Saturday, November 21, 2020

ခေတ်စမ်း၏ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး •••• မြသန်းတင့်

0 comments

ခေတ်စမ်း၏ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး

•••••••••••••••••••••••••••••••••••••

မြသန်းတင့်

ကျွန်တော်သည် ကျွန်တော်တို့ငယ်ငယ်က ဖတ်ခဲ့သောစာအုပ်ကလေးများကို လှန်လှောကြည့်နေမိလေသည်။ ပထမဆုံး လှန်ကြည့်မိလိုက်သည်မှာ ၁၉၃၃ ခုနှစ်၊ ဒီဇင်ဘာလထုတ် ဂန္ထလောကမဂ္ဂဇင်းဖြစ်သည်။ လွန်ခဲ့သော အနှစ်ခြောက်ဆယ်တိတိက ထုတ်ဝေခဲ့သောစာအုပ်ကလေး။ ထိုစဉ်က ဂန္ထလောကမဂ္ဂဇင်းသည် အရွယ်ကြီး၊ ဆိုက်ကြီး မဟုတ်သေး။ မြေအုတ်များပြိုလေရာ ကျောက်အုတ်ဖြင့်တည်ဆောက်အံ့ဟူသော ကြွေးကြော်သံစာတမ်းကလေး ပါရှိသော်လည်း ပန်းချီ ဆရာကြီး ဦးဘဉာဏ်၏ မိခင်၊ ကလေးငယ်၊ ပန်းပွင့်နှင့်စာအုပ်တို့ ရုပ်ပုံ မပါသေး။ အဖုံးက အစိမ်းရောင်ဖြစ်ပြီး၊ စာအုပ်အရွယ်အစားကလည်းခပ် သေးသေးဖြစ်သည်။ မြန်မာအင်္ဂလိပ်နှစ်ဘာသာဖြင့်ထုတ်ဝေ၍ မြန်မာကဏ္ဍတွင် ခေါင်းကြီးပိုင်းက တိုင်းရင်းစာပေအကြောင်း၊ ဝတ္ထုကဏ္ဍတွင် သိပ္ပံမောင်ဝ၏ ငယ်ကျွမ်း” ဇော်ဂျီ၏ ကြင်မည့်သူ” ကဗျာကဏ္ဍတွင် ဇော်ဂျီ၏ အတွေ့” စသည်တို့ကို တွေ့ရသည်။ ဝေဖန်စာကဏ္ဍတွင် စာရင်းကိုင်အခြေပြ” စာအုပ်၊ ကုန်သည်ကြီးများလက်စွဲစာ” စာအုပ်နှင့် ပုဂံဝန်ထောက်မင်း ဦးတင်၏ သန့်စင်မေတ္တာ” စာအုပ်တို့ကိုဝေဖန်ထားသည့် ဝေဖန်ချက်များကို တွေ့ရသည်။

ငယ်ငယ်တုန်းကတော့ ထိုဆောင်းပါးများ၊ ဝတ္ထုများကို နှလုံးသားဖြင့်ဖတ်ခဲ့သည်။ ခေတ်စမ်း၏ ဆန်းသစ်သောပုံသဏ္ဌာန်ကို စွဲမက်သွားခဲ့သည်။ ယခု ဦးနှောက်ဖြင့် ပြန်ဖတ်သည့်အခါတွင် ခေတ်စမ်း၏ အမျိုးသားရေးအနှစ်သာရကိုလည်း သတိပြုမိလာပါသည်။ တိုင်းရင်းသားစာပေအကြောင်းဟူသောခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော်ထဲတွင် ပါသည့် အောက်ပါစာပိုဒ်များကို ကျွန်တော်မျဉ်းသားထားသည်ကို တွေ့ ရသည်။


