ဒီရက်တွေအတွင်းရေးဖြစ်တဲ့
တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို) စက်တင်ဘာ ၁၈၊ ၂ဝ၁၃
ကျနော်မြင်တာကတော့
သမ္မတ(ဗိုလ်) ဦးသိန်းစိန်နဲ့ရှစ်ပူးငြိမ်း/ပွင့်တွေတွေ့ကြတာရဲ့ အနှစ်သဘောက အင်န်ဂျီအိုလုပ်ခွင့်တရားဝင်ဖြစ်မှုအတွက်လောက်ပါ။
နောက်မှာ နိုင်ငံရေးကစားကွက်တော့ နှစ်ဖက်လုံးမှာရှိမှာပါ။ အမေရိကန်အပါအဝင် နိုင်ငံတချို့ကသူကောင်းပြုတာ ခံလိုက်ရပြီဖြစ်တဲ့စစ်အုပ်စုဘက်ကတော့ အသာစီးအထက်လက်နဲ့ကစားမှာမို့ လူထုအတွက်တော့
ထူးမခြားနားပါ။ ခု တွေ့တယ်။ တွေ့ပြီးတော့ ”သမ္မတကြီးကိုယုံတယ်၊ တွေ့ဆုံမှုကိုကျေနပ်အားရတယ်၊
ခုပြောလိုက်ရင် နောင်ပြောစရာမကျန်မှာစိုးလို့၊ အချိန်တန်တော့သိရပါမယ်” စတဲ့ ဗမာ့ကာလပေါ်နိုင်ငံရေးယဉ်ကျေးမှုထဲမှာ
ကျင်လည်နေကြမယ်ဆိုရင်တော့ အနာဂတ်မလှပါ။ ဒေါ်စုလို ဒေါ်စုလောက် နိုင်ငံရေး”စန်း”မရှိသူတွေမို့
ကျတဲ့အခါ နာပါလိမ့်မယ်။ လူထုရဲ့ဆေးဖော်ကြောဖက် အလုပ်မခံရတဲ့အဖြစ်မျိုးနဲ့ နိုင်ငံရေးဘဝနိဌိမတံစေလိုပါ။
ဘာပြောခဲ့သလဲ ဘာသဘောတူခဲ့သလဲ ထုတ်မပြဝံ့၊ ချမပြဝံ့ဘူးဆိုရင်တော့ ဒေါ်စုကကိစ္စသိတ်မရှိလှပေမယ့်
ရှစ်ပူးငြိမ်း/ပွင့်တွေကျ ကိစ္စကရှိလာလိမ့်မယ်ထင်တာပါပဲ။
(ရှစ်ပူးငြိမ်း/ပွင့်တွေနဲ့စပ်လို့)
(ရှစ်ပူးငြိမ်း/ပွင့်တွေနဲ့စပ်လို့)
လူမျိုး
ဘာသာအစွန်းရောက်သမားတွေရဲ့အကြမ်းဖက်မှုတွေနဲ့ ဖုံးလွှမ်းပစ်တာများတော့ အလုပ်သမား၊ လယ်သမား၊
လူမျိုးစုအရေး(ပြည်တွင်းစစ်ပြဿနာ၊ ဖက်ဒရယ်လ်ကိစ္စ)တွေ အပါအဝင် ကိစ္စအတော်များများ နည်းနည်းမှိန်နေတာ
သတိထားမိတယ်။ စစ်အုပ်စုဖော်တဲ့ပုံနဲ့ လွှဲချင်တဲ့အာရုံထဲလွဲမသွားအောင်နဲ့ ဖြတ်ချင်တဲ့မျက်ခြေထဲ
ပြတ်ထွက်မသွားအောင် မနည်းပြန် ထိန်းနေရတယ်။ အလုပ်သမားတွေရဲ့အရေး(တနည်းပြောရရင် အလုပ်ရှင်အလုပ်သမားပြဿနာ)ဟာ
ဒီဘက်ခေတ်(၁၉၈၈နောက်ပိုင်း)မှာ ပုံသဏ္ဍန်ပြောင်းလာတယ်။
အဲ့ဒီမတိုင်ခင်က အလုပ်ရှင်အလုပ်သမားပြဿနာလို့ပြောရင် အစိုးရနဲ့ အစိုးရဝန်ထမ်းကိစ္စလို့ပြောရမယ်။
စက်ရုံအလုပ်ရုံမှန်သမျှဟာ ပြည်သူပိုင်ဆိုတဲ့ခေါင်းစဉ်အောက်က စစ်အုပ်စုလက်ဝါးကြီးအုပ်
