Saturday, November 28, 2020

အဝေးရောက် ကဗျာဆရာတဦးအတွက် အမှာစာ -မောင်စွမ်းရည်-

0 comments

အဝေးရောက် ကဗျာဆရာတဦးအတွက် အမှာစာ

-မောင်စွမ်းရည်-
မြန်မာပြည်မှာ စစ်အစိုးရက နှစ်ပေါင်း ၆၀ ကျော် ဖိနှိပ်အုပ်ချုပ် မွှေနှောက်ပစ်လိုက်တဲ့အတွက် ပြည်သူပြည်သား မိသားစုများဟာ စုစုစည်းစည်း အေးအေးချမ်းချမ်း မနေနိုင်ကြဘဲ တကွဲတပြားစီ ဖြစ်ခဲ့ကြရတယ်။ မိသားစုတွေရော သူငယ်ချင်းမိတ်ဆွေတွေပါ ‘ဆန်ကောတွင် ဆီးဖြူလှိမ့်သကဲ့သို့’ ဆိုသလို ဖရိုဖရဲ အလိမ့်လိမ့်အလဲလဲ ကွဲကွာလွင့်စင်ခဲ့ကြရပါတယ်။
ကျနော်ဟာ ခုအခါမှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေထိုင်ပါတယ်။ ကျနော့် ညီအရင်းတယောက်နဲ့တကွ ကျနော်နဲ့ညီအကိုမောင်နှမတွေလို ခင်မင်ရင်းနှီးကြသူ လူငယ်မောင်မယ်တချို့ကတော့ တရုတ်ပြည်ဘက်ကို လွင့်စင်ရောက်ရှိသွားကြပါတယ်။ တယောက်က မြန်မာပြည်ရဲ့အနောက်ဖက် အဝေးကြီးကို ရောက်ရှိနေချိန်၊ တယောက်က မြန်မာပြည်ရဲ့အရှေ့ဘက် အဝေးကြီးကို ရောက်ရှိသွားပါတယ်။ ကွဲမယ့်ကွဲတော့ အဲသလောက်ထိ ကွဲကွာသွားခဲ့ကြတာပါကလား။
ဒါပေမယ့် ဒီခေတ်ကြီးမှာ သိပ္ပံပညာ တိုးတက်သစ်ဆန်းလာတာနဲ့အမျှ ဆက်သွယ်ရေးနည်းပညာတွေကလည်း ကင်းဝန်မင်းကြီးတို့၊ ယောမင်းကြီးတို့ကို ‘နှိုး’ပြီး ပြလိုက်ရင် ပြန်ပြီးလဲကျသွားလောက်အောင် တိုးတက်သစ်ဆန်းလာခဲ့ပြီဖြစ်ပါတယ်။ လူချင်း မတွေ့ရပေမယ့် တဦးနဲ့တဦး ခလုတ်တချက်နှိပ်လိုက်တာနဲ့ မြင်နိုင်ကြားနိုင်နေကြပါတယ်။ အမေရိကန်ပြည်နဲ့ တရုတ်ပြည်ဆိုတာ တည်နေရာချင်းကလည်း အနောက်နဲ့အရှေ့ဖြစ်သလို၊ အယူဝါဒချင်းကလည်း လက်ယာနဲ့လက်ဝဲ အကွဲကြီးကွဲပြားခြားနားပေမယ့် ကျနော်တို့ညီအကိုမောင်နှမတွေဟာ အချိန်မရွေး ဆက်သွယ်လို့ရနေကြပါတယ်။ ပြည်တွင်းကို မ၀င်ရပေမယ့် ပြည်ပမှာ တနေရာနဲ့တနေရာ ကူးသန်းဆက်သွယ်မှုတွေဟာ လွတ်လပ်လွယ်ကူပါတယ်။ တင်မိုးနဲ့ မောင်စွမ်းရည်၊ ဆရာစောထွန်းနဲ့ ပန်းချီဝင်းဖေ၊ မာမာအေးနဲ့ စန်းစန်းတင်၊ မေငြိမ်းနဲ့ မိုးချိုသင်း စသဖြင့် အဝေးက စကားပြောချင်ရင်လည်း ရတယ်။ လူချင်း ဆုံချင်ရင်လည်း ရပါတယ်။
တင်မိုးနဲ့ မောင်စွမ်းရည်တို့ကို ဂျပန်ပြည်က စာပေမိတ်ဆွေတွေက ဖိတ်ကြားတော့ ဂျပန်ပြည်ကနေ တရုတ်ပြည်ရှိ ညီတွေကို လှမ်းနှုတ်ဆက်ကြတယ်။ မာကြောင်းသာကြောင်းသတင်းများ ဖလှယ်ကြရုံမက ဘယ်သူတွေ ဘာစာတွေရေးနေကြပြီး၊ ဘယ်သူတွေ ဘာစာတွေဖတ်နေကြတယ်ဆိုတဲ့ သတင်းတွေကိုပါ ဖလှယ်မိကြလို့ တယောက်ရဲ့စာအုပ် တယောက်ဆီကို ပို့ကြတယ်။ အမေရိကန်နဲ့ဂျပန်က စာအုပ်ထုတ်ဝေရေးဝါသနာပါတဲ့ စိုးချိန်တို့၊ ကိုအေးဝင်းတို့၊ ရဲငြိမ်းတို့နဲ့လည်း ဆက်သွယ်မိပြီး စာအုပ်လေးတွေ ထုတ်ဖြစ်ခဲ့ကြပါတယ်။ တယောက်နဲ့တယောက် စာအုပ်အမှာစာတွေလည်း တောင်းလိုက်ကြပါသေးတယ်။ ကျနော့်စာအုပ်မှာ ဖိုးသံချောင်းက အမှာစာရေးပြီး၊ ဖိုးသံချောင်းရဲ့စာအုပ်မှာ ကျနော်က အမှာစာရေးလိုက်ကြပါသေးတယ်။ စစ်အစိုးရက လူတွေကို တကွဲတပြားစီဖြစ်အောင်သာ လုပ်နိုင်ပြီး ကျနော်တို့ရဲ့ မေတ္တာသစ္စာတရားတွေကိုတော့ တခြားစီဖြစ်အောင် မတတ်နိုင်ခဲ့ပါ။ စစ်အစိုးရကို နားရွက်တံတွေးဆွတ်တဲ့စာတွေ၊ ဒူးခေါက်ကွေး ဖနောင့်နဲ့နင်းတဲ့စာတွေကိုလည်း ရေးကြသားကြ၊ ထုတ်ဝေကြ၊ ဖလှယ်ခဲ့ကြပါတယ်။ ကဲ… ဘာတတ်နိုင်သေးလဲ။
ဖိုးသံချောင်းဆိုတာကတော့ မန္တလေးက လူထုဦးလှ လူထုဒေါ်အမာတို့ရဲ့ သားအလတ်တယောက်ဆိုတာ စာပေလောကသားတွေက သိကြပါတယ်။ နိုင်ငံရေးလာကသားတွေကလည်း သိကြပါတယ်။ ကျနော်တို့က လူထုသတင်းစာတိုက်ကို ဥဒဟိုဝင်ထွက်သွားလာနေတာဆိုတော့ လူထုသားသမီးတွေနဲ့ ကျနော်တို့နဲ့လည်း သိကျွမ်းရင်းနှီးကြပါတယ်။ ကျနော်တို့က ဦးလေး၊ ဒေါ်ဒေါ်တို့နဲ့ အောက်ထပ်အလုပ်စားပွဲမှာ စကားမပြတ်ရင် အပေါ်ထပ် ထမင်းစားပွဲထိ လိုက်သွား စကားပြောကြတာပါ။ အားမနာပါးမနာနဲ့ ထမင်းလည်း ၀င်စားလိုက်ကြသေးတာပါ။ ဒီလိုနဲ့ လူထုမိသားစုနဲ့ ကျနော်တို့တတွေဟာ တကယ့်မိသားစုလို ရင်းနှီးကျွမ်းဝင်လာခဲ့ကြပါတယ်။
လူထုသားသမီးတွေကို သူတို့မိဘတွေက မန္တလေး ခရစ်ယာန်သာသနာပြုကျောင်းမှာ စာသင်စေခဲ့ပါတယ်။ ကျောင်းထုံးစံအတိုင်း နာမည်ပေးကြတော့ ဖိုးသံရဲ့ကျောင်းနာမည်က ‘အိုင်ဗင်လှ’တဲ့။ တရားဝင်နာမည်ကတော့ (မှတ်ပုံတင်ထဲမှာ) ‘မောင်ချစ်ခင်’ဖြစ်ပါတယ်။ ကဗျာရေး စာရေးတော့လည်း နာမည် ၃ မျိုးစလုံး အသုံးပြုတဲ့အပြင် ‘ထွန်းနေအောင်’လို့လည်း ရေးလိုက်ပါသေးတယ်။ ‘ယာတောက သာဗျော’အမည်နဲ့ စာတအုပ်လည်း အမေရိကားမှာ ထုတ်ခဲ့ဖူးပါတယ်။ လူရင်းတွေကတော့ အတိုကောက် ‘ဖိုးသံ’တဲ့။ ဖိုးသံ လူဖြစ်လာတာက လူထုမိသားစုထဲကဆိုတော့ မန္တလေးမှာ လူထုမိသားစုဆိုတာ ‘ထောင်မိသားစု’လို့ လူသိများနေတာပါ။ စာပေမိသားစု၊ ထောင်မိသားစုပါ။ ဒီမိသားစုကလည်း ဒီဘွဲ့အမည်နဲ့ ဆီလျော်လှပါပေတယ်။ လူထုနဲ့ပတ်သက်ဆက်စပ်လာရင် လူထုသတင်းစာ အယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်းလို လူရိုသေရှင်ရိုသေနဲ့ ဘာသာရေးစာတွေရေးနေတဲ့ အဘိုးအိုကြီးကိုသာမကဘူး၊ အရွယ်မရောက်သေးတဲ့ ဖိုးသံချောင်းနဲ့ ညီပုလေးတို့ကိုတောင် မရှောင်ဘူး။ မိသားစုကုန်တော့ တိုက်သားတွေထဲက မောင်နေ၀င်းတို့၊ မောင်စိန်ဝင်းတို့လည်း ပါကုန်တာပေါ့။ သူတို့ကုန်တော့ တိုက်အလုပ်သမားတွေထဲကတောင် ဒါဇင်ဝက်လောက် အဆွဲခံရဖူးသတဲ့။ ကျွန်းကိုတောင် ပါသွားသေး။