... မြန်မာပြည်သည် အင်္ဂလိပ်အစိုးရလက်အောက်သို့ ကျရောက်သောအချိန်မှစ၍ မြန်မာစာပေ၏ အဆင့်အတန်းသည် တဖြည်းဖြည်းတစတစ ညှိုးငယ်နိမ့်လျှောလာသည်မှာ အထင်အရှားပင်ဖြစ်၏။ ထိုသို့ တိုင်းရင်းသားစာ၏တန်ဖိုး အောက်ကျလာရာမှ တစ်ဖန် မြန်မာ တို့ ပိုမိုယဉ်ကျေးလာသည်ဟုဆိုသော အသိအမြင်ကျယ်သောခေတ်” (ဝါ) ဝံသာနုခေတ်” တွင်းသို့ ကျရောက်လာသောအခါ တိုင်းသူပြည်သားအများ၏ ပယောဂကြောင့် မြန်မာစာသည် တဖြည်းဖြည်း ခေတ် ဝင်လာလေ၏။ မြန်မာစာသင်ကျောင်းများနှင့် အင်္ဂလိပ်မြန်မာ နှစ်ဘာ သာသင်ကျောင်းများ ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်လာပုံ၊ မြန်မာ စာသင်ကျောင်းများတွင် အင်္ဂလိပ်ဘာသာသင်ဆရာများခန့်ထားပေး ပုံ၊ မြန်မာစာသင်ကျောင်းအဆောက်အဦအတွက် အစိုးရက အားပေးထောက်ပံ့ပုံ၊ မြန်မာစာ၏အရေးကြီးခြင်းကို အစိုးရက အထင်အရှား အသိအမှတ်ပြုပုံ၊ မြန်မာကျောင်းများ၌ ပို၍ကောင်းမွန်သော အတန်းစာအုပ်ကို ပြဋ္ဌာန်းပေးပုံနှင့် ထိုကျောင်းများတွင် ဆယ်တန်းအထိ ဖွင့်လှစ်ပေးပုံတို့မှာ မြန်မာစာပေအရေးကြီးကြောင်းကို ပညာရေးဌာနက သက်သေထောက်ခံသော အမှက်လက္ခဏာများပင်တည်း။ (မူရင်းသတ်ပုံ အတိုင်း ဖော်ပြထားသည်။)


ခေါင်းကြီးပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ အမျိုးသားလွတ်လပ်ရေး တိုက်ပွဲများ အကြောင်းကိုလည်း ဤသို့ ဆက်၍ ရေးထားသည်။ တိုင်းရေး ပြည်မှုတွင် စာပေ၏ နက်နဲသောအဓိပ္ပာယ်ကို ဥပမာ ဆောင်၍ ဖော်ပြပေအံ့။ ၁၈၁၄ ခုနှစ်မှ စ၍ အင်္ဂလိပ်များပိုင်သည့် မြေထဲပင်လယ်တွင်း၌ မယ်လ်တာကျွန်းသည် မကြာသေးမီက ဆူပူလှုပ်ရှားလျက်ရှိ၏။ ဤသို့ ပြည်ရွာမငြိမ်သက်ရခြင်း၏ အကြောင်းအရင်းမှာ အစိုးရမင်းတို့သည် ထိုကျွန်းသားတို့၏ တိုင်းရင်းစာကို အောက်တန်းချထားခြင်းကြောင့်ဖြစ်၏။ ထို့ပြင်တချက် အင်္ဂလိပ်အစိုးရပိုင် တောင်အာဖရိကတွင် ၁၈၂၉ ခုနှစ်ကစ၍ တည်ထောင်ခဲ့သော ကိတ်ပ်တောင်းမြို့ရှိ

တောင်အာဖရိက သိပ္ပံကျောင်းကြီးတွင် အာဖရိကလူမျိုးတို့၏စာကို ပဋ္ဌမ အထက်တန်းစာအဖြစ်ထားရှိရန် ယခုအခါ တိုင်းရင်းသားတို့သည် လှုပ်ရှားအားထုတ်လျက်ရှိ၏။ ထိုကဲ့သို့ ၎င်းလူမျိုးတို့ ဆူပူလှုပ်ရှားကြသည်မှာ အကြောင်းမဲ့မဟုတ်။ ကျွန်ုပ်တို့ကဲ့သို့ တပါးကျွန်ဖြစ်ကြသော အာဖရိကလူမျိုး၊ မယ်လ်တာ ကျွန်းသူကျွန်းသားတို့သည် အရှည်ကိုမြင် တတ်ကြခြင်းကြောင့် ဖြစ်ပေသည်။ သင်၏တိုင်းပြည်ကို သင်မတုပြိုင်နိုင်သော လက်နက်အင်အားဖြင့် အခြားလူတမျိုးက အတင်းအကြပ်ပိုင်လေငြားလည်း သင်၏အမျိုးစာကိုမူကား သင်သာပိုင်ပါစေ။ တိုင်းရင်းစာ ပေသင့်လက်ထဲတွင်ရှိနေသေးလျှင် သင်သည် ထောင်တံခါးသော့ကို လက်ကိုင်ရရှိထားသည်နှင့် တူပါသည်” ဟူသောစကားကို ဆူပူနေသော လူမျိုးတို့ အမြဲနှလုံးသွင်းထားဟန်ရှိပေ၏ ... ။ဟု ရေးသားထားပါသည်။ 


