“၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဘယ်လိုပြင်ကြမှာလဲ”(တူမောင်ညို)
(၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာ
၁ဝ ရက်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
“၂ဝဝ၈ အခြေခံဥပဒေ” ပြင်ဆင်ရေး အတွက် (၇)ဦး ပါဝင်သောပြင်ဆင်ရေးကော်မတီကို စက်တင်ဘာ(၆) ရက်နေ့တွင်
ဖွဲ့စည်းခဲ့ပြီ။ ယင်းကော်မတီထဲတွင် ဥပဒေပညာဖြင့် အသက်မွေးကြသူတွေက အများစုဖြစ်ပါသည်။ ဦးကိုနီ၊ ဦးဌေးဦးတို့သည် ဒီလှိုင်းစာစောင်တွင်
“၂ဝဝ၈ အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် စိုက်လိုက်မတ်တတ် ဆောင်းပါးရေးခဲ့ကြသော ဒီလှိုင်း၏ ပင်တိုင်ဆောင်းပါး ရှင်များဖြစ်သည်။
ဟောပြောဆွေးနွေးကြသူများ လည်းဖြစ်သည်။ ဦးကိုနီဆိုလျှင် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ”
အမည်ဖြင့် စာအုပ်ပင်ထုတ်ဝေထားသူ ဖြစ်သည်။ ဦးကိုနီသည် ရှေ့နေပီသပေ၏။ စာအုပ်အမည်ကိုပင်
သတိထား၍ ပေးထား၏။ ယခုတော့ ဒီချုပ်၏ အခြေခံဥပဒေပြင်ဆင်ရေး(၇)ဦးကော်မတီထံ ဦးကိုနီ၏ စာအုပ်ခေါင်းစဉ်ကိုနမူနာယူ၍
မေးခွန်းမေး ရပေတော့မည်။
“၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ”
“(၇)ဦးကော်မတီအနေဖြင့် ” ဤမေးခွန်းကို
ပြည်သူတစ်ရပ်လုံး သေချာသိရှိပြီး၊ ပါဝင်လာရန် အထူးလိုအပ်ပါသဖြင့် တိတိကျကျရှင်းရှင်းလင်းလင်း
ဖြေကြားဖို့လိုအပ်ပါသည်။
အဆိုပါမေးခွန်းသည် ဦးကိုနီ၏ “ဘယ်လိုပြင်ဆင်ကြမလဲ”
စာအုပ်အမှာစာတွင်ပါရှိသော “ နိုင်ငံတော်အာဏာ၏ပင်ရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများသာဖြစ်ရာ နိုင်ငံသားတို့၏ဆန္ဒသာ အဓိကဖြစ် သင့်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲသူ လူတစ်စု၏ဆန္ဒကိုသာ အလေးထားရမည်ဆိုလျှင် နိုင်ငံသားတို့၏အခန်းကဏ္ဍမှာ
နောက်တန်းသို့ရောက်ရှိသွားမည်ဖြစ်ပြီး မည့်သည့်အခါမျှ ဒီမိုကရေစီနိုင်ငံဖြစ်လာမည်မဟုတ်ပါဟု
ကျွန်တော် အလေးအနက်ပြောလိုပါသည်” ဟူသောအချက်ကို လေးလေးနက်နက်ထင်ဟပ်ထားသောမေးခွန်းလည်း
ဖြစ်ပါသည်။
“၂ဝဝ၈ အခြေခံဥပဒေ” သည် လူတစ်စုက စိတ်ကြိုက်စီမံရေးဆွဲဖော်စပ်ထားခြင်းပြီး၊
အတင်းအဓမ္မအတည်ပြုထားသည်ကို အားလုံးသိရှိသဘောပေါက်ကြပြီးဖြစ်ပါသည်။
“၂ဝဝ၈ အခြေခံဥပဒေ”သည်
ဒီမိုကရေစီစံနှုန်းနှင့် လုံးဝမကိုက်ညီသောအခြေခံဥပဒေ တစ်ခုဖြစ်ပါသည်။
“ ပြင်ဆင်ရေး”ဆိုသည်နှင့်ပတ်သက်၍
ကျနော်သဘောထားအမြင်နှင့်အယူအဆကိုတင်ပြပါမည်။
“၂ဝဝ၈ အခြေခံဥပဒေ”
ထဲမှ ဒီမိုကရေစီစံနှုန်းနှင့်လုံးဝမကိုက်ညီသောပြဋ္ဌာန်းချက်များ ကို ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ထုတ်ပစ်နိုင်မှသာလျှင်“
