Tuesday, November 24, 2020

ဆင်သွားလမ်းကို ဖောက်ခဲ့ကြတယ်-ဖိုးသံ (လူထု)-

0 comments
“ဆင်သွားလမ်းကို ဖောက်ခဲ့ကြတယ်”-ဖိုးသံ (လူထု)-
၁၉၆၅ ခုနှစ်မှာ ထင်ပါတယ်။
အနှစ် ငါးဆယ်တင်းတင်း ပြည့်ပြီပေါ့။
အထက်ဗမာနိုင်ငံစာရေးဆရာအသင်းက မန္တလေးကျုံးအနောက်ဖက်ဓမ္မဗိမာန်မှာ စာဆိုတော်နေ့ စာပေဟောပြောပွဲလုပ်တော့ “ဗမာစာအရေးအသားသစ်”ဆိုတဲ့စာတန်းကို ဖတ်ကြားခဲ့ပါတယ်။
စာတန်းရဲ့အဓိကဆိုလိုရင်းအဓိပ္ပါယ်ကတော့ အဲဒီအခါတုန်းက ဗမာစာကိုရေးသားကြတာမှာ ရှေးတုန်းကလိုပဲ‘၏’ ၊ ‘သည်’ စတာတွေနဲ့ရေးနေကြတာကို ခေတ်လူတွေပြောဆိုသုံးနှုန်းနေကြတဲ့‘တယ်’၊ ‘မယ်’စတာတွေနဲ့ပြောင်းရေးသင့်တယ်လို့ တင်ပြလိုက်တာပါပဲ။ သိမီသူတွေအားလုံး မှတ်မိကြပါလိမ့်မယ်။ ဒီစာတမ်းကို လူထုသတင်းစာထဲမှာလည်းဖော်ပြလိုက်တော့ ချက်ခြင်းဆိုသလိုပဲ ဗမာစာပေလောကတခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပါတယ်။ 

စာတန်းဖတ်ပွဲမှာစာတမ်းကို ဖတ်ကြားသူက (ဦး)မောင်သာနိုးပါ။ သူက စာတမ်းဖတ်သူဖြစ်ပေမဲ့ တကယ်က အဲဒီစာတမ်းကို ကျွန်တော့်မိဘများအပါအ၀င် အထက်ဗမာနိုင်ငံစာရေး ဆရာအသင်းက အမှုဆောင်အဖွဲ့ဝင်တွေအားလုံး ဆွေးနွေးကြပြီးဖြစ်ပါတယ်။ ဒီစာတမ်းကို အဲဒီတုန်းကမန္တလေးတက္ကသိုလ်မှာ ပါမောက္ခချုပ်လုပ်နေတဲ့ ဆရာဦးကျော်ရင်က “ဆင်သွားရင် လမ်းဖြစ်တယ်”ဆိုတဲ့ စကားပုံနဲ့ထောက်ခံလိုက်တော့ ဂယက်ဟာပိုတောင်ကြီးသွားပါတယ်။ သူ့လိုပဲ အဲဒီတုန်းက ဒီစာတမ်းကို တက်တက်ကြွကြွအားပေးထောက်ခံသူ နောက်တယောက်ကတော့ သမိုင်းပါမောက္ခဆရာဒေါက်တာသန်းထွန်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဆရာဟာ ဆောင်းပါးတွေမပြတ်ရေးနေပြီး သူ့ဆောင်းပါးတွေထဲမှာ ပြောစကားအရေးအသားနဲ့ချည်း ရေးပါတော့တယ်။ ဒါကြောင့်နောင်မှာ ဒီစာတမ်းပါအယူအဆကိုမနှစ်သက်သူတွေက မန္တလေးသား မဟုတ်သူတွေ ဝင်လုပ်တာ ဆိုတာမျိုးရေးကြ၊ ပြောကြတာရှိခဲ့ပါတယ်။