ကျွန်တော်သည် ထိုခေါင်းကြီးကို ပြန်ဖတ်ရင်း အမျိုးသားလွတ်လပ်ရေးတိုက်ပွဲတွင် နိုင်ငံရေးစစ်မျက်နှာ၊ စီးပွားရေး စစ်မျက်နှာ၊ ယဉ်ကျေးမှုစစ်မျက်နှာ စသည့် စစ်မျက်နှာများ စွာအနက်ယဉ်ကျေးမှုစစ်မျက်နှာတွင် ဝင်ရောက်တိုက်ခိုက်နေသော ခေတ်စမ်း၏ အခန်းကဏ္ဍကို ပို၍သဘောပေါက်လာသည်။


၁၉၃၃ ခုနှစ် အောက်တိုဘာလထုတ်၊ ဂန္ထလောက ခေါင်းကြီး ပိုင်းတွင်မူ မြန်မာဝတ္ထုတိုများ အကြောင်း” ခေါင်းစဉ်ဖြင့် မြန်မာဝတ္ထုတို သမိုင်းကို ခြေရာကောက်ထားသည်။

အနောက်နိုင်ငံများတွင် တိုင်းရင်းစာပေ၏ ရာဇဝင်ကိုခေတ်အလိုက် အဆင့်အပိုင်းကန့်သတ်ထားသကဲ့သို့ မြန်မာစာပေကို ကန့်သတ်ခွဲခြားရန်မှာ မလွယ်ကူချေ။ သို့သော် မြန်မာစာရာဇဝင်ကိုအကြမ်းအားဖြင့် ခန့်မှန်းဖော်ပြရလျှင် လွန်ခဲ့သောနှစ်ပေါင်း သုံးဆယ်ကျော်လောက်က မြန်မာစကားပြေဝတ္ထု၊ ပုံပြင်များ ရေးသားခြင်းမှာ မရှိသလောက်နည်းပါးပေ၏။ ထိုစဉ်အခါ၌ ရှေးမြန်မာမင်းများ လက်ထက်တော်ကစ၍ ခေတ်စားလာခဲ့သော ပြဇာတ်အရေးအသားသည်သာ ထွန်းကားလျက်ရှိချေ၏။ ထိုပြဇာတ်များသည် အလွန်ညံ့သောစက္ကူပေါ်တွင် ပုံနှိပ်၍ (တနင်္သာရီနယ်ခရိုင်ဝန်ရှင်တော်မင်းကြီးMr. Blundell ၏အမိန့်အရ အင်္ဂလိပ်လူမျိုး Mr. Hough သည် ခရစ်သက္ကရာဇ် ၁၈၃၅ ခုနှစ်တွင် မြန်မာပြည်တွင် ပထမဆုံးစာပုံနှိပ်စက် တည်ထောင်လေသည်) (ဤကား စကားချပ်) အဖိုးနှုန်းမှာလည်း အလွန်နည်း၏။ ခရစ်သက္ကရာဇ် ၁၉ဝဝ ပြည့်နှစ်လောက်မှစ၍ ပြဇာတ်များခေတ်စားနေရာမှ တဖြည်းဖြည်း တိမ်ကော၍လာလေ၏။ ဤသို့မြန်မာ ပြဇာတ်များ တိမ်ကောလာရခြင်း အကြောင်းကိုရှာသော် ၎င်းတို့သည် ကာလခေတ်နှင့်မလိုက်သောကြောင့် ဟု ဆိုစရာအကြောင်း တစ်ခုသာရှိ၏။