အိမ်ထောင်ဦးစီးဖြစ်တဲ့ လူထုဦးလှကတော့ ၅ ကြိမ်တောင် အဖမ်းခံရဖူးသတဲ့။ တကယ်တော့ ဦးလေး လူထုဦးလှကို ဖဆပလ အစိုးရက ဖမ်းဆီးထောင်ချခဲ့တာဟာ ဘာပြစ်မှုမှ ပြလို့ရတာမဟုတ်ပါဘူး။ လူချစ်လူခင်များပြီး သြဇာကြီးတော့ ကြောက်လန့်လာရာက မလိုတမာဖြစ်ပြီး ‘ဆွဲစေ့’ထားတယ်ဆိုတဲ့သဘောပါပဲ။ ဖမ်းဆီးဖို့အမိန့်ပေးခဲ့သူ နိုင်ငံတော်အကြီးအကဲများဟာ သူတို့ အစိုးရမဖြစ်ခင်ကတည်းက ဦးလှနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့ အဖမ်းခံရတဲ့အလှည့်ကျတော့မှ ကိုယ်ချင်းစာမိကြပြီး ဦးလေးထံမှောက် လာရောက်ကြကာ ဦးလေးကို ကန်တော့ဝန်ချတောင်းပန် တိုးလျှိုးကြပါသတဲ့။ ဖြစ်ရလေနော်။
ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးဘက်က ပြောရရင်တော့ ကျနော်တို့မိသားစုဟာ ကြီးပွားရေးမဂ္ဂဇင်းကစပြီး လူထုသတင်းစာ၊ လူထုဂျာနယ်ထိအောင် စွဲစွဲမြဲမြဲ ဖတ်လာခဲ့တာပါ။ မိသားစုသာမက တဆွေတမျိုးလုံး ဖတ်ကြတာပါ။ ကျနော်တို့မိသားစုက မြင်းခြံမြို့နယ်မှာ နွားလှည်းလမ်းသာပေါက်တဲ့ ရွာသိမ်ရွာငယ်လေးတရွာကပါ။ အိမ်ခြေ ၁၀၀ တောင် မပြည့်တဲ့ရွာပါ။ ကျနော်က မြို့ပေါ်တက်ပြီး ကျောင်းနေခဲ့ရတယ်။ ၁၀ တန်းအောင်တော့ မန္တလေးတက္ကသိုလ်ကို တက်ရပါတယ်။ စာပေ၀ါသနာပါလို့မို့ မန္တလေးရဲ့ တခုတည်းသော စာအုပ်တိုက် စာပေတိုက်ဖြစ်တဲ့ ‘လူထုကြီးပွားရေးတိုက်’ကို ၀င်ထွက်ရင်းနှီးကျွမ်းဝင်လာခဲ့တာ ဖြစ်ပါတယ်။ ကျနော်သာမက ကျနော့်မိသားစုရော၊ ကျနော့်သူငယ်ချင်း အပေါင်းအသင်းတွေကရော လူထုမိသားစုနဲ့ ဆက်မိခဲ့ကြပါတယ်။ ဇာတ်စုံခင်းရရင်…
ကျနော်က မြင်းခြံကပါ။ ကျနော့်မှာ ညီတယောက်ရှိတယ်။ မောင်ကျော်ဆွေတဲ့။ ကျနော်က လူထုသားကြီး ကိုစိုးဝင်းနဲ့ မန်းတက္ကသိုလ်ကို အတူရောက်လို့ သူငယ်ချင်းကျောင်းနေဘက် ဖြစ်ခဲ့သလို ကျနော့်ညီကလည်း ကိုစိုးဝင်းရဲ့ညီ ဖိုးသံချောင်းနဲ့ သူငယ်ချင်းဖြစ်လာခဲ့တယ်။
အလားတူပဲ ကျနော့်သူငယ်ချင်း အတန်းတူ မြင်းခြံသား ကိုလေးမောင်ဆိုတာကလည်း မန်းတက္ကသိုလ်ကို အတူရောက်လာခဲ့တယ်။ (ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်လေးမောင်) သူ့မှာလည်း ကျော်ဇံလှဆိုတဲ့ ညီတဦးရှိတယ်။ သူ မန်းတက္ကသိုလ်ကို ရောက်လာတော့ သူ့ညီကလည်း ကိုစိုးဝင်းရဲ့ညီ ဖိုးသံချောင်းနဲ့ သူငယ်ချင်းဖြစ်ကြသတဲ့။
အလားတူပဲ ကျနော့်သူငယ်ချင်း မြင်းခြံသား ကိုအောင်သူတဲ့။ သူလည်း မန်းတက္ကသိုလ်ကျောင်းသားပေါ့။ သူ့မှာလည်း ညီတယောက် မောင်အောင်ငြိမ်းဆိုတာ တက္ကသိုလ်ရောက်လာတော့ ဖိုးသံချောင်းရဲ့သူငယ်ချင်း ဖြစ်လာတယ်။
အလားတူပဲ ကျနော့်သူငယ်ချင်း မြင်းခြံသား ကိုသန်းအောင်တဲ့။ သူနဲ့ကျနော်လည်း တက္ကသိုလ်အတူရောက်တယ်။ သူ့မှာလည်း နှမငယ်လေးတယောက်ရှိတယ်။ မမြင့်မြင့်တဲ့။ သူ တက္ကသိုလ်ရောက်လာတော့ ‘တပ်ဦး၊ တကသ’ရဲဘော်မလေး ဖြစ်လာပြီး ဖိုးသံချောင်းနဲ့ အပေါင်းအသင်းရဲဘော်မလေး ဖြစ်လာခဲ့တယ်။ (သူတို့ တောခိုသွားပြီးတော့ မောင်အောင်ငြိမ်းနဲ့ လက်ဆက်ခဲ့ကြတယ်။)
အလားတူပဲဗျ ကျနော်နဲ့ တက္ကသိုလ်အတူရောက်သူတွေထဲမှာ မန္တလေးသားစစ်စစ်တဲ့ (နာရီစင်ကို ဖက်မွေးတယ်ဆိုသူ) ကိုစိန်မြင့်လည်း ပါလာခဲ့တယ်။ သူက သူ့အဖေ သခင်ဗတုတ်နဲ့အတူ လူထုတိုက်ထဲကို ငယ်စဉ်ကတည်းက ၀င်ထွက်နေတာဆိုပဲ။ လူထုကိုစိန်ဝင်းနဲ့ ငယ်သူငယ်ချင်း ဆိုရမှပေါ့။ တက္ကသိုလ်ရောက်လာတော့လည်း ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ တကသရဲ့ ‘တကသ ပြန်ကြားရေးဗျူရို’မှာ သူ ဥက္ကဌ၊ ကျနော်က အတွင်းရေးမှူး။ ကိုစိုးဝင်း ရန်ကုန်တက္ကသိုလ် မပြောင်းမီအတွင်း အတူလုပ်ခဲ့ကြတာပေါ့။ သူက စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူတိုတာ ဖြစ်လာခဲ့ပါတယ်။ သူ့မှာလည်း ညီတယောက် ပါလာတယ်။ ညီဝမ်းကွဲတဲ့။ မောင်ဌေးလှတဲ့။ သူကတော့ ကိုစိုးဝင်းနဲ့လည်း သူငယ်ချင်း။ ဖိုးသံချောင်းတို့၊ မောင်အောင်ငြိမ်းတို့နဲ့ သူငယ်ချင်းအဖြစ်နဲ့ အတူအဖမ်းခံရသေးသတဲ့။ မန္တလေးထောင်ထဲမှာ စစ်ထောက်လှမ်းရေးကလူတွေ ထုထောင်းနှိပ်စက်တာ လက်လွန်ခြေလွန်ဖြစ်ပြီး အစောကြီး ဆုံးသွားခဲ့ရရှာတယ်။
အလားတူပဲ ကျနော်နဲ့တူ တက္ကသိုလ်ရောက်ပြီး တကသ တပ်ဦးတို့မှာ အတူလုပ်ဖက် ရဲဘော်မတယောက်ရှိတယ်။ အမာစန်းတဲ့။ ရွှေမန်းသူပါ။ သူ့ညီမကတော့ ဗကသမှာ ပါဝင်လှုပ်ရှားတယ်။ မအေးစန်းတဲ့။ သူကလည်း ကိုဖိုးသံတို့၊ မမြင့်မြင့်တို့နဲ့ သူငယ်ချင်းဖြစ်ပြီး ထောင်အတူကျဖူးသတဲ့။ မအေးစန်း (သို့မဟုတ်) ‘မစိမ်းပင်’၊ ‘စောမာန်’ဆိုတာ အမာစန်းရဲ့ညီမပါ။
