Thursday, September 5, 2013

သတ္တိခဲအမျိုးသမီးကြီး နော်အုန်းလှ(တူမောင်ညို)

0 comments
သတ္တိခဲအမျိုးသမီးကြီး နော်အုန်းလှ(တူမောင်ညို)
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၁ရက်)
နော်အုန်းလှသည် ကင်မရာမီးရောင်တို့ ပြိုးပြက်သော စင်မြင့်ပေါ်က“ဒီမိုကရေစီ ကိုယ်ဟန်ပြမယ်” မဟုတ်။ နော်အုန်းလှသည် လက်ပံတောင်းတိုက်ပွဲခွင်မှ တိုက်ပွဲဝင်သတ္တိခဲ အမျိုးသမီးကြီးတစ်ဦးဖြစ်သည်။ မတရားမှု၊ မမျှတမှုများရှိရာသို့  ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ပါဝင်တိုက်ပွဲဝင်သူလည်းဖြစ်သည်။ တမင်မေ့လျော့စွန့်ပယ်ထားခဲ့ကြသော “ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” ဆိုသည့်ကြွေးကြော်သံကိုကိုင်စွဲကာ အပြောသက်သက်မဟုတ်၊ ကိုယ်တိုင်လက်တွေ့တိုက်ပွဲဖြင့် အကောင်အထည်ဖော်နေသူလည်းဖြစ်သည်။
နော်အုန်းလှသည် လက်ပံတောင်းဒေသခံမဟုတ်။ သို့သော်လည်း လက်ပံတောင်းဒေသခံများ လက်တွေ့၏ရင်ဆိုင်နေရသည့်မတရားမှု၊ နိုင်လိုမင်းထက်ပြုမူမှုများကို  လက်ပံတောင်းဒေသခံများနှင့်အတူ အရေးကြီးလျှင်သွေးနီးပြီး၊ သွေးစည်းသည်ဆိုသောမူဖြင့် တစ်စိတ်တည်း တစ်ဝမ်းထဲရပ်တည် တိုက်ပွဲဝင်ခဲ့သည်။ သို့ဖြင့် “ဒေသခံမဟုတ်လျှင် ဝင်မပြောနဲ့” ဆိုသောစကားကို နော်အုန်းလှက လက်ပံတောင်းတွင် လက်တွေ့ကိုယ်တိုင်ပါဝင်လှုပ်ရှားမှုဖြင့်ချေပလိုက်သည်။ 
သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏မတရားမှု၊ဖိနှိပ်အနိုင်ကျင့်မှုများသည် တပြည်လုံးနေရာအနှံ့ဖြစ်ပွားနေသည်။ ထို့အပြင် ဘာသာရေးလူမျိုးရေးအရေခြုံဗန်းပြပြီး၊ လူသတ်မီးရှို့အကြမ်းဖက်မှုများကို နေရာအနှံ့လုပ်ကြံဖန်တီးလျက်ရှိ၏။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စတာကင်တားနား၏ယဉ်တန်းကို အကြမ်းဖက်ရန်ပြုနိုင်စေရန် ကာဖျူးထုတ်ထားသည့်အကြားမှပင် အုပ်ချုပ်ရေးပိုင်းက ရည်ရွယ်ချက်ရှိရှိရှူးတိုက်ပေးခဲ့၏။
သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည်(နဝတ-နအဖ) စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲ၊ အဓမ္မအတည်ပြု ခဲ့သော “၂၀၀၈ အခြေခံဥပဒေ” ဖြင့်ဖိနှိပ်အုပ်စိုးနေသော အစိုးရဖြစ်သည်။ မတရားတဲ့အမိန့်အာဏာ၊ ဥပဒေများအနက် “၂၀၀၈ အခြေခံဥပဒေ”သည်မတရားဆုံးသော ဥပဒေတစ်ခုဖြစ်ပါသည်။
နော်အုန်းလှ သည် “၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လက်ပံတောင်းတောင်စီမံကိန်း လုံးဝ ဖျက်သိမ်းရေး၊ လက်ပံတောင်းတောင်အစီရင်ခံစာလုပ်ငန်းဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌဦးလှထွန်း အလိုမရှိ၊ ပြည်သူကိုညှဉ်းပန်းနှိပ်စက်သောရဲများအရေးယူပေးရေး”စသည့် အချက်လေးချက်ဖြင့် ဆန္ဒပြခွင့်ရရန် ဥပဒေဘောင်အတွင်းမှ အကြိမ်ကြိမ်ခွင့်ပြုမိန့်တောင်းခံခဲ့၏။ အုပ်ချုပ်ရေးအာဏာပိုင်များဘက်မှ  နော်အုန်းလှ၏တောင်းဆိုချက်ကို အလေးမမူလျစ်လျူရှုခဲ့၏။