ချယ်လှယ်နေတာ။ အလုပ်သမားဆိုတာက အစိုးရဝန်ထမ်း(အစိုးရ အလုပ်သမား)အဖြစ်ပဲ။ ဆိုတော့ စက်ရုံအလုပ်ရုံနဲ့
အရင်းအနှီးပိုင်ဆိုင်သူဟာ အစိုးရ(စစ်အုပ်စု)။ ကိုယ့်လုပ်အားကို အလုပ်ရှင်အစိုးရဆီရောင်းပြီး
ရတဲ့အခနဲ့ ကိုယ်နဲ့ကိုယ့်မိသားစုစားဝတ်နေရေးဖြေရှင်းရတဲ့ အလုပ်သမားပြည်သူက အစိုးရဝန်ထမ်း
ဒါမှမဟုတ် အစိုးရအလုပ်သမား။ ဆိုတော့ ပြဿနာဖြစ်တိုင်း အစိုးရနဲ့ပြည်သူပဲ။ အလုပ်ရှင်အစိုးရနဲ့အလုပ်သမားပြည်သူပဲ။
အလုပ်ရှင်က စစ်တပ်နဲ့အာဏာပါပိုင်တော့ ဖြစ်လိုက်တိုင်း သတ်ဖြတ်ပွဲတွေနဲ့ နိုင့်ထက်စီးနင်းလုပ်ခဲ့တာချည်းပဲ။
၇၄ အလုပ်သမားအရေးကိုမြင်လို့ရပါတယ်။ သဘောက အလုပ်သမားအခွင့်အရေးနဲ့ရပိုင်ခွင့်တောင်းဆိုမှုကနေ
နိုင်ငံရေးတိုက်ပွဲအဖြစ်ပြောင်းသွား တက်သွားတယ်။ ပြောင်းသွားတိုင်းလည်း အလုပ်ရှင်အစိုးရက စစ်တပ်နဲ့နှိမ်နင်းလို့
မနိုင်ခဲ့တာပဲ။ ခုကြတော့ သဏ္ဍန်ပြောင်းသွားတယ်။ အလုပ်ရှင်က စစ်အုပ်စုဝင်တွေ သူတို့သားသမီးနဲ့ဆွေစဉ်မျိုးဆက်တွေ၊
သူတို့နဲ့အမြီးစားဘက်ခေါင်းစားဘက်(ခရိုနီတွေ)နဲ့ ပြည်ပကလာပြီး ရင်းနှီးမြှုတ်နှံတယ်ဆိုသူတွေပဲ။
အလုပ်ရှင်ဘက်ရော အလုပ်သမားဘက်မှာရော သဏ္ဍန်ပြောင်းသွားပေမယ့် အနှစ်သာရတော့ မပြောင်းဘူး။
ထူးမခြားနားပဲ။ ဆိုတော့ ခုအလုပ်သမားအခွင့်အရေးနဲ့ရပိုင်ခွင့်ပေါ်အခြေခံတဲ့ ပြဿနာပေါ်တိုင်း
အစိုးရက ”ဒါဟာ အလုပ်ရှင်အလုပ်သမားကြားကပြဿနာသာဖြစ်တယ်”ဆိုပြီး အာရုံလွှဲပေးတယ်။ တခါတခါ
ဝန်ကြီးကဆင်းပြီးရှင်းသလိုလိုနဲ့ နံမည်ကောင်းယူတယ်။(အစောပိုင်းတွေတုန်းကဆို ရှစ်ပူးငြိမ်း/ပွင့်တွေလွှတ်ပြီး
ဖြန်ဖြေရေးသမားလိုလို ကြားပွဲစားလိုလို ပေးလုပ်စေတယ်) တကယ်တော့ ဒီအလုပ်သမားအခွင့်အရေးနဲ့ရပိုင်ခွင့်ကိစ္စဟာ
အလုပ်ရှင်အလုပ်သမားကြားကပြဿနာ မဟုတ်ဘူး။ အာဏာလက်ရှိအစိုးရက အလုပ်သမားတွေ မတန်တဆလုပ်အားပေါ်ကနေသွေးစုပ်ခံနေရတာကို
ဥပဒေပြဌန်းပြီး တိတိကျကျကာကွယ်ပေးရမယ့်ကိစ္စပဲ။ စစ်လွှတ်တော်ကပြဌန်းလိုက်တဲ့ အလုပ်သမားနဲ့ဆိုင်တဲ့ဥပဒေမှာလည်း
ပြောရလောက်အောင်အကာအကွယ်မရှိတဲ့အပြင် မရှိရှိတာလေးအတိုင်းဆောင်ရွက်နေတာလည်း မတွေ့ရဘူး။
