Monday, September 30, 2013

ရေပေါ်ဆီ တီရှပ် (မှူးသစ်)

0 comments
ရေပေါ်ဆီ တီရှပ်
ထင်မြင်ယူဆချက်တွေဟာ ကိုယ့်ကိုယ်ကိုယ်စိတ်ပူနေရလောက်အောင်မြင့်တက်လာတဲ့ စိုးရိမ်စရာ ကိုယ်ပူချိန်။ ဘာတွေကိုယုံကြည်သလဲလို့မေးလာရင် ခေါင်းတွေကို အလိုလိုခါထုတ် ခန္ဒာကိုယ်တစ်ခုလုံးမှာ အသက်ရူကြပ်ချင်လာတယ်
လတ်တလောအိပ်မက်တွေမှာ ယုံကြည်ချက်နဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ဆယ်ယူနေရ ကိုယ်ချင်းစာတရားကို ငွေကြေးနဲ့ဝယ်ယူထားတဲ့ လူ့ရေပေါ်ဆီပေါ်တွေရဲ့ယဉ်ကျေးမှုလက်ခုပ်သံတွေမှာ ငွေကြေးနဲ့အာဏာရနံ့တွေရနေတယ်။ ငါလည်း ဝယ်ယူခံလိုက်ရပြီလားဆိုတာကို အလန့်တကြားဖြစ်မိနေတယ်။ လူတွေဟာ မယုံကြည်ရဘူး။ ငါ့မိတ်ဆွေတွေတောင် တီရှပ်ကိုယ်စီနဲ့။ 
ငါ့မှာ မသိမသာနဲ့ခပ်တိုးတိုးလေး ရေရွတ်နေရတယ်။ ပြုပြင်ပြောင်းလဲရေးမှာ ယုံကြည်ချက်ဟာ အလဲအလှည် ဦးထုပ်ဆောင်းသလို၊ အလဲအလှယ် ဖိနပ်စီးသလို၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကနေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အထိ အလုပ်ဖြစ်နေတဲ့အရာတွေကြားထဲ
ခြေနှစ်ချောင်းရပ်စာနေရာပျောက်နေတဲ့လူတန်းစားတွေပဲ အဆီထုတ်ခံနေရတယ်။ အိမ်ပြန်မယ်ဆိုပြီး ပြန်စရာအိမ်မရှိတဲ့လူတွေအတွက်တော့
ပြည်သူ့ဆန္ဒဆိုတဲ့စကားလုံးတွေဟာ အပေါစားဟာသဆန်တဲ့ မျှော်လင့်ချက်၊ အလုပ်သမားလူတန်းစားနဲ့ အခြေခံလယ်သမားတွေဟာ
ပေါ်ပင်နိုင်ငံရေးသမားတွေရဲ့ကိုယ်ရောင်ကိုယ်ဝါမြှင့်တင်ဖို့အသုံးချခံနေရတဲ့ ပေါ်လစ်ဆီအဖြစ်ကိုရောက်ရှိ၊ ငြိမ်းချမ်းရေးဟာ ဒုက္ခသည်တွေထံကို ဘာတီရှပ်မှမရောက်သေးဘူးဆိုတဲ့အကြောင်း စာရွက်ပေါ်တင်လာတဲ့ နဖူးစီးစာသားများ၊ ဗီနိုင်းစပေါ်မှာစာတမ်းထိုးထားတဲ့သတင်းမျက်နာဖုံးများ
ဘာတီရှပ်မှဝတ်ဆင်မှုမပြုလုပ်ဘဲ ငါဝမ်းနည်းပြချင်တယ်။
၂ဝ၁ဝ ခုနှစ် အလွန် မြန်မာ့နိုင်ငံရေးဟာ ကာလာစုံ တံဆိပ်စုံ တီရှပ်အင်္ကျီတွေအရောင်းသွက်လို့။
လူတွေဟာ ကျေကျေနပ်နပ် ဝတ်ဆင်နေကြတယ်။
တီရှပ်တွေဟာ တံဆိပ်အမျိုးမျိုးရှိတယ်။
တီရှပ်တွေဟာ အရောင်အသွေးမျိုးစုံရှိတယ်။
တီရှပ်ပေါ်မှာ ငြိမ်းချမ်းရေးရှိတယ်။ တီရှပ်ပေါ်မှာ တော်လှန်ရေးရှိတယ်။
တီရှပ်ပေါ်မှာ ပေါ်ပင် ကိုယ်ခြင်းစာတရားတွေရှိတယ်။
တီရှပ်ပေါ်မှာ အစွန်းရောက်ဘာသာတရားတွေရှိတယ်။
တီရှပ်ပေါ်မှာ ခွပ်ဒေါင်းတွေရှိတယ်။
တီရှပ်ပေါ်မှာ ခြင်္သေ့တွေရှိတယ်။
တီရှပ်တွေဟာ မြန်မာ့နိုင်ငံရေးရဲ့အရေးပါအရာရောက်တဲ့  အပေါ်ယံဆေးဆိုးပန်းရိုက်ယုံကြည်ချက်။
တီရှပ်တွေဟာ မယုံကြည်ရဘူးလို့ ငါအထပ်ထပ်ပြောနေတယ်။
တီရှပ်တွေဟာ အပေါ်ယံအလွှာဆန်တယ်။
တီရှပ်တွေဟာ ရေပေါ်ဆီဆန်တယ်။
တီရှပ်တွေနဲ့အတူ နိုင်ငံရေး စီးပွားရေး လူမှုရေး ..တော်လှန်ရေး ငြိမ်းချမ်းရေး ဘာဆိုဘာမျှ.
နောက်ဆုံး ငါ့ကိုယ်ငါတောင် ယုံကြည်ပစ်လိုက်လို့မရဘူး။
အဆင်ပြေသလိုရွေ့လျားနေကြရတယ်။
မြန်မာ့ဒီမိုကရေစီရေးမှာ အရောင်းပြောင်းလာတဲ့တီရှပ်နဲ့ကျော်ကြားသူတွေဟာ သတင်းစာမျက်နာမျက်နာဖုံးတွေမှာ တခမ်းတနား။
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဟာ Celebrity တွေနဲ့အင်တာဗျူးအမေးအဖြေသက်သက်၊
ပွဲတော်တွေလည်းတခမ်းတနားပဲ စကားလုံးတွေ အီလစ်တွေ နိုင်ငံရေးသမားတွေ ကျော်ကြားသူတွေ ငွေကြေးတွေ မိန့်ခွန်းတွေ ကိုယ်ခြင်းစာတရားတွေ စကားလုံးအစွန်းရောက်တွေ ဆိုရှယ်နက်ဝပ်တွေအားလုံးကို အရောင်ပြထားတဲ့ပွဲတော်တွေဟာ တခမ်းတနား ကိုယ့်ကိုယ်ကိုယ် အရောင်တင်နိုင်သမျှတင်ဖို့ ကြိုးစားနေကြတယ်။
တစ်ချို့လူတွေဟာ တီရှပ်တွေကိုအသုံးပြုပြီး ငွေကြေးနဲ့ကျော်ကြားမှုကို ရယူနေတယ်။
တစ်ချို့လူတွေဟာ တီရှပ်တွေကိုအသုံးပြုပြီး အာဏာနဲ့လက်ခုပ်သံတွေကို ရယူဖို့ကြိုးစားနေတယ်။
အခြေအနေတွေဟာ အံသြစရာမလိုတဲ့ အံသြထူးဆန်းဖွယ်ရာအနေအထား
နိုင်ငံတော်သမ္မတကြီးရဲ့ ပြည်သူ့အခြေပြုမိန့်ခွန်းတွေအောက်မှာပဲ တစ်ချို့ပြည်သူတွေဟာ အိုးပျောက်ခွက်ပေါက် အိမ်ပျောက်လယ်ပျောက်နဲ့
လူတွေလည်း ဆန္ဒကလွဲပြီး တစ်ခြားဘာကိုမှ မထုတ်ဖေါ်တတ်တော့ဘူး။
ဒီလိုနဲ့ပဲ တီရှပ်တွေဟာ နေရာရလာတယ်။
တီရှပ်တွေဟာ ရေပေါ်ဆီဆန်လာတယ်။
မကြာခင်ငြိမ်းချမ်းတော့မယ်။
ရန်ကုန်မှာ ကဗျာတွေရေးပေးနေတယ်။
ရန်ကုန်မှာ လမ်းတွေလျှောက်နေတယ်။
