ရဲဘော်ကျော်မြ ( သို့မဟုတ် ) တူတံဇဉ်အလံအောက်ကလူ..
အပိုင်း(၁)
------------------------------------------------------------------
(ဝင်းတင့်ထွန်း)
( ၁ )
ရဲဘော်ကျော်မြ ရဲ့အမည်ရင်းက ကိုလှသောင်း ပါ။
ကိုလှသောင်းနဲ့ကျွန်တော့်ကြားမှာ အမှတ်ရစရာတွေကတော့ တပုံတပင်ပါပဲ။
ဖျာကြမ်းလေးတချပ်တည်းပေါ်မှာ လပေါင်းများစွာ အတူအိပ်စက် နေထိုင်ခဲ့ကြဖူးသလို၊ ငံပိရည်ကျိုလေးတခွက်တည်းကို ပင်တိုင်ထားပြီး၊ ငစိန်ဆန်ကြမ်းထမင်း ခွဲတမ်းကျနဲ့ ရက်ပေါင်းများစွာ ချို့ချို့ငဲ့ငဲ့လဲအတူစားသောက် ကျင်လည်ခဲ့ရဖူးပါတယ်။
သူနဲ့ ကျွန်တော် စပြီး သိရှိခင်မင်ခဲ့ရတာက ၁၉၇၄ခုနှစ်ကုန်ထဲမှာပါ။ အဲဒီတုန်းက ကျွန်တော်ဟာ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) နဲ့ အတူနေပါ။ အိမ်ရဲ့အလယ်တိုင်မှာ ကပ်ထားတဲ့ သန်းခေါင်စာရင်းစာရွက်လေးထဲမှာ အိမ်ထောင်ဦးစီးက ကိုနိုင်ဝင်း၊ မှီခိုဆိုတဲ့ နေရာမှာက ကျွန်တော့်နာမည်နဲ့ပါ။ အဲဒီတုန်းက ကိုလှသောင်းဟာ ရန်ကုန်တက္ကသိုလ်က ကျောင်းသားလေးတယောက်ဖြစ်ပြီး၊ ဥပဒေ အဓိကဘာသာရပ်နဲ့ကျောင်းတက်နေဆဲ ဖြစ်ပါတယ်။ သူ့ကို အတွေးအခေါ်အရ၊ နိုင်ငံရေးအရ စတင်စည်းရုံးခဲ့သူက ကိုနိုင်ဝင်း(နိုင်ဝင်းဆွေ)ပဲ ဖြစ်ပါတယ်။ ကိုလှသောင်းက ကိုနိုင်ဝင်းဆွေကို စာပေအနုပညာအရလဲ လေးစားရင်းစွဲရှိပြီး ဖြစ်သလို၊နိုင်ငံရေးအရလဲ သူ့ရဲ့လက်ဦးမူလခေါင်းဆောင်လို ဖြစ်နေတော့- နှစ်ထပ်ကွမ်း လေးစားတန်ဖိုးထားနေတဲ့ အသွင်ဟာ သူ့မျက်နှာပေါ်မှာကို အတိုင်းသားပေါ်လွင်နေခဲ့ပါတယ်။ ပြီးတော့ သူတို့နှစ်ယောက်ဟာ တနယ်တည်းသား နယ်သားရပ်သားချင်းလဲ ဖြစ်နေပါတယ်။ ကိုနိုင်ဝင်းက တောင်ငူ၊ ကျွန်းကုန်း-ချင်းကုန်းရွာသား၊ ကိုလှသောင်းက တောင်ငူ၊ ရေတာရှည် - မြို့လှသား။
ကိုနိုင်ဝင်းက ကိုလှသောင်းကို “ ကဗျာ ချိုအေး - မောင်ဆိုတေး ၊ ကဗျာချိုအေး- မောင်ဆိုတေး” လို့လဲ မကြာခဏ ခေါ်လေ့ စလေ့ ရှိပါတယ်။ ချစ်စနိုး ခေါ်တာ စတာဖြစ်ပါတယ်။ အဲသလိုခေါ်တိုင်းလဲ ကိုလှသောင်းကြီးက ပြုံးစေ့စေ့လုပ်နေလေ့ရှိပါတယ်။ သူ့အပြုံးဟာ အသားညိုညိုမျက်နှာကြီးပေါ်မှာ တကယ့်ကို ဖြူစင်တဲ့အပြုံး ဖြစ်နေခဲ့ပါတယ်။ အဲဒီတုန်းက တက္ကသိုလ်ကျောင်းသားဘဝမှာ ကိုလှသောင်းရဲ့တကယ့်ကလောင်နာမည်ကလဲ ‘ မောင်ဆိုတေး’ ဖြစ်နေခဲ့ပြီး၊ မောင်ဆိုတေး ရဲ့ ရှားရှားပါးပါးကဗျာလေး နှစ်ပုဒ်ကိုတောင် သူက ပေးဖတ်လာတဲ့အတွက် ကျွန်တော် ဖတ်ခဲ့ရဖူးပါတယ်။ သူ့ရဲ့လက်ရေးလက်သားတွေကလဲ