အဲဒီတုန်းက ဒီအယူအဆကိုဆန့်ကျင်သူ တော်တော်များများဟာ ဒေသစွဲတွေပါနေတာ သတိပြုမိပါတယ်။ အဲဒီခေတ်က မီဒီယာ ၉၀%ကျော်လောက်ဟာ ရန်ကုန်မှာပဲရှိနေတာဆိုတော့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းကိုရော၊ လူပုဂ္ဂိုလ်တွေကိုပါ ဆောင်းပါးတွေ၊ ကာတွန်းတွေနဲ့အပြတ်ဆန့်ကျင်ကြ (တချို့ဆိုရင်လှောင်ပြောင်သရော်၊ အပုပ်ချကြ) ပါတယ်။ အဲဒီနောက် အဲဒီစာတမ်းအပါ တချိန်တည်းဖတ်ကြားခဲ့တဲ့ စာတမ်းတွေကိုစုပြီး ဗမာစာပေအရေးအသားသစ်နဲ့ အခြားစာတမ်းများ ဆိုတဲ့စာအုပ်(စာအုပ်နာမည် နည်းနည်းလွဲချင်လွဲပါလိမ့်မယ်)ကို လူထုတိုက်ကစုပေါင်းပြီးရိုက်ထုတ်တော့ ကျွန်တော်ကစာအုပ်အဖုံးကို ဆွဲရပါတယ်။
ဒီအချိန်မှာ ကျွန်တော်တို့အိမ်မှာ ကြုံတွေ့ရတဲ့လက်တွေ့ပြဿနာက ကိုယ်တိုင်က နေ့စဉ်သတင်းစာထုတ်နေရတာပါပဲ။ သတင်းစာထဲမှာ သတင်းတွေနဲ့ ရေးနေကျဆောင်းပါးတွေကို ဘယ်လိုပုံစံနဲ့ရေးမလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒီလိုနဲ့ သတင်းအရေးအသားနဲ့ခေါင်းကြီးပိုင်းကို မူလအတိုင်းပဲရေးသားဖော်ပြပါတယ်။ အဖေက သူ့သောင်းပြောင်းထွေလာ ဆောင်းပါးတွေကို‘တယ်’-‘မယ်’နဲ့ရေးပါတယ်။ အမေကတော့ သူ့ရဲ့လှုပ်ရှားနေသောကမ္ဘာ့ရေးရာအခန်းကို ‘၏- သည်’နဲ့ပဲဆက်ရေးပါတယ်။ ဘာပဲဖြစ်ဖြစ် အပြောတော့မလွတ်ပါဘူး။

ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက ဗမာစာပေလောကမှာ အားလုံးအသိအမှတ်ပြုထားကြတဲ့ ဆရာ့ဆရာကြီးတွေက ဒီကိစ္စကို မှတ်ချက်မပေးကြပါဘူး။ စောင့်ကြည့်လိုကြတယ်လို့ထင်ပါတယ်။ အဲဒီနောက် ကျနော် ထောင်ထဲကိုရောက်သွားတော့ အဲဒီကိစ္စကို ကျနော် မျက်ခြေပြတ်သွားပါတယ်။ ကျနော်တို့အချင်းချင်း တခါတလေ စကားစပ်မိရင်တော့ ဒီဗမာစာအရေးအသားသစ်ဆိုတာကို အားလုံးလိုလိုကပဲ သဘောတူ ထောက်ခံကြတာကို သတိထားမိပါတယ်။ တချိန်တည်းမှာ ‘၏-သည်’ရေးတာကိုလည်း မဆန့်ကျင်ကြောင်း ဖော်ပြကြပါတယ်။

