Thursday, September 5, 2013

စက်တင်ဘာ ၅၊ ၂ဝ၁၃ မှာရေးတဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
သူ တစ်သက်လုံး လှူတန်း ကိုးကွယ်အားထား ယုံကြည်ဦးချလာခဲ့သူဟာ သူ့လိုလူသားတစ်ယောက်မျှသာပါလားဆိုတာ မျက်မြင်ဒိဌတွေ့လိုက်ရချိန်မှာ အဲ့ဒီလူလောက် စိတ်ထဲအနာအကျင်ဖြစ်ရမှာ ဘယ်သူရှိမလဲ။ သူ့လောက် သူ့ကိုယ်သူရှက်စိတ်ဝင်ရသူ ဘယ်သူရှိမလဲ။ သူ့ကို ထုံအလိုက်သူလို့ လူတွေထင်မှာကြောက်သူ ဘယ်သူရှိမလဲ။ အရင်က သူထင်ထားတာက ဟိုပုဂ္ဂိုလ်ဟာ သူ့ထက်ပိုမြင့်မြတ်တယ် သန့်စင်တယ် ကောင်းမွန်သာလွန်တယ် ကိုယ်ကျင့်တရားအရာမှာလည်း ကုံလုံတယ်၊ ပြီးတော့ အဲ့သူကို အလုပ်အကြွေးပြုရင် ကိုးကွယ်ရင် နာခံရင် လှူရင်တန်းရင် ကုသလဖြစ်ပြီး မသေခင်နဲ့သေပြီးနောက် Life Before and After Death မှာ ကောင်းရာမွန်ရာဖြစ်မယ်။ ခုလည်း နတ်လူသာဓုခေါ်မယ် လူ့အချီးမွမ်းလည်းရမယ် မိန်းမလိမ္မာ မိန်းမကောင်းလေးဖြစ်မယ်လို့ နှစ်နှစ်ကာကာကြီးကို ယုံကြည်ခဲ့ ထဲဝင်ခဲ့တာ။ ဆိုတော့ ခုလို သူ့ဂ္ဂိုလ်က လူဆန်ဆန် လူပီပီ လူလိုနေတာမြင်လိုက်ရတော့ (သူလည်း ငါ့လိုလူပါလား၊ ငါ့လိုလူကို ငါပြန်ကိုးကွယ်နေမိပါရော့လားဆိုတဲ့အသိနဲ့)သူမှ စိတ်အနာမသည်း ဘယ်သူသည်းမလဲ။ အမှန်က အစကတည်းက သူ့ ကုသလပျိုးခင်းဟာ မျိုးဆက်ပွားနိုင်တဲ့အားအစွမ်းနဲ့ စိတ်နဲ့ပြည့်စုံတယ်ဆိုတာ သိခဲ့ရမှာ။ သူ့ ကယ်မမယ့် ကျေးဇူးတော်ရှင်ဟာ လူသားဖြစ်တယ်ဆိုတာကိုမေ့လျော့ မိုက်လုံးကြီးခဲ့တာနဲ့ မသိရလောက်အောင်
မောဟဖုံးခဲ့ရတာကသာလျှင် မှောက်မှားမှုလို့ဆိုချင်တော့တယ်။ ("အဲ့ကိုယ်တော် ထောင်ထဲမှာတုန်းက ဘုန်းကြီးလိုနေခဲ့တယ်ဆို၊ ဟုတ်လား မောင်လေး")လို့ ရှက်စနိုးနဲ့မေးခဲ့တဲ့ အမလိုခင်တဲ့ မိန်းမသားတစ်ယောက်အတွက် ရည်ရွယ်ပါတယ်)