ခရစ်သက္ကရာဇ် ၁၉၀၁ ခုနှစ်လောက်တွင် မောင်ရင်မောင် မမယ်မဝတ္ထုဟူသောအမည်ဖြင့် ဝတ္ထုစာအုပ်ပေါ်ထွက်လာ၏။ ထိုစာအုပ်မှာ ပြင်သစ်လူမျိုးစာရေးဆရာကြီး ဒူးမားစ်၏ မွန်တီကရစ္စတိုမြို့စားကြီးစာအုပ်မှ သင့်တော်အောင်ပြန်ဆိုသောစာအုပ် ဖြစ်လေသည်။ ထိုစာအုပ် ထွက်ပေါ်လာသောခေတ်သည် ပြဇာတ်ရေးသားခြင်းနှင့် ဝတ္ထုပုံပြင်ရေးသားခြင်းတို့၏ ခေတ်ကို ပိုင်းခြားထားသည်ဟုဆိုက မှားလိမ့်မည် မဟုတ်ပေ။ အဟောင်းကိုမုန်းလျှင် အဆန်းအသစ်ကို နှစ်သက်ရိုးထုံးစံရှိသည့်အတိုင်း မောင်ရင်မောင် မမယ်မ” ဝတ္ထုပေါ်ပေါက်လာချိန်မှစ၍ လူတို့သည် ပြဇာတ်များကို ဖတ်ရှုလေ့လာခြင်း နည်းပါး၍ လာလေ၏။ ထိုအချိန်မှစ၍ မြန်မာပြဇာတ်များ တစတစ တိမ်ကောလေတော့၏။ မောင်ရင်မောင် မမယ်မ” ဝတ္ထုပေါ်ထွက်လာပြီးနောက် ၁၉ဝ၃ခုနှစ်တွင် မြန်မာ Don Juan ကခေါ်သော ဟင်းရွက်သည် မောင်မှိုင်း” ဝတ္ထု ပေါ်ပေါက်၍လာ၏။ ထိုနောက် ရာဇဝင်နှင့်ပတ်သက်သော မြကလေး “စိန်ကလေး” ခေါ် ဝတ္ထုတို့ ပေါ်ပေါက်လာ၏။ထို့နောက် မောင်ဖေရှင် မမယ်တင်ဝတ္ထု။ ထိုဝတ္ထုမှာ အထက်အညာမှ လုလင်ပျိုတစ်ယောက်သည် မိမိစုံမက်သော မိန်းမပျိုက ကုလားစာ(အင်္ဂလိပ်စာ) တတ်သောသူမှ ယူမည်ဟုပြောသောကြောင့် ကုလားစာသင်ရန် အထက်အညာမှ ရန်ကုန်သို့ လှေဖြင့်လာပုံ၊ လမ်းတွင် ဘိုးတော်ဘုရားနှင့် ပထမံဦးအောင်တို့ တွေ့ဆုံပုံများ၊ ကြားနာရပုံများတို့ မှာ အလွန်ဘတ်၍ကောင်းသောဝတ္ထုဖြစ်၏။ ထိုစဉ်က သတင်းစာများတွင် အပတ်စဉ်ထည့်သွင်းသောဝတ္ထုများလည်း ရှိသေး၏။ ၎င်းတို့ အနက် ငမိုးရိပ်” ဝတ္ထုမှာ ရှေးဟောင်း ဒဏ္ဍာရီကို အခြေပြု၍ ရေးသားထားသဖြင့် အလွန်ဘတ်၍ ကောင်း၏။ (သတ်ပုံမူရင်းအတိုင်း)


ခေါင်းကြီးပိုင်းတွင် မြန်မာဝတ္ထု၏အစကို သို့ကလိုဖော်ပြထား သည်။ သို့ရာတွင် ဝေဖန်ချက်များကိုမူမတွေ့ရသေး။ ဂန္ထလောကမဂ္ဂဇင်းအယ်ဒီတာသည် ဝတ္ထု၏သမိုင်းကိုပြန်ကောက်ရာတွင် ရှေ့ပြေးဝတ္ထုများတို့နှင့်ပတ်သတ်၍ ထင်မြင်ချက်ပေးရန် ဝန်လေးဟန်တူသည်။