ပြင်ဆင်ရေး”ဟုခေါ်ဆိုနိုင်ပါလိမ့်မည်။
“ပြင်ဆင်ရေး”၏ အဓိကဦးတည်ချက်မှာလည်း ဒီမိုကရေစီစံနှုန်းနှင့်
လုံးဝမကိုက်ညီသောပြဋ္ဌာန်းချက်များကိုဖယ်ထုတ်၍ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသောအချက်များကို
ထည့်သွင်းပြဋ္ဌာန်းနိုင်ရေးဖြစ်ရပါမည်။ ယင်းအချက်များကိုလုပ်ဆောင်နိုင်ခြင်းမရှိလျှင်
“ပြင်ဆင်ရေး”ဟု မခေါ်ထိုက်ပါ။ “၂ဝဝ၈ အခြေခံဥပဒေ” ကို အရောင်တင် အလှခြယ်ပေးတာမျိုးသာဖြစ်ပါလိမ့်မည်။
ဒီမိုကရေစီအနှစ်သာရ ထည့်သွင်းပေးနိုင်ခြင်းမရှိသော
“ပြုပြင်ရေး”သည် “အတုအယောင်ပြုပြင်ရေး”သာဖြစ်မည်။ “အရောင်တင် အလှခြယ် ပြုပြင်ရေး”ပဲဖြစ်မည်။
သို့ပါ၍
ပဏာမအဆင့်အနေဖြင့် “ ၂ဝဝ၈ အခြေခံဥပဒေ”၊ အခန်း (၁) နိုင်ငံတော်အခြေခံမူများမှ အောက်ပါအချက်အချို့ကို ပြုပြင်နိုင်မည်ဆိုလျှင်
“အဓိပ္ပါယ်ရှိသော ပြုပြင်ရေး” သို့မဟုတ် “အပြုသဘောဆောင်သော ပြုပြင်ရေး” ဟု ခေါ်ဆိုနိုင်ပါလိမ့်မည်။
နိုင်ငံတော်အာဏာ၏ပင်ရင်းပိုင်ရှင်မှာ
နိုင်ငံသားပြည်သူများဖြစ်သဖြင့် နိုင်ငံသားပြည်သူများ၏အရေးအရာများကို စီမံခန့်ခွဲကြမည့်
လွှတ်တော် အဆင့်ဆင့်ကို မဲဆန္ဒနယ်အလိုက် နိုင်ငံသားပြည်သူများ၏ လွတ်လပ်သောဆန္ဒမဲဖြင့်ရွေးချယ်ထားသည့်
အမတ်များဖြင့်သာဖွဲ့စည်းရမည်။ အစိုးရအဖွဲ့ကိုလည်း မဲဆန္ဒနယ်အလိုက် နိုင်ငံသားပြည်သူများ၏
လွတ်လပ်သောဆန္ဒမဲဖြင့် ရွေးချယ်ထားသူများ ဖြင့် သာဖွဲ့စည်းရမည်။
ဤ အခြေခံစံနှုန်းကို “၂ဝဝ၈ အခြေခံဥပဒေ” က “ပုဒ်မ ၁၄” ဖြင့် တိတိလင်းလင်းချိုးဖောက်ထားပါသည်။ သို့ဖြင့်
“၂ဝဝ၈ အခြေခံဥပဒေ”တွင် ပါရှိသော ပုဒ်မ ၄ နှင့်
ပုဒ်မ ၁၄ တို့ တစ်ခုနှင့် ရှေ့နောက်မညီဆန့်ကျင်နေပါသည်။
သို့ပှါု ပုဒ်မ ၁၄
ကို ပြုပြင်နိုင်မည်လော။
ပုဒ်မ ၆
ပုဒ်မခွဲ (စ) “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်
တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဆိုသည့်အချက်ကို
ပြုပြင်နိုင်မည်လော။
ပုဒ်မ ၇
“ နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်” ဟူသောအချက်ကို ပြုပြင်နိုင်မည်လော။
ဒီချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က“ ကျွန်မကတော့ စစ်အစိုးရအဆက်ဆက်က
ထောက်ခံကာကွယ်ပြောကြားခဲ့တဲ့ စည်းကမ်းရှိတဲ့ဒီမိုကရေစီ ဆိုတာကို တစ်လျှောက်လုံးဆန့်ကျင်ခဲ့ပါတယ်၊
နောင်လည်း အမြဲတန်းဆန့်ကျင်သွားမှာဖြစ်ပါတယ်” ဟု အမေရိကန် ခရီးစဉ်တွင် ထည့်သွင်းပြောကြားခဲ့ဖူး
ပါသည်။
ပုဒ်မ ၈
“နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်” အထက်ပါပြဋ္ဌာန်းချက်ကိုပယ်ဖျက်ပြီး၊
