Monday, September 9, 2013

ပွင့်လင်းလူ့အဖွဲ့အစည်းတဲ့လား၊ ဘယ်သူတွေအတွက် ဖွင့်မှာလဲ (ကိုဝတုတ်)

0 comments
ပွင့်လင်းလူ့အဖွဲ့အစည်းတဲ့လား၊ ဘယ်သူတွေအတွက် ဖွင့်မှာလဲ (ကိုဝတုတ်)
September 29, 2012 at 11:19am, originally posted in march '12
မကြာသေးခင်က မြန်မာနိုင်ငံကို ကမ္ဘာကျော်ရင်းနှီးမြှုတ်နှံသူဂျော့ဆိုးရက်စ လာရောက်သွားပြီး လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနံမည်နဲ့ဖောင်ဒေးရှင်းတွေကို ပိုက်ဆံစိုက်ပြီးဖွင့်ပေးမယ်ဆိုတဲ့သတင်း သိုးသိုးသန့်သန့်ကြားလိုက်ရတယ်။ သိပ်မကြာဘူး၊ မကြာခင်က ပြန်လွတ်လာတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တချို့က ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့နံမည်နဲ့ အင်ဂျီအိုတခုထောင်မယ့်သတင်းကိုပါ နောက်ဆက်တွဲကြားရတယ်။ ဆိုးရက်စ ခရီးစဉ်နဲ့ ၈၈ ကျောင်းသားတချို့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအင်ဂျီအို အသံတွေမရှေးမနှောင်းထွက်လာတာ တိုက်ဆိုင်မှုသက်သက်တော့ ဖြစ်ဟန်မတူဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုဝင်ဖို့ပြင်နေတဲ့ ရင်းနှီးမြှုတ်နှံသူဂျော့ဆိုးရက်စ George Soros အကြောင်း ကိုယ့်တိုင်းပြည်အရေးကိုစိတ်ဝင်စားသူတွေ သိထားသင့်တယ်လို့ယူဆတဲ့ အလျောက် ယူကေနိုင်ငံက အထင်ကရ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ New Statesman ၂ဝဝ၃ ခုနှစ် ဇွန်လ ၂ ရက်နေ့ထုတ်မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ George Soros အကြောင်းကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။ New Statesman မဂ္ဂဇင်းဟာ ယူကေမှာ သိက္ခာရှိတဲ့ မဂ္ဂဇင်းကြီးတစောင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမဂ္ဂဇင်းရဲ့သူရဲကောင်းဘွဲ့ချီးမြှင့်ခံရသူ ဖြစ်တယ်။

အင်္ဂလိပ်လို ဖတ်ချင်သူတွေအတွက် လင့်ကဒီမှာပါ။
http://www.mindfully.org/WTO/2003/George-Soros-Statesman2jun03.