သို့ရာတွင် ဂန္ထလောက” မဂ္ဂဇင်းအယ်ဒီတာသည် ကြာကြာ ရေငုံနှုတ်ပိတ် လုပ်နေနိုင်ဟန်မတူပါ။ နောက်တစ်ပိုဒ်တွင် ခေတ်ပေါ် ဝတ္ထုများနှင့်ပတ်သက်သော ထင်မြင်ချက်များကို ဖော်ထုတ်ရေးသားခဲ့သည်။

ထို့နောက် မြန်မာ့ဝတ္ထုတိုများ မြောက်များစွာ ပေါ်ပေါက်လာ ၏။ ဝတ္ထုတိုများဟု ဆိုစေကာမူ ၎င်းတို့မှာ အင်္ဂလိပ်ဝတ္ထုတိုများကဲ့သို့ မဟုတ်။ တိုတိုတုတ်တုတ်ဖြင့်ပြီးနိုင်မည့်နေရာတွင် အလွန်အမင်းချဲ့ထွင်သောသဘောရှိသည်။ ပြဇာတ်များမှာကဲ့သို့ သမီးရည်းစားထားခန်း တို့ဖြင့်သာပြွမ်း၏။ မိမိထိုးထွင်းဉာဏ်ကို အရင်းပြု၍ ရေးသားထားသော ဝတ္ထုတိုဟူ၍မရှိ။ စာအုပ်အဖြစ်ရေးသားကြသည်သာ များလေတော့သည်။ တစတစ ပေါ်ထွက်လာသော ဝတ္ထုတိုများအနက် စန္ဒာရိန်အမည်ခံသူ၏ ၁၉၂၄ခုနှစ် လောက် တွင် ထုတ်ဝေသော စောရ၏သောက ဝတ္ထုကား အသင့်အတင့် ဘတ်ဖွယ်ရှိ၏။ ထိုနောက် ဇေယျ၊ ပီမိုးနင်း၊ ရွှေဥဒေါင်း အမည်ခံပုဂ္ဂိုလ်ကြီးများရေးသားသော ဝတ္ထုများလည်းမြောက်များစွာ ရှိ၏။ ၎င်းတို့ ရေးသားသောဝတ္ထုတို့က နိုင်ငံခြားစာအုပ်မှ သင့်တော်အောင် ဘာသာပြန်ဆိုသည်သာများ၏။ ထိုဝတ္ထုတိုများအကြောင်းကို အသေးစိတ်ရေးသားလျှင် ဆုံးနိုင်မည်မဟုတ်ချေ။ ဤသို့အားဖြင့် ကျွန်ုပ်တို့၏ စာပေရာဇဝင်သည် ၁၉ဝဝ ပြည့်နှစ်လောက်မှစ၍ နှစ်ပေါင်း သုံးဆယ်နီးပါးမျှ ဝတ္ထုတိုခေတ်သို့ ရောက်လာ၏။