တော်တော်လေးကို သပ်သပ်ယပ်ယပ်နဲ့ လှပပါတယ်။
၁၉၇၄ အကုန် ၁၉၇၅ နှစ်ဆန်းထဲအထိမှာတော့ ကိုလှသောင်းဟာ ကိုနိုင်ဝင်းနဲ့ကျွန်တော် နှစ်ယောက်အတူနေနေတဲ့ အိမ်လေးဆီကို တပတ်တခါလောက်ပဲ လာတတ်ပြီး၊ ကျွန်တော်တို့နဲ့အတူနေတဲ့အထိ မဖြစ်သေးပါဘူး။ အဲဒီတုန်းက သူလာရင်- များသောအားဖြင့် စနေ (သို့မဟုတ်) တနင်္ဂနွေနေ့ဖြစ်တတ်တဲ့အ
တွက် ကျွန်တော်နဲ့လဲ အမြဲလိုလို ဆုံဖြစ်နေခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က မရမ်းကုန်းသမဦှးစီးဌာနမှာ ဒုအသင်းစုမှူးလို့ခေါ်တဲ့ စာရေးလေးအဖြစ် ရုံးဝန်ထမ်းအလုပ် ဝင်လုပ်နေပြီဖြစ်ရာ၊ ရုံးပိတ်ရက်တွေမှာတော့ အိမ်မှာပဲ ရှိနေတတ်တာကြောင့်၊ သူ လာတိုင်းလိုလို ကျွန်တော်နဲ့လဲ ဆုံဖြစ်နေခဲ့ပါတယ်။ သူလာတဲ့အခါ ဖေါ့ကန်လမ်းဘေးစျေးလေးထဲကနေ ဝက်သားလေး တစ်ဆယ်သားနဲ့ ခရမ်းချဉ်းသီးလေး လေးငါးလုံးပါ ဝယ်ချလာတာ တွေ့ရရင်တော့၊ ခုတလော သူ့လက်ထဲမှာ ငွေစ ကြေးစလေး အနည်းအပါး ရှိနေပြီဆိုတဲ့လက္ခဏာပါပဲ။ ကျွန်တော်ကလဲ စာရေးလေးသာဖြစ်ပြီး၊ ခရီးစရိတ်လောက်ကလွဲလို့ ရတဲ့လစာကို ‘ ဘုံသုံး’အဖြစ် (အိမ်မှာ တလုံးတည်းသာ ရှိတဲ့ ) စာရေးစားပွဲအိုလေးရဲ့အံဆွဲထဲ ဒီအတိုင်း ထည့်ထားလေ့ရှိပေမဲ့ ၊
အဲဒီပိုက်ဆံလေးဟာ ဘယ်တော့မှ တပတ်ဆယ်ရက်ထက် ပိုမခံ၊ ပြောင်တလင်းခါနေတတ်တာ သူလဲ သိပြီးဖြစ်နေပါတယ်။ ကိုနိုင်ဝင်းကလဲ နာမည်ကျော်စာရေးဆရာကြီး နိုင်ဝင်းဆွေ လို့သာ လူသိများနေပေမဲ့၊ အဲဒီကာလက ဘာစာအုပ်မှ ဟုတ္တိပတ္တိ မရေးနိုင်၊ အိမ်မှာ တည်ထားတဲ့ နှင်းဆီခြံလေးကနေ ပွင့်တဲ့ နှင်းဆီတွေကလဲ တနေ့ နှစ်ကျပ်ခွဲ-သုံးကျပ်ဖိုးထက် ပိုမပွင့်ပဲ၊ ကျွန်တော်တို့ ဖြစ်သလို နေထိုင်စားသောက်နေကြတာကို သူလဲ အတွင်းသိ အစင်းသိတဦးလို ဖြစ်နေခဲ့ပါတယ်။ အဲဒီကာလက သူကလဲ လာတိုင်းလိုလို ကျွန်တော်တို့နဲ့ပဲ အတူတူချက်ပြုတ် စားသောက်ပြီးမှ ပြန်လေ့ရှိပါတယ်။ ဒါကြောင့် သူကလဲ သူ့လက်ထဲ ငွေစကြေးစများ ရှိနေရင်တော့၊ ကျွန်တော်တို့ဆီလာရင်- ထုံးစံအတိုင်း ဝက်သားတဆယ်သားထုပ်လေးနဲ့ခရမ်း
ချဉ်သီး အနည်းအပါး ပါပါမယ်။ ပြီးရင်- သူကိုယ်တိုင် ဝက်သားလေးကို တုံးတစ်ပြီး ဟင်းချက်လေ့ရှိပါတယ်။
ဟင်းချက်ရင်း တဖက်က ကျွန်တော်တို့နှစ်ယောက်နဲ့ စာပေအကြောင်း (ဒါမှမဟုတ်) နိုင်ငံရေးအကြောင်းတွေကို လေသံအေးအေးနဲ့ပြောဆိုဆွေးနွေးလေ့ ရှိပါတယ်။ ကျွန်တော်နဲ့ကိုနိုင်ဝင်းကတော့ သူနဲ့မတူပဲ၊ ပြောရင်း ပြောရင်းက လေသံတွေက ကျယ်ကျယ်လာလေ့ ရှိပါတယ်။