မကြာခင်.. မကြာခင်.. မကြာတော့ပါဘူး ခင် ရယ်လို့သာ ဟားပစ်ချင်။
ဘယ်တော့များမှ နေရပ်စွန့်ခွာတွေ အခြေတကျ အိမ်ကိုပြန်ရောက်မလဲဆိုတာ မသိသေးဘူး။
နိုင်ငံရေးဟာ ကိုယ့်အကြောင်းကိုယ်ရေးပြီး ကိုယ့်အရောင်ကိုယ်တင်ဖို့်၊ ငြိမ်းချမ်းရေးနဲ့ကိုယ်ခြင်းစာတရား၊ ငွေးကြေးနဲ့ကျော်ကြားမှုများမှာ
ဘယ်အရာတွေက ကြားခံကိရိယာတွေဖြစ်မလဲ။
ရေပေါ်ဆီတီရှပ်တွေဟာ လမ်းတွေပေါ် လူတွေပေါ် အရောင်တလူလူလွင့်လို့
မြေ မြှုပ်မိုင်းတွေကို စင်မြင့်ပေါ်ကနေဆယ်ယူဖို့ ကြိုးစားနေကြတယ်။

မှူးသစ်
https://www.facebook.com/notes/%E1%80%99%E1%80%BD%E1%80%B4%E1%80%B8-%E1%80%9E%E1%80%85%E1%80%B9/%E1%80%B1%E1%80%9B%E1%80%B1%E1%80%95%E1%81%9A%E1%80%86%E1%80%AE-%E1%80%90%E1%80%AE%E1%80%9B%E1%80%BD%E1%80%95%E1%80%B9/604157869647861


“ပြင် နဲ့ သစ်” ကြားက “တွေဝေဒီချုပ်”(တူမောင်ညို)

0 comments
“ပြင် နဲ့ သစ်”  ကြားက “တွေဝေဒီချုပ်”(တူမောင်ညို)
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ )
လူထု၏သဘောထားဆန္ဒ၊ လက်တွေ့လိုအပ်ချက်များကို စူးစမ်းလေ့လာပြီး၊ လူထုလိုအပ်ချက်နဲ့အညီ လူထုကိုရှေ့ဆောင် တိုက်ပွဲဝင်ခြင်းသည် နိုင်ငံရေးပါတီတစ်ရပ် သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်တို့ မလွဲမသွေလုပ်ဆောင်ကြရမည့် တာဝန်ပင်ဖြစ်သည်။
“ပြင်ဖို့နဲ့ အသစ်ရေးဆွဲဖို့မှာ ကျွန်မက ဘက်မလိုက်ဘူး။ NLD လည်း ဘက်မလိုက်ဘူး” ဆိုသည်မှာ တာဝန်မဲ့ပြောဆိုမှုပင်ဖြစ်သည်။ ပြည်သူများ၊ မဟာမိတ်များကို ဓါးစားခံလုပ်ခိုင်းခြင်း တမျိုးပင်ဖြစ်သည်။ ပြည်သူများကို ထွေပြား၊ ဝေဝါးအောင်လုပ်ခြင်းဖြစ်သည်။
“ပြင်” နဲ့ “သစ်” ကြား တွေဝေနေမှုက ထိုပါတီ၊ ထိုခေါင်းဆောင်မှု၏ ပြဿနာဖြစ်သည်။ ထိုပြဿနာကို ပြည်သူများခေါင်းပေါ် ပုံချလိုက်ခြင်းသည်လုံးဝမသင့်လျော်။ အကြောင်းနှင့်အကျိုး၊ အားသာချက်နှင့်အားနည်းချက် အဖက်ဖက်ကစိစစ်တွက်ချက်ပြီး ဘယ်လမ်းကို ဘယ်နည်းလမ်းဖြင့်လျှောက်လှမ်းကြမည်ကို နိုင်ငံရေးပါတီနှင့်နိုင်ငံရေးခေါင်းဆောင်ဆိုသူများက ပြည်သူများထံ ပြတ်ပြတ်သားသား တင်ပြရဲရမည်။ မဟာမိတ်များထံတင်ပြရဲရမည်။ မိမိယုံကြည်သည့်နည်းလမ်းသို့ ပြည်သူများပါဝင်လျှောက်လှမ်းလာစေရန် စည်းရုံးညွန်ပြခေါင်းဆောင်မှုပေးကြရမည်သာဖြစ်သည်။
ပြည်သူများက ဒီချုပ်၏ဦးဆောင်မှုကိုမျှော်လင့်နေကြတာဖြစ်သည်။ မဟာမိတ်တိုင်းရင်းသားပါတီများကလည်း ဒီချုပ်၏ခြေလှမ်းကို စောင့်ကြည့်အကဲခပ်နေကြတာဖြစ်သည်။ ယခုလုပ်ရပ်က လမ်းဆုံလမ်းခွရောက်ခါမှ ပြည်သူများကို ကိုယ့်လမ်းကိုယ်ရွေးကြ/ကိုယ်ဖြစ် ကိုယ်ခံကြလို့ပြောနေသည်နှင့်တူနေသည်။
ခေါင်းဆောင်မှုဆိုသည်မှာ “ဗဗျားပင်” (ပန်းပြား) လို ယိမ်းနွဲ့မြောက်တောင် လုပ်နေ၍မဖြစ်ပါ။ ဝေ့နေလို့မဖြစ်။“အသစ်ရေးဆွဲခြင်းမှာ တပ်မတော်ကို ဖိတ်ခေါ်ဆွဲသွင်းရာရောက်ပါသည်” ဟူ၍ အကြောင်းပြနေလို့မဖြစ်ပါ။ စစ်တပ်ပါလာမှာကို ကြောက်နေ၍မဖြစ်ပါ။ “၂၀၀၈ အခြေခံဥပဒေ”ဆိုသည်မှ စစ်တပ် (စစ်အုပ်စု)က နိုင်ငံရေးတွင် ထာဝစဉ်အုပ်စီးထားနိုင်ရေးအတွက် အကွက်ချရေးသားထားသည့် အခြေခံဥပဒေဖြစ်ပါသည်။ “ပြင်ရေး” ဖြစ်စေ၊ “အသစ်ရေး” ခြင်းဖြစ်စေ စစ်တပ်မုချပါလာမည်သာဖြစ်သည်။ “ပြင်ရေး” သက်သက်ဆိုလျှင် စစ်တပ်မပါဝင်ဟု မည်သူပြောနိုင်သနည်း၊ “ပရောဖက်ရှင်နယ် စစ်တပ်” ဖြစ်ဖို့အတွက် ရှေးဦးလိုအပ်ချက်မှာ စစ်တပ်သည် အခြေခံဥပဒေကို တသွေမတိမ်းနာခံဖို့ဖြစ်သည်။ စစ်တပ်သည် အခြေခံဥပဒေ၏အောက်က ဖြစ်ရမည်။ “၂၀၀၈ အခြေခံဥပဒေ”တွင်မူ စစ်တပ်သည် အခြေခံဥပဒေ၏အထက်က ဖြစ်နေသည်မဟုတ်ပါလော။
“ဒီမိုကရေစီစံနှုန်းများဖြင့်ညီညွတ်ခြင်းမရှိသောပြဋ္ဌာန်းချက်များ” ထဲတွင် စစ်တပ်နဲ့ပတ်သက်သောအချက်များ အဓိကပါဝင်နေသည်ကို အားလုံးသိပြီးဖြစ်သည်။ ယနေ့အခြေအနေမှာ ကျားမြီးဆွဲရုံလောက်ဖြင့် မရပါ၊ ကျားကိုဂုတ်ခွစီးဝံ့ရမည်။ “၂၀၀၈ အခြေခံ ဥပဒေ”ကိစ္စကိုင်တွယ်သည်ဆိုခြင်းမှာ ကျားကို ဂုတ်ခွစီးခြင်းမျိုးဖြစ်သည်။
ဒီချုပ်နှင့်ဒီချုပ်ခေါင်းဆောင်မှုသည် “ပြင် နဲ့ သစ်”ကြား တွေဝေနေသည်။ ပြတ်သားမှုမရှိ။ ယင်းအချက်သည် ဒီချုပ်၏ “ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီ” ကထုတ်ပြန်သည့် ကြေညာချက် (၀၂/၀၉/၂၀၁၃) တွင် ပေါ်လွင်ထင်ရှားနေပါသည်။
