အထက်ဗမာပြည်၏နိုင်ငံရေး-(၁) သခင်သန်းထွန်း
အထက်ဗမာပြည်ကိစ္စသည် ဗမာပြည်နိုင်ငံရေးတွင် အရေးကြီး၏။ သို့ရာတွင် အရေးကြီးသည့်ပြဿနာဟု နက်နက်နဲနဲ စဉ်းစားသူနည်း၏။ ဘာကြောင့် အရေးကြီးသည်ဟု စဉ်းစားသူသာ၍နည်း၏။
အထက်ဗမာပြည်သူ ပြည်သားတို့သည် ဗမာပြည်နိုင်ငံရေးကိစ္စတို့ထဲတွင် သူများတန်းတူ ပါခဲ့ကြ၏။ သို့ရာတွင် "တို့အဖို့ဘာမှမထူး"ဟု အထက်ဗမာပြည်သူ ပြည်သားများ၏ စိတ်ထဲတွင် ရှိ၏။
လွန်ခဲ့သောခေတ်က အညာသားပါတီဟု ပေါ်ပေါက်ခဲ့၏။ အညာသားပါတီ တည်ထောင်ခြင်းနှင့်ပတ်သက်၍ အထက်ဗမာပြည်ခေါင်းဆောင်တဦးက ဤသို့ပြောဖူး၏။"လူလေးငါးခြောက်ယောက်စုပြီး ပါတီဖြစ်ရင် ရာထူးတနေရာရတာမို့လို့ ကျုပ်တို့လည်း မခံချင်တာနဲ့ ထဖွဲ့တာပဲ"ဟု အကြောင်းပြ၏။
အထက်ဗမာပြည်တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် အဖွဲ့ခွဲဖွဲ့စည်းသည့်အခါ ဆော်သြသူတို့အား ခေါင်းဆောင်တဦးက ဤသို့ပြောလိုက်၏။ "ရန်ကုန်သားတွေ အုပ်စိုးနေတာများလှပြီ။ ဒီတခါတော့ တို့မခံတော့ဘူး"ဟု ပြောလိုက်၏။
ရန်ကုန်တွင် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးသို့ အထက်ဗမာပြည်မှ ကိုယ်စားလှယ်များ တက်ရောက်ရန် စီစဉ်ကြသည့်အခါ "ရာထူးဝေရာ၌ အထက်ဗမာပြည်သားများကို သုံးပုံတပုံပေးရန်"အဆိုကိုတင်ရန် အကြံပေးသူတို့က ပေးသည်ကို သိရ၏။
"တို့ကို ပစ်ထားတယ်။ အောက်သားတွေချည်း အုပ်စိုးနေတယ်" စသည်ဖြင့် အထက်ဗမာပြည် နိုင်ငံရေးခေါင်းဆောင်အချို့၏စိတ်တွင် အဘယ်ကြောင့် ဖြစ်ပေါ်ရသနည်း။.ဤကဲ့သို့ စိတ်ထားသည် သူများမျက်ခုံးပေါ် စင်္ကြံလျှောက်နေသည့် ခေါင်းဆောင် လူနည်းစု၏ သဘောထားလော။ အထက်ဗမာပြည်မှ "လူထုကြီး"၏ သဘောထားလော။
နိုင်ငံအကျိုးရှေးရှုသော ပုဂ္ဂိုလ်တိုင်း ဤကိစ္စမှာ လေးလေးနက်နက် စဉ်းစားအပ်သည်ဟု ယူဆပေသည်။
× × × × × ×
အထက်ဗမာပြည်ဆိုရာ၌ အုပ်ချုပ်ရေးအားဖြင့် ခွဲထားသည့်အတိုင်း ခွဲရန်မလိုပေ။ စီးပွားရေးအခြေအနေ၊ နေရေး၊ ထိုင်ရေး၊ လူတို့၏ စိတ်သဘောထားအတိုင်း ခွဲရန်လိုပေသည်။
ဤသဘောအတိုင်း ရေနံချောင်း၊ ပျဉ်းမနားတို့ကို အထက်ဗမာပြည်တွင် မထည့်ဘဲ ၎င်းတို့အထက်ကျသည့်နယ်များကိုသာ အထက်ဗမာပြည်ထဲ ထည့်ကြစို့။
အောက်ဗမာပြည်သည် လွန်ခဲ့သော အနှစ်တရာကျော်ကျော်က အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့၏။ အထက်ဗမာပြည်မှာမူ လွန်ခဲ့သော အနှစ်ငါးဆယ်ကျော်က ကျရောက်ခဲ့၏။
အောက်ဗမာပြည်တွင် မှီတင်းနေထိုင်ကြသူတို့မှာ ရခိုင်၊ မွန်၊ ကရင်၊ ထားဝယ် စသည်တို့ဖြစ်၏။
ရခိုင်ရာဇဝင်ကြည့်ခဲ့လျှင် ဘိုးတော်ဘုရားလက်ထက်အထိ မြန်မာမင်းများလက်အောက် မကျရောက်ခဲ့၊ မြန်မာမင်းများလက်အောက် ကျရောက်သည့်အခါ နှိပ်စက်ကလူပြုမှုများ ရှိခဲ့၏။ မြန်မာမင်းလက်အောက်မှ အင်္ဂလိပ်မင်းလက်အောက် ရောက်ခြင်းသည် ရခိုင်တိုင်းသူ ပြည်သားများအဖို့ မထူးခြားခဲ့ပေ။
မွန်လူမျိုးများကို ကြည့်ပါမူကား ရာဇဝင်တွင် သူတပြန် ငါတပြန် မြန်မာလူမျိုးတို့နှင့် ဖြစ်ခဲ့၏။ အလောင်းဘုရားလက်ထက်တွင် မွန်လူမျိုးတို့ အမျိုးဖြုတ်ပစ်ခံခဲ့ရ၏။ ဘကြီးတော်မင်းလက်ထက်၌ တနင်္သာရီနယ်သည် အင်္ဂလိပ်အောက်ကျရောက်သည့်အခါ မွန်လူမျိုးများအဖို့လည်း မထူးခြား။ သူတို့အဖို့ မင်းပြောင်းမင်းလွှဲသာ ဖြစ်၏။