( ၂ )
၁၉၇၅ မတ်လ (၁၅)ရက်နေ့မှာ ဥက္ကဌ သခင်ဇင်နဲ့အတွင်းရေးမှူးသခင်ချစ်တို့ ရိုးမမှာ ကျဆုံးသွားရပြီး၊ ရိုးမတခုလုံးအပေါ် အဲသလို စစ်ရေးအရ သိမ်းပိုက်လုပ်ဆောင်လိုက်နိုင်ခြင်းအပေါ် မဆလစစ်အုပ်စုဝင်ကြီးတွေ အူမြူးနေကြလို့မှ ရယ်မောသံတွေ အဆုံးမသတ်ရသေးခင်မှာ- ပေါ်လာတာက ‘ ၁၉၇၅ ဇွန် ( ၆ )ကျောင်းသားသပိတ်ကြီး’ ပါပဲ။ ၁၉၇၅ ဇွန် (၆)ကျောင်းသားသပိတ်ကြီးဟာ ၁၉၇၄ ဇွန် (၆)အလုပ်သမားသပိတ်ကြီးရဲ့တနှစ်တိတိ ပြည့်မြောက်ချိန်မှာ ‘ ဇွန် (၆) နှစ်လည်သပိတ်ကြီး’ အဖြစ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီ ‘ ၁၉၇၅ ဇွန်(၆) ကျောင်းသားသပိတ်ကြီး’ ရဲ့ခေါင်းဆောင်တွေထဲမှာ အရေးပါတဲ့ခေါင်းဆောင်တဦးဖြစ်ခဲ့တာကတော့ ကျွန်တော်တို့ရဲ့ ကိုလှသောင်းကြီးပါပဲ။
အဲဒီနေ့က ၁၉၇၅ ဇွန်(၆)ရက်နေ့က တက်ကြွတဲ့ ဆန္ဒပြကျောင်းသားထုဟာ ရန်ကုန်ဝသတက္ကသိုလ်ထဲကနေ ထွက်လာသူတွေရော၊ ပညာရေးတက္ကသိုလ် တကောင်းကျောင်းဆောင်ဘက်ကနေ ပတ်ပြီးထွက်လာကြသူတွေပါ ပြည်လမ်းမကြီးပေါ် တစုတစည်းတည်း စုစည်းခဲ့ကြပြီး၊ ဆန္ဒပြသပိတ်စစ်ကြောင်းကြီးအဖြစ် စတင်ချီတက်လာခဲ့ကြချိန်မှာ- အဲဒီသပိတ်စစ်ကြောင်းကြီးထဲမှာ ကိုနိုင်ဝင်းဆွေရော ကျွန်တော်ပါ နှစ်ယောက်သား အတူပါခဲ့ကြပါတယ်။ ဒီနေ့မနက် ဆန္ဒပြချီတက်ပွဲ အကောင်အထည်ဖေါ်ဖို့ သေချာသလောက်ရှိလိမ့်မယ်လို့ (ကိုလှသောင်းဆီကပဲ) ကြိုတင်သတင်းရထားချက်အရ၊ ကိုနိုင်ဝင်းနဲ့ကျွန်တော်ဟာ မနက်ပိုင်းက
တည်းက တကောင်းကျောင်းဆောင်နား ကြိုရောက်နေရင်း၊ ကျောင်းသားအုပ်စုတွေ လမ်းပေါ်ထွက်လာချိန်မှာ ပါဝင်ပူးပေါင်း ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ကျောင်းသားမဟုတ်ပေမဲ့၊ ပြည်သူလူထုထဲက ပူးပေါင်းပါဝင်သူတွေအဖြစ် အားဖြည့်ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေ့က ဆန္ဒပြ သပိတ်စစ်ကြောင်းကြီးဟာ မြန်မာ့အသံ အသံလွှင့်ရုံရှေ့ကနေ ဖြတ်ပြီးချီတက်ခဲ့ကြရာ ကိုနိုင်ဝင်းက “ ဟိုမှာ-ဟိုမှာ- ကဗျာချိုအေး..” လို့ပြောရင်း ကျွန်တော့်ကို မျက်စောင်းထိုး ပြတဲ့အတွက် ကြည့်လိုက်မိတော့- ကျွန်တော်တို့ရဲ့ကိုလှသောင်း။ အင်းကျီက ယောဂီရောင်ဖေါ့ခရစ်နဲ့၊ ပုဆိုးကလဲ အဝါနဲ့အနက် မကျီးစေ့ကွက်