နိုင်ငံရေးပါတီနှင့် နိုင်ငံရေးခေါင်းဆောင်၏ ခေါင်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။
မှန်ကန်၍ပြတ်သားသောလမ်းကို ညွန်ပြရှေ့ဆောင်နိုင်ရမည်။ ပြည်သူ့ဆန္ဒနှင့် ရင်ဆိုင်နေရသည့်လက်တွေ့အကြားတွင် မိမိဆုံးဖြတ်ချက်(ဝါ) ခေါင်းဆောင်မှု (မူ၊ ပေါ်လစီ၊ လုပ်ငန်းစဉ်)ကို  တံတားအဖြစ် ထိုးပေးဝံ့သောရဲရင့်မှုရှိရမည်။ ဟိုဘက်ဒီဘက်“ခွ” နေ၍မရ၊ “ခွ”နေလျှင် “ဂွ” ကျသွားလိမ့်မည်။
“၂၀၀၈ အခြေခံဥပဒေ”နှင့်ပတ်သက်၍ ဒီချုပ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကြေညာချက် အချက်အမှတ်(၂) တွင်ရေးသားဖော်ပြထားသည့် (“က”မှ “ဆ” အထိ) အချက်များသည် မည်သူမျှအငြင်းမပွားနိုင်လောက်အောင် မှန်ကန်နေသည့်သုံးသပ်ချက်များ ဖြစ်ပါသည်။
ထိုအချက်များကို ဗိုလ်ရွှေမန်း၏ “လေ့လာသုံးသပ်ရေးကော်မတီ” ကပင် ထည့်သွင်းလေ့လာသုံးသပ်ပါမည်လော။ ထိုအချက်များကို မည်သို့ပြင်ဆင်မည်လဲ။ ယင်းနည်းလမ်းများကို ဒီချုပ်သည် ပြည်သူများ၊ မဟာမိတ်များထံတင်ပြရမည်။ လွှတ်တော်တွင်းပြင်ဆင်ရေးနည်းလမ်းဖြင့် ခရီးပေါက်နိုင်ပါမည်လော။
“ကျော်ဝင်း၏ အညံ့ခံရေး”ဆောင်းပါး အစတွင် ကျနော်သည် ဤသို့ရေးသားဖော်ပြသတိပေးခဲ့ပါသည်။
“ဒီမိုကရေစီအနှစ်သာရထည့်သွင်းပေးနိုင်ခြင်းမရှိသော “ပြုပြင်ရေး”သည် “အတုအယောင်ပြုပြင်ရေး”သာဖြစ်မည်။ ၂၀၀၈ အခြေခံဥပဒေကို “အရောင်တင်အလှခြယ်ပေးခြင်း” မျှသာဖြစ်လိမ့်မည်။
ဒီချုပ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကြေညာချက်တွင် ရေးသားဖော်ပြထားသည့် (“က”မှ “ဆ” အထိ) အချက်များကို “လွှတ်တော်တွင်းပြင်ဆင်ရေးနည်းလမ်း” ဖြင့် ပြင်ဆင်နိုင်လိမ့်မည်မဟုတ်ဘဲ။ (လွှတ်တော်ပြင်ပတွင်) ပြည်သူ့စွမ်းအားဖြင့်သာ အကောင်အထည်ဖော်နိုင်မည့်အချက်များဖြစ်ပါသည်။


Sunday, September 29, 2013

ပိုင်စိုးသော လွတ်လပ်မှု-လင်းထင်

0 comments
ပိုင်စိုးသော လွတ်လပ်မှု-လင်းထင်September 29, 2013 at 6:26am စစ်အစိုးရကိုမကြိုက်တာချင်းအတူတူ မကြိုက်ပုံ မကြိုက်နည်းမှားတယ်လို့ ကျနော်ယုံကြည်တာတွေအများကြီးပဲ။ ဥပမာ- ကျန်းမာရေးဝန်ကြီးနေရာမှာ ဆရာဝန်မဟုတ်တာမျိုး၊ ဆက်သွယ်ရေးဝန်ကြီးနေရာမှာ တယ်လီကွန်မြူနီကေးရှင်း အင်္ဂျင်နီယာမဟုတ်တာမျိုးကိုရည်ညွှန်းပြီး ဘာမှ မတတ်တဲ့ကောင်တွေအုပ်ချူပ်လို့ တိုင်းပြည်မဖွံ့ဖြိုးတာလို့ ဆိုတာမျိုးတွ။ ဒါမှမဟုတ် တတ်တယ်မတတ်ဘူးဆိုတဲ့နေရာ မှာ ဆေးပညာ၊ အင်္ဂျင်နီယာပညာကိုဆိုလိုတာ မဟုတ်ဘူး၊ အုပ်ချူပ်ရေးပညာ စီမံခန့်ခွဲရေးပညာ မူဝါဒချမှတ်အကောင် အထည်ဖော်နိုင်တဲ့ပညာကိုဆိုလိုတာပါလို့စောဒကတက်သူ ရှိကောင်း ရှိမယ်။ အဲ့သလို Technocracy အယူအဆနဲ့ဖြစ်စေ၊ Meritocracy အယူအဆနဲ့ဖြစ်စေအခြေခံပြီး စစ်အစိုးရကို မကြိုက်ဘူးပြောတတ်သူမျိုးကို စစ်အာဏာရှင်စံနစ်ရဲ့ဆိုးယုတ်ခြင်း အရင်းခံတရားကိုယ် မိစ္ဆာတရား Evilness အပေါ် မျက်မှောက်ပြုနိုင်သူတွေအဖြစ် ကျနော်အယုံအကြည် မရှိဘူး။ အဲ့သလိုအစားမျိုးတွပဲ အခုခေတ် သမ္မတကြီးက သမ္မတကြီးက ဖြစ်သွားကြတာပဲ။ ပါးစပ်ကထုတ်ပြီး သမ္မတ မကြီး ဦး၊ စိန်စုလမ်းစဉ်အပေါ် ကျိုးနွံသက်ဝင်မှုပြုကြတာ အဲ့သလိုအစားတွေပဲ။ အများစုကြီးဟာ ခြင်ကိုက်လည်းသေ၊ ကလေးမွေးလည်းသေ ဖြစ်နေရတဲ့အခြေအနေကြီးမှာ နှလုံး အသည်း ကျောက်ကပ်အစားထိုးကုနိုင်တဲ့ပညာ တိုင်းပြည်မှာရှိရုံနဲ့ ဂုဏ်ယူဖို့ရာမထိုက်ကြောင်းမျက်မှောက်ပြုနိုင်သူ များကောင်းများနိုင်မယ်၊ သို့ပေသိ ဆေးပညာနဲ့စီမံခန့်ခွဲမှုအတတ်ပညာတို့ကြောင့် လူဟာ အပြင်က တော်ရုံရောဂါနဲ့တော့ မသေတော့ပါဘူးတဲ့၊ ဒီအခြေအနေဟာလည်းပဲ ကိုယ့် လူ့အဖြစ်ကိုမသေအောင် အသက်ကိုမွေးတတ်မှု၊ မျိုးပွားလိုမှု၊ ပိုင်နက်ပိုင်းခြားအသိအမှတ်ပြုခံလိုမှု စတဲ့ တိရိစ္ဆာန်သဖွယ်ပြုမူတတ်မှုနဲ့ တိရိစ္ဆာန်ဗီဇထက်နည်းနည်းပိုကာ ကိုးကွယ်အားထားရာရှာမှုကလွဲပြီး လူဖြစ်တည်ရခြင်းအနှစ်သာရကို ကိုယ်ပိုင်ပြဌာန်းလိုစိတ်ရှိအောင် ဖန်တီးမပေးနိုင်ဘူး။ ဒါကို မျက်မှောက်ပြုနိုင်သူတော့ ရှားမယ်။ ဒီတော့ စစ်အစိုးရကို ဘာလို့မကြိုက်တာလဲ။ အဖြေက လူ့အနှစ်သာရဖြစ်တဲ့ လွတ်လပ်မှု အချေမှုန်းခံရလို့ပဲ။ လွတ်လပ်တယ်ဆိုရာမှာ လွတ်လပ်မှု လစ်ဘာတီအပေါ် မတူသောအဓိပ္ပာယ်ဖွင့်မှု (၀ါ) ချည်းကပ်မှုနှစ်ခုအကြောင်း နည်းနည်းတို့ထိကြရအောင်။ တချို့က ပြင်ပအခြေအနေပိတ်ပင်မှု တားဆီးမှု အဟန့်အတားရှိမနေခြင်း absence ဖြစ်နေတာကို လွတ်လပ်တယ်လို့ယူဆတယ်၊ ဒီလို မရှိမှုအပေါ်မှာမူတည်လို့ လွတ်လပ်တယ်ယူဆတာကို Negative liberty။ တချို့ကတော့ အခြေအနေကိုထိန်းချူပ်ကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်စွမ်း ကိုယ့်မှာရှိနေမှု presence ကို လွတ်လပ်တယ်လို့ယူဆတယ်၊ ဒီလို ရှိမှုအပေါ်မှာမူတည်လို့ လွတ်လပ်တယ်ယူဆတာကို Positive liberty။ လစ်ဘရယ်သမားများက ပထမချည်းကပ်မှုအပေါ် နှစ်လိုတယ်။ လက်ဝဲသမားများက ဒုတိယချည်းကပ်မှုကို နှစ်လိုတယ်။ လစ်ဘရယ်တို့ရဲ့လိုအင် ပုဂ္ဂလအခွင့်အရေးကိုကြည့်ရအောင်။ ဥပမာ- လွတ်လပ်စွာကိုးကွယ်ခွင့် အနှောင့်အယှက်အဟန့်အတား မရှိစေဖို့ ဥပဒေအရအာမခံထားတဲ့အခြေအနေကိုလိုလားခြင်းမှာ ပြီးဆုံးတယ်။ ကိုယ်ကြိုက်ရာကို လွတ်လပ်စွာကိုးကွယ်ခွင့် ရှိရုံသက်သက်က နိုင်ငံရေးအရအဓိပ္ပာယ်သတ်မှတ်ထားတဲ့အခွင့်အရေး ဟုတ်ကောင်း ဟုတ်နိုင်ပေမယ့်၊ လူသားရဲ့လွတ်မြောက်မှု အစစ်အမှန် ဟုတ်နိုင်မလား။ ဦးရှင်ကြီး လွတ်လပ်စွာတင်ခွင့်ရပေသိ၊ တင်ဖို့ပျက်ကွက်ရင် ငါးရမှ ရပါ့မလားဆိုတဲ့အကြောင့်အကြကနေမလွတ်မြောက်ရင် ဒီလူသားဟာ တကယ်လွတ်လပ်တယ် ခေါ်နိုင်ပါ့မလား။ ဒီအကြောင့်အကြကလွတ်မြောက်တဲ့ရုပ်ဘ၀ကို တစ်ကိုယ်ရည်ထီးထီး ဘယ်လိုဖန်တီးနိုင်မလဲ။ ဒီအကြောင့်အကြကလွတ်မြောက်တဲ့ရုပ်ဘ၀ကို လူ့အ၀န်းအ၀ိုင်းထဲမှာ လူသားတစ်ဦးက အခြားလူသားတစ်ဦးအပေါ် အပြန်အလှန်တာဝန်ယူမှုကူညီမှုတို့နဲ့ တည်ဆောက်ကြရမှာ မဟုတ်လား။ လွတ်မြောက်ခြင်း လွတ်လပ်ခြင်းဟာ အခါခပ်သိမ်းမှာ တစ်ကိုယ်ရည်ကိစ္စမဟုတ်ဘူး။ ဘုံရည်မှန်းချက် ဘုံပန်းတိုင်သတ်မှတ်ပြီး လူ့အ၀န်းအ၀ိုင်းလိုက် စုစည်းလုပ်ဆောင်ရတဲ့ အရာမျိုးဖြစ်တယ်။ စစ်အာဏာရှင်ဆိုတဲ့နေရာမှာ လူအချင်းချင်းကြား ဖြစ်တည်ရှိတဲ့ ဘောဂဗေဒဆက်နွယ်မှု၊ လူမှုဆက်နွယ်မှုပုံစံတမျိုးမျိုးအစားထိုးပြီး လူသားရဲ့လွတ်လပ်မှုအနှစ်သာရကိုဖျက်စီးနေဦးမယ်ဆို ဘာမှမထူးတဲ့ တိရိစ္ဆာန်ဗီဇစိတ်တွေနဲ့ပဲ အသက်ရှင်နေရမှာပဲ။ တစ်ယောက်ရဲ့ တစ်အုပ်စုရဲ့အသက်ရှင်ရမှုဟာ အခြားတစ်ယောက် တစ်အုပ်စု ထွန်းကားကြီးပွားဖို့ရာအသုံးချခံနေရမှာပဲ။ လွတ်လပ်မှုအနှစ်သာရပျက်စီးသွားတဲ့တစ်ယောက် တစ်အုပ်စုဟာ အသုံးချခံနေရခြင်းအပေါ် မတွန်းလှန်တော့ဘူး၊ တွန်းလှန်လိုစိတ်မရှိတော့ဘူး၊ တွန်းလှန်ရကောင်းမှန်း မသိတော့ဘူး။ ဒါ့ကြောင့် ကိုယ့်ဘ၀ ကိုယ့်ကြမ္မာကို ကိုယ့်တိုင်ပိုင်စိုးချူပ်ကိုင်နိုင်တဲ့လွတ်လပ်မှုမျိုးကိုသာ အလိုရှိအပ်တယ်။ လင်းထင်

စစ်ဘာကြောင့်ဖြစ် (ရဲဘော် ဖိုးသံချောင်း)

0 comments
စစ်ဘာကြောင့်ဖြစ် (ရဲဘော် ဖိုးသံချောင်း)
အခုတလောအပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး စကား၊ ရင်ကြားစေ့ရေးစတဲ့အသံတွေ အများကြီး ကြားနေရပါတယ်။ သူ့ခေတ်နဲ့သူ့အခါကြားရတာမို့ မဆန်းဘူးလို့ပဲအောက်မေ့နေလိုက်ပါတယ်။ ဒါပေမယ့် အဲဒီလိုပြောမှုဆိုမှုတွေထဲမှာ စစ်ဖြစ်ရတဲ့ အကြောင်းရင်းဟာ သုံးမျိုးပဲရှိတယ်ဆိုတဲ့ပြောနည်း မျိုးကို ကြားလိုက်ရပါတယ်။ ပြောကြတာက စစ်မက်ဖြစ်ပွားတယ်ဆိုတာဟာ (၁)လူမျိုးရေး၊ (၂)ဘာသာရေး၊ (၃)ဝါဒရေးဆိုတဲ့ အကြောင်းရင်း သုံးခုကြောင့်ဖြစ်ပွားတာဖြစ်တယ်။ တခြားအကြောင်းရင်းမရှိဘူးဆိုတဲ့အယူအဆဖြစ်ပါတယ်။ သဘောတရားတခုတင်လာတဲ့ သဘောလိုဖြစ်နေပါတယ်။ ဒီအယူအဆ၊ ဒီလိုအပြောအဆိုကို အရင်ကလည်း ဖတ်ဖူး၊ ကြားဖူးပါတယ်။ တဖြည်းဖြည်းများလာတဲ့သဘောရှိတဲ့အတွက် ကိုယ့်အမြင်ကိုတော့ပြောမှပဲဆိုပြီး ကီးဘုတ်ကိုနှိပ်နေမိပါတယ်။  တချိန်ထဲမှာ ကိုယ်လက်လှမ်းမီတဲ့စစ်ပွဲတွေကိုလည်း ပြန်စဉ်းစားနေမိပါတယ်။
            ဦးဆုံးကတော့ အင်္ဂလိပ်နယ်ချဲ့သမားနဲ့ဗမာပဒေသရာဇ်တွေ တိုက်ခဲ့ကြတဲ့စစ်ပွဲတွေပါ။ (၁၉)ရာစုနှစ်အတွင်းမှာ အင်္ဂလိပ်နယ်ချဲ့သမားက ဗမာပြည်ကိုစစ်သုံးကြိမ်တိုက်ပြီး ကျူးကျော်သိမ်းပိုက်တာ ဟာ ဝါဒကြောင့်လား၊ လူမျိုးရေးကြောင့်လား၊ ဘာသာရေးကြောင့်လား။ ဘယ်ဟာမှမဟုတ်ပါဘူး။ ဒါဖြင့် အဲဒီအရင်လေးကဖြစ်ခဲ့တဲ့ မင်းတုန်းနဲ့ကနောင် မင်းသားညီနောင်တို့ ရွှေဘိုကိုသွားအောင်မြေနင်းပြီး သူတို့ရဲ့အကို ပုဂံမင်းကိုပုန်ကန်တာကရော- ဝါဒကြောင့်လား၊ လူမျိုးရေးကြောင့်လား၊ ဘာသာရေးကြောင့်လား။ ဘယ်ဟာကြောင့်မှမဟုတ်ပါဘူး။ ဗမာပြည် ပြည်သူတွေက အင်္ဂလိပ်နယ်ချဲ့နဲ့ ဂျပန်ဖက်ဆစ်တွေကို လက်နက်ကိုင်ခြင်းအပါ နည်းမျိုးပေါင်းစုံနဲ့တော်လှန်တိုက်ပွဲဝင်ကြတာဟာ အဲဒီလူမျိုးတွေကိုမုန်းလို့လား၊ ဘာသာရေးကြောင့်လား၊ ဒါမှမဟုတ် အယူဝါဒတွေကွဲနေလို့လား။ မဟုတ်ပါဘူး။ ကိုယ့်တိုင်းကိုယ့်ပြည်ကိုချစ်လို့၊ လွတ်လပ်ချင်လို့ဆိုတာ သိပ်ရှင်းနေပါတယ်။