ထားဝယ်၊ မြိတ်စသော နယ်တို့တွင် နေထိုင်သူများအဖို့လည်း မွန်လူမျိုးများကဲ့သို့ပင် ဖြစ်ပေသည်။ အချို့မြို့များတွင် ထားဝယ်စုဟူ၍ ရှိနေခြင်းကား မြန်မာမင်းများက ထားဝယ်သားများကို ခေါ်ယူလာပြီး အတင်းနေစေခြင်းတို့၏ အမွေအနှစ်များဖြစ်၏။
ကရင်လူမျိုးတို့အဖို့မှာလည်း မြန်မာမင်းများလက်ထက်က အမျိုးမျိုးနှိပ်စက်ခံကြရသဖြင့် တောတောင်တို့တွင် တပ်စွဲစုရုံး နေထိုင်ခဲ့ကြရလေသည်။
သို့ဖြစ်၍ ရခိုင်၊ မွန်၊ ထားဝယ်၊ ကရင်စသော အောက်သားများအဖို့ အင်္ဂလိပ်လက်အောက်ကျရောက်ခြင်းမှာ "တို့ထီးတို့နန်း ဆုံးရှုံးခဲ့ပြီ"ဟူသော သဘောတရားများ မပေါက်နိုင်။ သီပေါမင်းကို အင်္ဂလိပ်တို့ဖမ်းယူသွားသည်ွှအခါ သူတို့အဖို့ ထူးခြားခြင်းမရှိပေ။
သို့ကြောင့်ပင်လျှင် မြန်မာမျိုးချစ်စိတ်သန့်သန့်ကို လှုံ့ဆော်လိုသည့် နိုင်ငံရေးအဖွဲ့များသည် မန္တလေးမြို့ကို အားပြုခဲ့ကြခြင်းဖြစ်ပေသည်။ ဗြိတိသျှတို့အုပ်စိုးမှုကို မခံမရပ်နိုင်သော စိတ်ဓာတ်မှာ အထက်ဗမာပြည်၌ ပူပူနွေးနွေးဖြစ်နေကြသေးသဖြင့် နန်းတော်ကြီး၏ အရိပ်အာဝါသကိုမှီကာ ဝံသာနုစိတ်ဓာတ်ကို လှုံ့ဆော်ခဲ့ကြပေသည်။
စီးပွားရေးသဘောအရပြောရလျှင် အောက်ဗမာပြည်ကား အရင်းရှင်ခေတ်သို့ ချင်းနင်းဝင်ရောက်ခဲ့လေပြီ။ အထက်ဗမာပြည်ကား ပဒေသရာဇ်၊ မြေရှင်ခေတ်အတွင်း၌သာရှိသေး၏။ အထက်ဗမာပြည်၌ လယ်မြေများကား အစိုးရမြေ၊ အရာတော်မြေ စသည်ဖြင့် လယ်မြေများမှာ ပုဂ္ဂလိကပိုင်မြေဟူ၍ နည်း၏။
အောက်ဗမာပြည်၌မူ ဤကဲ့သို့မဟုတ် အင်္ဂလိပ်တို့ ရောက်လာသည့်အခါ တောတောင်ထူထပ်သောမြေရိုင်းကို လယ်မြေဖြစ်စေရန် စီမံခဲ့၏။ "၁၂နှစ် ဓားမဦးချလုပ်ကိုင်လျှင် လယ်ပိုင်စေရမည်"ဟူသော ဥပဒေကို ၁၈၇၆ ခုနှစ်လောက်က ပြဌာန်းခဲ့၏။ ကိုယ့်အစွမ်းကိုယ့်အစနှင့် လယ်လုပ်သူတို့ ပေါ်လာခဲ့၏။ စပါးကို စားရုံသာမဟုတ် ရောင်းဖို့ပါ စိုက်လာ၏။ စပါးစက်များ။ မီးရထားများ စသည်ပေါ်ပေါက်လာခဲ့ရာ အောက်ဗမာပြည်တွင် လယ်မြေစနစ်သည်လည်ကောင်း၊ ပစ္စည်းလုပ် လုပ်ငန်းစနစ်သည်လည်းကောင်း အရင်းရှင်စနစ်၊ ပုဂ္ဂလိကစနစ်အရ ဖြစ်ပေ၏။
အထက်ဗမာပြည်ကို အင်္ဂလိပ်တို့ သိမ်းသည့်အခါ၌ လယ်မြေဥပဒေတို့ကို အောက်ဗမာပြည်ကဲ့သိူ့မဟုတ် အထက်ဗမာပြည်တွင် မူလရှိရင်းစွဲအတိုင်း ဆက်လက်ထားခဲ့၏။ လယ်မြေစနစ် မပြောင်းလဲသဖြင့်လည်း အထက်ဗမာပြည်တွင် စက်မှုလုပ်ငန်းတို့ ကြီးကြီးကျယ်ကျယ် မထွန်းကားခဲ့။ ရွှေဘို၊ ကျောက်ဆည်တို့တွင် စပါးစက်များ၊ မြင်းမူတွင် ဝါစက်များ၊ မန္တလေးတွင် ဆီစက်များ စသည်ဖြင့် အနည်းအကျဉ်းလောက်သာ ဖြစ်ပေးခဲ့၏။
စီးပွားရေးစနစ်ကို အခြေတည်၍ပြောရလျှင် အထက်ဗမာပြည်နှင့် အောက်ဗမာပြည်မှာ တခေတ်စီဖြစ်နေတော့၏။
× × × × × ×
လူတို့၏နေထိုင်မှုအရ စိတ်ဓာတ်တို့သည် ဖြစ်ပေါ်လာခဲ့၏။ အရင်းရှင်စနစ်အရ ဖြစ်ပေါ်သော စိတ်ဓာတ်ကား "ငါ" ဟူသော ဝါဒဖြစ်၏။ "ငါကြီးပွားဖို့ ငါကြိုးစားရမည်" ဟူသော စိတ်ဖြစ်၏။ အောက်ဗမာပြည်၌ "တကိုယ်တည်း"ဟူသော စိတ်ဓာတ်သည် တနေ့တခြား ဖုံးလွှမ်းလာခဲ့၏။ ရန်ကုန်မြို့၌ ၎င်းစိတ်ဓာတ်သည် အထွတ်အထိပ် ရောက်ခဲ့၏။ စစ်မဖြစ်မီက ရန်ကုန်မြို့လယ်ခေါင်တွင် အခန်းချင်းယှဉ်နေသူတို့ အချင်းချင်း မသိကြ၊ မိတ်ဆွေမလုပ်၊ ကိုယ့်ကိစ္စနှင့်ကိုယ်များနေကြ၏။