နဲ့။ ပြီးခဲ့တဲ့ လေးငါးရက်က ကျွန်တော်တို့ဆီ လာတုန်းကလဲ ဒီအင်းကျီ ဒီပုဆိုးနဲ့ပါပဲ။ အဲဒီတုန်းက ကိုနိုင်၀င်းက “ အံမယ် ဖေါ့ခရစ်အင်းကျီနဲ့ဘာနဲ့ပါလား-” လို့တောင် သူ့ကို စလိုက်သေးတော့၊ ဒီအင်းကျီက ဒီရန်ကုန်မြို့ထဲမှာပဲ နေနေတဲ့ သူ့အစ်မဝမ်းကွဲက ဝယ်ပေးတာလို့တောင် သိလိုက်ရပါသေးတယ်။
ကိုလှသောင်းကြီးက ဒီဆန္ဒပြစစ်ကြောင်းကြီးထဲတော့ ဆင်းမလာ၊ သူက ဆန္ဒပြစစ်ကြောင်း ချီတက်ရာတလျောက် လမ်းဘေးပလက်ဖေါင်းပေါ်ကနေပဲ တောက်လျောက် လိုက်ပါလာခဲ့ပါတယ်။ ကျွန်တော်တို့ကို သူ မြင်သွားချိန်မှာ တချက်တော့ လှမ်း ပြုံးပြပါသေးတယ်။ ကျွန်တော်တို့နှစ်ယောက်လုံးကလဲ သိလိုက်ပါတယ်။ တာဝန်ခွဲဝေမှုအရ၊ သူက ဆန္ဒပြစစ်ကြောင်းထဲမှာ လိုက်ဖို့ပါဖို့မဟုတ်၊ ဆန္ဒပြစစ်ကြောင်းဘေးက လမ်းဘေးတလျောက်ကနေသာ အဆက်မပြတ် လိုက်ပါကြည့်ရှုဖို့ တာဝန်ယူထားရပုံ ရပါတယ်။ ကျွန်တော်
နဲ့ကိုနိုင်ဝင်းဆွေတို့ပါ ပါဝင်တဲ့ သပိတ်စစ်ကြောင်းကြီးဟာ မြန်မာ့အသံဘေးကနေ ကြံတောဘက်ကို ချိုးကွေ့၊ အဲဒီမှာ ကျောင်းသားလေးငါးဦးက အခေါင်းတလားရောင်းတဲ့ဆိုင်တဆိုင်ထဲကနေ အခေါင်း(၂)လုံးကို ဆွဲချလာတာ လှမ်းမြင်လိုက်ရပါတယ်။ ဝယ်လာခဲ့တာလား- တောင်းလာခဲ့သလားဆိုတာတော့ မသိပါ။
အခေါင်းတလုံးကို ‘နေဝင်း’ လို့စာတန်းထိုး၊ နောက်တလုံးကို ‘စန်းယု’ လို့စာတန်းထိုးကာ အခေါင်းတလုံးစီကို ဒရွတ်တိုက် ကြိုးတပ် ဆွဲယူရင်း၊ စမ်းချောင်းဘက်ကနေ မြို့ထဲဆီ ဦးတည်လိုက်ချိန်မှာတော့- လမ်းဘေးဝဲယာက အားပေးပရိသတ်တွေ အများအပြားကြားမှာ ကိုလှသောင်းကို မျက်ခြည်ပြတ်သွားခဲ့ရပါလေတယ်။ ဗန္ဓုလပန်းခြံရှေ့ရောက်၊ လမ်းတလျောက် ကြိုးနဲ့ဆွဲလာခဲ့တဲ့ အခေါင်းနှစ်လုံးကို မီးတင်ရှို့ခါနီးအထိ များပြားနေဆဲ လူအုပ်ကြားမှာ ကိုလှသောင်းကိုတော့ မတွေ့ရတော့ပါ။ ကျွန်တော်နဲ့ကိုနိုင်ဝင်းဟာ
လူအုပ်ကြီးကြားထဲကနေ ဖျတ်ကနဲ လမ်းခွဲထွက်လာခဲ့ကြပြီး၊ မြို့ထဲ စာအုပ်တန်းထဲ ဝင်လာခဲ့ကြကာ လမ်းဘေးလဘက်ရည်ဆိုင်လေးတခုမှာ တစ်နာရီကျော်ကြာမျှ ထိုင်ခဲ့ကြပြီးမှ အင်းစိန် ဖေါ့ကန်က အိမ်လေးရှိရာဆီ အတူပြန်လာခဲ့ကြပါတယ်။ အဲဒီ ‘ ၁၉၇၅ ဇွန် ၆ နှစ်ပတ်လည်လှုပ်ရှားမှုကြီး’ အတွင်း ပထမဆုံးသပိတ်စခန်းဖွင့်ထားရာ ‘ ဘွဲ့နှင်းသဘင်ခန်းမကြီး’ အတွင်းကိုလဲ ကျွန်တော်တို့တတွေဟာ ကျောင်းသားလှုပ်ရှားမှုကို အားပေးတဲ့အနေနဲ့ မဖြစ်ဖြစ်အောင် သွားခဲ့ကြပါသေးတယ်။ အဲဒီတုန်းက ကိုနိုင်ဝင်း၊ ကျွန်တော်နဲ့အတူ၊ ကျွန်းပြန်ကိုတင်ငွေ ( နီဟိန်း )နဲ့ ကိုလှကြည် ( စာရေးဆရာကြည်နိုင်)တို့လဲ ပါပါတယ်။ ကျွန်းပြန်ကိုကျော်နိုင် (ထက်မြက်)လဲ ပါသေးတယ်လို့ထင်ပါတယ်။ ‘ အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို- ထပ်ချဲ့