မန္တလေးထောင်ထဲမှာနေတုန်းက အိမ်သာသုံးဖို့အတွက် ထောင်ဗူးဝကဖတ်ပြီးတဲ့ သတင်းစာတွေကို ကတ်ကြေးနဲ့ဖြတ်ပြီး ကျနော်တို့ထိန်းသိမ်းခံတွေကို ဖတ်ဖို့ပေးပါတယ်။ အဲဒီသတင်းစာ အတိုအစတွေကို ကျနော်တို့က ပြန်စဉ်ပြီးထမင်းလုံးနဲ့ကပ်လိုက်တော့ သတင်းစာလို ဖတ်လို့ရပါတယ်။ အဲဒီလိုဖတ်ရတဲ့ သတင်းစာတွေထဲမှာ တခါတလေ ဒီကိစ္စအကြောင်းပြောကြရေးကြတုန်းပဲဆိုတာ သတိထားမိပါတယ်။ ဒီလိုနဲ့ ၁၉၆၇ ခုနှစ်ထဲမှာထင်ပါရဲ့ အိမ်ကပို့လာတဲ့စာအုပ်တွေအထဲမှာ အမေ့ရဲ့“အောင်ဗလ-ဖိုးစိန်-စိန်ကတုံး”စာအုပ်ကြီး ပါလာပါတယ်။ အဲဒီစာအုပ်မှာတော့ အမေက‘တယ်’-‘မယ်’နဲ့ပဲအပြတ်ရေးတော့တာပါ။ ဒိအရင်က ထုတ်တဲ့ အမေ့ရဲ့ “ပြည်သူချစ်သော အနုပညာ သည်များ” စာအုပ်မှာတော့ အမေက‘၏-သည်’နဲ့ပဲရေးခဲ့ပါတယ်။ ဒီလိုစကားပြောအရေးအသားနဲ့ရေးတော့ အမေ့ရဲ့ အရေးအသားပြောင်မြောက်မှုနဲ့ မြန်မာဘာသာစကားအသုံးအနှုန်းပေါကြွယ်မှုတို့ဟာ ကခုန်ပြီး ထွက်လာသလို ဖတ်ရပါတယ်။ 

မကြာပါဘူး။ ဒီလိုရေးနည်းကို သဘောမကျကြောင်း ဖော်ပြလေ့ရှိတဲ့ ဦးကြီးမောင် (အဖေနဲ့အမေတို့က သူ့ကို ကိုကြီးမောင်လို့ ခေါ်ပါတယ်)ရဲ့ စာကြေးမုံအခန်းမှာ အမေ့ရဲ့ဒီစာအုပ်ကို ဝေဖန်ချက်ရေးသားတော့ သူက “ဆင်မကြီး တကောင် ထောင်ထောင်-ထောင်ထောင်နဲ့ထွက်လာတယ်”လို့မှတ်ချက်ပြုပါတယ်။ သူဘယ်လိုအဓိပ္ပါယ်နဲ့ ဒီလိုရေးတယ်ဆိုတာကို အခုအထိ ကျွန်တော့်ခေါင်းထဲမှာမရှင်းပါဘူး။ ဒါပေမဲ့ အသိအမှတ်ပြုရာတော့ရောက်တယ်လို့ ထင်မိပါတယ်။

ဒီလိုနဲ့ ကိုကိုးကျွန်းပေါ်ကိုရောက်တော့ ကျနော့်အရင် ထောင်ထဲကို ရောက်သူတွေအထဲက စိတ်ဝင်စားသူတွေက ကျနော့်ကို ဒီအယူအဆအကြောင်းမေးကြလို့ ကျနော်နားလည်သမျှ ပြောပြရပါတယ်။ ကျနော်နဲ့ပါသွားတဲ့ အမေ့ “အောင်ဗလ-ဖိုးစိန်-စိန်ကတုံး”စာအုပ်ကို လည်းပေးဖတ်ပါတယ်။ အဲဒီနောက် ကျွန်းပေါ်မှာ မဂ္ဂဇင်း နှစ်ကြိမ်ထုတ်တော့ ကျနော်က‘တယ်’- ‘မယ်’နဲ့ဆောင်းပါးရေးပါတယ်။ မှတ်မှတ်ရရ ကိုအုန်းမြင့်လှိုင်နဲ့ ကဗျာဆရာမောင်လေးမွန်၊ ကိုကြည်မောင်ညွန့်တို့က ကျနော့်ဆောင်းပါးဖတ်ပြီး ခင်ဗျားရေးတာ မန္တလေးလေအစစ်ပဲဗျာလို့ ထောပနာပြုပါတယ်။ တချို့ရဲဘော်တွေကလည်း ကိုယ့်လောကထဲမှာ ပထမဆုံးတွေ့ရတဲ့ ‘တယ်’- ‘မယ်’အရေးအသားရယ်လို့ အသိအမှတ်ပြုခဲ့ကြပါတယ်။