အထက်ဗမာပြည်၌မူကား ပဒေသရာဇ်စနစ် ခေတ်မကုန်သေး၍ "ကိုယ့်ချည်းသက်သက်" ဟူသော စိတ်ဓာတ်မျိုး အောက်ဗမာပြည်လောက် မပျံ့နှံ့သေး၊ ရပ်မှု၊ရွာမှု၊ သာရေး နာရေး ဝိုင်းဝန်းလုပ်ကိုင်သော အလေ့အထတို့သည် ရှိနေသေး၏။
အောက်ဗမာပြည်၌ စပါးစိုက်ကြ၏။ စပါးမှာ အောက်ဗမာပြည်သာမက အထက်ဗမာပြည်ကိုပါ ကျွေးနိုင်၏။ ဗမာတပြည်လုံးကို နှစ်နှစ်စာကျွေးနိုင်အောင် စိုက်ကြ၏။
အထက်ဗမာပြည်၌ မြေပဲ၊ နှမ်း၊ ဝါ စိုက်ကြသည်မှာ အထက်ဗမာပြည်တွင် လုံလောက်ရုံသာဖြစ်၏။….ဗမာတပြည်လုံးလိုသည်၏ တဝက်လောက်သာ စိုက်ကြ၏။
အောက်ဗမာပြည်၌ လယ်လုပ်ကြ၏။ လုပ်သူတို့ကို လယ်သမားခေါ်၏။ အထက်ဗမာပြည်၌ ယာလုပ်ကြ၏။ သူတို့ကို တောင်သူဟုခေါ်သည်။
အတွေးအခေါ် ဓလေ့ထုံးစံတို့ မည်မျှကွာခြားမည်ကို တွေးကြည့်နိုင်ပေသည်။
အောက်ဗမာပြည်၌ စပါးစက်၊ သစ်စက် စသည်ဖြင့် ခေတ်သစ်စက်မှုလုပ်ငန်းတွေ ထွန်းကားခဲ့၏။ အထက်ဗမာပြည်၌ အနည်းအကျဉ်းသာရှိ၏။ အိမ်တွင်းလက်မှုလုပ်ငန်း ထွန်းကားပေသည်။
သို့ဖြစ်၍ အထက်သားနှင့်အောက်သားတို့ တွေးပုံခေါ်ပုံ မတူသည်မှာကား အထူးအဆန်းမဟုတ်ပေ။
နိုင်ငံရေးအယူအဆ ကျလာသည့်အခါ အထက်ဗမာပြည်နှင့် အောက်ဗမာပြည် များစွာ ကွာခြားတော့၏။
အထက်ဗမာပြည်၌ မြန်မာမင်းတို့ဆုံးရှုံးရသေးသည်မှာ မကြာလှသေး၍ အင်္ဂလိပ်အစိုးရတို့ကို မကျေနပ်တိုင်း ရှင်ဘုရင်ကိုတမ်းတကြပေမည်။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြဌန်းကို ပြန်လည် လွမ်းဆွတ်ကြပေမည်။
ရခိုင်၊ မွန်၊ ထားဝယ်၊ ကရင်စသော သူများအဖို့အရာကား မြန်မာမင်းများကို ပြန်မလွမ်းဆွတ်နိုင်။ သတိရစရာရှိလျှင် တို့ကိုနှိပ်စက်ခဲ့တာ သူတို့ပဲဟု သတိရပေမည်။ အောက်ဗမာပြည်သို့ ဆင်းလာခဲ့သော မြန်မာများသည်လည်း ယေဘုယျအားဖြင့် မြန်မာရှင်ဘုရင်စနစ်ကို မကြိုက်ကြ။ မင်းတုန်းမင်း၊ သီပေါမင်းတို့လက်ထက်တွင် အောက်ပြည်တွင် စီးပွားတိုးတက်သဖြင့် အောက်ပြည်သို့ ဆင်းသက်လာသူတို့မှာ မရေမတွက်နိုင်ခဲ့ပေ။
အောက်ဗမာပြည်တွင်ကား တိုင်းရင်းသားလူမျိုးစုံ စုရုံးရုံမက အပြင်အပမှ လူမျိုးစုတို့နှင့်လည်း ဆက်ဆံလာကြရ၏။ ဘာသာစုံတို့နှင့်လည်း ဆက်ဆံလာကြရ၏။ စီးပွားရေးတိုးတက်မှုကိုသာ အဓိကလုံးပန်းလာကြသဖြင့် အောက်ဗမာပြည်သူ ပြည်သားတို့သည် ယေဘုယျအားဖြင့် ဘာသာရေးကို နှစ်နှစ်ကာကာ မလိုက်စားကြ။ လောကုတ္တရာရေးထက် လောကီရေးကိုသာ အားသန်ကြပေသည်။
ဆရာတော် သံဃာတော်များက ဒါယကာ၊ ဒါယိကာမများကို သြဝါဒ ပေးနိုင်သည်။ သူတို့စိတ်ဓာတ်ကိုထိန်းနိုင်သည် မှန်၏။ သို့ရာတွင် အောက်ဗမာပြည်တွင် လောကဓာတ်ကျောင်းများ၊ ခေတ်စာသင်ကျောင်းများ အမြောက်အများ ပေါ်ခဲ့၏။
ခေတ်ပညာတတ်များက သူတို့သည် သံဃာတော်များထက် တတ်ကျွမ်းသည်ဟု ယူဆကြပေရာ သံဃာတော်များ၏သြဇာမှာ အောက်ဗမာပြည်တွင် စူးရှသင့်သလောက် မစူးရှပေ။
အထက်ဗမာပြည်၍မူကား အောက်ဗမာပြည်လောက် လူမျိုးမစုံ၊ ဘာသာမစုံ၊ ဗုဒ္ဓဘာသာ၏ သြဇာလွှမ်းမိုးမှုမပျက်….
