စက်တင်ဘာ ၈ ရက် ၂၀၁၃
မှာရေးတဲ့ တိုနန့်လေးတွေ (မျိုးမြင့်ချို)
မိန်းကလေးတွေဝတ်စားပုံနဲ့ပတ်သက်ပြီး
”အမြင်မတော်ဘူး” လို့ပြောနေသူတွေကပဲ သူတို့ပြောတဲ့အမြင်မတော်တဲ့ပုံတွေကို
မရမကရှာဖွေ တင်ပေးနေတာ။ အမြင်မတော်ရင် ကိုယ်တိုင်လည်းမကြည့်နဲ့၊ ရှာဖွေလည်းတင်မပေးပဲနေလိုက် ရုံပေါ့။
ခုတော့ ပြောင်းပြန်။ တခါ ဟိုလိုဝတ်မှ ဒီလိုဆင်မှ ဘာပီသမှာတို့ ယဉ်ကျေးမှာတို့ပြောပြီး
မိန်းမသားတွေရဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာပိုင်ခွင့်ကိုပါ ကျော်နင်းကန့်သတ်နေ တာလို့မြင်တယ်။
သူ့အလှဖော်ပြဖို့ သူနှစ်သက်မယ့်ဝတ်စား ဆင်ယင်မှု သူပြုမှာပဲ။ ပြုခွင့်ရှိတာပဲ။
လူ့အဝန်းအဝိုင်းက မနှစ်မြို့မှန်းသိရင် သူ့ဘာသူ ဆင်ခြင်သွားမှာပဲ။
မဆင်ခြင်လို့ ဆက်ဝတ်လည်း ဘာဖြစ်လဲ။ အမြင်မတော်ရင် မကြည့်နဲ့ပေါ့။
ဘာစိတ်နဲ့ဘာမျက်လုံးနဲ့ကြည့်မလဲ။ ကြည့်သူအပေါ်လည်းတည်တယ်။ ဆန့်ကျင်ဘက်လိင်ရဲ့အလှအပကိုခံစားတာလည်း
(လူတကာပြောသလိုပြောရရင်)တဏှာစိတ်အနုစားပဲ။ အနုပညာလည်း တဏှာစိတ်အနုစားပဲ။ ပြောရရင်
လူ့လောကခုလောက် တိုးတက် လှပယဉ်ကျေးလာတာဟာ အဲ့ဒီ တဏှာစိတ်အနုစားတွေက
မောင်းနှင်ခဲ့လို့ပဲ။ အဲ့ဒီတဏှာစိတ်သာ ပယ်သတ်ကြေးဆို၊ ပယ်သတ်လို့ရကြေးဆို လူ့လောက
ခုလောက်ယဉ်ကျေးမလာဘူး။ ဒီမှာ (အမေရိကားမှာ) ခေါင်းမှာပုဝါလေးတွေပေါင်းထား
စည်းထားတဲ့ကုလားမလေးတွေနဲ့ စကပ်တို ဘောင်းဘီတို ဘောင်းဘီရှည်လေးတွေ အတူ
အေးအေးချမ်းချမ်းနေနေကြ တာပါ။ ကျောင်းအတူတက် အားကစားအတူလုပ် အပျော်ခရီးအတူထွက်နေကြတာပဲ။
သူတို့အားလုံး ရေးကူးချိန်ကျ ရေကူးဝတ်စုံဝတ်တာပဲ။ ဘီကီနီဝတ်ချိန်ကျ ဘီကီနီဝတ်တာပဲ။
ဂျင်းဘောင်းဘီဝတ်ချိန်ကျ ဂျင်းဘောင်းဘီဝတ်တာပဲ။ ပွဲတက်ဝတ်စုံဝတ်ချိန်ကျ ပွဲထိုင်ဝတ်စုံဝတ်တာပဲ။
ဟိုဟာဝတ် ဒီဟာဝတ်၊ ဟိုဟာမဝတ်နဲ့ ဒီဟာမဝတ်နဲ့ဆိုပြီး အတင်းအဓမ္မတိုက်တွန်း စရာ/တားမြစ်စရာ
ဘာအကြောင်းမှမရှိဘူး။ ခုနပြောတဲ့ အမြင်မတော်ဆိုသူတွေပဲ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုလာ
မိန်းမ(မယား)နဲ့ပတ်သက်တဲ့ အဆုံးအမဖြစ်တဲ့ (မယားသည် အိပ်ယာတွင်း၌ လင်သားအဖို့
ပြည့်တန်ဆာနှယ်ဖြစ်ရမည်)ဆိုတာမျိုးကျင့်ကြံပြီး (သားကိုသခင် လင်ကိုဘုရား)