ယခုကဲ့သို့ ဝတ္ထုတိုခေတ်ဟုခေါ်ဆိုသော်လည်း စကားပြော စကားသွားရေးသားခြင်းသည် အချိန်ကာလအလိုက် ပြောင်းလွဲလျက်ရှိ၏။ လွန်ခဲ့သော လေးနှစ်လောက်မှစ၍ အချို့ သောဝတ္ထုရေးဆရာတို့သည် စကားပြေ စကားသွားကိုပြောင်းလွဲ၍ ရေးလာကြသည်ကို ဂရုစိုက်သော စာပေလိုက်စားသူမှန်သမျှ သိရှိနိုင်၏။ အထူးသဖြင့် ကျွန်ုပ်တို့၏ ဂန္ထလောက မြန်မာစာပိုင်းတွင် ရေးသားထားသော စကားတို့ကို အခြား စာရေးပုဂ္ဂိုလ်တို့၏ စကားပြေတို့ဖြင့် နှိုင်းယှဉ်ကြည့်က ခြားနားချက်ကို သိနိုင်၏။ ဂန္တလောကတွင်ရေးသားထားသောပုဂ္ဂိုလ်တို့၏ စာမှာ ဝါကျ တို၏။ အပိုမရှိ။ တိုက်ရိုက်အဓိပ္ပါယ် ပေါ်လွင်အောင်ရေး၏။ အာကာ ဝေဟင်၊ ကောင်းကင်ပြင်၌၊ ညိုလွင်ရီမှိုင်း၊ မိုးရစ်ဆိုင်း၍၊ အုံ့ဝိုင်းချိမ့်ချိမ့် မိုးလုံးသိမ့်မျှစသော အဖွဲ့အနွဲ့ စကားများ မပါချေ။ အချုပ်ကိုဆိုရသော် ကျွန်ုပ်တို့၏ ဆောင်းပါးရှင်တို့သည် မြန်မာစကားပြေကို အဆန်းထွင်ကာ ရေးသားကြ၏။ သိပ္ပံမောင်ဝ၊ မောင်သန့်စင်၊ ဇော်ဂျီ၊ ကုသ၊ သိပ္ပစသော ပုဂ္ဂိုလ်တို့၏ အသစ်ထွင်ကာ ရေးကြသောစကားပြေတို့သည် ခေတ်ပြေး ခေတ်မြန်ကြီး၌ ခေတ်သစ်ကို တန်ဆာဆင်သော စာပေရှေ့တော်ပြေးများ ဖြစ်ကြသဖြင့် နိယာမသဘောအတိုင်း ၎င်းတို့၏ စာများကိုကြိုက်သော လူလည်းရှိ၏။


စာဖျက်သူဟူ၍ အပြစ်တင်လိုသောသူလည်း ရှိ၏။ သို့သော် ယခုအခါ ထိုပုဂ္ဂိုလ်တို့၏ အရေးအသားများသည်အခြားမဂ္ဂဇင်း၊ သတင်းစာများတွင် အပတ်စဉ်လိုပင် တွေ့ရှိရသည်ကို ထောက်၍၎င်း ပုဂ္ဂိုလ်တို့သည် တစ်စတစ်စနာမည်ရလာသည်ကား ယုံမှားဖွယ်မရှိချေ။ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းကြီးက အထက်ပါပုဂ္ဂိုလ်တို့၏လက်ရာကို အရှည်တည်တံ့ခိုင်မြဲစွာ တည်ရှိလေအောင် စာ အုပ်တစ်စောင်အဖြစ် ပုံနှိပ်ထုတ်ဝေရန် ရည်ရွယ်ရင်းရှိသည့်အတိုင်း တက္ကသိုလ်ကျောင်းတိုက် မဟာဝိဇ္ဇာဘွဲ့ ရ ပါမောက္ခဆရာကြီး ဦး ဖေမောင်တင်က ကြီးမှူး၍ ခေတ်မီပုံပြင်ကြေးမုံဟူသောအမည်ဖြင့် မကြာမတင် ပုံနှိပ်ထုတ်ဝေပါလိမ့်မည်။ ယခုကာလ မြန်မာစကားပြေဝတ္ထုကို ရေးသားခြင်းသည် မည်သို့သောအစား၊ မည်သို့သော အဆင့်အတန်းတွင် ရောက်ရှိနေသည်ကို အထက်ပါစာအုပ်ဘတ်ရှုခြင်းအားဖြင့် ကောင်းစွာ သိမြင်နိုင်လိမ့်မည်ဖြစ်ကြောင်း အကြောင်းအားလျော်စွာ

ရေးသားဘော်ပြလိုက်ရပေသည် ... (သတ်ပုံမူရင်းအတိုင်း)

ဟုရေးထားသည်။


ဂန္ထလောက၏ထိုခေါင်းကြီးပိုင်းသည် မြန်မာဝတ္ထုပေါ်ပေါက် လာပုံ၊ မြန်မာဝတ္ထုစကားပြေနှင့်ပတ်သက်၍ အစောဆုံးပေါ်ပေါက်လာ သော ဝေဖန်ချက်ဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုလထုတ် ဂန္ထလောကစာစောင်တွင် သိပ္ပံမောင်ဝ၏ သူပုန်အငွေ့၊ တင်မောင်မြင့်(သိပ္ပံမောင်ဝ)၏ နောင်၊ မြကေတု၏ ပညာနီတိ ကဗျာ။ ၁၉၉၃ခု၊ သြဂုတ်လ စာစောင်တွင်မူ မြန်မာစာပေ” ဟူသော ခေါင်းစဉ်ဖြင့် ခေါင်းကြီးပိုင်းမှရေးသားထားသည်ကို တွေ့ရသည်။