ခုတိုင်းသာဆက်သွား တနေ့ ဒီအလုပ်ရှင်အလုပ်သမားပြဿနာဟာ ဟိုဘက်ခေတ်(၈၈ မတိုင်မီ)တုန်းကလို
နိုင်ငံရေးတိုက်ပွဲဖြစ်မလာဘူးလို့ ပြောလို့မရဘူး။ ဖြစ်လာဖို့ အကြောင်းတွေလည်း ပေါ်ပေါ်လာနေတယ်။
စစ်အုပ်စုမရှင်းလိုတဲ့၊ ရှိနေစေချင်တဲ့၊ မရှင်းနိုင်တဲ့ အခြားနိုင်ငံရေးပြဿနာတွေနဲ့အတူ
ဒီ အလုပ်သမားအခွင့်အရေးပြဿနာလည်း တပါတည်းပေါက်ကွဲထွက်လာရင် နောက်ထပ် ရှစ်လေးလုံးတွေဖြစ်လာလေမလားပဲ။
(အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်လို့)
(အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်လို့)
နိုင်ငံရေးမှာဖြစ်ဖြစ်
အခြားဘယ်အရေးမှာဖြစ်ဖြစ် ကိစ္စတစ်ခုခုကို လက်တွေအကောင်အထည်ဖော်မလုပ်ခင်မှာ ”အာဘော်ဖန်တီးတယ်”ဆိုတာရှိရပါတယ်။
အာဘော်ဖန်တီးကြည့်ပြီး လူထု(အောက်ခြေထုနဲ့ အခြားသူများလည်းအပါအဝင်)ဆီက ဘာအသံပြန်ထွက်မလဲ
စောင့်နားထောင်ပါတယ်။ ပြန်လာတဲ့အသံ ကောင်းတယ် လုပ်ရင် အောင်နိုင်ခြေရှိတယ်ဆို ထလုပ်တာပါပဲ။
အသံမကောင်းဘူးဆို အသာလေးလက်လျှိုပြီး ပြန်ငုတ်နေရုံပါပဲ။ ဒါမျိုးက နိုင်ငံရေးမှာတော့
ပိုသိသာပါတယ်။ ခု ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ဒါမှမဟုတ် ဖျက်ပြီးအသစ်ပြန်ရေးဖို့အသံတွေ
ဟိန်းထလာတော့ ဌေးဦးတလှည့် ရွှေမန်းတလှည့် ကျော်ဝင်းတလှည့် အာဘော်တွေဖန်တီးလာကြတာမြင်တယ်။
သွက်လည်းသွက် ခြေလှမ်းလည်းရှိ အစီအစဉ်လည်းရှိတယ်လို့မြင်တယ်။
(အာဘော်ဖန်တီးကြတာနဲ့စပ်လို့)
(အာဘော်ဖန်တီးကြတာနဲ့စပ်လို့)
ရေဖန်ခွက်တစ်ဝက်ရှိတယ်တို့
လျော့တယ်တို့ဆိုတဲ့ အဆိုးမြင်အကောင်းမြင်ခွဲတဲ့လောဂျစ်တို့... ဘာမှမရှိတာတာထက်စာရင်
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုခုရှိနေတာက ကောင်းတာပေါ့တို့ကို အလေးအနက်ထားလွန်းလှသူတွေ
များများလာတာသတိထားမိတယ်(အထူးသဖြင့် ဗမာ့နိုင်ငံရေးမှာ) အထူးသဖြင့် အင်န်အယ်လ်ဒီကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြီးနောက်မှာ။
အကောင်းမြင်သမားအထင်ခံချင်လွန်းသူတွေတွေ့သလို စစ်တပ်နဲ့အင်န်အယ်လ်ဒီ(ဒေါ်စု) နိုင်ငံရေးအရမိဘပေးစားသလို
လင်အတင်းပေးစားကြသူတွေလည်းတွေ့တယ် အဲ့သလိုပြောကြသူတွေထဲမှာ။ ကဲ..ဒါဖြင့် အခုရော ဘာပြောမလဲ။
