“ပြင်
နဲ့ သစ်” ကြားက “တွေဝေဒီချုပ်”(တူမောင်ညို)
(၂၀၁၃
ခုနှစ်၊ စက်တင်ဘာ ၃၀ )
လူထု၏သဘောထားဆန္ဒ၊ လက်တွေ့လိုအပ်ချက်များကို စူးစမ်းလေ့လာပြီး၊ လူထုလိုအပ်ချက်နဲ့အညီ လူထုကိုရှေ့ဆောင်
တိုက်ပွဲဝင်ခြင်းသည် နိုင်ငံရေးပါတီတစ်ရပ် သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်တို့ မလွဲမသွေလုပ်ဆောင်ကြရမည့်
တာဝန်ပင်ဖြစ်သည်။
“ပြင်ဖို့နဲ့ အသစ်ရေးဆွဲဖို့မှာ
ကျွန်မက ဘက်မလိုက်ဘူး။ NLD လည်း ဘက်မလိုက်ဘူး” ဆိုသည်မှာ တာဝန်မဲ့ပြောဆိုမှုပင်ဖြစ်သည်။
ပြည်သူများ၊ မဟာမိတ်များကို ဓါးစားခံလုပ်ခိုင်းခြင်း တမျိုးပင်ဖြစ်သည်။ ပြည်သူများကို
ထွေပြား၊ ဝေဝါးအောင်လုပ်ခြင်းဖြစ်သည်။
“ပြင်”
နဲ့ “သစ်” ကြား တွေဝေနေမှုက ထိုပါတီ၊ ထိုခေါင်းဆောင်မှု၏ ပြဿနာဖြစ်သည်။ ထိုပြဿနာကို ပြည်သူများခေါင်းပေါ်
ပုံချလိုက်ခြင်းသည်လုံးဝမသင့်လျော်။ အကြောင်းနှင့်အကျိုး၊ အားသာချက်နှင့်အားနည်းချက်
အဖက်ဖက်ကစိစစ်တွက်ချက်ပြီး ဘယ်လမ်းကို ဘယ်နည်းလမ်းဖြင့်လျှောက်လှမ်းကြမည်ကို နိုင်ငံရေးပါတီနှင့်နိုင်ငံရေးခေါင်းဆောင်ဆိုသူများက
ပြည်သူများထံ ပြတ်ပြတ်သားသား တင်ပြရဲရမည်။ မဟာမိတ်များထံတင်ပြရဲရမည်။ မိမိယုံကြည်သည့်နည်းလမ်းသို့ ပြည်သူများပါဝင်လျှောက်လှမ်းလာစေရန်
စည်းရုံးညွန်ပြခေါင်းဆောင်မှုပေးကြရမည်သာဖြစ်သည်။
ပြည်သူများက
ဒီချုပ်၏ဦးဆောင်မှုကိုမျှော်လင့်နေကြတာဖြစ်သည်။ မဟာမိတ်တိုင်းရင်းသားပါတီများကလည်း
ဒီချုပ်၏ခြေလှမ်းကို စောင့်ကြည့်အကဲခပ်နေကြတာဖြစ်သည်။ ယခုလုပ်ရပ်က လမ်းဆုံလမ်းခွရောက်ခါမှ
ပြည်သူများကို ကိုယ့်လမ်းကိုယ်ရွေးကြ/ကိုယ်ဖြစ် ကိုယ်ခံကြလို့ပြောနေသည်နှင့်တူနေသည်။
ခေါင်းဆောင်မှုဆိုသည်မှာ
“ဗဗျားပင်” (ပန်းပြား) လို ယိမ်းနွဲ့မြောက်တောင် လုပ်နေ၍မဖြစ်ပါ။ ဝေ့နေလို့မဖြစ်။“အသစ်ရေးဆွဲခြင်းမှာ တပ်မတော်ကို ဖိတ်ခေါ်ဆွဲသွင်းရာရောက်ပါသည်”
ဟူ၍ အကြောင်းပြနေလို့မဖြစ်ပါ။ စစ်တပ်ပါလာမှာကို ကြောက်နေ၍မဖြစ်ပါ။ “၂၀၀၈ အခြေခံဥပဒေ”ဆိုသည်မှ စစ်တပ် (စစ်အုပ်စု)က နိုင်ငံရေးတွင် ထာဝစဉ်အုပ်စီးထားနိုင်ရေးအတွက် အကွက်ချရေးသားထားသည့်
အခြေခံဥပဒေဖြစ်ပါသည်။ “ပြင်ရေး” ဖြစ်စေ၊ “အသစ်ရေး” ခြင်းဖြစ်စေ စစ်တပ်မုချပါလာမည်သာဖြစ်သည်။ “ပြင်ရေး” သက်သက်ဆိုလျှင် စစ်တပ်မပါဝင်ဟု မည်သူပြောနိုင်သနည်း၊
“ပရောဖက်ရှင်နယ် စစ်တပ်” ဖြစ်ဖို့အတွက် ရှေးဦးလိုအပ်ချက်မှာ စစ်တပ်သည် အခြေခံဥပဒေကို
တသွေမတိမ်းနာခံဖို့ဖြစ်သည်။ စစ်တပ်သည် အခြေခံဥပဒေ၏အောက်က ဖြစ်ရမည်။ “၂၀၀၈ အခြေခံဥပဒေ”တွင်မူ