အလားတူပဲ ကျနော်နဲ့ တက္ကသိုလ်အတူရောက်တဲ့ ရွှေမန်းသူ မခင်စုလှိုင်ဆိုတာ ရှိတယ်။ ရဲဘော်မ သူငယ်ချင်း။ ခုထက်ထိ အဆက်အသွယ်ရှိပါတယ်။ ကျနော်တို့နဲ့အတူ တက္ကသိုလ်နံရံကပ်စာစောင်မှာ ‘အရိုင်း (ရွှေမန်းညာမြေ)’အမည်နဲ့ ကလောင်သွေးဖက်ပေါ့။ နောင်အခါ ရန်ကုန်ပြောင်းသွားပြီး ‘ကေသီလှိုင်’ အမည်နဲ့ ကဗျာဆက်ရေးတယ်။ တက္ကသိုလ်မှာ ဆရာမလုပ်တယ်။ သူ့မှာတော့ မောင်ငယ်တယောက် ရှိလေရဲ့။ အုန်းမြင့်လှိုင်တဲ့။ သူကလည်း ဖိုးသံချောင်းတို့နဲ့ အတွဲဖြစ်လာရာက ကိုကိုးကျွန်းထိ အတူပါသွားခဲ့ပြီး ‘ကျွန်းတက္ကသိုလ်’မှာ ‘နိုင်ငံရေးသိပ၌ံပညာ’ ဆက်လက်ဆည်းပူးခဲ့ကြတယ်။ ကျွန်းကပြန်ရောက်တော့ အထုအထောင်းခံခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲ သက်ဆိုးမရှည်ခဲ့ရှာဘူး။
ဒါတွေကို ဘာကြောင့် လက်တံရှည်မိလဲဆိုတော့ ခေတ်သမိုင်းမှာ သမိုင်းလက်ဆင့်ကမ်းပုံလေးတွေဟာ ကိုယ့်မျက်စိအောက်မှာပဲ အကွက်ကျကျ အဆက်လှလှ မြင်လိုက်မိလို့ပါ။ ဖိုးသံချောင်းကို မဏ္ဍိုင်ထားပြီး ကြည့်လိုက်မိတာကြောင့် မြင်တုန်းမြင်ကြိုက် ဘ၀င်ခိုက်ပြီး ရေးလိုက်မိတာဖြစ်ပါတယ်။
ဖိုးသံချောင်းရဲ့အကို ကိုစိုးဝင်းနဲ့ မောင်စွမ်းရည်တို့က အစပြုကာ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားညီညွတ်ရေးတပ်ဦးမှာ အတူပါဝင်ခဲ့ပြီး ကျောင်းသားအခွင့်အရေးတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲတွေ အတူဆင်နွှဲခဲ့ကြတယ်။ ဒီအလုပ်တွေ၊ ဒီတာဝန်တွေကို ညီတွေနဲ့နှမတွေက လက်ဆင့်ကမ်းပြီး တာဝန်ယူသယ်ဆောင်သွားကြပုံဟာ ကျနော်တို့မျက်စိအောက်မှာပဲ ဖြစ်သွားတဲ့ အကွက်ကျကျ သမိုင်းဖြစ်စဉ်လေးမို့ ဆက်စပ်စုစည်းကြည့်လိုက်မိတာပါ။ နောက်ထပ် တဆင့်ကွန့်ပြီး ပြောစမှတ်ပြုစရာကောင်းတာက ဒီညီတွေ နှမတွေ ညီမတွေ အားလုံးဟာလည်း သူတို့ရဲ့ ‘စီနီယာ’ နောင်တော် အမတော်တွေလိုပဲ နိုင်ငံရေးကို စိတ်ဝင်စားကြသလို စာပေကိုလည်း ၀ါသနာပါကြပြီး ကဗျာတွေ စာတွေ ရေးကြ သွေးကြ လုပ်လာကြသူတွေချည်းပါ။ တချို့က စုပေါင်းပြီးတော့သာမက တဦးချင်းအနေနဲ့လည်း ကဗျာပေါင်းချုပ်စာအုပ်လေးတွေ၊ ဆောင်းပါးပေါင်းချုပ် စာအုပ်လေးတွေ စသည်အတိုအထွာလေးတွေ ပုံနှိပ်ထုတ်ဝေဖူးကြသူတွေ ဖြစ်ပါတယ်။
ကျနော်တို့မျိုးဆက် တပ်ဦး တကသ ရဲဘော်တွေ၊ ရဲဘော်မတွေက စာပေနဲ့နိုင်ငံရေးမှာ ၀ါသနာပါကြသလို ဖိုးသံချောင်းတို့မျိုးဆက်ကလည်း စာပေနဲ့နိုင်ငံရေး ၀ါသနာထက်သန်ကြပုံရပါတယ်။ အထူးသဖြင့် မိဘမျိုးရိုးအရ ဗြိတိသျှကိုလိုနီအစိုးရကိး စာပေနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြရာမှာ အစဉ်အလာကြီးခဲ့လေတော့ ဖိုးသံချောင်းကလည်းပဲ စာပေသမား ကျောင်းသားကျောင်းသူ လူငယ်တွေ စုစည်းစီးဝင်ရာ အချက်အချာသဖွယ် ဖြစ်လာပုံရပါတယ်။ ဒါပေမယ့် ကဗျာစာအုပ်လေးတွေ ထုတ်ဝေရာမှာတော့ သူ့အပေါင်းအသင်းတချို့က သူ့ထက် လက်သွက်လက်ဦးခဲ့ကြပုံရပါတယ်။ သူ့လောက် အပြေးအပုန်း အချုပ်အနှောင် မများခဲ့ကြလို့လည်း ဖြစ်မှာပါ။ သူကတော့ ၂၀၁၈ ကျတော့မှ ကဗျာစာအုပ်လေး ထုတ်ဝေဖို့ စီစဉ်ရပါတယ်။ ဟုတိကဲ့ သူက ကဗျာစာအုပ်ထုတ်ရာမှာ နောက်ကျသလိုရှိပေမယ့် ကဗျာတွေရေးနေခဲ့တာကတော့ အစောကြီးပါ။ စောမှာပေါ့ သူက စာပေမိသားစုထဲကပဲလေ။ သူတို့တိုက်ကထွက်တဲ့ ကဗျာဆရာတွေကကို မနည်းဘူး။ အမေလူထုဒေါ်အမာဆိုတာက သီချင်းတွေကိုသာမက ကဗျာတွေကိုလည်း နှုတ်တက်ရွရွ ရွတ်ဆိုနေလေ့ရှိသူပေကလား။ အမေက ဆရာကြီးမှိုင်းရဲ့ကဗျာတွေကို အမြီးပိုင်းရွတ်ရွတ် ခေါင်းပိုင်းရွတ်ရွတ် ရွတ်နေတတ်သူ။ တင်မိုးက သူတို့လူထုဂျာနယ်မှာ ကိုဖိုးသံ စာမတတ်ခင်ကတည်းက ‘ကန်မြဲ နန်းမြင့်နွယ်’အမည်နဲ့ ကဗျာတွေ ရေးလာခဲ့သူ။ တင်မိုးကဗျာစာအုပ် ဆုရတော့လည်း သူတို့တိုက်ပေါ်က ဖိုးသံချောင်းရဲ့အိပ်ခန်းရှေ့မှာပဲ ဂုဏ်ပြုပွဲလုပ်ခဲ့တာ၊ တင်မိုးရဲ့ကဗျာတွေကိုလည်း အမေမာက သူ့သားကို အလွတ်ရွတ်ဆိုပြခဲ့တဲ့အပြင် စာအုပ်နဲ့လည်းကိုင်ပြီး ဖတ်ပြခဲ့ဖူးသတဲ့။
ကြည်အောင်တို့၊ မောင်စွမ်းရည်တို့ ကဗျာစာအုပ်တွေမှာလည်း လူထုက ထုတ်ခဲ့တာ ဆက်တိုက်ပွဲ။ မောင်သင်္ဂါ၊ တင်မိုး၊ ကြည်အောင်၊ နီမောင်၊ ကိုလေး၊ မြရွှေသော် စတဲ့ ကဗျာဆရာတွေကလည်း ၀င်ကြထွက်ကြ ရေးကြဖွဲ့ကြ ထုတ်ဝေကြတာ သူ့ရှေ့မှာပဲ။ စုပေါင်းကဗျာစာအုပ်လေးတအုပ်မှာရော၊ မောင်စွမ်းရည်ရဲ့ ပထမဆုံး စကားပြေစာအုပ်မှာရော ကိုဖိုးသံက ပန်းချီတောင် ၀င်ဆွဲလိုက်သေး။ အထူးခြားဆုံး ဂုဏ်ယူစရာဖြစ်ခဲ့တာကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို့ မြန်မာပြည်ရဲ့ အကြီးမြတ်ဆုံး ကဗျာဆရာကြီးရဲ့ လေးချိုးပေါင်းချုပ် စာအုပ်ကို လူထုကြီးပွားရေးတိုက်က ထုတ်ခဲ့တာပါ။ ဖိုးသံချောင်းဆိုတာ အဖိုးမှိုင်းရဲ့ကဗျာစာအုပ်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး၊ မောင်စွမ်းရည်တို့ရဲ့ ကဗျာစာအုပ်တွေနဲ့ လုံးလားထွေးလား ကြီးပြင်းလာခဲ့ရသူဆိုတော့ ကဗျာတွေနဲ့ ထုံမွှမ်းနေပြီး ကဗျာတွေကို ရေးဖွဲ့စမ်းမကြည့်ဘဲ နေနိုင်ပါ့မလား။ ဘယ်နေနိုင်မလဲ။ ရေးခဲ့ဖွဲ့ခဲ့တာပေါ့။ သူ အစောကြီးရေးခဲ့တဲ့ကဗျာတွေကို ဖတ်ဖူးသူ နှစ်ယောက်ရှိမယ်ဆိုရင် ကျနော်လည်း တယောက်အပါအ၀င်ဖြစ်တယ်လို့ ကြားဝင်ပြီး အသားယူပါရစေ။