လိုက် ထပ်ချဲ့လိုက်-’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အင်းစိန်ထောင်ကြီးကို ပတ်ပြီးဆန္ဒပြတဲ့နေ့မှာလဲ ကျွန်တော်နဲ့ကိုနိုင်ဝင်းဆွေ ပါခဲ့ပါသေးတယ်။ (အဲဒီမှာ- ပန်းချီဆရာ ကိုယဉ်မင်းပိုက်တောင် ပါလာခဲ့သေးတယ်လို့ထင်ပါတယ်။) အဲဒီအရေးတော်ပုံကြီးအတွင်းမှာ စစ်အစိုးရက ဒီလှုပ်ရှားမှုဟာ ‘ဗကပ’ လိုလားသူတွေရဲ့လက်ချက်အဖြစ် သတင်းစာကနေ ဖေါ်ပြခဲ့ပါတယ်။ အရေးတော်ပုံအတွင်း ထုတ်ပြန်ခဲ့တဲ့ လက်ရေးနဲ့ရေးထားတဲ့ သီချင်းစာရွက် နှစ်ခုသုံးခုအပါ ထုတ်ပြန်ချက်တွေကို သက်သေသက္ကာယအဖြစ် ဓါတ်ပုံရိုက်ပြီးတောင် သတင်းစာမှာ ဖေါ်ပြခဲ့ပါသေးတယ်။ အဲဒီသီချင်းစာသားပါ ပန်းဖလက်လေးပေါ်က လက်ရေးဟာ
ကျွန်တော်တို့ ကိုလှသောင်းကြီးရဲ့လက်ရေးပါပဲ။
အမှန်အတိုင်း ပြောရရင်- အဲဒီ ၁၉၇၅ ဇွန်(၆) နှစ်ပတ်လည် ကျောင်းသားလှုပ်ရှားမှုကြီးရဲ့ အရေးကြီးခေါင်းဆောင်တွေထဲမှာ ကျွန်တော်တို့ကိုလှသောင်းကြီးဟာ အဓိကခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။ ကိုလှသောင်းရဲ့ နိုင်ငံရေးဖြတ်သန်းမှုကို ပြောမယ်ဆိုရင်- အဲဒီ ‘၁၉၇၅ ဇွန်(၆) ကျောင်းသားလှုပ်ရှားမှုကြီး’ဟာ သူ့ရဲ့ပထမဆုံးသော နိုင်ငံရေးလှုပ်ရှားမှုမှတ်တိုင်လို့တောင် ပြောလိုက်ချင်ပါတယ်။
( ၃ )
၁၉၇၅ ဇွန်(၆)ကျောင်းသားလှုပ်ရှားမှုကိုလဲ မဆလစစ်အစိုးရဟာ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ သပိတ်စခန်းကို ဘွဲ့နှင်းသဘင်ကနေ ရွှေတိဂုံကုန်းတော်ဆီ ပြောင်းရွှေ့လှုပ်ရှားနေစဉ်မှာ ရွှေတိဂုံကုန်းတော်ပေါ်အထိ တက်ရောက်စီးနင်းဖြိုခွင်းခဲ့ပါတယ်။ အဲသလို ဖြိုခွဲရာမှာ ကိုလှသောင်း အဖမ်းတော့မခံရပဲ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။ တက္ကသိုလ်တွေ ပိတ်လိုက်စဉ်မှာ သူဟာ မြို့လှဘက်ဆီ ပြန်သွားနေသလား၊ ဘယ်ဆီ သွားနေသလဲဆိုတာ ကျွန်းတော် ကောင်းကောင်းမမှတ်မိတော့ပေမဲ့၊ ကျောင်းတွေပြန်ဖွင့်ခါနီးလောက်မှာတော့ သူဟာ ကျွန်တော်တို့ရဲ့ဖေါ့ကန်အိမ်လေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပါတယ်။ ဒီတခါတော့ သူ အရင်က နေနေကျ သူ့အစ်မဝမ်းကွဲအိမ်မှာ မနေတော့ပဲ၊ ကျွန်တော်တို့