ကြက်ဥ ကြက်မ ဘယ်ကစတော့ ကျနော်လည်း မသိဘူး။ သိလည်း မသိချင်ဘူး။ သိဖို့လည်း မလိုအပ်ဘူး။ ကျနော်မွေးထားတဲ့ ဥစားကြက်မကြီး (၅)ကောင်က ပျမ်းမျှ တစ်နေ့ (၄)လုံးလောက် ဥ ဥပေးတယ်။ လတ်ဆတ်တဲ့ ခွန်အားဖြစ်စေတဲ့ အသက်ဓါတ်ပေးတဲ့ ကျန်းမာစေတဲ့သူတို့ဥတွေအတွက် ကျေးဇူးတင်တယ်။ အတုန့်အပြန်သဘောပဲဆိုဆို အပေးအယူလုပ်တယ်ပဲပြောပြော ကျနော် သူတို့ကိုအာဟာရပြည့်တဲ့အစာရေစာ ကျွေးတယ်၊ တိုက်တယ်။ ပြီးတော့ တနေကုန် ခြံတဝင်းလုံး သွားချင်ရာသွားဖို့လွှတ်ထားတယ်။ ညကျတော့ အိပ်အိမ်ကလေးထဲ အိပ်စေတယ်။ နွေးနေအောင်လုပ်ပေးထားတယ်။ ပိုးမွှားလှေးစတာတွေ မရှိအောင် အကိုက်မခံရအောင် ပိုးသတ်ဆေးဖြန်းပေးသလို သန့်ရှင်းရေးလည်းလုပ်ပေးတယ်။ မဒန်းမလေးတွေက (၁၂)ကောင် ရှိသေးတယ်။ ခုတော့ မျက်နှာလေးတွေ ဖြူလျော်လျော်နဲ့။ ဥစမ်းတော့မယ်ဆို(အပျိုဘော်ဝင်တော့မယ်ဆို) ပန်းရောင်မျက်နှာကလေးတွေ ဖြစ်လာကြတော့မယ်။ ဝပ်တင်းရှာတဲ့ (ကတော် ကတော်) ဆိုတဲ့ အသံလေးတွေလည်း ပေးတော့မယ်။ ကြက်မတွေက အမတွေသာဖြစ်ကြတာ မျိုးတွေကတော့ မတူကြဘူး။ ကွဲတယ်။ တစ်ကောင်တည်းသော ကြက်ဖကြီးကတော့ ကြက်မပျိုပျိုအိုအိုတွေနား စောင်းငန်းစောင်းငန်းနဲ့ ရစ်သီရစ်သီနဲ့ ဟန်ရေးတပြပြနဲ့ အမွှေးတဖွဖွနဲ့ ဘာမှလည်းရှာမကြွေးရပဲ မျက်နှာကတော့ တလောကလုံး သူ့လုပ်စာစားနေတဲ့မျက်နှာပေးနဲ့။ ပြီးတော့ ဇမ္ဗူတကြက်ဆိုတဲ့အချိုးနဲ့ လက်မတထောင်ထောင်များ လုပ်ချင်နေသေးလားမသိပါဘူး။ သိတ်တော့လည်း မထူးပါဘူး ကျနော့်ကြက်ဖကြီးနဲ့ (စစ်)အာဏာရှင် တိုင်းပြည်တွေကစစ်တပ်နဲ့ သူတို့အပြန်အလှန်အသုံးချနေကြတဲ့ ဘာသာရေးပုဂ္ဂိုလ်တွေနဲ့အတူတူနဲ့ အနူနူတွေပဲ။ အဲ့တိုင်းပြည်မျိုးတွေမှာ စစ်တပ်နဲ့ဘာသာရေးကိုယ်စားပြုသူတွေဟာ လူတွေ (အလုပ်လုပ်တဲ့သူတွေ)ဆီကနေ တရားသဖြင့်ရော မတရားသဖြင့်ရော တောင်းရမ်းလုယက်ရယူပြီး အိမ်ဦးခန်းမှာအခန့်သားလည်းထိုင်စားသေး ကျေးဇူးရှင်လည်းလုပ်နေသေး။ ကြောက်လည်း
ကြောက်နေရသေး။ ကျွေးထားတဲ့လက်ကိုလည်း ပြန်ပြန်ကိုက်သေး။ ကျွေးနေတဲ့ ထမင်းရှင်တွေကို သွေးခွဲသေး၊ ရန်တိုက်သေး။ ဒီနေရာမှာ ကျနော့်ကြက်ဖကြီးက သူတို့ထက်တော်တယ်လို့ဆိုရမယ်ထင်တယ်။ ကျွေးထားတဲ့လက်ကို ပြန်မဆိတ်ဘူး၊ ကြောက်လည်း
မကြောက်ရဘူး။ နောက်ပြီး ကြက်မတွေအချင်းချင်းကြား သွေးကွဲအောင်မလုပ်ဘူး။ အမျိုးတူချင်းမှချစ်တာမျိုးလည်းမရှိဘူး။ ကြက်မမှန်သမျှအပေါ် တတန်းတည်းချစ်တာပဲ။
(ကြက်ဖကြီးနဲ့စပ်လို့)

ကျနော်တို့ငယ်ငယ်ကဆို နယ်ကဧည့်သည်တွေများ ရန်ကုန်လာလည်ပလားဆို ရွှေတိဂုံဘုရား(စေတီ) တိရိစ္ဆာန်ရုံနဲ့ သမ္မတရုပ်ရှင်ရုံတွေဘက် ခေါ်ခေါ်သွားရတာအမော။ ပြီးတော့ ဒန်ပေါက်၊ ဖွာလူဒါနဲ့၊ ခေါက်ဆွဲကြော်လည်း ဝယ်ဝယ်ကြွေးရတာ အရသာဗျာ။ ဧည့်သည်တွေထဲမှာ လူမျိုးစုံပါတယ်။ ဘာသာစုံပါတယ်။ ခုနေများ (စိတ်ကူးနဲ့) ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ တယောက်ယောက်ကို ရွှေတိဂုံဘုရားလိုက်ပို့ကြည့်တယ် ပြဿနာ။ ဗုဒ္ဓဘာသာဝင်တယောက်ကို ဒန်ပေါက်နဲ့ဖွာလူဒါဆိုင်ခေါ်သွားကြည့်တယ် ပြဿနာ။ ခေါက်ဆွဲကြော်ဆိုင်ခေါ်သွားကြည့်တယ် ပြဿနာ။ တိရိစ္ဆန်ရုံဘက်တော့ ခေါ်မသွားတော့ဘူး။ တိရိစ္ဆာန်ထက်ပိုရိုင်းတဲ့ အကြမ်းဖက်သမားအရိုင်းအစိုင်းတချို့ ရှိနေပြီပဲ။ စိတ်ကူးထဲမှာတောင် ဒီလောက်ပြဿနာပေါ်နေတဲ့အရပ်နဲ့ဇာတ် ဘယ့်နှယ်လို့ လူပီပီမြည်မြည် လူ့သိက္ခာထင်ထင်ရှိနိုင်ပါ့မလဲ။

0 comments:

Post a Comment