ဇာတ်ကြောင်းပြန်ရရင်တော့ ဒီခေတ်သမိုင်းရဲ့ ‘ဗီလိန်’ကုန်းရုပ်ဖြစ်သူ စစ်အစိုးရကြီးက ပါလာရပြန်တယ်။ မြန်မာပြည် စစ်အာဏာရှင်တို့ရဲ့ နိုင်ငံရေးသမိုင်းမှာ အံ့သြစရာကောင်းတာက အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ကျောင်းသားလူငယ်တယောက်ကို ရိုက်နှက်ကန်ကျောက် ချုပ်နှောင်ဖမ်းဆီးရုံမက ထောင်ချလိုက်ပါသေးတယ်။ ထောင်ထဲမှာလည်း စာမေးပွဲမဖြေရ၊ စာမဖတ်ရ၊ ဘာစာမှလည်း မရေးရ။ တိုင်းတပါးလူမျိုးခြား အင်္ဂလိပ်အစိုးရနဲ့ ဒီမိုကရေစီအစိုးရတို့လက်ထက်က ထောင်ထဲမှာ စာဖတ်ခွင့် စာရေးခွင့် စာမေးပွဲဖြေဆိုခွင့် ပေးခဲ့ပါတယ်။ စစ်အစိုးရကတော့ ဒီလိုလူ့အခွင့်အရေးတွေ အားလုံးပိတ်ဆို့ ရုတ်သိမ်းပစ်ခဲ့ပါတယ်။
ဒါတင်မက ဖိုးသံချောင်းလို၊ အုန်းမြင့်လှိုင်လို လူမမယ်ကျောင်းသားလေးတွေကို ကိုကိုးကျွန်း အကျဉ်းစခန်းထိအောင် ပို့ထားခဲ့ပါသေးတယ်။ ဟိုအရင်အစိုးရလက်ထက်များက အမြင့်ဆုံးရာဇ၀တ်မှုများကိုသာ ကျူးလွန်တဲ့ လူသတ်သမား၊ သူခိုးဓားပြများကိုသာ ပို့လွှတ်ခြင်းခံရတဲ့ သမုဒ္ဒရာအလယ်က လူသူမနီး ကျွန်းတကျွန်းပေါ်မှာ ပို့ဆောင်နေထိုင်စေပြီး လူမဆန်အောင် ကျွေးမွေးနေထိုင်စေခဲ့ပါတယ်။ စစ်အစိုးရက သူတို့အားရအောင် နှိပ်စက်ထုထောင်းလို့မှ မသေနိုင်အောင် အသက်ပြင်းလှတဲ့ နိုင်ငံရေးအကျဉ်းသမားတွေအားလုံးကို ကျွန်းပေါ်မှာ ကဖြစ်ကညစ်နဲ့ သေကြပေရော့ဆိုပြီး ပို့လိုက်တာပါ။ အပို့ခံရသူတွေက ရာဇ၀တ်သားတွေ မဟုတ်ပါ။ ယုံကြည်ချက် အခိုင်အမာစွဲကိုင်ထားတဲ့ နိုင်ငံရေးသမားတွေပါ။ ‘သေနိုင်ရိုးလား’ဆိုတဲ့ သံမဏိနိုင်ငံရေးသမားတွေပါ။ အရက်စက်ဆုံး အယုတ်မာဆုံး စစ်အာဏာရှင်တွေကိုယ်တိုင် သြချကျိုးနွံအောင် ယုံကြည်ချက်ပြင်း၊ အသက်ပြင်းတဲ့ တိုက်ရဲသေရဲ အနာခံရဲကြသူ နိုင်ငံရေးသမားတွေ ဖြစ်ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လူနဲ့သူနဲ့ တူအောင်မထား၊ စာဖတ်စာရေးခွင့်မပေး။ ဒါပေမယ့် သူတို့အားလုံးလိုလို စာပေသမားတွေဖြစ်ကြပါတယ်။ သူတို့အားလုံးလိုလို နှလုံးသားထဲမှာ စာစီကုံးခဲ့ကြပါတယ်။ သူတို့အသည်းပြင်မှာ အက္ခရာတင်ခဲ့ကြပါတယ်။ သူတို့ဦးခေါင်းထဲမှာ သိမ်းဆည်းသိုမှီးထားခဲ့ကြပါတယ်။ ကဗျာဆိုတာက အလွန့်အလွန် စိတ်ထိခိုက်လှုပ်ရှားလွန်းမှ ပွင့်ထွက်ပေါက်ဖွားလာတတ်တာမျိုးပါ။ လိမ်လည်ခံစားလို့လည်းမရ၊ လိမ်လည်ဖွဲ့ဆိုလို့လည်းမရပါ။ ပန်းပွင့်တပွင့်လို သစ်ပင်တပင်ရဲ့ ပင်စည်တခုမှာ သွားပြီးကော်နဲ့ကပ်ထားလို့ လှပလန်းဆန်း မွှေးကြိုင်တဲ့ ပန်းလေးတပွင့်အဖြစ် တွေ့မြင်မြတ်နိုးခွင့်ခံရမယ်မဟုတ်ပါ။ ပန်းပွင့်ဆိုတာက သစ်ပင်သစ်ကိုင်းတခုပေါ်က အလိုလိုသဘာဝအလျောက် ဖူးပွင့်လာရတာမဟုတ်လား။ ဒါမှလည်း ၀င်းစိုလှပ မွှေးမြကြိုင်သင်းတဲ့ ပန်းပွင့်တပွင့်အဖြစ် တွေ့မြင်မြတ်နိုးခံရမှာပါ။ ဘုရားတင်ချင်တင်၊ နတ်တင်ချင်ရင်တင်၊ လူတွေပန်ဆင်ချင်ရင်လည်း ပန်ဆင်ကြပေတော့။
ဖိုးသံချောင်းက သူ့ရဲ့ ရင်တွင်းဖြစ်ကဗျာလေးတွေကို အကျဉ်းထောင်ထဲမှာပဲ မွေးထုတ်လာခဲ့ပါပြီ။ ကံကောင်းလို့ လူကြုံကောင်းရတဲ့အခါ သူ့အမေဆီကို လျို့ဝှက်ပို့ဆောင် အပ်နှံထားခဲ့ပါတယ်။ မိခင်တယောက်အဖို့ သားရဲ့ကဗျာလေးတွေဟာ ‘ရွှေ’ပါ၊ ‘ရတနာ’လေးတွေပါ။ ဒါပေမယ့် အကျဉ်းထောင်ထဲက လျို့ဝှက်ပို့ဆောင်ထားရတာဆိုတော့ ပုံခိုင်းရိုင်းရိုင်းပဲပြောရမယ်ဆိုရင် ‘သူခိုးရွှေရ တပြပြ’လုပ်လို့မရပေဘူး။ သားရွှေသွေးကို ၀မ်းကြာတိုက်မှာ သိမ်းဆည်းလွယ်ပိုးထားခဲ့ရသလို ၉ လ ၁၀ လ မက၊ ၉ နှစ် ၁၀ နှစ်မက၊ ၁၉ နှစ် အနှစ် ၂၀ ဆိုသလို တပွေ့ပွေ့တပိုက်ပိုက် သိမ်းဆည်းထားခဲ့ရရှာတာပါ။ စစ်ဗိုလ်စစ်သား အရိုင်းအစိုင်းတွေက တအိမ်လုံးကို ၀ုန်းဒိုင်းကြဲအောင် ၃-၄ နာရီလောက် မြေလှန်မိုးလှန် ၃-၄ ရက် ဆက်တိုက် မွှေနှောက်ရှာဖွေလို့တောင်မှ မတွေ့အောင် ဘယ်လိုဘယ်နေရာမှာ သိုဝှက်သိမ်းဆည်းထားခဲ့တယ်မသိပါ။ တနေ့တော့ မအောင်နိုင် မဆည်းနိုင်ရှာဘဲ သူ့သားတယောက်လို ယုံကြည်ချစ်ခင်ရသူတဦးကို ခေါ်ယူပြသခဲ့ပါတယ်။ “လာဟေ့ မောင်စွမ်းရည်။ ငါလည်း မအောင့်နိုင်လို့ ပြရဦးတော့မယ်”တဲ့။ မောင်စွမ်းရည်ကလည်း အငမ်းမရ ဖတ်ရှာတယ်။ တံတွေးတွေသီးလို့။ တံတွေးတွေနင်လို့။ ကဗျာဖတ်ရလို့ ကဗျာရဲ့ရသကြောင့် ရင်တဒိတ်ဒိတ်ခုန်ရတာကတမျိုး၊ ခိုးကြောင်ခိုးဝှက် ဖတ်ရတာဆိုတော့ လူမိမှာစိုးရတာကတမျိုး။ လူမသိအောင်ဖတ်ရတဲ့ကိစ္စကို လူမသိတာအကောင်းဆုံးပေါ့။ သူပုန်ခေတ်မှာ စစ်ပြေးရင်းက ကျနော့်အမေနဲ့ကျနော်တို့ ဘိုးဘွားအမွေဆိုင် ရွှေငွေရတနာထုပ်ကို လူမမြင်သူမမြင်အောင် မြေမြှုပ်ခဲ့တုန်းက ခံစားမှုမျိုးနဲ့ တူသလိုပါပဲ။
ကျနော် ကဗျာဖတ်နေတာကို ဒေါ်ဒေါ်က တော်တော်လေးကြာအောင် ဘေးနားကနေ စူးစိုက်နားစွင့်နေရင်း ထိုင်ကြည့်နေရှာပါတယ်။ အတန်ကြာတော့ “ဘယ့်နှယ့်လဲ”တဲ့။ “ကဗျာအနေနဲ့ ဘယ့်နှယ့်လဲ”တဲ့။ “ဒေါ်ဒေါ်ရယ် နှလုံးသားက လာတာဆိုတော့ ကောင်းတာပေါ့။ ခံစားမှုကလည်း ပါတယ်။ မူလကလည်း စာပေသမားဖြစ်တယ်ဆိုတော့ စာပေဝေါဟာရကလည်း အတန်အသင့် ကြွယ်ဝပြီးဖြစ်နေတယ်ဆိုတော့ ကဗျာဖြစ်အောင် ရေးနိုင်ဖွဲ့နိုင်တာပေါ့။ ကျနော်တောင် ဒါမျိုးလေးတွေ ရေးခွင့်ဖွဲ့ခွင့် ကြုံချင်လိုက်တာ” လို့ လွှတ်ကနဲ ဆက်ပြောလိုက်မိပါတယ်။ ဒေါ်ဒေါ်က ကျနော့်ကို အလန့်တကြား အော်လိုက်ပြီး လက်နဲ့လှမ်းပုတ်လိုက်ပါသေးတယ်။ “ဟဲ့ ဟဲ့… ဒါမျိုး နိမိတ်မရှိ နမာမရှိ မပြောစမ်းနဲ့။ ထောင်ကျတယ်ဆိုတာ ကောင်းတာမဟုတ်ဘူးဟဲ့” လို့ ပြောလိုက်ရှာပါတယ်။