စစ်တပ်နဲ့ပေးစားချင်သူတွေတော့ ရှိစေတော့ ပြောပေ့စေ။ သူတို့ကိုယ်တိုင်ကိုက စစ်အာဏာရှင်မကြိုက်တာ
ဘာမှမလုပ်ဝံ့တဲ့သူတွေမို့လို့။ အကောင်းမြင်သမားအထင်ခံချင်လွန်းသူတွေတော့ ဗော်လ်တဲယားရေးပြီး
ကျော်အောင်ဘာသာပြန်တဲ့(အကောင်းမြင်သမား) ကင်းဒိ ကို ဖတ်စေချင်ပါရဲ့။ မှတ်တော့ထားပါ လောကမှာအကောင်းမြင်သမားတွေချည်းဆို
ကျောက်ခေတ်ကထက် တက်မလာဘူး။ ရှိနေရောက်နေတဲ့ခေတ်ကိုစနစ်ကို လွှမ်းမိုးထားတဲ့အတွေးအခေါ်တွေကို
သက်ဝင်ယုံကြည်မှုတွေကို မဟုတ်သေးဘူး မကောင်းသေးဘူး ဆိုးသေးတယ်ဆိုတဲ့အမြင်နဲ့ လက်တွေ့လမ်းထွင်
လုပ်ဆောင်ခဲ့သူတွေကြောင့် လောက ခုလောက်တိုးတက်တာ။ သိဒ္ဓတ္ထသာအကောင်းမြင်သမားဆို ဒီနေ့
ခင်ဗျားတို့သက်ဝင်နေတဲ့ ဗုဒ္ဓဝါဒတောင် ပေါ်မလာဘူး။ ပါဋကတ်သုံးပုံလည်းမရှိဘူး။ မိုဟာမက်လည်း
မရှိဘူး။ ကိုရမ်ကျမ်းလည်းမရှိဘူး။ ယေရှူခရစ်လည်းမရှိဘူး သမ္မာကျမ်းစာလည်းမရှိဘူး။
(အကောင်းမြင်သမားတွေနဲ့စပ်လို့)
ဒလိုင်လားမားလည်း
ဘုန်းကြီးပဲ။ ဒက်စမွန်တူးတူးလည်း(နားလည်လွယ်အောင်ပြောရရင်)ဘုန်းကြီးပဲ။ နံမည်အစတွေကလည်း
ဒဒွေး(ဒ)နဲ့စကြတာပဲ။ ၂ ယောက်လုံးလည်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရတွေပဲ။ ၂ ယောက်လုံး
သူ့ပြည်သူတွေ ချမ်းသာရာ ရရာရကြောင်း ကြိုးပမ်းကြတာပဲ။ ဒက်စမွန်တူးတူးကျအထဲလာခွင့်ပေးပြီး
ဒလိုင်လားမားကြတော့ ကန့်ထားတယ်။ တရုတ်ကြီး ငြိုငြင်မှာအတော်ကြောက်မှန်း ပေါ်လွင်တယ်။
ခု ဒလိုင်လားမားနဲ့ဒေါ်စုအပြင်မှာတွေ့ကြတယ်။ ဓါတ်ပုံအတူတွဲရိုက်တယ်။
အင်း တွေ့ကြတာလည်းကောင်းတယ်(မတွေ့ရတာထက်စာရင်) ဓါတ်ပုံတွဲရိုက်တာလည်းကောင်းတယ်။ (အမှတ်တရသိမ်းစရာ
ရကြတာပေါ့) ဒါပေမယ့် တွေးမိတာက ဒေါ်စုဆန့်ကျင်ရေးမောင်မျိုးချစ်မယ် မျိုးချစ်တွေက ဘာများထပ်ပြောကြလိမ့်ဦးမလဲဆိုတာပါပဲ။
”ကုလားမယားက ဘုန်းကြီးနဲ့ ပါးချင်းအပ်လို့”တို့။ ”ဘုန်းကြီးကလည်း ဘုန်းကြီးတန်မဲ့ မာတုဂါမနဲ့အသားချင်းထိလို့”တို့ဆိုပြီး
အမနာပပြောတာတော့ ၁၀ ခါထက်မနည်း ကြားပြီးကြောင်းပါဗျား။
(အကောင်းမြင်သမားတွေနဲ့စပ်လို့)
0 comments:
Post a Comment