ဆိုးရက်စကို ၁၉၉၇ အာရှငွေကြေးအကျပ်အတည်းဆိုက်ချိန်မှာ မလေးရှားရင်းဂစ်ကိုကစားပြီး အကြီးအကျယ်ပွပေါက်တိုးသွားသူအဖြစ် ကျနော်တို့ စသိကြတယ်။ ဒါပေမယ့် သူ့အရင် ဆယ်နှစ်လောက်ကတည်းက ဆိုးရက်စဟာ ပေါင်စတာလင်ကို ကစားရာကနေ ဒေါ်လာသန်းထောင်ချီပြီး အမြတ်ယူနိုင်ခဲ့သူအဖြစ် ကမ္ဘာ့ငွေကြေးဈေးကစားသူလောကမှာ တဟုန်ထိုး ထင်ရှားလာသူဖြစ်တယ်။
ဆိုးရက်စက သူ့ကို ကမ္ဘာတဝှမ်း ဗဟိုကထိန်းချုပ်တဲ့စီးပွားရေးပုံစံကျင့်သုံးတဲ့ အရှေ့ဥရောပကနိုင်ငံတွေကို အရင်းရှင်စီးပွားရေးပုံစံကို ပြောင်းလဲကျင့်သုံးရာမှာ သူဟာ အဓိကအခန်းကဏ္ဍတွေကနေပါဝင် philanthropist အဖြစ် မြင်စေချင်တယ်။

သူ့ကိုယ်သူ ဘယ်အစိုးရနဲ့မှမပတ်သက်တဲ့ လွတ်လပ်တဲ့အတွေးအခေါ်ရှိသူ၊ အမေရိကန်အစိုးရရဲ့ military-industrial complex စစ်လက်နက်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေ ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းနဲ့ ကင်းကင်းရှင်းရှင်းရှိသူအဖြစ် ပုံဖော်လေ့ရှိတယ်။ ဒါပေမယ့် သူဖွဲ့ပေးထားပြီး ပိုက်ဆံထောက်ပံ့နေတဲ့အင်ဂျီအိုအဖွဲ့အစည်းတွေက ဘုတ်အဖွဲ့ဝင်တွေကို တချက်လောက်ကြည့်ကြည့်။ သူဟာ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့ရဲ့ အဓိကအလှုရှင်ဖြစ်ပြီး မနှစ်က ၂ဝ၁၁ ခုနှစ်ကဆိုရင် လူ့အခွင့်အရေးအဖွဲ့ရဲ့ဘတ်ဂျက် ဒေါ်လာ ၁၂၈ သန်းမှာ ဆိုးရက်စရဲ့ထည့်ဝင်ငွေတခုထဲက ဒေါ်လာ သန်းတရာရှိတယ်။ [1] ဒီလူ့အခွင့်အရေးအဖွဲ့ထဲမှာ အမေရိကန်အစိုးရရဲ့ထောက်လှမ်းရေးနဲ့သုတေသနဌာန လက်ထောက်ဝန်ကြီးဟောင်း Morton Abramowitz ဆိုသူပါတယ်။ သူဟာ ပြည်ပရေးရာတွေမှာစွက်ဖက်တဲ့ အမေရိကန်အစိုးရရဲ့နိုင်ငံခြားဆက်ဆံရေးကောင်စီ Council of Foreign Relations ရဲ့ အတိုင်ပင်ခံတယောက် ဖြစ်တယ်။ နောက်တခါ ယူဂိုစလားဗီးယားနိုင်ငံ တစစီပြိုကွဲချိန်မှာ ဘဲလဂရိတ်က အမေရိကန်သံအမတ် ဝါရင်ဇင်မာမန်း Warren Zimmerman နဲ့ စီအိုင်အေကထောင်ပေးပြီး ဆိုးရက်စကိုယ်တိုင်ငွေကြေးထောက်ပံ့နေတဲ့ လွတ်လပ်တဲ့ဥရောပ အသံ Radio Free Europe/ Radio Liberty စတဲ့ အဖွဲ့အစည်းတွေက ဒါရိုက်တာပေါဂိုးဘဲ Paul Goble စတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ ဆိုးရက်စ ငွေကြေး အဓိကထောက်ပံ့နေတဲ့ နောက်အဖွဲ့ တဖွဲ့ကတော့ အိုင်စီဂျီလို့သိကြတဲ့ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ဖြစ်တယ်။ ဒီအဖွဲ့ရဲ့ဂေါပကဘုတ်အဖွဲ့မှာ သူကိုယ်တိုင်ပါရုံမက အမေရိကန်အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေးတွေဖြစ်တဲ့ ဘရက်ဇင်းစကီ Zbigniew Brzezinski နဲ့ ရစ်ချက်အယ်လင် Richard Allen စတဲ့ပုဂ္ဂိုလ်တွေအပြင် နေတိုး ကွန်မင်ဒါ ဝက်စလီကလပ် Wesley Clark စတဲ့ ပုဂ္ဂိုလ်တွေ ပါတယ်။ နောက်ပြီး ၈၈ အရေးအခင်းစဖြစ်ချိန်မှာ မြန်မာနိုင်ငံကို ကသောကမျောရောက်လာတဲ့ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် အမတ် စတီဗင်ဂျေဆိုလတ်ဇ Stephen J Solarz ဟာ ၁၉၉၄ ကနေ ကနေ့ချိန်ထိ အိုင်စီဂျီရဲ့အုပ်ချုပ်ရေးကော်မတီမှာ ထိုင်နေသူဖြစ်တယ်။ ဆိုးရက်စရဲ့အိုင်စီဂျီမှာ နောက်ထင်ရှားတဲ့ပုဂ္ဂိုလ်တယောက်ကတော့ အီရတ်ကို အမေရိကန်ကကျူးကျော်သိမ်းပိုက်ဖို့ အဓိကလှုံ့ဆော်ခဲ့သူ တယောက်ဖြစ်တဲ့ ကွန်ဆားဗတစ်လက်သစ် နီယိုကွန်း Neo-cons လို့သိကြတဲ့ ပေါဝိုဖိုဝစ်စ Paul Wolfowtiz ပဲ။

နောက်တခါ ဆိုးရက်စရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက်တွေကိုကြည့်ရင် ကမ္ဘာမှာ အကြီးဆုံး ပုဂ္ဂလိကအစုစပ်ရင်းနှီးမြှတ်နှံမှုကုမ္ပဏီတွေထဲ တခု အပါအဝင်ဖြစ်တဲ့ ကာလိုင်းအစု Carlyle Group မှာ သူဟာ ဒေါ်လာသန်းရာချီ ရင်းနှီးမြှတ်နှံထားသူဖြစ်ပြီး ဒီကုမ္ပဏီရဲ့ဝင်ငွေအများစုဟာ စစ်လက်နက်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ကန်ထရိုက်ယူ လုပ်ရာကနေလာတာဖြစ်တယ်။ (ကာလိုင်းအစုရဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေထဲမှာ အမေရိကန်သမ္မတဟောင်း ဘုရှ်အကြီးကောင် George Bush Senior ယူကေ ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာ John Major နဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ဖီဒယ်ရားမို့စ Fidel Ramos စတဲ့ ပုဂ္ဂိုလ်တွေပါတယ်။)
ဆိုးရက်စဟာ စီအိုင်အေက လက်သပ်မွေးထားသူ ဟုတ်မဟုတ် မပြောနိုင်ပေမယ့် သူ့ရဲ့ကုမ္ပဏီတွေနဲ့ သူထောင်ပေး၊ ပိုက်ဆံ ထောက်ပံ့ပေးနေတဲ့အင်ဂျီအိုတွေဟာ အမေရိကန်အစိုးရရဲ့နယ်ချဲ့ဝါဒနဲ့ ဘယ်လိုမှခွဲခြားလို့မရဘူးဆိုတာကတော့ တစက်ကလေးတောင် သံသယဖြစ်စရာ မရှိဘူး။