နဲ့ပဲ နေတော့မလို့- လို့လဲ ဆိုပါတယ်။ တကယ်လဲ ကျွန်တော်တို့နဲ့ပဲ အတူအိပ်၊ အတူနေ နေပါတော့တယ်။ အဲဒီတုန်းက ဖေါ့ကန်က ပထမဆုံးသောအိမ်လေးဟာ တဲသာသာ အိမ်လေးပါ။ ကိုနိုင်ဝင်းနဲ့ကျွန်တော်ဟာ ညီအစ်ကိုလို့ ပြောပြီး၊ ဒီဖေါ့ကန်ကခြံလေးကို အတူလက်မှတ်ရေးထိုးဝယ်ယူလိုက်ချိန်မှာ- မူလအိမ်ရှင်ရဲ့သုံးပင် နှစ်ခန်း ခြေတံရှည် အိမ်အိုလေးတလုံးလဲ ခြံထဲမှာ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ကိုနိုင်ဝင်းက ဒီမှာလဲ နှင်းဆီခြံလေးကိုပဲ ပြန်တည်ခဲ့ စိုက်ခဲ့တဲ့အတွက်၊ ခြံလယ်မှာ ရှိနေတဲ့ အိမ်ဟောင်းကြီးကို ဖျက်ပစ်လိုက်ပြီး၊ အဲဒီက တိုင်တွေ သစ်တွေနဲ့ပဲ ခြံထောင့်စွန်းမှာ လူနှစ်ယောက် ယာယီနေသာရုံ အိမ်ငယ်ငယ်လေးအဖြစ် ပြန်လည်ဆောက်လုပ်ထားခြင်းဖြစ်ရာ၊ ခပ်လှမ်းလှမ်းကနေကြည့်လိုက်ရင်- တကယ့်ကို သေး
သေးကုပ်ကုပ် တဲသာသာ အိမ်ကလေးပါ။ အခင်းကတော့ ကြမ်းခင်းလေးနဲ့ဖြစ်တာကြောင့်၊ အဲဒီကြမ်းခင်းလေးပေါ်မှာပဲ ဖျာဟောင်းလေးနှစ်ချပ် ခင်းပြီး ဖြစ်သလို အိပ်ရပါတယ်။ ကိုလှသောင်းပါ ရောက်လာတော့သုံးယောက်သား ခပ်ကြပ်ကြပ် ခပ်ညပ်ညပ်ပေါ့။
ထုံးစံအတိုင်း ရုံးပိတ်ရက်မှအပ နေ့တိုင်းလိုလို ကျွန်တော်က မနက်စောစောဆိုရင်- ရုံးသွား၊ ညနေမှအိမ်လေးဆီ ပြန်ရောက်။ ကိုနိုင်ဝင်းကတော့ သူ့နှင်းဆီပင်တွေနဲ့ ရေလောင်းလိုက် ပေါင်းသင်လိုက်အလုပ်တွေရှုပ်နေတတ်ပြီး၊ တပတ် တခါ နှစ်ခါဆိုသလို မြို့ထဲကို ထွက်၊ စာအုပ်တိုက်တွေဆီ ထွက်တတ်ပါတယ်။
အဲဒီတော့ အိမ်မှာ အမြဲရှိနေတတ်တာက ကိုလှသောင်း၊ သူပဲ အမြဲလိုလို ထမင်းဟင်းချက်ပြုတ်သူ၊ ကိုနိုင်၀င်းရဲ့နှင်းဆီတွေအတွက်လဲ ပေါင်းသင် ရေလောင်း ကူညီသူ။
တက္ကသိုလ်တွေ ပြန်ဖွင့်ခါနီးတရက်မှာတော့ သူ့ရဲ့ကျောင်းတက်ရေးကိစ္စနဲ့ပတ်သက်ပြီး၊ တက္ကသိုလ်ဖက်က သူ့အသိအကျွမ်းတွေဆီ သွားစနည်းနာ တီးခေါက် စုံစမ်းကြည့်ဦးမယ်ဆိုပြီး အိမ်ကနေ အစောကြီးသူ ထွက်သွားပါတယ်။ ညနေပိုင်း ကျွန်တော်လဲ အိမ်ပြန်ရောက်လာချိန်မှာတော့- သူ့ထံက သိလိုက်ရတာက သူ ဘယ်လိုနည်းနဲ့မှ ကျောင်းပြန်တက်လို့ ရမှာမဟုတ်တော့ဘူးဆိုတာပါပဲ။ သူဟာ အဖမ်းမခံရသေးပဲ လွတ်နေသူဖြစ်ပေမဲ့၊ ဒီလှုပ်ရှားမှုကြီးရဲ့အရေးကြီးခေါင်းဆောင်တွေထဲက တယောက်ဖြစ်တယ်ဆိုတာထောက်လှမ်းရေးဖက်က ဖေါ်ထုတ်သိရှိသွားရုံမက ကျောင်းက သက်ဆိုင်ရာဌာနအထိတောင် လိုက်လာပြီး သူ့ရဲ့ မွေးနေ့ မွေးရပ် မိဘနာမည်နဲ့တကွ နေရပ်လိပ်စာတွေကိုပါမကျန်၊ သူနဲ့ပတ်သက်တဲ့ အချက်