နော်အုန်းလှနှင့်အဖွဲ့သည် မုံရွာမြို့အတွင်း ဆန္ဒပြခြင်း၊ ကြွေးကြော်သံတိုင်ခြင်း၊ ပိုစတာကိုင်ဆောင်ထားခြင်း မရှိဘဲ ငြိမ်းချမ်းစွာလမ်းလျာက်ခဲ့ကြခြင်းသာဖြစ်သည်။ သို့သော်လည်း အာဏာပိုင်များဘက်မှ အကြမ်းဖက်ဖမ်းဆီးကာ ပုဒ်မ၅၀၅(ခ)ဖြင့်အမှုဖွင့်ပြီး တရားစွဲဆိုပြီး ထောင်ချပစ်ခဲ့၏။
နော်အုန်းလှ၏ကိစ္စတွင်မူ သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ အညှိုးနှင့်အာဃာတသည် ကွင်းကွင်း ကွက်ကွက်ပေါ်လွင်လှပေ၏။ ဘာသာရေးလူမျိုးရေးအရေခြုံဗန်းပြပြီး၊ လူသတ်မီးရှို့အကြမ်းဖက်သူများ အပေါ် သက်ညှာစွာဖြင့် ပြစ်ဒဏ်စီရင်ချက်များချမှတ်နေသော်လည်း နော်အုန်းလှ တို့ကဲ့သို့ နိုင်ငံရေးလှုပ်ရှားသူများအပေါ်တွင် အကြမ်းဖက်ဖမ်းဆီးပြီး အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့၏။
သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် ဘာသာရေးအဆောက်အအုံ (ဗလီ) ဖျက်ဆီးမီးရှို့သူအကြမ်းဖက် သမားများထက် နိုင်ငံရေးလှုပ်ရှားတောင်းဆိုသူ၊ ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အညှိုးအတေးဖြင့် ဖိနှိပ်နေသည်မှာ ပို၍ထင်ရှားပေ၏။
သို့ဖြင့် ယခုအခါတွင်  အင်္ဂါနေ့၊ အင်္ဂါဒေါင့်ဆန္ဒပြသူနော်အုန်းလှသည် မြန်မာနိုင်ငံအနှံ့အပြားရှိ မတရားမှု၊ မမျှတမှုမျိုးစုံကိုရဲရင့်စွာတိုက်ပွဲဝင်နေသောသူများ၏ရှေ့ဆုံးတန်းမှ အလံကိုင်အမျိုးသမီးကြီးဖြစ်လာခဲ့လေပြီ။
ကျနော်တို့သည် မတရားမှုနှင့်မမျှတမှုအပေါ် ခေါင်းငုံ့မခံ၊ တွန်းလှန်သောနော်အုန်းလှ၏စိတ်ဓါတ်၊ သတ္တိနှင့် ရဲရင့်သောလုပ်ဟန်ကို အတုယူကြရမည်။ လေးစားဂုဏ်ပြုရမည်။ နော်အုန်းလှ လက်တွေ့တိုက်ပွဲဝင်ခဲ့သော တိုက်ပွဲဝင်လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းတိုက်ပွဲဝင်ကြရမည်။ ဤနည်းလမ်းကသာလျှင် နော်အုန်းလှကို ဂုဏ်ပြုခြင်း၊ လေးစားခြင်းမည်ပေလိမ့်မည်။
နော်အုန်းလှ၏ စိတ်ဓါတ်၊ သတ္တိနှင့်လုပ်ဟန်သည် ယနေ့ မြန်မာအမျိုးသား၊ အမျိုးသမီးများအတွက် စံထား ဂုဏ်ပြုစရာဖြစ်သည်။ ကျနော်တို့၏ အမျိုးသားအပေါင်းတို့သည်လည်း ခင်ဝင့်ဝါ၏ “ရင်- ခါး- တင်” အတိုင်းအထွာနှင့် ဘီကီနီအပေါ်တွင်သာ အာရုံတွေထား၊ အာရုံတွေများပြီး၊ အမျိုးသားရေးမုန်တိုင်း ထန်မနေသင့်ချေ။
လွှတ်တော်အတွင်း ဒီမိုကရေစီပါဝါစုံချနိုင်သော အမျိုးသမီးအမတ်များသည်လည်း အနိမ့်ဆုံးအားဖြင့် အမျိုးသမီးချင်းဟူသောစာနာစိတ်ထားဖြင့်ပင် နော်အုန်းလှနှင့်မကွေမကွာအတူရှိနေကြောင်း ဆန္ဒသဘောထားတစ်ခုခု ထုတ်ဖော်ပြောဆိုသင့်ပေသည်။ နော်အုန်းလှအတွက် တစ်စုံတစ်ရာမျှထုတ်မပြောဘဲ၊ ပုဝါစုံချပြီး အသာမြုံနေကြမည်ဆိုလျှင် သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ဖိနှိပ်အကြမ်းဖက်မှုများကို သွယ်ဝိုက်သောနည်းဖြင့် လက်ခုပ်သြဘာပေးနေခြင်းဟု မှတ်ယူရပါလိမ့်မည်။
နော်အုန်းလှသည်ကင်မရာမီးရောင်တို့ ပြိုးပြက်သောစင်မြင့်ပေါ်က “ဒီမိုကရေစီကိုယ်ဟန်ပြမယ်” မဟုတ်။ မြန်မာနိုင်ငံအနှံ့အပြားရှိ မတရားမှု၊ မမျှတမှုမျိုးစုံကို ရဲရင့်စွာတိုက်ပွဲဝင်နေသောသူများ၏ ရှေ့ဆုံးတန်းမှ အလံကိုင်အမျိုးသမီးကြီးဖြစ်လာခဲ့လေပြီ။

0 comments:

Post a Comment