            ဒါဖြင့် ဒီနေ့ဗမာပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကကော-။ ဘာကြောင့်ဖြစ်နေတာလဲ။ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာလူမျိုးတွေအကြား စစ်ဖြစ်နေတာလား။ မဟုတ်ပါဘူး။ ခရစ်ယံတွေနဲ့ ဗုဒ္ဓဘာသာတွေအကြားက စစ်ပွဲလား။ ဒါလည်း မဟုတ်ပါဘူး။ ဒါဖြင့် ဘာအယူဝါဒနဲ့ ဘာအယူဝါဒအကြားက တိုက်ပွဲလဲ။ သူတို့ပြောတဲ့အထက်ကစံသုံးချက်ထဲက တချက်နဲ့မှမကိုက်ဘူးထင်ပါတယ်။ ဒီတိုင်းပြည်မှာ ရာစုနှစ်တဝက်ကျော်ဖြစ်နေတဲ့စစ်ပွဲဟာ ဗမာလူမျိုးထဲက လူမျိုးကြီးဝါဒနဲ့စစ်အာဏာရှင်စနစ်ကိုကျင့်သုံးတဲ့ စစ်အာဏာရှင်တွေကတဘက်၊ စစ်အာဏာရှင်စနစ်နဲ့လူမျိုးကြီးဝါဒကိုဆန့်ကျင်တဲ့ ဗမာအပါလူမျိုးစုံပြည်သူတွေကတဘက် ဖြစ်တဲ့စစ်ပွဲပါ။
            သမိုင်းမှာ ဘာသာရေးစစ်ပွဲ၊ လူမျိုးရေးစစ်ပွဲဆိုတာတွေမရှိခဲ့ဖူးဘူး မဟုတ်ပါဘူး။ အားလုံးသိကြတဲ့ ခရူးဆိတ်စစ်ပွဲလိုဟာတွေ အများအပြားပဲရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေဟာ ပဒေသရာဇ်စနစ်ကုန်ဆုံးတာနဲ့ အခြေခံအားဖြင့် ခေတ်ကုန်ဆုံးသွားတယ်လို့ဆိုနိုင်ပါတယ်။ ခြွင်းချက်လောက်ပဲ ကျန်တတ်ပါတယ်။ တချိန်က ကမ္ဘာပေါ်မှာ ပဒေသရာဇ်စနစ်လွှမ်းမိုးနေတုန်းက ဝါဒရေးရာဆိုတာ မရှိသလောက်ပါ။ အဲဒီတုန်းက အဓိကအားဖြင့် အယူဝါဒ-ဘာသာရေးပဲရှိပါတယ်။ အဲဒီနောက် ကမ္ဘာကြီးကို အရင်းရှင်စနစ်က အဓိကလွှမ်းမိုးတဲ့နောက်ပိုင်းမှာဖြစ်ပွားတဲ့စစ်ပွဲတွေထဲက အများတကာ့အများစုဟာ အရင်းရှင်လက္ခဏာဆောင်တဲ့၊ နယ်ချဲ့ဖို့ဖြစ်တဲ့၊ အရင်းရှင်နယ်ချဲ့တွေအတွက် အရင်းမြှုပ်နှံ စရာ၊ သွေးစုပ်စရာနယ်ပယ်နဲ့ သယံဇာတလုယက်စရာနယ်တွေလုဖို့၊ အဲဒီအတွက် သြဇာခံနယ်တွေ ထူထောင်ဖို့စတဲ့ နိုင်ငံကြီးတွေရဲ့ကိုယ်ကျိုးစီးပွားရှာတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်ကြတာတွေပါ။
ဝါဒကြောင့်ဖြစ်တဲ့စစ်ပွဲ-။ သမိုင်းမှာ ကွန်မြူနစ်ဝါဒနဲ့အရင်းရှင်ဝါဒတို့အပါ၊ ဝါဒတခုနဲ့တခုအကြား၊ ဝါဒအတွက်ဖြစ်ခဲ့တဲ့စစ်ပွဲလို့ ပြောနိုင်တာဘယ်တခုများ ပီပီပြင်ပြင်ရှိခဲ့လို့လဲ။ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲစတာတွေဟာ ဝါဒနှစ်ခုအကြားစစ်ဖြစ်တာဆိုတာထက် သြဇာခံဒေသလုယက်မှု ကနေ ပေါ်ပေါက်တယ်ဆိုမှသာ ပိုမှန်မယ်လို့ထင်ပါတယ်။ ဒီနေ့ကမ္ဘာမှာ စစ်ပွဲတွေအများဆုံးဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းနဲ့အာဖရိကတိုက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေ(ခဲ့)တဲ့စစ်ပွဲတွေဟာ ခုနက အကြောင်းရင်းသုံးခုကြောင့် ဖြစ်ပေါ်နေ(ခဲ့)တာ မဟုတ်ပါဘူး။ အဲဒီဒေသတွေမှာရှိတဲ့ သယံဇာတတွေအတွက် မမှန်ကန်တဲ့ဆင်ခြေတွေအမျိုးမျိုးပေးပြီး ဝင်တိုက်နေကြတာဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဘုံဘေဘားမားသစ်ကုမ္ပဏီအတွက် အထက်ဗမာပြည်ကို ဆက်တိုက်သိမ်းတယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ ဘာမှမကွာပါဘူး။ ဒီနေ့အခါမှာ တရုတ်နဲ့အမေရိကန် ရှားစောင်းစေးနဲ့မျက်ချေးဖြစ်နေကြတာ ကကော- အယူဝါဒကြောင့်လား။ လုံးဝမဟုတ်ပါဘူး။ သူတို့ချင်း အခုလို ဘာကြောင့်စောင်နေကြတယ် ဆိုတာ ဗမာပြည်သားတွေအသိဆုံးပါ။ တိုင်းပြည်ရဲ့လူအင်အား၊ ဓနအင်အားတွေအမြောက်အမြားအဆုံး အရှုံးခံပြီး အယူဝါဒအတွက်စစ်ပွဲတွေဆင်နွှဲရလောက်အောင် ဒီနေ့ခေတ်မှာ ဘယ်သမတ၊ ဘယ်ဝန်ကြီးချုပ် မှ မမိုက်ပါဘူး။ “အကြမ်းဖက်ဝါဒ”ကိုတိုက်ပါတယ်ဆိုတဲ့ အမေရိကန်အပါအနောက်နိုင်ငံတွေဟာ သူတို့ပြောတဲ့ “အကြမ်းဖက်”ဝါဒီတွေကို သူတို့ကိုယ်တိုင်က ပြုစုပျိုးထောင်ခဲ့တယ်ဆိုတဲ့အချက်ကို ထုတ်မပြောပါဘူး။ ထိန်ထားကြပါတယ်။ နောက်ပြီး“အကြမ်းဖက်ဝါဒကိုနှိမ်နင်းတဲ့”စစ်ပွဲဆိုတာတွေ အားလုံးဟာလည်း သယံဇာတ(အထူးသဖြင့်ရေနံ) ပေါကြွယ်ဝတဲ့၊ ပထဝီအရအချက်အခြာကျတဲ့ဒေသတွေ မှာချည်းဖြစ်နေတာဟာလည်း တိုက်ဆိုင်လွန်းလှချည့်လားလို့တောင် ပြောရမလို ဖြစ်နေပါတယ်။