“တနေ့တော့ ငါ့သားကဗျာလေးတွေကို ငါတို့ စာအုပ်အဖြစ် ထုတ်ကြရမှာပေါ့ကွယ်”တဲ့။ ခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီကော။ ရာစုနှစ် ထက်ဝက်ကျော်ခဲ့ပါရော့လား။ ၁၉ နှစ်သားအရွယ် လူမမယ်က ဖမ်းဆီးခံခဲ့ရ၊ ရိုက်နှက်ထုထောင်းခံခဲ့ရ၊ တကျွန်းကို အပို့ခံခဲ့ရတဲ့ ကဗျာဆရာပေါက်စလေးဟာ ခုအခါဆိုရင် အဘိုးကြီးအိုပေါက်စ ဖြစ်နေပါရော့လား။
ဘာပဲဖြစ်ဖြစ် ရက်စက်ယုတ်မာလွန်းလှတဲ့ စစ်အစိုးရရဲ့ လက်ကြိုလက်ကြားက မသေကောင်းမပျောက်ကောင်း လွတ်ထွက်လာခဲ့တဲ့ ကျောင်းသားအကျဉ်းသားလေးရဲ့ ကဗျာလေးတွေဟာ ခုအခါမှာတော့ စာဖတ်ပြည်သူတွေရဲ့မျက်မှောက်ကို ချပြခွင့် ရလာတော့မှာပါကလား။ ဒီမိုကရေစီ မစီ့တစီလေးရဲ့ ကျေးဇူးတော်ကိုက ကြီးလှပါဘိတောင်း။ နိုင်ငံရေးအကျဉ်းသားတွေအဖြစ်နဲ့ သမုဒ္ဒရာအလယ်က လူသူမနီးတဲ့ ကျွန်းကလေးတကျွန်းပေါ်မှာ ကမ္ဘာဦးလူသားတွေပမာ နေထိုင်ရုန်းကန်ကြရပုံတွေကို မကြုံစဖူး ထူးကဲစွာ ဖတ်ကြရတော့မှာပါ။ အမျိုးသားစာပေအကဲဖြတ်အဖွဲ့ဝင်တွေလည်း ခြေတုန်လက်တုန် ရင်တုန်ပန်းတုန်နဲ့ ဖတ်ကြရတော့မယ်။ ၀တ်ကျေတမ်းကျေပဲဖြစ်ဖြစ်ပေါ့။
ကိုကိုးကျွန်း သူရဲကောင်းတဦးဖြစ်သူ ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင် ကွယ်လွန်တော့ စာရေးဆရာတွေနဲ့ သူရဲ့စာဖတ်ပရိသတ်အပြင် ရဟန်းသံဃာတော်တွေ၊ သီလရှင်တွေအစ သုဘရာဇာတွေအဆုံး အားလုံး လူစုံတက်စုံဆိုသလို ကြံတော်သုဿန်ကို လိုက်လံပို့ဆောင် သဂြ`ီုဟ်ခဲ့ကြပါတယ်။ အသုဘပန်းနဲ့ပတ်သက်ရင် အယူသည်းတတ်တဲ့ မြန်မာအမျိုးသမီးလေးများက အသုဘပန်းခွေက ပန်းပွင့်ကလေးတွေကို တပွင့်စီ အလုအယက် ဆွဲဖြုတ်ခူးယူကြကာ သူတို့ရင်ဘတ်မှာ ထိုးစိုက်ပန်ဆင်ပြီး အိမ်ပြန်ခဲ့ကြပါတယ်။ ဒီအကြောင်းကို သက်ကြီးဝါကြီး စာရေးဆရာကြီး ပါရဂူက တခမ်းတနား မော်ကွန်းတင်ခဲ့ပါတယ်။ ဒီစာကို ဖိုးသံချောင်းကလည်း ဖတ်လိုက်မိပါလိမ့်မယ်။ ဒီအကြောင်းကိုပဲ သူက ကဗျာဖွဲ့ဆိုပြီး နိဂုံးမှာ “သူလို သေချင်လိုက်တာ”တဲ့။ ဂုဏ်ယူအားကျစွာ ဖွဲ့ဆိုခဲ့ပါတယ်။ ကျနော်လည်း ထိတ်လန့်တကြား ဖြစ်သွားလိုက်မိပါတယ်။ သူ့အမေရဲ့ရှေ့မှောက်မှာသာ ခုလိုပြောဆိုမိရင် “ဟဲ့… မပြောကောင်းဘူး”လို့ လူကိုတောင် အလန့်တကြား ပုတ်ခတ်တားမြစ်ရှာပေလိမ့်မယ်။ ကျနော့်ကိုလည်း ဒီလိုတားမြစ်ခဲ့ဖူးတာမဟုတ်လား။
ဖိုးသံချောင်းရဲ့ ကဗျာတွေထဲမှာ အများဆုံးနဲ့ အထိခိုက်ဆုံးလို့ဆိုရမယ့် ကဗျာတွေကတော့ ဆရာဗန်းမော်တင်အောင်ကို ဂုဏ်ပြုဖွဲ့ဆိုသလို ဖွဲ့ဆိုရေးစပ်ထားတဲ့ သံမဏိသူရဲကောင်းဘွဲ့ ကဗျာတွေပဲဖြစ်ပါတယ်။ တပုဒ်က အမည်မသိ အညတရ ရဲဘော်လေးတယောက်အကြောင်းကို ဖွဲ့ဆိုထားတာပါ။ ဒါပေမယ့် မျက်ရှည်နဲ့ ယူကြုံးမရ တမ်းတဖွဲ့ဆိုထားတာဆိုတော့ ကဗျာမှာ စွတ်စိုနေတဲ့ မျက်ရည်စက်များဟာ ဒီကနေ့ ကဗျာဖတ်သူတွေဆီကိုလည်း ဖိတ်စင်စွတ်စိုစေမှာ မလွဲပါဘူး။
ကျနော်တို့တတွေမှာ ရှေးပဒေသရာဇ်ခေတ်က ဘုန်းတော်ဘွဲ့တွေကိုသာ ဖတ်ရှုကြီးပြင်းခဲ့ရတာ မဟုတ်လား။ ကိုလိုနီခေတ်ရောက်တော့မှ တဦးထီးတည်းစာဆို အဘိုးသခင်ကိုယ်တော်မှိုင်းရဲ့ ၀ံသာနုဂုဏ်ပြုကဗျာတွေကို ဖတ်ကြနာကြရတာမဟုတ်လား။ ဟော ဒီဘက်ခေတ်ရောက်တော့မှ ဒီခေတ်ရဲ့ ထူးခြားတဲ့လက္ခဏာတရပ်ဖြစ်တဲ့ ကဗျာတမျိုးကို ဖတ်ကြရပြန်ပါပြီ။ အဖိနှိပ်ခံရရုံမက အနှိပ်စက်ခံ၊ အညှဉ်းဆဲခံ နိုင်ငံရေးအကျဉ်းသား ပြည်သူ့ဘက်တော်သားတွေရဲ့ သူရဲကောင်းဘွဲ့လို့ ဆိုနိုင်တဲ့ ကဗျာသစ်တမျိုးကို ကျနော်တို့ ဖတ်နေကြရပြန်ပါပြီ။
ခေတ်ပေါ်ကဗျာဆိုတာ ဘာလဲ။ အမျိုးမျိုး ဖွင့်ဆိုရေးသားနေကြလေရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ‘ဒီခေတ်မှာ ရေးဖွဲ့လို့ ဒီခေတ်ရောက်မှာ ပေါ်ပေါက်လာတဲ့ ဒီခေတ်ရဲ့ခံစားမှုကဗျာတမျိုး’လို့ ပြောလိုက်ရင်တော့ မှားနိုင်ဖွယ်ရာမရှိပါ။ ကဗျာဆရာ ဖိုးသံချောင်းရဲ့ ကဗျာတွေမှာ လွှမ်းမိုးနေတာတွေက ဒီခေတ်ရဲ့တနေရာမှာ နှိပ်စက်ညှဉ်းပမ်းမှုတွေကို သူမတူအောင် ခံခဲ့ကြရပြီး သူမတူအောင် အန်တုဗလပြုခဲ့ကြတဲ့ သံမဏိသူရဲကောင်းတွေရဲ့ ဂုဏ်ရည်တွေကို ညွှန်းဆိုဂုဏ်ပြု ဖွဲ့စပ်ထားတာတွေ ဖြစ်ပါတယ်။ ဂုဏ်ပြုကဗျာတွေထဲမှာ ထောင်ထဲ၊ တောထဲ၊ ကျွန်းပေါ်က သူရဲကောင်းတွေအပြင် ကဗျာဆရာကြီး မင်းသုဝဏ်လည်း ပါဝင်ပါတယ်။ စာရေးဆရာ၊ ကဗျာဆရာအစစ်ဟူသမျှဟာ မတရားမှုကို ဆန့်ကျင်အန်တုရာမှာ ရှေ့ဆုံးက ပါဝင်မြဲဖြစ်ပါတယ်။ ဒါကြောင့် မင်းမျက်သင့်ခံရတော့လည်း စာရေးဆရာ၊ ကဗျာဆရာတွေ ရှေ့တန်းက ပါလာခဲ့ကြပါတယ်။ ‘ဒို့အရေး’ကို နှုတ်နဲ့ကြွေးကြော်ရာမှာ အများနည်းတူ ပါဝင်ခဲ့ကြတာနဲ့မပြီးသေး မရပ်သေးဘဲ စာနဲ့လည်း ရေးကြ ကြွေးကြော်ကြတာကို အနန္တသူရိယအစ၊ ဦးပုညအလယ်၊ တင်မိုးအဆုံး ဆိုပါတော့။