မကြာမီအတွင်းက မြန်မာစာကို လေ့လာလိုက်စားရသော နောက်ပေါက်လူငယ်အချို့ သည် ငါတို့မြန်မာစာသည် ရှေးရိုးဆန်လွန်း၏။ ရိုးလွန်း၏။ ပေကုန်သာများ၍ စာသားမတွင်ဖြစ်ခဲ့၏။ ခေတ်မှီသော စာပေမဟုတ်သဖြင့် နည်းသစ်နည်းကောင်းရှာ၍ တတ်နိုင်သမျှထွင် ကြစို့ဟု အားခဲကာ မြန်မာစာသစ်ထွင်ကြလာသည်မှာ ဝမ်းသာစရာဖြစ်ပေ၏။


ထိုကဲ့သို့ မြန်မာတို့အားတက်ဘွယ်ရာ မြန်မာစာကို ခေတ်မှီ အောင်ကြိုးစားအားထုတ်ကြသော ပုဂ္ဂိုလ်တို့တွင် သိပ္ပံမောင်ဝ၊ ကုသနှင့် ဇော်ဂျီ အမည်ခံပညာရှင်တို့ကား ရှေ့သွားခေါင်းဆောင်များ ဖြစ်ကြကုန် ၏။ ၎င်းတို့သည် ဂန္ထလောကနှင့် တက္ကသိုလ်မဂ္ဂဇင်းတွင် ပင်တိုင်ရေးသူများဖြစ်ကြ၏။ ခေတ်မြန်မာစာသည် ၎င်းလူငယ်တို့ လက်ထဲတွင်ရှိသည်ဟုဆိုလျှင်မှားနိုင်လိမ့်မည် မဟုတ်ပေ။ သို့အတွက် ၎င်းတို့ရေး သားပုံ၊ နည်းသစ်ထွင်ပုံတို့ကို ဉာဏ်မီသလောက် လေ့လာကြည့်ကြစို့။


ဂန္ထလောကက သိပ္ပံမောင်ဝကို ဤသို့ အကဲဖြတ်သည်ကိုတွေ့ရသည်။

သိပ္ပံမောင်ဝအမည်ခံ ဆောင်းပါးရှင်ကား လွန်ခဲ့သောခြောက်နှစ်ခန့်ကစ၍ ယခုထက်တိုင်တက္ကသိုလ်မဂ္ဂဇင်းတွင်၎င်း၊ ဂန္ထလောကတွင်၎င်း၊ နေ့စဉ်သတင်းစာများတွင်၎င်း မြန်မာစာကို တမျိုးထွင်ကာရေးသား ခဲ့ပေ၏။ တိုတိုကျဉ်းကျဉ်းနှင့် လိုရင်းရောက်အောင် ရေးနိုင်ပေ၏။ ၎င်း ရေးသားသောစာများကား ရိုးရိုးနှင့်အဓိပ္ပါယ်ပေါက်သည်။ ပါဠိစကားမပါ။ မြန်မာစာရိုးရိုးနှင့် ပေါ်လွင်အောင် ရေးသားနိုင်သည်။ တက္ကသိုလ်မဂ္ဂဇင်း” တွင် ကျောင်းသားတစ်ယောက်အား စောင်း၍ရေးသားထားသော တို့ဆရာ” ခေါ်ဆောင်းပါးကို ဘတ်ကြည့်ခြင်းအားဖြင့် မောင်ဝ” ၏အစွမ်း ကိုသိနိုင်၏။ ရယ်ရွှင်ဘွယ်လည်းပါ၏။ မှတ်သားစရာလည်းပါ၏။ ၎င်း