တိုင်းရင်းသားလူမျိုးစုများအားလုံး အနှစ်နှစ်အလလ လိုလားတောင့်တခဲ့ကြသည့် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို
တကယ်တန်းအာမခံနိုင်မည့် “ဖက်ဒရယ်ပြည်ထောင်စု” ဖွဲ့စည်း တည်ဆောက်ရေးဖြင့် အစားထိုးပြုပြင်နိုင်မည်လော။
ပုဒ်မ ၁၇
(ခ) “ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေး”တွင် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်နေမှုကို
ပြုပြင်နိုင်မည်လော။
ပုဒ်မ ၂ဝ
ပုဒ်မခွဲ (ခ) ၊(ဂ) ၊(ဃ)၊ (င) ၊ (စ) တို့ကို
ပြုပြင်နိုင်မည်လော။
ပုဒ်မ ၄ဝ ပုဒ်မခွဲ (ခ) (ဂ) တို့ကို ပြုပြင်နိုင်မည်လော။
“အဓိပ္ပာယ်ရှိသော
ပြုပြင်ရေး”လား၊ “အရောင်တင်အလှခြယ်ပြုပြင်ရေး” လား။
အထက်ပါဖော်ပြအခြေခံအချက်များကိုသာ
ထိထိရောက်ရောက် ပြုပြင်နိုင်မည်ဆိုလျှင် အခြားအချက်များပြင်ဆင်ရန် ခက်ခဲတော့မည်မဟုတ်ဟု
ယုံကြည်ယူဆပါသည်။
နိဂုံးချုပ်တင်ပြလိုသည့်အချက်မှာ
နိုင်ငံတော်အာဏာ၏ပင်ရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများဖြစ်သဖြင့် အခြေခံဥပဒေရေးဆွဲခြင်း၊
ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲအစားထိုးခြင်းစသည့် လုပ်ငန်းအဆင့်ဆင့်တိုင်းတွင် နိုင်ငံသားပြည်သူများလွတ်လပ်စွာပါဝင်နိုင်ရမည်။
နိုင်ငံသားပြည်သူများ၏ဆန္ဒသာ အဓိကဖြစ်ရပါမည်။
နိုင်ငံသားပြည်သူများ၏ဆန္ဒကို ရယူရမည်ဖြစ်ပါသည်။
လူတစ်စု၏ပြုပြင်ရေးဆန္ဒကိုသာ အလေးထားနေကြရမည်ဆိုလျှင်
နိုင်ငံသားပြည်သူများ၏ အခန်းဏ္ဍမှာ နောက်တန်းသို့ရောက်မည်သွားမည်ဖြစ်ပြီး မည်သည့်အခါမျှ
ဒီမိုကရေစီစံနှုန်းဖြင့်ပြည့်ဝသောအခြေခံဥပဒေတစ်ရပ်ဖြစ် ပေါ်မလာနိုင်သလို မည်သည့်အခါမျှ
ဒီမိုကရေစီနိုင်ငံဖြစ်လာမည်မဟုတ်ဟု ကျနော် လေးလေးနက်နက် ပြောလိုပါသည်။
သို့ပါ၍
“၂ဝဝ၈ အခြေခံဥပဒေပြုပြင်ရေး”တွင် နိုင်ငံသားပြည်သူများအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ မည်သို့မည်ပုံပါဝင်ရမည်ကို တိတိလင်းလင်း ရှင်းရှင်းပြတ်ပြတ်
သိရှိနားလည်နိုင်ကြစေရန်အလို့ငှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ”မှ
အလေးထားဖြေကြားပေးပါရန် မေးမြန်းသမှုပြုလိုက်ပါသည်။
ညွန်း
- ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂ဝဝ၈)
- “စည်း
ကမ်းရှိသော ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်း ကို ကျွန်မလက်မခံဘူး” ပြည်သူ့ခေတ်ဂျာနယ်၊
အတွဲ ၃၊ အမှတ် ၁၁၅ ၊ စာမျက်နှာ ၂၇
- “ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဘယ်လိုပြင်ကြမှာလဲ” - မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ) ၊ ၂ဝ၁၃ ဇန်နဝါရီ၊ ရွှေဟင်္သာစာပေ၊
0 comments:
Post a Comment