အောက်ဗမာပြည်မှာလောက် ခေတ်ပညာတတ် မများသဖြင့်လည်း သံဃာတော်များပင်လျှင် သြဝါဒစရိယများဖြစ်ပေသည်။နိုင်ငံရေးနှင့်ပတ်သက်၍ သြဝါဒကို သံဃာတော်များထံမှ နာယူကြကုန်၏။
အောက်ဗမာပြည်၌မူကား ရွာရှိ စာသင်ကျောင်းဆရာသည် နိုင်ငံရေးသုခမိန် တနည်းအားဖြင့် ရွာခေါင်းဆောင်ဖြစ်ပေ၏။
ဤသို့အားဖြင့် အထက်ဗမာပြည်နှင့် အောက်ဗမာပြည်သည် စီးပွားရေး၊နိုင်ငံရေး အတွေးအခေါ်တို့သည် တဘဝစီကဲ့သို့ ဖြစ်နေပေ၏။ နိုင်ငံရေးလုပ်ငန်းတို့တွင် အထက်ဗမာပြည်က ခွဲခွဲခြားခြားလုပ်လိုသည့်သဘောထားများ ပေါ်ပေါက်လာတတ်ခြင်း၏ အကြောင်းကား ၎င်းတို့ပင်ဖြစ်တော့၏။
သခင်သန်းထွန်း
လူထုဂျာနယ် အတွဲ(၁) အမှတ်(၉)
၁၅-၁၁-၁၉၄၅
စာ ၁၉-၃၀မှ ကောက်နုတ်ဖော်ပြသည်။
#အထက်ဗမာပြည်၏နိုင်ငံရေး-(၂)
ဤကဲ့သို့ဖြစ်ပေသော စိတ်ဓာတ်အကြောင်းကို နိုင်ငံရေး ရာဇဝင်ပြန်ကြည့်က ပို၍ထင်ရှားပေမည်။
လွန်ခဲ့သော နှစ်ပေါင်း ၄၀ကျော်က ဗမာပြည်တွင် နိုင်ငံရေးလုပ်ငန်းပေါ်ပေါက်ခဲ့၏။ နိုင်ငံရေးကို ဗမာပြည်ပညာတတ်လူတန်းစားက စလုပ်ခဲ့၏။ အင်္ဂလိပ်က ဘုရင်ခံ၊ရုံးစာရေးကြီးက ကုလား စသည်ဖြင့် ဗမာပညာတတ်များ မတိုးနိုင်ခဲ့ပေ။
"ပြာတာကအစ၊ဘုရင်ခံအထိ"ဗမာဖြစ်ရမည်။ ဗမာပြည်သည် ဗမာလူမျိုးများအဖို့ဟူသော လိုလားချက်တို့ကို ထုတ်ပြန်ခဲ့၏။ တိုင်းသူပြည်သား လူထုကြီးပါလာစေရန် "အမျိုး၊ ဘာသာ၊သာသနာ" ဟူသော ကြွေးကြော်သံတို့ကို ထုတ်ပြန်ခဲ့လေသည်။
၁၉၀၇ ခု-၈ခုလောက်တွင် အမေရိကန်ပြည်က ကမ္ဘာ့အနှံ့အပြားတွင် မိမိတို့ဖြန့်ထားသောငွေကြေးများကိုပြန်သိမ်းလေရာ ဗမာပြည်၌ ချစ်တီးများသည်လည်း မိမိတို့ထုတ်ထားသောကြွေးများကို ပြန်တောင်းလေသည်။ ထိုအခါမှစ၍ ဗမာပြည်တွင် လယ်ဆုံးသူတို့ ပေါ်လာလေတော့၏။ ဤသည်တွင် ဗမာပြည်၌ လယ်ပိုင်ရှင်ကြီး လယ်ပိုင်ရှင်ကလေးတို့သည် နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေါ်လာတော့၏။
၁၉၁၄-၁၈ ခုနှစ် ကမ္ဘာစစ်အတောအတွင်း၌ အိန္ဒိယပြည်မှ အရင်းအနှီးရှိသူတို့သည် စီးပွားတိုးတက်လာခဲ့၏။
စစ်ကြီးပြီးသည့်အခါ မိမိတို့စီးပွားတိုးတက်မှုအတွက် နိုင်ငံရေးအခွင့်အရေးများကို တိုးတက်တောင်းလာကြ၏။ အင်္ဂလိပ်အစိုးရတို့သည်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်အတန်း တိုးပေးမည်ဟု ကတိကို ကြေညာကြရလေသည်။
ဗမာပြည်မှ ပညာတတ်လူတန်းစား စက်ပိုင်ရှင် လူတန်းစားတို့သည်လည်း အလားတူ တောင်းဆိုကြ၏။ ပထမ၌မရကြ။ သို့ဖြစ်၍ လယ်ဆုံးအံံ့ဆဲဆဲဖြစ်သော လယ်ပိုင်ရှင်ကြီး လယ်ပိုင်ရှင်ကလေး လူတန်းစားဖြစ်သောလူထု၏အားကို အမှီပြုကြလေသည်။
သို့ဖြစ်သဖြင့် ၁၉၂၀-၂၂ ခုနှစ်လောက်တွင် ဗမာပြည်နိုင်ငံရေး နိုးကြားမှုမှာ အကြီးအကျယ် ဖြစ်ခဲ့လေသည်။
နိုင်ငံရေးလှုံ့ဆော်ရာတွင် စိတ်ဓာတ်အမျိုးမျိုးကို လှုံ့ဆော်ရန်လိုပေရာ ရှင်ဘုရင်ဆုံးသဖြင့် အင်္ဂလိပ်ကိုမလိုလားသည့်စိတ်ဓာတ်ဖြင့် လွှမ်းမိုးနေသော အထက်ဗမာပြည်ကို အားပြုခဲ့ကြလေသည်။ မန္တလေးသည် နိုင်ငံရေးမြို့တော်ဖြစ်ခဲ့လေသည်။ အကြီးအကျယ်ဆုံးသော ဂျီစီဘီအေ၏ နဝမမြောက်ကွန်ဖရင့်မှာ မန္တလေးမြို့တွင် ကျင်းပခဲ့လေသည်။
အင်္ဂလိပ်အစိုးရတို့သည် နောက်ဆုံး၌ အိန္ဒိယပြည်နှင့်အလားတူ ဒိုင်အာခီစနစ်ကို ပေးခဲ့ရလေသည်။
အိန္ဒိယပြည်တွင်၎င်း ဗမာပြည်တွင်၎င်း ဒိုင်အာခီစနစ်၏ ရည်ရွယ်ချက်မှာ ပညာတတ်လူတန်းစား၊ စက်ပိုင်ရှင်လူတန်းစား ၊ အရင်းအနှီးရှိသောလူတန်းစားကို ချော့လိုက်ခြင်းဖြစ်၏။
ဒိုင်အာခီကို လက်ခံသူ ၂၁ ဦး၊ ဟုမ္မရူးလိုလားသူ ဝံသာနုဟူ၍ ကွဲပြားခဲ့လေသည်။
၂၁ဦးတို့မှာ ပညာတတ်လူတန်းစား စက်ပိုင်ရှင် လူတန်းစားတို့ဖြစ်၏။ ဝံသာနုတို့မှာ လယ်ဆုံးအံ့သောလယ်ပိုင်ရှင်ကလေးများ၊ တောင်သူလယ်သမားများဖြစ်ကြလေသည်။
အထက်ဗမာပြည်၌ ပညာတတ်လူတန်းစားနည်းပေရာ မန္တလေးမြို့ရှိ စက်ပိုင်ရှင်အနည်းငယ်၊ အရင်းအနှီးရှိသူအနည်းငယ်ကလွဲ၍ အထက်ဗမာပြည်တခုလုံးလိုလို ဝံသာနုနောက် လိုက်ခဲ့ကြပေသည်။
ဒိုင်အာခံလက်ခံခဲ့သော ၂၁ဦးတို့သည်လည်း လူထုကြီးနှင့် ကင်းကွာခဲ့၏။ လူထုကြီးကလည်း သူတို့ကို မလိုလား အမြဲတမ်းဆူပူနေခဲ့၏။ တဘက်၌လည်း အင်္ဂလိပ်အရင်းရှင်များ၊ ကုလားအရင်းရှင်များကို တိုက်နေရ၏။ မိမိတို့၏ လူတန်းစားခိုင်မြဲရေးအတွက် ရှိသမျှအာဏာကို အသုံးပြုခဲ့ပေရာ အတန်းအစားအဖြစ် တဖြည်းဖြည်း ခိုင်မြဲလာခဲ့၏။ ပညာတတ်များ များပြားလာခဲ့၏။ စက်ပိုင်ရှင်များ များပြားလာခဲ့၏။ အရင်အနှီးများ ကြီးထွားလာခဲ့၏။
လယ်ပိုင်ရှင်လူတန်းစားမှ လူတို့သည်လည်း ဤအတန်းအစားသို့ ပြောင်းလဲလာခဲ့၏။ သို့ဖြစ်၍ ဟုမ္မရူးသမားများသည် ဒိုင်အာခီဘက်သို့ ကူးပြောင်းလာကြခြင်း ဖြစ်ပေသည်။
ဝံသာနုခေါင်းဆောင်ဖြစ်သော လယ်ပိုင်ရှင်ကလေးတို့က အရင်းရှင်လူတန်းစားသို့ ပြောင်းလဲလာသည်နှင့်အမျှ လယ်ဆုံးသည့်လယ်သမားများလည်း တနေ့ တခြား များပြားလာတော့၏။
၁၉၂၉ ခုနှစ်တွင် ကမ္ဘာ့အနှံ့အပြား စီးပွားရေးကျပ်တည်းပေရာ ဗမာပြည်တွင် တောင်သူလယ်သမားတို့သည် လယ်ဆုံးခဲ့ကြရလေသည်။ ၁၉၃၀ခု၊ ၃၁ခုနှစ်တွင် သာယာဝတီ သူပုန်ကြီး ဖြစ်ပေးလာခဲ့လေသည်။ သို့ဖြစ်၍ ၁၉၂၃ ခုနှစ် ၃၀ခုနှစ် အကြားဝယ် ဂျီစီဘီအေတို့ ဖရိုဖရဲဖြစ်ခဲ့ရလေသည်။ ခေါင်းဆောင်သောလယ်ပိုင်ရှင်ကလေးများနှင့် လယ်ဆုံးသော တောင်သူလယ်သမားတို့ အကျိုးစီးပွားခြင်းမတူတော့သဖြင့် ကွဲပြားခြင်းဖြစ်ပေသည်။ အထက်ဗမာပြည်၌ အောက်ဗမာပြည်လောက် လယ်ဆုံးသည့်ကိစ္စမျိုး မဖြစ်စေကာမူ စီးပွားတိုးတက်မှု ထင်ထင်ရှားရှားမရှိသဖြင့် သာယာဝတီသူပုန်ကဲ့သို့ လယ်သမားသူပုန်ကြီးမျိုး မဖြစ်စေကာမူ အင်္ဂလိပ်အစိုးရထံမှ အခွင့်အရေးများရနေသော ပညာတတ်လူတန်းစား စက်ပိုင်ရှင်လူတန်းစား အရင်းအနှီးရှိသောလူတန်းစားကို မကျေချမ်းသည့်စိတ်ဓာတ်ကား ရှိမြဲရှိနေသေးပေ၏။
× × × × × ×
၁၉၃၀-၃၁ ခုနှစ်လောက်တွင် ခွဲရေး တွဲရေးပြဿနာ ပေါ်ပေါက်ခဲ့၏။ အင်္ဂလိပ်အစိုးရတို့က အရင်းအနှီးတိုးတက်လာသောလူတန်းစားကို အခွင့်အရေး ပိုမိုပေးစေရန်လည်းကောင်း၊ မိမိတို့၏ အရင်းရှင်စနစ်ကိုမထိခိုက်ဘဲ ကုလားအရင်းရှင်များဘက်ကို စစ်ဦးလှည့်ပေးရန် တီထွင်လိုက်သော ပရိယာယ်ဖြစ်၏။