ဆောင်းပါးများကိုဘတ်ရာ အင်္ဂလိပ်စာရေးဆရာကြီး ဂိုလ်စမစ်ရေးသော (Man in Black) နှင့် အက်ဒီစင် ရေးသော (Sir Roger) ဆောင်းပါးကို သတိရပေ၏။ အရေးအသားအထက်ပါစာဆိုတို့နှင့် နှိုင်းယှဉ်ဘွယ်ပင်။ အိုင်စီအက်၊ စာမေးပွဲ” ဟူသော ဆောင်းပါးတို့သည်လည်း မောင်ဝ၏ လက်ရာများသာတည်း။

၎င်းဆောင်းပါးကိုသတိရခြင်းအားဖြင့် မောင်ဝသည် (Satire) ခေါ်လှောင်ပြောင်ရေးသားခြင်း၌ အလွန်ကျွမ်းကျင်ကြောင်း ထင်ရှားပေ ၏။ တို့တောရွာ” ဟူသော ဆောင်းပါးမှာကား ပထမတန်းထားသင့်ပေ၏။ တောသူတောသားတို့၏ဓလေ့ကို ရယ်ရွှင်ဘွယ်ရေးသားထားပေ၏။ ရုပ်ချောသူချော၊ ရုပ်ဆိုးသူဆိုး၊ မဲမဲလည်းရှိ၊ ဖြူဖြူလည်းပါ၊ အကြည်းတန်သူတွေကမရှား၊ သနားကမားတွေကအပုံ” စသဖြင့် တောသူတို့၏ ပုံပန်းကို ပေါ်လွင်အောင်ရေးသားထားသည်မှာ ချီးမွမ်းစရာပင်ဖြစ်သည်။

၎င်းနောက် မောင်ဝသည် ဂန္ထလောကတွင် နယ်ပိုင်ဝန်ထောက် မောင်လူအေးအကြောင်းကို လစဉ်ရေးသားသည်မှာ အတော်ပင်ကြာပေ၏။ မိမိ၏ အတ္ထုပ္ပတ္တိကို ရေး၍လားမသိ။ မောင်လူအေး၏ အကျင့်စာရိတ္တ စိတ်နေသဘောထားတို့ကို ပေါ်လွင်အောင်ရေးသားပေ၏။ ၎င်း မောင် လူအေးအကြောင်းကို စာအုပ်ထုတ်၍ရိုက်လျှင် မြန်မာစာပေတွင် အထက်တန်းစားထားထိုက်သော စာအုပ်တစ်အုပ်ဖြစ်မည်ကား မလွဲပေ။ ၎င်း ပြင် အခြားမောင်ဝ၏ ဆောင်းပါးများကိုစုပေါင်း၍ စာအုပ်ရိုက်ထုတ်လျှင် ခေတ်မီသောစာကို အားပေးရာရောက်ပေ၏ ... (သတ်ပုံမူရင်း)ဟုရေးသားထားသည်။


ယင်းတို့မှာ ခေတ်စမ်းစာပေနှင့် ပတ်သက်၍ အစောဆုံးပေါ် ထွက်လာသော ဝေဖန်ချက်များဖြစ်သည်။ ဂန္ထလောကသည် ခေတ်စမ်းစာပေလှုပ်ရှားမှု၏ အမည်မဖော်သော ကြွေးကြော်သံဖြစ်လေရာ ခေတ်စမ်းက ခေတ်စမ်းကိုပြန်၍သုံးသပ်သော ကိုယ့်ကိုယ်ကိုယ်ဝေဖန်ရေးဟုလည်း ဆိုနိုင်ပါသည်။

ထိုစဉ်က ဂန္ထလောက၏အယ်ဒီတာမှာ အမည်ကို ဖော်ပြမထား သော်လည်း စာရေးဟန်နှင့် စကားအသုံးအနှုန်းများမှာ သိပ္ပံမောင်ဝ၏ ဟန်ဖြစ်ရာ သိပ္ပံမောင်ဝက သိပ္ပံမောင်ဝကိုပြန်၍ ဝေဖန်သော ဝေဖန်ချက် ဟူ၍လည်း ဆိုနိုင်လေသည်။

(၁၉၉၃၊ ဒီဇင်ဘာ၊ ချယ်ရီ)

0 comments:

Post a Comment