အကောက်အယူနဲ့ မိန်းမနဲ့မယားအပေါ် ဗိုလ်ကျအနိုင်ကျင့်နေကြတာပဲ။ မျိုးချစ်စိတ်တို့
အမျိုး၊ ဘာသာ၊ သာသနာတို့ပြောတိုင်း မိန်းမတွေခေါင်းပဲပုံချပြီးဖိနင်းတာဟာ
အတော်လူသားမဆန်တဲ့အတွေးတိမ်မှုနဲ့ ယောင်္ကျားကြီးမဟာဖိုဝါဒအစွန်းရောက်မှုပဲ။
မုဒိန်းအကျင့်ခံရတဲ့အခါများမှာ ကျင့်သူယောင်္ကျားကိုအပြစ်ဆိုတာထက်
အကျင့်ခံရသူမိန်းမသားကိုအပြစ်တင်တတ်တာဟာ ယဉ်ကျေးတဲ့လူ့အသိုင်းကလူတွေ
မကျင့်သုံးတဲ့လက်ကိုင်တရားပဲ။ ပြည့်တန်ဆာနဲ့
ငွေပေးပြီး လိင်စိတ်အာသာဖျောက်သူယောင်္ကျားဟာ တရားရုံးကျတော့ သူလိင်ဆက်ဆံခဲ့တဲ့မိန်းမသား(ပြည့်တန်ဆာမ)ထောင်ကျဖို့
သက်သေဖြစ်သွားတဲ့ဥပဒေမျိုးရှိနေသမျှ၊ ငါဝတ်သလိုမဝတ် ငါစားသလိုမစား
ငါယုံတာကိုမယုံလို့ အဲ့လူနဲ့မချစ်ရဘူး လက်မထပ်ရဘူး ဘဝတခုမတည်ဆောက်ရဖူး
တူအောင်အရင်လုပ် ပြီးမှချစ် လက်ထပ် တည်ဆောက် နို့မဟုတ်ရင်
ဖမ်းမှဆီးမှထောင်ချမှသင့်တယ်ဆိုတဲ့အကောက်အယူကို နှစ်သက်သူဟာ တိရိစ္ဆာန်ထက်တောင်
ပိုရိုင်းစိုင်းတဲ့လူသတ္တဝါအမျိုးအစားပဲဖြစ်တယ်။ (အဝတ်အစားနဲ့ယဉ်ကျေးမှု)
ဒီမနက် အင်တာနက်ဝက်ဘ်ဆိုက်တွေနဲ့ ဖေ့စ်ဘွတ်ခ်မှာ
သတင်းလေးတွေဖတ်မယ်၊ သူများပြောတာတွေထဲက နှစ်ခြိုက်တာလေးတွေ ပြန်ရှယ်ယာလုပ်မယ်၊ ကိုယ်လည်း
မှတ်ချက်ကလေးဘာလေးရေးမယ်ဆိုပြီး စိတ်ကူးထားတာ။ မလုပ်ဖြစ်တော့ဘူး။ စပျစ်ပင်တွေက
ရေတောင်းနေပြီ။ ပင်သစ်တွေဆိုတော့ ရေကလိုနေတယ်။ တချို့အပင်လေးတွေက အရွက်ကလေးတောင်
ဝါတာတာနဲ့။ ပြီးရင် လယ်သမားဈေးဘက်သွားမယ်။ အသီးအနှံလေးဘာလေးဝယ်မယ်။ အမေ့ကို
သွားတွေ့မယ်၊ ညီတော်မောင်ဆေးရုံတင်ထားရတာ သွားထပ်ကြည့်မယ်။ အားပေးစကားလေးဘာလေး
(တတ်သလောက်) ပြောမယ်၊ လူမှုရေးကိစ္စ(သာရေး)တခုလည်း သွားဖို့သတိက ရလာပြန်တယ်။
တနင်္လာနေ့မှာ စဝင်ရတော့မယ့်အလုပ်သစ်အတွက် ကြိုတင်သိရမှတ်ရမှာတွေထဲက
နည်းနည်းပါးပါးလည်း လုပ်ထားရဦးမယ်။ (ကျနော် ခု
မူကြိုတန်းကလေးလေးတွေတက်တဲ့ကျောင်းတကျောင်းမှာ မိဘ ဆရာနဲ့ ကလေးငယ်လေးတွေအတွက်
ဘာသာပြန်နဲ့ စကားပြန်အလုပ်တခု လက်ခံလိုက်ပြီ။ ဗမာပြည်သား ကလေးငယ် (၄၂)ယောက်ရှိပါတယ်။
မနေ့က ကွန်းထရက်လုပ်တယ်။ တနှစ်စာချုပ်တယ်။ အရင်လည်း စေတနာ့ဝန်ထမ်းအနေနဲ့
အကြိမ်ပေါင်းများစွာသွားပြီး ဘာသာပြန်နဲ့စကားပြန် လုပ်ပေးခဲ့ဖူးတယ်။ ခုတော့
