Tuesday, November 24, 2020

ကားမောင်းတဲ့အကြောင်း

0 comments

(ကားမောင်းတဲ့အကြောင်း)

ဒူးနာနေတာအတွက် ဆယ်ပတ်တိတိ ကာယကုထုံး(လေကျင့်ခန်းသဘော)လုပ်ရမယ်ဆိုလို့ လုပ်နေပါတယ်။ အရင် သုံးပတ်ကတော့ ဇနီးက သူလည်းအားတယ် လိုက်လည်းကြည့်ချင်တယ်ဆိုပြီး ဆေးရုံကို သူလိုက်လိုက်မောင်းပို့နေတာပါ။ သုံးခေါက်ဆိုတော့ ကိုယ်ကာယပြန်လည်သန်စွမ်းရေး ကုထုံးပညာရှင်ဆရာက သူ့ကိုမှတ်မိနေပါပြီ။/

မနေ့ကတော့ သူ မအားတာကလည်းတကြောင်း ကျနော်က ဆေးရုံကအပြန်မှာ တနေရာဝင်စရာရှိတာကတကြောင်းမို့ "ငါ့ဟာငါပဲ သွားလိုက်တော့မယ်"ဆိုပြီး ထွက်လာပါတယ်။ ဆေးရုံရောက်ပြီး လေ့ကျင့်ခန်းလုပ်နေရင်း ကုထုံးဆရာက "မင်းဇနီး ပါမလာဘူးလား"လို့မေးတော့ "မအားတာနဲ့ သူလိုက်မလာဘူး"လို့ပြန်ဖြေပါတယ်။ "ဒါဆို မင်း ဒီကို ဘယ်လိုလာခဲ့သလဲ"လို့ ဆက်မေးပါတယ်။ သူမေးမယ်ဆိုလည်း မေးချင်စရာပါ။ ကျနော်နေတာက မြို့ပြင်ဆိုတော့ ဘာ့စ်ကားလည်း မပေါက်ဘူးမဟုတ်လား။ ပြီးတော့ ကျနော်တို့မြို့က မြို့ပတ်ရထားလည်း မရှိဘူး။ ဒီတော့ မြို့ပြင်ကနေ မြို့တွင်းကိုလာရင် ကိုယ့်ကားနဲ့ကိုယ်လာရင်လာ မလာရင် တက်ဆီခေါ်လာမှ ရမှာကိုး။ ကျနော့်ကျတော့ဒုက္ခိတဆိုတော့ ကိုယ့်ကားနဲ့ကိုယ်လာတောင် တယောက်ယောက်က လိုက်မောင်းပို့မှဖြစ်မယ်လို့ သူထင်ပုံရပါတယ်။

ကျနော်က "ငါ့ဟာ ငါမောင်းလာတာပါ"လို့ဖြေလိုက်တော့ အံ့အားသင့်တဲ့လေသံ အမူအယာနဲ့ "မင်း ကားမောင်းနိုင်တယ်ဟုတ်လား"ဆိုပြီး ပြောပါတယ်။ ဟုတ်ပါတယ် သူ အံ့အားသင့်မယ်ဆိုလည်း သင့်ချင်စရာပါ။ ကျနော်က ညာခြေဒူးဆစ်အောက် ညာလက်တံတောင်ဆစ်အောက်က ဖြတ်ထားရပြီး၊ ဘယ်လက်ကလည်း လက်ချောင်းအဆစ်အားလုံးပေါင်းမှ ငါးဆစ်မပြည့်တတ်ပြည့်တတ်ရှိတာအပြင် ဘယ်မျက်လုံးကလည်း ကွယ်နေတာမဟုတ်လား။ဆိုတော့ ဒီလောက် ကိုယ်လက်အင်္ဂါမစုံတဲ့လူက ဘယ့်နှယ်လို့ ကားမောင်းနိုင်ပါ့မလဲလို့ ထင်ချင်စရာပါပဲ။

သူ့အံ့အားသင့်မှုက ဒီမှာတင်မရပ်ပဲ "မင်းကားက မော်ဒီဖိုင်းဒ်လုပ်ထားတဲ့ကားလား၊ ရိုးရိုးကားလား"တဲ့။ "ရိုးရိုးကားပါ" ဆိုတော့ "မင်းမောင်းလို့ရတယ်နော်"ဆိုပြီး ထပ်အံ့အားသင့်နေပြန်ပါတယ်။