ဖိုးသံချောင်း ဂုဏ်ပြုဖွဲ့ဆိုရာမှာ လူထုစိန်ဝင်းလည်း မပါမဖြစ် ပါဝင်ပါတယ်။ လူထုစိန်ဝင်းဆိုတာကလည်း စစ်ထောက်တွေ ပတ်လည်ဝိုင်းရံလျက်ရှိတဲ့ လူထုသတင်းစာတိုက်ကနေ ရေပတ်လည်ဝိုင်းရံလျက်ရှိသော ကိုကိုးကျွန်းအထိ အတူနေခဲ့ကြရတာကိုး။ တယောက်က သေနတ်ဆွဲပြီး တိုက်ပွဲဝင်နေချိန်မှာ ကျန်တယောက်က ကလောင်ဆွဲပြီး တိုက်ပွဲဝင်ခဲ့တယ်။ ညာလက်က လေဖြတ်သွားတော့ ဘယ်လက်နဲ့ ဆက်ရေးပြီး တိုက်ွဲဝင်တဲ့လူမျိုး။ ဖိုးသံချောင်း ဂုဏ်ပြုရေးဖွဲ့ထားသူတွေဟာ ကျနော်နဲ့လည်း မစိမ်းပါဘူး။ ကျနော်တို့ ချစ်ခင်လေးစားကြသူတွေပါပဲ။ သခင်ခင်အောင်တဲ့၊ လေထီးဦးအုန်းမောင်တဲ့၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့် စတဲ့ ရဲဘော်ကြီးတွေမဟုတ်လား။ ကျနော် မန္တလေးက ရန်ကုန်ကို ပြောင်းရွှေ့လာချိန်မှာ ဒီဆရာကြီးတွေကို မကြာခဏတွေ့ဆုံပြီး ဂါရ၀ပြုခဲ့ရပါတယ်။ သူတို့လည်း ကျနော့်ကို လူထုမိသားစုဝင်အဖြစ် အသိအမှတ်ပြုထားကြပါတယ်။ ကျနော့်မျက်စိထဲမှာ ဖိုးသံချောင်းကို ငယ်ဓလေ့ဘ၀နဲ့သာ ကျွမ်းဝင်ခဲ့ကြရတာ။ ရဲဘော်ကြီးများအဖို့တော့ သူတို့နဲ့ တိုက်ဖော်တိုက်ဖက် သွေးသောက်ရဲဘော်ကြီးတဦးပေကိုး။ ဖိုးသံချောင်း ဖွဲ့ဆိုထားသူတွေထဲမှာ ရဲဘော်ကြီးတွေသာမက ကိုဌေးလှ၊ ကိုထက်မိုး၊ ကဗျာဆရာမလေး စောမာန် တို့လို လူငယ်လူရွယ်တွေအကြောင်းလည်း ပါဝင်ပါတယ်။ ရှေးအကျဆုံးပုဂ္ဂိုလ်ကတော့ သူ့မိဘတွေခေတ်က ဗိုလ်အောင်ကျော်ပါပဲ။ ဒီလိုဂုဏ်ပြုဖွဲ့ဆိုထားသူတွေထဲမှာ ‘ကျနော်တို့ ဒေါ်ဒေါ်’လည်း ပါဝင်ပါတယ်။ မီးဖိုချောင်ထဲက အညတြဒေါ်ဒေါ်တဦးကို ဂုဏ်ပြုဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။
စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ကို ဒီနေရာမှာ သတိရမိပါတယ်။ ဆရာမကြီးက စာရေးဆရာလူငယ်တွေကို သြ၀ါဒပေးဖူးတယ်။ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်အောင်ဆန်းတို့ နိုင်ငံရေးလုပ်နေကြတုန်းက သူတို့ရဲ့နောက်ကွယ်ကနေပြီး သူတို့ကို ချက်ပြုတ်ကျွေးမွေး၊ သူတို့အ၀တ်တွေကို ဖွတ်လျှော်ပြုစုခဲ့တဲ့ မီးဖိုချောင်နိုင်ငံရေးသလား ဒေါ်ဒေါ်တယောက်ကို စာပေသမားတွေက ဂုဏ်ပြုဖွဲ့ဆိုဖို့ မေ့နေခဲ့ကြတယ်တဲ့။ ဒီလို အညတြသူရဲကောင်းတွေကို ဂုဏ်ပြုဖွဲ့ဆိုရာမှာ မမေ့မကျန်ရစ် မချန်ခဲ့ကြဖို့ သြ၀ါဒပေးတာပါ။ ကျနော်တို့ ကိုဖိုးသံချောင်းကတော့ ထောင့်စေ့ပါပေတယ်လို့ ပြောရပါမယ်။ ဒါပေမယ့် ကိုဖိုးသံက သူ့ဒေါ်ဒေါ်ကို အမည်ဖော်မထားပါဘူး။
အမည်နာမနဲ့ ထုတ်ဖော်ဂုဏ်ပြုဖွဲ့ဆိုထားတဲ့ ကဗျာတွေထဲမှာ ‘အနီရဲ့မှတ်ကျောက် နီအောင်မေသု’ ဆိုတဲ့ ကဗျာကိုလည်း ကျနော် အထူးအမှတ်တရဖြစ်မိပါတယ်။
‘ဒီလိုပုဂ္ဂိုလ်မျိုးကို
သိကျွမ်းခဲ့၊ ရဲဘော်ခေါ်ခွင့်ရခဲ့လို့
ငါ့ဘ၀ဟာ ဒုလ္လဘတပါးလို့
ကြေညာလိုက်မယ်…..’တဲ့။
…………
‘သူ့အကြောင်း
ကျမ်းတစောင် ပေတဖွဲ့
ရေးနိုင်စွမ်းမရှိတဲ့ ငါ့အဖြစ်
အမှန်ပဲ ၀မ်းနည်းမိပါရဲ့…
ဒါပေမယ့် တကယ်လို့များ
တနေ့မှာ
ငါ့အကြောင်း ရေးတဲ့သူရှိရင်
‘နီအောင်မေသုရဲ့
တိုက်ဖော်တိုက်ဖက် ဖြစ်ဖူးတယ်’
ဆိုတဲ့စာကြောင်း ထည့်ဖြစ်အောင် ထည့်ပေးပါလို့
ကြိုတင်တောင်းပန်ချင်ပါတယ်…’ တဲ့။
တိုက်ဆိုင်ချက်ကတော့ ကျနော်က သူ့အကြောင်း ရေးနေတာမဟုတ်လား။ သူ့ကို သူပုန်ကဗျာဆရာတယောက်အနေနဲ့ ကျနော်က ရေးနေတာ ဖြစ်ပါတယ်။ ဒီတော့ ကျနော်က သူပန်ကြားထားတာကို လိုက်လျောရတော့မှာပေါ့။ “ကျောင်းသားသူပုန် ကဗျာဆရာဖိုးသံချောင်းဟာ နီအောင်မေသုရဲ့ တိုက်ဖော်တိုက်ဖက် ဖြစ်ဖူးတယ်”တဲ့ ကိုဖိုးသံ ကျေနပ်ပေတော့။
ကျနော်ကလည်း အားကျမခံ မှာကြားလိုက်ချင်ပါတယ်။ နောင်အခါ ကျနော့်အကြောင်းလေးများ ရေးဖြစ်ကြရင် “မောင်စွမ်းရည်ဟာ ရဲဘော်ဖိုးသံချောင်းရဲ့ ကဗျာစာအုပ်မှာ အမှာစာရေးဖူးပြီး၊ မောင်စွမ်းရည်ရဲ့ စာအုပ်မှာလည်း ရဲဘော်ဖိုးသံချောင်းက အမှာစာရေးဖူးတယ်”လို့။ ဟုတ်ကဲ့။ ကျနော့်ရဲ့ “လူထုနဲ့နိုင်ငံရေး”ဆိုတဲ့ စာအုပ်ငယ်မှာ ရဲဘော်ဖိုးသံချောင်းက အမှာစာ ချီးမြင့်ပေးခဲ့ဖူးပါတယ်။ ကျနော့်ရဲ့ မိဘသဖွယ်ဖြစ်တဲ့ လူထုဦးလှ လူထုဒေါ်အမာတို့ရဲ့ အမှာစာ တသီးတခြား ကျနော့်စာအုပ်တွေမှာ မပါဖူးခဲ့ပါတကားလို့ တအံ့တသြ ပြန်လည်သုံးသပ်မိတာလေးကိုပါ တခါတည်း ရေးလိုက်ပါရစေ။ ငါ့နှယ်နော် ဖြစ်မှဖြစ်ရလေလို့။
ဖိုးသံချောင်းဟာ ငယ်စဉ်ကတည်းက ပြင်သစ်စာ၊ အင်္ဂလိပ်စာတွေကို တတ်ကျွမ်းခွင့် ရခဲ့ပါတယ်။ ခုတော့ တရုတ်စာ၊ ရှမ်းစာ၊ ကချင်စာတွေပါ သင်ယူဆည်းပူးခွင့် ရနေမှာပေါ့။ ဦးလေးလှတို့၊ ကိုသာနိုးတို့လို ထောင်ထဲမှာလည်း စာပေဆည်းပူးခွင့်ရခဲ့ရင် မင်းလတ်ရဲခေါင်တို့လို၊ မောင်သာနိုးတို့လို ဘာသာဗေဒပညာရှင်တဦး ဖြစ်လာမှာပဲလို့ မျှော်လင့်အားထားနိုင်ခဲ့မှာပါ။ မြန်မာပြည် မြန်မာလူမျိုးတွေမှာ ဘာသာစကားပညာရှင်ရယ်လို့ ပေါက်ပေါက်ရောက်ရောက် ဖြစ်လာသူက ရှားပါးနေဆဲပါပဲ။ စမ်မိလို့ ပြောရရင် လူထုဒေါ်အမာက ကျနော့်ကို စာပေဝေဖန်စာတွေ ရေးဖို့အတွက် တာဝန်ပေးထားတဲ့ကာလမှာ မြန်မာစာအုပ်တွေအပြင် အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ဝတ္ထု၊ ကဗျာဆိုင်ရာစာအုပ်တွေကိုလည်း ဖတ်ချင်တာရှိရင် ၀ယ်ပါလို့ ခွင့်ပြုထားပါတယ်။ ဘာစာအုပ်တွေပဲ ၀ယ်လာဝယ်လာ လူထုတိုက်ကပဲ ငွေချေပေးခဲ့ပါတယ်။ ပြင်သစ်လိုရေးထားတဲ့ ပင်ဂွင်းတိုက်ထုတ် ကဗျာစာအုပ်လေးများ တွေ့ခဲ့ရင်လည်း ငါ့သားဖိုးသံချောင်းဖို့ ၀ယ်ခဲ့ပါ တဲ့။ အဲဒီတုန်းက ထောင်ထဲမှာ စာဖတ်ခွင့် ရသေးတယ်နဲ့တူပါတယ်။ ဒါကြောင့် သူ့အနေနဲ့ နိုင်ငံခြားကဗျာတွေကိုလည်း ဖတ်ရှုခံစား ဘာသာပြန်ချင်တာလေးတွေ ရှိခဲ့ပုံရပါတယ်။ ဒီကဗျာပေါင်းချုပ်စာအုပ် ပြင်ဆင်ရာမှာလည်း ရှယ်လီ၊ ဗားတော့ဘရက်၊ ပါဘလိုနီရူးဒါး၊ ဂျိမ်းစ်အိုပင်းဟိုင်းမ်တို့ရဲ့ ကဗျာ ဘာသာပြန်လေးတွေ ပါလာတာ တွေ့ရပါတယ်။ တရုတ်ကဗျာ ဘာသာပြန်ကိုတော့ မတွေ့ရသေးပါ။ နောင်ကြုံရင် ဘာသာပြန် ကဗျာစာအုပ်တအုပ် ထုတ်နိုင်အောင် အားထုတ်ပါဦးလို့ ကျနော်ကပဲ ကိုဖိုးသံချောင်းကို ကြုံတုန်း ပန်ကြားလိုက်ရပါတယ်။ မြန်မာလူငယ်တွေမှာက နိုင်ငံခြားကဗျာအတွေ့အကြုံ အလွန်နည်းနေလျက်ပဲ ရှိပါသေးတယ်။
ဒီနေရာမှာလည်း ကြုံကြိုက်လို့ ပြောလိုက်ပါရစေ။ ဖိုးသံချောင်းတို့ သားအမိဟာ ဟိုချီမင်းအထ္ထုပ၌တ္တိ၊ ဟိုချီမင်းကဗျာတွေကို မြန်မာပြည်မှာ ပထမဦးဆုံး ဖတ်ရှုလေးစား စိတ်ဝင်စားခဲ့သူတွေပါ။ အမေ လူထုဒေါ်အမာက ဟိုချီမင်းအထ္ထုပ၌တ္တိ စာအုပ်တအုပ် ပြုစုခဲ့ဖူးပါတယ်။ တနေ့တော့ ကျနော့်ဆီကို လူထုသတင်းစာပို့သူတဦးကတဆင့် ထင်ပါရဲ့ အမေလူထုဒေါ်အမာက ဟိုချီမင်းရဲ့ ‘ထောင်တွင်းနေ့စဉ်မှတ်တမ်း’ ကဗျာစာအုပ်လေးတအုပ် ပို့လိုက်ပါတယ်။ ဖိုးသံချောင်းက မောင်စွမ်းရည်ကို ဘာသာပြန်ခိုင်းပေးပါဆိုလို့တဲ့။ ဖိုးသံချောင်းရဲ့ တိုက်တွန်းချက်နဲ့ ၁၉၆၅ ခုနှစ်ထဲမှာ ကျနော်ဟာ ဟိုချီမင်းရဲ့ အကျဉ်းထောင်ဒိုင်ယာရီ ကဗျာပေါင်းချုပ်စာအုပ်ကို ‘အကျဉ်းထောင်က ပလွေသံ’ ခေါင်းစဉ်နဲ့ ဘာသာပြန်ခဲ့ရာမှာ တင်မိုးနဲ့ ကိုညိုကြီးတို့က ဆွဲယူပြီး စာအုပ်ထုတ်လိုက်ပါတယ်။ စာအုပ်တိုက်အမည်က ‘ဖန်မီးအိမ် စာအုပ်တိုက်’ တဲ့။ ၁၉၆၆ ခု၊ မတ်လထဲကျမှ ထွက်လာပါတယ်။ ခုအခါ ဒုတ်ယအကြိမ်တောင် ရိုက်ပြီးသွားခဲ့ပါပြီ။ လူထုညီအကိုတတွေ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ဖိုးသံချောင်းတို့ဟာ တကယ်တော့ ကဗျာတောမှာ စဉ်ဆက်မပြတ် လုံးထွေးနေခဲ့တာပါလားလို့ လွမ်းမောမဆုံး ဖြစ်သွားခဲ့ရပါတယ်။ ခုတော့ မောင်စွမ်းရည်ကပဲ ဖိုးသံချောင်းကို တပြန်ပန်ကြားရပြန်ပါပြီ။ ပြင်သစ်ဘာသာကဖြစ်ဖြစ်၊ တရုတ်ဘာသာကဖြစ်ဖြစ်၊ ရှမ်း၊ ၀၊ ကချင် တိုင်းရင်းသားဘာသာတွေကဖြစ်ဖြစ် ကဗျာတွေ ဘာသာပြန်စမ်းပါလို့…။ သူလုပ်နိုင်စွမ်းတဲ့ အလုပ်ပဲမဟုတ်လား။
‘ဟိုချီမင်းရဲ့ အကျဉ်းထောင်ဒိုင်ယာရီ’ ကဗျာစုဟာ ဖိုးသံချောင်းအတွက် နိမိတ်ပြလေရော့သလားလို့ မြန်မာဆန်ဆန်တွေးပြီး မှတ်ချက်ပေးလိုက်ချင်ပါတယ်။ ခု သူကြိုက်ပြီး သူဘာသာပြန်ခိုင်းခဲ့တဲ့ ကဗျာမျိုးတွေကို သူကိုယ်တိုင် ရေးသားထုတ်ဝေနေရပြီမဟုတ်လား။ ဒါပေမယ့် သူ့ကဗျာတွေမှာ ပလွေသံမပါဘဲ တက်ခေါက်သံ၊ အံကြိတ်သံ၊ ဗုံးသံ၊ သေနတ်သံတွေ များနေတယ်။ သူ့ဖခင်ကြီးက ‘ထောင်နှင့်လူသား’ တဲ့။ သူ့မိခင်က ‘ထောင်နှင့်မိခင်’ တဲ့။ သူ့စာအုပ်အမည်ကို သူ ဘယ်လိုပေးမလဲမသိ။ ကျနော်က လက်ယားလာပြီ။ ‘ထောင်နှင့်ကဗျာ’လို့ အမည်ပေးလိုက်ချင်မိပါတယ်။ သို့မဟုတ် ‘ကျွန်းနှင့်လူသား’။ ဒါကတော့ ကျနော့်လုပ်ပိုင်ခွင့် မဟုတ်ပါ။
ဖိုးသံချောင်းဟာ ကမ္ဘာကျော်ပုံပြင်ဆရာကြီး လူထုဦးလှရဲ့သားဆိုတာ အထူးပြောစရာမလိုပါ။ ကျနော်တွေးမိလိုက်တာတခုက သူဟာ ပုံပြောဝါသနာကို သူ့ဖခင်ကြီးဆီက ဆက်ခံရရှိနိုင်ဖွယ်ရှိတယ် ဆိုတဲ့အချက်ပါ။ ဦးလေးရဲ့ ပုံပြင်တွေထဲမှာရော၊ ဗုဒ`ဓ၀င်ပုံပြင်တွေထဲမှာရော ကျီးဖိုနဲ့ကျီးမ၊ ဒေါင်းဖိုနဲ့ဒေါင်းမ စတဲ့ ငှက်ဖိုငှက်မ စကားပြောခန်းတွေ ပါလေ့ရှိပါတယ်။ ဖိုးသံချောင်းရဲ့ ကဗျာတွေထဲမှာတော့ ခိုမောင်နှံ စကားပြောတာရယ်၊ ကျီးနဲ့ကြက်တူရွေး စကားပြောတာရယ် တွေ့လိုက်ရပါတယ်။ ဒါဟာဖြင့် ‘မြန်မာ့ရိုးရာဓာတ်ခံ’ Burmese Folk Element လေးတွေ ပါနေလေရဲ့လို့ မှတ်ချက်ပေးနိုင်မယ် ထင်ပါတယ်။ ခေတ်ပေါ်အကြောင်းအရာ၊ ခေတ်ပေါ်ခံစားမှုတို့ကို ရိုးရာဓာတ်ခံနဲ့ ခင်းကျင်းပြောပြဖို့ အားထုတ်မှုတခုလို့ ဆိုနိုင်ပါတယ်။ သရော်သံလေး ပါနေပါတယ်။ ပြုံးရတာပေါ့။ သူ့ကဗျာတွေထဲမှာ အံကြိတ်ရတာတွေက များတယ်မဟုတ်လား။ ပြုံးစရာလေးတွေလည်း ပါဦးမှပေါ့။
ကဗျာဆရာတွေဆိုတာ ကဗျာကို ‘ခံစားမှု’တခုခုနဲ့ ရေးဖွဲ့ကြတာမဟုတ်လား။ ‘ရင်ခုန်းသံ’လို့ တချို့က ဆိုလေ့ရှိပါတယ်။ ရဟန်းစာဆိုများတောင်မှ ‘ကလျာဖူးစသစ်၊ ပျိုမြစ်မြစ်လျှင်’ ဆိုတာမျိုးတွေက စတင်ရေးဖွဲ့ခဲ့တာကလား။ နိုင်ငံရေးသမားဆိုတာလည်း ‘အသည်းနှလုံးနဲ့ပါ’လို့ ပြောချင်ကြမယ်ထင်ပါတယ်။ ဖိုးသံတို့လည်း အရိုးခံနဲ့ အပိုးသန်ခဲ့တာလေးများ ရှိခဲ့ပေမှာပေါ့။ ရှိခွင့်ရှိပါတယ်။ ‘ချစ်သူနဲ့ယှဉ်ရာမှာ’ဆိုတဲ့ ကဗျာလေးမှာ စတင်ဖွင့်လိုက်ပုံက…
‘၀ဲလည်ဝဲလည် မျက်နှာလေးရယ်က
ဘယ့်နှယ်ဘယ့်နှယ် ဘယ်လိုပျောက်တာလဲ
ဦးနှောက်ဟာ ချာချာလည်လို့
ဒေါင်းတောက်အောင် ရှာပါသော်လည်း
ပေါ်မလာ မျက်နှာလေးဟာဖြင့်
ခက်ပါသေးတယ်…’ တဲ့။