အလုပ်အနေနဲ့လုပ်ရမှာပါ။ လုပ်အားခအနေနဲ့ ပိုက်ဆံလည်းရပါမယ်။ ကျနော့်အိမ်နဲ့လည်း
မဝေးတော့ (မဝေးဆိုပေမယ့် (၃)မိုင်မရှိတတ် ရှိတတ်ပါ။ ဘစ်ကားက တနာရီမှတစင်းလာတာ၊
နောက်ပြီး ဂျိုင်းထောက်နဲ့လျှောက်ရလောက်အောင်လည်း မနီးတော့)လျှပ်စစ်ဘီးတပ် ကုလားထိုင်နဲ့
သွားရပြန်ရမှာပါ။ ဆောင်းတွင်းဆိုကိစ္စနည်းနည်းရှိတယ်။ အေးတာကပြဿနာမဟုတ်ပါ
အနွေးထည်ဘာညာနဲ့ဖြစ်ပါတယ်။ နှင်းကပြဿနာပါ။ တခါတလေ နှင်းထုက
အတော်ကြီးထူအောင်ကျတဲ့အခါမျိုး(ကျလည်း ခနခနကျပါတယ်) တခါတလေ လမ်းအပေါ်ယံ မျက်နှာပြင်တွေရေခဲတဲ့အခါမျိုးဆို
လျှပ်စစ်ဘီးတပ်ကုလားထိုင်က မရုန်းနိုင်တော့ဘူး။ အင်း လာမယ့်နှစ်တော့(မသန်မစွမ်းယဉ်မောင်းလိုင်စင်
နဲ့ မော်ဒီဖိုင်းဒ်လုပ်ထားတဲ့ကားမျိုး) ရှိမှဖြစ်တော့မယ့်ကိန်းပါလား။ (ဘာမှမလုပ်ဖြစ်တဲ့မနက်ခင်း)
လူလူချင်း(မောင်နှစ်မဖြစ်ချင်လည်းဖြစ်မယ်)
မိဘအမွေလုရင်း ရန်ဖြစ်ကြ သတ်ကြပုတ်ကြ ရုံးပြင်ကန္နားရောက်ကြ တစ်သက်လုံး
မခေါ်နိုင်မပြောနိုင် ဖြစ်ကုန်ကြတာကိုထောက်ပြပြီး ”လောဘလူသားတွေ၊
ကာမဘုံသားဆုံလည်နွားတွေ အတ္တကြီးကြ လောဘသက္ကာယကြီးကြ မောဟဖုံးကြ၊ ဉာဏ်နည်းကြသကိုး”
စသည်ဖြင့် မည်တွန်ပြောဆိုပြီး၊ အဲဒီကာမဘုံသားတွေ နွားလိုရုန်းပြီးရှာထားတာလေးတွေထဲက
ကုသလဖြစ်ပါစေတော့ဆိုတဲ့ရည်ရွယ်မှုနဲ့လှူတာတန်းတာကို ထိုင်စားနေကြတဲ့ပုဂ္ဂိုလ်တွေ
ကျောင်းလုရင်းထသတ်ကြတာမျိုး မမြင်ချင့်အဆုံးပဲ။ မိဘအမွေမို့ သူရထိုက် ငါရထိုက်
သူပိုရထိုက် ငါပိုရထိုက် ငြင်းကြခုန်ကြတာ နားလည်လို့ရသလို
ဖြစ်လည်းဖြစ်ထိုက်တယ်ထင်တာပဲ။ ဘယ်သူ့အမွေမှလည်းမဟုတ်၊ ကိုယ်တိုင်ချွေးနှဲစာနဲ့ရှာဖွေထားတာလည်းမဟုတ်၊
ဆုံလည်နွားတွေက နေကြပါစေတော့ဆိုကာ အပ်ပေးထားတဲ့နေရာကို အရပ်ကို သူပိုင်ထိုက်
ငါပိုင်ထိုက် သူပိုပိုင်ထိုက် ငါပိုပိုင်ထိုက်နဲ့ အတ္တရောလောဘမှာပါ ကာမဘုံသားထက် ပိုလွန်းသူတွေကိုကျတော့
ဘာနွားတွေ ဘာဘုံသားတွေလို့ပြောရမှန်းမသိတော့။ (ဆုံကူမလှည့်တဲ့နွားတွေအကြောင်း)
တော်လှန်ရေးကောင်စီ...တဲ့။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ...တဲ့။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့တဲ့။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ...တဲ့။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့...တဲ့။