အထက်ဗမာပြည်မှ လယ်ပိုင်ရှင်ကလေးများ တောင်သူလယ်သမားများအဖို့ရာကား အင်္ဂလိပ်အရင်းရှင်၊ ကုလားအရင်းရှင်၊ ဗမာအလယ်အလတ်တန်းစား တမျိုးတည်းဖြစ်နေ၍ ၁၉၃၃ခုနှစ်တွင် ဗမာပြည်တခုလုံး တွဲရေးကို မဲပေးကြလေသည်။
ထိုအချိန်အခါ၌ပင် ဒေါက်တာဘမော်သည် ဗမာပြည်နိုင်ငံရေးသို့ ပါဝင်ခဲ့၏။ဒေါက်တာဘမော်ကို ဝံသာနုများက ခေါင်းဆောင်အဖြစ် လက်ခံကြ၏။ ဝံသာနုများကား လယ်ဆုံးအံ့သော လယ်ပိုင်ရှင်ကလေးများ၊ တောင်သူလယ်သမားများအတန်းအစားဖြစ်ပေရာ ခေတ်မီသော ပညာတတ်ခေါင်းဆောင်လိုလားပေ၏။ ဒေါက်တာဘမော်သည် ခေတ်မီသော ပညာတတ်ဖြစ်ရုံမက ဥရောပတွင် ဆိုရှယ်လစ်ဝါဒကို လေ့လာသူတဦးဖြစ်ခဲ့၏။ လယ်မြေပြဿနာတို့ကို လေ့လာသူဖြစ်ခဲ့၏။ ဗမာပြည်တွင် ဆိုရှယ်လစ်ဝါဒကို စထွင်သူတဦးဖြစ်ခဲ့၏။ဗမာပြည်လို လယ်သမားလွှမ်းမိုးသောတိုင်းပြည်တွင် ဆိုရှယ်လစ်ဝါဒသည် လယ်သမားအပေါ် အခြေစိုက်ရမည်ဖြစ်ရာ အထက်ဗမာပြည်သည် ဒေါက်တာဘမော်တို့ ခေါင်းဆောင်မှုနောက် လိုက်ခဲ့ပေသည်။
သို့ဖြစ်၍ ၁၉၃၇ ခုနှစ် အုပ်ချုပ်ရေးအသစ်တီထွင်သည့်အခါ၌ ဒေါက်တာဘမော်၏ ပင်ကိုယ်ပါတီက အမတ်ဦးရေ ၁၁ ယောက်ရစေကာမူ လယ်သမားလူတန်းစားတို့နှင့်ပတ်သက်သော ဝံသာနုပါတီများ ရခိုင်၊ ကရင်စသော အဖွဲ့များသည် ဓဒါက်တာဘမော်ကို ထောက်ခံခဲ့၏။
ဒေါက်တာဘမော်၏ အစိုးရသည်လည်း ၁၉၃၇ ခုနှစ် ၃၈ခုနှစ်အတွင်း လယ်သီးစားဥပဒေ လယ်မြေလွှဲပြောင်းရေးဥပဒေ စသည်တို့ကို ထုတ်ပြန်ရန် စိုင်းပြင်းခဲ့ပေသည်။ လယ်မြေလွှဲပြောင်းရေးဥပဒေမှာ အထူးသဖြင့် အထက်ဗမာပြည်နှင့်သက်ဆိုင်ပေသည်။
× × × × × ×
ဒေါက်တာဘမော်နှင့် မရှေးမနှောင်းပင် ဗမာပြည်နိုင်ငံရေးတွင် တို့ဗမာအစည်းအရုံးခေါ် သခင်အဖွဲ့သည် ပေါ်ပေါက်ခဲ့၏။
သခင်အဖွဲ့ကား အစ၌ ပညာတတ်လူတန်းစား၏ အဖွဲ့ဖြစ်၏။ လူထုနှင့် အဆက်အသွယ်ရှိသော အဖွဲ့မဟုတ်ပေ။ ပညာတတ်လူတန်းစားဆိုစေကာမူ ၂၁ဦးပါတီကဲ့သို့ ဝတ်လုံများ၊ စက်ပိုင်ရှင်များ၊ အရင်းအနှီးရှိသူများ မဟုတ်ကြ အလုပ်မရသော ပညာတတ်များ၊ အမှုမလိုက်ရသော ရှေ့နေများ၊ လူထဲမတိုးနိုင်သော ကျောင်းဆရာများဖြစ်ပေသည်။
မိမိတို့၏ ညံ့ဖျင်းသောဘဝကို မကျေမချမ်းဖြစ်ကာ ၂၁ဦးခေါ် အထက်တန်းစားကို တွင်တွင်ကြီး ရေရွတ်ဆဲဆိုကြလေသည်။
ကံတူအကျိုးပေးဖြစ်သဖြင့် တောင်သူလယ်သမား လူတန်းစားဖြစ်သော ဝံသာနုတို့က ၂၁ဦးများအားဆဲသည်ကို ကျေနပ်၏။ သို့သော် မိမိတို့လူတန်းစားအတွက် အကျိုးရှိမည့် အစီအစဉ်များမပါသဖြင့် လှိုက်လှိုက်လှဲလှဲ အားမပေးကြ။
၁၉၃၆ ခုနှစ် ရွေးကောက်ပွဲတွင် သခင်များသည် လူထု၏ထောက်ခံချက်မရသဖြင့် အမတ်သုံးယောက်သာ ရခဲ့လေသည်။ အမတ်သုံးယောက်အနက် တယောက်မှာ လယ်ပိုင်ရှင်တဦးဖြစ်၏။မျိုးချစ်ပါတီဟူသော လယ်ပိုင်ရှင်တို့၏ပါတီ နောင်အခါ၌ပေါ်လာသည့်အခါ ထိုလယ်ပိုင်ရှင်သခင်သည် လယ်ပိုင်ရှင်ပါတီသို့ ကူးပြောင်းသွားခဲ့လေသည်။
၁၉၃၇ ခုနှစ် အုပ်ချုပ်ရေးရောက်လာသည့်အခါ သခင်ပါတီသည် လူထု၏ပါတီဖြစ်အောင် ကြိုးပမ်းလေသည်။ လယ်သမားတို့၏အရေးကို အားသွန်ကြိုးပမ်းလေသည်။သို့ဖြစ်၍ ၁၉၃၇ခုနှစ်နှင့် ၁၉၃၉ခုနှစ်ကြားတွင် သခင်ပါတီသည် အောက်ဗမာပြည်တွင် ကြောက်ခမန်းလိလိ ကြီးထွားခဲ့ပေသည်။