အလက်တွေကို ထောက်လှမ်းရေးက လာရောက်မေးမြန်း ကြည့်ရှု ကူးယူသွားပြီဖြစ်ကြောင်း-ဆိုတာပါပဲ။
ဒါကြောင့် ဘယ်လိုမှ ဆက်လက်ကျောင်းတက်ဖို့ဖြစ်နိုင်တော့မှာ မဟုတ်- ဆိုတာပါပဲ။ သူကတော့- အပြုံးမပျက် မျက်နှာနဲ့- ‘ ကျောင်းတက်လို့မရတော့လဲ မတက်တော့ဘူးပေါ့ဗျာ- AS ကို သွားတာပေါ့-’ တဲ့။ အတိုချုပ်ပြီး ပြောရရင်တော့ ကျွန်တော်တို့နဲ့အတူ ကိုလှသောင်းဟာ ချို့ချို့ငဲ့ငဲ့ ကြပ်ကြပ်တည်းတည်းနဲ့ လနဲ့ချီ နောက်ထပ်နေထိုင်စားသောက် ဖြတ်သန်းခဲ့ရပြီးနောက် ရန်ကုန်က ခွါကာ၊ လှည့်လည်ရှောင်တိမ်းနေထိုင်ရတဲ့ နိုင်ငံရေးဝရမ်းပြေးဘဝကို စတင်ရပါတော့တယ်။
သူ့ရဲ့တောင်းဆိုမှုက လက်နက်ကိုင်တော်လှန်ရေး (AS)သို့ ပို့ပေးရေးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ခက်တာက ဒီမှာ ရိုးမဗဟို မရှိတော့သလို၊ ယူဂျီကိစ္စတွေမှန်သမျှ တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ဆရာချစ်(သခင်ချစ်)ကိုယ်တိုင်လဲ ကျဆုံးသွားခဲ့ရပြီဆိုတော့ ကိုလှသောင်းကို AS သို့ပို့ပေးရေးကိစ္စဟာ ပတ်သက်ရာပတ်သက်ကြောင်း ကျွန်တော်တို့အဝန်းအဝိုင်းအတွင်း၊ တကယ့်ကို ပြဿနာတရပ်အဖြစ် ငယ်ထိပ်တက်လာခဲ့ရပါတော့တယ်။
သူ့ခမြာ- တောင်ငူ- စစ်တောင်းကမ်းပါးနံဘေးက ရွာငယ်လေးတရွာမှာ နွားတွေကို ကျောင်းရင်း၊ နွားကျောင်းသားအဖြစ် လနဲ့ချီ နေထိုင်ခဲ့ရရှာပါတယ်။ ကျွန်တော်က သူ့ကို အဲဒီရွာလေးအထိ လျှို့ဝှက်သွားတွေ့ရပြန်ပါတယ်။ သူက “ ရွာလေးက တကယ့်ကို ဆင်းရဲကြတယ်ဗျာ။ ဆေးလိပ်တောင် သောက်စရာမရှိဘူး။ ပွတ်ချွန်းပဲ သတင်းစာစက္ကူ ဒါမှမဟုတ် ရရာစက္ကူနဲ့ ဖြစ်သလိုလိပ်ပြီး သောက်ရတယ်-” လို့ပြောရင်း၊ သူ့ရဲ့ AS သွားရေးကိစ္စအတွက် မြန်မြန်လေး ထပ်ကြိုးစားပေးကြဖို့ကိုပဲ တတွတ်တွတ် ပြောဆိုရှာပါတယ်။ အဲဒီရွာက ကျွန်တော်တို့ရဲ့ရဲဘော် လယ်သမားကြီးကတော့- ‘ ကိုလှသောင်းက တကယ်ကိုဆေးလိပ်ကြိုက်တဲ့လူဗျာ- ဆေးလိပ်ကို သောက်တဲ့နေရာမှာ နှာခေါင်းကတင် မကဘူး၊ မျက်နှာကပါ မီးခိုးထွက်အောင် သောက်တဲ့လူဗျ-။ ဒီမှာတော့ ပွတ်ချွန်းတောင် အနိုင်နိုင်ဆိုတော့- ကျွန်တော်တို့လဲ စိတ်မ
ကောင်းပါဘူးဗျာ..’ တဲ့။