၂ဝ ရာစုနှစ် အကုန်ပိုင်းကိုရောက်တဲ့အခါကျတော့ ကျွန်တော် တရုတ်ပြည်ထဲကို ရောက်ပါတယ်။ ရောက်ပြီးမကြာခင်ပဲ အင်တာနက်ပေါ်လာတော့ ဦးလေးဦးသောင်း(စာရေးဆရာအောင်ဗလ)နဲ့ အဆက်အသွယ်ရပါတယ်။ သူနဲ့ကျွန်တော်နဲ့ အရင်က လုံးဝမသိပါဘူး။ အရွယ်ချင်းကလည်း အလွန်ကွာပါတယ်။ သူကကျွန်တော့မိဘထက် ဆယ်နှစ်လောက်ပဲ ငယ်မှာပါ။ သူနဲ့သိတဲ့အချိန်ကျတော့ ကျနော်တို့နှစ်ယောက်စလုံးဟာ ကတုတ်ကျင်းတခုထဲ ရောက်နေသလိုဖြစ်နေကြပါပြီ။ တချိန်တုန်းကတော့ သူနဲ့သူတို့ရဲ့ ကြေးမုံသတင်းစာက ဒီ“ဗမာစာအရေးအသားသစ်”စာတမ်းကို အတော်ဆန့် ကျင်ခဲ့ကြဖူးတယ်လို့ ကျွန်တော့်ခေါင်းထဲမှာ စွဲနေပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ထိုင်းကနေထုတ်နေတဲ့ ‘လွတ်မြောက် ရေး’ အပတ်စဉ်ဂျာနယ်ထဲမှာ ကျွန်တော်ရေးတဲ့ “ယာတောက သာဗြောရဲ့အဝေးကဆောင်းပါတစောင်” ဆောင်းပါးတွေကိုဖတ်ပြီးသူက မိဘခြေရာကို နင်းနိုင်သူပါလို့ ကျနော့်ဆီကို အီးမေးလ်ပို့ပြီး ချီးမွမ်းပါတယ်။ သူလိုပုဂ္ဂိုလ်ကြီးက ဒီလို ပြောတာခံရတော့ ကျနော့်မှာ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။

ဦးလေးဦးသောင်းက ၂၀၀၈ ခုနှစ်မှာဆုံးတာဆိုတော့ သူမဆုံးမီ တနှစ်၊ နှစ်နှစ်လောက်က ထင်ပါတယ်၊ သူက သူ့ဆောင်းပါးတပုဒ်ထဲမှာ အဲဒီအရေးအသားသစ်အကြောင်းကို သူတို့ဆန့်ကျင်ခဲ့ကြဘူးကြောင်း၊ ဒါပေမဲ့အခုတော့ လူတွေထဲမှာ ဒီအရေးအသားဟာ ကျသွားပြီ၊ တွင်ကျယ်သွားပြီဖြစ်ကြောင်း ရေးခဲ့ပါတယ်။ စာသားအတိအကျတော့ ကျနော်မမှတ်မိပါ။ သူ့ရဲ့ပြည့်ဝမှုပဲလို့ အောက်မေ့လိုက်ပါတယ်။
အခုပြန်စဉ်းစားလိုက်တော့ ဆရာဦးကျော်ရင်၊ ဒေါက်တာသန်းထွန်း၊ ကျနော့်မိဘများ၊ ကိုစောလွင်၊ ကိုကြည်လင် (ကဗျာဆရာကြည်အောင်) စတဲ့ပုဂ္ဂိုလ်တွေ မရှိကြတော့ပါဘူး။ ဒီစာတမ်းအကြောင်းကို သေသေချာချာ ပြောနိုင်သူဆိုလို့ ကိုသာနိုးနဲ့ ကိုဝင်းဖေ(မောင်စွမ်းရည်)တို့လောက် ကျန်မယ်ထင်ပါတယ်။ အဲဒီတုန်းက ကုလားထိုင်သယ်၊ ကားမောင်း လုပ်ခဲ့တဲ့ ကျနော်က ရေးတာဆိုတော့ ဟာကွက်တွေ အများကြီးဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် အထိမ်းအမှတ်ပြုရာတော့ရောက် လိမ့်မယ်ထင်ပါတယ်။
ဖိုးသံ(လူထု)
(ဒီဆောင်းပါးကို ကျနော့်အမေ မွေးနေ့အတွက် ရည်စူးရေးတာလည်းဖြစ်ပါတယ်)
၂၀၁၄၊ ဒိဇင်ဘာ ၂၄
အလင်းတန်းဂျာနယ်မှာဖော်ပြခဲ့ပါတယ်}

0 comments:

Post a Comment