သို့ရာတွင် ထိုအခါက သခင်ပါတီကို ခေါင်းဆောင်နေသူများမှာ အောက်ဗမာပြည်သားများ သို့မဟုတ် အောက်ဗမာပြည်တွင်ကြီးသော အထက်ဗမာပြည်သားများဖြစ်ကြ၏။ အထက်ဗမာပြည်ပြဿနာကို နားမလည်ကြ၊ သူတို့အားစိုက်လုပ်ကိုင်သော လယ်သမားများအရေးမှာလည်း လယ်သီးစားသမားများ အရေးလိုသာဖြစ်၏။ အထက်ဗမာပြည်ပြဿနာများဖြစ်သော လယ်မြေမဆုံးရေး၊ တောင်သူတို့စီးပွားတိုးတက်ရေး၊ မြေပဲ၊ နှမ်း၊ ဝါတို့ကို ဈေးကောင်းကောင်းရရေးတို့မဟုတ်။ သို့ဖြစ်၍ ယနေ့အထိ သခင်ပါတီသည် အထက်ဗမာပြည်၌ နိုင်ငံရေးသြဇာလွှမ်းမိုးမှု မရှိခဲ့ပေ။
၁၉၃၇ ခုနှစ် အုပ်ချုပ်ရေးကို အကြောင်းပြုကာ တောင်သူလယ်သမားတို့ နိုးကြားခဲ့၏။
၁၃၀၀ပြည့်နှစ် တောင်သူလယ်သမားအရေးတော်ပုံကြီးမှာ ဗြိတိသျှအစိုးရကိုလည်းကောင်း၊ လယ်ပိုင်ရှင်ကြီးများကိုလည်းကောင်း ချောက်ချားစေခဲ့၏။
အစိုးရညံ့ဖျင်း၍ ဤအရေးတော်ပုံကြီးကို မနှိပ်ကွပ်နိုင်ဟုဆိုကာ ဥရောပတိုက်သား အရင်းရှင်တို့သည် ဒေါက်တာဘမော် အစိုးရဖြုတ်ချရေးတွင်ခေါင်းဆောင်ခဲ့၏။ လယ်ပိုင်ရှင် လူတန်းစားနှင့်ပူးပေါင်းကာ ဖြုတ်ချခဲ့၏။ လယ်ပိုင်ရှင်လူတန်းစား၏ ပါတီဖြစ်သော မျိုးချစ်ပါတီကို ထိုးတင်ပေးခဲ့လေသည်။
လယ်ပိုင်ရှင်လူတန်းစားသည်လည်း စည်းရုံးသထက် စည်းရုံးလာခဲ့၏။ လယ်သမားတို့ကို ခေါင်းဆောင်နေသောသခင်တို့ကို ဝါးရင်းတုတ်နဲ့ရိုက်ပြီး မိမိတို့၏ အင်အားကို မြဲစေခဲ့၏။ ဖက်ဆစ်စနစ်များကို အသုံးပြုလာလေသည်။
မျိုးချစ်ပါတီသည်လည်း လယ်ပိုင်ရှင်ကြီးတို့၏ အကျိုးကိုချည်းဆောင်ရွက်နေကာ လူထုနှင့်ကင်းကွာမည်စိုး၍ လူထုကြိုက်မည့်လုပ်ငန်းများကို လယ်ပိုင်ရှင်တို့၏ အကျိုးနှင့် မဆန့်ကျင်သမျှ ဆောင်ရွက်လေသည်။
၁၃၀၀ ပြည့် အရေးတော်ပုံကြောင့် တက်ကြွလာသော မျိုးချစ်စိတ်ဓာတ်ကို မိမိတို့ဘက် ယိမ်းယိုင်လာစေရန် အလောင်းဘုရားသင်္ချိုင်း ကန်တော့ခြင်း၊ လယ်ထွန်မင်္ဂလာကျင်းပခြင်း စသည်တို့ကို လုပ်ခဲ့ပေသေးသည်။
မျိုးချစ်ပါတီသည် အထက်တန်းစားတို့၏ ပါတီဖြစ်သည့်အတိုင်း အထက်ဗမာပြည်က လူထုကြီးသည် မပါသေး၊ မန္တလေးမြို့မှ စက်ပိုင်ရှင်များ ဆီစက်ပိုင်ရှင်များသာ ပါသေး၏။ အထက်ဗမာပြည် လူထုအတွက် ထိထိရောက်ရောက် မလုပ်ခဲ့ပေ။
ဗမာပြည်တွင် ဒေါက်တာဘမော်ကြီးမှုးသော ဆင်းရဲသားဝံသာနုပါတီ၊ သခင်ပါတီ၊ မျိုးချစ်ပါတီဟူ၍ ပါတီကြီး သုံးခု ပေါ်ပေါက်ခဲ့ပေရာ ထိုသုံးပါတီလုံး အထက်ဗမာပြည်ကို ထူးထူးခြားခြား ဂရုမစိုက်ကြ။
ဒေါက်တာဘမော်၏ပါတီကို အထက်ဗမာပြည် လူထုက အားကိုးခဲ့၏။ သို့ရာတွင် အားကိုးသလောက် ထိထိရောက်ရောက် မလုပ်ခဲ့။
သခင်ပါတီမှာ အောက်ဗမာပြည်တွင်သာ အချိန်ကုန်နေခဲ့၏။
မျိုးချစ်ပါတီမှာမူ အထက်ဗမာပြည်က အထက်တန်းစားများကသာ အားပေး၏။
အထက်ဗမာပြည်မှ နိုင်ငံရေးခေါင်းဆောင်တို့သည် ဤအဖြစ်ကို သည်းမခံနိုင်ကြ။
ဗမာပြည်တွင် ဝံသာနုလုပ်ငန်းပြီးကတည်းက အထက်ဗမာပြည်သည် နောက်လိုက် အဖြစ်နှင့် နေခဲ့ရ၏။ မိမိတို့အရေးကို လျစ်လျူရှုထားသကဲ့သို့ ယူဆကြ၏။