တခါ ပြည်တွင်းစစ်တွေဆိုရင်လည်း အာဏာသိမ်းမှုတွေနဲ့၊ လက်နက်ကိုအမိန့်ပေးနိုင်တဲ့အုပ်စိုးသူတွေက သူတို့အာဏာလိုချင်လို့၊ ဒါမှမဟုတ် အာဏာကိုလက်မလွှတ်ချင်လို့ အကြမ်းဖက်ရာကနေ ဖြစ်ပေါ်ခဲ့တာတွေက ဧရာမအများစုဖြစ်ပါတယ်။ ဒီစစ်ပွဲတွေဟာ အာဏာရှင်စနစ်နဲ့ အာဏာရှင်မဟုတ်တဲ့စနစ် စသဖြင့် စနစ်တွေအကြား တိုက်ပွဲပေါ်ပေါက်တာပါ။ နောက်ပြီး အဲဒီစနစ်တွေကို ကိုယ်စားပြုတဲ့လူတန်းစားတွေရှိတယ်ဆိုတာကို ဒီနေ့ဗမာပြည်အခြေအနေလောက် သိသာထင်ရှားတာ မရှိဘူးလို့ထင်ပါတယ်။
            သူတို့ပြောသလိုသာ စစ်ဖြစ်ရတဲ့အကြောင်းရင်းဟာ ဒီသုံးမျိုးထဲရှိတယ်လို့အသေသတ်မှတ်ထား ရင် ဒီနေ့ဖြစ်ပေါ်နေတဲ့စစ်ပွဲတွေကိုသုံးသပ်တာတွေအကုန် မှားကုန်နိုင်ပါတယ်။ တခြားမပြောနဲ့ ဗမာပြည်ကပြည်တွင်းစစ်ကို အဲဒီ စံသုံးခုနဲ့တိုင်းလိုက်ရင် စစ်အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုနဲ့(တိုင်းရင်း သားပေါင်းစုံ)ပြည်သူလူထုအပေါ်စစ်ခင်းခြင်းဆိုတဲ့ တကယ့်သွင်ပြင်လက္ခဏာတွေကို ဖုံးကွယ်ပေးပြီးသားဖြစ်သွားမယ့်အပြင် စစ်အုပ်စုနဲ့ခရိုနီတွေအတွက် စစ်ခင်းနေတဲ့စစ်ဗိုလ်ချုပ်တွေဟာ “ဗမာလူမျိုး”တွေကို ကိုယ်စားပြုသလိုလို၊ “ဗမာလူမျိုး”အားလုံးအတွက်တိုက်ပွဲဝင်နေကြသယောင်ယောင်၊ သူတို့ကို“ဗမာလူမျိုး”အားလုံးကပဲ တခြားတိုင်းရင်းသားတွေကိုတိုက်ဖို့ တာဝန်ပေးထားတဲ့အလား တလွဲ အဓိပ္ပာယ်တွေပေါက်ကုန်နိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်းကျမှပေါ်ပေါက်တဲ့ ပြည်တွင်းစစ်အမြောက်အမြားဟာ စစ်တပ်က (သူတို့နောက်ကွယ်မှာ ပြည်ပအင်အားပါချင်ပါမယ်၊ မပါချင်မပါဘူး) အာဏာသိမ်းလို့ဖြစ်ပွားတဲ့စစ်ပွဲတွေ အာရှ၊ အာဖရိကနဲ့လက်တင်အမေရိကတို့မှာ နည်းသမို့လား။ သူတို့ပြောတဲ့စံသုံးချက်ဟာ ဒီအချက်ကို တမင်ရှောင်သွားတာလား၊ ဖုံးပေးတာလား၊ စဉ်းစားစရာပါ။
နောက်ပြီး ဗမာပြည်သားတိုင်း အသဲထဲမှာစွဲနစ်နေတဲ့ ဆရာစံလယ်သမားအုံကြွမှု။ ဒီသူပုန်ထမှုကြီးဟာ အဲဒီ စံသုံးချက်အထဲက ဘယ်အချက်ကြောင့်ဖြစ်ပေါ်ခဲ့တာလဲ၊ လယ်သမားတွေဆီက လယ်တွေကိုလုယူ၊ ဆန္ဒပြတော့အကြမ်းဖက်နှိမ်နင်း၊ အဲဒီလို လူတန်းစား ပဋိပက္ခတွေကနေ ပေါ်ပေါက်လာတာဖြစ်တယ်ဆိုတာ ကို သမိုင်းမသင်ဖူးတဲ့လူတောင် သိပါတယ်။ နောက်ပြီး (၁၉၄၆)ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့လယ်ဝေးသူပုန်။ အင်္ဂလိပ်ကိုလိုနီအစိုးရတာဝန်ပေးချက်နဲ့ ဗိုလ်နေဝင်းကိုယ်တိုင်သွားပြီး နှိမ်နင်းခဲ့တဲ့လယ်သမားသူပုန် ထမှုကြီး။ အားလုံးဟာ လူတန်းစားတိုက်ပွဲက ပေါ်ထွက်လာတာတွေချည်းဖြစ်ပါတယ်။  ဒါပေမယ့် ဒီစံသုံးချက်ထဲမှာတော့ ဒီနေ့ မြေယာလုယက်မှုတွေရဲ့ဆိုးဝါးမှုကို လျှော့ပေါ့ချင်ထားချင်လို့လားမသိဘူး လူတန်းစားတိုက်ပွဲတွေကနေ စစ်ပွဲတွေဖြစ်တယ်ဆိုတဲ့အချက်ကို တမင်ချန်ထားသလိုဖြစ်နေပါတယ်။   
            
ဒီနေရာမှာတပါတည်းထောက်ပြသင့်တာတခုက “စစ်ရဲ့အကြောင်းရင်းမှာ ဘာသာရေးနဲ့လူမျိုးရေးတို့ ပါဝင်တယ်”ဆိုတဲ့အပြောမျိုးအရဆိုရင် ဒီနေ့ဗမာပြည်မှာ တမင်ဖန်တီးထားတဲ့လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေကနေ စစ်ပွဲတွေပေါ်ပေါက်လာနိုင်တယ်၊ ဒါကြောင့် စစ်တပ်ရဲ့အခန်းကို အသိအမှတ်ပြုရမယ်၊ “အာဏာသိမ်းသင့်လို့သိမ်း”တာကို အသိအမှတ်ပြုရမယ်ဆိုတဲ့လောဂျစ်တွေ ဆက်ပေါ်လာနိုင်ပါတယ်။ နောက်ပြီး (၁၉၆၂) ခုနှစ်က “တိုင်းရင်းသားတွေအစည်းအဝေးလုပ် လို့ဖြစ်ပေါ်လာတဲ့ လက်တစ်လုံးခြားသာလိုတော့တဲ့” အခြေအနေမျိုးတွေကလည်း ပေါ်ပြီးရင်းပေါ်နေ ပါလိမ့်မယ်။
            
ဒီကနေ့ကမ္ဘာမှာဖြစ်နေတဲ့စစ်ပွဲတွေဟာ အဓိကအားဖြင့် နိုင်ငံကြီးတွေရဲ့ သြဇာခံနယ်မြေတိုးချဲ့မှု၊ သယံဇာတလုယက်မှု၊ နောက်ပြီး ဒေသခံအာဏာရှင်တွေရဲ့ ကိုယ့်အာဏာနဲ့ဓနခိုင်မြဲရေးတို့ကနေ ဖြစ်ပေါ်တာသာဖြစ်တယ်ဆိုတာကို အတိအလင်းဖော်ထုတ်ဖို့လိုနေပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အာဏာသိမ်းခွင့်ကိုပြဋ္ဌာန်းထားတာကိုကပဲ အချိန်မရွေးစစ်ဖြစ်ဖို့အခြေအနေတွေ ဖန်တီးထားတာဖြစ်တယ်ဆိုတာကို ထောက်ပြကြရပါတော့မယ်။
ရဲဘော်ဖိုးသံချောင်း