ဒီနေရာမှာ တချို့ မျက်မှောင်ကြုံ့မိကောင်း ကြုံ့မိမယ်။ ဘာလို့ဆို ဆိုးရက်စဟာ တချိန်မှာ စစ်သွေးဆာနေတဲ့ တက္ကဆက်ကကောင်းဘွိုင် သမ္မတ George W Bush ကို ဖယ်ရှားရေးဟာ သူ့အတွက် သေရေးရှင်ရေးတမျှအရေးကြီးတယ်၊ GWB ပြုတ်ကျဖို့ စည်းစိမ်ပြုတ်ချင် ပြုတ်ပါစေဆိုပြီး ကြွေးကြော်ခဲ့လို့ပဲ။ တကယ်တော့ ဒါက နားလည်ဖို့မခက်ပါဘူး။ သူဟာ GWB ရဲ့ ရည်ရွယ်ချက်တွေကို မကြိုက်လို့မဟုတ်ဖူး၊ သူတို့နှစ်ယောက်စလုံးဟာ Pax Americana လို့ သိကြတဲ့ ဆိုးရက်စတို့လို ကမ္ဘာ့အရင်းရှင်ကြီးတွေ တကမ္ဘာလုံးကို စိတ်တိုင်းကျ ဖလှယ်နိုင်မယ့် ကမ္ဘာ့အခင်းအကျင်းမျိုးဖန်တီးရေးကို လိုလားသူတွေဖြစ်ပြီး တကယ်က GWB ရဲ့လုပ်နည်းလုပ်ဟန်ကိုမကြိုက်တာသာ ဖြစ်တယ်။ ဘုရှ်အစိုးရက အမေရိကန်တွေအနေနဲ့ ကိုယ့်ရည်ရွယ်ချက်ဘာဆိုတာကို ဘာမှဖုံးကွယ်ထားစရာမလိုဘူး၊ မင်းတို့ဈေးကွက်တွေ ဖွင့်ပေး၊ မဖွင့်ပေးရင် ဆက်ဒမ်ဟူစိန်ကိုကြည့်ဆိုတဲ့ မောက်မောက်မာမာဆက်ဆံပုံမျိုးနဲ့ဆိုရင် ကိုယ့်ရည်ရွယ်ချက်ပြည့်မြောက်မှာ မဟုတ်တာကို ဆိုးရက်စ ကောင်းကောင်းသိတယ်။ တဘက်မှာ လူသိခံစရာမလိုဘဲ သူ့ရဲ့အင်ဂျီအိုတွေကတဆင့် ပွင့်လင်းတဲ့ ကမ္ဘာရဲ့နယ်နမိတ်တွေကို တဖြည်းဖြည်းနဲ့ချဲ့ချဲ့လာနေတဲ့နည်းဟာ ဘယ်လောက်ထိရောက်သလဲဆိုတာ သူ ကောင်းကောင်းသိတာပေါ့။ ဒီတော့ တကမ္ဘာလုံးကိုကြီးစိုးရေးရည်မှန်းချက်ကို ဂျော့ဘုရှလို ကောင်းဘွိုင်စတိုင်နဲ့ဖော်ဆောင်ဖို့မဖြစ်နိုင်ဘူးဆိုတာ သူကောင်းကောင်းသိတာပေါ့။ အမေရိကန်ရဲ့ရည်မှန်းချက် သိပ် သိသာထင်ရှားလာတဲ့အခါ သူ့ရန်ကိုဟန့်တားဖို့ တန်ပြန်မဟာမိတ်အဖွဲ့တွေ ဖွဲ့လာတဲ့အထိဖြစ်လာရင် ဘယ်အင်ပိုင်ယာမဆို ကျဆုံးရမှာမုချဆိုတာ LSE လန်ဒန်ဘောဂဗေဒပညာသင်ကျောင်းထွက် ဆိုးရက်စတယောက် ကောင်းကောင်းသိတယ်။ ဒီတော့ ကလင်တန်လက်ထက်တုန်းကလို ချိမ်းခြောက်တဲ့ပုံစံမပြဘဲ လာဘ်ထိုးတဲ့နည်း၊ ချော့တဲ့နည်း၊ multilateralism နည်းနဲ့သွားတာက အင်ပိုင်ယာတွေ ပိုပြီးတည်တံ့နိုင်မယ်ဆိုတာ သူကောင်းကောင်းသိတယ်။ ဘုရှ်အစိုးရရဲ့ ပေါ်လစီတွေကြောင့် ဥရောပမှာ သဘောထားတွေကွဲတယ်၊ နေတိုးအဖွဲ့လည်း ပုံပျက်ပန်းပျက်ဖြစ်လာတယ်၊ နောက် ရုသျှ၊ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ သီးသန့်မဟာမိတ်အဖွဲ့ ဖွဲ့တဲ့ထိဖြစ်လာသလို အာရပ်နိုင်ငံတွေထဲမှာလည်း နာဆာ Nasser နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ညီညွတ်မှုတည်ဆောက်ဖို့ အဓိပ္ပါယ်ရှိရှိ စလုပ်လာတာတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဆိုတော့ ဂျော့ဘုရှနဲ့အပေါင်းပါ ကွန်ဆားဗေးတစ်လက်သစ်တွေရဲ့ unilateralism နဲ့ဆို အမေရိကန်ရဲ့ရည်မှန်းချက် ပျက်ကိန်းဆိုက်မှာကို ဆိုးရက်စ မြင်တာပေါ့။ အဲဒီ့အတွက် သူဟာ ဂျော့ဘုရှ်ပြုတ်ကျရေးကို အသည်းအသန်ကြိုးပမ်းခဲ့တာဖြစ်တယ်။
ဒီတော့ ဆိုးရက်စရဲ့နည်းက ဘာလဲ။ ပိုက်ဆံ ဒေါ်လာ သုံး-လေး ဘီလီယံလောက်ရယ်၊ လက်တဆုပ်စာအင်ဂျီအိုတွေရယ်ကိုအားပြုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မျက်စိမှိတ်ပြ၊ ခေါင်းညိတ်ပြတာကိုစောင့်ပြီး ဟန်ချက်ညီကြိုးစားသွားမယ်ဆိုရင် ပြည်ပ စီးပွားရေးလုပ်ငန်းတွေကိုအဝင်မခံချင်တဲ့အစိုးရတွေကို ဖြိုချပြီး အဲဒိနိုင်ငံထဲက အတွင်းပစ္စည်းတွေကို အချောင်ဝင်နှိုက်၊ ပြီးရင် ကိုယ့်လုပ်ရပ်အတွက် စေတနာရှင်အဖြစ် ကိုယ့်ကိုကျေးဇူးတောင် တင်ကြအုံးမယ်။ ဆိုးရက်စရဲ့နည်းဟာ ဒီနည်းပဲ။
စစ်အေးတိုက်ပွဲကာလမှာ အရှေ့ဥရောပနိုင်ငံတွေမှာ ဆိုရှယ်လစ်စနစ်ကျဆုံးရတာဟာ စနစ်မှာကို အားနည်းချက်တွေရှိနေလို့အပြင် အုပ်ချုပ်သူတွေက အောက်ခြေလူတန်းစားဆီကထောက်ခံမှုကို ရေရှည်ထိန်းနိုင်အောင်မလုပ်ခဲ့ကြလို့ လို့ သုံးသပ်ကြတာတွေဟာ မှန်သင့်သလောက်မှန်တယ်။ ဒါပေမယ့် ဒီနိုင်ငံတွေမှာ ဆိုရှယ်လစ်ဝါဒပြိုကျရာမှာ ဆိုးရက်စရဲ့အခန်းကဏ္ဍဟာလည်း အင်မတန် အရေးပါတယ်။ ၁၉၇၉ ခုနှစ်မှာ သူဟာ ပိုလန်က ပိုလန်သွေးစည်းညီညွတ်ရေးလှုပ်ရှားမှုလို အစိုးရဆန့်ကျင်ရေးအုပ်စုတွေ၊ ချက်ကိုစလိုဗက်ကီးယားက ဗားစလပ်စဟာဗယ်လ Vaclav Havel တို့လူသိုက် စတည်ထောင်တဲ့ (၇၇)လှုပ်ရှားမှုနဲ့ ဆိုဗီယက်ယူနီယံက အွန်ဒရေဆားခရော့ဗ Andrei Sakrov တို့ကို အဲဒိအချိန်က ပိုက်ဆံ ဒေါ်လာသုံးသန်းထိထောက်ပံ့ခဲ့တယ်။ (ဟိုတနေ့က ဒေါ်အောင် ဆန်းစုကြည်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပိုလန်ကိုလည်း အတုယူစရာအဖြစ်ပြောသွားတာ ကြားလိုက်ရတော့ ကြက်သီးထမိ သေးတယ်) ၁၉၈၄ မှာ သူဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ ဟန်ဂေရီမှာ ပထမဆုံး ပွင့်လင်းလူ့အဖွဲ့အစည်းအင်စတီကျု Open Society Institute ကို စတည်ထောင်တယ်။ ဒီအဖွဲ့အစည်းကနေ အတိုက်အခံတွေရဲ့လှုပ်ရှားမှုတွေကို ဒေါ်လာသန်းချီ ပုံပြီးထောက်ပံ့ခဲ့သလို ရေဒီယိုအသံလွှင့်ရုံ တခုလည်း ထောင်ပေးခဲ့တယ်။ အပြင်ပန်းမှာတော့ civil society အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းအောင်ရည်ရွယ်တယ်လို့ ပြောပေမယ့် တကယ်တမ်းမှာတော့ ဒီလုပ်ရပ်တွေ၊ လှုပ်ရှားမှုတွေဟာ လက်ရှိ ရှိပြီးသား ဟန်ဂေရီနိုင်ငံရေးအဆောက်အဦကို နှဲ့ပစ်ပြီး နောက်ဆုံးမှာ ကမ္ဘာ့အရင်းအနှီးတွေနဲ့ ဒီနိုင်ငံတွေကို စီးပွားရေးကိုလိုနီပြုကျင့်တဲ့ထိလုပ်တော့တာဖြစ်တယ်။ Americanization of Europe ဥရောပကို အမေရိကန်မှုပြုတဲ့ဖြစ်ရပ်မှာ သူဟာ အဓိကဇာတ်ကောင်ပဲဆိုပြီး ဆိုးရက်စကိုယ်တိုင် သူ့ထုံးစံအတိုင်း ခပ်ကြွားကြွားလေး ပြောဖူးတယ်။
အရှေ့ဥရောပကနိုင်ငံတွေရဲ့ဈေးကွက်တွေ တခုပြီးတခုပွင့်လာခဲ့ပေမယ့် ယူဂိုစလားဗီးယား တနိုင်ငံကတော့ တင်းခံပြီးကျန်နေခဲ့တယ်။ အဲဒိမှာ ပြည်သူလူထုက ဆလိုဗိုဒမ်မီလိုးဆိုးဗစ်ခ်ျကိုပဲ အကြိမ်ကြိမ်ရွေးကောက်တင်မြှောက်တယ်။ ဆိုးရက်စကလည်း ဂီယာထပ်တင်တယ်။ ၁၉၉၁ ကစပြီး ဆိုးရက်စရဲ့ပွင့်လင်းလူ့အဖွဲ့အစည်းအင်စတီကျုဟာ မီလိုဆိုဗစ်ခ်ျဆန့်ကျင်ရေးအဖွဲ့အစည်းတွေ၊ အတိုက်အခံပါတီတွေကို ဒေါ်လာ သန်းတရာကျော်ထောက်ပံ့ခဲ့သလို ဒီပိုက်ဆံတွေနဲ့ပဲ ပုံနှိပ်တိုက်တွေ၊ နောက် B92 လို့ သိကြတဲ့ အနောက်ဝါဒဖြန့် ရေဒီယိုအသံလွှင့်ရုံတခုကို ထောင်ပေးခဲ့တယ်။ ပုံမှန်အားဖြင့်ကြည့်ရင် တက္ကသိုလ်ရေဒီယိုအသံလွှင့်ရုံသက်သက်လို့ ထင်စရာရှိပေမယ့် ဒီလှုပ်ရှားမှုတွေအားလုံးကို ကမ္ဘာမှာအင်အားအကြီးဆုံးနိုင်ငံကြီးကိုကိုယ်စားပြုပြီး ကမ္ဘာမှာအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲ တယောက်အပါအဝင်ဖြစ်တဲ့ဆိုးရက်စကိုယ်တိုင် ပိုက်ဆံတွေထောက်ပံ့ခဲ့တာ ဖြစ်တယ်။
ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကို ဆိုးရက်စက ဘယ်လိုအဓိပ္ပါယ်ဖွင့်လဲဆိုတော့ ပြီးပြည့်စုံခြင်းမရှိဘဲ တိုးတက်မှုတွေကိုဖွင့်ထားတဲ့ အဖွဲ့အစည်းလို့အဓိပ္ပါယ်ဖွင့်တယ်။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကနေ သူ့အဖွဲ့အစည်းရဲ့ တကယ့်သရုပ်မှန်ကိုဖမ်းမိမှာ မဟုတ်ဖူး။