နောက်တော့ သူ့ကို နေရာပြောင်းပေးကြရပြန်ပါတယ်။ ပဲခူးဘက်ဆီကိုပါ။ အဲဒီမှာ သူ့ကို သင်္ကန်းအ၀တ်ခိုင်းထားရပြီး၊ သွားတွေ့ရသူကတော့ ကျွန်တော်ပဲ ပင်တိုင်ဖြစ်ခဲ့ရပြန်ပါတယ်။ နောက်ဆုံးမှာ သူ့ကိုလွတ်မြောက်ဒေသသို့ပို့ခါနီးမှာ ပဲခူးဆင်ခြေဖုံး တောရကျောင်းလေးတခုထဲကနေ ရန်ကုန်အထိ နောက်ဆုံးအကြိမ် သွားရောက်ခေါ်ဆောင် တာဝန်ယူပေးခဲ့ရသူဟာလဲ ကျွန်တော်ပဲ ဖြစ်နေခဲ့ရပါတယ်။ သူ့ကို လွတ်မြောက်ဒေသအထိ တာဝန်ယူ ခေါ်ဆောင်သွားမယ့်သူက လတ်တလောမှာမှ အဆက်အသွယ် ရရှိလာခဲ့တဲ့သူ။ ကျွန်တော်တို့နဲ့လဲ သွေးတိုးစမ်း ဆက်ဆံနေရဆဲအဆင့်ပဲရှိသေးတဲ့သူဆိုတော့ ကိုလှသောင်းကိစ္စမှာ ကိုလှသောင်းကိုပဲ အစမ်းသပ်ခံကရိယာတခုသဖွယ် ပြန်အသုံးချရမယ့်အခြေအနေ
မျိုးလဲ ဖြစ်နေခဲ့ပါတယ်။ အဲဒီတုန်းက မလိမ့်တပတ်လုပ်သလိုမျိုးလဲ မဖြစ်ရအောင် ကိုနိုင်ဝင်းကနေ ကိုလှသောင်းကို အခြေအနေမှန်ကို ပွင့်ပွင့်လင်းလင်းပဲ ရှင်းပြခဲ့ပါတယ်။ အခုပို့ရမှာက ကိုလှသောင်းရဲ့အဆက်မပြတ် တောင်းဆိုနေမှုကြောင့်သာ ပို့ရမှာဖြစ်တယ်။ တကယ်က ရိုးမဗဟို ကျဆုံးသွားရပြီးကတည်းက အရင်တုန်းက ယူဂျီအဆက် ယူဂျီလမ်းကြောင်းနဲ့ ပြတ်တောက်သွားရပြီဖြစ်တယ်။ အခုက အရှေ့မြောက်ကိုပဲ ပို့ရတော့မှာဖြစ်လေတော့ အမှန်အတိုင်းပြောရရင်- ဒီလမ်းကြောင်း ဒီအဆက်နဲ့ တခါမှ အလုပ်မလုပ်ဖူးသေးသလို၊ ဘယ့်လောက်အထိ ယုံကြည်စိတ်ချရမလဲ-ဆိုတာတောင် ယတိပြတ်မပြောနိုင်သေးတဲ့အခြေ
အနေဖြစ်တယ်။ ဒါကြောင့်- ရဲဘော်ဟာ အစမ်းသပ်ခံသဖွယ် သွားရမယ့်အနေအထားမျိုးလဲ ဖြစ်နေတယ်။
ဒီတော့ သွားမယ်ဆိုရင် ထည့်ပေးလိုက်မယ်။ ဒီက ကျွန်တော်တို့တွေကိုလဲ ကူညီသလိုဖြစ်အောင် ခင်ဗျားဘက်ကလဲ တခုကို သေသေချာချာလုပ်ပေးစေချင်တယ်။ အဲဒါကတော့-ဗဟိုကို တိုက်ရိုက်ရောက်သွားတာမှန်ရင်- ဘယ်အချက်၊ ဗဟိုမဟုတ်ပဲ ဒေသအဆင့် ကြားခံစစ်ဒေသအဆင့်ပဲ ရောက်သွားတာမျိုးဆိုရင်-ဘယ်အချက်၊ အဲဒီအချက်(၂)ခုကို လျှို့ဝှက် ပတ်စ်ဝဒ်တခုလို မှတ်ထားပြီး၊ ခင်ဗျားကို ခေါ်သွားမယ့်လူရဲ့အပြန်မှာ ရောက်ပြီဆိုတဲ့စာတစောင်အဖြစ် ပြန်ရေးပေးလိုက်စေချင်တယ်-ဆိုပြီး သေချာမှာကြား စီစဉ်ပေးလိုက်ရပါလေတယ်။ ကိုလှသောင်းဟာ သေချာစဉ်းစားပြီးမှ ပိုင်းဖြတ်ချက်အပြည့်နဲ့လိုက်ပါသွားခဲ့သူ ဖြစ်ခဲ့
ပါလေတယ်။
နောက် (၂)လလောက်အကြာမှာတော့ (ခေါ်သွားသူ ပြန်အလာမှာ) ကိုလှသောင်းလက်ရေးနဲ့ကိုလှသောင်းထံက ပြန်စာကို ကျွန်တော်တို့တွေ ဖတ်လိုက်ရပါလေတယ်။ သူ ပါတီဗဟိုကို ချောချောမွေ့မွေ့ရောက်သွားပြီဆိုတာ သိလိုက်ရရင်း၊ သက်ဆိုင်သူအားလုံး သက်ပြင်းကို ချနိုင်ခဲ့ကြပါတော့တယ်။ သူ ပါတီ
ကို ရောက်သွားခဲ့တာက ၁၉၇၆ အကုန်လောက်မှာလို့ ထင်ပါတယ်။
အပိုင်း(၂) ကို တဆက်တည်း ဖော်ပြသွားပါမယ်။
0 comments:
Post a Comment