သူပြောတဲ့ မော်ဒီဖိုင်းဒ်လုပ်ထားတဲ့ကားဆိုတာ မသန်မစွမ်းတွေ ကားမောင်းရအဆင်ပြေစေဖို့ လက်ကိုင်တို့ ဂီယာတို့ ဘရိတ်တို့ လီဗာတို့ကို နေရာလွှဲတပ်ဆင်ပေးထားတဲ့ အထူးပြုလုပ်ထားတဲ့ကားမျိုးတွေပါ။ ကျနော်ကတော့ အဲ့သလိုကားမျိုးမဟုတ်ပဲ သူလိုငါလို လူသာမန်တွေမောင်းတဲ့ ရိုးရိုးကားပဲမောင်းပါတယ်။

ကျနော် ကားမောင်းစက တော်တော်လေးအခက်အခဲရှိခဲ့ပါတယ်။ ညာခြေရှိတဲ့ဘက်မှာထားတဲ့ လီဗာနဲ့ ဘရိတ်ကို ဘယ်ခြေနဲ့ လှမ်းလှမ်းနင်းရတာမို့ ခါးကလိမ်ပြီး ကိုယ်ကစောင်းနေတာပါ။ ကြာကြာလေး(သုံးနာရီလောက်ဆက်တိုက်)မောင်းပြီးရင် ခနအမောင်းနားပြီး ကျောဆန့်ခြေဆန့်လုပ်ရပါတယ်။ ခုတော့ မောင်းသားကျလာလို့လားမပြောတတ်ဘူး မောင်းရအဆင်ပြေပါတယ်။အင်ဒီယားနားပိုးလီးစ်(ကျနော်တို့ပြည်နယ်မြို့တော်)နဲ့ ကျနော်နေတဲ့ ဖို့တ်ဝိန်းမြို့လေးက နှစ်နာရီခွဲလောက်မောင်းရပါတယ်။ အသွားအပြန်ကျနော် မောင်းနေကျပါ။ အခက်အခဲမရှိသလို ဘာအက်ဆီးဒင်န့်မှလည်း မဖြစ်ဖူးပါဘူး။

ကျနော် ကားမောင်းနိုင်တာကို အံ့သြကြသူတွေရှိသလို ကျနော် လက်ချောင်းမစုံတဲ့လက်တဘက်တည်းနဲ့ ကွန်ပြူတာနဲ့ ဗမာစာတွေရိုက်နိုင်တာကိုလည်း အံ့အားသင့်သူတွေရှိခဲ့ဖူးပါတယ်။ ကျနော်ကွန်ပြူတာ စာစီစာရိုက် စသင်ကာစက အတော်အပမ်းကြီးပါတယ်။ ခုလို ယူနီကုဒ်စနစ်တွေဘာတွေကလည်း မပေါ်သေးတော့ ဝင်းဘားမီးစ်နဲ့ ရိုက်ရတာပါ။ သဆင့်တွေ ပဆင့်တွေ ရိုက်ရအလွန်လက်ဝင်ပါတယ်။ အဲ့လောက် လက်ဝင်တဲ့ကြားကပဲ ကီးခြောက်ကြီးတလုံးနဲ့ စာလုံးတွေ အလွတ်မှတ်မိနေအောင် တနေ့တနေ့ လေ့ကျင့်ရတာ ဖြတ်ထားတဲ့လက်ဖျားလေးတွေ ကျိန်းတဲ့စပ်တဲ့အထိပါပဲ။ ခုတော့ ရိုက်သားလည်းကျလာ လက်ဖျားလေးတွေလည်း အနာအကျင်မရှိတော့တာမို့ အတော် သွက်သွက်လက်လက်နဲ့ရိုက်နိုင်ပြီး အဆင်ပြေသွားပါပြီ။

ကျနော့်နည်းတူ ကိုယ်လက်မသန်စွမ်းသူတွေတွေ့တိုင်း ဘာကိုမှ အားမလျှော့ဖို့စိတ်ဓါတ်မကျဖို့ ကျနော်တို့ဟာ ကိုယ်လက်ချို့ယွင်းနေပေမယ့် ကိုယ့်အားကိုယ်ကိုးပြီးလုပ်နိုင်တာတွေ အများကြီးရှိသေးကြောင်း အားပေးစကားပြောပါတယ်။ မသန်စွမ်းတွေ မသန်မစွမ်းတွေဆိုပြီး ဘာမဟုတ်တဲ့ ဝေါဟာရအငြင်းပွားမှုထဲ ဝင်မပါပဲနေရင်း တကယ်တမ်း ကျနော်တို့လုပ်နိုင်စွမ်းတာတွေလုပ်ရင်း တတ်နိုင်သလောက် လောကဝန်ထုံ့ဝန်ပိုမဖြစ်ရအောင် နေကြဖို့ပါ။ ဒီကမှတဆင့် မိမိတတ်နိုင်သရွေ့ လောကဝန်ပါ တနိုင်ထမ်းကြဖို့ပါပဲ။

မျိုးမြင့်ချို

နိုဝင်ဘာ ၂၀/၂၀၂၀

0 comments:

Post a Comment