖြည့်ပြီး မိဘကို သားသမီးအရင်းက အဇာတသတ်ဇာတ်ခင်းမယ့် လုပ်ကြံမှုတွေအဖြစ် လီဆယ်ရေးသားခဲ့ပါတယ်။ (ပါတီက ဒီပါတီတွင်းအမှားနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးပေးတာ၊ သမိုင်းကြွေး ဆပ်သင့်တာဆပ်၊ တာဝန်ယူသင့်တာ တာဝန်ယူ- စသဖြင့် ဆောင်ရွက်ပြီးပါပြီ။) ဒါပေမဲ့ ဒီကိစ္စရပ်တွေအပေါ် ကာယကံရှင် မိသားစုတွေရဲ့ တုံ့ပြန်ပုံက အင်မတန် ရိုးရှင်းပါတယ်။
လူထုဒေါ်အမာအနေနဲ့ ရင်ကဖြစ်တဲ့ သားသမီး ဆုံးရှုံးရတဲ့အတွက် အင်မတန်နှမျောတသ ကြေကွဲဝမ်းနည်းရမယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ ဒီဖြစ်စဉ်အပေါ် မှန်မှန်ကန်ကန်ပဲ ရပ်ခံ ဆုံးဖြတ်ခဲ့တာပါ။ "ငါတို့လင်မယားနဲ့ သခင်သန်းထွန်းနဲ့က မောင်နှမ ရင်းချာလို နေလာတာ။ ငါတို့သားသမီးဟာ သူ့သားသမီးပဲ"လို့ လူထုဒေါ်အမာက ပြောဖူးပါတယ်။ "ပါတီကတော့ မှားရင်အရေးယူရမှာပဲ။ ဒါပေမဲ့ ဘယ်လိုပုံ ဘယ်လိုနည်း အရေးယူသလဲ ဆိုတာက အရေးကြီးတယ်။ သခင်ဇင်ရဲ့သမီးတွေလည်း ငါ့အိမ်မှာ ဝင်ထွက်နေကြတာပဲ။ ကိုဇင့်ရဲ့သားသမီးဟာ ငါ့သားသမီးပဲ။ ဒီလိုပဲ ကိုသန်းထွန်း သားသမီးကို ငါတို့ သားသမီးလိုပဲ သဘောထားတယ်" လို့ ပြောဖူးတယ်။ လူထုဒေါ်အမာဟာ အမှန်နဲ့အမှား တရားနဲ့မတရားကို ပုဂ္ဂိုလ်ရေး ခံစားချက်နဲ့ မဆုံးဖြတ်ပါဘူး။ သားလတ် ဦးဖိုးသံချောင်း ဗကပဆီ ထွက်ခွာရဖို့အရေးကြုံလာတော့လည်း ကြည်ကြည်ဖြူဖြူသာမက အားပေးကူညီခဲ့တဲ့အခန်းကတောင် ပါခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်တွေ ဖြစ်ပြီးတဲ့ မကြာမတင်ဆိုသလို ခင်ပွန်းဖြစ်သူ လူထုဦးလှ ဆုံးတယ်။ နောက် ၁၉၈၄ ခုနှစ် မန္တလေးမီးကြီးက မုဆိုးမသွားရာ မိုးလိုက်ရွာဆိုသလို ရှိသမျှ စည်းစိမ်ဥစ္စာ အကုန်ဖဲ့ယူသွားရှာတယ်။ ပတ်ဝန်းကျင်မှာ ကိုယ့်ထက် ပိုဆိုးသူတွေက အများသား မဟုတ်လား။ ဆရာမကြီး လူထုဒေါ်အမာအဖို့တော့ ကိုယ့်အတွက်ကိုယ် ညည်တွားဖို့တောင် အလှည့်မကျဘူးလို့ဆိုရပါမယ်။ ဒီ ပရိဝေဒသောကမီးတွေ တတ်နိုင်သလောက် ပြေပျောက်ပါစေတော့ဆိုပြီး တပည့်သားမြေးတွေက ၁၉၈၅ ခုနှစ်ကစပြီး နှစ်စဉ် မွေးနေ့ပွဲကလေး ကျင်းပပေးခဲ့တာပါ။ ဆရာမကြီးက သူ့မွေးနေ့ပွဲလုပ်ပေးတာကို အစပိုင်းမှာ အားတက်သရော မဖြစ်ရှာဘူး။ "ဦးလှသာ ရှိနေသေးရင် ဒီလိုမွေးနေ့ပွဲလုပ်တာ ကြိုက်ပါ့မလား မသိဘူး" လို့ စိတ်တထင့်ထင့် ဖြစ်နေသေးတာပါ။
ဒါပေမဲ့ နောက်ပိုင်းမှာ ဒီမွေးနေ့ပွဲက ကျွန်တော်တို့ လူငယ်တွေအတွက် အကျိုးရှိတာကို သိပြီး ဆရာမကြီး စိတ်ချမ်းသာရှာပါတယ်။ ကျွန်တော်တို့ဟာ လူထုဒေါ်အမာ မွေးနေ့ပွဲကြောင့်သာ လေထီးဗိုလ်အုန်းမောင်နဲ့အတူ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလထဲကို ရောက်ခဲ့ဖူးရတာပါ။ ဗိုလ်မှူးလှဖေနဲ့အတူ မဲဇာမြိုင်တောတလျောက် ခြေလျင်လျှောက်ခဲ့ကြဖူးတာပါ။ တောင်သမန်အင်းရေပြင်ပေါ်က ငွေလရောင်ထဲမှာ ငွေလှိုင်းဇာ တဖြတ်ဖြတ်လူးနေချိန်မှာ ဗိုလ်မှူးလှဖေရဲ့ မန္တလေးတောင်သိမ်းတိုက်ပွဲထဲ နစ်မျောခဲ့ကြဖူးတာပါ။
ကျွန်တော်တို့ဟာ ကျောက်ဆည်ဒေါ်မြရီ၊ သခင်သိန်းမောင်၊ သခင်အုန်းမြင့်၊ မင်းသားကြီး ဦးထွန်းဝေ၊ ပန်းချီဦးဘရင်ကလေး စတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဘဝအတွေ့အကြုံတွေ အတွေးအမြင်တွေကို ဒီလိုပွဲမျိုးကမှ တွေ့ကြုံ မြည်းစမ်းရတာပါ။ သမိုင်းရေစီးတွေက တောင်သမန်ကမ်းစပ်ကို တဖြတ်ဖြတ် ရိုက်ခတ်လို့ပေါ့။
ဒီနေရာက ယူပါတယ် https://www.facebook.com/ဒီမိုကေရစီသစ္-1010432835827999
0 comments:
Post a Comment