ဆိုးရက်စက Open Society ဆိုတဲ့နံမယ်ကို LSE မှာ သူတွေ့ခဲ့တဲ့ ဖီလော်ဆော်ဖာ ကားပေါ်ပါ Karl Popper ဆီက ယူတယ်လို့ဆိုတယ်။ စိတ်မကောင်းစရာ ကောင်းတာက ပေါ်ပါရဲ့လစ်ဘရယ်အရေးအသားတွေကို သူ့အဖွဲ့အစည်းမှာ ယူသာသုံးတယ်၊ တကယ်တမ်းမှာ သူ့အတွက် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကိုလေးစားတဲ့လူ့အဖွဲ့အစည်းကိုခေါ်တာမဟုတ်ပဲ သူနဲ့ သူ့စီးပွားဖက်တွေ ပိုက်ဆံရှာနိုင်အောင်ဖွင့်ပေးထားတဲ့အဖွဲ့အစည်းကသာ သူ့အတွက် ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်တယ်။ ဆိုးရက်စဟာ သူကူညီပြီး ‘ဖွင့်’ပေးခဲ့တဲ့နိုင်ငံတိုင်းကနေ ပိုက်ဆံရှာနိုင်တာတွေ့ရတယ်။ ဥပမာ ယူဂိုစလားဗီးယားကနေ ကိုဆိုဗိုကိုဖဲ့ထုတ်ပြီးနောက်မှာ ကိုဆိုဗိုက သထ္ထုတူးဖော်တဲ့ Trepca ကုမ္ပဏီမှာ ဒေါ်လာသန်းငါးဆယ် စရင်းနှီးမြှတ်နှံတယ်။ အဲဒိကုမ္ပဏီပိုင်တဲ့ ငွေ၊ ရွှေနဲ့ တခြား တွင်းထွက်ပစ္စည်းတွေရဲ့တန်ဖိုးဟာ ဒေါ်လာ သန်းငါးထောင်အထက်မှာရှိတယ်လို့ ခန့်မှန်းရတယ်။ ပြည်ပအရင်းအနှီးတွေအဝင်မခံချင်တဲ့နိုင်ငံတွေကို ပထမ ဆေးပြင်းတိုက်၊ ပြီးရင် ‘စီးပွားရေး ပြုပြင်ပြောင်းလဲမှု’ တွေကို အကြံပေး၊ နောက်ဆုံးမှာ အစိုးရပိုင်တွေကို အောက်ဈေးနဲ့ဝင်နှိုက်တဲ့နည်းနဲ့ ဆိုးရက်စဟာ ဘာလင်တံတိုင်းပြိုပြီးတဲ့နောက် အရှေ့ဥရောပနိုင်ငံတွေမှာ သရဖူမဆောင်းတဲ့မင်း ဖြစ်လာခဲ့တယ်။
သူထောင်ပေးခဲ့တဲ့ Central European University ဟာ ဟန်ဂေရီ၊ ပိုလန်နဲ့ချက်သမ္မတနိုင်ငံတွေမှာ လက်ခွဲတွေရှိပြီး ထုံးစံအတိုင်း ဒီကောလိပ်တွေမှာ လစ်ဘရယ်လက်သစ်အရင်းရှင်စနစ်ရဲ့အကျင့်စရိုက်တွေကို ဗြောင်ပဲ ဖြန့်တယ်။ ဒေသတွင်းမှာ အမေရိကန်လိုလားတဲ့ မျိုးဆက်သစ်နိုင်ငံရေးခေါင်းဆောင်တွေကို စနစ်တကျမွေးထုတ်တဲ့အလုပ် လုပ်တယ်။ အကျိုးဆက်အဖြစ် ကနေ့ဆိုရင် အရှေ့ဥရောနိုင်ငံတွေမှာ ဆင်းရဲချမ်းသာကွာဟမှုဟာ ပိုပို ကြီးသထက်ကြီးလာနေတာကို တွေ့လာရတယ်။
http://www.mindfully.org/WTO/2003/George-Soros-Statesman2jun03.htm

0 comments:

Post a Comment