Wednesday, September 18, 2013

ဒီရက်တွေအတွင်းရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
ဒီရက်တွေအတွင်းရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို) စက်တင်ဘာ ၁၈၊ ၂ဝ၁၃
ကျနော်မြင်တာကတော့ သမ္မတ(ဗိုလ်) ဦးသိန်းစိန်နဲ့ရှစ်ပူးငြိမ်း/ပွင့်တွေတွေ့ကြတာရဲ့ အနှစ်သဘောက အင်န်ဂျီအိုလုပ်ခွင့်တရားဝင်ဖြစ်မှုအတွက်လောက်ပါ။ နောက်မှာ နိုင်ငံရေးကစားကွက်တော့ နှစ်ဖက်လုံးမှာရှိမှာပါ။ အမေရိကန်အပါအဝင် နိုင်ငံတချို့ကသူကောင်းပြုတာ ခံလိုက်ရပြီဖြစ်တဲ့စစ်အုပ်စုဘက်ကတော့ အသာစီးအထက်လက်နဲ့ကစားမှာမို့ လူထုအတွက်တော့ ထူးမခြားနားပါ။ ခု တွေ့တယ်။ တွေ့ပြီးတော့ ”သမ္မတကြီးကိုယုံတယ်၊ တွေ့ဆုံမှုကိုကျေနပ်အားရတယ်၊ ခုပြောလိုက်ရင် နောင်ပြောစရာမကျန်မှာစိုးလို့၊ အချိန်တန်တော့သိရပါမယ်” စတဲ့ ဗမာ့ကာလပေါ်နိုင်ငံရေးယဉ်ကျေးမှုထဲမှာ ကျင်လည်နေကြမယ်ဆိုရင်တော့ အနာဂတ်မလှပါ။ ဒေါ်စုလို ဒေါ်စုလောက် နိုင်ငံရေး”စန်း”မရှိသူတွေမို့ ကျတဲ့အခါ နာပါလိမ့်မယ်။ လူထုရဲ့ဆေးဖော်ကြောဖက် အလုပ်မခံရတဲ့အဖြစ်မျိုးနဲ့ နိုင်ငံရေးဘဝနိဌိမတံစေလိုပါ။ ဘာပြောခဲ့သလဲ ဘာသဘောတူခဲ့သလဲ ထုတ်မပြဝံ့၊ ချမပြဝံ့ဘူးဆိုရင်တော့ ဒေါ်စုကကိစ္စသိတ်မရှိလှပေမယ့် ရှစ်ပူးငြိမ်း/ပွင့်တွေကျ ကိစ္စကရှိလာလိမ့်မယ်ထင်တာပါပဲ။
(ရှစ်ပူးငြိမ်း/ပွင့်တွေနဲ့စပ်လို့)
လူမျိုး ဘာသာအစွန်းရောက်သမားတွေရဲ့အကြမ်းဖက်မှုတွေနဲ့ ဖုံးလွှမ်းပစ်တာများတော့ အလုပ်သမား၊ လယ်သမား၊ လူမျိုးစုအရေး(ပြည်တွင်းစစ်ပြဿနာ၊ ဖက်ဒရယ်လ်ကိစ္စ)တွေ အပါအဝင် ကိစ္စအတော်များများ နည်းနည်းမှိန်နေတာ သတိထားမိတယ်။ စစ်အုပ်စုဖော်တဲ့ပုံနဲ့ လွှဲချင်တဲ့အာရုံထဲလွဲမသွားအောင်နဲ့ ဖြတ်ချင်တဲ့မျက်ခြေထဲ ပြတ်ထွက်မသွားအောင် မနည်းပြန် ထိန်းနေရတယ်။ အလုပ်သမားတွေရဲ့အရေး(တနည်းပြောရရင် အလုပ်ရှင်အလုပ်သမားပြဿနာ)ဟာ ဒီဘက်ခေတ်(၁၉၈၈နောက်ပိုင်း)မှာ ပုံသဏ္ဍန်ပြောင်းလာတယ်။ အဲ့ဒီမတိုင်ခင်က အလုပ်ရှင်အလုပ်သမားပြဿနာလို့ပြောရင် အစိုးရနဲ့ အစိုးရဝန်ထမ်းကိစ္စလို့ပြောရမယ်။ စက်ရုံအလုပ်ရုံမှန်သမျှဟာ ပြည်သူပိုင်ဆိုတဲ့ခေါင်းစဉ်အောက်က စစ်အုပ်စုလက်ဝါးကြီးအုပ် ချယ်လှယ်နေတာ။ အလုပ်သမားဆိုတာက အစိုးရဝန်ထမ်း(အစိုးရ အလုပ်သမား)အဖြစ်ပဲ။ ဆိုတော့ စက်ရုံအလုပ်ရုံနဲ့ အရင်းအနှီးပိုင်ဆိုင်သူဟာ အစိုးရ(စစ်အုပ်စု)။ ကိုယ့်လုပ်အားကို အလုပ်ရှင်အစိုးရဆီရောင်းပြီး ရတဲ့အခနဲ့ ကိုယ်နဲ့ကိုယ့်မိသားစုစားဝတ်နေရေးဖြေရှင်းရတဲ့ အလုပ်သမားပြည်သူက အစိုးရဝန်ထမ်း ဒါမှမဟုတ် အစိုးရအလုပ်သမား။ ဆိုတော့ ပြဿနာဖြစ်တိုင်း အစိုးရနဲ့ပြည်သူပဲ။ အလုပ်ရှင်အစိုးရနဲ့အလုပ်သမားပြည်သူပဲ။ အလုပ်ရှင်က စစ်တပ်နဲ့အာဏာပါပိုင်တော့ ဖြစ်လိုက်တိုင်း သတ်ဖြတ်ပွဲတွေနဲ့ နိုင့်ထက်စီးနင်းလုပ်ခဲ့တာချည်းပဲ။ ၇၄ အလုပ်သမားအရေးကိုမြင်လို့ရပါတယ်။ သဘောက အလုပ်သမားအခွင့်အရေးနဲ့ရပိုင်ခွင့်တောင်းဆိုမှုကနေ နိုင်ငံရေးတိုက်ပွဲအဖြစ်ပြောင်းသွား တက်သွားတယ်။ ပြောင်းသွားတိုင်းလည်း အလုပ်ရှင်အစိုးရက စစ်တပ်နဲ့နှိမ်နင်းလို့ မနိုင်ခဲ့တာပဲ။ ခုကြတော့ သဏ္ဍန်ပြောင်းသွားတယ်။ အလုပ်ရှင်က စစ်အုပ်စုဝင်တွေ သူတို့သားသမီးနဲ့ဆွေစဉ်မျိုးဆက်တွေ၊ သူတို့နဲ့အမြီးစားဘက်ခေါင်းစားဘက်(ခရိုနီတွေ)နဲ့ ပြည်ပကလာပြီး ရင်းနှီးမြှုတ်နှံတယ်ဆိုသူတွေပဲ။ အလုပ်ရှင်ဘက်ရော အလုပ်သမားဘက်မှာရော သဏ္ဍန်ပြောင်းသွားပေမယ့် အနှစ်သာရတော့ မပြောင်းဘူး။ ထူးမခြားနားပဲ။ ဆိုတော့ ခုအလုပ်သမားအခွင့်အရေးနဲ့ရပိုင်ခွင့်ပေါ်အခြေခံတဲ့ ပြဿနာပေါ်တိုင်း အစိုးရက ”ဒါဟာ အလုပ်ရှင်အလုပ်သမားကြားကပြဿနာသာဖြစ်တယ်”ဆိုပြီး အာရုံလွှဲပေးတယ်။ တခါတခါ ဝန်ကြီးကဆင်းပြီးရှင်းသလိုလိုနဲ့ နံမည်ကောင်းယူတယ်။(အစောပိုင်းတွေတုန်းကဆို ရှစ်ပူးငြိမ်း/ပွင့်တွေလွှတ်ပြီး ဖြန်ဖြေရေးသမားလိုလို ကြားပွဲစားလိုလို ပေးလုပ်စေတယ်) တကယ်တော့ ဒီအလုပ်သမားအခွင့်အရေးနဲ့ရပိုင်ခွင့်ကိစ္စဟာ အလုပ်ရှင်အလုပ်သမားကြားကပြဿနာ မဟုတ်ဘူး။ အာဏာလက်ရှိအစိုးရက အလုပ်သမားတွေ မတန်တဆလုပ်အားပေါ်ကနေသွေးစုပ်ခံနေရတာကို ဥပဒေပြဌန်းပြီး တိတိကျကျကာကွယ်ပေးရမယ့်ကိစ္စပဲ။ စစ်လွှတ်တော်ကပြဌန်းလိုက်တဲ့ အလုပ်သမားနဲ့ဆိုင်တဲ့ဥပဒေမှာလည်း ပြောရလောက်အောင်အကာအကွယ်မရှိတဲ့အပြင် မရှိရှိတာလေးအတိုင်းဆောင်ရွက်နေတာလည်း မတွေ့ရဘူး။ ခုတိုင်းသာဆက်သွား တနေ့ ဒီအလုပ်ရှင်အလုပ်သမားပြဿနာဟာ ဟိုဘက်ခေတ်(၈၈ မတိုင်မီ)တုန်းကလို နိုင်ငံရေးတိုက်ပွဲဖြစ်မလာဘူးလို့ ပြောလို့မရဘူး။ ဖြစ်လာဖို့ အကြောင်းတွေလည်း ပေါ်ပေါ်လာနေတယ်။ စစ်အုပ်စုမရှင်းလိုတဲ့၊ ရှိနေစေချင်တဲ့၊ မရှင်းနိုင်တဲ့ အခြားနိုင်ငံရေးပြဿနာတွေနဲ့အတူ ဒီ အလုပ်သမားအခွင့်အရေးပြဿနာလည်း တပါတည်းပေါက်ကွဲထွက်လာရင် နောက်ထပ် ရှစ်လေးလုံးတွေဖြစ်လာလေမလားပဲ။
(အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်လို့)
နိုင်ငံရေးမှာဖြစ်ဖြစ် အခြားဘယ်အရေးမှာဖြစ်ဖြစ် ကိစ္စတစ်ခုခုကို လက်တွေအကောင်အထည်ဖော်မလုပ်ခင်မှာ ”အာဘော်ဖန်တီးတယ်”ဆိုတာရှိရပါတယ်။ အာဘော်ဖန်တီးကြည့်ပြီး လူထု(အောက်ခြေထုနဲ့ အခြားသူများလည်းအပါအဝင်)ဆီက ဘာအသံပြန်ထွက်မလဲ စောင့်နားထောင်ပါတယ်။ ပြန်လာတဲ့အသံ ကောင်းတယ် လုပ်ရင် အောင်နိုင်ခြေရှိတယ်ဆို ထလုပ်တာပါပဲ။ အသံမကောင်းဘူးဆို အသာလေးလက်လျှိုပြီး ပြန်ငုတ်နေရုံပါပဲ။ ဒါမျိုးက နိုင်ငံရေးမှာတော့ ပိုသိသာပါတယ်။ ခု ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ဒါမှမဟုတ် ဖျက်ပြီးအသစ်ပြန်ရေးဖို့အသံတွေ ဟိန်းထလာတော့ ဌေးဦးတလှည့် ရွှေမန်းတလှည့် ကျော်ဝင်းတလှည့် အာဘော်တွေဖန်တီးလာကြတာမြင်တယ်။ သွက်လည်းသွက် ခြေလှမ်းလည်းရှိ အစီအစဉ်လည်းရှိတယ်လို့မြင်တယ်။
(အာဘော်ဖန်တီးကြတာနဲ့စပ်လို့)
ရေဖန်ခွက်တစ်ဝက်ရှိတယ်တို့ လျော့တယ်တို့ဆိုတဲ့ အဆိုးမြင်အကောင်းမြင်ခွဲတဲ့လောဂျစ်တို့... ဘာမှမရှိတာတာထက်စာရင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုခုရှိနေတာက ကောင်းတာပေါ့တို့ကို အလေးအနက်ထားလွန်းလှသူတွေ များများလာတာသတိထားမိတယ်(အထူးသဖြင့် ဗမာ့နိုင်ငံရေးမှာ) အထူးသဖြင့် အင်န်အယ်လ်ဒီကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြီးနောက်မှာ။ အကောင်းမြင်သမားအထင်ခံချင်လွန်းသူတွေတွေ့သလို စစ်တပ်နဲ့အင်န်အယ်လ်ဒီ(ဒေါ်စု) နိုင်ငံရေးအရမိဘပေးစားသလို လင်အတင်းပေးစားကြသူတွေလည်းတွေ့တယ် အဲ့သလိုပြောကြသူတွေထဲမှာ။ ကဲ..ဒါဖြင့် အခုရော ဘာပြောမလဲ။ စစ်တပ်နဲ့ပေးစားချင်သူတွေတော့ ရှိစေတော့ ပြောပေ့စေ။ သူတို့ကိုယ်တိုင်ကိုက စစ်အာဏာရှင်မကြိုက်တာ ဘာမှမလုပ်ဝံ့တဲ့သူတွေမို့လို့။ အကောင်းမြင်သမားအထင်ခံချင်လွန်းသူတွေတော့ ဗော်လ်တဲယားရေးပြီး ကျော်အောင်ဘာသာပြန်တဲ့(အကောင်းမြင်သမား) ကင်းဒိ ကို ဖတ်စေချင်ပါရဲ့။ မှတ်တော့ထားပါ လောကမှာအကောင်းမြင်သမားတွေချည်းဆို ကျောက်ခေတ်ကထက် တက်မလာဘူး။ ရှိနေရောက်နေတဲ့ခေတ်ကိုစနစ်ကို လွှမ်းမိုးထားတဲ့အတွေးအခေါ်တွေကို သက်ဝင်ယုံကြည်မှုတွေကို မဟုတ်သေးဘူး မကောင်းသေးဘူး ဆိုးသေးတယ်ဆိုတဲ့အမြင်နဲ့ လက်တွေ့လမ်းထွင် လုပ်ဆောင်ခဲ့သူတွေကြောင့် လောက ခုလောက်တိုးတက်တာ။ သိဒ္ဓတ္ထသာအကောင်းမြင်သမားဆို ဒီနေ့ ခင်ဗျားတို့သက်ဝင်နေတဲ့ ဗုဒ္ဓဝါဒတောင် ပေါ်မလာဘူး။ ပါဋကတ်သုံးပုံလည်းမရှိဘူး။ မိုဟာမက်လည်း မရှိဘူး။ ကိုရမ်ကျမ်းလည်းမရှိဘူး။ ယေရှူခရစ်လည်းမရှိဘူး သမ္မာကျမ်းစာလည်းမရှိဘူး။
(အကောင်းမြင်သမားတွေနဲ့စပ်လို့)
ဒလိုင်လားမားလည်း ဘုန်းကြီးပဲ။ ဒက်စမွန်တူးတူးလည်း(နားလည်လွယ်အောင်ပြောရရင်)ဘုန်းကြီးပဲ။ နံမည်အစတွေကလည်း ဒဒွေး(ဒ)နဲ့စကြတာပဲ။ ၂ ယောက်လုံးလည်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရတွေပဲ။ ၂ ယောက်လုံး သူ့ပြည်သူတွေ ချမ်းသာရာ ရရာရကြောင်း ကြိုးပမ်းကြတာပဲ။ ဒက်စမွန်တူးတူးကျအထဲလာခွင့်ပေးပြီး ဒလိုင်လားမားကြတော့ ကန့်ထားတယ်။ တရုတ်ကြီး ငြိုငြင်မှာအတော်ကြောက်မှန်း ပေါ်လွင်တယ်။ ခု ဒလိုင်လားမားနဲ့ဒေါ်စုအပြင်မှာတွေ့ကြတယ်။ ဓါတ်ပုံအတူတွဲရိုက်တယ်။ အင်း တွေ့ကြတာလည်းကောင်းတယ်(မတွေ့ရတာထက်စာရင်) ဓါတ်ပုံတွဲရိုက်တာလည်းကောင်းတယ်။ (အမှတ်တရသိမ်းစရာ ရကြတာပေါ့) ဒါပေမယ့် တွေးမိတာက ဒေါ်စုဆန့်ကျင်ရေးမောင်မျိုးချစ်မယ် မျိုးချစ်တွေက ဘာများထပ်ပြောကြလိမ့်ဦးမလဲဆိုတာပါပဲ။ ”ကုလားမယားက ဘုန်းကြီးနဲ့ ပါးချင်းအပ်လို့”တို့။ ”ဘုန်းကြီးကလည်း ဘုန်းကြီးတန်မဲ့ မာတုဂါမနဲ့အသားချင်းထိလို့”တို့ဆိုပြီး အမနာပပြောတာတော့ ၁၀ ခါထက်မနည်း ကြားပြီးကြောင်းပါဗျား။