နိုင်ငံရေးအခွင့်အရေး ရစရာရှိလျှင်လည်းကောင်း၊ စီးပွားရေးအခွင့်အရေး ရစရာ ရှိလျှင်လည်းကောင်း မိမိတို့မှာ ထူးထူးခြားခြားမရှိခဲ့။
ဗြိတိသျှအစိုးရတို့နှင့် အပေါက်အလမ်းမတည့်လျှင်လည်းကောင်း၊ မိမိလုပ်ငန်းနေရာမကျလျှင်လည်းကောင်း ၊ အထက်ဗမာပြည်သို့ ခေါင်းဆောင်ကြီးများ ကြွရောက်ကာ အစည်းအဝေးကျင်းပခြင်း၊ တိုင်ပင်နှီးနှောခြင်းတို့ လုပ်ခဲ့ကြ၏။ သာမန်အားဖြင့် မေ့နေကြသည်ကို တွေ့ရပေသည်။
"တို့ကို ခေါင်းဆောင်လို့ အသိအမှတ်မပြုတောင် တို့ရှိမှန်းသိအောင် လုပ်ရမယ်။ တို့ကို နေရာထားရမယ်"ဟူသော စိတ်ဓာတ်တို့သည် အထက်ဗမာပြည်နိုင်ငံရေးခေါင်းဆောင်တို့၏ စိတ်ထဲတွင် ပေါ်ပေါက်လာမည်ကား ဓမ္မတာအတိုင်း ဖြစ်ပေ၏။
"ရာထူးခန့်စရာရှိလျှင် အထက်ဗမာပြည်ကို သုံးပုံတပုံပေးပါ"ဟူ၍ လည်းကောင်း
"ရန်ကုန်သားတွေချည်း အုပ်စားနေတာ တို့မခံဘူး" ဟူ၍၎င်း၊ အချို့နိုင်ငံရေးခေါင်းဆောင်များ၏ စိတ်တွင် ပေါ်လာခြင်းကား အဆန်းမဟုတ်ပေ။
သို့ဖြစ်၍ ၁၉၄၀ ခုနှစ်လောက်တွင် "အညာသားပါတီ"ဟု ပေးပေါက်လာခဲ့ပေသည်။
၎င်းပါတီကို တည်ထောင်သည့် ခေါင်းဆောင်တဦး၏ အဆိုအရ "ကျုပ်တို့လည်း အခွင့်အရေးရအောင် တောင်းတာပဲ"ဟု ပြောဖူး၏။
သို့ရာတွင် ၎င်းပါတီမှာ ခိုင်မြဲသောပါတီမဟုတ်ခဲ့။ မခိုင်မြဲခြင်းမှာ ၎င်းပါတီသည် အထက်ဗမာပြည်၏အမတ်များက ဝန်ကြီးတနေရာရရုံလောက်သာစုထားသော အဖွဲ့ဖြစ်၏။လူထုကြီးပါတီမဟုတ်။
ဝါဒအားဖြင့်လည်း ကျကျနနမရှိ။ အထက်ဗမာပြည်၌ ရှင်ဘုရင်လိုလားသောစိတ်ဓာတ်ရှိရာ ၎င်းစိတ်ဓာတ်ကို သိမ်းသွင်းလိုသဖြင့် တချို့က "တို့ဘုရင်ဝါဒ"ဟု ဆိုကြ၏။
အချို့ကလည်း ဆင်းရဲသားဝါဒယောင်ယောင် မျိုးချစ်ဝါဒယောင်ယောင်ဖြင့်။
လွှတ်တော်အပြင်အပ၌လည်း အစည်းအရုံး တောင့်တောင့်တင်းတင်းမရှိခဲ့။
ထိုမှတပါး အထက်ဗမာပြည်က တကယ်လိုလားတောင့်တနေသော အချက်များကို ဖြေရှင်းရန် ရည်ရွယ်ချက်များ မရှိခဲ့။
ဥပမာ-
(၁) လယ်မြေလက်ပြောင်းခြင်း မရှိစေရန်။
(၂) မြေပဲ၊ နှမ်း၊ ဝါ စသည်တို့ ဈေးကောင်းရစေရန်။
(၃) တောင်သူတို့ စီးပွားတိုးတက်စေရန်။
(၄) မြေပဲ၊ နှမ်း၊ ဝါစက်များ ပေါ်ပေါက်လာစေရန်။
(၅) ပညာတတ်များ များပြားစေရန်။
(၆) ကျန်းမာရေးတိုးတက်စေရန်။
(၇) လမ်းပန်းကောင်းမွန်စေရန်။
စသည်ဖြင့် လုပ်ငန်းစဉ်များမရှိခဲ့။
အညာသားပါတီမှာ ဝါဒမရှိ၊ အစည်းအရုံးမရှိ၊ လုပ်ငန်းစဉ်မရှိ၍ ခိုင်ခိုင်မာမာ မရှိခဲ့။လွှတ်တော်အတွင်း၌ အစိုးရကို "အညာသားအား ပြရုံလောက်သာ" ဖွဲ့ထားခြင်းဖြစ်၏။
အာဏာရှိနေသော မျိုးချစ်ပါတီသည် ရာထူးပေးသူကိုပေးပြီး အထက်ဗမာပြည်ခေါင်းဆောင်များအကြိုက် အနည်းအကျဉ်း လုပ်ပေးလိုက်ရာ အညာသားပါတီမှာ ဖရိုဖရဲ ဖြစ်ခဲ့ပေသည်။
အချုပ်ဆိုရလျှင် အထက်ဗမာပြည်သည် စီးပွားရေးအခြေအနေတို့အရ မျိုးချစ်စိတ်ဓာတ်၏ ဂိုဒေါင်ကြီးသဖွယ်ဖြစ်ပေ၏။
သခင်သန်းထွန်း။
လူထုဂျာနယ် အတွဲ(၁) အမှတ်(၉)
၁၅-၁၁-၁၉၄၅
စာ ၁၉-၃၀ မှ ကောက်နုတ်ဖော်ပြသည်
ဒီနေရာကယူပါတယ်https://www.facebook.com/Red-Rose-Research-Library-for-Political-Science-1508915365842798/
0 comments:
Post a Comment