ပြည်ထော်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ...တဲ့။ အမျိုး ဘာသာ သာသနာ...တဲ့။
၉၆၉ ...တဲ့။ သာသနာ့နုဂ္ဂဟအသင်း...တဲ့။ အင်း... ဘာတွေဆက်ဖြစ်ဦးမလဲ။ ဘာပဲဖြစ်ဖြစ်ပါ
တိုင်းပြည်နဲ့လူထုကတော့ ရှင်ကြီးတလှည့် ကျားတလှည့်။ ဒိုင်းဝန်တလှည့်
မောင်ပုလဲတလှည့်ဆိုတဲ့ ”အပြောင်းအလဲ”အောက်မှာ
”အလှည့်အပြောင်း”နဲ့”နားလှည့်ပါးရိုက်” သံသရာသာလည်လေတယ်။ ဗုံလုံတလှည့်
ငါးပျံတလှည့်တို့ ရေစီးတခါ ရေသာတလှည့်တို့သာ မရှိတာ။ အရေးထဲ
တောင်းပန်ဖို့တောင်းပန်ပါတယ်ဆိုသူနဲ့။ မတောင်းပန်ခင်က ကြိုတင်ခွင့်လွှတ်သူနဲ့။
ခွင့်လွှတ် အငှားလိုက်သူနဲ့။ သင်ပုန်းချေရေးအလံရှူးနဲ့။ အဲ့လူတွေကြည့်ပြီး
ဇော်ကြီးပြောတဲ့ ”မြွေသူတော်သူကြီး” ပါးစပ်ထဲဝင်နေကြတဲ့ ”မြွေသူတော်လေးတွေ”လား၊
”ကြောင်သူတော်”တွေလား၊ မျက်စေ့တမင်လည်နေတဲ့ ”ဖိုးသူတော်”တွေလား၊
သတင်းလွေ့လွေ့ပေါင်းဖက်တွေ့နေတဲ့ ”သူတော်ချင်းချင်း” တွေလားဝေခွဲဖို့
မခက်တော့တာသေချာတယ်။ (ကြောင်သူတော်တွေအောကာင်း)
ကျနော် အဲ့လမ်းခွဆုံကလေးကို ခနခနရောက်တယ်။
မေပယ်လ်လမ်းကတော့ ကိုယ်နေတဲ့လမ်းမို့ တကူးတက မှတ်နေစရာမလိုဘူးလေ။ ဒါပေမယ့်
မေပယ်လ်ကို လာဦးတိုက်တဲ့လမ်းလေးအမည်ကိုတော့ တခါမှ ဖတ်မကြည့်မိခဲ့ဖူးဘူး။
သတိမမူမိခဲ့ဘူး။ မနေ့ညနေကတော့ ဘီးတပ်ကုလားထိုင်က ဘက္ကထရီတွေစမ်းရင်းစီးရင်း
အဲ့နေရာလေးရောက်တော့ ပြောင်းရိပ်စက်လက်တံကြီးတွေတင်လာတဲ့ ထရပ်ကားတစီးကိုရှောင်ဖို့
လမ်းဘေးချ ခနရပ်ထားတုန်း မော့ကြည့်မိတော့မှ လမ်းလေးအမည်က WHISPERING OAKSတဲ့ဗျ။ Tony
Orlando ဆိုပြီး Irwin Levine နဲ့ L Russell Brown တို့ရေးတဲ့ Tie a Yellow Ribbon
Old Oak Tree ရော၊ ပုသိမ်မောင်စိမ်းသူဖွဲ့ပြီး မင်းမင်းလတ်ဆိုတဲ့
ယုဇနပင်နဲ့ဖဲကြိုးဝါရော၊ သုမောင်ရဲ့အချစ်သစ်ပင်ရော တန်းကနဲခေါင်းထဲဝင်ချလာတယ်။
ဒါနဲ့ရိုက်ယူထားလိုက်တယ်ဗျာ။ Whispering ကတော့ လေသံလေးနဲ့စကားပြောတာအပြင်
သစ်ရွက်တွေကြားလေပြေလေညှင်းလေးတွေ တိုးဝင်တိုက်ခတ်သွားတဲ့အခါ ထွက်လာတဲ့အသံလေးကိုရောသုံးတာဗျာ။
OAK TREE ကိုတော့ ဝက်သစ်ချပင်အဖြစ် ကျနော်တို့နဲ့ရင်းနှီးပြီးသားမှတ်တယ်။
0 comments:
Post a Comment