‘အလှရှာပုံတော်’ကလေး ဆိုပါစို့။ ဒါပေမယ့် ဘာသာရေးသမားများဟာ မယားနဲ့ အိပ်ယာဝင်စကားပြောတာတောင်မှ သစ္စာလေးပါးနဲ့ နိဂုံးချုပ်ရသတဲ့။ နိုင်ငံရေးသမားများကလည်း တော်လှန်ရေးသစ္စာတရားတွေနဲ့ နိဂုံးချုပ်ထားလေရဲ့ဆိုပြီး လောကသဘာဝတခုကို တွေ့လိုက်ရပြန်တော့လည်း ပြုံးရတော့မလိုလိုပါပဲ။ အလို! ဒီကဗျာက ‘လေးချိုး သံချို’ဆိုတဲ့ (ခေတ်စမ်းစာဆို ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့ ရေးဖွဲ့လေ့ရှိခဲ့တဲ့) ကဗျာအသွားများနဲ့ ဖွဲ့ဆိုထားတာပါကလား။ ‘အမျိုးသားဟန်’လေးတခုဆိုတော့ လှပါပေရဲ့။ ဒါပေမယ့် အမျိုးသားဟန်ကလည်း အချိုးသွားမှန်ပါမှ ပွဲတိုးပေမယ်။ လေးပိုဒ်လေးချိုး ပါရှိရုံနဲ့ မပြီးပေဘူး။ တတိယပိုဒ်မှာ ‘အလှည့်အချိုး’ကလေးတခု ပါရတယ်။ အထက်နှစ်ပိုဒ်ရဲ့ အဆုံးသံနဲ့ လှည့်ပြီးမှ အချိုးချရပါတယ်။ ချိုးရဲ့လား ချိုးထားပါတယ်။ ဒါ့ကြောင့် အမျိုးသားဟန်မှာ အချိုးအသွားလည်း မှန်ပါကြောင်း။ ခုခေတ်မှာ လူငယ်တော်တော်များများက ကာရန်မဲ့ စပ်နည်းမဲ့ ရေးဖွဲ့နေကြတာမဟုတ်လား။ စာချိုးတွေနဲ့ ရေးဖွဲ့လာရင် ‘ဘာကြီးလဲ’လို့ အာမောဋိတ် ပြုကောင်းပြုပေလိမ့်မယ်။ တနေရာမှာ ‘ကာချင်း’ခေါ်တဲ့ ပင်းယခေတ်ကဗျာအသွားနဲ့ စပ်ထားတာလည်း တွေ့မိလိုက်ပါတယ်။ ဥပမာ အောင်ကျော်ကဗျာပေါ့။
ဒီကဗျာတွေထဲမှာ ‘နှလုံးသားကလာတဲ့ကဗျာ’လို့ မုချပြောနိုင်တာကတော့ ‘အမေ’ကဗျာတွေပါပဲ။ ‘သားအမိချင်း ပေးစာတစောင်’ဆိုတဲ့ ကဗျာဟာ အမေ့အသက် ၉၀ ပြည့် ကဗျာပါ။ အသက် ၉၁၊ ၉၂ ပြည့်တော့ ရေးဖွဲ့ခဲ့တဲ့ အမေကဗျာများကိုလည်း ဆက်တိုက်ဖော်ပြထားပါတယ်။ ‘ပုတီးတကုံး’ဆိုတဲ့ ကဗျာလေးကဆိုရင် စိတ်ထိခိုက်စရာလေးတပုဒ်ပါ။ တောတွင်း ကွန်မြူနစ်တယောက်ရဲ့ ခေါင်းအုံးအောက်မှာ ရောက်လာတဲ့ ပုတီးကုံးကလေးတဲ့။ အမေ့ပုတီးကုံးလေးပဲပေါ့။ သူ့အလိုလို ကဗျာဖြစ်နေတဲ့ ‘နိမိတ်ပုံ’လေး တခုပါပဲ။ တကယ်တော့ ဒီပုတီးကုံးလေးဟာ ‘အဖေ့ပုတီးကုံးလေး’လည်း ဖြစ်ချင်ဖြစ်နေမှာပါ။ အဖေက အမေ့အရင် (လူမှန်းသူမှန်း သိစအရွယ်ကတည်းက) ပုတီးစိတ်လာခဲ့သူ၊ ဘာသာရေးကိုင်းရှိုင်းသူတဦးပါ။ ‘အဖေ့ပုတီးကုံး’ဆိုပြန်တော့လည်း ကဗျာမဆန်လှဘူးပေါ့နော်။ ကျနော့်ရဲ့ ‘အတိတ်က အရပ်’ထဲမှာတော့ ဦးလေးနဲ့ပုတီးပဲ တွဲမြင်ရမိပါတယ်။ ‘ပုတီး’လို့ဆိုလိုက်ရင် အဘိုးသခင်ကိုယ်တော်မှိုင်းကို အရင်မြင်ပါတယ်။ ပြီးရင် ဦးလေး (လူထုဦးလှ)နဲ့ ဦးနုတို့ကို မြင်ယောင်မိပါတယ်။ ထားပါတော့ သူ့ကဗျာတွေအကြောင်းကို ကျနော်က အသေးစိတ်ဖွဲ့ဆိုစရာ မလိုပါ။ ဖွင့်ဆိုရရင်လည်း ကျမ်းတစောင် ဖြစ်သွားပါလိမ့်မယ်။ ကဲ မန်းတက္ကသိုလ်က မဟာဝိဇ`ဇာဘွဲ့အတွက် ကျမ်းပြုသူတွေနဲ့ ပါရဂူဘွဲ့အတွက် ကျမ်းပြုသူ ကျောင်းသားကြီးတွေကပဲ ဖွင့်ဆိုကြပါစေတော့။ ဒါက နိုင်ငံရေး၊ ဒါက လူမှုရေး၊ ဒါက ကျွန်းကဗျာ၊ ဟိုဟာက လွမ်းကဗျာ စသဖြင့် အမျိုးအစားတွေလည်း ခွဲကြပေရော့။
လွမ်းကဗျာတွေထဲမှာ ကိုယ်ချင်းစာပြီး လွမ်းမိတာကတော့ မိခင်မန်းတက္ကသိုလ်ပါ။ ၂၀၁၅ ခုနှစ်မှာ ကျနော် မြန်မာပြည်ကို ပြန်တယ်။ မန္တလေးကို ရောက်လျှင်ချင်း အပြေးအလွှား သွားကြည့်ခဲ့တာကတော့ မိခင်တက္ကသိုလ်ပေါ့။ မိခင်ကို အဖူးအမြော်ဝင်တာလေ။ ဒါပေမယ့် ခြံခတ်ပြီး သံတံခါးကြီးပိတ်ထားလို့ ပြန်လှည့်ခဲ့ရပါတယ်။ ရင်ထဲမှာ ဆို့နင့်သွားတာပါပဲ။ ‘သံတံခါးကြီး’ အကြောင်းကို စပ်မိပြန်တော့ ဦးလေး (လူထုဦးလှ)ကို သတိရလိုက်မိပြန်တယ်။ ဦးလေးနဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းတို့က ညီအကိုအရင်းလိုပဲ။ သူတို့နှစ်ဦးလုံး မန်းတက္ကသိုလ် ဆီးနိတ်အဖွဲ့မှာ ပါကြတယ်။ တနေ့တော့ အစည်းအဝေးမှာ ဥက္ကဌ ပါမောက္ခချုပ် ဦးလှရွှေက ဘတ်ဂျက်ပိုနေတဲ့ငွေကို ဘာလုပ်ရမလဲ အကြံတောင်းတယ်။ အတော်များများ ဆီးနိတ်အဖွဲ့ဝင်တွေက တက္ကသိုလ်ကို ခြံခတ်ပြီး သံတံခါးတပ်ဖို့ အကြံပေးကြသတဲ့။ တို့ဆရာသန်းထွန်းက စိတ်မ၀င်စားရင် ဘာမှနားမထောင်ဘဲ ပုံဆွဲလိုက်၊ စာဖတ်လိုက် လုပ်နေတတ်သတဲ့။ သူ့အသံမထွက်တော့ ဆရာဦးလှရွှေက “ကိုသန်းထွန်းရယ် လုပ်ပါဦး၊ ပြောပါဦး”လို့ လှမ်းပြောရသတဲ့။ ကျောင်းနေဖက် သူငယ်ချင်းတွေကို။ ဒီတော့ ဆရာက ဘာပြောတယ်မှတ်သလဲ။ ဒီအကြံ ကောင်းသားပဲ။ သံတွခါးထိပ်မှာ “တာရိစ္ဆာန်များကို မစနှင့်”လို့ ဆိုင်းဘုတ်တင်ထားဦးလို့ ပြောလိုက်သတဲ့။ ဒါနဲ့ အကြံပျက်သွားရော။ ဆီးနိတ်အစည်းအဝေးက ပြန်လာတော့ တို့များလည်း လူထုတိုက်ရောက်နေတာနဲ့ ဆုံမိကြတယ်။ ဦးလေးက “မင်းတို့ဆရာကွယ်…”ဆိုပြီး ဖောက်သယ်ချခဲ့ဖူးပါတယ်။ သံတံခါးဆိုတာ လွမ်းစရာပဲထားပါတော့။
သြော်… ဖိုးသံရဲ့ကဗျာစာအုပ် ထွက်တော့မယ်ဆိုတော့ ဦးလေးရယ်၊ ဒေါ်ဒေါ်ရယ်၊ ဒေါက်တာသန်းထွန်းရယ် သတိရလိုက်မိတယ်။ သက်ပြင်းချမိပြီး စာဆက်ရေးဖို့တောင် မေ့သွားမိတယ်။ ဒီကဗျာစာအုပ်ကလေးကို (လူများများမဟုတ်ပါဘူး) သူတို့ ၃ ဦးကိုပဲ လက်အုပ်ချီပြီး ကဗျာဆရာက ပေးလိုက်ရရင်…။ မြင်ယောင်လိုက်တော့…။
ဒေါ်ဒေါ် (လူထုဒေါ်အမာ)က ညီပုလေး စာအုပ်တွေထုတ်တော့ “မင်းနှယ်ကွယ် မင်းအဖေရှိတုန်းက ရေးရောပေါ့”လို့ ဆိုသတဲ့။ သြော်… ကဗျာစာအုပ်ကလေးရယ်… စောစောကထွက်လိုက်ရောပေါ့။ ။
သဗ္ဗေသတ္တာ ကမ္မဿကာ
မောင်စွမ်းရည်
၂၀၁၈၊ ဇွန် ၂၄၊ တနင်္ဂနွေည
နယူးယောက်။

0 comments:

Post a Comment