စစ်တပ်သည် အခြေခံဥပဒေ၏အထက်က ဖြစ်နေသည်မဟုတ်ပါလော။
“ဒီမိုကရေစီစံနှုန်းများဖြင့်ညီညွတ်ခြင်းမရှိသောပြဋ္ဌာန်းချက်များ”
ထဲတွင် စစ်တပ်နဲ့ပတ်သက်သောအချက်များ အဓိကပါဝင်နေသည်ကို အားလုံးသိပြီးဖြစ်သည်။ ယနေ့အခြေအနေမှာ
ကျားမြီးဆွဲရုံလောက်ဖြင့် မရပါ၊ ကျားကိုဂုတ်ခွစီးဝံ့ရမည်။ “၂၀၀၈ အခြေခံ ဥပဒေ”ကိစ္စကိုင်တွယ်သည်ဆိုခြင်းမှာ
ကျားကို ဂုတ်ခွစီးခြင်းမျိုးဖြစ်သည်။
ဒီချုပ်နှင့်ဒီချုပ်ခေါင်းဆောင်မှုသည်
“ပြင် နဲ့ သစ်”ကြား တွေဝေနေသည်။ ပြတ်သားမှုမရှိ။ ယင်းအချက်သည် ဒီချုပ်၏ “ဖွဲ့စည်းပုံအခြေခံ
ဥပဒေပြင်ဆင်ရေးကော်မတီ” ကထုတ်ပြန်သည့် ကြေညာချက် (၀၂/၀၉/၂၀၁၃) တွင် ပေါ်လွင်ထင်ရှားနေပါသည်။
နိုင်ငံရေးပါတီနှင့်
နိုင်ငံရေးခေါင်းဆောင်၏ ခေါင်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။
မှန်ကန်၍ပြတ်သားသောလမ်းကို
ညွန်ပြရှေ့ဆောင်နိုင်ရမည်။ ပြည်သူ့ဆန္ဒနှင့် ရင်ဆိုင်နေရသည့်လက်တွေ့အကြားတွင် မိမိဆုံးဖြတ်ချက်(ဝါ)
ခေါင်းဆောင်မှု (မူ၊ ပေါ်လစီ၊ လုပ်ငန်းစဉ်)ကို
တံတားအဖြစ် ထိုးပေးဝံ့သောရဲရင့်မှုရှိရမည်။ ဟိုဘက်ဒီဘက်“ခွ” နေ၍မရ၊ “ခွ”နေလျှင်
“ဂွ” ကျသွားလိမ့်မည်။
“၂၀၀၈
အခြေခံဥပဒေ”နှင့်ပတ်သက်၍ ဒီချုပ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကြေညာချက် အချက်အမှတ်(၂)
တွင်ရေးသားဖော်ပြထားသည့် (“က”မှ “ဆ” အထိ) အချက်များသည် မည်သူမျှအငြင်းမပွားနိုင်လောက်အောင်
မှန်ကန်နေသည့်သုံးသပ်ချက်များ ဖြစ်ပါသည်။
ထိုအချက်များကို
ဗိုလ်ရွှေမန်း၏ “လေ့လာသုံးသပ်ရေးကော်မတီ” ကပင် ထည့်သွင်းလေ့လာသုံးသပ်ပါမည်လော။ ထိုအချက်များကို
မည်သို့ပြင်ဆင်မည်လဲ။ ယင်းနည်းလမ်းများကို ဒီချုပ်သည် ပြည်သူများ၊ မဟာမိတ်များထံတင်ပြရမည်။
လွှတ်တော်တွင်းပြင်ဆင်ရေးနည်းလမ်းဖြင့် ခရီးပေါက်နိုင်ပါမည်လော။
“ကျော်ဝင်း၏
အညံ့ခံရေး”ဆောင်းပါး အစတွင် ကျနော်သည် ဤသို့ရေးသားဖော်ပြသတိပေးခဲ့ပါသည်။
“ဒီမိုကရေစီအနှစ်သာရထည့်သွင်းပေးနိုင်ခြင်းမရှိသော
“ပြုပြင်ရေး”သည် “အတုအယောင်ပြုပြင်ရေး”သာဖြစ်မည်။ ၂၀၀၈ အခြေခံဥပဒေကို “အရောင်တင်အလှခြယ်ပေးခြင်း”
မျှသာဖြစ်လိမ့်မည်။
ဒီချုပ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကြေညာချက်တွင်
ရေးသားဖော်ပြထားသည့် (“က”မှ “ဆ” အထိ) အချက်များကို “လွှတ်တော်တွင်းပြင်ဆင်ရေးနည်းလမ်း”
ဖြင့် ပြင်ဆင်နိုင်လိမ့်မည်မဟုတ်ဘဲ။ (လွှတ်တော်ပြင်ပတွင်) ပြည်သူ့စွမ်းအားဖြင့်သာ အကောင်အထည်ဖော်နိုင်မည့်အချက်များဖြစ်ပါသည်။
0 comments:
Post a Comment